Saturday, October 15, 2011

ကိုယ် နှင့် အသံများ

ငယ်တုန်းက လူကြီးတွေ မာမာအေး အဆိုကို ဘာလို့ ဒီလောက်ကြိုက်ကြတယ်ဆိုတာ နားကို မလည်နိုင်ဘူး။ ကိုယ်တွေအတွက်တော့ ပျင်းစရာကြီး ငိုက်ချင်စရာကြီး ဖြစ်နေတာကိုး။ နောက် စာတွေဘာတွေ ဖတ်လို့ မာမာအေးကို အဆိုဘုရင်မ ဘာညာ စသဖြင့် ညွှန်းကြပြန်ရင်လည်း လိုက်မမီပြန်ဘူး။ ကိုယ်မှ ခံစားမရတာကိုး။ ပြောသလောက်ကြီးလည်း မဟုတ်ပါဘူးလို့ ထင်မိတယ်။ ဟေမာတို့ ပိုးဒါလီတို့ ကော်နီတို့ ခင်ရတနာသိန်းတို့ အသံသာ သာယာသံလို့ ထင်မိတာ။

နောက် ဆိုတတ်တယ် မဆိုတတ်ဘူးဆိုတာကိုလည်း ခွဲခြားမသိဘူး။ tv မှာ လာသရွေ့နဲ့ အခွေတွေ နားထောင်သရွေ့ ကိုယ့်နားထဲတော့ သီချင်းကိုသာ ကြိုက်တယ် မကြိုက်ဘူးရှိမယ်။ အသံကိုသာ ကြိုက်တယ် မကြိုက်ဘူး ရှိမယ်။ လူ (အဆိုတော်) ကိုသာ ကြိုက်တယ် မကြိုက်ဘူး ရှိမယ်။ အဆိုပညာကတော့ အတူတူလောက်တွေပါပဲ ထင်မိတယ်။ ဒီလိုတက်ဆိုမှတော့ ဆိုတတ်တာတွေချည်းပေါ့လို့ ထင်မိတယ်။

မှတ်မှတ်ရရ tv မှာ စန္ဒီချစ်စု သီချင်းတွေလာရင် မေမေက ဒီတစ်ယောက်ဟာ အသံလည်း မရ၊ ဆိုလည်း မဆိုတတ်ဘဲနဲ့ ဆိုတဲ့သဘောမျိုး ပြောလေ့ရှိတယ်။ အဲဒီအခါ မေမေက ဘယ်လိုလုပ်ပြီး အဲလိုပြောနိုင်တာလဲ၊ ဘယ်တုန်းက ဒါတွေသိပြီး ဘယ်လိုခွဲခြားပြောနေတာလဲလို့ တွေးမိတယ်။

ဘယ်သီချင်းကတော့ ဘယ်လို ဆိုရခက်တာ ဘယ်လို ပညာပါတာလို့ စာတွေထဲမှာ ဖတ်ရလည်း မသိဘူးပဲ။ သီချင်းဆိုတာ ဘယ်သူ တက်ဆိုဆို နားထောင်လို့ရအောင်တော့ အဆင်ပြေတာချည်းပဲလို့ ထင်နေခဲ့တာ နောက်ပိုင်း ကာရာအိုကေတွေပေါ်လာတော့မှ သီချင်းဆိုရတာ ဒီလောက်မလွယ်ပါလား ဆိုတာ ကိုယ်တိုင်ကိုယ်ကျ နားလည်သွားတော့တယ်။ သီချင်းတစ်ပုဒ် ဘယ်သူတက်ဆိုဆို အဆင်ပြေမှာပဲဆိုတဲ့ အထင်ကလည်း tv မှာ ဆိုကြမယ် ပျော်ကြမယ်တွေ ပေါ်လာတော့မှ အပြီး ပျောက်သွားတော့တယ်။

၁၀ တန်းအောင်လို့ မြန်မာသံတွေ စ စိတ်ဝင်စားတဲ့ အချိန်မှာတော့ ဟေမာနေဝင်း ပြန်ဆိုတဲ့ ပြန်ဆိုတေးတွေက ရအောင်ဆိုထားတာမဟုတ်ဘဲ ရသလို ဆိုပစ်လိုက်တာမျိုးတွေ ဆိုတာ အဆိုပညာဘာလဲ နားမလည်သည့်တိုင်အောင် ခံစားချက်နဲ့တင် သဘောပေါက်လာမိတယ်။ အသံအား ကောင်း၊ မကောင်းအပြင် မုဒ် ဆိုတာကိုပါ ခံစားမိလာတော့ သျှီ၊ ချောစုခင်၊ ဖြူဖြူကျော်သိန်း တို့ ဘယ်လောက်အော်ပြပြ ရင်ထဲ ထိချင်မှ ထိတော့တယ်။

အသံအားကောင်းတဲ့ အဆိုတော်တွေထဲမှာ တင်ဇာမော်ကိုတော့ အတော် သဘောကျပါတယ်။

ခေတ်ဟောင်းပြန်ဆိုတေးတွေမှာ စိုးစန္ဒာထွန်း တော်တယ်လို့ ထင်မိပေမယ့် အသံက သိပ်ချွဲနေတော့ မူရင်းရှာမရမှသာ သူ့ နားထောင်ဖြစ်တော့တယ်။ နောက် အခွေထုတ် မထုတ် မသိပေမယ့် mrtv မှာ ကြည့်ဖြစ်တဲ့ အိအိချွန် (သူလည်း ဆိုကရေးတီး အဆိုရွှေတံဆိပ် ဆုရှင်) ကို အတော် သဘောကျမိတယ်။ သူ သီချင်းဆိုတာကို အလွန်ဆုံး ကြည့်ဖူးမှ ၃ ခါထက် မပိုဘူး ထင်တယ်။ ဘာသီချင်းတွေ ဆိုသွားသလဲတောင် ခု မမှတ်မိတော့ဘူး။ မဟာဂီတ တွေ ထင်တာပဲ။ ဒါပေမဲ့ အသံက ကြည် မြ ပီ သပြီး ဝေစည်နေအောင် ကောင်းတာတော့ မှတ်မိတယ်။ (အဲဒီနာမည် ပေါ်မလာလို့ စဉ်းစားလိုက်ရတာ။ ဂူဂဲလ်တောင် လုပ်ကြည့်မိတယ်။ မတွေ့ဘူး။ အဲဒီ ပြိုင်ပွဲက ဆုရသူတွေရဲ့စာရင်း အင်တာနက်ပေါ်မှာ မှတ်တမ်းမှတ်ရာလေးတွေ ရှိရင် အတော်ကောင်းမှာပဲ။)

အဲဒီ ဆိုကရေးတီး ပြိုင်ပွဲတွေဟာ (ပွဲလုပ်ရတဲ့ ခေတ်ပျက်ကြီးရဲ့ နောက်ကွယ်က ဘာညာဘာညာ ရည်ရွယ်ချက်တွေ အသာထား) အဓိပ္ပါယ်ရှိတဲ့၊ တန်ဖိုးကြီးတဲ့၊ အနှစ်သာရရှိတဲ့ ပွဲမျိုးတွေလို့ ယူဆမိတယ်။

***
နောက်တစ်ခုက သီချင်းဟောင်းတွေ နားထောင်နေရင်းနဲ့ အဆိုပညာ အသံပါဝါတွေထက်၊ စကားလုံးတွေရဲ့ အသံထွက်ပီသတာကိုပါ သတိပြုမိတယ်။ နောက်ပိုင်း အဆိုတော်တွေမှာ အဲဒီအသံထွက်မျိုးတွေ မရှိတော့ဘူး။ ဥပမာ ချောစုခင် ဆိုရင် 'ချ၊ ခြ' စသဖြင့် အသံတွေ ပါလာရင် သတိထားကြည့်။ ရှင်းပြလို့တော့ မရပေမယ့် အရင်က အဆိုတော်တွေရဲ့ အသံထွက်မျိုးတော့ မဟုတ်ဘူး။ တခြားလူတွေတော့ မသိ၊ အဲဒီနေရာမျိုးတွေ ရောက်လာရင် ကိုယ်တော့ သွားကျိန်းပြီး ကြက်သီးထလာတာပဲ။ (သရက်သီးစိမ်း စားထားတုန်း ဒံအိုးကို ဇွန်းနဲ့ခြစ်လိုက်ရင် ခံစားရတာမျိုး။)

အဲဒါကြောင့် နားမထောင်ဘူးလား ဆိုတော့ ထောင်တာပဲ။ ချောစုခင် သီချင်းတွေထဲလည်း ကြိုက်တာတွေ အများကြီးကိုး။ ဟိုး ပထမဆုံးအခွေထဲ "နေရောင်ခြည်ရဲ့ အနမ်း" က စလို့ ကြိုက်မိတာ။ အခွေနာမည်ကလည်း အဲဒါပဲ။

ပြီးတော့ စလုံးသံနဲ့ ဆလိမ်သံ။
မေဆွိရဲ့ "အတ္တ" ကို ချောစုခင်ပဲ ပြန်ဆိုတော့ အဆိပ် ဆိုတဲ့ အသံကို "အစိတ်" လို့ပဲ ထွက်သွားတယ်။ မေဆွိ ဘယ်လိုဆိုလဲတော့ မမှတ်မိတော့ဘူး။ ထို့အတူပဲ မျိုးကြီး "အဆိပ်ခွက်" မှာလည်း "ကိုယ်ဟာလေ မင်းအတွက် အစိတ်တစ်ခွက် ပါပဲ" ပဲ။

အဲဒီတော့ ဘာဖြစ်သလဲမေးရင် ဘာမှ မသိရင်တော့ ဘာမှ မဖြစ်ဘူး။ တခုခု သိနေရင်တော့ နားထဲမှာ တခုခုဖြစ်နေတော့တာပဲ။

အဆိုတော်တွေတင်လား ဆိုတော့ သတင်းကြေညာသူတွေထဲမှာလည်း အဲဒါမျိုးတွေ ရှိတယ်။
ဥပမာ - ဆောက်လုပ်ရေး ဝန်ကြီးဌာန ဆိုတာကို ဆလိမ်သံ မပီဘဲ စလုံးသံနဲ့ ပြောတာမျိုး။


တခါတလေတော့ သိခြင်းသည် ဒုက္ခပဲ။

***
ဟိုရက်ပိုင်းက ဖြူသီ ပြန်ဆိုတဲ့ ချစ်မိုးကြီး ကို တစိမ့်စိမ့် နားထောင်ဖြစ်တယ်။ ခုရက်ပိုင်းတော့ မာမာအေးရဲ့ နှင်းပျောက်တဲ့ နွေ နဲ့ မေ့ကွက်ကို ရှာ နားထောင်ဖြစ်နေပြီး မာမာအေးဟာ ဘာဖြစ်လို့ ပြောစမှတ်ပြုရအောင် ဖြစ်ရသလဲဆိုတာ နားလည်လာမိတယ်လို့ ထင်တယ်။

***

မေ့ကွက်ကို ရှာ


နှင်းပျောက်တဲ့ နွေ

10 comments:

ED said...

:yes:

Myagreen said...

မာမာအေးရဲ့ မိမာယာ(ဇတ်လမ်း..အဆိုအငို) ကိုနားထောင်ဘူးတယ်။ အသံကညှို့ဓတ်ပါတယ်ပြောရမလား။
မေရှင်နှင့်ထား ကိုပိုနှစ်သက်တယ်။ ရီတာညွှန်းထားတဲ့မာမာအေးကိုလဲနားထောင်လိုက်ပါတယ်။ Thanks 

ကိုပေါ said...

ရွှေမန်းဆီသို့ ဆိုတဲ့သီချင်းကို မူလအဆိုတော် မစိမ်းစိမ်းတို့၊ ဒေါ်မြင့်မြင့်ခင်တို့ သီဆိုထားတာနဲ့ နောက်လူတွေ ဆိုထားတာ ယှဉ်ပြီး နားထောင်ကြည့်ပါ။ ဌာန်တွေ၊ မင်တွေမောင်းတွေကအစ အသံဝဲပုံတွေ၊ စကားလုံးပီသပုံတွေအထိ လုံးဝ မတူဘူး။

ဥပမာ... စန္နကိန္နရီကို မူလ သီဆိုထားတဲ့ မလှရွှေနဲ့ ဒေါ်မာမာအေးတောင် ပီသပုံချင်းက မတူပြန်ဘူး။ မူလသီဆိုထားတဲ့ မလှရွှေဟာ မြန်မာစစ်စစ်က မြန်မာသံကို အကျအန ဆိုထားသလို ခံစားရတယ်။ စကားတလုံးချင်းမှာ အဖိတွေအဖော့တွေ ရှိနေတယ်။ နားထောင်ရတာ အရသာရှိတယ်။ ကျနော့်စိတ်ထဲမှာ မလှရွှေဟာ မြန်မာလို ပီပီသသဆိုနိုင်တယ်လို့ ခံစားရတယ်။ အခုအသက်အရွယ်မှာ မလှရွှေသီချင်းကို နားထောင်ရတာ ပိုအားရမိတယ်။

မလှရွှေနဲ့ ယှဉ်လိုက်ပြန်တော့ ဒေါ်မာမာအေးက ခေတ်သံပေါက်နေတယ်။ မာမာအေးရဲ့ တခြားပြန်ဆိုတွေဖြစ်တဲ့ “ကသစ်ပန်း”တို့၊ ချစ်အားငယ်ရသူမယ် တို့ကိုတော့ ကြိုက်ပါတယ်။

Thant said...

ဆိုကရေးတီးပြိုင်ပွဲမှာ ၁၀နှစ်အောက်ကလေးလေးတွေရဲ့ ပြိုင်ပွဲဝင်ဗွီဒီယိုတွေတွေ့ရင် တို့ကိုလဲလက်တို့ပါနော်...
အိအိချွန်က ဆိုင်းလဲတီးတတ်တယ်ဟုတ်..ညီအစ်မ၂ယောက်အတူပြိုင်တာလေ... ပဲခူးကလားမသိဘူး...
တို့လည်းကြိုက်တယ်....

San San Htun said...

ဟုတ်တယ်..ငယ်ငယ်က ဖေ၊ မေတို့  အန်တီမာမာအေးဆိုတာ တကယ်ကောင်းတယ်လို့  ပြောတိုင်း နားမလည်ခဲ့တာ..မရီတာကတော့ သဘောပေါက်သွားပြီ...စန်းထွန်းကတော့ ခုထိ ထုံးဝေးဆဲ...:)

NangNyi said...

စလုံးနဲ့ ဆလိမ်အသံထွက် ကွာတယ်ဆိုတာကို
ဘယ်လိုရှင်းအောင် ရှင်းပြရလဲမသိဘူး
ကွာတာတော့ ကွာတယ်
ကိုယ်တိုင်ဆို ခွဲတတ်တယ် သူများ မေးရင်သာ သူတို့ ခွဲတတ်အောင် မရှင်းပြတတ်ဖြစ်နေတာ..
ဘယ်လိုနေတုန်း အဲ့ကိတ်ဆ??

Bino said...

The best important way is, when you are singing a song, you have to make a temporary mood.

BINO

Bino said...

The best way for sing a song is " with mood".

BINO

ဇွန်မိုးစက် said...

ကိုယ်လည်း အဆိုတော်နဲ့သရုပ်ဆောင် အသံမပီရင် အတော် စိတ်ကသိကအောက်ဖြစ်တယ်။ အဆိုတော် ယုဇနရဲ့ ရှ၊ ချ မပီတာလိုမျိုး၊ တစ်ချို့သရုပ်ဆောင်တွေ တနဲ့သ မကွဲတာမျိုး... ကြားရတာ နားထဲမှာ ဘ၀င်မတွေ့ဘူး။ သီချင်းတွေ နားမထောင်ဖြစ်တာ တော်တော်တောင်ကြာသွားပြီလို့ ခုမှ သတိရသွားတယ်။

နှောင်းအတိတ်ဂန္တ၀င် said...

မူရင်းအဆိုတော်က ကိုသက်ဦး ဖြစ်ပါတယ်

နှင်းပျောက်တဲ့နွေ ဇာတ်ကားရဲ့ နောက်ခံတေးဖြစ်

လိမ့်မယ်ထင်တယ်