Wednesday, November 24, 2010

ခုတ်ရာ နဲ့ ရှရာ

ဖတ်ဖူးတာ တစ်ခုပါ။ အသေးစိတ်အချက်တွေကိုတော့ မေ့ကုန်ပြီ။
အနောက်နိုင်ငံတစ်ခုက အားလပ်ရက် ခရီးထွက် အပန်းဖြေကြတဲ့ နေရာတစ်ခုမှာလို့ ဆိုပါတယ်။

နှစ်တိုင်း အဲဒီအချိန်ဆိုရင် အဲဒီနေရာမှာ လူစည်ကားပြီး လူငယ် လူရွယ်တွေ ခိုက်ရန်ဖြစ်ပွားနှုန်းကလည်း မြင့်တယ်။ ဒေသခံ ရဲစခန်းမှာ အဲဒီကိစ္စနဲ့ ပတ်သတ်လို့ ခေါင်းကျိန်းနေရတယ် ဆိုတယ်။ အမှုဖြစ်လို့ ဖမ်းချုပ်ရတဲ့ လူငယ်လူရွယ်ဆိုတာလည်း အချုပ်နဲ့ အပြည့်။ ဒီတော့ အမှုဖြစ်နှုန်းကျအောင် ဆိုပြီး အပြစ်ပေးတဲ့နည်းတွေကို ပြောင်းကြည့်တယ်။ ပြင်းထန်ကြည့်တယ်။ အဲဒါလည်း မရဘူးဆိုတယ်။ (လူငယ်ချင်း ရန်ဖြစ်တာမျိုး၊ တားမြစ်စည်းကမ်း ဖောက်ဖျက်တာမျိုးဆိုတော့ လိုတာထက် ပို ပြင်းထန်လို့တော့လည်း ရမှာ မဟုတ်ဘူးပေါ့လေ)

နောက်ဆုံးတော့ ရဲအရာရှိတစ်ယောက်က ဖြေရှင်းနည်း တွေ့သွားတယ်။
ပြဿနာရဲ့ အရင်းအမြစ်ကို စဉ်းစားရင်းနဲ့ အပန်းဖြေလာကြတဲ့ လူငယ်တွေ အချင်းချင်းကြားမှာ အမှုဖြစ်လို့ အချုပ်ထဲ ဝင်ရတဲ့ ကိစ္စဟာ ဂုဏ်ယူစရာလိုလုပ်နေကြတယ် လို့ သူက နားလည်သွားလို့တဲ့။ အဲဒီနေရာကို အပန်းဖြေသွားလို့မှ အချုပ်ထဲ မဝင်ခဲ့ရရင် ခေတ်မမီဘူးဆိုတာမျိုး လူငယ်တွေကြားမှာ ဖြစ်နေတာ။ ဒီတော့ သူက အချုပ်ထဲမှာ အပြစ်ပေးပုံ ပေးနည်းကို ပြောင်းလိုက်တယ်။ အချုပ်ထဲရောက်လာတဲ့ လူငယ်တွေကို အရွယ်မရောက်သေးတဲ့ ကလေးတွေ ဆက်ဆံသလိုမျိုး ဆက်ဆံပြီး အရှက်ရစေမယ့် မာန်ချပစ်နိုင်တဲ့ နည်းတွေသုံးတယ်။ ဒီတော့မှ အဲဒီဒေသမှာ အချုပ်ထဲထည့်ရလောက်တဲ့ အမှု မဖြစ်သလောက် နည်းသွားတယ်။

***
အသိ အင်ဂျင်နီယာအန်တီ တစ်ယောက် ပြောဖူးတာ။
သူက '84 ဆင်း(ep က ပါ)။ သူတို့ဆရာက ဗုဒ္ဓဘာသာအသင်းပွဲတခုမှာ ပြောဖူးတယ်တဲ့။
"ခြင် လာကိုက်ရင် မရိုက်ကြပါနဲ့။ ဒီခြင်ကို ကိုယ်က ရိုက်လိုက်ပေမဲ့ နောက်ခြင်တွေက လာကိုက်ဦးမှာပဲ"

အဲဒီ အန်တီက အဲဒီနောက်ပိုင်း ခြင် မရိုက်ဖြစ်တော့ဘူး လို့ ပြောတယ်။

ကိုယ့်လာပြောရင်တော့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဘာလို့ဆိုတော့ ကိုယ့်လာကိုက်တဲ့ ခြင်ကို ရိုက်မိတာ ကိုက်ရကောင်းလားရယ်လို့ ဒေါသနဲ့ ရိုက်မိတာ။ နောက်ထပ် ခြင်တွေက လာမကိုက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်တာ မဟုတ်လို့။ (တကယ်တော့ အဲဒီစကားပြောတဲ့ ဆရာရဲ့ ရည်ရွယ်ချက်ဟာ ကောင်းပါတယ်။ တပည့်တွေကို အကုသိုလ်မလုပ်ဖို့ တားတာ ဆရာလုပ်ရမယ့် အလုပ်ပါပဲ)

တွေးမိတာက လုပ်ရပ်တစ်ခုကို တားနိုင်ဖို့ဆိုရင် လုပ်တဲ့လူရဲ့ ရည်ရွယ်ချက် အရင်းအမြစ်ကို အရင် မိ ဖို့လိုတယ်။

(အသက် တဖြည်းဖြည်း ကြီးလာတော့ ခြင်လာကိုက်ရင်လည်း မရိုက်မိတော့ဘူး။
ဘာကြောင့်မှ မဟုတ်ဘူး။ သတိထားပြီး ကြည့်မိလို့။)

***
ခပ်ငယ်ငယ်တုန်းကဆို သူငယ်ချင်းတစု မချက်တတ် မပြုတ်တတ်တာ ဂုဏ်ယူစရာလို့ ထင်တယ်။
အဲဒီအခါ ကိုယ့်ထက်အကြီးတွေက ဒီမချက်တတ်တဲ့ကိစ္စ ဝေဖန်ရင် (သူတို့ကတော့ မိန်းကလေးတွေတန်မဲ့ မချက်တတ်တာ ကိုယ်တွေ ရှက်ပါစေတော့လို့ ရည်ရွယ်တာ) စူဠလိပ် ရေထဲလွှတ်သလိုပဲလို့ အနီးစပ်ဆုံးပြောရမယ်ထင်တယ် (သိပ်မဆီလျော်မှန်း သိပေမဲ့ ဒီထက် ဆီလျော်တာ မသိတော့လို့)။ မချက်တတ်ဘူး မပြုတ်တတ်ဘူး စိတ်မဝင်စားဘူးဆိုတာကို ဂုဏ်လုပ်ချင်တာကိုး။ "မတတ်ဘူး မတတ်ဘူး" ဆိုတာကိုပဲ ခေါင်းတခါခါနဲ့ ပြောချင်ကြတာ။ ဆိုတော့... သူတို့အပြောတွေက အဲဒါတွေ လှည့်မကြည့်ချင်အောင် "ဆွ" ပေးတာနဲ့ ပိုတူတယ်။

သူငယ်ချင်းတစ်ယောက် ပြောဖူးတဲ့ အတန်းကြီး အစ်မတယောက်ဆို လက်ဖက်သုပ်ထဲ ထည့်စားဖို့ ကြက်သွန်ဖြူ အခွံနွှာတာ အခွံတခုလုံး ပါသွားအောင် ပြောင်အောင် မခွာရဘူး။ အပေါ်ယံ အမှေးပါးလေး ကျန်နေရမယ်လို့ လက်ချာပေးဖူးတယ် ဆိုပဲ။ သူငယ်ချင်းတွေကြားမှာ အဲဒီစကားက တမင်လုပ်ပြောရတဲ့ ပေါ်ပျူလာစကား ဖြစ်သွားရုံကလွဲပြီး တခြား ဘာသက်ရောက်မှုမှတော့ မရှိပါဘူး။

***
ဒီလိုပဲ ဝိဇ္ဇာဘာသာရပ်တွေနဲ့ ပတ်သတ်ရင်လည်း သဘောထားက အဲလိုဆန်ဆန်တွေ ရှိကြတယ်။

(သိပ်မကြာသေးခင်က အင်တာနက်မှာပဲ ဖတ်မိတယ်ထင်တယ်။ မြန်မာဆိုဒ်တခုမှာပဲလို့ ထင်ပါတယ်။

အမေရိကားမှာလည်း လူငယ်တွေ သမိုင်းကို ဆိုးဆိုးရွားရွားမသိကြတော့ဘူး ဆိုတဲ့အကြောင်း...
အမေရိကန်လူငယ်တချို့ကို ပြည်တွင်းစစ်အကြောင်းမေးတာ တော်တော်များများက ပြည်တွင်းစစ် ဖြစ်ခဲ့လို့ဖြစ်ခဲ့မှန်းတောင် မသိဘူးတဲ့။ တချို့ကဆို အမေရိကန်နိုင်ငံမှာ ဘယ်တုန်းကမှ ပြည်တွင်းစစ် မဖြစ်ခဲ့ဖူးပါဘူးလို့တောင် လာမေးတဲ့လူကို ပြန်ပြောလွှတ်တယ် ဆိုတယ်)

အမေရိကန်ပညာရေးစနစ်တော့ ဘယ်လိုဆိုတာ မသိဘူး။

ကိုယ်တွေတုန်းကလည်း ဝိဇ္ဇာဘာသာရပ်တွေ ညံ့တာ ဂုဏ်လုပ်စရာလိုလို ထင်ခဲ့တာပဲ။
မြန်မာပြည် ပညာရေးစနစ်အရ သမိုင်း ပထဝီဆိုတာ ခုကြည့် ခုရတာပဲ။ ကြက်တူရွေးနှုတ်တိုက်စွမ်းရည်ရှိရင် အမှတ်ကောင်းလို့ ရတဲ့ ဘာသာတွေပဲ။ ဘာခက်လဲ။ ဘာဦးနှောက်သုံးရလို့လဲ။ အဲဒီလိုအတွေးမျိုးဆိုတာ ငယ်တုန်းကတော့ မသိဘူး။ ခု ဒီအရွယ်ရောက်တော့ ထင်ထင်ရှားရှား မြင်လာတယ်။

နောက် ဂျူး "မိန်းမတစ်ယောက်..." ထဲမှာ ယုမော်နဲ့ နှင်း မော်လမြိုင်က ဟိုတယ်တခုမှာ တည်းနေတုန်း ယုမော်က သူ့စာတမ်းအကြောင်း ပြောရင်းနဲ့ "နှင်း ငယ်ငယ်က ပထဝီတော်သလား" လို့ မေးတယ်။ နှင်းက ခေါင်းယမ်းပြီး "ဟင့်အင်း ကိုယ်က ဝိဇ္ဇာဘာသာရပ်တွေ သိပ်ညံ့တယ်" တဲ့။ (ဒီအကြောင်းထည့်ရေးရတာ "အို... ဘုရားရေ ကျွန်မ ရင်တွေ ခုန်လိုက်တာ") <<< ယောက်ပြားနှာသံဖြင့် ဖတ်ရန်။

အဲဒီစာအုပ်ဖတ်တော့ ငယ်သေးတယ်။ ၈ တန်းထက် မပိုဘူး။ နားလည်း မလည်ဘူး။ ဖတ်ရင်းနဲ့ ပျင်းလည်းပျင်းတယ်။ အဲဒီစာအုပ်ထက် စောထွက်တဲ့ "နံရံ၏ အခြားတဘက်" ဖတ်တုန်းက နားလည်ပေမယ့် "မိန်းမတစ်ယောက်..." ကျတော့ သဘောတရားရေးရာတွေက ပိုမြင့်တယ်လေ။ ပြောရရင်တော့ နှစ်အုပ်လုံး သိပ်ကြိုက်တဲ့ စာအုပ်စာရင်းထဲမှာ မပါဘူး။ ထားပါတော့။

ပြောချင်တာက "ဟင့်အင်း ကိုယ်က ဝိဇ္ဇာဘာသာရပ်တွေ သိပ်ညံ့တယ်" လို့ သူများအပြောကို ဖတ်လိုက်ရတာကိုပဲ အရသာရှိလိုက်တာ။ ကိုယ်တိုင်လည်း ပြောချင်လိုက်တာ။ ဒါတောင်မှ တကယ်တမ်း ကိုယ်က ဘယ်ဘာသာရပ်ရယ်လို့မှ အထူးတလည် အထင်ကြီးတာ အထင်သေးတာ မရှိဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ မသိစိတ်ထဲမှာတော့ ရှိပုံရတယ်။

နောက် ကျောင်းအပြီးမှာ ၆ တန်းနဲ့ ၄ တန်းကလေးကို လပိုင်းလေး စာသင်ဖြစ်တာရယ်၊ တခြားကလေးတွေကို စပ်စုမိသလောက်ရယ်နဲ့ ကြုံသလောက်ကတော့ ဝိဇ္ဇာဘာသာရပ်တွေကို အလေးမထားစိတ် ရှိတယ်။ အဲဒါလည်း ကိုယ်တွေတုန်းကလိုပဲ၊ သူ့တို့ဘာသာ သိသိကြီးနဲ့ ရှိနေတာ မဟုတ်ဘူး။ မသိလိုက်ဘဲ ရှိနေတာ။ အတန်းငယ်တွေမှာ မသိသာဘူး။ အလယ်တန်းလောက်က စလို့ သိသာတာ။ နောက်ပိုင်း အဲဒီလူတွေ သိပ္ပံလိုင်းသပ်သပ် (ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာလို) ရောက်သွားရင်တော့ ပြီးရော။ (အားလုံးတော့ မဆိုလိုပါဘူး။ ချွင်းချက်တော့ ရှိမှာပါ)

ကလေးတို့/ လူငယ်တို့ မပြောနဲ့ ကိုယ်တွေမှာတောင် အဲလိုစိတ် ရှိနိုင်တယ်။ ကိုယ်က ဘယ်ပညာရပ်ကို အဓိကထား သင်ထားပါစေ၊ တခြား ကိုယ်နဲ့ မတူတဲ့ ပညာရပ်ကို အလေးမထားစိတ်ရှိတယ်ဆိုတာတော့ မကောင်းဘူး။ မကောင်းဘူးလို့ သိတဲ့ အသိက တခြား၊ "ဟင့်အင်း ကိုယ်က ဝိဇ္ဇာဘာသာရပ်တွေ သိပ်ညံ့တယ်" လို့ ပြောပြီး ဂုဏ်လုပ်ချင်တာက တပိုင်းပေါ့။


အဲဒီအခါ ညံ့ရပါ့မလားလို့ သွားအပြစ်တင်ရင် ပိုဆိုးသွားမယ်ထင်တယ်။ သူတို့က ညံ့တာကိုပဲ ဂုဏ်လုပ်ချင်နေတာလေ။ နောက် နိုင်ငံရဲ့ အနေအထားကလည်း အကြောင်းတချက်ပေါ့။ ဘယ်ဟာက solution ပါလို့ ပြောနေတာတော့ မဟုတ်ဘူး။ ဘယ်ဟာက solution မဟုတ်နိုင်ဘူး ဆိုတာကိုပဲ ပြောတာပါ။ တစုံတရာကို တန်ဖိုးထားစေချင်ရင်တော့ တန်ဖိုးသိအောင် လုပ်မှပဲ၊ အပြစ်ဆိုတဲ့နည်းနဲ့ မရဘူး။

(သိပ္ပံလိုင်းကလူ (အထူးသဖြင့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ) ကို ဝိဇ္ဇာပိုင်းနဲ့ ပတ်သတ်လို့ မသိရကောင်းလားတော့ သွားမပြောမိစေနဲ့။ "ကြက်သွန်ဖြူ အခွံကို အကုန်ပြောင်အောင် မနွှာရဘူးနော်" ဆိုတာထက် ပိုဆိုးသွားလိမ့်မယ်)

***
 
ဘာရယ်မဟုတ်ဘူး ပျင်းလို့။

***

11 comments:

ZT said...

အမေရိကန် အကြောင်းဖတ်ရတော့ ယူကျုထဲမှာ ဟာသ လုပ်ပြီး ရိုက်ထားတဲ့ American Are Not Stupid ဆိုတဲ့ ဗွီဒီယို သွားသတိရတယ်။ ရှာပြီး ကြည့်လိုက်။ အတော် ရယ်ရတယ်။

...အလင်းစက်များ said...

အပြစ်ပေးလိုက်တဲ့ နည်း အသစ်လေး သိချင်တယ် မရီတာ...... Plz:

Rita said...

အသေးစိတ် မမှတ်မိတော့ဘူး။ ကြာလှပြီ။ အဲဒီထဲမှာလည်း ဘယ်လို အပြစ်ပေးတယ်ဆိုတာ အတိအကျ မရေးထားဘူး ထင်တာပဲ။

ကြည့်ရတာ အရွယ်ရောက်ပြီး လူရွယ်တွေကို အပြစ်ပေးတာမျိုး မဟုတ်ဘဲ မူကြိုကလေးတွေလို နေ့လည် ထမင်းစားပြီး စောင်ခြုံအိပ်ကြ၊ မအိပ်ရင် တုတ်နဲ့ရိုက်မယ် ဆိုတာမျိုး ဖြစ်မှာပေါ့။ ပဲဟင်းနဲ့ ထမင်းမကျွေးဘဲ ကွေကာအုတ်သောက်ကို သောက်ရမယ်ဆိုတာမျိုး ဖြစ်မှာပေါ့။ (ကိုယ့် ကွေကာအုတ် လာတိုက်ရင်တော့ ဒဏ်ပေးတာနဲ့ တူတူပဲ)

ထင်တာပြောတာ။

=D

...အလင်းစက်များ said...

ဟုတ်မှာပါ မရီတာ... ကျနော်လဲ ကွေကာ သောက်ကိုသောက်ရမယ်ဆို ညစ်တာလို့ ပဲ ထင်တယ်... :P .. common ဖြစ်တဲ့ အပြုအမူတွေ နဲ့  ဆက်ဆံတာ ဖြစ်မယ်ထင်ပါတယ်..

(thanks)

ကိုပေါ said...

ကျနော်လည်း ကြီးလာတော့ ခြင်မရိုက်ဖြစ်တော့ဘူး။ သူတော်ကောင်းဖြစ်သွားလို့တော့မဟုတ်။ ခြင်ကိုက်တာနဲ့ မကြုံတော့လို့။ မကြုံဆို မြန်မာပြည်မပြန်ဖြစ်တာလဲ ခြောက်နှစ်လောက်ရှိသွားပြီလေ။ အင်းစိန်တောင်သူကုန်းမှာ နေတုန်းကဆို မှောင်ရီပျိုးချိန် ခြံဝန်းထဲ ဆင်းမထိုင်ရဲလောက်အောင် ခြင်ပေါတယ်။း-)

ဇွန်မိုးစက် said...

ဘယ်နေရာရောက်ရောက် ခြင်ကိုက်ခံရယင် ကိုယ်ပဲဖြစ်နေတယ်။ ကိုယ်ရှိနေရင် တခြားသူတွေ အကိုက်မခံရလို့ သူငယ်ချင်းက ကိုယ့်ကို ခြင်ဆေးတုံးကြီးလို့တောင် ခေါ်တယ်။ :D ငယ်ငယ်က ခြင်ကိုက်ခံရယင် ပြန်ရိုက်တာပါပဲ။ ခုနောက်ပိုင်းတော့ ကိုယ့်စိတ်ကို ထိန်းချုပ်သည်းခံရင်း သိပ်မရိုက်ဖြစ်တော့ဘူး။ ကိုပေါပြောသလို ခြင်သိပ်အကိုက်မခံရတဲ့နေရာ ရောက်နေတာလဲ ပါမှာပေါ့။

ဖြစ်ချင်တာက ဆရာဝန်၊ အင်ဂျင်နီယာ ဒါပေမဲ့ ကိုယ်က ပထ၀ီ၊ သမိုင်းကို စိတ်ဝင်စားတယ်။ ကြိုက်တယ်။ ၀ိဇ္ဇာသိပ္ပံ မပေါင်းခင်က ၉တန်းရောက်ရင် ငါတော့ ပထ၀ီ၊ သမိုင်း မသင်ရတော့ဘူးတွေးပြီး စိတ်မကောင်းဖြစ်လိုက်သေးတယ်။ တကယ်တမ်း စနစ်ပြောင်းပြီး ဟိုစပ်စပ်ဒီစပ်စပ် သင်ရတော့ ကိုယ်သင်ချင်တဲ့ ဓာတုနဲ့ဇီဝဗေဒတို့ကို ပြည့်ပြည့်၀၀ မသင်ရဘဲ သုံးဘာသာတစ်အုပ်သင်ရလို့ စိတ်ထဲ မကျေမနပ် ဖြစ်ရသေးတယ်။

ခုနေဆရာမလုပ်ဖြစ်ရင်တော့ ပထ၀ီဘာသာရပ်ကိုပဲ သင်ချင်တယ်။း)

ပို့စ်နဲ့ ဆိုင်မဆိုင် မသိဘူး၊ ခုတ်ရာနဲ့ရှရာ ဖတ်ပြီး ဇွန်ရေးချင်စိတ်ပေါ်လာတာတွေ ၀င်ရေးသွားတယ်။ :D

Rita said...

သူများထက်ပိုပြီး ခြင်ကိုက်ခံရတတ်တာခြင်း တူတယ် =)

thuyein said...

အခုနေ ဘဝကို ပြန်စလို့ ရမယ် ဆိုရင်တော့ ဘောဂဗေဒ သင်ချင်တယ်။

Rita said...

ဘယ်ကျောင်းမှ မတက်ဘဲ ကုန်သည် ပွဲစားတွေဆီမှာပဲ လက်တွေ့ တပည့်ခံချင်တယ်။
=)

Thu said...

I got a major subject that was generally recognized as top among arts and sciences and only offered at two main universities for that time (now totally reversed).
One of our senior from Int'l firm said "Our major is better analytic and synthetic skills than other". I could not accept his remark, if he got other subjects, he will blow his own trumpet in different way.
I realize long life study is most important thing for every subjects and useful in respective ways.
For me, interesting subjects are Physics and History though mainly stick on own subject.

Thu said...

Sorry, I've just left one of favourite subject "Philosophy" with less knowledge on it.