Thursday, November 18, 2010

လက်ရှိ အတွေးများ

၁) ဟင်းချက်စရာ ဈေးဝယ်မယ်ဆိုရင် ဗိုက်ဆာနေတဲ့ချိန် ဝယ်မှသာ ဟိုဟာလဲ ဝယ်ချင် ဒီဟာလဲ စားချင်နဲ့ ပြည့်ပြည့်စုံစုံ ပါလာတယ်။ ရုံးဆင်း ညနေစာ အရင်ဝင်စား ဗိုက်ပြည့်ပြီးမှ ntuc ဝင်ရင် ဘာမှ မယ်မယ်ရရ ပါမလာဘူး။

အဆာခံပြီးမှ ဈေးဝယ်တာကောင်းတယ်။

၂) ခုတလော သတင်းပလင်းတွေ ဖတ်မိတယ်။ တချို့တွေ ကိုယ်ဘာလုပ်လို့ လုပ်နေတာလဲဆိုတာ မသိကြဘူးထင်တယ်။ သူတို့ကိုယ်တိုင် ဆန့်ကျင်နေပါတယ်ဆိုတဲ့ အမူအကျင့် စနစ်အတိုင်းပဲ လုပ်ပြ ကိုင်ပြ ဆက်ဆံပြ သရုပ်ပြနေကြသလိုပဲ။ အဲဒီစနစ်ကို ဆန့်ကျင်ပါတယ် ဆန့်ကျင်ပါတယ် ဘယ်လိုမကောင်းတာပါလို့ အတိအလင်းအော်နေတဲ့ အများစုက ပိုပြီး အဲဒီစနစ်က အချိုးအတိုင်း ချိုးပြတတ်တယ်။ ကြာလာတော့ 'ဆန့်ကျင်တယ်' ဆိုတဲ့ ဗမာစကားက 'ပုံတူကူးတယ်' လို့တောင် အဓိပ္ပါယ်ပေါက်နေသလား ထင်မိတော့တယ်။ ပါးစပ်ဖျားမှာ တင်ထားတဲ့ စံက တစ်မျိုး၊ စိတ်ရင်းမှာ စွဲပြီး လိုက်လုပ်မိနေတဲ့ စံက တစ်မျိုးထင်တယ်။

ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်တယ် ဆိုတာ နွားတွေအတွက်ပဲ မှန်သလားမသိ။ လူတွေကျ ရှေ့ဆောင်လမ်းပြက ဖြောင့်နေအောင် သွားပြလည်း နောက်ကနေ ကွေ့ကောက်ပြီး လိုက်ချင်လိုက်တာပဲ။

ရှေ့ဆောင်သူအနေနဲ့ သူ့အဝေးကလူတွေထက် သူ့လက်တကမ်းက လူတွေကို သူနဲ့ တထပ်တည်းကျနေအောင် (သူ့ခြေရာနင်းနိုင်အောင်) အရင်လုပ်ဖို့ ပိုလိုလိမ့်မလား တွေးမိတယ်။

၃) 'လေးစားတယ်' ဆိုတာ နောက်ကျောဘက်မှာ ကွယ်ပုန်းဖို့ အားကိုးရှာတာကို ခေါ်တာမဟုတ်ဘူး။ ကိုယ့်ရှေ့ကနေ ခံပေးလို့ ခံတပ်ကြီးလို သဘောထားတာကို ခေါ်တာမဟုတ်ဘူး။ ကိုယ်လေးစားတဲ့ လူရဲ့ (သတ္တိကို လိုက်မမီတောင်) စိတ်နေသဘောထား၊ အမူအကျင့်ကို ခြေရာနင်းနိုင်မှပဲ 'လေးစားတယ်' လို့ပြောတာ အဓိပ္ပါယ်ရှိတယ်ထင်တယ်။ ခု ခက်နေတာက ခြေရာနင်းဖို့ထားလို့ အဲဒီလူ သွားနေတဲ့ လမ်းကို အနီးကပ်နေတဲ့တချို့တွေ နားတောင်လည်ကြရဲ့လား မသိဘူးလို့ တွေးမိတယ်။

တကယ်နားမလည်တာက ကိုယ်တိုင်ပဲလားတော့ မသိ။

၎) ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး စိတ်အခန့်မသင့်စရာနဲ့ ကြုံရပြီဆိုရင် ကိုယ့်မှာ ဆုံးရှုံးသွားတဲ့ နှမြောစရာကောင်းတဲ့အရာ တစ်ခုရှိတယ်။ အဲဒါ 'ပိုက်ဆံ' မဟုတ်ဘူး။ လွယ်လင့်တကူ ထွက်လာတဲ့ 'ကူညီချင်တဲ့ စိတ်စေတနာ'။ ငွေရေးကြေးရေးအကူအညီဆိုတာ လိုအပ်နေတာ၊ အခက်အခဲဖြစ်နေတာကို မြင်တွေ့ကြားသိလို့ ပေးတာ။ ဘယ်သူမှ မတိုက်တွန်းဘဲ ကိုယ့်ဘာသာ လုပ်ချင်လို့လုပ်တဲ့ ပရဟိတလုပ်ငန်း မဟုတ်ဘူး။

နိုင်ငံခြားရောက်ပြီး ငွေကြေးနဲ့ ပညာအတွက် ရုန်းကန်နေကြတဲ့ လူချင်းအတူတူ ဘယ်သူကမှ ပိုပြီး သနားစရာ မကောင်းဘူး။ ပြီးပြီးရော ပစ်စလက်ခတ်သဘောထားရအောင် ဘယ်သူ့ပိုင်ဆိုင်မှုကမှလည်း ပိုပြီး တန်ဖိုးမနိမ့်ဘူး။

၅) မနှစ်ကရောက်လာတဲ့ 'လေရူးသုန်သုန်' ကို ဒီနှစ်မှ ဖတ်ဖြစ်ပြီး စစ်ပွဲတွေအကြောင်း စိတ်ထဲမှာ တွေးမိတယ်။ လူတွေ အများကြီးရဲ့ အသက်အိုးအိမ်စည်းစိမ် စိတ်ဓါတ်၊ ဘဝတွေ အပျက်ခံ စစ်ဖြစ်ပြီးမှသာ တခုခု ဖန်တီးနိုင်စွမ်းရှိတယ် ဆိုသရွေ့ (တနည်း စစ်ကိုရှောင်ပြီး လိုချင်တဲ့အနေအထားကို မဖန်တီးနိုင်သရွေ့) လူ့အဖြစ်ဟာ ဂုဏ်ယူစရာမကောင်းသေးဘူး။

ဒါပေမဲ့ အေးရာအေးကြောင်းလမ်းကို တဖက်တည်းက ရွေးလို့မရပေမယ့်၊ စစ်ဖြစ်ဖို့တော့ တဖက်တည်းက ရွေးလိုက်လို့ရတယ်။ ဒီတော့လည်း ခက်သားပဲ။

၆) အရင်က ရုပ်ရှင်ထဲမှာ actor တွေ ဆေးလိပ်သောက်ပြတာဟာ ကြည့်တဲ့ပရိသတ်ကို လိုက်သောက်ဖို့ ဆွဲဆောင်ရာရောက်တယ်တို့ ဘာတို့ သိပ်လက်ခံလို့ မရဘူး။ ကိုယ့်မှ မဆွဲဆောင်နိုင်တာ။ ခုတော့ တမျိုးတွေးမိတယ်။ ကြည့်တဲ့လူက အဲဒီဘက်ကို ကိုင်းညွှတ်နေရင် ကိစ္စရှိတယ်။ အလကားနေရင်း သောက်ပြတာထက် အကြောင်းတခုခုနဲ့ သောက်ပြရင် ပိုတောင်မှ ကိစ္စရှိသေးတယ်။ Long Vacation ဆိုတဲ့ ဂျပန်ဇာတ်လမ်းတွဲကို ကြည့်ပြီး အတွေးပေါက်လာတာ။

***

9 comments:

Lun Lunn said...

သဘောကျစွာ ဖတ်ရှုသွားသည်။

နံပါတ် (၂)၊ (၃)၊ (၅) ရဲ့ အတွေးတွေက ရင်ထဲ နက်ရှိုင်းစွာ နစ်ဝင်သွားတယ်။

လေးစားခင်မင်လျှက် ...

Bino said...

ရှေ့ဆောင်သူအနေနဲ့ သူ့အဝေးကလူတွေထက် သူ့လက်တကမ်းက လူတွေကို သူနဲ့ တထပ်တည်းကျနေအောင် (သူ့ခြေရာနင်းနိုင်အောင်) အရင်လုပ်ဖို့ ပိုလိုလိမ့်မလား တွေးမိတယ်။
Event Prudent Leader not able to do as your thought.

BINO

Bino said...

ကိုယ်လေးစားတဲ့ လူရဲ့ (သတ္တိကို လိုက်မမီတောင်) စိတ်နေသဘောထား၊ အမူအကျင့်ကို ခြေရာနင်းနိုင်မှပဲ 'လေးစားတယ်' လို့ပြောတာ အဓိပ္ပါယ်ရှိတယ်ထင်
'လေးစားတယ်' is better than nothing.
It difficult to followed the succeeded person due to some restriction.
BINO

Bino said...

ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး စိတ်အခန့်မသင့်စရာနဲ့ ကြုံရပြီဆိုရင် ကိုယ့်မှာ ဆုံးရှုံးသွားတဲ့ နှမြောစရာကောင်းတဲ့အရာ တစ်ခုရှိတယ်။ အဲဒါ 'ပိုက်ဆံ' မဟုတ်ဘူး။ လွယ်လင့်တကူ ထွက်လာတဲ့ 'ကူညီချင်တဲ့ စိတ်စေတနာ'။
I fully respect your kind.
I do understand the situation of a little Myanmar in Singapore.
Help them by all available means as much as you can.
BINO

Rita said...

ကျွန်မအမြင် လေးစားတယ် ဆိုတာ ပါးစပ်က ထွက်ရတဲ့ စကားလုံးသက်သက်လို့ မထင်လို့ပါ။

သူ့လေးစားပါတယ် လေးစားပါတယ်ဆိုပြီး ချိုးချလိုက်တဲ့ အချိုး၊ လုပ်ပြလိုက်တဲ့ အထာ၊ စိတ်နေသဘောထားက ဟိုဘက်ကဟာတွေအတိုင်း ဆိုရင်တော့ ဘာမှမပြောတာကမှ ပိုကောင်းဦးမယ်။ သူ့လို လိုက်လုပ်ရမယ် ဆိုတာ မဖြစ်နိုင်တာကို ပြောတာမဟုတ်ပါဘူး။ အဲဒါကြောင့် သတ္တိကိုတောင် ချွင်းချက်လုပ်ထားတယ်။ သူ သွားနေတဲ့လမ်းကြောင်းကိုတော့ နားလည်ဖို့လိုတယ် ထင်တယ်။ စိတ်နေသဘောထားနဲ့ တုန့်ပြန်ပုံ တုန့်ပြန်နည်းကတော့ သူ့လမ်းစဉ်ယုံလို့ သူ့နောက်လိုက်နေမှတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ မသင့်ဘူးထင်တာပါပဲ။ အဲလိုအချိုးချိုးနေမယ်ဆိုရင် အဲဒါ လေးစားတာမှ မဟုတ်တာ၊ အိုးမဲသုတ်သလိုတောင် ဖြစ်နေဦးမယ်။ ဒါဆိုရင်တော့ nothing is better than အိုးမဲသုတ် လို့ပဲ ပြောရတော့မယ် ထင်တယ်။

Bino said...

မနှစ်ကရောက်လာတဲ့ 'လေရူးသုန်သုန်' ကို ဒီနှစ်မှ ဖတ်ဖြစ်ပြီး စစ်ပွဲတွေအကြောင်း စိတ်ထဲမှာ တွေးမိတယ်။ လူတွေ အများကြီးရဲ့ အသက်အိုးအိမ်စည်းစိမ် စိတ်ဓါတ်၊ ဘဝတွေ အပျက်ခံ စစ်ဖြစ်ပြီးမှသာ တခုခု ဖန်တီးနိုင်စွမ်းရှိတယ်
You have to read War and Peace.
You can accept or reject "RIGHT IS MIGHT"
If you don't have power, money you will loose.
The most teachers supported the most smart students. Punished to weaker students.
Every society are almost the same thing.
BINO

Bino said...

အရင်က ရုပ်ရှင်ထဲမှာ actor တွေ ဆေးလိပ်သောက်ပြတာဟာ ကြည့်တဲ့ပရိသတ်ကို လိုက်သောက်ဖို့ ဆွဲဆောင်ရာရောက်တယ်တို့ ဘာတို့ သိပ်လက်ခံလို့ မရဘူး။
Right.
but I still not accepted in this case.
Most peoples followed by actor due to unstable of themselves.
So Govt. prohibited cigarette advertising.

BINO

သက်ပိုင်သူ said...

၃ နဲ့ ၄ ကို သဘောကျတယ်

T T Sweet said...

တို့ကတော့ အိမ်ရှင်မဆိုတော့ ၁ကိုပိုစိတ်ဝင်စားတယ်။ ၁ က သိပ်မှန်ပါတယ် ရီတာရေ။