Tuesday, November 9, 2010

မမ နှင့် ဆက်စပ်ရာ

ရေးရင်းနဲ့ မမအကြောင်းတင်မကဘဲ ဆက်စပ်ရာတွေ တွေးမိလာတာ ချရေးထားလိုက်တယ်။ မမအကြောင်းတော့ နောက်မှ ပြန်ဆက်တော့မယ်။

***
ဖြစ်နိုင်ချေ၊ တွန်းအား၊ ပြီးမြောက်မှု

မမက ကိုယ့်မှာ ဖြစ်နိုင်စွမ်းတွေ ရှိတယ်လို့ ယူဆပုံရတယ်။ နောက် ဖြစ်အောင်လုပ်ဖို့ အခြေအနေတွေလည်း ရှိတဲ့အခါ မမတောင်မှ ဒီကျောင်းကို ရောက်သေးတာပဲ ဆိုတဲ့ စကားကို သူပြောတယ်။
တကယ်တော့ ဖြစ်တန်စွမ်းဆိုတာ တခုခုကို ရအောင်ယူဖို့ တွန်းအား မဟုတ်ဘူး။ တခုခုကိုရအောင် ကြိုးစားဖို့ ကာယကံရှင်မှာ အဲဒီအရာနဲ့ပတ်သတ်လို့ တန်ဖိုးထားစိတ်နဲ့ ယုံကြည်စိတ် ရှိဖို့လိုတယ်။

တန်ဖိုးထားစိတ် ဆိုတာကို ထပ်ရှင်းလို့ မတတ်တော့ဘူး။ ယုံကြည်စိတ် ဆိုတာတော့ သူများတွေအတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မယ် မသိ။ ကိုယ့်အတွက်တော့ တစုံတရာကို ကြိုးစားပြီး ရအောင်ယူနိုင်ခဲ့ရင် ကျေနပ်နှစ်သိမ့် နေပျော်နိုင်မှာပဲလို့ သေချာယုံကြည်နိုင်တဲ့စိတ်ပဲ။ ဘယ်လိုအရာမျိုးနဲ့ပတ်သတ်သည်ဖြစ်စေ အဲဒီစိတ်နှစ်ခုရှိမှ ရအောင်ကြိုးစားလိုတဲ့ ဆန္ဒပေါ်မယ်။ ဆန္ဒရှိပြီဆိုရင် နည်းလမ်းကို သူများက လာပေးဖို့ မလိုဘူး။ ဆန္ဒရှိတဲ့သူအဖို့ သူလိုချင်တာရဖို့ နည်းလမ်းကို သူ့ဘာသာ မရ, ရအောင်ရှာတယ်။ အခြေအနေကိုလည်း သူ့ဘာသာ မရ, ရအောင်ဖန်တီးတယ်။ အဲဒီအတွက် ကိုယ့်မှာ အကောင်းဆုံးသက်သေပြစရာရှိတယ်။ အဲဒါ မမ ကိုယ်တိုင်ပဲ။

10 တန်း result ထွက်လာတော့ အကြောင်းသိ ကိုယ့်ပတ်ဝန်းကျင်ကလူတွေအတွက် မထူးဆန်းပါဘူး။ ကိုယ့်တွက်လည်း မထူးဆန်းဘူး။ (အဲဒါအတွက် ခံစားတာ ၂ ယောက်ပဲ ရှိတယ်) မမကတော့ သူရှိရက်နဲ့ အမှတ်မကောင်းရလေလို့ ဖြစ်တယ်။ ကိုယ်ကတော့ မမရှိလို့သာ ချောချောမောမောအောင်တာလို့ သိနေပါတယ်။ (မလုပ်ချင်လို့ကို မလုပ်ဘူးလို့ မျက်နှာလွှဲထားတဲ့ ဘာသာတွေ ရှိနေတာ သိကြားမင်း ဆင်းလာသင်လည်းပဲ ဒီထက်တော့ ပိုစရာမရှိဘူးထင်တယ်)

ကိုယ့်ကို အနီးကပ်စာသင်ပေးခဲ့ရတဲ့သူတွေ စိတ်ပင်ပန်းခဲ့ကြမယ်ဆိုတာ နောက်ပိုင်း ပြန်နားလည်လာတယ်။ နားလည်ပြန်တော့လည်း ဘာမှ မတတ်နိုင်တော့ဘူး။ ဘဝကို 10 တန်းကနေ နောက်တခါပြန်စလည်း ကိုယ်ကတော့ ဒီအတိုင်းပဲ ပြန်လုပ်မိမှာပဲ။

ကိုယ့်အနေနဲ့ကတော့ ကိုယ်ယုံကြည်စိတ်မထားနိုင်တဲ့အရာအတွက် အထင်ကြီးစိတ် မရှိသလို၊ အထင်သေးစိတ်လည်း မရှိ။ ဘေးပတ်ဝန်းကျင်ရဲ့ အထင်အမြင်ကောင်းဖို့ဆိုတာ ထည့်မစဉ်းစားရင်၊ လူရယ်လို့ဖြစ်လာပြီး အခြေအနေပေးရင် ဘွဲ့တစ်ခုတော့ ယူရမှာပဲလို့ သတ်မှတ်ချက်မရှိခဲ့ရင်၊ ပညာကို ဂုဏ်ပကာသနတရပ်အနေနဲ့ မမက်မောတတ်ရင် (ပညာရေးကို အသုံးချပြီး မရပ်တည်ချင်တဲ့လူတွေအတွက်) ဘွဲ့ဆိုတာ ယူစရာကိုမဟုတ်ဘူး။

သူငယ်ချင်းထဲမှာ ထိပ်ဆုံးနားက တက္ကသိုလ် ၂ ခုကို ကြိုက်တာရွေးတက်လို့ရရက်နဲ့ ဘာကျောင်းမှ ဆက်မတက်တော့တဲ့တစ်ယောက်ကို မှားလိုက်လေလို့ ခုချိန်ထိ မထင်ဘူး။ (တခုတော့ ရှိတာပေါ့လေ။ ဘွဲ့မယူဘဲ အလကားထိုင်နေတာမဟုတ်လို့ပေါ့။ သူ စွမ်းဆောင်နိုင်တာတွေ အများကြီး ရှိနေလို့ပေါ့။ ဆိုလိုတာက ကျောင်းပရဝုဏ်က မဟုတ်ဘဲ ပြင်ပကမ္ဘာကနေ သူ များစွာ သင်ယူနိုင်ခဲ့လို့ပေါ့)


ဒီလိုပြောတာ ပညာဟာ အလကားလို့ ဆိုချင်တာမဟုတ်ဘူး။

***
အဆောင်

ကျောင်းမှာ မမတို့က နောက်ဆုံး အဆောင်နေရတဲ့ batch ပေါ့။ 96 မပိတ်ခင်မှာ အဆောင်ထမင်းဆိုတာ ကြုံလိုက်ရပြီး၊ နောက်တခေါက်ပြန်ဖွင့်တော့ အဆောင်မှာ နေပဲ နေရတယ်။ ထမင်းမကျွေးတော့ဘူး။

မမပြောတဲ့ အဆောင်က အစဉ်အလာတချို့ကို မှတ်မိတယ်။ ပါလာထဲမှာ တီဗွီဆင်းကြည့်ကြပြီဆို အတန်းကြီးတွေအတွက် အငယ်တွေက အလိုက်တသိနဲ့ နေရာကောင်းချန်ထားပေးကြတာမျိုး၊ အတန်းကြီးတွေ စာမေးပွဲဖြေချိန်မှာ အငယ်တွေက ဝေယျာဝစ္စသွားလုပ်ပေးတတ်ကြသလို၊ အငယ်တွေ ဖြေချိန်မှာလည်း အတန်းကြီးသမားတွေက စာကူကျက်ပေး၊ မှတ်စုထုတ်ပေး၊ စပေါ့လိုက်ပေးတာမျိုး။ ကျောင်းဝန်းထဲ ဖြတ်သွားဖြတ်လာ တွေ့ကြရင်တောင် တယောက်နဲ့ တယောက်ကြားမှာ ပတ်သတ်မှုရှိတဲ့ သိသိမှတ်မှတ် ပုံစံတွေနဲ့။


နောက်တော့ အရောင်တွေ ပြောင်းကုန်တယ်။ လူတွေက အုပ်စုကြီးတစ်ခုဆိုတဲ့ သဘောကနေ အုပ်စုလေးတွေ ဖြစ်ကုန်တယ်။ ကိုယ့် အစုကလွဲရင် ကျန်တာတွေ စိတ်ထဲ မထည့်ကြတော့ဘူး။ ခုချိန်မှာတော့ ယှဉ်ကြည့်စရာမရှိတော့ မသိသာဘူးပေါ့။ မမတို့ batch က ရှေ့မီ နောက်မီဖြစ်ခဲ့တာဆိုတော့ အပြောင်းအလဲက သိသာခဲ့တယ်

ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သိတဲ့လူတွေက သေချာသိလိမ့်မယ်။

***
ရူးလို့မရပါ

မမ အိမ်လာအိပ်တဲ့ ရက်တွေမှာ သူ စာလုပ်နေတာ ကြည့်၊ သူ့စာအုပ်တွေကြည့်ပြီး ကိုယ်ပြောတတ်တယ်။ ကိုယ့်အတွက်တော့ သူတို့ကျောင်းသာ တက်ရရင် ရူးရင်ရူး၊ မရူးရင် ကျ ဒီ ၂ လမ်းပဲရှိတယ်လို့။ (ဘာဖြစ်လို့မှန်းမသိ အဲလောက်သာ စာလုပ်ရရင် ရူးမှာပဲချည်း ထင်နေတာ)

သူတို့ကျောင်းကို မကြာမကြာရောက်ဖြစ်ပြီးတဲ့နောက်တော့ သဘောပေါက်သွားတယ်။ စာကြောင့် စိတ်မှာ ပြဿနာဖြစ်တယ် (ပေါက်ထွက်သွားတယ်) ဆိုတာ ဖြစ်ချင်တိုင်း ဖြစ်လို့မရဘူး။ သူ့အဆင့်နဲ့သူ လိုအပ်ချက်တွေရှိတယ်။ စာကို ဖြစ်ချင်ဇောနဲ့ သည်းကြီးမည်းကြီး လုပ်ရမယ်။ အဲလို လုပ်ပြီး သူလုပ်သလောက် ရလဒ်က ပြန်မရရင် အဲဒီအပေါ်မှာ အလွန်အကျွံ ခံစားပြီးမှ စိတ်က မခံမရပ်နိုင်ဖြစ်တဲ့အခါ ဇာတ်လမ်းစတာ လို့ ထင်တယ်။ (အထူးသဖြင့်တော့ သူတို့ကျောင်းတွေမှာ စာမေးပွဲ ကျရင်ပေါ့လေ၊ တချို့လည်း ဖြေနေတုန်းတန်းလန်းမှာ ဖြစ်တတ်ကြတယ်) သိရသလောက်တော့ အဲဒီအဆင့်အတိုင်း သွားတာပဲ။

ကိုယ့်ဘာသာလည်း နားလည်သွားတယ်။ ဘယ်ကျောင်းတက်သည်ဖြစ်စေ စာကြောင့်တော့ ရူးမှာမဟုတ်ဘူး၊ ဖျာလိပ်ပြီးသာ ပြန်လာရမှာ။

***

8 comments:

Ko Boyz said...

ရူးမှာပဲ... :P

Rita said...

ကိုဘ ဆိုရင်လား

:P said...

မူ/လယ်/အထက်တန်းက သူငယ်ချင်းတွေ အကြောင်း သတိရမိတယ်။

:P said...

လမ်းထဲက အတန်းတူကောင်ဆို အိမ်အလုပ် တအားကူရတဲ့ကြားက ဝိုင်အိုင်တီ ဝင်အောင်ကြိုးစားတယ်။ အဲ့မှာလည်း ဟော့တဲ့ မေဂျာရဖို့ ၂ တန်းထိ အသေကြိုးစားတယ်။ အဲဒီတုံးက EC နဲ့ Civil တစ်နှစ်စီ အမှတ်မြင့်နေတာ..။ သူ အီးစီရပြီး ၃ တန်းကစလို့ စာမလုပ်တော့တာ အောင်စာရင်းက သူ့နာမည်အောက် ပါမောက္ခလက်မှတ်ပဲ ရှိတော့တယ်တဲ့။
ကျောင်းပြီးတော့လုပ်တဲ့အလုပ်က အိမ်လက်ရှိစီးပွားရေးလဲ မလုပ်ပဲ ဘယ်လိုမှမမျှော်လင့်တဲ့အလုပ်၊ ပိုက်ဆံတွေတော့ အရမ်းချမ်းသာလာပါတယ်။

ကိုယ်ရတဲ့ဘွဲ့နဲ့ လုပ်တဲ့အလုပ် တခြားစီဖြစ်နေတဲ့လူတွေ အတော်များများတွေ့ဖူးတယ်။
သူကျတော့ ဝါသနာပါတဲ့အလုပ်လား၊ စိတ်ဝင်စားတဲ့အလုပ်လား..၊ ဘယ်လိုကောက်ချက်ချရမလဲမသိဘူး။

အကောင်းဆုံးထင်တဲ့အရာတွေ ရအောင်ကြိုးစားရင်း လမ်းတွေလဲ လွဲ...
.
.
.
ပို့စ်နဲ့ မဆိုင်ဘူးထင်တယ်..ဟီး...

Rita said...

ကျောင်းကပညာနဲ့ လုပ်မစားဘူးဆိုတဲ့လူတွေက သပ်သပ်ကိုရှိတာ မမစင်။ သူငယ်ချင်းက အဲလိုလူမျိုး။ ကျောင်းမှာပညာသင်တာ သူတို့အတွက် ထမင်းစားရေသောက်လို့ ပြောရမလား။

ထမင်းစားရေသောက်ဆိုတာ လူတိုင်းသိတဲ့ သိပ်လွယ်တယ်ဆိုတဲ့အဓိပ္ပါယ်မျိုး ပြောချင်တာ မဟုတ်ဘူး။ လုပ်ရိုးလုပ်စဉ်မို့လုပ်ရတာလို့ ပြောရမယ် ထင်တယ်။

မမစင် သူငယ်ချင်းလဲ ၃ တန်းရောက်မှ သူ့ဘာသာ နားလည်သွားတာလည်း ဖြစ်နိုင်တယ်။ သူအောင်မြင်တယ်ဆိုရင်ပေါ့လေ။ အောင်မြင်တယ်ဆိုတာ ပိုက်ဆံကို ပြောချင်တာမဟုတ်ပါဘူး။ သူ့ဘာသာ တကယ်ကျေနပ်နိုင်တယ်ဆိုရင်ပေါ့။

Rita said...

(တခုခုကိုရအောင် ကြိုးစားဖို့ ကာယကံရှင်မှာ အဲဒီအရာနဲ့ပတ်သတ်လို့ တန်ဖိုးထားစိတ်နဲ့ ယုံကြည်စိတ် ရှိဖို့လိုတယ်။) - မဖြစ်မနေလုပ်ရတော့မယ့်အလုပ်တွေမှာ ဒီလိုစိတ်တွေရှိမှ လုပ်မယ်ဆိုတာဟာ အကြောင်းပြချက်သက်၂လို့ ထင်ပါတယ် (ပျင်းလို့ မလုပ်ချင်လို့)။
(သူငယ်ချင်းထဲမှာ ထိပ်ဆုံးနားက တက္ကသိုလ် ၂ ခုကို ကြိုက်တာရွေးတက်လို့ရရက်နဲ့ ဘာကျောင်းမှ ဆက်မတက်တော့တဲ့တစ်ယောက်ကို မှားလိုက်လေလို့ ခုချိန်ထိ မထင်ဘူး။) -ကိုယ်လဲမှားတယ်လို့ မထင်ဘူး သူဟာ ဘာမှ မရလို့ (သို့) ရအောင်လုပ်ချင်စိတ်ကို မရှိဘူးဆိုတဲ့ လူတွေထက်သာတယ်။ မဖြစ်မနေလုပ်ရတော့မယ့်အလုပ်ကို (ဥပမာ ၁၀တန်း ဆိုပါတော့) ထူး၂ချွန်၂ ဖြစ်အောင်လုပ်တယ်၊ ပြီ:မှ သူယုံကြည်ရာ သူရွေးချယ်တယ်။ ဒီလူ ၂မျိုးက မတူဘူး။ ကျောင်းသားဟာ စာကျက်ဖို့ပဲရှိတယ်။ ၁လုပ်ထဲသောအလုပ်ကို ဖြစ်ထွန်းအောင် မလုပ်နိုင်ရင် ကိုယ့်အတွက်တော့ အဲဒီသူ ညံ့လို့ပဲ (ညဏ်မမီတာ နေမကောင်းတာ စည်းပွါးရေး မပြေလည်တာတွေ မရှိဟု ယူဆပါ) ကိုယ့်အတွက်တော့ ကိုယ်လုပ်နေတာ၊ ကိုယ်လုပ်ကို လုပ်ရမယ့် အရာတိုင်းက ကိုယ့်ရဲ့ဝါသနာပဲ။ တော်အောင်ကြိုးစားတယ် ဖြစ်အောင်လုပ်တယ်။ (ရီတာရဲ့ ကိုကိုလိုပေါ့)
ရှိတဲ့အချိန်တုန်းက မီးကုန်ယမ်းကုန်မကြိုးစားခဲ့ လို့ တချိန်ချိန်မှာ နောင်တ (သို့) စိတ်ကသိကအောက်လေးတောင်မှ ရမှာ မလိုလားဘူး။မလိုချင်ဘူး။ ကြိုးစားတယ် ဒါပေမဲ့ မြော်လင့်သလောက် မရလဲကျေနပ်တယ် ကိုယ့်ဘာသာ တာဝန်ကျေတယ်လို့ ယူဆတယ်။
(ကိုယ်ရတဲ့ဘွဲ့နဲ့ လုပ်တဲ့အလုပ် တခြားစီဖြစ်နေတဲ့လူတွေ အတော်များများတွေ့ဖူးတယ်။ သူကျတော့ ဝါသနာပါတဲ့အလုပ်လား၊ စိတ်ဝင်စားတဲ့အလုပ်လား..၊) - စိတ်ဆိုတာ ဖန်တီးယူလို့ရတယ်။ ထမင်းစားရမှာ စိတ်မဝင်စားဘူးဆိုတဲ့လူ ရှိလား? ရှိရင်ကော မစားပဲနေလို့ရလား? မစားရင်ရော ဘယ်နှစ်ရက်နေမှာလဲ? အလုပ်တိုင်းဟာ ဆက်စပ်နေတယ်၊ အနဲဆုံးအခြေခံပေါင်းသင်းဆက်ဆံရေးလောက်ဖြစ်ဖြစ်ပေါ့။ ကိုယ့်အတွက်တော့ လုပ်နေရတဲ့ အလုပ်တိုင်းကို ဝါသနာပါတယ်၊ ဝါသနာပါတဲ့အလုပ်တိုင်းကို စိတ်ဝင်စားတယ်၊ ဒီတော့လုပ်နေရတဲ့ အလုပ်တိုင်းကို စိတ်ဝင်စားပါတယ်။ (တီဇက်အေ ဘလောက်မာ မဟုတ်၍ အတည်ပြောသွားသည်)

ခရေဖြူ

Rita said...

အင်း ဟုတ်တယ်။

ဒီနေရာမှာ ကိုကို ပြောတာတွေနဲ့ ထည့်ပြောရမှာ။ ဒါမှ ပြည့်စုံမှာ။ ဒါပေမဲ့ ထည့်မရေးဖြစ်လိုက်ဘူး။ တော်သေးတာက ခရေဖြူ ဟိုနေ့ကမှ အဲဒီဇာတ်လမ်းဖတ်ပြီးသွားတော့ အဲဒါနဲ့ ချိတ်ဆက်တွေးလိုက်မိတာ။

ကိုကို့ စကားလုံးတွေထည့်လိုက်မှ ဒီ post မှာ ပြည့်စုံမှာပဲ။

ဒီမှာကတော့ တခုခုကို discuss လုပ်ဖို့ဆိုတာထက် တခုခုကို တင်ပြရုံလေးပဲ ရေးလိုက်တာဆိုတော့ ပြည့်ပြည့်စုံစုံ မထည့်လိုက်ဘူး။

ကိုယ်ဘာလုပ်နေသလဲ ကိုယ့်ဘာသာ သေချာအောင် သိနေတဲ့ လူတွေအကြောင်းကိုတော့ တနေ့နေ့မှာ ကြိုးစားပြီး ရေးကြည့်ဦးမယ်။

(ခုန ပိုနေတဲ့ ကွန်မန့်တချို့ဖျက်တာ ခရေဖြူ့ ကွန်မန့်ပါ မှားဖျက်လိုက်မိလို့ email ထဲကနေ ပြန်တင်လိုက်တယ်)

Bino said...

ဆန္ဒရှိပြီဆိုရင် နည်းလမ်းကို သူများက လာပေးဖို့ မလိုဘူး။ ဆန္ဒရှိတဲ့သူအဖို့ သူလိုချင်တာရဖို့ နည်းလမ်းကို သူ့ဘာသာ မရ, ရအောင်ရှာတယ်။ အခြေအနေကိုလည်း သူ့ဘာသာ မရ, ရအောင်ဖန်တီးတယ်။
That is totally right.
Most prudent persons applied their selves.
They became physically and mentally rich.
Why?
They interpreted the principle of related subject which they applied.
They knew the basic processes common type of subject.(Not necessary to be a technical expert)

Bearing in mind....
Competence has at least 3 components.
1.Knowledge (theoretical)
2.Skill (practical)
3.Attitudes (ethical or integrity)

BINO