Monday, September 13, 2010

ပြောချင်လို့ ပြောတာတွေ

Aung Phyoe
"ရေဆန်လမ်း" ဖတ်လို့ပြီးသွားပြီ ။ ဖတ်ရတာတော့ တော်တော်လေးတယ် ။ "နွေတစ်ည" လောက်မကြိုက်ပေမယ့် "မသိန်းရှင့်ဆီ ပို့ပေးပါ" ထက်တော့ ကြိုက်ပါတယ် ... အယူအဆ ရေးရာတွေတော့ နားရှုပ်ပေမယ့် ၊ စာရေးသူရဲ့ တိကျပြတ်သားတဲ့ ရည်ရွယ်ချက်အတွေးအခေါ် ( လုံးဝ ဥသုံ လက်မခံနိုင်သည့်တိုင်) ကို ပြီပြင်အောင်တင်ပြနိုင်တာကို နှစ်သက်မိတယ် ။
(like - me)

တော ကျောင်း ဆရာ
ခေတ်နဲ့ဆိုင်မယ်ပေါ့ဗျာ.. ဆိုကြပါစို့ သခင်ဘသောင်းရဲ့ လောကနိဗ္ဗာန် (The Fall of Titan by Igor Gouzwnk ) ပြန်ထွက်လာတော့ အခုခတ်မှာ ပြန်ဖတ်ရတာ ဖတ်မိတယ်ဆိုရုံပဲရှိတာ။ ဒီလိုပဲ ခြေလေးချောင်းတော်လှန်ရေး( Animal Farm by George Orwell) ပြန်ထွက်လာလည်း ရယ်စရာဝတ္ထုလို့တောင် သဘောထားမိမယ်လေ။

ဟိုခေတ်တုန်းကတော့ သခင်ဘသောင်းက သူ့အကြောင်းနဲ့သူ စိတ်နာ၊ နောက်တော့ ဒီစာအုပ်တွေပြန်၊ အဲ့ခေတ်က စီပီတွေက သူ့ဆိုလည်လှီးပြီး သတ်ချင်စိတ်ဖြစ်၊ အဲသလိုတွေရှိခဲ့ကြတာကိုး။ နိုင်ဝင်းဆွေလည်း အဲသလိုပဲ၊ ရေဆန်လမ်းတို့၊ မသိန်းရှင်တို့၊ နွေတညတို့၊ ဘ၀စာမျက်နှာတို့ အဲတာတာတွေကို ပြန်ထွက်လာလို့ ဒီနေ့အချိန်ခါရောက်မှ ဖတ်ဖူးမယ်ဆို၊ အဲလိုဖတ်ဖူးတဲ့သူတွေအတွက် အနည်းနဲ့အများဆိုသလို ဟာတာဖြစ်သလိုလို၊ ခုနေသလို ခံနေသလို ဖြစ်မှာအသေအချာပါပဲ။

စကားစပ်လို့ပဲဗျာ၊ မှတ်မိသေးတယ်၊ ခုလူငယ်တွေ အရမ်းကြိုက်ကြတဲ့ ဂျူးက ထက်မြက်နဲ့တွေ့တော့ .. အော် ... ရသကလောင်တစ်ချောင်းကို သတ်လိုက်တဲ့သူပါလား ဆိုတာ ပြောခဲ့ဖူးသတဲ့၊ နိုင်ဝင်းဆွေနဲ့ ပတ်သက်လို့ ဂျူးက အဲသလိုပြောခဲ့ဖူးတယ်လို့ နီးစပ်သူတွေဆီက ကြားခဲ့ဖူးတယ် ၊ ဂျူးကောင်းတယ်ဆိုတာက နိုင်ဝင်းဆွေကို မီမှမမီခဲ့တာကိုး (သူ့ခေတ်နဲ့ သူပြောပါတယ်)၊

ဂျူးက ထက်မြက်ကို ဘာလို့အဲသလိုပြောလဲဆိုတော့ နောက်ခံက ရှိပြန်တယ်၊ မိုကြိုမုန်တိုင်း ကိစ္စနဲ့ဆိုင်နေတယ်လေ၊ ဒီကိစ္စက ကံအကြောင်းမလှတဲ့ နိုင်ဝင်းဆွေအတွက် မောဟအမှားဖြစ်ခဲ့တယ်။ အမှားသိပေမယ့် အချိန်မမီလိုက်ခဲ့ဘူး။ ဒီနောက်ပိုင်းကာလတွေမှာ သူလည်း ကလောင်ရော၊ လူပါ နိဂုံးချုပ်သွားရတယ်။ နှမြောစရာပါပဲ။

ဆိုလိုချင်တာကတော့ဗျာ၊ သူ့ခေတ်ကရေးခဲ့တဲ့ နိုင်ဝင်းဆွေရဲ့ စာတွေဟာ ဒီဘက်ခေတ်မှာ ဖတ်မယ်ဆိုရင် သူ့အာဘော်ခြုံမိနိုင်ဖို အခက်အခဲရှိမယ်ဆိုတာပါ၊ ကျွန်တော်လည်း ဒီစာအုပ်တွေပြန်မထွက်ခင်တုန်းက မိတ္တူတွေဖတ်ဖူးတာ၊ နည်းနည်းတော့ အခက်အခဲတွေ့ခဲ့ဖူးတယ်၊ ပစ္စည်းမဲ့လူတန်းစားရဲ့ သရုပ်မှန်စာပေအနှစ်ကြီးတွေပဲလို့ စာဖတ်ဖူးတုန်းက သဘောထားမိတယ်၊ အခုချိန်မှာတော့ အဲ့ထက်ပိုသွားပါပြီ။ :)
(like - Aung Phyoe & Mg Yu Pie)

Aung Phyoe
နောက် တစ်ချိန်ချိန်မှာ ပြန်ဖတ်ဖို့ ကြိုးစားကြည့်မယ် ။ သခင်ဘသောင်း ရဲ့ လောကနိဗ္ဗာန် ကိုဖတ်ဖို့ ထုတ်ထားတယ် ။

နွေတစ်ည ကိုတော့ ရသမြတ်နိုးသူတိုင်း ခံစားနိုင်မယ်ထင်ပါတယ် ။ နိုင်ဝင်းဆွေဟာ နောက်ပိုင်းမှာ ဦးတည်ချက်လုံးဝပြောင်းသွား သလိုပဲ ။ လူတန်းစားအမြင် ပြင်းထန်လွန်းတယ် ။ "ဘဝစာမျက်နှာများ" မှာ 'အဆိပ်ပင်' ဆိုပြီး ခင်နှင်းယုကို တိုက်ခိုက်ထားတာ ... ၊ အဲဒါဖတ်တုန်းက တစ်မျိုးပဲ ဘာကြောင့်လည်းပေါ့ ။ ခု ရေဆန်လမ်း ကိုဖတ်မိမှ သူ့စာပေအမြင်ကို ရေးရေးသဘောပေါက်မိတယ်။

Me
ခေတ်ကွာတာနဲ့ ဖတ်တဲ့လူအတွက် အနှစ်သာရကွာတယ်ဆိုတာကိုက အနုပညာမှာ ဝါဒရေးရာသွင်းထားတာကြောင့်လို့ ထင်မိတယ်။ အနုပညာ သက်သက် မဟုတ်လို့။ ဆိုလိုတာက အနုပညာက media အဖြစ် အသုံးချခံရလို့။

ဥပမာ - မိုးမိုး (အင်းလျား) အိမ်ထောင်ရေးဝတ္ထုတွေ ဖတ်ရတဲ့အခါမှာ သူတို့ခေတ်က ကိုယ်မသိ မမီလိုက်ရတဲ့ အကြောင်းအရာတွေပါလားဆို ဖတ်တဲ့လူက စိတ်ဝင်တစား ဖတ်မိလိမ့်မယ်။

မိုးမိုး ဝတ္ထုမျိုး မကြိုက်ဘူးဆိုတဲ့သူကတော့ အိမ်ထောင်ရေး ဘဝသရုပ်ဖော်ကို ကြိုက်ကို မကြိုက်တတ်လို့ မကြိုက်တာပဲ ဖြစ်မှာပေါ့။ (ကိုယ်တိုင်လည်း သူ့ဝတ္ထုတွေ ကြိုက်လှတယ် မဟုတ်ပါဘူး)

Bo
စာဖတ်သူရဲ့ စာဖတ်အား၊ ဓာတ်ခံတိမ်းညွတ်မှုပေါ် မူတည်ပီး ခံစားချက်တွေ ကွာသွားမယ်ထင်ပါတယ်။ လူအများစုဘဝအခြေအနေကတော့ မသိန်းရှင်၊ ရေဆန်လမ်းတွေ၊ မိုးမိုးနဲ့ မစန္ဒာစာတွေခေတ်ကနဲ့ တယ်မထူးလှသေးပါဘူး။

ဂျူးကတော့ ကြည်အေးလောက် အော်သန်တစ်ဖြစ်တယ်မထင်ဘူး၊ ဖတ်ဖူးတဲ့စာတိုပေစတွေနဲ့ လေလုံးကြီးကြီးတွေ ရောမွှေထားတဲ့ ဘတ်ဆဲလားတမျိုးလို့ပဲ မြင်တယ်။ အတိုတွေကတော့ ကောင်းတယ်။

Me
ကိုယ်ပြောတာက မိုးမိုး တို့ရေးတာမှာ ဝါဒရေးရာ မပါဘူးလို့ ပြောချင်တာပါ။ သူတို့ကို အနုပညာသက်သက် တင်ပြတယ်လို့ မြင်မိတယ်။ ဒီတော့ သူတို့ကို မကြိုက်ဘူးဆိုရင် သူတို့ရေးတဲ့လိုင်းမျိုးကို မကြိုက်လို့ မကြိုက်တာ။ နိုင်ဝင်းဆွေကိုကျ ဝါဒရေးရာကို အနုပညာနဲ့ ရောပြထားလို့ကို ခေတ်ကွာလာတာနဲ့ အမျှ ဖတ်တဲ့လူနဲ့ ခံစားမှု အဟပ်က ကွာတာ။

မိုးမိုး (အင်းလျား) မှာကျတော့ ကြိုက်ပြီဆို ခေတ်ကွာတာ ဖတ်ရတာကိုက အရသာ ဖြစ်မှာ။ မကြိုက်ရင်တော့ ခေတ်ကြောင့်မဟုတ်ဘူး။ သူတို့ရေးတာမျိုးကို ဖတ်တဲ့လူက မကြိုက်လို့ပဲ။

Aung Phyoe
ဂျူးဟာ အော်ရီဂျင်နယ် မဟုတ်တာတော့ အမှန်ပဲ .. ဒါပေမယ့် မှီးတယ်လို့လဲပြောလို့ မရဘူး .. သူကကြိုက်တဲ့ ဝတ္ထုတစ်ပုဒ်ရဲ့ အီမိုးရှင်း ကိုပဲ ယူတာကို ..။

Me
ဒီလို ပြောကြေးဆိုရင်တော့ ဘယ်သူမှ မလွတ်တော့ဘူး။
=)

ဥပမာ - မီ ဟာ မေ ကနေ လာတယ်လို့ ကိုယ်က ထင်တာကိုး။
(မီ ကို မှီးတယ်ဆိုတဲ့စာအုပ်လည်း မဖတ်ဖူးပါဘူး)

Aung Phyoe
မီ က အမေရိကန် ရုပ်ရှင်ရှိတယ် ... နာမယ်မမှတ်မိလို့ ။ ဝန်ခံထားတယ် .... ။

(မှတ်ချက်။ စာအုပ်ပါရှိတယ်။ မီ အမှာစာမှာ ဒဂုန်တာရာ ထည့်ရေးထားတယ်။ ရုပ်ရှင်နဲ့ စာအုပ် နာမည်တူတူပဲ)

Bo
http://en.wikipedia.org/wiki/Dead_Reckoning_%28film%29

http://www.youtube.com/watch?v=5IznfnWzVPQ

Aung Phyoe
ကျေးဇူး ဆရာဘို ၊ မေ့နေတာ ရုပ်ရှင်နာမည်ကို

Bo
မိုးမိုးက မဆလ NLD မှာ တာဝန်ထမ်းခဲ့တဲ့ စာရေးဆရာပဲ။ အထွေထွေကျပ်တည်းမှုကို သူ့ပုံစံနဲ့သူတင်ပြတယ်ပဲမြင်တယ်။ သိပ်ဖီလင်မလာတာတော့ ရေးဟန်တွေပြောင်းတာလဲပါမယ်။ ခေတ်လူနေမှု စီးပွားရေးပုံစံကလဲ ကွာသွားပီ။

ဝါဒရေးတွေ မလည်ဝယ်တာတော့ မြန်မာပြည်မှာ နိုင်ငံရေးစိတ်ဝင်စားမှု ကျတာနဲ့လဲဆိုင်မယ်။ စာရေးဆရာက နိုင်ငံရေး၊ ဒဿန၊ သမိုင်း၊ လူမှုဗေဒ၊ စိတ္တဗေဒ သိပ္ပံ ဘက်စုံအောင် ဖတ်လေ ပိုထက်လေ ရေးကွက်များလေပဲ။ အနုပညာမြောက်တာ ဘာနဲ့တိုင်းလဲတော့မသိဘူး။
(like - Mg Yu Pie)

Me
‎(အနုပညာမြောက်တာ ဘာနဲ့တိုင်းလဲတော့မသိဘူး။)
ဟုတ်တယ် ကိုယ်လည်း မသိဘူး။

ဒါပေမဲ့ ဖျတ်ခနဲ ဦးသုခ ရိုက်တဲ့ အသုံးလုံးကားကို သွားသတိရတယ်။
(like - Bo)

(မှတ်ချက်။ "ဘယ်သူပြိုင်လို့ လှပါတော့နိုင်"။ တကယ်တော့ အဲဒါ မဆလခေတ်က ဝါဒဖြန့်တဲ့ကားပဲ)

Aung Phyoe
ကျတော်ကတော့ ကိုယ့်ရဲ့ ခံစားမှုနဲ့ပဲတိုင်းတယ် .. သူ့ရဲ့ ဖန်တီးမှုအပေါ် ကိုယ်ဘယ်လောက် ပူးဝင်ခံစားနိုင်သလဲပေါ့ .... ၊ နည်းလမ်းမှန်မမှန်တော့ မသိဘူး ။

Me
စိတ္တဗေဒ ဆိုလို့ အဲဒါကို စိတ်ဝင်စားတယ်။
တဆက်တည်း ပြောရရင် တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုတွေ ကိုယ် မစွဲဘူး။ ဘာလို့ဆို ဇာတ်ကောင်စရိုက်တွေ သေ နေတယ်လို့ ထင်လို့။ စာရေးဆရာက ဝင်ပါပေးရတဲ့ စရိုက်တွေလို့ ထင်တယ်။
(like - Bo)

Me
တကယ်တော့ နိုင်ဝင်းဆွေကို တအုပ်မှ မဖတ်ဖူးဘဲနဲ့ ဝင်ပြောနေတာ အတော်တော့ ဂွကျတယ်။

Mg Yu Pie
ဆရာဘို...အဲလောက် အမှန်တိုင်းကြီးတွေပြောနဲ့လေ..း )
ဆရာမကြီးတောင် အနှီသို့ဆိုရင် ဆရာမကြီးကိုစုတုပြုပြီးထွက်လာတဲ့ နောက်ပိုင်း ဘုစုခရု (ဆေးကျောင်းတော့ရောက်ပြီ မထူးပါဘူး..ဘတ်ဆဲလာလေးဖြစ်အောင်လုပ်အုံးမှဆိုတဲ့ ရည်မှန်းချက်မျိုးရှိတဲ့) ဆရာမလေးတွေ တပြုံကြီး လှဲသေလိုက်ဖို့ပဲ ရှိတယ်။ : P
(like - Aung Phyoe & Bo)

Mg Yu Pie
အို ဘုရားရေ..မောင်တို့ယောက်ျားတွေရဲ့အတ္တကတော့ ကျွန်မသီးမခံနိုင်အောင်ပါပဲ။ မိုးမြင့်ထိပ်ခေါင် ကုမ္ပဏီမှာလုပ်နေတဲ့ ဦးထွဋ်ခေါင်အုပ်စိုးနေမင်းကျော်စွာထက်မြက်သိမ်းပိုက်ဆိုတာ ကျွန်မရဲ့ မောင်ဆိုတာ လေ။ ဟင်း ဟင်း ဒါပေမယ့် ကျွန်မကလည်း နွယ်ပင်တိမ်တိုက်လမင်းသက်တံ့ခင်ခင်ကြီးပဲလေ..ကျွန်မကိုတော့ လွယ်လွယ်သိမ်းပိုက်လို့ ရမယ်မထင်လိုက်ပါနဲ့ မောင်....စသဖြင့် စသဖြင့် ယနေ့ဘတ်ဆဲလာဘုတ်အုတ်လေးတွေမှာ လွမ်းမိုးဆဲဖြစ်သလို ဒီဘုတ်အုတ်တွေကို ဓါတ်ရှင်ဗီဒီယို ပြန်ရိုက်ကြတဲ့အခါ နဂိုကမှ စာပေ၀မ်းစာနည်းကျသည့် ယနေ့လူငယ်မျိုးဆက်အတွက် မတွေးဝံ့စရာပါလေ။
(like - Aung Phyoe & Bo)

Aung Phyoe
LOL :D

Bo
အို ဘုရားရေ လား အို ကုလားရေ လား :-)

Me
ဘက်ဆဲလားတွေ ဘာလို့ အဲလိုစာမျိုးရေးတာလဲဆိုတာ ကိုယ်နားလည်နိုင်တယ်။ နားမလည်နိုင်တာက ယောက်ျားကြီးတွေက သူတို့ကို ဘာလို့ လိုက်ဆော်နေကြတာလဲ ဆိုတာပဲ။

I think it may be Jealous!

LOL
=D

MYP ကို ပြောတာ မဟုတ်ပါဘူး။ စာနယ်ဇင်းတွေထဲ အရင်တည်းက ကြုံဖူးလို့ပါ။ လွှတ်ထားလိုက်လို့ မရဘူးလား။ ဘာမှလည်း အရေးကြီးတာမဟုတ်ဘူး။
=)

Bo
ကြီးတာပေါ့ ဗမာပြည်မှာ ဒီလိုစာဆိုးစာညံ့တွေပဲ ကျန်အောင် တုံးသထက်တုံး ချာသထက်ချာအောင် စနစ်တကျလုပ်ခဲ့တာပဲ။ သခင်ကိုယ်တော်မှိုင်း မင်းသုဝဏ် ဇေယျ ဒဂုန်တာရာ မောင်စွမ်းရည် ဒေါ်အမာ ကစပီး ခေတ်အဆက်ဆက် ဒါမျိုးတွေအန္တရာယ်ကို သတိပေးခဲ့တာပဲ။ ဘတ်ဆဲလားက တမူးတန်ခေတ်အဆက်ပဲ။ မြမျိုးလွင် တက်ထွန်း တင့်တယ် ဝင်းဦး မောင်သာရ ဘုန်းနိုင်စတဲ့ အထီးတွေ စခဲ့တာပဲ။ ဂျန်ဒါနဲ့ မဆိုင်ပါ။
(like - KTZ)

Me
ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စနစ်တကျလုပ်ခဲ့တယ်ပဲ ထားပါဦး။
စနစ်ပြောင်းလဲ ရှိနေမှာပဲ။ အနည်းအများတော့ ကွာနိုင်တယ်။ (ကွာချင်မှလည်း ကွာမယ်) နောက် သူတို့ကို ဝေဖန်တဲ့စာတွေကိုယ်၌က ဝေဖန်တာနဲ့ မတူဘဲ ကလိသလိုလို ရိသလိုလိုဖြစ်နေတာ။ လှောင်သလိုလို ပြောင်သလိုလို လေသံ။

လူကြီးတွေပြောတာကတော့ တပိုင်းပါ။
ကိုယ်ပြောတာက စာနယ်ဇင်းမှာ တွေ့ရများတဲ့ အဲဒီစာတွေကို ဝေဖန်တဲ့ပုံစံကို အဓိက ပြောချင်တာ။

နောက်တခုက အဲဒီစာရေးသူတွေကို တားဖို့ ပိတ်ပင်ဖို့ ဆော်ဖို့ ကလော်ဖို့ထက် စာဖတ်သူကို ဖွင့်ပေးနိုင်ဖို့ပဲလိုတာလို့ ထင်တယ်။

ကိုယ့်အထင်ပါပဲ။ ကိုယ့်အတွက်တော့ မှန်တယ်။

Mg Yu Pie
ဟီးဟီး...အဲဒါ ပုရိသကြီးဘက်ကနေ လိုက်ဆော်တာဟုတ်ပါဘူး၊ ကနေ့ လူငယ်တွေလမ်းမှားသွားနိုင်တဲ့ Pop art ရဲ့အစွယ်အပွားတစ်ခုကို ထောက်ပြတာပါ၊ Jနဲ့လည်းဆိုင်ပါဘူးဂျာ..

သမိုင်းစဉ်ဆက်အမျိုးသမီးစာဆိုတွေထဲကလည်း respect ထားရတာတွေအများကြီးပါ.. ဒေါ်မိုးမိုးရဲ့အတိုပေါင်းချုပ်တွေတစ်အုပ်မကျန်ဖတ်ခဲ့သလို ဂျူးရဲ့ချစ်သူရေးသောကျွန်မညတို့ ဟို ပန်းချီကားတွေပါတဲ့အတိုပေါင်းချုပ်တို့ဆိုရင် လေ့လာတဲ့အနေနဲ့တောင်ဖတ်ရှုခဲ့ရပါတယ်ခင်ဗျာ။

အထက်မှာပြောတဲ့ မီးကျိုးမောင်းပျက်ဒတ်သနတွေ အရူးအတွေးတွေကို ရိုးအတဲ့လူငယ်မျိုးဆက်တွေ မှိုင်းမိအောင်မလုပ်ဖို့တော့ (အဲလိုပြောရတာက အဲလိုကောင်လေး ကောင်မလေးတွေ အပြင်မှာတွေ့တွေ့နေရလို့) အရေးကြီးတယ်လို့ ကျွန်တော်တော့ ထင်ပါရဲ့ခင်ဗျာ။

Me
ကိုယ်ကလဲ Gender ကို မမြင်ပါဘူး။
ဂျူးကို ယောက်ျားတွေ ဝိုင်းပြောကြသလို ဆိုတာမျိုးတောင် မမြင်ပါဘူး။

ဒါပေမဲ့ အဲဒီ ဘက်ဆဲလားဆိုတာတွေက မိန်းမတွေ အများဖြစ်ပြီး ကလိတိတိရိတိတိ ရေးတဲ့ ဆရာတွေက ယောက်ျားတွေ အများဖြစ်နေတာကို မြင်နေရလို့။ ကြည့်မကောင်းဘူး။

တကယ်တော့ မင်းခိုက်စိုးစန် ဂျွန်စတိုင်းဘက် ဝတ္ထုကိုလားမသိ ဘာမှ အညွှန်းမထည့်ဘဲ ဟိုခုတ်ဒီထစ်လုပ်ပြီး ပါးပါးလှီး ဝတ္ထုရေးသွားတာမျိုး ဝိုင်းဆော်ပါ့လား။ ကြည့်ကောင်းတာပေါ့။

=)

Bo
ကိုလိုနီခေတ်ကနေ ခုထိ အစိုးရစာပေပေါ်လစီက အပြောင်းအလဲမရှိပါဘူး။ အပြာသာသာစာတွေကို ဆော်တာတော့ ဘယ်ပုံနဲ့ဆော်တယ်ဆိုတာက အဓိကမကျပါဘူး။ ဝေဖန်ရေးဆရာတွေပြောလို့ ဖိနှိပ်တယ်လဲ မကြားမိပါဘူး။ သိသိကြီးနဲ့ လွှတ်ထားတာပဲ။ ခုဆို သရဲဝတ္ထုပါ ပြန်ခေတ်ထနေပီပဲ။ ဒီလိုစာပေဖာသည်တွေကို ဘယ်သူကမှ မနာလိုစရာမရှိပါဘူး။

Bo
သူတို့အများစုကို ရှဲဒိုးရေးပေးတာ ယောက်ျားတွေပဲ။ သူတို့ကို ဝေဖန်တာ သူတို့ ပြန်ရေးခွင့်ရှိတာပဲ။ စာမှ သေချာ မရေးတတ်တာ။
(like - me)

Me
(ဝေဖန်ရေးဆရာတွေပြောလို့ ဖိနှိပ်တယ်လဲ မကြားမိပါဘူး)

အဲဒီစာတွေ အရေးမပါတာတော့ လက်ခံပါတယ်။
ဒါပေမဲ့ ဖိနှိပ်တယ်ဆိုတာရော လိုအပ်လို့လား။

အဲဒါ ဖတ်တဲ့သူဘက်က ရွေးပါစေပေါ့။

နောက် ဆော်တယ်ဖြစ်စေ၊ ဝေဖန်တယ်ဖြစ်စေ၊ ဘယ်ပုံဘယ်နည်းဆိုတာ ကိုယ့်အတွက်တော့ လိုတယ်။

နိုင်ငံရေးနဲ့ ပတ်သတ်လို့ ကိုယ်အမြဲပြောတဲ့စကားရှိတယ်။
ဆန့်ကျင်တာခြင်းတူတာတစ်ခုတည်းနဲ့ ဘယ်တော့မှ တသားတည်းမဖြစ်နိုင်တာတွေ ရှိတယ် ဆိုတာ။

ဘယ်အရာအတွက် ဘယ်ရည်ရွယ်ချက်အတွက်ဖြစ်ဖြစ် ဘယ်ပုံဘယ်နည်းသုံးတယ်ဆိုတာ ကိုယ့်အတွက်ကတော့ အရေးကြီးတယ်။

Me
နောက်တခုက မနာလိုမှု။

တချို့ကိစ္စတွေ ကိုယ့်စိတ်နဲ့ နှိုင်းပြောလို့မရဘူး။ (ဆိုလိုတာက Bo က ဒါမျိုးတွေကို မနာလို မဖြစ်တာနဲ့ ကျန်တဲ့လူတွေကလည်း မနာလို မဖြစ်ပါဘူး လို့ ပြောမရဘူး)

ဂျူးနဲ့ နုနုရည်ကို နယ်က စာပေဟောပြောပွဲမှာ အရေခွံခွာပြီး ဟောပြောသွားကြတဲ့ ထိပ်တန်းကျောင်းထွက် ထိပ်တန်းစာရေးဆရာကြီးတွေ အလယ်တန်းတုန်းက မြင်ခဲ့ဖူးလို့။ စာပေသက်သက် ဝေဖန်တယ်ဆို မပြောလိုပါဘူး။ ကိုယ်ရေးကိုယ်တာထိ ပရိသတ်တွေရှေ့မှာ၊ ကာယကံရှင်တွေ ကွယ်ရာမှာ။ သူတို့ကတော့ စာဖတ်သူတွေကို လမ်းပြရမယ်၊ စေတနာထားရမယ်၊ ပြုပြင်ရမယ် ဘာမယ်ညာမယ်တွေ ကိုင်ပြောတာပေါ့။ ကိုယ်ကတော့ ကိုယ့်ပြုပြင်ချင်တဲ့၊ စာတအုပ်ဖတ်ပြီး လမ်းမှားလိုက်သွားမယ်အထင်ရှိတဲ့ စာရေးဆရာမျိုး မနှစ်သက်တာ အမှန်ပဲ။
(like - Bo)

(မှတ်ချက်။ လက်ရှိ တစ်လ တစ်အုပ်မက ထုတ်နေတဲ့ စာရေးဆရာမတွေကနေ ဂျူးနဲ့ နုနုရည် ဂုဏ်သရေရှိ စာရေးဆရာရင့်မကြီးများရဲ့ အဆော်ခံရတဲ့အကြောင်း ချော်ပြီး ရောက်သွားတယ်)

Bo
ဘတ်ဆဲလားပရိသတ်ကတော့ အဲဒိဝေဖန်ရေးတွေ အရေးလုပ်ဖတ် မထင်ပေါင်ဗျာ :D

Me
(ဘို Bo ဘတ်ဆဲလားပရိသတ်ကတော့ အဲဒိဝေဖန်ရေးတွေ အရေးလုပ်ဖတ် မထင်ပေါင်ဗျာ :D)

အဲဒါကြောင့် အရေးမကြီးဘူး ပြောတာပေါ့။
ဝေဖန်လည်း အဖက်မလုပ်မယ့်ဟာကို ဘာလို့ စာရွက်ကုန်အောင် ဖြုန်းတီးမလဲ။

Bo
မဂျူးကို တက်ခါစက ဝိုင်းအုပ်တာ အဲ့ဒါကြောင့် ပိုနာမည်ကြီးသွားတယ်ထင်တယ်။ သူကလဲ အရည်အချင်းရှိတာကိုး။ နောက်ပိုင်းကျမှ ရှိတာထက် ပိုမြောက်သွားတာကတပိုင်းပေါ့။
အဲလို အဘိဇ္ဈာများလို့ လုံးချင်းလောကမှာ ယောကျာ်းတွေ မအောင်မြင်တာထင်တယ်း)

အောင်ဖြိုးရေ အစွမ်းပြတော့ ဟိ

Bo
လောကနိဗ္ဗာန်က သံရုံးစာအုပ်ကြီးပဲ ဗမာ့ခေတ်ကရိုက်တာ။ ခြေလေးချောင်းကလေးကြိုက်ထက် ၁၉၈၄က ပိုမိုက်ပါတယ်။

Me
အမယ် အဲဒါ တက်ခါစတောင် မဟုတ်ဘူး။ 1994 လောက်ဆိုတော့ ပီပီပြင်ပြင် ဖြစ်နေပြီ။
လုံးချင်းလောကမှာ ယောက်ျားတွေ မအောင်မြင်တာ ဘာလို့တော့ မသိဘူး။

(မှတ်ချက်။ အမျိုးသားစာရေးဆရာများ အမျိုးသမီးစာရေးသူများလောက် စန်းမထ ခေတ်မထသည်ကို ဆိုလိုသည်)
ယောက်ျားတွေက ဇာတ်ကောင်စရိုက်ကို မိန်းမတွေလောက် မနိုင်နင်းတာတော့ အမှန်ပဲ။

Bo
မိန်းမတွေ အရက်သောက်ရင်လဲ ကျသွားမှာဗျ မဂျူးကို အပြင်းတိုက်မှး)
(like - me)

Me
အရက်ကြောင့်တခုတည်းလည်း မဟုတ်ဘူး။
နီကိုရဲ မင်းလူ ဇာတ်ကောင်စရိုက်တွေ ကောင်းပါတယ်။ ဒါပေမဲ့ တလိုင်းလောက်ပဲ ရတယ်။ ကျန်တာဆို စဉ်းစားကြည့်လို့တောင် ပေါ်မလာဘူး။
မိန်းမတွေ စဉ်းစားလိုက်ရင် ဆုံးတောင် ဆုံးမယ်မထင်ဘူး။

နိုင်ဝင်းဆွေကျတော့လည်း မဖတ်ဖြစ်သေးဘူး။

တော ကျောင်း ဆရာ
ဝေဖန်တာကို အဖက်မလုပ်လည်း ရေးသင့်ရင် ရေးရမှာပဲ၊ မှိုင်းတိုက်တာလို့ ထင်ရင် မှိုင်းတိုက်တယ်လို့ မှတ်တမ်းတင်ထားရမှာပဲ၊ ဒီမှာတော့ စုတုပြု ၀ဲဂယက်က မထွက်နိုင်သေးတော့ စာပေအကြောင်းပြောရင် ဝေဖန်တယ်ဆိုတာက အမြင့်ဆုံးလိုဖြစ်နေတယ် ၊ ဝေဖန်ရေးဆိုခေါင်းစဉ်တပ် ပုဂ္ဂိုလ်ထိုးနှက်မှု ရောထွေးမှာလည်း ရှိမှာပဲ၊ ခက်တာက မြန်မာစာပေဆိုတာက ဘယ်က ဘယ်လိုစတယ် ဘယ်လိုပြောကြမှာလဲ၊ မြုပ်ကွက်တွေက အများကြီး၊ ပျော့ကွက်တွေက အများကြီး၊ ငါတောင်မပြင်ရက်လို့ ဒီအတိုင်းထားတယ်ဆိုတဲ့ အတွေးအခေါ်က လက်တွေ့မကျဘူး၊ မှားနေတာကို ထုံးအိုးထဲ နှစ်ပြီး ခပ်ရဲရဲ ပြောရဲတဲ့သူတွေ ရှိနေရမယ်၊

စာပေအဆင့်ပိုမြင့်လာမယ်ဆိုရင်တော့ ဖန်တီးမှုက အရင်လာသလား၊ သီဝရီက အရင်လာသလား အဲတာဆက်ပြောကြမယ် ထင်တယ်၊ ခုတော့ ဘုရားပွဲက ရဟတ်ကြီးလို တကျွိကျွိမြည်သံဆွဲ လည်နေကြတုန်း၊ ဘေးကိုမကြည့်ပဲ ဟောင်းနွမ်းရဟတ်ကြီးကို ဇိမ်ခံစီးသူတွေက စီးနေကြတုန်း၊ ရိုလာကိုစတာစီးဖို့စိတ်ကူးယဉ်ပြီး ရဟတ်တစ်ပတ်နွမ်းကို သံယောဇဉ်တွယ်သူတွေက တွယ်နေကြတုန်း၊

အိုဘယ့်.. မြန်မာစာပေ၊ ဆုတ်ယုတ်တာကို ခေတ်တစ်ခုတည်းကြောင့်လို့ ပြောမရပြန်ဘူး၊ အာဖရိကက၊ တရုတ်က လူတွေတောင် ဘယ်ခရီးရောက်နေကြပြီလဲ၊ ဒါလေးတွေးမိတယ်။
(like - Bo)

Me
‎(ဝေဖန်တာကို အဖက်မလုပ်လည်း ရေးသင့်ရင် ရေးရမှာပဲ)
ရေးသင့်တဲ့ ပုံစံနဲ့ ရေးရင် ကောင်းပါတယ်။

(မှိုင်းတိုက်တာလို့ ထင်ရင် မှိုင်းတိုက်တယ်လို့ မှတ်တမ်းတင်ထားရမှာပဲ)
ကိုယ်ကတော့ သူတို့ မှိုင်းတိုက်တတ်တယ်လို့တောင် မထင်တာ။
အဓိကက စာဖတ်သူပဲ လို့ ထင်တယ်။ အဲဒီစာတွေကို ဖယ်လိုက်ဖို့ထက် စာဖတ်သူကို ဖယ်တတ်အောင် လုပ်ဖို့ပဲ။

ဒါပေမဲ့ အဲဒီစာတွေကို ဝေဖန်ရေးရေးတဲ့လူတွေကိုက အဲဒီစာတွေ အဆင့်လောက်ပဲ လိုက်ရေးနေတယ်။

Aung Phyoe
ယောက်ျားစာရေးဆရာတွေထဲမှာ လုံးချင်းရေးတာ ကြိုက်တာ "သိန်းဖေမြင့်" ပဲရှိတယ် .. မိန်းမစာရေးဆရာတွေကတော့ အများကြီး ၊ ခင်ခင်ထူးနဲ့ နေဝင်းမြင့်တောင် မတူဘူး ... လင်မယားချင်း ရန်တိုက်ပေးမှာပဲ .. "မအိမ်ကံ" နဲ့ "တိမ်တောင်ပျော်ပိုက်" ရွှေမှာလစဉ်ပါတာချင်းတောင် မျှော်ရတာ မတူဘူး :D

(like - Bo)

တော ကျောင်း ဆရာ
အရာအားလုံးတန်းတူညီမျှ မရှိနိုင်ဆိုတဲ့ စကားရှိတယ်၊ ခေါင်းဆောင်ကြီးက ခေါင်းဆောင်ကြီးပဲ၊ လက်အောက်သားက လက်အောက်သားပဲ၊ တန်းတူညီမျှဆိုတာ မရှိဘူး၊ မရှိတဲ့အရာကို အခြေတည်ပြီး တန်းတူညီမျှ လိုက်စဉ်းစားနေမယ်ဆိုရင် အထွက်တိုးညံ့တဲ့ စပါးခင်းလို့ မျိုးမအောင်တဲ့ အဖျင်းစားတွေနဲ့ပဲ သံသရာလည်နေမှာပေါ့၊ ခွဲခြားစဉ်းစားဖို့တော့ တွေးမိတယ်။
(like - me)

Me
မှန်တယ်။
ကိုယ့်သဘောအတိုင်းဆို ဘယ်စာပေမျိုးမှ ဘယ်အနုပညာမျိုးမှ ဖိနှိပ် ဖယ်ရှားစရာ မရှိဘူး။ စာဖတ်သူက ရွေးလိမ့်မယ်။ ဒါပေမဲ့ အဲလို ပြောရင် မြန်မာပြည် အနေအထားက ဘယ်လို ပေါ်လစီက ဘယ်လို ဆိုတာတွေ ပါလာဦးတော့မယ်။ မြန်မာပြည်က တခုခု အကြောင်းပြောရတာ အတော်လက်ဝင်တယ်။

ခုလည်း အပျော်ဖတ်စာပေ၊ အဆိပ်အတောက်စာပေလို့ ဝိုင်းတံဆိပ်ကပ်ကြတာ တကယ်တော့ ကိုယ့်အလိုသာဆို ကိုယ်မဖတ်ချင် မဖတ်ဘဲ နေဖို့ပဲ။ ဝေဖန်ချင်လား ဝေဖန်လိုက်။ ဒါပေမဲ့ ဝေဖန်တာ ပုံမကျရင်တော့ ပြန်ဝေဖန်ခံရဖို့ ပြင်ထား။
(like - me)

Me
ကိုယ့်ဘာသာ ရေးပြီး ကိုယ့်ဘာသာ ကြိုက်လိုက်တာ =)

ကိုယ့်အတွက်ကတော့ ဘယ်ပုံဘယ်နည်းသုံးတယ် ဆိုတာ သိပ်အရေးကြီးတယ်။ ခုပြောတဲ့ အပျော်ဖတ်စာပေ ဆိုတာမျိုးကို ခုအစိုးရက နှိပ်ကွပ်ပစ်တယ်၊ ဖယ်ရှားပစ်တယ် ဆိုရင်တောင် ကိုယ့်အတွက် လက်ခံနိုင်စရာ မဖြစ်ဘူး။ (ဒါပေမဲ့ မြန်မာပြည် လက်ရှိအနေအထားဆိုတာကြီးက ကန့်လန့်ဖြစ်နေတာတော့ အမှန်ပဲ။ ဘာပဲပြောပြော အဲဒါကြီးကြောင့် လက်ဝင်နေရတယ်)

Aung Phyoe
AMKK - အမ ပိုစ့်တင်လိုက်ပါ့လား အမှတ်တရ ။ နောက် ဆရာတို့လည်း ခွင့်ပြုမယ်ဆိုရင် ။

Bo
မောင်သာရကောင်းတာတွေ ရှိပါတယ် ဆာဖြိုးရယ်။ ဒေါ်ထူးကို ဒေါ်နုလောက် အားမရဘူး သူက ပုံပြောတယ် တရားပြတယ်အဆင့်မှာတင် ရပ်နေသလိုပဲ။ နတ်သမီးဖတ်စား)

Aung Phyoe
ဟုတ်တယ် သူ့ကိုမေ့နေတာ မတ်တပ်ရပ်လို့ ... ၊ "ကတ္တီပါဖိနပ်စီး ..." ပဲဖတ်ဖူးတယ် ကြိုက်တယ်... ဝတ္ထုတိုပေါင်းချုပ်စာအုပ်၂ အုပ်ကတော့ ဆက်ကိုမဖတ်ဖြစ်ဘူး .. "ညှာရွှေတစ်ခက် ကြွေရက်စော" ဆိုလား သူ့အရေးအသားက တင်စားလွန်းတာ Over ကြီးလို့ထင်လို့ ။ :D

Bo
စကားပြောဝတ္ထုတွေ ကောင်းပါတယ်
ဒေါ်ရီတာက မပြောလဲ တင်မှာပဲ ဟဲဟဲ :D

(like - me)

Me
sorry မနေ့ညက ဖုန်းထပြောပြီး ဒီ ပြန်မရောက်တော့ဘူး။
အကုန်ဝိုင်းပြောမှပဲ တင်ဖို့ သတိရတာပါ။ ကိုယ့်ဘာသာဆို စိတ်တောင်ကူးမိမှာမဟုတ်ပါဘူး တကယ်။

***
Update (1:45 PM)

Nyanthar Zaw
ကျွန်တော် အထင်တော့ အပျော်ဖတ်က နိုင်ငံတကာမှာလည်း ရှိတယ်လေ။ ဒါကို အပြစ်တင်နေလို့မဖြစ်ဘူး။ ကျွန်တော်ကိုယ်တိုင် စာစဖတ်တော့ ဒါတွေကနေ စဖတ်တာပဲလေ။ ဒါကတစ်ဆင့် ကိုယ်ဖတ်ချင်တာကို ရွေးဖတ်လာခဲ့တာပါပဲ။ အမှန်က စာဖတ်သူနဲ့လည်း ဆိုင်တယ်။ ကျွန်တော်ဆို ကျွန်တော့် သူငယ်ချင်းတွေကို ဟိုစာအုပ်လေးဖတ်ပါ။ ဒါလေးဖတ်ပါ ညွှန်းတာပဲ။ တစ်ချို့ က ဖတ်ပေမယ့် တစ်ချို့ က လေးတာတွေ မဖတ်ချင်ဘူးဆိုပြီးတော့ကို ငြင်းတယ်လေ။ အပျော်ဖတ်မကြိုက်တဲ့သူတွေက အပျော်ဖတ်တွေ ဖတ်နေရင်းနဲ့ကို မဖတ်ချင်တော့တာ။ ကျွန်တော့်တုန်းကလည်းအဲ့လိုပဲ ဖတ်ချင်စိတ်ကုန်လာတာ။ တစ်ချို့လည်း ပေါ့ပေါ့ပါးပါးပဲ ဖတ်ချင်ကြတယ်လေ

Nyanthar Zaw
ဒီတော့ အဲ့လိုဖတ်ချင်သူတွေ အတွက်လည်း အဲ့လိုစာတွေလိုတယ်လေ။ မဟုတ်ရင် သူတို့ ကဘာသွားဖတ်မလဲ။ ဒါပေမဲ့ အပျော်ဖတ်ရေးသူတွေက တော့ ကိုယ့်စာထဲမှာ အကျိုးရှိမဲ့ တစ်ခုခုကို ထည့်ပေးနိုင်မယ် ပြီးတော့ အဆိပ်အတောက် ဖြစ်အောင် မရေးသင့်ဘူးပေါ့လေ။ နိုင်ငံတကာက နာမည်ကျော်နေတဲ့ ဟယ်ရီပေါ်တာတို့ Twilight တို့၊ Da Vince Code တို့တွေကရော ဘာတွေလဲ။ သူတို့လည်း ဒါတွေပဲလေ။ ဒါပေမဲ့ အံထဲကနေ ယူစရာ ရှိအောင်ရေးထားတယ်လေ။

Nyanthar Zaw
ပြီးတော့ ကိုဘိုပြောတာကို နည်းနည်းပြောချင်ပါတယ်။ ဂျူးကတော့ ကြည်အေးလောက် အော်သန်တစ်ဖြစ်တယ်မထင်ဘူး၊ ဆိုတာကို ကျွန်တော်ကတော့ လက်မခံပါ။ ပြီးတော့ နောက်တစ်ခု နောက်ပိုင်းကျမှ ရှိတာထက် ပိုမြောက်သွားတာကတပိုင်းပေါ့။ဆိုတာလည်း မဟုတ်ဘူးထင်ပါတယ်။ ဂျူးဟာ အဲ့လို မျိုးလူမဟုတ်ဘူးထင်ပါတယ်။

ဒါဟာ Personal အရ ကိုးကွယ်မှု တစ်ခုနဲ့ပြောတယ်လို့ မထင်စေချင်ပါဘူး။ ဂျုးရေးတဲ့ထဲမှာ စာဖတ်သူကို ဆရာလုပ်ထားတာ တစ်ခုမှ မရှိပါဘူး။ ကျွန်တော်အမြင် သက်သက်ပါ။ ဒီထဲမှာ ကျွန်တော်က အငယ်ဆုံးဖြစ်နိုင်ပါတယ်။ ကျွန်တော်ရဲ့ စာဖတ်အားအရ ဝင်မပြောသင့်ဘူးလေ။ ဒါပေမဲ့ ဆွေးနွေးကြည့်တာပါ။ ရေဆန်လမ်းနဲ့ ပတ်သက်တဲ့ အမြင်ကိုတော့ ဟိုတစ်ခါ ပြောပြီးပြီဆိုတော့ မပြောတော့ပါဘူး။ :)

***

ဖြည့်စွက်

"ကိုယ့်သဘောအတိုင်းဆို ဘယ်စာပေမျိုးမှ ဘယ်အနုပညာမျိုးမှ ဖိနှိပ် ဖယ်ရှားစရာ မရှိဘူး"
ဆိုတာနဲ့ ပတ်သတ်လို့ ပြောရရင်တော့ အတော်ရှည်မှာပဲ။ ဆိုခဲ့သလို မြန်မာပြည် လက်ရှိအနေအထားအရ သိပ်လည်း ပြောရခက်တယ်။

မြင်သာအောင် ပြောရရင် ဂျောက်ဂျက်ကိစ္စပဲ။
ဂျောက်ဂျက်ကိစ္စ ကိုပေါတို့ ဖြစ်လိုက်ကြတုန်းက မသိလိုက်ဘူး။ တော်တော်ကြီးကြာမှ အဲဒါတွေကို သူငယ်ချင်းတယောက်က မေးလ်ပို့ပေးလို့ (မေးလ်ပို့ပေးပြီးတာတောင် တော်တော်ကြာမှ) ဖတ်ဖြစ်တယ်။

အဲဒီမှာ မပိတ်ပင်သင့်ပါဘူးလို့ဆိုတဲ့လူတွေ (တကယ်တော့ ကိုပေါတစ်ယောက်တည်းလား မသိ :D) ကို တန်ပြန်ပြီး ဆန့်ကျင်အငြင်းပွားကြသူတွေ အဓိက ကိုင်တဲ့အချက်က ဘာလဲဆိုတော့ အဲဒီ သီချင်းသံတွေကို မပိတ်ပင်သင့်ပါဘူးပြောတဲ့လူတွေရဲ့ သားသမီးလေးတွေ နားထောင်ပြီး လိုက်ဆိုကုန်ကြရင်၊ အကောင်းထင်ကုန်ကြရင် ဘာလုပ်မလဲ ဆိုတာပဲ။ အဲဒါက လက်ရှိ နိုင်ငံအနေအထားကြောင့် ထွက်လာတဲ့ မေးခွန်းလို့ မြင်တယ်။

မှန်တယ်။ လက်ရှိအခြေအနေမှာ ဘေးအိမ်ကနေ ကိုယ့်အိမ်ဘက်က ကြားအောင်ဖွင့်ရင်၊ အိမ်နား လက်ဘက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ကာရာအိုကေဆိုင်များရှိလို့ ကိုယ့်အိမ်ဘက်က ကြားအောင်ဖွင့်ရင် (ဒီကိစ္စ မဖြစ်နိုင်ပါဘူးလို့ ငြင်းလို့မရတဲ့ အနေအထားပဲ)။ အဲလိုသာ ဖြစ်ခဲ့မယ်ဆို စိုးရိမ်စရာပဲ။ (နန်းညီရဲ့ ပို့စ်တစ်ခုမှာ ဖတ်လိုက်ရတာ ဘတ်စ်ကားပေါ်မှာ ဖွင့်နေဆိုလား။ မောင်စိမ်းသူ ရေးပြီး ဖြိုးကြီး ဆိုတဲ့ သီချင်း။ အဲဒါ ဟိုးအရင်ခေတ်က အပိတ်ခံရတဲ့ သီချင်းလို့ ဆိုတယ်)။

ကိုယ်တိုင်လည်း ဒါမျိုးတွေ မကြားချင်ဘူး။ ဒီတော့ မြန်မာနိုင်ငံ ဒီပုံစံတိုင်းသာ ဆက်သွားနေမယ်ဆို၊ မတော်လို့များ ကိုယ့် generation ကို အဲဒီလို ပတ်ဝန်းကျင်ထဲမှာပဲ ကြီးပြင်းစေရတော့မယ်ဆို အဲဒီလိုသီချင်းမျိုး ပိတ်ပစ်သင့်ပါတယ်လို့ ရှေ့ဆုံးကနေ ထ အော်ရမယ့် အနေအထားပဲ။

အဲဒါကြောင့် လက်ရှိအနေအထားအရ ဒီလို ကိစ္စမျိုးကို မြန်မာပြည်အတွက် ဆွေးနွေးရတာ လက်ဝင်တယ် ပြောတာ။ (လူတစ်ယောက်၊ လူတစ်စုရဲ့ လုပ်ရပ်က ကျန်တဲ့လူတွေကို မထိခိုက်စေအောင် ကာကွယ်လို့ မရတဲ့ အနေအထားမျိုးမို့)

ဆိုလိုတာက အိမ်ဘေးက သီချင်းသံ ကျယ်တာနဲ့ ကိုယ့်လွတ်လပ်ခွင့်ကို ထိပါးတာနဲ့ ဥပဒေအရ တိုင်တော အရေးယူလို့ ရတဲ့ အနေအထားမရှိလို့။ တကယ်လို့သာ ကိုယ့်လွတ်လပ်ခွင့်ကို သူတပါးက မထိခိုက်စေ၊ သူတပါးလွတ်လပ်ခွင့်ကို ကိုယ်က မထိခိုက်စေဘူး ဆိုရင်တော့ ကိုယ့်အမြင်မှာ နှိပ်ကွပ်သင့်တဲ့၊ ပိတ်ပင်သင့်တဲ့၊ ဖယ်ရှားသင့်တဲ့ ဖန်တီးမှုဆိုတာ မရှိပါဘူး။

ဒီလိုဆိုလည်း မေးစရာ ရှိချင်ရှိကြဦးမယ်။
သူများက ကိုယ့်လွတ်လပ်ခွင့်ကိုတော့ မထိပါးပါဘူး။ ဒါပေမဲ့ ကိုယ့် generation တိတ်တိတ်ကလေး ဒီလို စာပေမျိုး၊ ဒီလို ဂီတမျိုး ကိုယ်မသိအောင် ခိုးနားထောင်ခံစားနေတယ် ဆိုရင်ရော... လို့။

ဖြေစရာက တခုပဲ ရှိပါတယ်။
ကိုယ့်တာကိုယ် လုံအောင် တာဖို့ပါပဲ။
ဒီလိုမှ လုံအောင် မတာ နိုင်ခဲ့ဘူးဆိုရင်၊ တာ ထားတဲ့ ကြားကမှ ဖြစ်ခဲ့မယ်ဆိုရင်တော့ အဲဒါ သူတို့ရဲ့ လွတ်လပ်ခွင့်၊ ရွေးချယ်ခွင့်ပါပဲ။

ဒီလိုကိစ္စမျိုးကို ပိတ်ပင်ထားတာနဲ့၊ မပိတ်ပင်ဘဲ ခွင့်ပြုထားတာမှာ ပိတ်ပင်ထားတဲ့ကြားက ဖြစ်လာမယ့်အနေအထားဟာ ပို မဆိုးရွားနိုင်ပါဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ လုပ်ချင်တဲ့လူဟာ ဗြောင်မလုပ်ရရင် ခိုးလုပ်လိမ့်မယ်။ ဆိုတော့... မသင့်တော်ဘူးထင်ရတဲ့ ဖန်တီးမှုတွေကို ပိတ်ပစ်တယ်ဆိုတာ မှန်ကန်တဲ့ solution လို့ မယုံကြည်ဘူး။ အဲဒီ ဖန်တီးမှုတွေကို လိုက်ပိတ်နေတာထက် ခံစားသုံးစွဲမယ့်သူတွေကို သူတို့ဘာသာ ရွေးချယ်နိုင်အောင်၊ ဖယ်ရှားနိုင်အောင် လေ့ကျင့်ပေးဖို့ပဲ အဓိကလို့ ထင်တယ်။

နောက်တခုက ကိုယ့်အတွက် ကောင်းမွန်မြင့်မားမှန်ကန်တယ် ထင်တဲ့ စံ တွေက သူတပါးအတွက် အမှားကြီး ဖြစ်ချင်ဖြစ်နေမှာပဲ။ နောက်တချက်က ခေတ်။ အရင်ခေတ်က လမ်းသရဲသီချင်း ဆိုတာတွေ ခု ဂျောက်ဂျက်နဲ့ ယှဉ်တော့ ထီးသုံးနန်းသုံးလို့တောင် ပြောရနေပြီ။ တချိန်က ကိုယ် မှန်တယ်လို့ ယုံကြည်နေတဲ့အရာတွေဟာ နောင်တချိန်ကျ မှန်ချင်မှ မှန်မှာ။

ဒီနေရာမှာ တောကျောင်းဆရာလည်း စကားဝိုင်းထဲမှာ ပါနေပြန်၊ အကြောင်းကလည်း တိုက်ဆိုင်ပြန်လို့ ဂျူး အမှတ်တရ အကြောင်း ဆွဲထည့်လိုက်ဦးမယ်။ ဟိုဘက်ခေတ်မှာ အမှတ်တရ ဘယ်လို တိုက်ခိုက်ခံ၊ အရေခွံနွှာခံရလဲဆိုတာတော့ ထူး ပြောစရာ မရှိပါဘူး။ တချို့ ဂုဏ်သရေရှိ ထိပ်တန်းကျောင်းထွက် ထိပ်တန်းစာရေးဆရာကြီးများလည်း အာပေါင်အာရင်းသန်သန်နဲ့ ပရိသတ်ကို လမ်းမှားမပို့ရေး၊ လမ်းမှန်ပြရေး၊ စေတနာဆိုတာတွေ ကိုင်ပြီး ဂျူးကို နင်းတက်ခဲ့ကြသေးတာပေါ့။

နောက်ဆုံး ဂျူးက "သူမင်းကို ဘယ်တော့မှ" လို "စောင့်နေမယ်လို့ မပြောလိုက်ဘူး" လို စာမျိုးရေးလာတော့ ဒီနေ့ခေတ်လူငယ်များက လူငယ်ပြုပြင်ရေးတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ၊ အကျိုးပြုလုပ်ငန်းတွေက ဘယ်သူမဆို လုပ်နိုင်ပါတယ်။ ဂျူးကိုတော့ ဂျူးမို့လို့ ပြောနေရတာပါ။ အမှတ်တရ လို ဟာမျိုးလေး လုပ်စမ်းပါဦး နဲ့ လာကြပြန်ရော။ (ဇွတ်ပဲ။ အသက် ၅၀ ကျော်ပါပြီဆိုမှ အမှတ်တရ လိုဟာ ပြန်ရေးတော့ရော ဖြစ်မလား)

ကိုယ်က ဂျူးကို ကြိုက်ပါတယ်။ အထင်လည်းကြီးပါတယ်။ ဒါပေမဲ့ သူရေးသမျှ ကြိုက်တယ်တော့ မဟုတ်ဘူး။ "ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ" က စလို့ နောက်ပိုင်း ခံစားမှုနဲ့ ကြိုက်လို့ မရတော့ဘူး။ အဲဒီထဲက ရတနာ ကို ခံစားလို့ မရဘူး။ အဲဒီ စာအုပ်ထဲက စကားလုံးတွေ သိပ်ကောင်းတယ် သူများပြောလည်း ကိုယ်က ဇာတ်ကောင်စရိုက်ကို ခံစားလို့မရဘူးဆိုရင် သွားရောပဲ၊ စကာလုံး ဘာဖြစ်ဖြစ်၊ ဇာတ်လမ်း ဘာဖြစ်ဖြစ်။

နောက် "စကားတစ်ပွင့်"။ ပိုတောင် ဆိုးသေးတယ်။ ပုံပြောနေတာလိုလို၊ ဒဏ္ဍာရီလိုလိုဟာတွေ ဖတ်နေတုန်းသာ စိတ်ဝင်စားတာ။ ပြီးတော့လည်း ပြီးသွားတာပဲ။ အဲဒီ စကားတစ်ပွင့် မှာ စွဲကျန်ခဲ့တာဆိုလို့ "ကျွမ်းထိုးကောင် အိုင်ချင်း" တစ်ပုဒ်ပဲရှိတယ်။

ဒါပေမဲ့ နောက်ပိုင်းစာတွေ ကိုယ့်ခံစားမှုအရ မကြိုက်တော့ဘူး ဘယ်လိုပြောပြော၊ ဂျူးကတော့ ဂျူးပါပဲ။ ဂျူးကိုတော့ impressive ဖြစ်တုန်းပါပဲ။

အင်း ချော်သွားပြန်ပြီ။

အဆက်အစပ်မိအောင် နည်းနည်း ပြန်ကောက်လိုက်မယ်။

(နောက်ဆုံး ဂျူးက "သူမင်းကို ဘယ်တော့မှ" လို "စောင့်နေမယ်လို့ မပြောလိုက်ဘူး" လို စာမျိုးရေးလာတော့ ဒီနေ့ခေတ်လူငယ်များက လူငယ်ပြုပြင်ရေးတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ၊ အကျိုးပြုလုပ်ငန်းတွေက ဘယ်သူမဆို လုပ်နိုင်ပါတယ်။ ဂျူးကိုတော့ ဂျူးမို့လို့ ပြောနေရတာပါ။ အမှတ်တရ လို ဟာမျိုးလေး လုပ်စမ်းပါဦး နဲ့ လာကြပြန်ရော။)

အနုပညာနဲ့ ယဉ်ကျေးမှုဆိုတာတွေရဲ့ စံ ဆိုတာကလည်း ပြောရရင်တော့ တရားကျစရာကြီးပါကွယ်ရို့။

***
ထပ်ဆင့်ဖြည့်စွက်

နိုင်ငံရေးဝါဒတွေကို စာပေအနုပညာထဲ အတင်းသွင်းတဲ့အကြောင်းက စ ပြောခဲ့ကြပေမယ့် ထည့်ပြောဖို့ကောင်းတဲ့ စာအုပ်တစ်အုပ် မေ့ကျန်ခဲ့တယ်။
"နောက်ကြည့်မှန်"

***

11 comments:

ဇွန်မိုးစက် said...

ညကပဲ ဖဘမှာ ဝင်ဖတ်နေရင်းနဲ့ ဘလော့မှာပြန်တင်ပါလားလို့ ရီတာ့ကို ပြောဦးမလို့။း)

Rita said...

တကယ်ပါ။ သူတို့ ပြောမှ ပြန်တင်ဖို့ အိုင်ဒီယာရတာ။

=D

kyawhtin said...

ရီတာဆီဖတ်ရသမျှ အကြိုက်ဆုံး post ဘဲ

မောင်လေး said...

ဟုတ်တယ်..မရီတာ...၊ဘာလို့ ပိတ်ပင်၊တားစီးမလဲ..။
စာဖတ်သူတွေရဲ့ရွေးချယ်ခွင့်ပဲ...။ ပြီးတော့ အသက်အရွယ်၊ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်၊ဘဝပေး
အခြေအနေ၊ဒါတွေနဲ့ဆိုင်မယ်ထင်တယ်။ကျွန်တော်ငယ်
ငယ်ကဆို အဲဒါမျိုးတွေ စဖတ်ခဲ့တာပဲ...။နောက် အပျော်
ဖတ်တွေကို ဖတ်တဲ့သူအများစုကအခြေခံလူတန်းစားတွေ
များတယ်။(ကျွန်တော်က စာအုပ်အငှားဆိုင်ဖွင့်ခဲ့ဖူးလို့ သိ
တာ )။သူတို့တွေမှာ အဲဒါမျိုးတွေနဲ့ စိတ်အပန်းမဖြေရင်
ဘာနဲ့ဖြေမလဲ။သူတို့တွေ အနေနဲ့ ဖတ်ပြီး တွေးရမယ့်
စာမျိုးတွေဖတ်ပြီး ဘယ်အချိန်မှာ ဘယ်လို ဦးနှောက်မျိုး
နဲ့ သွားတွေးမလဲ။ဆိုလိုတာက သူတို့မှာ အဲဒါမျိုးတွေ
အတွက် ဘာမှ မပေးနိုင်တော့ဘူး။ဒီတော့ ဖတ်၊ဖတ်နေ
တဲ့အချိန်မှာ ဇာတ်ဆောင်တွေနေရာက ဝင်ပြီး ခံစား၊
စိတ်ကူးယဉ်၊ပြီးရင် ဘုတ်ဆိုပစ်ချလိုက်၊လက်တွေ့
ပြဿနာတွေကို ဖြေ၇ှင်း။ဒါပါပဲ..။အပျော်ဖတ်တွေ
ဖတ်လို့ ဘာမှိုင်းတွေများမိနိုင်မလဲ...။ကျွန်တော်တော့
မထင်ဘူး..။

Ko Paw said...

ကျနော်တယောက်တည်း အမည်ဝှက်အမျိုးမျိုးနဲ့ ရေးတယ်လို့ ပြောတာပေါ့လေ။း-) ကိုယ်ပိုင်အိုင်ဒီအမှန်နဲ့ ကျနော်နဲ့တဖက်တည်း ရပ်တည်ကြသူတွေလည်း ရှိကြပါတယ်ဗျ။ အိုင်ဒီမသုံးပေမယ့် CMAတို့၊ ရလွတ်ပလွတ်ရွာစားကြီးတို့ စသဖြင့် အိုးပင်းအိုင်ဒီသမားတွေလည်း ရှိကြပါသေးသဗျိုး။

ဒါပေမယ့် ကိုယ့်ဖက်မှာ ထောက်ခံသူတယောက်မှမရှိလည်း ကျနော့်အယူအဆက အဲသည်အတိုင်းပါပဲ။
အခုနောက်ပိုင်း အယူအဆတရပ်ကို လူကြိုက်များခြင်း မများခြင်းထက် အဲဒီအယူအဆကို ကိုယ့်ဘာသာ ကိုယ်တိုင် သဘောကျသလား၊ ဘာကြောင့်သဘောကျသလဲဆိုတာကိုပဲ ဦးစားပေးတော့တယ်။

ရှင်းအောင် နည်းနည်း ထပ်ပြောရရင် အခုနောက်ပိုင်း ကျနော်လက်ခံယုံကြည်လာတဲ့ အတွေးအခေါ် အယူအဆမျိုးတွေကို လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကမှ ကိုယ့်ဘာသာ အသေအချာ စဉ်းစားတွေးတောကြည့်ရင်း၊ မိတ်ဆွေအရင်းတွေနဲ့ အပြန်အလှန် ဆွေးနွေးကြည့်ရင်းနဲ့ တစထက် တစ နှစ်ခြိုက်လာမိတာပါ။

အမှန်အတိုင်းပြောရရင် နည်းနည်း ကြီးကျယ်ရာကျမလားမသိဘူး။ ဒါပေမယ့် အခုပြောမယ့်စကားဟာ အမှန်ပဲ။ လွန်ခဲ့တဲ့ ခြောက်နှစ်မတိုင်ခင်လောက်အထိက ကျနော့်အတွေးအခေါ်တွေဟာ အခု ကျနော်နဲ့ ဆန့်ကျင်ဖက်ကရပ်ပြီး ငြင်းနေတဲ့လူတွေနဲ့ တထပ်တည်းလို့တောင် ပြောလို့ရပါတယ်။ ဆိုလိုတာက သူတို့တွေးသလို လက်ခံသလိုမျိုး တချိန်က ကိုယ်လည်း တွေးခဲ့ လက်ခံခဲ့ဘူးတယ်။ သူတို့ ပြောသလိုမျိုးတွေ ကိုယ်လည်း ပြောခဲ့ဖူးတယ်။ (သူတို့နဲ့ မတူဘဲ ခံနိုင်ပါ့မလား။ ဒီတမြေတည်းမှာမွေး၊ ဒီတရေတည်းသောက်၊ ဒီအသိုင်းအဝိုင်းမှာဘဲ အတူတူ လွှမ်းမိုးခံခဲ့ကြရသူတွေပဲ။) အခုနောက်ပိုင်းကျမှ အဲသည်အယူအဆ၊ အတွေးအခေါ်တွေကို မကြိုက်လို့ကို လက်မခံတော့၊ မပြောတော့တာပါ။

ဒါကြောင့်မို့လည်း တချို့ပို့စ်တွေ၊ ကွန်မင့်တွေဆိုရင် မရေးခင်ကတည်းက ကြိုသိနေတယ်။ ဒါကိုရေးလိုက်ရင်တော့ မြန်မာအများစု လက်ခံနိုင်မှာမဟုတ်ဘူး။ သူတို့ဘာကြောင့်လက်မခံနိုင်သလဲဆိုတာကိုရော၊ သူတို့ဘာပြောကြမယ်ဆိုတာပါ ကိုယ်က ကြိုသိနေတယ်။ သူတို့တွေးသလို တချိန်က ကိုယ်လည်း တွေးခဲ့ဖူးတာကိုး။ (တပန်းသာတယ်ပြောရမယ်။း-)

အထက်မှာ ဆွေးနွေးထားတဲ့ စာပေနဲ့ပတ်သက်လို့ ရီတာနဲ့ တသဘောတည်းပါပဲ။ ကျနော်တောင် အဲဒီအကြောင်းအရာနဲ့ နည်းနည်းပတ်သက်တဲ့ ပို့စ်တခုကို ရေးဖို့ စိတ်ကူးရှိတယ်။

Rita said...

hee hee
နောက်ပြီး တမင်ရေးထားတာပါ။ ကိုပေါဘက်က ထောက်ခံတဲ့လူတွေကိုလည်း တွေ့ပါတယ်။ သူငယ်ချင်းပို့လိုက်တဲ့ ကိုကလိုစေးထူးဆီမှာ ရေးထားကြတဲ့ စာတွေဖတ်ရင်း အဲဒီကတည်းက ကျွန်မလည်း ကိုပေါပြောတာကို နားလည်လိုက်ပါတယ်။ ပြီးတော့ လက်လည်းခံတယ်။

Ko Paw said...

ရီတာ နောက်မှန်း သိပါတယ်။ ကျနော်ကလည်း ပြောချင်တာတွေ ရှိတဲ့အတွက် နည်းနည်း ရှည်ရှည်ဝေးဝေးပြောလိုက်တာပါ။း-)

မိုးယံ said...

အစ်မ ရီတာရေ ဖတ်လိုက်ရတာ ။ ဖတ်ဖတ်ကို မောပဲ

ငြိမ်းချမ်းပါစေ

အန်တီချမ်း said...

နည်းနည်းတော့ ဝင်ပြောချင်လာလို့
လွတ်လပ်သော မြန်မာပြည်ကိုရှေးရှုချင်ကြတယ်ဆို
ဘာလို့ ပိတ်မလဲ
ကျတော်ဆို ငယ်ငယ်က စာဘတ်ခါက က ပေါ့
ကာတွန်းဘတ်ပါတယ်
ကာတွန်းမှာမှ
သမိန်ပေါသွပ်တို့
လေးမွန်ထွေးမွန်တို့
မောင်တီထွင်တို့ အရင်ဘတ်ပါတယ်
တွပ်ပီ ကို နည်းနည်းကြီးမှ ဘတ်ပါတယ် လက်ရေးမလှလို့ပါ
နောက် ဧရာ ကျော်အောင်မော်တို့ စိုင်းလားရှိုးတို့ ဘတ်ပါတယ်
တင်အောင်နီ တော့ သိပ်မကြိုက်လို့ မဘတ်ဖြစ်တာများတယ်
တပြိုင်တဲမှာဘဲ မင်္ဂလာမောင်မယ် လိုဟာလဲဘတ်ပါတယ်
ရွှေသွေးတို့ မိုးသောက်ပန်းတို့လဲဘတ်ပါတယ် အဲ့တာတွေက နည်းနည်းပို ငယ်တုံးကပါ
နောက်စာမေးပွဲတွေနီးတော့ အိမ်က ကာတွန်းမငှားရ အမိန်းထုတ်တဲ့အတွက် (ဒေါ်ရီတာ ပြောတဲံ မြန်မာပြည်ရဲ့ ဘောင်တွေပေါ့) အိမ်မှာ ရှိတဲ့ ဇာတ်ကြီး ဆယ်ဘွဲ့ ဘတ်ပါတယ် ၅၅၀ ဇာတ်နိပါတ်တော်တွေဘတ်ပါတယ်
အပယ်ဘုံသား စာအုပ် ဘတ်ပါတယ်
နောက် ဘုရားရဲ့ သမီးတော်များ ထင်ပါတယ် ဘိက္ခုနီမ တွေ အကြောင်းရေးထားတာ အဲတာ ဘတ်ပါတယ်

နောက်တော့ တဆင့်တက်ပြီးတော့ ဘုန်းနိုင်
ဘုန်းကြွယ် နေလင်အောင် မဟူရာဓါး သတိထား တွေ သိုင်းလောကက စိန်ခေါ်သံတွေ
သရဖူငြင်းသော သိုင်းဧကရာဇ် တွေဘတ်ပါတယ်
စကားမကျန်အောင်ပြောရရင် နဂါးနိုင်ဓါးတို့ တိမ်လွှာဓါးတို့လဲဘတ်ပါတယ်

နောက်တော့ ဦးစံရှား ရွှေဥဒေါင်း ဒဂုန်ရွှေမျှား
နောက်တော့ မောင်သက်နောင် နောက်တော့ မောင်ဝံသ ရဲ့ ရှေ့နေကြီး ပယ်ရီမေဆင်တွေ
စိုးသိဏ်း ရဲ့ ဘာသာပြန်တွေ
မောင်မိုးသူ
မောင်ပေါ်ထွန်း မောင်ထွန်းသူတွေ
တဆက်တည်းမှာ (အဲ့အချိန်မှာ အသက်အရွယ်က ၁၅ ၁၆ ပါ) ကမ္ဘာကျော် ရတာနာ ဝင်းထိန်တို့ ပေါက်ကျော်မ တို့ မန္တလာ မောင်မောင် တုတ်တို့လဲ ဘတ်ပါတယ်
တဘက်ကလဲ ရှင်မိုး ရဲ့ မောင့်မဟေသီ တို့ လွန်းထားထား ရဲ့ ပင်လယ်ပင်နဲ့ ကောင်းကင်ပြာတို့ ကို အရမ်းကြိုက်နေပါပြီ
နောက် ထွန်အိန္ဒြာဗိုလ် တို့ မေသန်းနုတို့ ပြန်ရိုက်တော့ ပိုတောင် ကြိုက်ပါသေးတယ်
အဲ့အချိန်က သူတို့ နှစ်ယောက်စလုံးကို ရေးပေးတာ နန္ဒမိုးကြယ်လို့ ပြောပါတယ် (ဖြစ်နိုင်ပါတယ် တခါတလေ နှစ်ယောက်စလုံးရဲ့ လစဉ်ထွက် ဘက်ဆဲလားတွေမှာ မင်းသမီး နာမ်ညတွေ အသစ်အဆန်း အပြိုင်တွေပေးကြရင်းနဲ့ သီရိခေတ် ဆိုတဲ့ တယောက် နာမည်တူပါတယ်
နောက်တခါ အင်္ဂလိက် ရုပ်ရှင် မက္ကဆီကန် အဆိုတော်မလေး ဆလီနာ ကို ဂျေလိုပြန်ရိုက်တဲ့ကား ကို မှီး ပြီး ဝတ္ထု နှစ်အုပ် ရှင်မိုးနဲ့ လွန်းထားထား တလခြားလောက် ရှေ့ဆင့်နောက်ဆင့် ထွက်လာပါသေးတယ်
(ရှဲဒိုး က လုပ်စားတာလား ပညာပြတာလား တခုခုပါပဲ)

အဲ့မတိုင်မှီက နိုကိုဇူးဇင်တို့ မီကိုဇူးဇင် တို့ ရဲ့ မင်းသမီးက မိသားစုမှာ အနှိမ်ခံ လင်ပါသားသမီးတွေက အနိုင်ကျင့် နောက်တော့ အဖွားဆီက အမွေရ ပြန်လက်စားချေ မင်းသားတွေ က နူတ်ခမ်းတွန့်ပြီးတော့ အဟွင်းလို့ရယ် အဲ့တာတွေလဲ ဘတ်ခဲ့တာပါပဲ
နောက်ပိုင်း အပျော်ဘတ်တွေထဲမှာ ပိုကြိုက်လာတာကတော့ လမင်းမိုမိုနဲ့ ပုဏမီ (ကီးပက်ကြောင်နေပါတယ် ဏ ကြီး နှစ်လုံးဆင့်မရဘူး)တို့ကို ပိုကြိုက်လာပါတယ်
အပျော်ဘတ် အချင်းချင်းမှာ တခုခု ပိုရတယ်ထင်လို့ပါ
တဆက်တည်းမှာ ဂျူးဆိုတာ ကို ချစ်သူရေးတဲ့ ကျမ ရဲ့ ညတွေမှာ မှ စဘတ်ဘူးပါတယ် ဝတ္ထုအရေးအသားး က ဘိုဆန်လို့ ကြိုက်ပါတယ်
နောက်တော့ နမည်ကြီး လို့ အကုန်ပြန်ရှာဘတ်ပါတယ်
လရဲ့အောက်ဘက်မိုင်အဝေးကနေ စမကြိုက်တော့ပါဘူး

ခုတော့ အယ်လ်ဂိုး တို့ ဘာတို့ လဲဘတ်ပါတယ်
ken follet တို့လဲကြိုက်ပါတယ်
ခုနောက်ပိုင်းကျတော့ bronte' sisters jane austen တို့ ဘတ်ဖြစ်နေပြန်ပါတယ်

သတင်းစာ ကို နာရေးကလွဲရင် မဘတ်ဘူးပါဘူး
အမျိုးထဲက ဘယ်သူတွေ သေပြီလဲ သိချင်လို့ လှန်လေ့ရှိတာတခုပါပဲ

ဂျာနယ်တွေတော့ ထွန်းအိန္ဒြာဗိုလ် ကို ကြိုက်တုံးက သူ့ပုံပါတာ အကုန်ဝယ်ဘတ်ပါတယ်

မဂ္ဂဇင်းတွေထဲမှာ အရင်တုံးက ကြိုက်တာ ဟန်သစ်ပါ နောက်တော့ ငှားမရတော့ဘူး
အမြဲဝယ်စုတာကတော့ အင်္လကာပါ
ငှားဘတ်တာကတော့ မြင်ကွင်း မဟေသီ ပေဖူးလွှာ ဖက်ရှင် အင်းမေဂ်ျ ခုနောက်ပိုင်းဆို ဖေစ်ဆက် ပေါ့

အဲ့တာတွေကတော့ လူငယ်တယောက်ရဲ့ စာပေ အဆင့်ဆင့် လေ့လာဆည်းပူးခြင်းပါဘဲ
တခုပဲ ပြောချင်တာ ခုန ဖော်ပြခဲ့တာတွေ အကုန် သူဟာနဲ့ သူ ယူတတ်ရင်တော့ အကုန်ရတာချည်းပါဘဲ
မကောင်းဘူးထင်ရင် မယူနဲ့ပေါ့ နော်
ဒီလောက်ဘဲ ပြောတတ်ပါတယ်
ဝေဖန် ဖို့ ရန်ကတော့ အဲ့လောက် ဝမ်းစာမပြည့်သေးဘူးထင်ပါတယ်
တခုပဲ အင်တာဗျူးမေးတာတွေမှာ ကိုကိုလှမြင့်ကိုတော့ မကြိုက်ပါဘူး
ရုပ်ကလဲ နာပါတယ်
တော်သေးပြီ

မှတ်ချက် နောက်ပိုင်း တွပ်ပီ ကို လက်ရေးမလှတာတောင် သည်းခံဘတ်တဲ့အထိ ကြိုက်လာပါတယ်

အန်တီချမ်း said...

ပြောဘို့ကျန်သေးတယ်
တာရာမင်းဝေ မင်းခိုက်စိုးစန် တို့ ကြိုက်ပါတယ်
တာရာ မင်းဝေ ကို ပိုကြိုက်တယ်
နောက် မနော်ဟရီ ထွက်လာတော့ ထွက်ခါစမှာ တာရာမင်းဝေ လေသံတွေနဲ့ တူလို့ ကြိုက်ပါတယ်
နောက် ပိုင်းတော့ (သိသွားတော့)မရတော့ဘူး
ခုနောက်ပိုင်း ထူးထူးခြားခြား သစ္စနီ ကို ကြိုက်တယ်
တာရာလင်းနွယ်နဲ့ ဒေဝစကြာ ဒေဝလက်ျာ တို့ကိုကျတော့မကြိုက်ပြန်ဘူး (အဲ့တာတွေလဲ သစ္စာနီပဲ)

သိပ္ပံမောင်ဝ ကြိုက်တယ်
အကြိုက်ဆုံးထဲက နောက်တယောက်ကတော့ သော်တာဆွေပါ ဇဝန ကိုလဲ သော်တာဆွေ တွေ ကုန်သွားတော့ ဘတ်တယ် သိပ်မကြိုက်မိပါ

ကာတွန်းတွေ ပြောတဲ့ထဲမှာ ကျန်ခဲ့တာတွေလဲရှိသေးတယ်
ဥပမာ ဝိဇ္ဇာ ရဲ့ ဗျူးတို့
နောက်ပိုင်းတော့ မလိုအပ်ဘဲ ညစ်ညမ်းတာတွေများတော့ သိပ်မဘတ်ဖြစ်တော့ဘူး အပြာစာအုပ် နဲ့မတူဘူးလေ အပြာစာအုပ် ဘာဘတ်ရင် ဘာရမလဲ သိပြီးသား အဲ့ထဲမှာလဲ ယူတတ်ရင်ရတာပါပဲ
လူတွေအကြောင်း ပထွေးတွေ က မယားပါ သမီး တွေကို အနိုင်ကျင့်တတ်သလို
ယောင်းမတွေကလဲ ခဲအိုတွေကို မြှူဆွယ်တတ်တယ် စသဖြင့်ပေါ့
ကိုယ်က ဘယ်လိုယူလဲပဲမူတည်ပါတယ်
ဒါတွေကလဲ လူ့ဘဝအကြောင်းတွေပဲလေ
ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေပဲ
မင်းသားက ပါဂျဲရိုးနဲ့လာပြီး မင်းသမီး ကို ဟမ်းဖုန်း လက်ဆောင်ပေးတာလဲ ရင်ခုန်စရာကောင်းတာပဲပေါ့
ညဘက်ကြီးမှာ ကာပူချီနိုလေးတခွက် ကို အိမ်ရှေ့လာပို့ပေးရင်လဲ ကြည်နူးမှာဘဲလေ
အကုန်အကုန်ပါ
ယူသောရ၏ချည်းပါပဲ

Rita said...

ပိတ်ပင်တာ ဖိနှိပ်တာကိုတော့ အားမပေးတာ မှန်ပါတယ်။

ဒါပေမဲ့ ဘယ်အရာကမဆို ယူတတ်ရင် ရတာချည်းပဲဆိုတာတော့ နည်းနည်း ပြောစရာရှိတယ်။

မိုးမျှော်ငရုတ်သီးတောင့်ဆီကနေ ထန်းလျက်က အချိုဓါတ်လိုမျိုးတော့ လိုချင်လို့ မရဘူး မဟုတ်လား။ ဒီသဘောပါပဲ။

ဒါပေမဲ့ အချိုသည်သာ လူ့လောက အတွက် အလိုအပ်ဆုံး အသုံးအဝင်ဆုံး အကျိုးအရှိဆုံးဆိုပြီး ငရုတ်သီးကို မျိုးတုံးပစ်စရာမလိုဘူး။ ဘာမှ အဓိပ္ပါယ်မရှိဘူး။

ကိုယ်က အကောင်းထင်ပေမယ့် သူများအတွက် ကောင်းချင်မှ ကောင်းမှာကိုး။ နောက် ကိုယ်ထင်တာကလည်း မှားနေနိုင်သေးတာကိုး။

အရေးအကြီးဆုံးက တစ်ယောက်ချင်းစီရဲ့ ရွေးချယ်ခွင့်ပဲ။ အဲဒါကို ထည့်စဉ်းစားရမယ်။