2001 ပတ်ဝန်းကျင်လောက်မှာ "ကွန်ပျူတာ သတင်းလွှာ" ဆိုတဲ့ စာစောင်တစ်ခုကို ဖတ်ဖြစ်ပါတယ်။ ကွန်ပျူတာ ခေါင်းစဉ်တပ်ထားပေမယ့် သမိုင်း၊ ဗိသုကာ က စလို့ အကြောင်းအရာ မျိုးစုံပါပါတယ်။ ဒေါက်တာအောင်ကြီးတို့၊ ဒေါက်တာ မြင့်မြင့်ခင်တို့ ဆောင်းပါးတွေရော။ တခါတခါဆို ဒေါက်တာအောင်ကြီးက ဆေးပညာကြောင်းတောင် ရေးတာမဟုတ်ဘူး။ သူကြိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေအကြောင်းလိုမျိုး ဆောင်းပါးရေးသေးတာ။ သိပ်ဖတ်လို့ကောင်းတယ်။ ကွန်ပျူတာအကြောင်းတောင် သိပ်မပါဘူး။ စာတည်းက ဦးမော်သန်းလို့ ထင်တယ်။
အဲဒီစာအုပ်က ပါးပါးကလေးပေမယ့် ဈေးကြီးတယ်။ ကိုယ့်အထင် အဲဒီအချိန်က ကွန်ပျူတာ ဂျာနယ်နဲ့ ဈေးချင်းတူတူလောက်လို့ ထင်တယ်။ နောက်ပိုင်း မထွက်ဖြစ်တော့ဘဲ ရွက်နုဝေ နာမည်နဲ့ ပြောင်းထုတ်တယ်။ မဂ္ဂဇင်း အထူလောက် ဖြစ်သွားပြီး ဈေးကလည်း ခေါင်ခိုက်သွားတာနဲ့ မဖတ်ဖြစ်တော့ဘူး။
အဲဒီစာစောင်ထဲမှာ မင်းခိုက်စိုးစန် ရဲ့ ဆောင်းပါးတွေလည်း ပါတတ်တယ်။
နောက်ပိုင်း အသက်ကြီးလာတဲ့အခါမှာ စာရေးသူတစ်ယောက်ကို ကြိုက်တယ်၊ မကြိုက်ဘူး ယတိပြတ်ပြောဖို့ ခက်လာပါတယ်။ မင်းခိုက်စိုးစန် ကိုလည်း အဲဒီသဘောအတိုင်းပါပဲ။
သူ ရေးဖူးတဲ့ ဆောင်းပါးတစ်ပုဒ်ကို ခု သတိရနေမိတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သတ်ပြီး (တကယ်တော့) လူတွေရဲ့ ဗီဇအကြောင်းကို ပြောသွားတာပါ။
မော်ဒန်သမားတွေဟာ အဆိုးမြင်သမားတွေ ဟုတ်မဟုတ် သေချာ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အပျက်ဘက် (တနည်းအားဖြင့်) အရှိ/ ပကတိတရားသက်သက်ကို သူများထက်ပိုလို့ စူးစူးရှရှ မြင်တတ်တာတော့ သေချာတယ်။ အဲဒီလို သူတို့မြင်တဲ့ အမြင်တွေဟာလည်း (ကိုယ့်အတွက်တော့) စိတ်ဝင်စားစရာကောင်းတယ်။ တခါတခါဆို ကိုယ်တိုင် ဟန်ဆောင်ပန်ဆောင် အလွှာလေးဖုံးပြီး အထဲက ဘာဆိုတာကို သေချာ မစဉ်းစားနိုင်ဘဲ ဟုတ်လှပြီ ထင်နေတာမျိုးကို သူတို့ရေးတဲ့စာ ဖတ်လိုက်မိမှ အလန့်တကြား ကွက်ကွက်ကွင်းကွင်း မြင်ရလေ့ရှိတယ်။
သူရေးတဲ့ ဆောင်းပါးတစ်ပုဒ်လုံးကို မမှတ်မိတော့ပါဘူး။
သူ့ သူငယ်ချင်း (ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားဆိုသူ) တစ်ယောက်ကို သူ ပြန်ပြောတဲ့ ပုံစံနဲ့ ရေးထားတာပါ။ "တကယ်တော့ လူဟာ ကိုယ့်အကျိုးကို ကိုယ် ကာကွယ်တာပါပဲ" တဲ့။ "ပတ်ဝန်းကျင်ပျက်စီးတာဟာ ကိုယ့်လာထိခိုက်တဲ့အတွက်ကြောင့်မို့လို့သာ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ဆိုတာကို ဒီလောက်ဂရုပြုနေကြတာ၊ ကိုယ့်သာ လာမထိရင် အဲဒီ ပတ်ဝန်းကျင် ဆိုတာကြီးကိုလည်း ပစ်ထားကြဦးမှာပါပဲ" တဲ့။
နောက် သူငယ်ချင်းလုပ်သူက တိရိစ္ဆာန်တွေကို စောင့်ရှောက်ကာကွယ်ရေး တရားဟောတယ် ထင်ပါတယ်။ အဲဒီတော့ သူက "မင်းတို့တွေ ကြွက်တို့၊ ယင်ကောင်တို့၊ ပိုးဟပ်တို့ကိုရော စောင့်ရှောက်သလား။ သူတို့လည်း တိရိစ္ဆာန်တွေပဲ" လို့ မေးခဲ့တယ် တဲ့။
***
အဲဒီဆောင်းပါးမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကနေ ဆွဲပြောသွားပေမယ့် တကယ်တမ်း မင်းခိုက်စိုးစန် ပြောချင်တာ အဲဒီအကြောင်းအရာလို့ မမြင်ပါဘူး။ လူတွေရဲ့ အဇ္ဈတ္တကို ဆွဲထုတ်ပြတာလို့ပဲ မြင်ပါတယ်။ "လူသားတွေအတွက်... ကမ္ဘာကြီးအတွက် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ အနစ်နာခံတယ်၊ ကာကွယ်တယ်၊ ထိန်းသိမ်းတယ်၊ စောင့်ရှောက်တယ်" ဆိုတာတွေ အသံကောင်းဟစ်ပြီး အော်ပြတဲ့လူတွေနဲ့ သူ တော်တော်ကြုံခဲ့ဖူးတယ် ထင်ပါတယ်။
လူကြားကောင်းအောင်၊ လူကြည်ညိုအောင်၊ လူကြည်ဖြူအောင်၊ လူကြိုက်များတာလေး၊ လူထောက်ခံတာလေး ရွေးပြီး လုပ်တတ် ပြောတတ်တဲ့လူတွေဟာ ကျန်တဲ့လူတွေကို နင်းပြီး တက်သွားတတ်တယ်။ တချို့ဆိုရင် သူများကို နင်းတက်နေလို့ နင်းတက်မိမှန်း သူတို့ကိုယ်တိုင် သတိတောင် မထားမိကြဘူး။
အဲဒါမျိုးတွေ သိနေတာ ကြာလှပြီလို့ ကိုယ့်ဘာသာ အထင်ရောက်နေမိသေးတယ်။ တကယ်တမ်းကျ မဟုတ်ဘူး။ ကိုယ့်ကို ခုတုံးလုပ်ပြီး နင်းတက်လို့ တက်သွားမှန်းတောင် ရုတ်တရက် မသိလိုက်မိတဲ့ အဖြစ်မျိုး ရှိလိုက်သေးတယ်။ ကြာပြီလားဆိုတော့ မကြာသေးဘူး။ မကြာသေးဘူးလားဆိုတော့လည်း နည်းနည်းတော့ ကြာပါပြီ။ ချက်ချင်းထပြီး ထောပနာလိုက်တဲ့ထဲ ကိုယ်တောင် ပါလိုက်သေးတယ်။ (တုံးပုံ)
လူအများ သည်းခြေကြိုက်တာလေးတွေ ရွေးပြီး လုပ်နေတတ်တဲ့လူတွေဟာ အမြဲတမ်း ပန်းပန်လျက်ပါ ဆိုတာချည်းပဲ။
***
ဘာရယ်မဟုတ်ပါဘူး။
တိုက်ဆိုင်နေတာတွေနဲ့၊ ခုတလော သတိရနေမိတာတွေ ဆက်ကြည့်လိုက်တာ။
တချို့ ဖတ်ခဲ့ဖူးတာတွေဆိုလည်း မေ့ကုန်ပြီ။ သတိရတုန်းလေး ချရေးပြီး ခုလို မှတ်ထားလိုက်မှ။
***
Wednesday, September 8, 2010
Subscribe to:
Post Comments (Atom)
8 comments:
မင်းခိုက်စိုးစံ ကတော့ လန်းတယ်ဗျို့။ အနော့် အကြိုက်ဆုံးတွေထဲက တစ်ယောက်ပဲ။သူရေးတဲ့ သုညကိုတော့ အသည်းစွဲပဲ
ငြိမ်းချမ်းပါစေ
မိုးယံ
The nice part about being a pessimist is that you are constantly being either proven right or pleasantly surprised.
-George F. Will-
မင်းခိုက်စိုးစန်နဲ့ ပတ်သက်ပြီး စိတ်ထဲမှတ်မိတာနေတာတစ်ခုရှိတယ်။ သူ့အင်တာဗျူးတစ်ခုထဲမှာ - ဆယ်တန်းအောင်တော့ သူတကယ်ယူချင်တာက မြန်မာစာမေဂျာ၊ ဒါပေမဲ့ အမေတစ်ခု သားတစ်ခုဘ၀မှာ အမေ့ဆန္ဒအရ သူဆေးကျောင်းတက်လိုက်ရတာ။
သူဆရာဝန်မလုပ်ဖြစ်ဘူးလို့ ထင်တယ်။
(သူ့စာတွေနဲ့ သိပ်မရင်းနှီးဘူး၊ သူနာမည်စကြီးတဲ့အချိန်မှာ ဇွန်က မြန်မာပြည်မှာ မရှိဘူး။ မောင်လေးဝမ်းကွဲက အရမ်းကြိုက်တယ်ဆိုလို့ ကြားဖူးတာ။ ပြန်ရောက်တော့လည်း သူ့စာတွေ မဖတ်ဖြစ်ဘူး။ Fwd mail ကရောက်လာတဲ့ ၀တ္ထုတစ်ချို့တလေ လောက်ပဲ ဖတ်ဖူးတယ်)
ဟုတ်တယ် ဇွန် ပြောတဲ့အတိုင်းပဲ။
ဆရာဝန် မလုပ်ရုံတင် မကဘူး။ ဆရာဝန် စာရေးဆရာတွေရဲ့ ထုံးစံ ဆေးကျောင်းအကြောင်း ဝတ္ထုထဲထည့်ရေးတာမျိုးတောင် မလုပ်ဘူး။
အင်း အရေးအသားနဲ့ ပတ်သက်လို့ မကြိုက်တာတွေရှိတယ် မင်းခိုက်စိုးစံ ကိုပြောပါတယ်
ခေတ်ပြိုင်ထဲမှာတော့ တာရာမင်းဝေ ကို ပိုကြိုက်တာ
အရေးအသား တင်ပြပုံကအစ
ခုနောက်ပေါက်ထဲမှာ ဆို လူနေ ကိုကြိုက်တယ်
မင်းခိုက်စိုးစံ က စပေါ်ခါစက သတိထားစောင့်ကြည့်ရမယ့် လက်သစ် ဆိုပြီး ဆရာကြီးတွေ ရေးကြတယ် နောက်တော့ သူ့ စာ အုပ် တအုပ်က အီး ဝတ္ထုကနေ ခိုးချ ထားလို့ ဆိုပြီး နည်းနည်း ဂွမ်းသွားတယ် လို့ ဘတ်ဘူးတယ်
သူ့ရဲ့ တချို့စာအုပ်တွေကိုတော့ ကြိုက်တယ်
နောက်ပိုင်း သတိုးတေဇ နာမည်နဲ့ ရေးတဲ့ သရဲ စာအုပ်တွေကတော့ လုပ်စားတွေပဲ
အများစု က အီး ဝတ္ထု တိုလေးတွေ ရုပ်ရှင် တွေကို ချဲ့ရေးထားတာ
ဒါပေမယ့်လဲ ခေတ် အရ ဆူလွယ် နပ်လွယ်တွေ ကို သစ္စာနီ လူကတောင် ရေးစားနေတဲ့ ခေတ်မှာ တော့ ဘာမှမပြောသာဘူးပေါ့
ဒေါ်ရီတာ ရဲ့ အပေါ်က ကွန်မန့် ကိုတော့ ကန့်ကွက်ပါတယ်
စာရေးဆရာလဲ လူပဲ
လူဆိုတော့ သူ့ ပတ်ဝန်းကျင် ရှိမှာပေါ့
အဲ့တော့ သူရေးတဲ့ စာတွေမြှ ကုန်ကြမ်း ကလဲ အများဆုံး သူ့ပတ်ဝန်းကျင်ကပဲ ရမှာပဲလေ
အြ့တော့ ရေးရမယ် မရေးရဘူးဆိုတဲ့ အကြောင်း အရာ တွေ ကန့်သတ်ချက်မှ မရှိတာ
သန်ရာ သန်ရာ ရေးကြတာပဲပေါ့
(ကိုယ့်လိုလေ ဟိဟိ)
အဲ့အတွက်မရေးတာကြောင့်နဲပတော့ သူက ပိုထူးခြားမသွားပါဘူး
သေချာဖတ်ကြည့်ပါဦး။
ဆရာဝန် စာရေးဆရာတွေ ရေးလေ့ရှိတာ မရှိတာ၊
သူ ရေးလေ့ရှိတာ မရှိတာကို ယှဉ်ပြောတာ။ တနည်းအားဖြင့် ဇွန် ရေးသွားတဲ့ comment က ရှေ့က ဖြိုးသီဟ အကြောင်း post ကနေ ဆက်ပြီးလာတာ။ ကိုယ်ကလည်း အဲဒီအကြောင်းကနေ ဆက်ပြီး ပြောလိုက်တာ။
ရေးရမယ် မရေးရမယ် ကို ပြောထားတာ မဟုတ်ဘူး။ ရေးတာ၊ မရေးတာကို ကြိုက် မကြိုက် ပြောထားတာလည်း မဟုတ်ဘူး။ ပြောမယ်ဆို အဲဒါတွေက သပ်သပ်ပြောရမှာ။
ဒီအင်တာဗျူးဖတ်ပြီး ဒီပို့စ်ကို သတိရမိလို့
http://www.shweamyutay.com/index.php?option=com_content&view=article&id=2546:2010-09-08-10-15-31&catid=102:2008-06-08-20-02-17&Itemid=656
"ကျွန်မ အခုရခဲ့တဲ့ အမှတ်ပေါင်းက ဆေး တက္ကသိုလ်ဝင်ခွင့်ကို ကောင်းကောင်း မီတယ်။ ဒါပေမယ့် ဆေးတက္ကသိုလ် တက်ဖို့ ကျွန်မ စိတ်မကူးဘူး။ ဆေးတက္ကသိုလ် တက်ခွင့်ရပြီး မတက်လိုက်ရတာကိုလည်း ဆုံးရှုံးတယ်လို့ ကျွန်မ မထင်ဘူး။ ဆရာဝန်ဆိုတဲ့ ဂုဏ်ကတော့ မဆိုးပါဘူး။ လူနာတွေနဲ့ ထိတွေ့ရမှာ ကျွန်မ ကြောက်တယ်။ လူနာတွေကို မြင်နေရရင် သနား နေမှာ။ ကျွန်မနဲ့ မကိုက်ဘူး။ ဆေးကုသရတဲ့ အလုပ်ကိုလည်း ကျွန်မ ၀ါသနာ မပါဘူး။
ကျွန်မက အင်္ဂလိပ်ဘာသာ စကားကို ၀ါသနာပါတယ်။ ဒါကြောင့် နိုင်ငံခြား ဘာသာ တက္ကသိုလ်ကို ရွေးလိုက်တယ်။ ကျွန်မ ကြိုးစား ပြီးရခဲ့တဲ့ အမှတ်ပေါင်းကို မနှမြောပါဘူး။ ခုလို အမှတ်တွေ အများကြီးရအောင် ကြိုးစားခဲ့တာလည်း နိုင်ငံခြားဘာသာ တက္ကသိုလ်ကို တက်ချင်လို့ ကြိုးစားခဲ့တာ။ နိုင်ငံခြားဘာသာ တက္ကသိုလ်ကို ၀င်ခွင့်ရတာကိုလည်း အမှတ်နည်း နည်းနဲ့ ကပ်ပြီး မ၀င်ချင်ဘူး။ အမှတ်ပေါင်း ၅၀၀ ကျော်နဲ့ ၀င်ခွင့်ရရမယ် ဆိုပြီး ကြိုးစား ခဲ့တယ်။ ပတ်ဝန်းကျင်က လူတွေကတော့ ဆရာဝန် လုပ်သင့်တယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ကျွန်မကတော့ အဲဒီလို မယူဆဘူး။
မဆုမြတ်နိုးသူ"
ဒီနေ့ တင်တဲ့ အသစ်ကနေ ပြန်လင့်ထားတော့ ပြန်ရောက်လာတာ ခုတခါ ပြန်ဘတ်တော့ အတွေးတွေ မတူတော့ ပြန်ဘူး လူတယောက်ထဲကကိုနော်
ခုတခါတော့ ဒေါ်ရီတာ သုံးသွားတဲ့ စကားလုံး အသုံးအနှုံးတွေကို ပိုကြိုက်နေမိပြန်တယ်
“တခါတခါဆို ကိုယ်တိုင် ဟန်ဆောင်ပန်ဆောင် အလွှာလေးဖုံးပြီး အထဲက ဘာဆိုတာကို သေချာ မစဉ်းစားနိုင်ဘဲ ဟုတ်လှပြီ ထင်နေတာမျိုးကို သူတို့ရေးတဲ့စာ ဖတ်လိုက်မိမှ အလန့်တကြား ကွက်ကွက်ကွင်းကွင်း မြင်ရလေ့ရှိတယ်။”
အဲ့တာမျိုး
Post a Comment