Friday, June 26, 2009

Linkage (2)


ဒါန နဲ့ နတ်ပြည်


ပြီးခဲ့တဲ့ Linkage Post's Comment မှ အလှူခံများ အလာကောင်းပေမယ့် အခါနှောင်းသွားပါပြီ။
အဲဒီ အလှူက အလုပ်မရခင်က လှူရမယ့် ကိစ္စပါ။
ခု အလုပ်ရပြီးပြီ ဆိုတော့
ကန်တော့ဆွမ်းပါ။
:)))

*****
ဒီနေ့က တခြား အကြောင်းအရာ တစ်ခု ရေးဖို့ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ post နဲ့ ဆက်တွေးမိတာ တချို့ရှိပြန်ရော...

အလယ်တန်း ၆ တန်း၊ ၇ တန်းမှာပေါ့။ အဲဒီတုန်းက ဖြူးမှာ။
၆ တန်းနဲ့ ၇ တန်းဆောင်က ကျောင်းရဲ့ အနောက်ဘက်စွန်းနားမှာ။ ကြည်ပြာဆောင် လို့ ခေါ်တယ်။ ကျောင်းနောက်ဖက်မှာရှိတဲ့ ဘုန်းကြီးကျောင်းက ဘုန်းကြီးတပါးဟာ ကျောင်းထဲက ဖြတ်ပြီး ဆွမ်းခံကြွတတ်ပါတယ်။
ကိုယ်တို့ သူငယ်ချင်းတတွေ အဲဒီ ဘုန်းကြီးနဲ့တွေ့ရင် ပါလာတဲ့ မုန့်ဖိုးတချို့ကို လှူခဲ့ကြဖူးတယ်။ တပတ်မှာ အနည်းဆုံး တရက်တော့ ကိုယ်တို့နဲ့ ကြုံတတ်တယ်။

ကိုယ့်ဘ၀မှာ အကြီးအကျယ် အလှူကြီး မပေးဖူးပေမယ့် မုန့်ဖိုးထက်မကတဲ့ အလှူမျိုးတွေတော့ နောက်ပိုင်း ရှိလာခဲ့ပါတယ်။ အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းပေါ့။

ဒါပေမယ့် ပြန်တွေးလိုက်တိုင်းမှာ အဲဒီ အလယ်တန်းကျောင်းသူ ဘ၀က အဲဒီ ဘုန်းကြီးကို သူငယ်ချင်းတစု ကြုံတိုင်း လှူခဲ့တဲ့ မုန့်ဖိုး အလှူကို ပီတိနဲ့ သတိအရမိဆုံးပဲ။ နောက်ပိုင်းလှူတဲ့ အလှူတွေကို ယှဉ်နိုင်တဲ့ အလှူလို့လဲ ထင်မိတယ်။ "စိတ်သာရှင်စော ဘုရားဟော" လို့ ဆိုတယ် မဟုတ်လား။

ဘာပဲပြောပြော ခုချိန်ထက်တော့ ဖြူစင်ခဲ့တဲ့၊ လောဘ မောဟနည်းခဲ့တဲ့ အချိန်တွေ...။
ပြီးတော့ ဘုန်းကြီးကိုယ်တိုင်က ကြည်ညိုနှစ်လိုဖွယ် အိနြေ္ဒမျိုးရှိနေတာကြောင့်လည်း ပါပါတယ်။ အသက်ခပ်ကြီးကြီး၊ သင်္ကန်းခပ်နွမ်းနွမ်းပေမယ့် သေသေသပ်သပ်ရုံလို့။ ကိုယ်တို့တွေက ၀တ္ထုလှူပြီး လက်အုပ်လေးတွေချီလို့ ရပ်နေရင်၊ ဘုန်းကြီးက ဆုတွေပေးပါတယ်။ တခါတခါ ဆုပေး ဆုယူအပြီးမှာ လမ်းခွဲဆက်လျှောက်ကြရင် "ဒုက္ခတွေ
ဒုက္ခတွေ" လို့ ခပ်တိုးတိုး ဆိုတဲ့ သံဝေဂသံကို ကြားရတတ်တယ်။

သတ္တလောကကြီးမှာ သူ့နည်း သူ့ဟန်နဲ့ ရုန်းကန်နေကြရတာဟာ "ဒုက္ခတွေ" လို့ ဆိုချင်ဟန် ရှိပါရဲ့။

လိုအပ်လို့ လှူရတဲ့ အလှူမျိုးကတော့ ဘယ်နေရာရောက်ရောက် ရှိနေမှာပါပဲလေ။
ဘယ်လောက်တိုးတက်တဲ့ နိုင်ငံကို ရောက်ဖြစ်လည်းပဲ လိုအပ်တဲ့ နေရာတွေဆိုတာ တွေ့နေရဦးမှာပါပဲ။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ က ဘယ်သွားသွား ကိုယ်နဲ့ အတူ ပါနေမှာပဲ။

ဒါပေမယ့် နတ်ပြည်မှာတော့ အတော် ခဲယဉ်းသတဲ့ ဆရာ။
ဗုဒ္ဓဘာသာမှာက ဘာပဲဖြစ်ဖြစ် စနစ်တကျ၊ ကြောင်းကျိုးဆက်စပ် ရှိတယ် ဆိုကြတယ်။
လောဘ၊ ဒေါသ၊ မောဟ ဆိုတာပဲ ဖြစ်ဖြစ်...
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာပဲ ဖြစ်ဖြစ်...
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတာပဲ ဖြစ်ဖြစ်...

သူ့ဆက်စပ်မှုနဲ့သူ... သူ့ဒီဂရီနဲ့သူ စီစဉ်ပြီးသားဖြစ်တယ် လို့ ဆိုတယ်။
ဒါန၊ သီလ၊ ဘာဝနာ ဆိုတာမှာလည်း ဒီလိုပဲတဲ့။
အနိမ့် အမြင့် ဒီဂရီ အလိုက် စဉ်ထားတာ ဆိုတော့...
လုပ်ရ အလွယ်ကူဆုံး၊ အနိမ့်ဆုံးကနေ စဉ်ထားတာပေါ့။

ဆောက်တည်ကျင့်ကြံဖို့ရာမှာ ဒါနထက် သီလကခက်၊ သီလထက် ဘာဝနာခက်တယ် မဟုတ်လား။
သဒ္ဓါ၊ သီလ၊ ပညာ နဲ့ တူမယ် ထင်ပါတယ်။ သဒ္ဓါနဲ့ ဒါနက ဆက်စပ်တာကိုး။ အနိမ့်ဆုံး ဆိုပေမယ့် အခြေခံအကျဆုံး အရေးအပါဆုံး တစ်ထစ်လည်း ဖြစ်ပါတယ်။ လှေကားထစ်များလို အောက်ဆုံးထစ် ကျော်တက်ရရင် ကသိကအောက် အဆင်မပြေတော့ ဖြစ်မှာပဲ တွေးမိတယ်။

သဒ္ဓါရှိမှ ဒါနပြုဖို့ဖြစ်၊ အဲဒီကမှ ကျွဲကူးရေပါ သီလဆောက်တည်ဖို့ဖြစ်၊ နောက်တဆင့်ကျမှ ၀ိပဿနာ ဘာဝနာ...

နတ်ပြည်မှာတော့ ပထမတဆင့်က ပြုတ်နေပြီ။ တော်ရုံဆို မေ့မေ့လျော့လျော့နဲ့ ဒီလမ်းစဉ် ရောက်ချင်မှ ရောက်တော့မယ်။ (ကိုယ်လို လူမျိုးဆိုရင် ပြောပါတယ်။) နတ်ပြည်ဆိုတဲ့ နေရာဟာ တော်တော် အနေအထိုင်တတ်မှ ဖြစ်မှာ။ မေ့လျော့ပျော်ပါးပြီး နတ်စည်းစိမ်ခံစား နောက်ဘ၀ဆို ပြန်ပြုတ်ကျလာဖို့က ပိုများတယ်။ (ကျောင်းတုန်းက roll တွေ လိုပေါ့။ graph များ ဆွဲလိုက်ရရင်တော့ စောက်ထိုးမိုးမျှော် ပဲ။)

ဒါကြောင့်လည်း "ဗြဟ္မာ့ပြည် တ၀င်းဝင်း၊ ၀က်စားကျင်း တရှုံ့ရှုံ့" ဆိုတာ ဖြစ်လာတာနေမှာ။
သံသရာများ တယ် ကြောက်စရာကောင်း။

*****
စကားချပ်
။ ။
အရိယာ မဖြစ်သေးသူတွေ အတွက်တော့ သံသရာဆိုတာမှာ ဘာ အာမခံချက်မှ ရှိတာမဟုတ်တော့...
နောင်ဘ၀ မြန်မာပြည်မှာပဲ လူပြန်ဖြစ်ရင် ဟိုလူတွေနဲ့ အမျိုးမတော်ဘဲ မနေပါဘူး မပြောနိုင်ဘူး။
တို့တော့ ကြောက်ပ။

မျှစ်ကြော်က လူနဲ့ သိပ်မသင့်ဘူး တဲ့။
လေစာ ဆိုပဲ။ ဟုတ်လားတော့ မသိဘူး။
:)


4 comments:

Anonymous said...

နတ်ပြည်အကြောင်းလေး .. ဒါန အကြောင်းလေး လာပြီး ဖတ်မှတ်ခဲ့ပါတယ် ...
မသိတာတွေ များတော့ ဆွေးနွေးနိုင်ဖို့ အခွင့်က မသာ ...

အရိယာမဖြစ်သေးတော့ သံသရာဆိုတာ ဘာအာမခံချက်မှ မရှိဘူးတဲ့ ....
အင်းးးးးးးးးးးးးးး
နေဒေးသစ်။

လူမုန်း said...


လေစာ မဟုတ်ပါဘူးးး
၆ လစာ ပါ ။

ဖတ်သွားပါတယ် ကျောင်းအစ်မ ရေ..

visuta said...

I visited and read yours and it is good to read. I also call Sadhu, only one, for you did good deeds in youth age.

Thet Oo said...

ဟိုလူတွေ ဆိုတာ၊ နေပြည်တော်က ပုဂ္ဂိုလ်တွေကို ပြောတာနဲ့တူတယ်။