Sunday, February 8, 2009

Give & Take


ကြက်သွန်ဖြူကို ဆီသတ်ပြီး Mixed vegetable ball တွေ အရင်ဆုံး ထည့်ကြော်လိုက်သည်။


(ပြီးတော့ မှိုနှင့် baby corn ထည့်၏။)


(နောက်ဆုံးကျမှ မုန်ညင်းဖြူတွေ ထည့်လိုက်သည်။)


ဆား၊ အချိုမှုန့်နှင့် ပဲငံပြာရည် အကြည် နည်းနည်းထည့်ပြီး မီးဖိုပေါ်က ချဖို့ တော်လောက်ပြီ (...ဟု ထင်ပါသည်)


(ပြီးပြီ ။ တယ်တော်တဲ့ ငါပါလား...)


(ဟင်းချက်တယ်ဆိုတာ ကျောင်းတုန်းက C program တစ်ပုဒ်ရေးရသလောက် ပညာပါလို့လား ဟင်။
ISO Drawing တစ်ပုံကို view အမျိုးမျိုးက ပြောင်းဆွဲရသလောက်... view အမျိုးမျိုးနဲ့ ပြထားတဲ့ ပုံတွေကို ISO ပြန်ထုတ်ရသလောက် ဦးနှောက်သုံးစရာ လိုလို့လားဟင်)
_______________________________________________________________

(ဒီနေ့ ၁၀နာရီခွဲ အိပ်ရာမှ ထသည်။ မနေ့ညက ၁နာရီခွဲပြီးမှ အိပ်ရာဝင်၏။ ရေချိုးပြီးတော့ မနေ့က NTUC သွားပြီး ၀ယ်လာခဲ့တာတွေနှင့် ရမ်းသမ်းပြီး အစိမ်းကြော် ကြော်သည်။

ပြီးတော့ ဒီကို လာခါနီး မျိုးကျော့မြိုင် သီချင်းတစ်ပုဒ် ခဏခဏ ညည်းခဲ့မိတာ သတိပြန်ရနေပါသည်။
"လိုတာရတဲ့ အချိန်များနဲ့ ဒီမျှော်လင့်ခြင်းကို လဲချင်တယ်" ဆိုတာ...

ခု မျှော်လင့်ချက်နောက်ကို တောက်လျှောက် လိုက်နေရချိန်မှာတော့ အဆင်သင့်ရတဲ့ ဘ၀ကို ပြန်ပြီး လိုချင်လာပါသည်။ ထမင်း လက်ဆေးစားမည်။ အသင့်ပြင်ပြီး ထမင်းဘူးကို ယူ၍ ကျောင်းတက်မည်...ရုံးသွားမည်။
ချက်ကျွေးတာ မကြိုက်ရင် ဂျီးများမည်။ အပြင်ထွက် စားချင်တာ စားမည်။

အော် ခုတော့ ကိုယ့်ဟာကိုယ်ပဲ ချော့ကျွေးနေရတဲ့ ဘ၀ပါလားနော်။

အဲဒါတွေနဲ့ အချိန်ကုန်ရမှာ သေလောက်အောင် ကြောက်သော စိတ်ရောဂါတစ်မျိုး ရှိပါသည်။ မီးဖိုထဲမှာ အချိန် နည်းနည်းလေး ကုန်သွားတာနဲ့ စိတ်ထဲမှာ အလိုလိုနေရင်း စိတ်တိုင်းမကျ ဖြစ်လာတတ်သည်။

ဒါ ငါလုပ်ရမယ့် အလုပ်တွေလား လို့ မေးခွန်းထုတ်မိတတ်သည်။

အထင်သေးလို့တော့ မဟုတ်ပါ။
အထင်လည်း မကြီးပါ။

ဒီနေ့တော့ လုပ်ချင်စိတ်ပေါက်လာတာနဲ့ ထလုပ်မိပါသည်။ အိမ်က ညီမလေးတစ်ယောက် (ဟင်းချက် အလွန်ကောင်း၊ သူ့လက်ရာတွေ ခဏခဏစားဖူး၊ အာလူးဟင်းကိုတောင် ဘာမှ မပါဘဲ ကောင်းအောင် ချက်နိုင်သူ၊ ရောက်စက အုန်းနို့ခေါက်ဆွဲ ချက်ကျွေးဖူးသူ၊ အင်ဂျင်နီယာဘွဲ့ရ၊ ခု SAT တက်နေသူ) ကို ကျွေးတော့ သူက "အစ်မ ရှယ်ပဲ" လို့ပြောတော့ ဟုတ်သော်ရှိ၊ ဟုတ်သော်ရှိ (မဟုတ်သော်ရှိ မဟုတ်...ကိုယ့် လက်ရာကိုယ်တော့ ဟုတ်ပစ်လိုက်တာ အေးတယ်) တော်တော် မြောက်သွားပါ၏။

recipe တွေ ရေးထားလို့ ဟင်းချက်နည်း ပေးသည်ဟု မထင်ပါနှင့်။ တလွဲတွေ ဖြစ်ရင် ပြင်ပေးနိုင်အောင် ရေးထားခြင်းသာ ဖြစ်ပါသည်။

ဒါပေမယ့်လည်း ဟင်းချက်တယ် ဆိုတာ Design တစ်ခု ဆွဲသလိုပဲ
မှန်တယ်၊ မှားတယ် ဆိုတာမရှိပါဘူး ... ကောင်းတယ် မကောင်းဘူးပဲ ရှိတာပါလို့ မာနလေး တလူလူနဲ့ တွေးလိုက်မိသေး။ ဟုတ် မဟုတ်ကိုတော့ Design ပညာရှင် Thet Paing Thu @ Daisy Paing သို့ သွားမေးကြပါကုန်။

အစကတော့ ဟင်းနာမည်ကို စိုးမြတ်သူဇာ ရဲ့ ၀တ္ထု တစ်ပုဒ်နာမည် တပ်ဦးမလို့ပဲ။
လူရီစရာ ဖြစ်မှာစိုးတာနဲ့....(ဘယ်သူမှ မရီခင် ကိုယ့်ဟာကိုယ် အရင်ဆုံး ရီချင်တာ)

လောကမှာက တစ်ခုရချင်ရင် တစ်ခုပြန်ပေးရတာချည်းလေ။
ဘယ်တုန်းကမှ မလုပ်ချင်ခဲ့ဖူးတာတွေကို မျှော်လင့်ချက်နောက်ကို လိုက်ချင်တော့ မဖြစ်မနေ (တခါမဟုတ် တခါတော့) လုပ်နေရတာပဲ။

မီးဖိုခန်းထဲမှာ ဟင်းဝင်ချက်တယ် ဆိုတာ ကျွန်မ အတွက်တော့ အပေးအယူကိစ္စ တစ်ခုပါပဲ။

3 comments:

Anonymous said...

ဟ .. ဟ... မမKOM ရဲ့ Nature of men ကိုဖတ်ပြီး ဟင်းချက်ကျင့်နေပြိလား.. ကောင်းတယ်.. ကောင်းတယ် (မိန့်မိန့်ကြီး ပြုံးပြီး ခေါင်းတညိမ့်ညိမ့်နဲ့ဆက်ပြောသည်) သြော်.. မမမြင်ရင် ၀မ်းသာရှာမှာပဲ.. ရေးရကြိုး နပ်တယ်ဆိုပြီးတော့လေ...

Anonymous said...

I THINK COOKING IS NOT GIVE N TAKE.ALSO NOT DEPEND ON UR EDUCATION, UR POSITION.
FOR ME COOKING FOR SOMEBODY N SEEING THEY EATING MY COOK A LOT IS SATISFACTION OF MY MIND.

Rita said...

give & take ကို comment ပေးသူ။ ထို post သည် အတည် ရေးထားခြင်း မဟုတ်ဟု သိစေအပ်ပါသည်။ သူငယ်ချင်း အချင်းချင်းသာ နားလည်သော post ဖြစ်ကြောင်း သိစေအပ်ပါသည်။ ပြင်ပမှ သူငယ်ချင်းများကို ဆိုလို၏။ အဘယ်ကြောင့်ဆိုသော် အဲဒီတုန်းက ဘလော့မှာ ဘယ်သူနဲ့မှ မသိသေးချိန် ဖြစ်သောကြောင့်တည်း။

give & take ဆိုတာက မြန်မာနိုင်ငံမှာ ကိုယ့်ဘာသာ ကော်ဖီတောင် ဖျော်မသောက်ဘူး။ အဲဒါကြောင့် ကိုယ့်အတွက်တော့ နိုင်ငံခြားထွက်လာလို့ ဟင်းချက်နေရတာ အပေးအယူ လုပ်ရတဲ့ သဘော ဖြစ်နေပါတယ်။ ဒါကြောင့် ပြောတာပါ။

ကိုယ်ချက်တာ သူများ (ကိုယ်ကျွေးချင်တဲ့သူ) စားကောင်းနေရင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိမှာကတော့ လူတိုင်း ထင်တာပါပဲ။ ဝမ်းမမြောက်နိုင်တာကတော့ ချက်နေတုန်း အခိုက် ဖြစ်လိမ့်မယ်။

(မောတာ)