စပါးကြီးမြွေ တစ်ကောင်ရဲ့ရှေ့မှာ
လမ်းပျောက်ရသလိုပါပဲ…
ဒီနေရာကိုပဲ တ၀ဲဝဲလည်ပြီးရောက်နေခဲ့တာပေါ့
*
အရာရာကို ဇာတ်သိမ်းပစ်လိုက်နိုင်ပြီလို့
သူရဲကောင်းဆန်စွာ ထင်နေမိပေမယ့်
ရှေ့ဆက်လျှောက်ရင်းကပဲ
သူ့ရှေ့မှောက်ကိုသာ ပြန်, ပြန်ရောက်လာခဲ့…
*
လမ်းချိုးတစ်ခုဆီကွေ့ရှောင်
လွတ်အောင်ရယ်လို့ ပြေးထွက်ခဲ့ပေမယ့်
လမ်းဆုံးမှာ တည့်တည့်ဝင်တိုး
သူ့ရဲ့နှောင်ကြိုး ပိုက်ကွန်ထဲ…
*
နောက်မှာချန်ရစ် ကျောခိုင်းပစ်ခဲ့ပေမယ့်
ဝေးဝေး သွားဖို့ခွန်အားမရှိသေးခင်
တင်းရင်း ရစ်နှောင်
ပြန်လည်ခေါ်ဆောင်ရာဆီပါသွား
('အချစ် ' ဆိုတာ)
ရှောင်လွှဲလို့ မရတဲ့ အရာတစ်ခုလားကွယ်…
*
ရုန်းလို့လဲ မလွတ်နိုင်တော့ပါဘူး
ရုန်းလို့လဲ မထွက်ချင်တော့ပါဘူး
ဒီကြိုးမျှင်တွေကြားထဲ တိုးဝင်ရင်း
သူ့ရဲ့ ချည်နှောင်ခြင်းတွေမှာပဲ
ကျေနပ်စွာနဲ့ နှောင်ဖွဲ့ခံတော့…
ကိုယ်ဟာ သူ့ရဲ့ သားကောင် ပေါ့ကွယ်…
1 comment:
ကဗျာလေးကိုအားပေးသွားပါတယ်..
ခင်မင်လျက်..
နွေသူရ
Post a Comment