ဘာဆရာလဲ
"နင်က ကျောင်းဆရာလဲ မဟုတ်၊ စာရေးဆရာလဲ မဟုတ်ဆိုတော့ နွားဝှေးသင်းတဲ့ ဆရာလား" လို့ မသေဘဲ ကျန်သေးတဲ့ ငယ်သူငယ်ချင်းတစ်ယောက်က မေးတယ်။
"အေး အဲဒီဆရာဖြစ်တာကမှ တော်လိမ့်ဦးမယ်။ သူက ငါ့ထက် ဝင်ငွေ ကောင်းမယ်။ ကားသမား (taxi driver) က တစ်လ ဝင်ငွေတစ်သောင်း၊ ကျော်ရင်သာ ကျော်မယ်ဆိုတဲ့ ခေတ်မှာ ငါ့ကို Part Time History Professor နာမည်တပ်ပြီး တစ်လ ငွေ ၆၀၀ ကျပ် တိတိ ပေးတယ်။ ဘာပြုလို့ သင်ရိုးတစ်ခုမက ပွားပွားလာတဲ့ အတန်းတွေ ယူနေရသလဲ" လို့ မေးတဲ့လူ ရှိတယ်။ ငါက စဉ်းစားပြီး အဖြေနှစ်ခု ပေးပါတယ်။
(၁) "ဒီလို လာပြီး ကူပါဦး လို့ ပြောတဲ့ ပုဂ္ဂိုလ်ကြီးတွေက တခါက ငါ့တပည့်တွေ၊ ခု သူတို့က ငါ့ကို ဆရာမွေးတာ"
(၂) "သုတေသန တွေ့ရှိချက်ကို ကျောင်းစာသင်ခန်းမှာ လူငယ်တွေကို လက်ဆင့်ကမ်းရတယ်။ စာတမ်းရေးပြီး ဖတ်တယ်။ ဆွေးနွေးတယ်။ နောက် ပေါင်းပြီး စာအုပ်ထုတ်တယ်။ အဲဒီလို လုပ်ငန်းစဉ်မှာ ကျောင်းသားနဲ့ တွေ့ဆုံတာက လုပ်ငန်းအစပေါ့"
ဒုတိယ အဖြေကတော့ ပုံမှန်အဖြေပါ။ ပထမအဖြေကတော့ အရင် အနှစ် ၂၀ ကျော်က တက္ကသိုလ်မှာ ဆရာကန်တော့ပွဲ စလုပ်တော့ အုန်းနို့ခေါက်ဆွဲတစ်ပွဲ၊ မျက်နှာသုတ်ပုဝါတစ်ပိုင်းနဲ့ ကျောင်းသားက ဆရာကို မွေးတယ်။ အဲဒီလောက်က စပြီး ငါတို့လည်း ဒိသာပါမောက္ခက မူလတန်းဆရာ ဖြစ်သွားပြီလို့ သတိသံဝေဂ ရမိပါတယ်။
ကျောင်းသားကို ပြောရဟောရတာ အားရှိစရာတစ်ချက် ရှိပါတယ်။ ငါပြောနေတုန်း ထမပြန်ဘဲ အိပ်နားထောင်တယ်။ စာပေဟောပြောပွဲမှာ ငါလည်း စပြောရော ရပ်ရွာလူကြီးတွေ ထပြန်ကြတယ်။ စာသင်ခန်းတစ်ခုမှာတော့ ကျောင်းသားတစ်ယောက်က "တို့ဆရာ ကြိုးတန်းလန်းနဲ့ မိုက် (Microphone) ကိုင်ပြီး စင်မြင့်ပေါ်က ဟိုလျှောက်ဒီလျှောက်နဲ့ (ဘာအမှတ်ရလို့ မသိ) ငေးကြည့်နေမိတာနဲ့ ဘာတွေ ပြောသွားမှန်း မသိလိုက်ဘူး" တဲ့။
ဒီလိုနဲ့ပဲ ကျောင်းဆရာ အခေါ်ခံပြီး အနှစ် ၅၀ ကုန်ခဲ့တယ်။ ကျောင်းဆရာအလုပ်ကို ပီပီသသ ကြိုးစားပြီး တပည့်နားလည်အောင် အလေးအနက် မလုပ်ပါဘူး။ တာဝန်မကျေလို့ အလုပ်ဖြုတ်ပစ်ရင်လည်း ခံသင့်တယ် ထင်ပါတယ်။ သမိုင်းဆရာတွေထဲက ကျူတာက ပါမောက္ခထိ အလုပ်ပြုတ်သွားတဲ့ လူတွေ ရှေ့က ရှိခဲ့ပါတယ်။ အလုပ်ပြုတ်သွားလို့၊ အလုပ်က စောစောထွက်သွားလို့ သူဌေးဖြစ်ကုန်ကြတယ်။ အောင်ဝင်းကလွဲလို့ နောက်ကျတဲ့လူတွေ သူဌေး မဖြစ်ပါ။
သုတေသနသင်း၊ မြန်မာနိုင်ငံ သုတေသနသင်းဂျာနယ်
Journal of the Burma Research Society (JBRS)
အနောက်တိုင်းက လူတွေက အရှေ့တိုင်းကို စီးပွားရေးအရ လက်ဝါးကြီးအုပ်ချင်တယ်။ ဒီနေရာတွေအကြောင်းကို သိနိုင်သမျှ နှိုက်နှိုက်ချွတ်ချွတ် လေ့လာထားချင်တယ်။ ဒါမှ ဘယ်နေရာမှာ ဘယ်လို အမြတ်ထုတ်မလဲဆိုတာ စဉ်းစားဆောင်ရွက်ဖို့ ရမယ်။ ခရီးထွက်ပြီး၊ ကွင်းဆင်းပြီး စုံစမ်းတဲ့အခါ စီးပွားရေးမျက်စိ၊ စစ်ရေးအမြင်ဆိုတာ ထိပ်တန်းထားတဲ့ လူတွေ ရှိသလို အသိပညာသစ်ပွားအောင် လေ့လာတယ်ဆိုတဲ့ လူလည်း ရှိပါသေးတယ်။ သူတို့က အတွေ့အကြုံကို ဟောပြောတယ်။ ရေးသားပုံနှိပ်တယ်။ ဒီလိုနဲ့ အာရှသင်းတော် (Royal Asiatic Society) ပေါ်တယ်။
နောက်တော့ ဂျာနယ်ထုတ်တယ်။ နောက် အာရှသင်းတော်ရဲ့ ဘင်္ဂလားသင်းခွဲ၊ မာလာယုသင်းခွဲ၊ သီဟိုဠ်သင်းခွဲဆိုသလို သင်းခွဲတွေ ပေါ်လာတယ်။ စာပေ၊ ဓလေ့၊ ဓမ္မသတ်၊ ယဉ်ကျေးမှု၊ ရာဇဝင်ဆိုတာတွေကို အရင်းအမြစ်က စပြီး ဖော်ထုတ်လေ့လာတယ်။ ယိုးဒယားက အာရှသင်းတော်နဲ့ အလားတူ ယိုးဒယားသင်း အမည်ခံပြီး သုတေသနသင်းတစ်သင်း ပေါ်တော့ မြန်မာကလည်း မြန်မာ သုတေသနသင်းကို 1910 က စတင်ဖွဲ့စည်းပြီး အသင်းဂျာနယ်ကို တစ်နှစ် နှစ်ကြိမ်၊ နောက် တစ်နှစ် သုံးကြိမ်၊ နောက် တစ်နှစ် နှစ်ကြိမ်ထုတ်ပြီး အသင်းရဲ့ ငါးဆယ်ပြည့်ပွဲနဲ့ ခြောက်ဆယ်ပြည့်ပွဲတွေကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်။ အထိမ်းအမှတ် စာစောင်တွေလည်း ထုတ်တယ်။ ခုနှစ်ဆယ်ပြည့်ပွဲ လုပ်နေဆဲမှာ အသင်းပျက်သွားရော။
အဲဒီအသင်းဂျာနယ်မှာ ငါက 1958 ကနေ 1961 ထိ အယ်ဒီတာ သုံးနှစ် လုပ်ဖူးတယ်။ အဲဒီတုန်းက အသင်းနှစ်ပတ်လည် အစည်းအဝေးမှာ အမှုဆောင်သစ်ရွေးတဲ့အခါ အရင်က အပြိုင်အဆိုင် အရွေးခံရတယ်လို့ မရှိ။ ညှိနှိုင်းပြီး အမှုဆောင်တွေ ခန့်လိုက်ကြမြဲမှာ ငါ့မိတ်ဆွေ တင်လှသော်က ငါ့ကို အယ်ဒီတာလုပ်ဖို့ အဆိုတင်တယ်။ ထောက်ခံတဲ့လူက ထောက်ခံနဲ့ အယ်ဒီတာဟောင်းကလည်း ဒီလိုဆိုရင် သူ့နေရာယူပါနဲ့ ငါ အယ်ဒီတာ ဖြစ်သွားတယ်။
သဘောက သုတေသနကို အားပါးတရ လုပ်မယ်။ ဝတ်ကျေတမ်းကျေ မလုပ်ဘူးဆိုတဲ့ ခံယူချက်နဲ့ ဇွတ်ဝင်တာပဲ။ အရင်က သမိုင်းဆောင်းပါး ကောင်းကောင်းတွေကို ပုံနှိပ်ရင် ငွေ သိပ်ကုန်မှာ ဖြစ်တယ်။ ပြီးတော့ လိုချင်တဲ့ ခဲစာလုံးရဖို့ ခက်တယ်လို့ အကြောင်းပြပြီး ဘေးချထားတဲ့ စာတမ်းတွေအားလုံး ယူပြီး ဂျာနယ်တစ်စောင် ထုတ်လိုက်တယ်။ ထွက်တဲ့ စာစောင်က Journal of the Burma Research Society (JBRS) မြန်မာနိုင်ငံ သုတေသနသင်းဂျာနယ်၊ အတွဲ ၄၂၊ အပိုင်း ၁၊ ဇွန် 1959 ဖြစ်ပါတယ်။
ဒီစာစောင် အတွဲ ၄၂၊ အပိုင်း ၂၊ ဒီဇင်ဘာ 1959 အဆုံးမှာ "သုတေသနစာစောင်" ကို စာတမ်းပို့ရင် ဒီပုံစံရေးပေးပါ ဆိုပြီး Style Sheet ရေးဟန်အညွှန်း ထည့်လိုက်သေးတယ်။ ဒါကိုလည်း ရန်ကုန်တက္ကသိုလ် ဌာနပေါင်းစုံက လူတွေက ရွံကြ မုန်းကြ လူပါးဝတယ် ထင်ကြတယ်။ အသင်းက ဂျာနယ်တစ်စောင်ကို ထုတ်ဖို့ငွေ 1500 ကျပ် ပေးတယ်။ ငါ ထုတ်တဲ့ ဂျာနယ်က ငွေ 6500 ကျပ်ကုန်တယ်။ ငွေ 5000 ကျပ် အလှူခံပြီး ကြွေးဆပ်တယ်။ အဲဒီဂျာနယ်ကို အလှူငွေနဲ့ ထုတ်တာဖြစ်လို့ ဈေးပိုမတောင်းဘဲ တစ်စောင် ခြောက်ကျပ်နဲ့ပဲ ရောင်းတယ်။ ရောင်းကောင်းလို့ အဲဒီဂျာနယ် တစ်စောင်တည်းကို နောက်ထပ် နှစ်ခါ၊ သုံးခါ ပုံနှိပ်ရတယ်။ ဒါပေမဲ့ ငါ့မှာ ရန်သူများလာတယ်။
အသင်းကို မတင်ပြဘဲ သူလုပ်ချင်ရာ စွတ်လုပ်တယ် ဆိုတာက ပြစ်မှုကြီးတစ်ခုလို ဖြစ်လာတယ်။ ဂျာနယ်နောက်ထပ်ထွက်ဖို့ စာမူတွေ တောင်းတဲ့အခါ ပထဝီဝင်၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘူမိဗေဒ၊ ဒဿနိက ဆိုသလို ဘယ်ဌာနကမှ မပေးကြဘူး။ ငါ့ကို ရွံလို့ မပေးတာ မထင်နဲ့။ ဒီလူတွေ ဟန်ကျပန်ကျ သုတေသနစာတမ်း မရေးနိုင်လို့ မပေးတာလို့ပဲ ယူဆတယ်။ ဒီလိုပဲ ပြောတယ်။ နောက်တော့ ကိုယ့်လူစုကိုပဲ မင်းက ဒါရေး၊ ငါက ဒါရေးမယ်ဆိုပြီး သမိုင်းဆောင်းပါးတွေနဲ့ပဲ ဂျာနယ်တွေ ဆက်ထွက်လာတယ်။ တစ်ခါမက နှစ်ခါ သုံးခါ ဒီလိုဖြစ်လာတော့ အရင်က ဘာသာစုံဂျာနယ်ဟာ အခု သမိုင်းဂျာနယ် ဖြစ်နေပြီလို့ အတင်းပြောတယ်။ အဲဒီတော့ ငါ့ဘာသာ အယ်ဒီတာအဖြစ်က နုတ်ထွက်လိုက်တယ်။ တကယ်ဖြစ်တဲ့အတိုင်း ပြောတာ။ ပတ်သတ်တဲ့လူတချို့ မသေသေးပါ။ မေးကြည့်နိုင်ပါတယ်။ တဖက်ကပြောတော့ အသင်းထုံးစံ အယ်ဒီတာက ဘာလုပ်ပြီးပြီ၊ ဘာဆက်လုပ်မယ်၊ ရငွေကို ဘယ်လို သုံးမယ်၊ လိုငွေ ဘယ်လို ရှာမယ်ဆိုတာ တင်ပြရမယ်။ ငါက အဲဒီစည်းကမ်းကို မလိုက်နာဘူး။
"ကဲ ခွေးသေသလို သေရစ်ပေါ့ကွယ်"
ငါ သူတို့ကို စွန့်ပစ်ခဲ့တယ်။ အယ်ဒီတာအလုပ် ပြုတ်ခဲ့တယ်။ နောက် အယ်ဒီတာ တစ်နေရာလည်း ပြုတ်ဖူးတယ်။
***
(ဒေါက်တာသန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)
***
Journal of the Burma Research Society (JBRS) အကြောင်း။
***
Thursday, July 29, 2010
Subscribe to:
Post Comments (Atom)
2 comments:
ဖတ်လို့ကောင်းတယ်၊ ဆက်ဖတ်ချင်နေမိသေးတယ်။
တစ်ခါမက နှစ်ခါ သုံးခါ ဒီလိုဖြစ်လာတော့ အရင်က ဘာသာစုံဂျာနယ်ဟာ အခု သမိုင်းဂျာနယ် ဖြစ်နေပြီလို့ အတင်းပြောတယ်။ အဲဒီတော့ ငါ့ဘာသာ အယ်ဒီတာအဖြစ်က နုတ်ထွက်လိုက်တယ်။
That's right.
BINO
Post a Comment