Wednesday, July 21, 2010

ဒေါက်တာ သန်းထွန်း (၂)

ကျွန်တော်က ကျောင်းဆရာပါ။ ဒါပေမဲ့ ကျွန်တော့လုပ်ငန်းက စာရေးတာပါ။ နောက်ဆုံးတော့ လူ အတော်များများကလည်း ကျွန်တော့ကို စာရေးဆရာလို့ ထင်နေကြတယ်ပေါ့။ ထင်ကြတဲ့ အတူတူ ကျွန်တော် ဘယ်လို စာရေးဆရာဖြစ်သလဲဆိုရင် ဘယ်သူရေးတာတော့ မှားတယ်၊ ဘယ်သူရေးတာ လိုနေတယ်၊ မပြည့်စုံဘူး ဆိုပြီး ကလောင်နဲ့ ရန်သူမွေးတဲ့ စာရေးဆရာ ဖြစ်ပါတယ်။ အဲဒီဘက်က အောင်မြင်တယ်လို့ ထင်ပါတယ်။ တကယ်က စာဖတ်လို့ကောင်းအောင် ရေးနိုင်တဲ့ စာရေးဆရာ မဟုတ်ပါဘူး။ စာရေးဆရာစစ်စစ်က ဖတ်ကောင်းအောင် ရေးနိုင်တယ်။

ကျွန်တော်တို့ ရေးတဲ့စာဟာ ဖတ်မကောင်းတာ သေချာတယ်။ အဲဒါကြောင့် ကျွန်တော့စာအုပ်တစ်အုပ်ရဲ့ မျက်နှာဖုံးမှာ "ဒီစာအုပ် ဖတ်ကောင်းမယ်လို့ အာမ မခံ" လို့ ရေးခဲ့တယ်။ ဒါလောက်ပြောရင် ကျွန်တော် စာရေးဆရာကောင်း မဟုတ်ဘူး ဆိုတာ ထင်ရှားသွားပြီ။ ကျွန်တော်တို့ ရေးထားတဲ့ စာတွေက တမင် ကြိုးစားပြီး ကိုးရိုးကားယား ရေးတယ်လို့တောင် ထင်စရာရှိတယ်။ ဖတ်မကောင်းပါဘူး။

***
ကျမ်းကို ပုံနှိပ်ပြီးတဲ့နောက် အနှစ် 20 လောက် ကြာတဲ့အခါ ပြန်ပြီး စစ်ဆေးရတယ်။ ဖြည့်ရ တည်းဖြတ်ရတယ်။ ကျွန်တော် သုတေသန လုပ်သက် နှစ် 40 ရှိပြီဆိုတော့ အနှစ် 20 လောက်ရှိရင် ရေးပြီးသားတွေမှာ ပြင်စရာတွေ တွေ့ပါတယ်။ ဟိုတုန်းက ရှေးဟောင်းသုတေသနက မတူးရသေးလို့၊ ဒါမှမဟုတ် ဒီမှတ်တမ်းတွေ လူမတွေ့သေး၊ မဖတ်သေး၊ မကိုင်တွယ်ရသေးလို့၊ ဒီအကြောင်းအရာတွေကို မသိခဲ့လို့ အမြင်မှား၊ အထင်မှားတွေ ရှိတယ်။ အဲဒါတွေကို ပြန်ပြင်ရမှာကလည်း ကိုယ့်တာဝန်ပဲ။ ဒီတော့ ကျွန်တော်တို့ ရေးထားတာတွေကို ဘယ်တော့မှ လက်စသပ်လို့ ရပြီလို့ မပြောဝံ့သလောက်ပါပဲ။

ကိုယ်တိုင် ပြင်မသွားနိုင်တော့တဲ့အခါ တပည့်တွေ တာဝန်ဖြစ်သွားပြန်တယ်။ အသက်ကလေး တော်တော်ရလာတဲ့အခါ တပည့်တွေကို မှာရတယ်။ ငါမှားတာတွေ မင်းတို့ ပြင်လိုက် ဖြည့်လိုက်ကြပါ။ မှာတဲ့အတိုင်း ဘယ်နှယောက် လုပ်မယ်တော့ မသိ။ ဒါပေမဲ့ မှာခဲ့ရတာပဲ။ ဘာဖြစ်လို့ဆိုတော့ အခု ကိုယ့်အထက် ကိုယ့်ဆရာကြီးတွေ ကျွန်တော်တို့ကို ပြောပြသွားတာတွေမှာ ခုရလာတဲ့ အထောက်အထားတွေနဲ့ မဟပ်မိတာတွေ ရှိတယ်။

ရှေးဟောင်း သုတေသနကလည်း မတူးဖော်ရသေး၊ တချို့မှတ်တမ်းတွေလည်း မတွေ့သေးဘူးဆိုရင် သူတို့ရေးတဲ့ထဲ တချို့အကြောင်းအရာတွေ ဘယ်ပါနိုင်မလဲ။ ဒါတွေကို ကျွန်တော်က ဖြည့်တယ်။ ကျွန်တော်ပြောတာထဲ မပါတာကို ကျွန်တော့်တပည့်က နောင်အခါ ဖြည့်ရမှာပဲ။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဒီလိုပြောတာ တချို့က မလွန်ဘူးလား မေးတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ ဆရာရဲ့ အမှားကို ပြင်တယ်ဆိုတော့ လူသာမန်အနေနဲ့ မကြိုက်ဘူးပေါ့။ နဲနဲ အကဲပိုပြောတယ်လို့ ထင်နိုင်တယ်။ တချို့ကလည်း ဒီလူ သူ့ကိုယ်သူ သိပ်တော်တယ် ထင်နေတာလို့ ပြောသံလည်း ကြားဖူးတယ်။ ဆရာသမား လူကြီးမိဘ စော်ကားရင် မြေမြိုလိမ့်မယ်လို့လည်း ခြိမ်းခြောက်ပါတယ်။

ဒါပေမဲ့ ကျွန်တော် ခုန ပြောသလိုပဲ။ ကိုယ်တိုင်ရေးတာလည်း အနှစ် ၂၀ လောက် ကြာတဲ့အခါ ပြင်ရတာ ဖြည့်ရတာ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ရေးတဲ့စာကတော့ ဘယ်တော့မှ ရပ်နားလို့ မရဘူး။ ဆက်သွားနေမှာပဲ။

တခြားနိုင်ငံ၊ တခြား ဘာသာရပ်တွေကို သုတေသနလုပ်သူတွေလည်း ကျွန်တော်တို့လိုပါပဲ။ သူတို့ကိုယ်တိုင် ရေးခဲ့တဲ့ စာအုပ်တချို့က ပုံနှိပ်ပြီး စာအုပ်ဆိုင်က စင်ပေါ်ရောက်ရင်ပဲ ဒီစာအုပ်ဟာ ခေတ်နောက်ကျသွားပြီ။ ပုံနှိပ်နေရတဲ့ အချိန်ကာလမှာ ပေါ်လာတဲ့ နောက်ဆုံးအသိတွေ မပါနိုင်တော့ဘူးလို့ ဆိုလိုတယ်။ စာတမ်းတစ်ခု မြန်မြန်ရေးပြီး ဆက်ရ ဖြည့်ရ ပြင်ရပြန်တယ်။ ကျွန်တော်တို့ မြန်မာ့သမိုင်း သုတေသနမှာတော့ အသိသစ်က အခု ပြောသလောက် မြန်မြန် မပေါ်ပေါက်နိုင်လို့ နောက် အနှစ် ၂၀ ကြာရင် ပြန်ပြင်ရမယ်လို့ ပြောရတာပါ။ ပြီးတော့ ငါပြင်ချိန်မရလည်း ငါ့တပည့်တွေ တာဝန်ပေါ့လို့ ပြောရတာပါ။

***
ပညာဆိုတာက အမွေပေးလို့မရဘူး။ သင်ကြားပေးလို့တော့ ရတယ်။ ဒါပေမဲ့ လက်ခံသင်ယူတဲ့ လူရဲ့အရည်အချင်းက သိပ်အရေးကြီးတယ်။ ဆရာက အစတော်တယ် ဆိုပေမဲ့ တပည့်မတော်ရင် အဆုံးသတ်ညံ့မယ်။ ဆရာတွေက ဒီကောင်သိပ်တော်တယ် ငါ့တပည့်ကွလို့ ပြောတတ်ကြတယ်။ ကျွန်တော်ကတော့ ဒီကောင်တော်လို့ ငါ့ဆီမှာ လာ တပည့်ခံတာလို့ ပြောလေ့ရှိပါတယ်။

(ဒေါက်တာ သန်းထွန်း)

***
(သမိုင်းနှင့် စကားပြောခြင်း စာအုပ်မှ ကောက်နုတ်ပါသည်)


***

2 comments:

ဇွန်မိုးစက် said...

သမိုင်းနဲ့ပတ်သက်ပြီး ဆရာကြီးပြောသွားတာတွေ သိပ်ကြိုက်တယ်။

Bino said...

ဆရာသမား လူကြီးမိဘ စော်ကားရင် မြေမြိုလိမ့်မယ
I had never believed it.

ပညာဆိုတာက အမွေပေးလို့မရဘူး။ သင်ကြားပေးလို့တော့ ရတယ်။ ဒါပေမဲ့ လက်ခံသင်ယူတဲ့ လူရဲ့အရည်အချင်းက သိပ်အရေးကြီးတယ်။ ဆရာက အစတော်တယ် ဆိုပေမဲ့ တပည့်မတော်ရင် အဆုံးသတ်ညံ့မယ်။

I like this words.

BINO