မြန်မာသမိုင်းကော်မရှင်၊ သမိုင်းတံခွန်စာစောင်
မြန်မာသမိုင်းကို အားကိုးလောက်တဲ့ ကျမ်းကြီးကျမ်းခိုင်ဖြစ်အောင် ကျမ်းတစ်စောင်တစ်ဖွဲ့ ပြုစုရေးသားထုတ်ဝေဖို့ (ပညာရှင် ၁၀ ယောက်လောက်ကို) 1955 က အဖွဲ့တစ်ခု ဖွဲ့ပေးတယ်။ အံ့သြစရာကောင်းတာက သမိုင်းသုတေသန တကယ်လုပ်တဲ့လူ တစ်ယောက်မှ မပါဘူး။ ဒီလိုပြောတာ တရားလွန်၊ မလွန် သမိုင်းတံခွန် အတွဲ ၁၊ စာစောင် ၁၊ ဇွန် 1960၊ ရှေ့ဖုံး ကျောဘက်မှာပါတဲ့ ကော်မရှင်အဖွဲ့စာရင်းကို ကြည့်ပါ။
...
ဒီစာရင်းမှာ သမိုင်းပါမောက္ခဖြစ်တဲ့ ဦးဘညွန့်နဲ့ ဦးကျော်သက်တို့လဲ သမိုင်းသုတေသနကို တကယ်တမ်း စိတ်ပါဝင်စားသူတွေ မဟုတ်ပါ။ မင်းပေးဘွဲ့တွေနဲ့ ရာထူးကြီးကြီး ပုဂ္ဂိုလ်တွေကလည်း သုတေသနသမားတွေ မဟုတ်ပါ။ ဆရာလုစ် တစ်ယောက်သာ သမိုင်းသုတေသနကို အထူး လေးလေးစားစား လုပ်ပါတယ်။ ဒါပေမဲ့ သူက သမိုင်းစစ်စစ် မဟုတ်ပါ။
...
သမိုင်းတံခွန် အတွဲ ၁၊ အပိုင်း ၂၊ ဒီဇင်ဘာ 1960၊ မှတ်စုနဲ့ စာပေဝေဖန်ခန်း (Notes and Review) မှာ ပါရှိတဲ့ စာတမ်းတစ်စောင်အတွက် ပြဿနာပေါ်တယ်။
...
အပိုဒ် ၄၀၂ (ဃ)။ ။ မန္တလေး ပထမမြို့နန်းတည် မင်းတရားသည် ရတနာသုံးပါးနှင့် စပ်၍ အရပ်ရပ်အလှူအတွက် ကုန်ငွေ ၂၆ နှစ် သံဝစ္ဆရချုပ်သည့်အခါ ၂၂ ကုဋေ ၆ သန်းကျော်ကုန်သည်။ ထိုကဲ့သို့ လှူဒါန်းခြင်းမှာ ကိုယ်ပိုင်ငွေကို လှူဒါန်းလျှင် ကုသိုလ်ရသည်။ နိုင်ငံစောင့်ရှောက်ရန်ငွေကို လှူဒါန်းသုံးစွဲပြစ်လျှင် ခိုးခြင်း ၂၅ ပါးတွင် ပါဝင်သည်။ လိမ်လည်၍ ယူခြင်း၊ နှိပ်စက်၍ယူခြင်း အမှုကို ပြုရာရောက်သောကြောင့် မင်းကျင့်တရားပျက်သည်ဟု ရာဇဓမ္မသင်္ဂဟ မှာ လာသည်။
(တင် မြန်မာမင်း အုပ်ချုပ်ပုံ၊ ၃၊ 1971 ပြန်ပုံနှိပ်၊ 132)
ယောမင်းကြီး ဦးဘိုးလှိုင် 30 နိုင်ဝင်ဘာ 1878 က ရေးပြီးတဲ့ ရာဇဓမ္မသင်္ဂဟကို ညွှန်းလို့ အဲဒီစာအုပ်ကို ရှာကြည့်တဲ့အခါ...
ကောင်းမွန်စွာ ကုန်စည်ကူးသန်း ရောင်းဝယ်ရအောင် လယ်ယာလုပ်ဆောင်ရအောင် စောင့်ထိန်းစေမည့် စောင့်ထိန်းရန်ဖို့ ပေးသည့် အခွန်အတုတ်ကို ယူပြီးလျှင် အလိုရှိရာ လှူဒါန်းပေးကမ်းခြင်းကို မလုပ်သင့်။ အလိုရှိရာ လှူဒါန်းပေးကမ်း စားသုံးလျှင် ခိုးခြင်း ၂၅ ပါးတို့တွင် လှည့်လည် လှည့်စား၍ ယူသော ကုဋာဝဟာရ နှိပ်စက်၍ ယူသော ပသယှာဝဟာရတို့မှ လွန်နိုင်ရန် အကြောင်းမရှိ။
(ဘိုးလှိုင် 1878၊ 35)
သမိုင်းသုတေသနမှာ တွေ့ရင် တွေ့သလို ရေးရတယ်။ ငါချစ်တဲ့လူ၊ ငါမုန်းတဲ့လူ၊ ငါကြောက်တဲ့လူ၊ ငါမသိလို့ ရမ်းရေးတာဆိုမျိုး မလုပ်ရ ဆိုတဲ့အတိုင်း ငါလုပ်တယ်။ ငါ နောင်တ မရပါ။
ရွှေပြည်ဝန်ကြီး အမှုထမ်း မြင်းထိန်းငတာက လူစုစုရှိရင် ရွှေပြည်ဝန်ကြီးရေးတဲ့ ဝိမုတ္တိရသကျမ်း၊ ကာသာနုပဿနာကျမ်း၊ ဥတုဘောဇနကျမ်းတွေ သိပ်ကောင်းတယ်။ ဖတ်ကြည့်စမ်းလို့ ပြောလေ့ရှိတာကို ရွှေပြည်ဝန်ကြီးကြားတော့ ဝန်ကြီးက ငတာကို ဒေါင်းဒင်္ဂါး 16 ပြား ပေးပြီး "ဒီငွေနဲ့ ပုဆိုးဝယ်ဝတ်၊ ငါ့ကျမ်းတွေကို ချီးမွမ်းစကား နောက် မပြောလေနဲ့" လို့ ဆိုတယ်တဲ့။ ယောမင်းက ထွင်တဲ့ စာအုပ်ကြော်ညာဖြစ်မယ် ထင်ပါတယ်။ ငါ ဒီလို ပြောတာကို ထိန်ဝင်းစာပေက 1960 မှာ တည်းဖြတ်ပုံနှိပ်တဲ့ ရာဇဓမ္မသင်္ဂဟ စာတည်း မောင်ထင်က ကန့်ကွက်မလားပဲ။
စကားစပ်မိတာနဲ့ ဆက်ပြောရဦးမယ်။ မင်းတုန်းလက်ထက်က ဥရောပကို လူငယ်တွေ ပညာတော်သင် သွားရတယ်။ အဲဒီအခါ တွေ့တဲ့ အခက်အခဲက...
(၁) ဒီက အခြေခံပညာမှာ ခေတ်ပညာမပါတော့ ဟိုမှာ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ စတဲ့ ပညာတွေကို အခြေခံတဲ့ ဥရောပ ခေတ်ပညာတွေနဲ့ စက်မှုလက်မှု လုပ်ငန်းတွေကို သင်လို့ ဘယ်လိုမှ ကောင်းကောင်းမတတ်၊ တတ်ချင်ရင်လည်း သိပ် ကြိုးစားရမယ်။ အချိန်ကြာမယ်။ ဇွဲရှိရမယ်။ ဉာဏ်ထက်ရမယ်။ ဒီက လွှတ်လိုက်တာက ဒီလို ကောင်လေးတွေလား မေးရင်...
(၂) မိဖုရား၊ မင်းညီမင်းသား၊ အမှူးအမတ်တွေရဲ့ အိမ်တော်ပါ ကျွန်၊ တူ၊ သား မြေးတွေ ဖြစ်နေတယ်။ ပညာ ချွန်၊ မချွန် မှန်းကြည့်လို့ရတယ်။ ပြီးတော့
(၃) ဘာသာစကား အခက်အခဲ ရှိတယ်။ ကိုယ်ပြောတာ သူမသိ၊ သူပြောတာ သူနားမလည် ဆိုတာကို ဂျုလိယ ဆီဇာလို "ငါလာတယ်၊ ငါမြင်တယ်၊ ငါပိုင်တယ်" ဘယ်ဖြစ်တော့မှာလဲ။ ဆွံ့အ ပင်းကန်းတွေပဲ မဟုတ်လား။
(၄) ဒီလိုလူတွေ အပေါ်မှာ အထူး မေတ္တာထားပြီး စေတနာဆရာရယ်လို့ကော ရှိမလား။ မင်းဒုက္ခနဲ့ မင်းပဲ ထားလိုက်မှာပေါ့။
အဲဒီ ဝဲကြီး ၄ မျိုးကို ကျော်ပြီး၊ မသေမပျောက် ပြန်ရောက်လာတဲ့ ဘိလပ်ပြန်က မြန်မာလို သူတတ်သမျှ ရေးတယ်။ ယောကို နှံ့စပ်သူဆိုပြီး စာတည်းလုပ်ခိုင်းတယ်။ သိပ္ပံဝေါဟာရကို ဆီလျော်အောင် ပါဠိနာမည် ထွင်ပေးတယ်။ သိပ္ပံလည်း မတတ်၊ ပါဠိလည်း ပြောင်မြောက်အောင် တတ်ချင်မှ တတ်မယ်။ Oxygen ကို အောက်ဆီဂျင်လို့ ဘာသာပြန်ပေးတဲ့ တက္ကသိုလ်သုခမိန်တွေကမှ တော်သေးတယ် (ပညာရပ် ဝေါဟာရများ OPQ 1973၊ 24)။ အတိုပြောတော့ Chemistry, Anatomy ဆိုတာတွေမှာ သူက စာတည်း၊ ရာဇဓမ္မသင်္ဂဟမှာ သူကိုယ်တိုင်ရေးတော့ Administration, Banking, Budget, Constitution, Democracy, Economics, Political Science တွေကို သူက အနည်းအပါး ကြားဖူးရုံရှိမယ်။ သေသေချာချာ လေ့လာကျွမ်းကျင်တယ်လို့ မထင်ပါ။ ဒါပေမဲ့ ခိုးမှု ၂၅ ပါး သူထောက်ပြတာကိုတော့ ငါတို့ ကျေနပ်တယ်။ သူပြောတာကိုလည်း ထောက်ခံတယ်။
***
(ဒေါက်တာသန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)
***
Tuesday, August 3, 2010
Subscribe to:
Post Comments (Atom)
1 comment:
အပိုဒ် ၄၀၂ (ဃ)။ ။ မန္တလေး ပထမမြို့နန်းတည် မင်းတရားသည် ရတနာသုံးပါးနှင့် စပ်၍ အရပ်ရပ်အလှူအတွက် ကုန်ငွေ ၂၆ နှစ် သံဝစ္ဆရချုပ်သည့်အခါ ၂၂ ကုဋေ ၆ သန်းကျော်ကုန်သည်။ ထိုကဲ့သို့ လှူဒါန်းခြင်းမှာ ကိုယ်ပိုင်ငွေကို လှူဒါန်းလျှင် ကုသိုလ်ရသည်။ နိုင်ငံစောင့်ရှောက်ရန်ငွေကို လှူဒါန်းသုံးစွဲပြစ်လျှင် ခိုးခြင်း ၂၅ ပါးတွင် ပါဝင်သည်။ လိမ်လည်၍ ယူခြင်း၊ နှိပ်စက်၍ယူခြင်း အမှုကို ပြုရာရောက်
သမိုင်းသုတေသနမှာ တွေ့ရင် တွေ့သလို ရေးရတယ်။ ငါချစ်တဲ့လူ၊ ငါမုန်းတဲ့လူ၊ ငါကြောက်တဲ့လူ၊ ငါမသိလို့ ရမ်းရေးတာဆိုမျိုး မလုပ်ရ ဆိုတဲ့အတိုင်း ငါလုပ်တယ်။ ငါ နောင်တ မရပါ။
Same as my policy.
But I've never written.
BINO
Post a Comment