စာသင်ခန်း အင်ဂြင်နယာရင်း အင်္ဂလိပ်စာ တိုက်တန်းနစ်
ကိုယ်တွေနှစ်က ကျောင်းက အင်္ဂလိပ်စာမှာ အစောပိုင်းသင်ရတာတွေက အင်္ဂလိပ်စာလို့သာ ပြောတာ၊ တကယ်တော့ အင်ဂျင်နီယားရင်းဘာသာရပ်မျိုးစုံကို စုပြုံထည့်ထားတာ။ ပြောရရင်တော့ စိတ်ဝင်စားစရာ သိပ်ကောင်းတယ် မထင်ဘူး။ ကားတို့ အဝတ်လျှောက်စက်တို့ တယ်လီဖုန်းတို့ တွင်ခုံတို့ ပိုင်ရိုက်တာတို့ ဒိုင်နမိုတို့ အကြောင်းတွေ... ပြောရတာတောင် လေပါတယ်။ ကောင်းတာကတော့ ပညာရပ်ဆိုင်ရာ အကဲဒမစ်စာလုံးတွေတော့ သိနိုင်တာ။ နောက် resume နဲ့ application letter တွေ ဘာတွေ ရေးခဲ့ရတာ။ ပြီးတော့ မေဂျာဘာသာတွေက ကိုယ် အထူးပြုရာပဲ သင်တာပေမယ့် အင်္ဂလိပ်စာမှာတော့ ရှိ ရှိသမျှ အထူးပြုကဟာတွေ အကုန်စုပြုံထည့်ထားတော့ စိတ်ဝင်စားတဲ့သူအတွက်တော့ ကောင်းတာပေါ့။ စိတ်မဝင်စားတဲ့သူအတွက်လည်း ကောင်းတာပါပဲ (စိတ်ညစ်ဖို့)။
အဲဒီမှာ အံချော်နေတာ တစ်ခုရှိတယ်။ engineering maths ကို သင်္ချာက ဆရာ/မတွေသင်တာ ဘာမှ မဖြစ်ပေမယ့်၊ အင်္ဂလိပ်စာထဲက အင်ဂျင်နီယာဆိုင်ရာ အကြောင်းအရာတွေကို အင်္ဂလိပ်စာက ဆရာ/မတွေသင်တော့ တချို့ဟာတွေ သူတို့လည်း ခက်၊ ကိုယ်တွေလည်း ခက်။ (စိတ်ဝင်စားပြီး တော်တဲ့လူတွေအတွက်ကတော့ မခက်ဘူးပေါ့။ စကားမစပ် အင်ဂျင်နီယာပညာဟာ တကယ်တမ်းကျ သင်စရာ သိပ်မလိုတဲ့ ပညာပဲ။ စဉ်းစားကြည့်။ စိတ်ဝင်စားတဲ့လူတွေက စာဖတ်ရုံနဲ့ 75% လောက်ကို အလိုလို သဘောပေါက်ပြီးနေပြီ၊ မြင်ပြီးနေပြီ။ စိတ်မဝင်စားတဲ့လူတွေကျ ဘယ်လောက်သင်သင် ဘယ်လိုသင်သင် စာမေးပွဲပြီးတာနဲ့ အကုန် ကုန်ရော။ ဘာမှကို မကျန်ဘူး။ နှစ်မျိုးနှစ်စားလုံးအတွက်က ကျောင်းတက်ပြီး သင်ကြတယ်ဆိုတာ ဘွဲ့အတွက်မျှသာပဲ။)
တခါတလေ စီနီယာ့ စီနီယာ အင်ဂျင်နီယာများနဲ့ စကားပြောရရင် အတော်လေးကို ကိုယ့်အတိုင်းအတာ ကိုယ်ပြန်မြင်လာမိတယ်။ စာထဲက ခက်ခဲ ကျပ်တည်းလှတယ်လို့ ထင်တဲ့ အကြောင်းအရာတွေကို သူတို့က ခဏ ဖတ်ကြည့်လိုက်ရင်ပဲ အလုံးစုံ သိမြင်ကုန်ပြီ။ အလုပ်ထဲရောက်တော့ အထက်လူကြီးတွေနဲ့ စကားပြောရင်း အဲဒီဘာသာရပ်ဆိုင်ရာတွေ ရောက်လာရင် ဘယ်လို ထွက်ပြေးချင်မှန်း မသိဘူး။ သူတို့ကလည်း သူတို့ သန်ရာ သန်ရာဆိုတော့ နောက်ပေါက်တွေကို သိပ်ပြောပြချင်တာ။
သူတို့ မျက်လုံးထဲမှာ ကားတစ်စီးကွေ့လိုက်တာမှာလည်း အင်ဂျင်နီယာပညာ၊ ကွန်တိန်နာထဲက ဂျင်နရေတာတလုံးကို မ, ထားတဲ့ ကရိန်းကြိုးမှာလည်း အင်ဂျင်နီယာပညာ။ (applied mechanic ဆိုတာကို အဲဒီလို လက်တွေ့နဲ့ ယှဉ်တွေးလို့ ရပါလားလို့ အဲဒီတော့မှ သိခဲ့ရတာ။ သိရတဲ့အချိန်မှာ သိပ်ကို နောက်ကျသွားပြီ)။ ခန္ဓာကိုယ် အောက်ပိုင်းနဲ့ အပေါ်ပိုင်း ဘယ်အပိုင်းကို ရေ အရင် စ လောင်းသင့်တယ်ဆိုတာမှာလည်း အင်ဂျင်နီယာပညာ၊ သူတို့အတွက် မြင်မြင်သမျှ ကမ္ဘာလောကကြီး တခုလုံးက အင်ဂျင်နီယာပညာ (ပျင်းစရာကြီး)။
တကယ်ဆိုရင် ဘယ်စက်တွေ ဘယ်သူတွေကို ဘယ်ဈေးနဲ့ရောင်းထွက်တယ်၊ ဘယ်သူတွေဝယ်ထားတဲ့ ဘယ်စက်တွေရဲ့ ဘယ်စပယ်ရာပါ့တ်တွေ ဘယ်ချိန်လောက်ကြွလို့ ကိုယ်က ဘာတွေ ကြိုဝယ်လှောင်ပြီး ဘယ်ဈေးနဲ့ ရောင်းလို့ရတယ်ဆိုတာက ပိုစိတ်ဝင်စားစရာ မကောင်းပါလား။ (အမှန်တော့ ဒါတွေလည်း သူတို့ဆီကပဲ သင်လာခဲ့ရတာပါပဲ။ ကိုယ်သိတာ သူတို့သိတာရဲ့ အစိတ်အပိုင်းလေးပဲ ရှိတာပါ)
***
ဒီလိုနဲ့ နောက်ပိုင်း အင်္ဂလိပ်စာကျတော့ အင်ဂျင်နီယားရင်းတွေ မဟုတ်တော့ဘူး။ ဘယ်သန် ညာသန်အကြောင်းတို့၊ အရောင် (colors) တွေနဲ့ လူ့စိတ်သဘာဝ အကြောင်းတို့ နောက်တော့ ဘာတွေလဲ မသိ။ အဲလိုဆန်ဆန်အကြောင်းတွေဆိုတော့ နည်းနည်း အပျင်းပြေလာတယ်။ ငယ်တုန်းကတော့ အင်္ဂလိပ်စာဆိုတာ မေဂျာဘာသာကြီး မဟုတ်လား။ အရေးကြီးတဲ့အချိန် ဂရုတစိုက်နဲ့ သင်ရတဲ့ဘာသာ။ နောက်တော့ အင်္ဂလိပ်စာဆိုတာ မိုင်နာဘာသာ၊ မေဂျာတွေ သင်ပြီးလို့ ခေါင်းပူနေတဲ့အချိန် ပေါ့ပေါ့ပါးပါး သင်လို့ရတဲ့ ဘာသာ။ ဘယ်ကရောက်လာမှန်း မသိတဲ့ အီကွေးရှင်းတွေ လာသင်တဲ့ သင်္ချာထက်တောင် ပေါ့ပါးသေးတယ်။
ဒါနဲ့ ဘယ်သန် ညာသန်အကြောင်းဆို အရင်တုန်းက သေချာ မသိဘူး။ ဖတ်မိတဲ့စာတွေထဲ မပါသလား သတိပဲ မထားမိသလား မသိ။ ကိုယ့်စိတ်ထဲမှာ ဘယ်သန်၊ ညာသန်ဟာ မွေးရာပါ သဘာဝလို့ မထင်တာ။ ကိုယ် ညာသန်ခဲ့တာဟာ ငယ်တည်းက ညာဘက်နဲ့လုပ်လာတာ အကျင့်ပါနေလို့လို့ ထင်ခဲ့တယ်။ ဘယ်သန်တွေဟာလည်း ဒီလိုသဘောပဲလို့ ထင်ခဲ့တယ်။ ကျောင်းမှာ အဲဒီအကြောင်းအရာ မသင်ခင်ကလေးတင်မှ တိုက်တိုက်ဆိုင်ဆိုင် Knowledge Computer Journal ထဲက (အဲဒီစာစောင်အကြောင်း ဒီမှာ ရေးဖူးတယ်) မင်းခိုက်စိုးစန် ဆောင်းပါးတစ်ပုဒ်ကနေမှ ဘယ်သန် ညာသန်ဆိုတာ မွေးကတည်းက အလိုလိုသန်လာကြတယ်ဆိုတာ သိတော့တယ်။
သူက ဘယ်သန် ညာသန်တွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ ထူးခြားမှုအကြောင်း စသဖြင့်ကနေ ကလေးတွေ ဘယ်နဲ့ရေးရင် ညာနဲ့ အတင်းပြောင်းခိုင်းတဲ့ လူကြီးတွေအကြောင်းမျိုးတွေ ရေးထားတယ်။ အဲဒါတွေ အတိအကျ မမှတ်မိတော့ပါဘူး။
မှတ်မိနေတာ နှစ်ခုပဲရှိတယ်။
တစ်ခုက သူသာ မိဘဖြစ်ခဲ့ရင် ကလေး ဘယ်သန်ဖြစ်တာ ညာသန်ဖြစ်တာထက် ကလေးရဲ့ စိတ်မှာ အနာတရဖြစ်မသွားဖို့ကိုပဲ ဂရုစိုက်ပါမယ်တဲ့။ နောက်တစ်ခုက လူတွေမှာ လက်နဲ့ ခြေထောက်တင် မကဘဲ ဦးနှောက် မျက်စေ့စတဲ့ အစိတ်အပိုင်းတွေမှာပါ ဘယ်သန် ညာသန်ရှိတယ် ဆိုတာ စမ်းသပ်ချက်တစ်ခုနဲ့ ပြသွားပြီး "တကယ်လို့များ နှလုံးသားမှာပါ ဘယ်သန် ညာသန် ရှိနေခဲ့မယ်ဆိုရင် အဲဒီအဖြစ်ကို မလိုလားပါဘူး။ ဘာဖြစ်လို့ဆိုတော့ သူ့အတွက် ကျွန်တော့်အချစ်တွေက နှလုံးသားရဲ့ အခြမ်းတစ်ခုခုမှာ လျော့နေတာမျိုး လက်မခံနိုင်လို့ပါ" ဆိုတာရယ်ပဲ။
အဲဒီနှစ်က အင်္ဂလိပ်စာထဲမှာ တိုက်တန်းနစ်အကြောင်းလည်း ပါတယ်။
အဲဒီနှစ်ကျမှ ကျောင်းကို ပြောင်းလာတဲ့ ဆရာက ဘာသာရပ်လည်း ကျွမ်းတယ်။ ဟာသဉာဏ်လည်းရှိတယ်။ သူ့အချိန်ဆို relax ဖြစ်တယ်။ (မိုင်နာဘာသာချင်းအတူတူ သင်္ချာတို့၊ အီးပီချိန်တို့ဆို ကိုယ်ကတော့ အတော်ပျင်း။ အီးပီတွေကလည်း သူတို့ မိုင်နာသင်ရတဲ့ ပရိုဂရမ်မင်းချိန်ဆို တွန့်လိန်နေတယ် ကြားဖူးတာပဲ။)
ဆရာက ပိန်ပိန် အရပ်မြင့်မြင့် တရုတ်သွေးပါတယ်လို့ ထင်ရတယ်။ မသပ်မရပ်လို့ ပြောမရပေမယ့် သပ်ရပ်ကျော့မော့လည်း မနေဘူး။ ဆရာနဲ့ ပတ်သတ်လို့ ထူးခြားတာက စရောက်တဲ့နှစ်မှာ မိန်းကလေးတွေ အုပ်စုလိုက် အတန်းပြင်ထွက်ပြီး ပြောဆို ရယ်မော စကားများနေရင် သေချာ (သတိထားမိလောက်အောင်ကို သေချာ) ကြည့်သွားလေ့ ရှိတယ်။ ဆရာ့ပုံကြည့်ရတာ ကွန်ဆာဗေးတစ်ဖြစ်တဲ့ပုံ တစ်စက်မှ မရှိဘဲ အဲဒီလိုကျောင်းမျိုးအနေနဲ့ ဘာမှ ထူးဆန်းပြောပလောက်ဖွယ်မရှိတဲ့ ကိစ္စကို ဘာလို့ မနှစ်မြို့တဲ့ပုံပြသလဲ ခုထိလည်း နားမလည်နိုင်ဘူး။ အဲဒါကို သတိထားမိတဲ့သူ အချင်းချင်း ဆရာက ဘာလဲ ဘာဖြစ်လို့ အဲလိုကြည့်တာလဲ၊ အေး ဟုတ်တယ် ဒီလိုနေတာ သူကြိုက်ပုံမရဘူး။ အဲဒါကြောင့် ကြည့်တာနေမှာ လို့ ပြောဖြစ်တယ်။
ဒါပေမဲ့ တသက်လုံးက အဲလိုပဲ အားရင် အတန်းပြင်ထွက် ရပ်ချင်ရပ် ထိုင်ချင်ထိုင် စကားများချင်များ လုပ်လာကြတာ ဘယ်ဆရာ ဆရာမနဲ့ ဘယ်ကျောင်းသားကမှ အထူးအဆန်းလုပ် ကြည့်တာမဟုတ်တော့ ဘယ်သကောင့်သမီးကမှလည်း အဲဒီအချိုးကို မပြင်ဘူး။ ထိုင်မြဲ ရပ်မြဲပဲ။ ကိုယ်တိုင် ဆရာနဲ့ အဲလိုကြုံတာ ၃/၄ ခါထက် မနည်းပဲ။ အတန်းထဲမှာ စာသင်ပြန်တော့လည်း အဲဒီအကြောင်း လုံးဝ မပြောဘူး။ ဗဟုသုတရှိပြီး ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလည်း ပြောတတ်တယ်။ တပည့်တွေကို ဟိုးအရင်တည်းက သင်လာခဲ့ပြီး အသားကျပြီးသားလို ပြောဆိုဆက်ဆံပြီး သင်နေတာပဲ။ ...ဆိုတော့ အတန်းပြင်ထွက်ထိုင်ပြီး ဟားနေရင် ရှုတည်တည်ကြည့်တယ် ဆိုတာလည်း ဆရာ့ပုံစံနဲ့ မလိုက်လို့ ပဟေဠိလို ဖြစ်နေပေမယ့် စိတ်ထဲမှာ အဖုအထစ်တော့ မဖြစ်ပါဘူး။
တရက် စာမသင်ခင် ဘာအကြောင်းပြောမှန်း မမှတ်မိတော့ဘူး။ "ငါကွာ... ဒီနေ့မနက် လျှောက်လာတာ မင်းတို့ တော်ဝင်လမ်းကလည်း ဆိုးလိုက်တာ ရွှံ့ဗွက်ချည်းပဲ" ဆိုတယ်။ ပြောရင်းနဲ့ "မင်းတို့ တော်ဝင်လမ်း မသိဘူးလား" လို့ မေးတယ်။ ဘယ်နေရာကို ပြောမှန်းမသိတော့ ဘယ်သူမှ ပြန်မဖြေဘူး။ ဆရာက "ဒီလမ်းလေ" လို့ ကျောင်းအလည်လမ်းကို လက်ဟန်ပြတယ်။ ကျောင်းအဝင်လမ်း ဘယ်တုန်းက တော်ဝင်လမ်း ဖြစ်သွားတာလဲတွေးနေတုန်း "ငါနာမည်ပေးထားတာ ကျောင်းထဲရောက်အောင် တော်တော်လေးဝင်ရလို့ တော်ဝင်လမ်း" တဲ့။
ကိုယ့်မှာ နောက်ပိုင်း Baldwin Library သွားတိုင်း အဲဒီ စကားလုံး သတိရနေတတ်တယ်။
တိုက်တန်းနစ်အကြောင်း သင်တုန်းက ပြောခဲ့ကြတာလည်း အမှတ်ရမိတယ်။
သင်ခန်းစာအပြီးမှာ ဆရာက မေးတယ်။
"သူတို့တွေ ဒီသင်္ဘော၊ ဒီခရီးစဉ်နဲ့ ပတ်သတ်လို့ အဲဒီလို ဘာမှ မဖြစ်နိုင်ပါဘူး၊ ဒီသင်္ဘောကြီးဟာ မနစ်နိုင်ပါဘူးလို့ တထစ်ချ ယုံကြည်ပြီးမှ ဖြစ်ရတာဟာ ကိုင်ရိုကို အားကိုးမိလို့လား၊ ခရစ်ရှနားမူတီးကို အားကိုးမိလို့လား"
အတန်းထဲက အကောင်တွေက ဒါမျိုးဆို မတိုင်ပင်ရဘဲ "စံ-ဇာဏီဘို" လို့ တညီတညာတည်း ထအော်တယ်။
ဆရာက ပြန်ပြောတယ်။
"မဟုတ်ဘူးဟေ့။ ရေငန်ထဲသွားတာ ဦးရှင်ကြီး တင်မသွားလို့"
အတော်ရွတ်တဲ့ ဆရာ။ အဲလို ပြောပြီးတော့ ဦးရှင်ကြီးပင့်တဲ့စာကို မြန်မာတဝက် အင်္ဂလိပ်တဝက်ဖျက်ဆိုထားတဲ့ စာသားပါ ရွတ်ပြသေးတယ်။ အကုန် မရတော့လို့၊ ပြီးတော့ သိတဲ့သူတွေ သိကြမှာမို့ ထည့်မရေးတော့ဘူး။ 'coming to the လေးတိုင်စင်' စာသားပါတဲ့ တစ်ခု။ ကိုယ်တော့ ဆရာ ရွတ်ပြမှ ကြားဖူးတာပါ။
အဲဒီနေ့က အတန်းထဲက ဟီးဟီးဟားဟားနေ့တွေထဲက တစ်ခုသောတစ်နေ့ပေါ့။
***
ကျောင်းအကြောင်းနဲ့ စာသင်ခန်းအကြောင်းက မရေးဖြစ်ပါဘူး။ ကိုယ်တွေ တက်ခဲ့ချိန်ကလည်း ခေတ်ပျက်နေပြီ။ ပျက်နေတာကိုပဲ သိခဲ့ရရင်တော့ အကြောင်းမဟုတ်ဘူး။ ခေတ်မပျက်ခင်က ဘယ်လိုဆိုတာကိုပါ သိဖူးနေခဲ့တော့ ယှဉ်စရာတွေ ယှဉ်တွေးမိပြီး စိတ်ပျက်မိတာ ပိုများခဲ့တယ် ထင်တယ်။ နောက်ပိုင်း ဦးနှောက်က သိပ်မေ့တတ်လာလို့ သတိရတုန်းလေး ရေးမှတ်ထားလိုက်တယ်။
***
ကိုယ်တွေနှစ်က ကျောင်းက အင်္ဂလိပ်စာမှာ အစောပိုင်းသင်ရတာတွေက အင်္ဂလိပ်စာလို့သာ ပြောတာ၊ တကယ်တော့ အင်ဂျင်နီယားရင်းဘာသာရပ်မျိုးစံ

9 comments:
ကြိုက်တယ် စာပြန်ရေးတာကိုလဲကြိုဆိုပါတယ်
အစက စလုံးမှာ တက်တဲ့ ကျောင်းအကြောင်းရေးတယ် ထင်နေတာ
နောက်တော့ မှ တော်ဝင်လမ်း နဲ့ တွေ့တော့တာပဲ
uncle shin uncle shin
welcome to the လေးတိုင်စင်လား
ငယ်ငယ်ကတော့ အန်ကယ်ရှင် အန်ကယ်ရှင် ဝဲလ်ကမ်းတူသည် လေးထောင့်ရှင် လို့ ပဲ သဘောပေါက်ခဲ့တာ ခုမှ.....အိ
မုန့်ဆမ်း ဝါးတီး ငှက်ပျောသီး ဝါးတီး ဂက်အောက် အန်ကယ်ရှင် တဲ့ ထပ်မှတ်မိတာ
ဟုတ်တယ် အဲဒီစာချိုးပဲ =D
ကောက်ညှင်း ရှူးဂါး ဘနားနား နဲ့ စီးတော်တိုက်ဂါး ဆိုတာလည်း ပါသေးတယ် ထင်တယ်။ version တွေ အမျိုးမျိုး ရှိမှာပေါ့။
ကွန်ပျူတာတက္ကသိုလ်(လှော်ကား)ရဲ့  အဝင်လမ်းကလည်း တော်ဝင်လမ်းပဲဂျ..တော်တော်လေး ဝင်ရလို့ ..:)
အမလည်း Road Maker ဆိုတဲ့ ခေါင်းစဉ်နဲ့
ကျောက်ကြီးတွေ ချ၊ ကျောက်သေးတွေ ခင်း
အဲ့ဒါတွေကို Road Maker I, Road Maker II ဆိုပြီးတော့ နှစ်ပိုင်းတောင်ခွဲပြီး သင်ခဲ့ရတာ မှတ်မိတယ်...
ရီတာ ချရေးထားတာတွေ သဘောကျလိုက်တာ...အမ စိတ်ထဲဖြစ်ပြီး ပြန်မပြောပြတတ်တာတွေမို့
ကျောင်းအမှတ်တရတွေက ဘယ်အချိန်ချရေးရေး အမြဲဖတ်လို့ကောင်းတယ်။ ကိုယ်တက်မယ်လို့ ရည်ရွယ်ခဲ့ပြီး မတက်ဖြစ်ခဲ့ပေမယ့် အဲဒီ့ကျောင်း၊ ဘာသာရပ်တွေနဲ့ ပတ်သက်ရင် စိတ်ဝင်တစားရှိနေတုန်းပဲ။
(အိပ်ရာထဲလှဲမနေချင်တာနဲ့ စာထိုင်ဖတ်နေတာ :D)
၃-၄ ခေါက်ရှိပြီ.. ပြန်ဖတ်နေတာ...။
ရီတာတို့ တော်ဝင်လမ်းကနေ ၁ လလောက်ကျောင်းလာဖူးတယ်။
အဲ့တုံးက ပြည်မှာ အီးစီမရှိလို့။
နောက်မှ အီးစီရှိမှ ပြန်ပြောင်းသွားတာ.....
တစ်တန်းထဲတောင် ထိုင်ခဲ့ဖူးသေးလား မသိ... ငိငိ....
တိုက်တန်းနစ်အကြောင်းလည်း မှတ်မိတယ်။ ပြည်မှာ သင်ရတာ
တော်ဝင်လမ်းရှိတဲ့ကျောင်းမှာ တိတ်တိတ် အားနာခဲ့ရတာတော့ မနက် အစဆုံးစာသင်ချိန်မှာ ကော်ရစ်ဒါ ၄ ခွဆုံကနေ အဝေးက တစ်ယောက်ယောက် ၂ ယောက်ယောက်ကို လှမ်းအော်ပြောနေတဲ့သူတစ်ယောက်ကို ( ............. )မှတ်လို့... ။ ကွင်းထဲမှာ ရေးရမှာ အားနာလို့။
နောက်မှ သိရတာက ကျောင်းနောက်ကျတဲ့လူတွေကို လှမ်းဆူနေတဲ့ ကျောင်းအုပ်ဆရာမကြီးတဲ့...။
ဘယ်သန်၊ညာသန်က မွေးရာပါ ဆိုတာတောင် မသိဘူး.. သင်ခဲ့ဖူးတယ်ဆိုတာလည်း မမှတ်မိတော့ဘူး... ((ဆိုးလေစွ))
အသိတစ်ယောက်ရဲ့ သားလေး စလုံးမှာ ပထမတန်းစပြီး ကျောင်းလာတက်လို့ ဆေးစစ်တော့ ကလေးဘယ်သန်ဖြစ်နေတာကို ညာသန်ဖြစ်အောင်ဆေးထိုးမလားလို့ မေးတယ်တဲ့။
လောကဓာတ်ပညာများ အံ့မခန်း...။
သူ့မိဘတွေကတော့ မထိုးလိုက်ဘူးတဲ့။
လောကဓါတ်ပညာတွေရော၊ ဘယ်သန်ရင်ပဲ တခုခုမှားနေသလိုတွေးပြီး ညာပဲ သန်စေချင်တဲ့ မိဘတွေရော အံ့သြစရာပဲ။
Post a Comment