Tuesday, June 2, 2009

ချစ်လွန်းတင်



ချစ်လွန်းတင်

(တေးရေး - မြို့မငြိမ်း

တေးဆို - မေရှင်)

မောင့်မျက်နှာ တရွာမှတ်ထင်

အချစ်ဓါတ် ရစ်ပတ်မိရင်
ကြာလေလေ ခိုင်မြဲလေလေ
အမြစ်ဖြတ် မရဘဲ အသည်းထဲ စွဲကာပင်

ဇွတ်နှစ်ပြီး ချစ်ရတော့မယ်
အားနွဲ့သူပါရှင်

ဆူးကျလည်း ဖက်၊ ဖက်ကျလည်း ဖက်

နာဖက်က မို့ပင်

မွှေးတုန်းတော့ လူရာဝင်

နောင်တွင် ရိုးမယ်ဖွဲ့ကာ ပစ်မှာစိုး
အမျိုးမျိုး ပူတယ်ရှင်

စကားတွေ ဖောင်ဖွဲ့လို့ ချစ်မတဲ့ ယုံအောင်ပင်
တဦးသဘော တဦး ပြော၍ မနေချင်

တကယ်တမ်း မေတ္တာစစ်နဲ့ ချစ်ကြဖို့ပါရှင်

လွန်းပေါင်းတင် ချစ်တဲ့ကြိုးလို ပမာယှဉ်

နှစ်နှစ်ကာကာ တူပင်
သက်ဆုံးတိုင် ခိုင်မြဲချင်

ချစ်လျှင် အကျိုး၊ မြတ်နိုး သဒ္ဓါ
ရွှေမေတ္တာ တူတူဆိုရင်
တဲအိုပျက်ထဲမှာပင် ပန်းမွေ့ရာ ကြဲတယ်ထင်
ချစ်သူနဲ့ လွဲခဲ့ရင် ရွှေပုံလဲ ဖွဲအိတ်ထင်
ချစ်ငွေ့ကြူကြူ ချစ်သူသာပင်
ဘ၀တိုင်း ဖြစ်လေရာ
ဆုံပါတော့ နှစ်ကိုယ်ယှဉ်

စားစား သွားသွား တူပင်
သက်လုံးမောင်ကြင်
မေတ္တာရေစင် မွန်းအောင်
ချစ်လွန်းတင်

*****
မလှလား စာသားလေးတွေက။ "
စကားတွေ ဖောင်ဖွဲ့လို့ ချစ်မတဲ့ ယုံအောင်ပင် တဦးသဘော တဦး ပြော၍ မနေချင်" ဆိုတာမျိုးလေးတွေက မြို့မငြိမ်း မို့လို့ ထွက်လာတာပဲ လို့ တွေးမိရအောင်ပါပဲ။ ကျွန်မတော့ အရင်ခေတ်က အမျိုးသား တေးရေးဆရာတွေကို သိပ် အံ့သြမိတယ်။ သူတို့ ဘယ်လိုများ မိန်းကလေးတစ်ယောက်ရဲ့ နူးနူးညံ့ညံ့ အတွင်းစိတ်ကို ပေါ်လွင်အောင် ဖွဲ့နိုင်ကြသလဲနော်။

တော်ရုံ စိတ်ဓါတ်တွေ ခက်ထန်နေချိန်မှာဆို ဒါမျိုးလေးတွေ နားထောင်လိုက်ရင်ပဲ နူးနူးညံ့ညံ့ ဖြစ်လာပါရော။
(ခုတလော tense ဖြစ်နေလို့ ကိုယ့်ဘာသာ နှစ်သိမ့်ပြီး တင်ထားတာပါ။)

ဒီနေရာမှာ နားထောင်ပါ။

5 comments:

puluque said...

မေရှင် အသံလေးကို အရမ်းကြိုက်၏။ သီချင်းလေးကို လဲ အရင်ကတည်းက ကြိုက်ပါတယ်။ ပုလုကွေးပထမဆုံးမန့်တာ...ဟီးဟီး ဖိုးစိန်လို ရေးကြည့်တာ

Sein Lyan Tun said...

အလေးစားရဆုံးသော
အကြိုက်နှစ်သက်ဆုံးသော
မင်းသမီးကိုပြပါဆိုရင်
အမေ မေရှင်ပါ
မေရှင် ရုပ်ရှင်ကားတိုင်းကို မလွတ်တမ်းကြည့်တယ်
ကြိုက်လွန်းလို့ပါ
အောင်ချင်းရှစ်ပါးကို ခုချိန်ထိ နေတိုင်းနားထောင်တုန်းပါ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

Anonymous said...

နှောင်းခေတ်တေးပဒေသာလို့ ပြောလို့ရတဲ့ ခေတ်ဟောင်း မြန်မာသီချင်းတွေကိုတော့ အလှမ်းလည်း ဝေးသွားလို့ သိပ် နားမထောင်ဖြစ်ဘူး ( နားထောင်ဖို့ အာရုဏ်မပေါ်လာလို့လည်း ပါပါတယ်လေ ) .... နားထောင်ဖူးတဲ့ မြန်မာသံတေးတွေ ထဲမှာ သင်္ကြန်မိုးကားထဲမှာပါတဲ့ ဇာတ်ဝင်သီချင်းထဲက မအေးအေးခိုင်ဆိုတဲ့ ( တစ်ဖက်သတ်အချစ် ) သီချင်းရယ် နောက်ပြီး ကိုသန်းမြတ်စိုးဆိုတဲ့ ( ချစ်အာရုဏ် ) ... ဆိုတဲ့ သီချင်းကိုတော့ တော်တော်လေး သဘောကျမိတယ် ... ဒီဘက်ခေတ်မှာ မြန်မာသံစဉ်ကို အချိတ်အဆက်မိမိ လှလှပပ မဖွဲ့နိုင်ကြတော့တာလား ... ဖွဲ့နိုင်ရက်နဲ့ ခံစားအားပေးကြမယ့် ပရိတ်သတ် နဲပါးသွားလို့ မြန်မာသံစဉ်သီချင်း စစ်စစ်တွေ ဆိတ်သုန်းရှားပါးကုန်တာလား ... ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ... မြန်မာတစ်ယောက်အတွက် မြန်မာသံစဉ်သီချင်းဆိုတာ ဘယ်တော့မှ ဆိတ်သုန်းသွားမယ် မထင်ပါဘူး .. ဒေါ်မေရှင်ရဲ့ ချစ်လွန်းတင် သီချင်းလိုပေါ့ ...
နေဒေးသစ်။

သက်ပိုင်သူ said...

မြို့မငြိမိးမို့ ဒီလိုစာသားနုနုလေးတွေ ထွက်တာပေါ့ဗျာ

ဆန်းဝင်း said...

ကြိုးကျစ်ရာမှ တစ်လွန်းတင် နှစ်လွန်းတင် လွန်းများများတင်လေ ခိုင်မာလေပဲ.. ဆရာ မြို့မငြိမ်း ရဲ့ အရေးအဖွဲ့လည်းတော်ပါတယ်.. ဥပမာပေးလဲကောင်းပါတယ်.. လူစိတ်ကို သိတတ်နိုင်လွန်းတယ်. မြို့မငြိမ်း၇ဲ့သီချင်းလောက်မကောင်းတာဘာကြောင့်လဲတဲ့...... အမ အဖြေဘယ်လိုများပေးချင်ပါသလဲ.....