







ကိစ္စအားလုံး ပြီးတဲ့ အချိန်မှာ ရွှေတိဂုံဘုရားကို တညနေ ဖူးခဲ့ပါတယ်။
ပြီးတော့ မဟာသဒ္ဓမ္မရံသီဆရာတော် ရှင်ကုသလ္လာဘိဝံသကို မေမေ၊ အဒေါ်၊ ဖေဖေ့ကျောင်းနေဘက် သူငယ်ချင်း အန်တီတစ်ယောက်တို့နဲ့တူတူ သွားဖူးပါတယ်။ အမှန်အတိုင်းပြောရရင် အရင် မြန်မာပြည်မှာနေတုန်းက ဘာသာရေးကိစ္စတွေနဲ့ တော်တော်ဝေးတာပါ။ ဘယ်တရားပွဲမှလည်း ညဘက်သွားပြီး မနာဖူးပါဘူး။ မရမ်းကုန်းတမြို့နယ်ထဲနေပြီး သဒ္ဓမ္မရံသီဆရာတော် ကိုလည်း ခုမှ ဖူး, ဖူးတာပါ။ အတူနေတဲ့ အဒေါ်ကတော့ မကြာခဏသွားပါတယ်။
ကမ္ဘာအေးဘုရားမှာလည်း တံမြက်စည်းလှည်းခဲ့ပါတယ်။ မနှစ်ကလို...
နောက် ၀ယ်စရာရှိတာတွေ ၀ယ်ဖို့ Junction 8, ကမ္ဘာအေးက ဂမုန်းပွင့်၊ လှည်းတန်း စိန်ဂေဟာ (အရင် စန္ဒာမြိုင်နေရာမှာ)... ရန်ကုန်ကပဲ ပြောင်းတာလား ကိုယ်ကပဲ ပြောင်းတာလားတော့ မသိဘူး။ အရင်က city mart မှာ ဈေးဝယ်ရရင် သိပ်သဘောကျတာပဲ။ ခုတော့ အရောင်တွေ မှိန်နေသလိုလို... air con ကလဲ သိပ်မအေးဘူး...ဘာလိုနေပါလိမ့်လို့တွေးမိတယ်။
မြို့ထဲ ပလက်ဖောင်းတွေပေါ် လျှောက်ရတာ အဆင်မပြေ...ဘေးက မီးစက်သံတွေ တဒုန်းဒုန်း ... လောင်စာဆီနံ့တွေကနံ...ဒါတောင် မြန်မာပြည်မှာတုန်းက generator trading မှာ နှစ်နဲ့ချီ လုပ်လာတာ...(ဒါပေမယ့် ကိုယ်တို့ သွင်းတဲ့ generator တွေက Made in UK တွေကိုကွယ်...ကွာတော့ကွာတာပေါ့) ... သစ်ရိပ်ဝါးရိပ်ကောင်းကောင်းမရှိ ပူပူခေါင်ခေါင်...
၉တန်းဖြေပြီးကတည်းက နေလာခဲ့တဲ့ ရန်ကုန်... ဇာတိမြေထက်တောင် ရင်းနှီးကျွမ်းဝင်ခဲ့တဲ့နေရာ... ပြောပြန်ရင်လည်း စင်ကာပူလောက်ရောက်ပြီး ဘာထင်နေလဲ ဖြစ်ဦးမယ် ... ပြောတော့ပါဘူး။
ဖတ်ဖြစ်လာတာတွေက...
> ပေဖူးလွှာခေတ်က (ဦး)၀င်းငြိမ်းနဲ့ ဆရာ အောင်သင်း အင်တာဗျူးကို ပြန်ထုတ်ထားတဲ့ "စာပေ လူကြမ်းမင်းသား"
> လူထုစိန်ဝင်းရဲ့ ဂျာနယ် ဆောင်းပါးတွေ ပြန်ထုတ်ထားတဲ့ "ပထမတန်းစား စိတ်ဓါတ်"
> ခင်ခင်ထူး ရဲ့ "ဆံရစ်ဝိုင်း" ၀တ္ထုတိုများ
> ဂျူး ရဲ့ "ကျွန်မ ချစ်သော နိုင်ငံ" နဲ့ "ကျွန်မ ချစ်သော ကမ္ဘာမြေ"
> အဏ္ဏ၀ါစိုးမိုး ရဲ့ "အဏ္ဏ၀ါ ခရီးသည်"
> လူထုဒေါ်အမာ ရဲ့ "ရွှေမန်းတင်မောင်" (အဲဒီစာအုပ်ကတော့ ပြီးအောင် မဖတ်နိုင်ခဲ့ဘူး)
ဒီမှာ ဖတ်ဖို့ ၀ယ်လာဖြစ်တာတွေက...
> Dr. ခင်မောင်ဝင်း (အသည်း) ရဲ့ "အမေနဲ့ ကျွန်တော်" (ကလျာမှာ အခန်းဆက်ရေးကတည်းက ဖတ်ခဲ့တာ...အဲဒီဆောင်းပါးစုရဲ့ အကြောင်းအရာကိုလည်း ကြိုက်ပါတယ်... အငွေ့အသက်ကို ပိုပြီး ကြိုက်ပါတယ်)
> ၀င်းထွဋ်ဇော် ဘာသာပြန်တဲ့ "ပါဝါ ကျဆုံးခြင်းနှင့် စင်ကာပူ ဘ၀ရနံ့ ၀တ္ထုတိုများ" (One Singapore by Goh Sin Tub)
အဲဒီ စာအုပ်မှာ စင်ကာပူ သမ္မတ နဲ့ ၀န်ကြီးချုပ်ဟောင်း ဂိုချောက်တောင် အမှာရေးထားပြီး၊ စာရေးသူ Goh Sin Tub ဟာ စင်ကာပူ ပညာရေး အသိုင်းအ၀ိုင်းမှာ ကျော်ကြားသူ၊ Public Service ဆု ချီးမြှင့်ခြင်း ခံရသူလို့ ဖော်ပြထားပါတယ်။ ၁၉၂၇ ဖွားဖြစ်ပါတယ်။ ဒါကြောင့် ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ ဖူးသူပါ။
(စာအုပ်ကို ခုထိ မဖတ်ရသေးပါ)။ စင်ကာပူဟာ ကျွန်မ ငယ်ဘ၀ စိတ်ကူးအိပ်မက်ထဲ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ နိုင်ငံဆိုတော့ ရောက်သာရောက်လာတာ စင်ကာပူ အကြောင်း ဘာမှ မသိသလောက်ပါပဲ။ ဒါကြောင့် ဒီစာအုပ်ကို တွေ့တော့ ဖတ်ရမယ် ဆိုပြီး ၀ယ်လာခဲ့တာပါ။
Mechanical က ဆရာကြီး ဦးဘသန်း (၇၈) နှစ်မွေးနေ့ပွဲက အမှတ်တရ ပစ္စည်းလေးတော့ ဓါတ်ပုံရိုက်ယူလာတာ တင်ပေးလိုက်ပါတယ်။ နောက်ကျောဘက်မှာ လက်ရေးနဲ့ ဆုတောင်းစာ။ ဆရာကြီး လေဖြတ်ထားလို့ လက်ရေးလေးတွေက ကလေး လက်ရေးလေးတွေလိုပဲ။ ဆရာကြီးကို သိပ် familiar မဖြစ်ပါဘူး။
ဘာလို့ဆိုတော့ ဖေဖေတို့က အဆောင်နေလာတော့ ဘာသာရပ်ဆိုင်ရာ ဆရာတွေထက် အဆောင်မှူးတွေနဲ့ ပိုရင်းနှီးခဲ့ပုံ ရပါတယ်။ ဒါကြောင့် ဖေဖေ့ Major ဆရာတွေထက် Textile က A ဆောင် အဆောင်မှူး ဆရာဦးလှရွှေတို့ ၊ Chemical က အင်းလေးဆောင် အဆောင်မှူး ဆရာ ဦးတင်လင်း (ယခု Temasak Poly) တို့တွေကိုပဲ သိနေ၊ ရင်းနှီးနေပါတယ်။ ဆရာ ဦးလှရွှေကို ခဏ ဆုံခဲ့ပါတယ်။ ဒူးနာတာကလွဲလို့ ကျန်းကျန်းမာမာရှိပုံပါ။ ဆရာဟာ ဟိုးအရင် ကျွန်မတို့ နယ်မှာနေတုန်း ဆုံဖြစ်ခဲ့တဲ့ အရွယ်ထက် ပိုကြီးသွားတယ် မထင်ရပါဘူး။ အဲဒါကို သူ့တပည့်ဟောင်းတွေ တညီတညာတည်း ပြောကြတာကို ကြားခဲ့ရပါတယ်။ ဆရာတို့မျက်နှာတွေဟာ stress မရှိတဲ့ ကြည်လင်တဲ့ မျက်နှာမျိုးတွေပါ။
(Blogger တွေထဲမှာ RIT ကလူတွေ တော်တော် များများ ရှိတာမို့ information ပေးတာပါ)
အဲဒီ ဆရာကြီး ဦးဘသန်း မွေးနေ့ပွဲက အခွေကို ဖေဖေပါလို့ လုံးဝ မကြည့်ခဲ့ပါဘူး။ သတင်းကြားတာတော့ ပါမောက္ခတွေ စကားပြောတဲ့ အချိန် ကျောင်းသားတွေ(အသက် ၄၀ကျော် ၅၀ကျော်များ) တယ် ဗရုတ်ကျဆိုပဲ။