

ရန်ကုန် စက်မှုတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း၊ အမှတ် (၉)၊ ၁၉၇၈-၈ဝ။
***
မစန္ဒာ ရဲ့ ဂျီဟောသူ ကို လုံးချင်း မဖတ်ခဲ့ဖူးခင်မှာ ပန်းဝေသီ မှာ ပါတဲ့ ဝတ္ထုရှည်ကို အရင် ဖတ်ခဲ့ရဖူးတယ်။ အဲဒီတုန်းက ၄ တန်း/ ၅ တန်း။ ဝတ္ထုရှည်မှာကျ အချစ်ဇာတ်လမ်းမပါဘူး။ ဒဿဂီရိ နဲ့ ခေါင်းမဆံ့ တော့ပါတယ်။ ကျန်တာက ဘရုတ်ကျတာတွေချည်းပဲ။ အရမ်း အရမ်းကို ရီရတဲ့ ဝတ္ထု။
သိပ်မကြာခင်ပဲ ဒါရိုက်တာ ကြည်စိုးထွန်းက ကျော်ဟိန်းသမီးရယ်၊ သူ့သမီးတွေရယ်နဲ့ ဗွီဒီယိုရိုက်ထားတာကိုလည်း တီဗွီကနေ ကြည့်ခဲ့ရတယ်။ အဲဒါကတော့ လုံးချင်းဝတ္ထုကို ရိုက်တာ။ မင်းသားက မင်းဦး။ အာရ်အိုင်တီ စွယ်တော်ရိပ် အငြိမ့်က ချွန်စက် နဲ့ ချစ်စရာ က ဒဿဂီရိ နဲ့ ခေါင်းမဆံ့ ပေါ့။ ကျော်ဟိန်းသမီးကို ကိုယ်တော့ ကြိုက်တယ်။ သရုပ်ဆောင်တာရော၊ အထူးသဖြင့်ကတော့ သူ့ရုပ်မျိုးကို ကြိုက်တယ်။ ဒါပေမဲ့ ဘယ်လိုရုပ်မျိုးလဲ ဆိုတာ မမှတ်မိတော့ဘူး။
(Update : သီရိဂျေမောင်မောင်လို၊ ရေဗက္ကာဝင်း တို့လို မျက်နှာမျိုး ခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ သူက ပို ပြေပြစ်ကြည့်ကောင်းတယ်။)
လုံးချင်းကို ဖတ်ဖြစ်ခဲ့တဲ့ အချိန်က ကျောင်းပြီးခါနီးမှလား မသိဘူး။
၎/၅ တန်းမှာ အဲဒီဇာတ်လမ်းကို ဖတ်ပြီး ကြည့်ပြီး "ငါကြီးရင်တော့ အဲဒီလို ဘရုတ်သုတ်ခလုပ်လို့ ရတဲ့ ကျောင်းပဲ တက်မယ်" လို့ ကြီးမားတဲ့ ရည်ရွယ်ချက်နဲ့ စဉ်းစားခဲ့တယ်။ ကျောင်းပြီးရင် ဘာပညာနဲ့ လုပ်စားမယ် ဆိုတာမျိုးကတော့ ဘယ်သောအခါကမှ မတွေးခဲ့တဲ့ ကိစ္စ ဖြစ်တယ်။ စာကြိုးစားရတာလည်း ဝါသနာ မပါဘူး။ ဘာဝါသနာပါလဲဆို ဘာမှ ပါပုံ မရဘူး။ ကိုယ် ဈေးသည်ပဲ လုပ်ချင်တယ်။ ပွဲစားပဲ လုပ်ချင်တယ်။ ဘွဲ့တော့ လူရိုသေ ရှင်ရိုသေ အမျိုးအစားကို လိုချင်တယ်။ ဒါလောက်ပါပဲ။
(Update: ၇ တန်းနှစ်လောက်မှာတော့ ဗိသုကာ ဖြစ်ချင်တယ် လို့ ထင်ခဲ့ဖူးတယ်။)
၉ တန်းနှစ်ရောက်တော့ စိန်ရတုမှာ RIT ကလည်း ပြက္ခဒိန် ထုတ်တယ်။ အဲဒီထဲမှာ ထိပ်ဆုံး ပြက္ခဒိန်စာမျက်နှာက Archi က ချောကလျာ... သူ့ကို သဘောတွေကျပြီး သူ့လို ချောချောလှလှ Architect ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့သေးတယ်။ (ပြန်တွေးကြည့်လေ အဲဒီ ရည်မှန်းချက်က ဘာမှ မဆိုင်လေပဲ။)
ခုမှ သဘောပေါက်သွားတာ။ တကယ်က ပညာရေးနဲ့ ပတ်သတ်လို့ ဘာမှ ဖြစ်ချင်ခဲ့ပုံ မရဘူး။
အဲလိုလူမျိုး ခု ဒီလောက် ဖြစ်နေတာပဲ တော်လှပြီ။
***
G Hall
ငယ်ငယ်တည်းက ရင်းနှီးကျွမ်းဝင်ဖူးတဲ့နေရာ၊ သွားလာပတ်သတ်ခဲ့ဖူးတဲ့နေရာ၊ သိပ်ကောင်းမွန်ခိုင်မာတဲ့ ရည်မှန်းချက်မျိုးနဲ့ မဟုတ်ပေမယ့် နောက်ကျရင် ကိုယ့်နေရာဖြစ်လာလိမ့်မယ်လို့ ထင်မှတ်ခဲ့ဖူးတဲ့ နေရာ...
ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး။
***






