Wednesday, April 4, 2012

Books (2)

စာဖတ်သူတစ်ဦး၏ ဒိုင်ယာရီ

အဲဒီစာအုပ်ကို ရောက်ပြီးနောက်တနေ့မှာ ဝယ်ဖြစ်တယ်။
ခုထိ ၃/၄ ရွက်ပဲ ဖတ်ပြီးသေးတယ်။ ငယ်ငယ်က ဟန်သစ်မှာ ဆရာရေးတဲ့ ဖတ်ကြည့်ကဏ္ဍ ဆောင်းပါးတွေ ဖတ်ခဲ့ရတာ အမှတ်ရမိတယ်။ အဲဒီတုန်းကတော့ ကိုယ်နဲ့မမီတဲ့ တချို့အကြောင်းအရာတွေလည်း ကျော်ဖတ်ခဲ့တာပေါ့။

နောက် ဟန်သစ်မဂ္ဂဇင်းက နိုင်ငံတကာဝတ္ထုတိုများ ဆိုပြီး လုံးချင်းထွက်နေတာ တွေ့ခဲ့တယ်။ အဲဒါတော့ စိတ်မပါလို့ မဝယ်ဖြစ်ဘူး။ ပိုက်ဆံတွေ သိပ်ပေါလာခဲ့ရင်တော့ စောဟိန်းရဲ့ အခန်းဆက်ဝတ္ထုရှည်လေး ပြန်ထုတ်ဦးမှ။

ဝင်းငြိမ်းနှင့် စာရေးဆရာများ (၁)/ (၂)

အဲဒါတွေ့တော့ ဂျူးပါတဲ့ အတွဲ (၂) ကို အရင် ဝယ်ဖြစ်တယ်။

တကယ်တော့ အတွဲ (၂) မှာ ပါတဲ့ စာရေးဆရာတွေ အတော်များများကို မသိဘူး (ဖတ်ဖူးဖို့ ဝေးစွ၊ နာမည်တောင် မကြားဖူးတာ)။ အတွဲ (၁) ကလူအတော်များများကတော့ အသိတွေချည်းပဲ (ကိုယ့်ဘာသာ တဖက်သတ်သိခြင်း)။ သို့သော်လည်း တစ်အုပ် ငွေ 6000 ကျော်မို့ တွန့်ပြီး ဂျူးပါတဲ့ အတွဲလေးပဲ အရင် ဝယ်ဖြစ်တယ်။ အဲဒီထဲက မသိတဲ့လူတွေရဲ့ အင်တာဗျူးဖတ်တာကိုပဲ အတော် စိတ်ဝင်စားစရာကောင်းတော့ နောက်ပိုင်း အတွဲ (၁) ကိုပါ ထပ်ဝယ်လိုက်တယ်။

လူတွေရဲ့ ဘဝအကြောင်းက စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီကြားထဲ စာရေးဆရာကလည်းဖြစ်ပြန်၊ သူတို့ဖြတ်သန်းလာသမျှ တင်ပြတတ်ကြပြန်တော့ ပိုလို့ စိတ်ဝင်စားစရာကောင်းတာပေါ့။ တကယ်တမ်း အင်တာဗျူယာရဲ့ မေးခွန်းတွေက ဒီလောက်မဟုတ်ဘူး။ အဖြေတွေကြောင့်သာ စိတ်ဝင်စားစရာကောင်းတာ။ ဒါပေမဲ့ စာအုပ်တွေရဲ့ အစမှာ ဗျူးခဲ့စဉ်အခါက အဖြစ်အပျက် အမှတ်တရ အပိုင်းအစလေးတွေကို ဦးဝင်းငြိမ်းပြန်ရေးထားတာ အတော်စိတ်ဝင်စားစရာကောင်းတယ်။

နှစ်အုပ်လုံး ဟိုနည်းနည်း ဒီနည်းနည်းနဲ့ ပြီးအောင်မဖတ်နိုင်ခဲ့ဘူး။ ထားခဲ့ရတယ်။ နောက်တစ်ခေါက်ပေါ့။

နုနုရည် (အင်းဝ) အင်တာဗျူးမှာဆို ဆရာမက အဲဒီတုန်းက အကြောင်းအရာ စကားလုံး အတော်ချွေတာချင်ပုံရတယ်။ နောက် ဆု ဇာတ်ကောင်နဲ့ တွဲမြင်မိနေတဲ့ ဆရာမ မြနှောင်းညို အင်တာဗျူးကျတော့လည်း သူက သပ်သပ်၊ ဆုက သပ်သပ်ပါလားလို့ သဘောပေါက်ရတယ်။

ဘလော့မှာတင်ဖူးတဲ့ ဂျူး အင်တာဗျူးတပိုင်းတစကလွဲလို့ အဲဒီ အင်တာဗျူးတွေ မဖတ်ဖူးခဲ့ပါဘူး။ ခု တခြားစာရေးဆရာတွေရဲ့ အင်တာဗျူးတွေပါဖတ်မိတော့ (ကိုယ့်ဘာသာ) အတော် အံ့အားသင့်ရတာတွေ ပါတယ်။

စိတ်ဝင်စားတတ်ရင်တော့ ၂ အုပ်ပေါင်းမှ ငွေ တစ်သောင်းကျော်ဟာ ဈေးများတယ် မဆိုနိုင်ဘူး။

မောင်ထွန်းသူ ကတော့ ခရိုနင်ဘာသာပြန်တွေ အကုန် ရချင်တာနဲ့ လုံးဝကို မဖတ်နိုင်မှာမှန်း သိပေမယ့် ဝယ်ထားခဲ့တယ်။ အဲဒါလည်း နောက်နှစ်ပေါ့။

ကြည်အေး တမ်းတတတ်သည် က ebook ရှိရက်နဲ့ နှစ်မျက်နှာက မတက်လို့ အဲဒီတော့မှပဲ ဖတ်ပြီးသွားတယ်။ သိပ်မကြိုက်လှသေး (ကြာမှ ကြိုက်ချင်ကြိုက်မည်)။

မြနှောင်းညို ကိုတော့ အသည်းပန်းမှာ ဆူးတွေနဲ့ရယ် နဲ့ ငုပွင့်ဝါခိုင် ကလွဲရင် စွဲစွဲငြိငြိ ကြိုက်ရတာ ထပ်မတွေ့တော့။

လူထဲက လူနဲ့တူတဲ့ လူတွေအကြောင်း ရေးသော်လည်း ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကို unique ဖြစ်အောင်တော့ရေးမှ ဆိုတဲ့ သီအိုရီ မှန်များမှန်သလား မသိ။ ထာဝစဉ်ချစ်ခြင်း... ထဲက ဇာတ်ကောင် စန္ဒီတို့၊ သည်ဘက်ကမ်းက... ထဲက ဇာတ်ကောင် ကြွေတို့ မထူးခြားသလို ဖြစ်လွန်းလှတယ်။ ကိုယ်တော့ ဆုတို့ ငုတို့ပဲ ကြိုက်လို့ရတယ်။

ခင်နှင်းယု စာတွေကို ခုနောက်ပိုင်း ပို ပို သဘောကျလာတယ်။ အထူးသဖြင့် သူ့ဘဝအကြောင်းကို စိတ်ဝင်စားလာတာ။ သို့သော်လည်း မွှေးကို ဝယ်မဖတ်ချင်။ ဘာလို့ဆိုတော့ မေဆွိနဲ့ သူ့သရုပ်ဆောင်ပုံပြန်မြင်နေရင် ဖတ်လည်း စိတ်ပျက်ရုံသာ။ ရှေးကားကိုတော့ မကြည့်ဖူးပါဘူး။ သို့သော် မွှေး ကို ဘယ်လို အနုပညာအမြင်နဲ့ ကြည့်လိုက်လို့ မေဆွိ ဖြစ်ရတယ် တွေးမရဘူး။ (ဟိုခေတ်က အမေသရုပ်ဆောင်ရင်၊ ဒီခေတ်ကျ သမီးသရုပ်ဆောင်ရမယ်လား)

အဲဒီမှာရှိနေတုန်း အိမ်ကဝယ်ထားတဲ့ ဖေဖေ စာအုပ်ကိုလည်း ဖတ်ဖြစ်တယ်။ ဆရာမကြီးရဲ့ အဖေအကြောင်းရေးထားတဲ့ စာအုပ်။ အဲဒါတွေကို စိတ်ဝင်စားပြီး ထီလာစစ်သူရဲ့ ခင်နှင်းယု သူမ၏ဘဝ စာပေပတ်ဝန်းကျင် ဝယ်ဖတ်တော့ ထင်သလောက် မဟုတ်ပြန်။ သူရေးဖူးတဲ့ စာတွေအကြောင်းလိုလို ဘာလိုလိုနဲ့ ဝေဝေဝါးဝါးပဲ။ တကယ်တမ်း ထည့်မယ်ဆို စိတ်ဝင်စားစရာတွေ အများကြီးရှိတယ်။

နီကိုရဲ လည်း အရင်ဟာတွေ ခြေဖျားတောင် မမီဘူး။

မင်းလူ ခိုးခိုးခစ်ခစ် ထဲမှာ ရွှေကြည်နဲ့ မောင်ဝ မင်္ဂလာဆောင်ဖြစ်သွားတာ အတော် ဝမ်းသာစရာပဲ =D

အောင်မြင်သော နေ့ ကတော့ ခင်နှင်းယု အတတ်ပညာ (ဦးနှောက်) နဲ့ ရေးထားတာလို့ ဆိုပေမယ့် အတော်ကောင်းပါတယ်။ ဗမာကားကိုလည်း မကြည့်ဖူးလို့ ဖြစ်မယ်။

ပိုးဇာ ကတော့ 88 အရှေ့ပိုင်းထွက်တဲ့ ရွှေသွေးအဟောင်းတွေလိုက်ရှာတာ ရမလိုလိုနဲ့ မရတော့လို့ အဲဒီအစား ဝယ်ဖတ်ပစ်လိုက်တာ။ ကောင်းတယ်။ ဘယ်တော့ဖတ်ဖတ် ကြိုက်နေတာပဲ။

မစန္ဒာနဲ့ လင်္ကာရည်ကျော် ဝတ္ထုတို/ ရှည်တွေ ဝယ်ဖြစ်ခဲ့ပေမယ့် မရိုက်ဖြစ်ခဲ့ဘူး။

***
ကျောင်းပြီးကာစ ညီမနှစ်ယောက်အတွက် ဂျူး စောင့်နေမယ်လို့ မပြောလိုက်ဘူး ဝယ်ပေးခဲ့ရတယ်။ သူ မင်းကို ဘယ်တော့မှ လည်း ဝယ်ဖတ်လိုက်လို့ ညွှန်းခဲ့တယ်။ အဲဒါတွေဖတ်တုန်းက ဖတ်တုန်းခဏ ကြိုက်ပြီး နောက် ခေါင်းထဲမရှိတော့ဘူး။ ကိုယ် ကြိုက်တဲ့စာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့ ပြောဆို ညွှန်ပြ အကြံပေးဖို့ အချိန်မရှိ၊ အခွင့်အရေးမရှိတဲ့အခိုက်၊ ဘာလုပ်ရမယ် ဘာလုပ်သင့်တယ်ဆိုတာလေး တာဝန်ရှိသူကိုယ်တွေအစား စကားတွေအများကြီး ဝင်ပြောပေးမယ့်စာမျိုး ရေးထားတာအတွက် အခုမှပဲ ကျေးဇူးတွေ တင်မိတယ်။

ဖတ်တုန်းကတော့ လူငယ်တွေနဲ့ လက်ရှိခေတ်ကာလနဲ့ ပတ်သတ်တာတွေအကြောင်း၊ နောက် ခက်နဲ့ ဒေါက်တာတို့ အချစ်ဇာတ်လမ်းတွေ စသဖြင့် ရောရေးထားတာတွေကို သိပ်လည်းမဆိုင်ဘူး အရသာပျက်တယ် ထင်မိပေမယ့်၊ စာဖတ်ကျင့်မရှိလှသူတွေကို ပြီးအောင်ဖတ်ဖို့လည်း ဆွဲဆောင်နိုင်ရမယ်၊ ပြောချင်သမျှကိုလည်း နားထောင်စေရမယ်ဆိုရင်တော့ ဒီထက်ကောင်းတဲ့ ရေးနည်းမျိုး မရှိတော့ဘူးလို့ ခုမှ သဘောပေါက်ရတယ်။

နောက်ထပ် သဘောပေါက်သွားတာတစ်ခုက ဂျူးဟာ ခုနောက်ပိုင်း စာအုပ်တွေကို မလိုအပ်တဲ့သူတွေအတွက် ရေးနေတာမဟုတ်ဘူး လိုအပ်တဲ့သူတွေအတွက် ရေးနေတာဆိုတာပဲ။ ကိုယ်တွေစိတ်မှာ စွဲငြိပြီး ကျန်ရစ်အောင် ရေးတာမဟုတ်ဘူး။ လိုအပ်တဲ့လူတွေ ပြီးအောင်ဖတ်နိုင်ဖို့၊ လိုအပ်တဲ့ အချက်အလက်တွေကို သိမြင်နားလည်စေဖို့ ရေးတာပဲ။

စာရေးဆရာဟာ သူ့စိတ်ကြိုက်အနုပညာကို ဖန်တီးဖို့ကလွဲလို့ ခေတ်ကြီးရဲ့ ဘာတာဝန်မှမယူဘူးဆိုလည်း သူ့အနုပညာကို နှစ်သက်နေသရွေ့ ကိုယ့်အနေနဲ့ကတော့ ကျေနပ်လက်ခံနေဦးမှာပဲ။ ဘာမှ ထပ် တောင်းဆိုစရာမရှိဘူး။ သူ့သဘောနဲ့သူ တာဝန်ယူလာပြန်တော့ (အစက ကိုယ့်အကြိုက်နဲ့ မကိုက်တော့လို့ ပြီးပြီးရော သဘောထားခဲ့ပေမယ့်) ကိုယ့်အတွက် အသုံးဝင်လာတဲ့အခါ သူ တာဝန်ယူလိုက်တာကို ကျေးဇူးတင်ရပြန်တယ်။ (ကိုယ် ပြောရဆိုရသက်သာလို့)။

***

7 comments:

Phyo Maw said...

ဝင်းငြိမ်းနှင့်စာရေးဆရာများ အတွဲ ၁ ကို ၂၃ ကျပ်ပေးထားရတာ ၂ အုပ်ပေါင်းမှ ၁ သောင်းကျော်ဆိုတော့ ရန်ကုန်ပြန်ဝယ်ချင်စိတ်တွေ ပေါ်လာသား ဒါပေမယ့်ပြီးခဲ့တဲ့တစ်ခေါက် ပြန်တုန်းက စာအုပ်ဆိုင်သွားတာ လိုချင်တာလည်း သိပ်မရှိ ဖုန်သွားခါပေးသလိုနဲ့သာ ကြုံခဲ့ရတယ် စာအုပ်ဈေးတွေနဲ့ လူများများ ဝယ်တောင် ဖတ်ကြပါဦးမလား...။

emtal said...

ကျနော်လည်း ကရိုနင်ရဲ့စာတွေကြိုက်တယ် သူ့စာတွေဖတ်ရတာ အားရတယ်
ဆရာမောင်ထွန်းသူရဲ့အင်တဗျူးတခုမှာ ကရိုနင်ရဲ့စာတွေကို ဘာသာပြန်လို့ ဝေဖန်ခံခဲ့ရတယ်လို့လည်းဖတ်ဘူးတယ်

Rita said...

ဟုတ်တယ်။ ကိုယ်လည်း ဖတ်ဖူးတယ်။ စာပေအနုပညာမှာ ခရိုနင်က တန်းမဝင်ဘူး ဆိုတာမျိုး။ ကိုယ်တော့ အတိအကျ ဖွင့်ဆိုမရတဲ့ ဝိဇ္ဇာကိစ္စတွေနဲ့ ပတ်သတ်လို့ တန်းတို့ အဆင့်တို့ ပြောရတာ လက်ဝင်တယ်လို့ ယူဆတယ်။ =)

အဓိက က ကိုယ့်ဘာသာကိုယ် ကျေနပ်နေဖို့ပဲ။ ကိုယ်အထင်ကြီးတဲ့သူ ကြိုက်တာနဲ့၊ နိုဗယ်ဆုရတာနဲ့၊ အများတကာ ချီးကျူးတာနဲ့ပဲ ကိုယ်က ကြိုက်ချင်မှ ကြိုက်နိုင်မှာပေါ့။

အနုပညာဆိုတာ ဘာစကားလုံးသုံးသုံး နောက်ဆုံးတော့ ဖျော်ဖြေတာပဲ။ ကိုယ်ကြိုက်တာ ကိုယ်ရွေးပြီး ကိုယ့်ဘာသာ ကျေနပ်နေရင် ကိစ္စပြတ်တယ်။ =)

ကိုယ်ဆို ဂျူးက ချက်ကော့ဗ်စာတွေ ဝါးစားဖို့ကောင်းတယ် ညွှန်းတာ ဖတ်မိလို့ လိုက်ဖတ်ပေမယ့် နှစ်အုပ်နဲ့တင် နောက် ဘယ်တော့မှ မဖတ်ဖြစ်အောင် ရှောင်မယ်ဆိုပြီး ကိစ္စပြတ်သွားဖူးတယ်။ =D

ကိုယ့်ဘာသာ ကျေနပ်နေရင် ဘာမှ မဆုံးရှုံးဘူး မှတ်။

တီချမ်း said...

ဂျူး ကိစ္စ ပြောအုံးမယ်

လိုအပ်နေတဲ့သူတွေအတွက်ရေးတယ်ဆိုတာ သူက ဒီနေရာ ကို လိုနေတယ်ထင်လို့ ဝင်တာ ဖြစ်နိုင်သလို လိုနေတယ် ထင်တာကို သူ့ဘာသာ တတပ်တအား ဝင်ပါတာလဲ ဖြစ်နိုင်တယ် တခုတော့ ရှိတယ် အဲ့နေရာအတွက် သူက ဘယ်လောက် ကောင်းသလဲ လွှမ်းမိုးမှု ရှိတာ တခုထဲနဲ့တော့ အကောင်းဆုံး မဖြစ်နိုင်ဘူး

နောက်ပြောစရာတခုက သူ့နေရာကိုကော ဘယ်သူက ဝင်မှာလဲ လွန်းထားထားလား ရှင်မိုးလား မနော်ဟရီလား သူ့နေရာကမှ အစားထိုးဖို့ခက်တာ ခုနက ပြောတဲ့ ကိုယ်တို့ ပြောချင်တာတွေကို ပြောပးတဲ့ စာအုပ် သူရေးတာက ဟုတ်ပြီ ကိုယ်တို့ ဘတ်ချင်တာတွေကိုကော ဘယ်သူက ရေးမှာလဲ လူတွေက ကိုယ်အကောင်းဆုံးလုပ်နိုင်တဲ့နေရာမှာ လုပ်ရမှာ မဟုတ်ဘူးလား အဲ့ဒီလိုနေတဲ့နေရာ ကိုယ်တို့လို အပြင်ရောက်နေတဲ့ လူလတ်တွေက နောင် လူငယ်တွေအတွက် ပြန်မဝင်လာသင့်ဘူးလား ခုတလော စဉ်းစားဖြစ်နေတယ် ရသ စာပေ က တကယ်ကို ရှားနေတဲ့ခေတ်မှာ ဂျူး ကို မဆုံးရှုံးချင်ဘူး

Rita said...

ကိုယ့်အထင် အရင် ဂျူးက မရှိတော့ဘူး။ အဲဒါ သဘာဝကျတာပဲဟာ။ အသက် ၂၅ ~ ၃၀ မှာ ရေးခဲ့တဲ့စာမျိုး ဘယ်သူက အသက် ၄၅ ~ ၅၀ ထိ ဆက်ရေးနိုင်မှာလဲ။

ဂျူး နောက်ပိုင်းမှာ ဘယ်လိုစာမျိုးကို ရေးရေး မရေးရေး ဟိုးအရင် ဂျူးကတော့ မရှိနိုင်တော့ဘူး။ ဒါပဲ။ နောက်ပိုင်း လမ်းကြောင်းက သူ့ရွေးချယ်ခွင့် ဆိုပေမဲ့ ရှေ့တုန်းကလို မရေးနိုင်တော့တာ (မရေးတော့တာ မဟုတ်) က ရှောင်လွှဲမရနိုင်တဲ့ ဇရာသဘောတွေဖြစ်မှာပေါ့။ ဂျူးက ဒီဟာလုပ်လို့ ဟိုဟာမလုပ်နိုင်တော့တာ မဟုတ်ဘူး။ ဟိုဟာလုပ်မရတော့လို့ ဒီဟာကို လုပ်တာ။ (သူလုပ်တာတွေ အဓိပ္ပါယ်တော့ ရှိနေတာပဲ)

ကိုယ်တို့ ဖတ်ချင်တာတွေ ဘယ်သူက ဝင်ရေးပေးမှာလဲ ဆိုတာတော့... ရေးနိုင်တဲ့လူ ပေါ်လာရင် စောင့်ဖတ်ဖို့ပဲ။ မပေါ်လာရင် ကိုယ့်ဖတ်ချင်တာ ကိုယ့်ဘာသာ ရေးပြီး ပြန်ဖတ်လေ။ =)

အနုပညာပါဆို၊ ဖန်တီးတဲ့သူပဲဖြစ်ဖြစ်၊ ခံစားတဲ့သူပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် ကျေနပ်နေကြရင် ကိစ္စပြတ်တာချည်းပဲ။ =)

မကျေနပ်နိုင်လည်း ဘယ်သူကမှ မတတ်နိုင်ဘူး။ မဟုတ်လား။

လောလောဆယ်တော့ လွန်းထားထားရဲ့ အုပ် ၂၀၀ မြောက်လေး ဖတ်လိုက်ဦးမယ်။ ;)

Su said...

"အနုပညာဆိုတာ ဘာစကားလုံးသုံးသုံး နောက်ဆုံးတော့ ဖျော်ဖြေတာပဲ။ ကိုယ်ကြိုက်တာ ကိုယ်ရွေးပြီး ကိုယ့်ဘာသာ ကျေနပ်နေရင် ကိစ္စပြတ်တယ်။" =)
အဲတာတော့ သဘောကျတယ်
"ကိုယ့်ဘာသာ ကျေနပ်နေရင် ဘာမှ မဆုံးရှုံးဘူး" ဆိုတာကတော့ အမြဲမမှန်နိုင်လောက်ဘူး
ဒဂုန်တာရာလား မြသန်းတင့်လား ရေးဘူးတဲ့ ဝတ္ထုတိုထဲမှာရေးထားတာမှတ်မိတယ်
အဖြူပေါ်မှာစာလုံးမဲနဲ့ရေးထားတာဆိုရင်စာပေလို့မှတ်လို့မှားခဲ့ပါတယ် ဆိုလား

Rita said...

အဲဒါ ရေးတဲ့အချိန်မှာ တဘက်တည်းပဲ ကြည့်လိုက်မိတယ်။ ဥပမာ ခေတ်ဟောင်းတေးတော်တော်များများ ကြိုက်နိုင်ပေမယ့် မဟာဂီတခေါ်တဲ့ သီချင်းကြီးတွေဆို မကြိုက်နိုင်တော့၊ နောက် ရုပ်သေး၊ သဘင် စတာတွေလည်း အရသာမခံတတ်တော့ အဲဒါတွေကို မခံစားနိုင်လို့ ကိုယ့်ဘာသာ ဘာမှ မဆုံးရှုံးဘူးလို့ သတ်မှတ်မိတာ။

အရင်ကဆို ကိုယ်တိုင်က ခေတ်ဟောင်းတေးတွေ ကြိုက်တတ်တော့ မကြိုက်တတ်တဲ့သူတွေကို သူတို့မှာ ခံစားမှုပိုင်းမှာ တခုခုဆုံးရှုံးနေတဲ့လူတွေလို့ အလကားနေရင်း ထင်နေမိတာလေ။ အဲဒါကို ကိုယ်မခံစားနိုင်တာတွေနဲ့ ယှဉ်ကြည့်ပြီး တွေးမိလာတာ။

နောက်ဆုံး ကုန်ကုန်ပြောရရင် အနုပညာ လုံးဝ ဝါသနာပါတဲ့လူတွေက လုံးဝ ဝါသနာမပါတဲ့လူကိုတောင် သူတို့မှာ ဆုံးရှုံးတယ်လို့ သတ်မှတ်စရာအကြောင်းမရှိဘူးလို့ ထင်မိလာတယ်။ =)

ငပိအရသာ မသိလို့ ချိစ်စားတဲ့လူတွေမှာ ဘာမှ မဆုံးရှုံးသလိုပေါ့။ vice versa
အဲဒီလို အတွေးမျိုးနဲ့ ရေးလိုက်မိတာ။