ကျွန်
သတ်ပုံကျမ်းမှာဆို 'ကျွန်တော်၊ ကျွန်မ' လို့ ပါတယ်။
သို့သော်
အဲဒီစကားလုံးတွေကနေ ကျေးကျွန်ဆိုတဲ့ sense ကြီးကို ခံစားမိတဲ့သူတချို့က
'ကျတော် ကျမ' စသဖြင့် ပြောင်းရေးကြတယ်။ ကိုယ်တော့ အဲလိုမရှိဘူး။ (ရှေ့ကလူများ
ဘာကိုရည်ရွယ်သည်ဖြစ်စေ) သတ်ပုံဆိုတာ ဘာသာစကားတခုကို အတူအသုံးပြုသူတွေကြား
တပြေးညီ တူဖို့သတ်မှတ်တဲ့ နည်းစနစ်တစ်ခုမျှသာပဲ။ ဒီတော့ ကျွန်မ ဆိုတဲ့
အသုံးသာ သုံးဖြစ်ခဲ့ရင် 'ကျွန်မ' လို့ပဲ ရိုက်တယ်။ ကျမ လို့ မရိုက်ဘူး။
ဒီနေ့ သတ်ပုံကျမ်းမှာ 'ကျမ' လို့ ပြောင်းခဲ့မယ်ဆိုရင် နက်ဖန်
သုံးစရာရှိတာနဲ့ 'ကျမ' လို့ ပြောင်းရိုက်၊ ပြောင်းသုံးမယ်။
(မှတ်ချက်။ သတ်ပုံကျမ်းအတိုင်း အမြဲလိုက်နာသည် မဆိုလို)
မိန်းမလို မိန်းမရ
လွန်ခဲ့တဲ့နှစ်တွေလောက်က ဘယ်မှာလဲ မသိ၊ (Addy Chen ဆီမှာလို့ ထင်တယ်။)
နောက်ပိုင်းမှာ
မိန်းမတွေတင်မက ယောက်ျားတွေကပါ 'အမျိုးသမီး အခွင့်အရေး၊ အမျိုးသမီး
အခွင့်အရေး' အော်လာကြတာ၊ သူတို့ တာဝန်တွေအေးရာအေးကြောင်းဖြစ်ဖို့၊
ပုခုံးပြောင်းဖို့ ဆိုတဲ့ လျှို့ဝှက်အကြံအစည် ဖြစ်နိုင်တယ် ဆိုတဲ့
သဘောမျိုးရေးထားတာ။ သူ ကိုယ်တိုင်ကတော့ မိန်းမဝါဒီ ထင်ပါတယ်၊ အရေးအသားကြည့်ရတာ။
(အထူးမှတ်ချက်။ ကိုယ်ကတော့ ဒီတသက် ဖြစ်မည်မထင်။)
အဲဒီကနေ ဆက်တွေးလိုက်မိလို့။
ဆိုပါစို့။
ယောက်ျားတွေကို
'ဒီလူကတော့ မိန်းမလို မိန်းမရနဲ့၊ မိန်းမစိတ်' 'ထမီ ဝတ်ထားပါလား'
စသဖြင့်ပြောတာ မိန်းမတွေကို စော်ကားရာကျတယ်။ အဆင့်နှိမ့်ရာကျတယ် ဆိုကြတယ်။
ဒါလည်း
ယောက်ျားတွေအနေနဲ့ ဒီလိုပြောတာ မခံချင်လို့၊ မခံရအောင် တဘက်လှည့်နဲ့
မိန်းမတွေကိုပဲ မနှိမ်စေချင်သလိုလို လုပ်ပြောတာ ဖြစ်နိုင်တာပဲ။
စကားလုံးဆိုတာ အသုံးကြာလာရင်
မူရင်းအနှစ်ပျောက်ပြီး၊ အပေါ်ယံညွှန်းဆိုရင်းစွဲလေးပဲ ဂရုပြုမိကြတာ
များတယ်မဟုတ်လား။ 'ကျွန်တော် ကျွန်မ' ဆိုတာလိုပေါ့။ အဲဒီစကားလုံး
သုံးတိုင်း ဒါ ငါ့ကိုယ်ငါ ဆိုတာကလွဲလို့ 'ကျွန်' ဆိုတဲ့ အနက်ဟာ
ကိုယ့်စိတ်ထဲ ပေါ်မလာဘူး။ ပေါ်လာတဲ့လူလည်း မသုံးဘဲ နေရုံပဲမဟုတ်လား။
ဒီလိုပဲ ယောက်ျားတစ်ယောက်
အလုပ်မဟုတ်ဘဲ အူကြောင်ကြားကွက်နင်းနေလို့ 'မိန်းမလို မိန်းမရ' တို့
'မိန်းမဉာဏ်' တို့ 'မိန်းမကျင့် မိန်းမကြံ' တို့ လို့ ပြောတာလည်း မိန်းမတွေ ဆိုတဲ့ sense ထိ ပေါ်မလာဘူး။
ဒါ တိုက်ရိုက်ပြောချင်သူကိုသာ ထိထိမိမိ နှိပ်ကွပ်နည်း တမျိုးပဲ။ (ဒါမျိုး
သူတို့ မခံချင် မခံနိုင်လို့ မိန်းမတွေကိုပါ သွယ်ဝိုက်
နှိမ်ရာရောက်တယ်ဆိုပြီး တဖက်လှည့်နဲ့ ထွက်တာ ပို ဖြစ်နိုင်တယ်။)
တချို့သော ယောက်ျားတွေ အမျိုးသမီးအခွင့်အရေး ဘာညာ ခေါင်းတပ်ရေးတာ
စေတနာနဲ့ဆိုတာထက်၊ ထမီမပြီး ရန်တွေ့နေတာနဲ့ ပိုတူတတ်လို့၊ ဒါ
အမျိုးသမီးခေါင်းစဉ်တပ်ပြီး သူတို့အထိနာတတ်တဲ့ စကားလုံးတွေ
ပပျောက်အောင်များ တဖက်လှည့်နဲ့ ပြောသလား ထင်မိတယ်။
ဒီတော့ မိန်းမတွေကို ထိခိုက်တယ်လို့ စိတ်မှာထင်ရင် မသုံးဘဲ နေရုံပဲ။ ကိုယ့်စိတ်က
ဒီစကားလုံးသုံးတာ ရည်ရွယ်သူကလွဲလို့ မိန်းမတွေကို သွယ်ဝိုက်
ထိခိုက်စေလိုတယ်လို့ မဟုတ်ရင် ဆက်သုံးရုံပဲ။
အဲလို အူကြောင်ကြားကွက်တွေအတွက် ဒီ့ထက် ထိရောက်မယ့် စကားလုံးလည်း မှတပါး အခြားမရှိမဟုတ်လား။ ရှိလာခဲ့ရင် အချိန်မရွေးပြောင်းသုံးမယ်။
မရှိမချင်းတော့ ဒါအကောင်းဆုံးပဲ။
***
ဘာမှတော့ မဆိုင်ဘူး။
ရုံးက ပြန်ရောက်ပြီး Addy Chen ပို့စ် ဖတ်၊ နောက် ကွန်ဒိုလီဇာရိုက်ဇ်အကြောင်းဖတ်တော့ လူမည်းတို့၊ ကျွန်တို့ အကြောင်းတွေရောက်၊ စကားလက်အိုဟာရာတို့ခေတ်က လူမည်း၊ ရိုက်ဇ်တို့ခေတ်က လူမည်းနဲ့ ကျွန် ဆိုတဲ့ စကားလုံးကနေ ချရေးမိတာ။
ဖြည့်စွက်
ဗမာပြည်မှာ အမျိုးသမီးရေးရာ နဲ့ အမျိုးသမီးအခွင့်အရေးအကြောင်းတွေ ခေတ်စားတုန်းကဆိုရင်
မြန်မာဥပဒေမှာ ယောက်ျားတွေ တရားဝင် မိန်းမတစ်ယောက်ထက် ပိုယူခွင့် ရတာနဲ့ ပတ်သတ်လို့ ဆရာမကြီး ခင်နှင်းယု တို့တောင်ပါသေးလား မသိ၊ ရှင်းကြတာကို ဖတ်ဖူးတယ်။ အဲဒီမှာ အဲဒါက ဘာသာခြား လူမျိုးခြားအမျိုးသားနဲ့ လက်ထပ်တဲ့ ဗမာအမျိုးသမီးတွေကို ကာကွယ်ဖို့ လုပ်ရတာပါဆိုပြီး ဥပမာ၊ ဥပမေယျ မျိုးစုံနဲ့ ရှင်းကြတာ ကြားဖူးတယ်။
ကိုယ်တော့ ဥပဒေကြောင်း နားမလည်ပါဘူး။ လတ်တလော မလိုအပ်တော့ စိတ်လည်းမဝင်စားဘူး။ ဒါပေမဲ့ အဲဒီမှာ ပြသွားတဲ့ ဥပမာတွေ အကြောင်းပြချက်တွေကိုတော့ ဘဝင်မကျဘူး။ အဓိကနဲ့ သာမညနဲ့ ချော်နေတယ်လို့ ခံစားရတယ်။
ပြောချင်တာက မိန်းမတွေကို ကာကွယ်ဖို့လို့၊ မနှိမ်မိဖို့လို့ ရည်ရွယ်ချက်ဖြင့် 'မိန်းမလို မိန်းမရ ဖြစ်သော' ယောက်ျားတွေကို 'မိန်းမလို မိန်းမရ' ဆိုတဲ့ စကားလုံးမျိုး သုံးပြီး မပြောသင့်ဘူးဆိုတာလည်း အထက်က ဥပဒေလိုများ ဖြစ်နေမလား တွေးမိသေးတယ်။
***