ကြည်အေး စာတွေကို စဖတ်မိတော့ အတော်စောသေးတယ်။ အားမာန်သစ်က ပြန်ထုတ်တဲ့ ဝတ္ထုတိုပေါင်းချုပ် အိမ်မှာရှိနေတော့ အလယ်တန်းလောက်မှာ ဖတ်ဖြစ်ခဲ့တာ။ အဲဒီအရွယ်က တချို့တလေကို နားလည်တယ်လို့ ထင်ခဲ့တယ်ဆိုရင်တောင် တကယ်နားလည်ခဲ့တာတော့ မဟုတ်ဘူးဆိုတာ ခုမှ ပြန်နားလည်လာတယ်။
ကေဖွဲ့ဆိုသီ ကို ၁၀ တန်းဖြေပြီးနောက်ပိုင်း အညာပြန်နေဖြစ်တဲ့ ၃/၄ လအတွင်းမှာ အိမ်နားက စာအုပ်ဆိုင်တဆိုင်ကနေ ငှားဖတ်ခဲ့ဖြစ်တယ်။ ပြန်စဉ်းစားရင် အဲဒါ အညာက ထွက်လာပြီးနောက်ပိုင်း အကြာဆုံး ပြန်နေဖြစ်တဲ့ ကာလပဲပေါ့။ အိမ်နားက စာအုပ်ငှားဆိုင်ပိုင်ရှင်ဆီမှာ စီးပွားဖြစ် ဘတ်ဆဲလားစာအုပ်တွေတင်မကဘဲ စာအုပ်ဟောင်းတွေပါ အများကြီး စုပြီးဆောင်းပြီး ရှိတယ်။ လာငှားတဲ့ လူတွေရဲ့ အရိပ်အခြေကို ကြည့်ပြီး သူက သူ့စာအုပ်ဟောင်းတွေ ထုတ်ပေးတတ်တယ်။
မှတ်မှတ်ရရ စီနီယာတစ်ယောက်က လှမ်းတိုက်တွန်းလို့ တက္ကသိုလ်ဘုန်းနိုင်တွေ ဖတ်ဖြစ်ခဲ့တာလည်း အဲဒီဆိုင်ကပဲ။ မှန်တာပြောရရင် တစ်ခုမှ မမှတ်မိတော့ဘူး။ အဲဒီအချိန်ကျမှပဲ 'အမှတ်တရ' ကိုလည်း ဖတ်ဖူးတယ်။
'ကေဖွဲ့ဆိုသီ' နဲ့ 'မေတ္တာမီးအိမ်' ကိုလည်း အဲဒီစာအုပ်ဆိုင်ပိုင်ရှင် ညွှန်းပေးတာနဲ့ ဖတ်ဖြစ်တယ်။ အဲဒီတုန်းက ကြည်အေးကို သိပ်မခံစားတတ်ဘူး။ ဒါပေမဲ့ နောက် ရန်ကုန်ပြန်ရောက်တော့ 'နွမ်းလျအိမ်ပြန်' ကို ဝယ်ဖတ်ဖြစ်တယ် (ငှားစရာဆိုင် မရှိတော့လို့)။ အဲဒီထိလည်း ကြည်အေး စာတွေကို ကိုယ်ကြိုက်တဲ့စာလို့ မထင်မိသေးဘူး။
2000 လောက်မှာ 'ဖူးငုံပွင့်သစ်' ကို ကျောင်းစာကြည့်တိုက်မှာ ဖတ်ခဲ့ရတယ်။ ဘာကြောင့်မှန်းတော့မသိ၊ အိမ်ကို မငှားဘဲ အခန်းထဲမှာတင် ထိုင်ဖတ်ခဲ့တာ မှတ်မိနေတယ်။ ကျောင်းမပြီးခင်လေးမှာတော့ 'မှန်၏မှောင်ရိပ်' နဲ့ ကျောင်းပြီးတော့ 'အိမ်ဖြူလင်းသစ်' ဖတ်ဖြစ်တယ်။ (ဒီနှစ်ပြန်တော့ အဲဒီနှစ်အုပ် တပေါင်းတည်း ပြန်ထုတ်တာ တွေ့ခဲ့တယ်)။ နောက်ပိုင်း မီ၊ ကျွန်မပညာသည်၊ မောင် ကိုကို နဲ့ မြနန္ဒာ၊ အပြင်ကလူ၊ ဝတ္ထုတို ပေါင်းချုပ် စသဖြင့်...။ (ကဗျာတွေတော့ မဖတ်)
သူ့စာတွေက ကိုယ့်အတွက်တော့ တဖြည်းဖြည်း တစိမ့်စိမ့်နဲ့ စွဲလာခဲ့တာတွေ။ အဲဒီထဲမှာ ခုချိန်ထိ မစွဲမိတာကတော့ 'ကေဖွဲ့ဆိုသီ' နဲ့ 'အပြင်ကလူ'။ ဒါပေမဲ့ ဒီနှစ်ပြန်တော့ ကေဖွဲ့ဆိုသီ ကို ပြန်ဖတ်ချင်တာနဲ့ ကိုယ်ပိုင်လည်း မရှိသေးတော့ ဝယ်လာခဲ့တယ်။
အရင်ကတော့ စာအုပ်ဝယ်မယ်ဆို ချိန်နေရတယ်။ ဗမာပြည်ကလူတွေ စာ ဖတ် မဖတ်တော့ မသိဘူး။ တရုတ်ပစ္စည်းတွေ လှိမ့်ဝင်လို့ အိမ်အသုံးအဆောင် (တီဗွီ/အောက်စက် စသဖြင့်) တွေ လူများစု လက်လှမ်းမီလောက်တဲ့ထိ ဈေးကျတဲ့ အခိုက်အတန့်တွေ ရှိတောင်မှ ကိုယ့်အတွေ့အကြုံအရ စာအုပ်ဈေးတွေဟာ ဘယ်တုန်းကမှ မကျခဲ့ဖူးဘူး။ မကျရုံတင်မဟုတ်ဘူး တန့်ကို မနေဘဲ အမြဲတစေကို တက်နေတတ်တာ။
... ဆိုတော့ လက်ထဲ ရှိတဲ့ ပိုက်ဆံနဲ့ လိုချင်တာနဲ့ မမျှရင် ပြန်ချထားပြီး၊ နောက် ကြုံတော့မှလို့ လုပ်ခဲ့ရတာတွေ ရှိတယ်။ တချို့စာအုပ်တွေဆို စာအုပ်ဆိုင်မှာ မြင်နေရချိန် ဦးစားပေးစာရင်းထဲ တခြားစာအုပ်တွေ ဝင်သွားလို့ မဝယ်နိုင်သေးဘူး။ ဝယ်မယ်လုပ်ရင် ဆိုင်မှာ မရှိတော့ဘူးဆိုတာမျိုး တအုပ်တည်းနဲ့ကို ၄/၅ ခါလောက် ကြုံလာရဖူးတယ်။
ဂျူး ဝတ္ထုဇာတ်လမ်းတွေကို feminism စကားလုံးနဲ့တွဲလို့ သူများတွေက ပြောကြရင် မျက်မှောင်ကျုံ့မိတဲ့ ကိုယ့်အနေနဲ့ ကြည်အေးရဲ့ ကေဖွဲ့ဆိုသီ ထဲက ကေ့ မေမေအကြောင်း တစွန်းတစအရေးအသားကိုတော့ ခုချိန်ထိ မှတ်မိနေတုန်းပဲ။ တကယ်တော့ ဂျူး ဝတ္ထုစာအုပ်တွေ ဖတ်ရတဲ့အခါ ကိုယ့် အာရုံကိုက အဲဒီခေါင်းစဉ်နဲ့ ပတ်သတ်ပြီး မပါးလျားလို့ သာမန်မျှသာမြင်နေတာလည်း ဖြစ်နိုင်တယ်။ ဂျူး ဝတ္ထုတွေကို အဲဒီခေါင်းစဉ်နဲ့ တွဲပြီးတော့ကို မြင်လို့ မရတာ။ အဲဒီခေါင်းစဉ်ဟာ ဝင်းဝင်းလတ်တို့ ရေးတဲ့စာ၊ ကြည်အေးတို့ ရေးတဲ့စာတွေ ဖတ်မှသာ ကိုယ့်အတွက် သိလွယ် မြင်လွယ်ဖြစ်နေတာ ဖြစ်နိုင်တယ်။
(မှတ်ချက်။ ကိုယ်ကတော့ ဘယ်တော့မှ အဲဒီခေါင်းစဉ်အောက် ရောက်မယ်မထင်ဘူး။)
***
အမှန်တော့ ရေးမလို့ ရည်ရွယ်တာ အပေါ်ကဟာတွေ မဟုတ်ဘူး။
ခုမှ စာအုပ်အစက 'ဖူးငုံပွင့်သစ်' အတွက် စာရေးသူ အမှာတောင် ပြီးအောင် မဖတ်ရသေးဘူး။
သူ ကလောင်အမည် စယူပုံထိပဲ ရှိသေးတယ်။ အဲဒါကို ဖတ်ပြီး ရေးချင်လာမိတာ။ အမှာစာက သူ့အစ်ကိုကြီးကြောင့် တက္ကသိုလ်ရောက်လာရပုံအကြောင်း မှတ်မိနေပေမယ့် သူ့ကလောင် အမည်ယူခဲ့ပုံကိုတော့ မမှတ်မိတော့ဘူး။
'ကြည်အေး' ဆိုတဲ့နာမည်ဟာ သူ့အစ်ကို သူငယ်ချင်းဖြစ်သူ ဂျပန်တော်လှန်ရေးမှာ ကျသွားသူရဲ့ ငယ်နာမည်ကို ယူထားတယ် ဆိုတယ်။
"... အစ်ကိုကြီးသူငယ်ချင်း ဗကြည်ကို ဂျပန်တို့လိုက်ဖမ်းရာမှာ မိအောင် လက်ရ မဖမ်းဘဲ သူ ခိုအောင်းနေသော ဂူတွင်းကို လက်ပစ်ဗုံးသွင်းပြီး သတ်လိုက်သည်လို့ အစ်ကိုကြီးက ပြောပါသည်။ 'အဲဒီကောင်သေတော့ သူ့ရှပ်အင်္ကျီထဲက ရည်းစားစာတွေ တထပ်ကြီး ထွက်ကျလာတယ်တဲ့' ဟု အစ်ကိုကြီးက ပြောပြပါ၏။"
('မီ' ဝတ္ထုမှာ မောင်ကိုလေး တိုက်ပွဲကျတဲ့အကြောင်းရေးတော့ ထည့်ရေးခဲ့တဲ့ အကွက်ဟာ အဲဒီအစွဲအလမ်းကနေ ဖြစ်မှာပဲ။ စာရေးသူတွေဟာ သူတို့ ဘဝမှာ ကြုံခဲ့ရတဲ့ ခက်ခဲတဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေကို စာထဲမှာ ပြန်ပြန် ထည့်ရေးပြီး ကျော်လွှားဖို့ ကြိုးစားကြတာဟာ တကယ်ပဲလား)
"ကျွန်မ၏ ငယ်ရွယ်သေးသော သညာမှာ ထိုသတင်းသည် ဖျက်မရသော မင်ဖြင့် ထွင်းနှိပ်လိုက်သလို စွဲမြဲခဲ့၏။ သေသည်အထိ ရည်းစားစာများ ရင်မှာအပ်ခဲ့သော၊ အသက် ၂၀ ကျော်မျှ ရှိသေးသော၊ ဖက်ဆစ်ဂျပန်ကို တော်လှန်သော၊ မျိုးချစ်စိတ် ရှိသော၊ အသက်စွန့်ခဲ့သော၊ ခုတော့ ဘယ်သူမှ သတိရတော့မယ်မဟုတ် အရိုးကျခဲ့ပြီ ထင်ရသော အစ်ကိုကြီးရဲ့ သူငယ်ချင်း၊ ကျွန်မနဲ့ စကားကောင်းကောင်းမပြောဖူးခဲ့သော ကိုဗကြည်၏ ပုံမနှိပ်ခဲ့ဖူးသော ကလောင်နာမည်ကို ကျွန်မ အမွေခံဖို့ ဆုံးဖြတ်လိုက်ပါသည်။ မပျောက်ပျက်ကောင်းဘူး လို့ ထင်ခဲ့၏"
***
ဘယ်လောက်ကောင်းလိုက်တဲ့ တသသ ပြန်ပြောချင်စရာ နာမည်ရွေးပုံပါလိမ့်။ တိုက်တန်းနစ်ထဲမှာ အဘွားရို့စ် ပြောသွားတဲ့
"အညတရ ပန်းချီဆရာကလေးတစ်ယောက်...
သင်္ဘောကြီး နစ်သွားတဲ့ အချိန်မှာ သူနဲ့ ပတ်သတ်တဲ့ မှတ်တမ်းမှတ်ရာ ဘာတစ်ခုမှ မကျန်ရစ်ခဲ့ဘူး။ သူ့ဓါတ်ပုံကလေးတောင်မှ ငါ့မှာ မရှိခဲ့ဘူး။
သူဟာ ငါ့ရဲ့ အသိစိတ်ထဲမှာသာ ရှင်သန်နိုင်တော့တယ်။" ဆိုတာလေးတောင် သတိရမိတယ်။
အဲဒီမှာလည်း ရို့စ် အကယ်ခံရပြီး တဘက်ကမ်းပေါ်ရောက်တော့ လူနာမည်စာရင်းလာကောက်တဲ့သူကို သူ့နာမည်နောက်မှာ Dawson ဆိုတဲ့ Jack ရဲ့ surname ထည့်ပြီး ပြောခဲ့တယ်။
***
ကိုယ်လည်းပဲ သူ့နာမည်လေး တလုံးတလေမှ အမှတ်တရရယ်လို့ မထည့်ခဲ့မိ။ အေးလေ လူရှိနေသေးတာပဲ။
***
ဖြည့်စွက် (12.9.2011 Mon 9:50 am)
ဗမာပြည်မှာတုန်းက ခေါင်းစဉ်တစ်ခုနဲ့ပတ်သတ်ပြီး ပြောတာဆိုတာ ကြားရရင် မြန်မာအမျိုးသမီးများဟာ အနောက်နိုင်ငံက အမျိုးသမီးများလို လက်ထပ်ပြီးတာနဲ့ ခင်ပွန်းသည်ရဲ့ မျိုးရိုးနာမည်ကို ဆက်ခံစရာမလို ဆိုတဲ့ မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်တဲ့ စကားမျိုး အမြဲတမ်းကြားရတတ်တယ်။ အဲဒီတုန်းကတော့ သူ့အရပ်နဲ့ သူ့ဇာတ်ကိစ္စတွေကို အလကားနေရင်း ဆွဲထည့်နေတယ်ဆိုတာထက် ပိုပြီး ဘာမှ ဆက်မတွေးမိဘူး။
ခုမှ စဉ်းစားမိတယ်။
နောက်ပိုင်းမှာတော့ ထုံးစံဖြစ်သွားလို့ အစဉ်အလာအရ ခင်ပွန်းဖြစ်သူရဲ့ မျိုးရိုးနာမည်ကို ဆက်ခံကြတာ ဖြစ်ပေမယ့် အဲဒီ အစဉ်အလာရဲ့ အစဦးမှာတော့ ချစ်ခင်တွယ်တာမှုနဲ့ အမြတ်တနိုးထည့်ခဲ့ကြတာသာ ဖြစ်မယ်။
***