Sunday, April 10, 2011

All about him...

တခါတခါ ပေါ်လာတတ်တဲ့ ဘယ်ဘက်ပါးက ပါးချိုင့်ရာ ခပ်ရေးရေးကလေးကို ကြိုက်တယ်။

လူကြုံရှိတယ် ဘာမှာမလဲ မေးတဲ့အခါ မှာမယ့်ဟာကို ဘယ်တော့မှ အရင်မပြောဘဲ "စင်ကာပူသူ တောင့်တောင့်ဖြောင့်ဖြောင့် ချောချောလှလှလေးတစ်ယောက်လောက် မှာချင်တယ်။ ပိန်လှီပိန်လှပ်မလိုချင်ဘူး" လို့ ပြောလေ့ရှိတာကိုလည်း ကြိုက်တယ်။

ဘာမှ အဆက်အစပ်မရှိဘဲ "(ဟောလိဝုဒ် မင်းသမီးတစ်ယောက်ကို) သိပ်ကြိုက်နေလို့ ကယ်ပါဦး" လို့ ချက်ချင်းကြီး ထပြောတတ်တာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။ (နာမည်ထည့်မရေးဘူး။ စိတ်နာလွန်းလို့)

သူကြိုက်တဲ့ မင်းသမီးတွေကို ဝေဖန်မိတဲ့အခါ "အေးပေါ့ မင်းလို ပိန်ပိန်ပါးပါးကတော့ သူတို့ကို မနာလို ဖြစ်နေမှာပေါ့" လို့ မခံချင်အောင် ပြန်ပြောတတ်တာကို
(စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

"လူကြုံထည့်ပေးလိုက်တာ ကောင်မလေးချောချောဆို အပြင်မှာ ဒိတ်ပြီး ကော်ဖီတိုက်လိုက်မယ်" လို့ ပြောတတ်တာကိုလည်း ကြိုက်တယ်။

မှာတုန်းက အသည်းအသန်မှာလို့ ထည့်ပေးလိုက်တဲ့ပစ္စည်း ချက်ချင်းသွားမယူသေးဘဲ လှမ်းပြောတဲ့အခါ ရူးချင်ယောင်ဆောင်နေတတ်တာကို (ဒေါသထွက်နေတဲ့ကြားက) ကြိုက်တယ်။

မှာတာတွေ များနေတဲ့အခါ "ခုတလော မင်း အတော်ဖြုန်းတီးနေပါလား" လို့ စိတ်ထဲက မပါဘဲ လှမ်းပြောရတာကို ကြိုက်တယ်။

စိုက်ဝယ်ပေးထားတဲ့ ပစ္စည်းတွေအတွက် ငွေစာရင်းရှင်းတမ်း ထုတ်ပေးတဲ့အခါ "ဟမ် အဲလောက်တောင်မှ များလား၊ ပြန် မဆပ်နိုင်တော့ဘူး။ လူကို ယူပါ၊ အသည်းကို ချမ်းသာပေးပါ" လို့ ပြန်ပြောတတ်တာကို ကြိုက်တယ်။
(ယောက်ျားလေးတွေ အဲဒီစကား တော်တော်တော့ ပြောကြတယ်။ သူငယ်ချင်းတွေ အသိတွေထဲမှာလည်း ကြုံဖူးတယ်)

အဲဒီအခါ "အသည်းကမှ ဒုတ်ထိုးလုပ်စားလို့ ရဦးမယ်။ လူ ဘာလုပ်ရမလဲ" လို့ ပြန်ပြောရတာ ကြိုက်တယ်။

မှာတဲ့ ပစ္စည်းရဲ့ တန်ဖိုးထက်ပိုပြီး ငွေပြန်ရှင်းပေးတတ်တာကို ကြိုက်တယ်။

"ဟေ့ မင့်သူငယ်ချင်းက လာပြောနေတယ်။ ငယ်ငယ်တုန်းကဆို မိန်းကလေးလိုပဲ သိပ် စိတ်ဆိုးတတ်တယ် တဲ့" လို့ စပေးပြီး၊ "မဟာယောက်ျားသားဝါဒီကွ" လို့ ပြန်အော်တတ်တာကို နားထောင်ရတာ ကြိုက်တယ်။

တချို့ အင်းဆက်တွေကို ကိုယ်ကြောက်တယ်လို့ ထင်ပြီး ဟာသ လုပ်ချင်နေတတ်တာကို ကြိုက်တယ်။ (အမှန်တော့ ဒီလောက်လည်း မကြောက်တတ်ပါဘူး။ အကောင်ပလောင်တွေကို စိတ်ရှုပ်တာ)

တချို့ကိစ္စတွေ သူ မေးလို့ မသိတဲ့အခါ "ဟမ် မင်း ခုလို နိုင်ငံခြားသွားအလုပ်လုပ်နေတာ ပိုက်ဆံကလွဲလို့ ဘာတွေများ အသိပညာဗဟုသုတတွေ ပိုရလာသလဲ" လို့ တိုက်ရိုက်ထိမယ့် စကားမျိုး ပြောတတ်တာကို
(စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

ဒါမှမဟုတ် သူခိုင်းတာတွေ တလွဲ လုပ်မိတဲ့အခါ "အဲဒါ ဘာများခက်လို့လဲ အင်ဂြင်နယာမကြီးရဲ့" လို့ အငေါ်တူးတဲ့လေသံနဲ့ ပြောခံရတာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

ဘာကိစ္စဖြစ်ဖြစ် မေးမိတဲ့အခါ "ပြောတာ သေချာနားထောင်
တခုချင်း ပြန်မမေးနဲ့၊ ပြီးရင် ကိုယ့်ဘာသာ ရအောင်လုပ်" လို့ ပြောတတ်တာကို (အမြင်ကတ်တဲ့ကြားက) ကြိုက်တယ်။

ဒီမှာရောက်နေတဲ့ ကိုယ်နဲ့လည်းသိတဲ့ သူ့ငယ်သူငယ်ချင်းတချို့အကြောင်း သတိတရ မေးလေ့ရှိတတ်တာကို ကြိုက်တယ်။

"ခုတလော အိပ်ရေးတွေပျက်တယ်၊ body weight လည်း ကျတယ်၊ သိပ်လည်း နေမကောင်းဘူး" လို့ သတင်းကြေညာတဲ့လေသံနဲ့ လှမ်းပြောပြတတ်တာကို ကြိုက်တယ်။

ဂျူး စာအုပ်
အသစ်၊ ဟုတ်လား၊ ဖတ်မနေပါနဲ့ကွာ၊ မင်း သူ့နေရာဝင်ယူလို့ ရနေပါပြီ လို့ သိသိသာသာ လှောင်ပြောင်ချင်တာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။

စာအုပ်တစ်ခုခုကို ညွှန်းပြီး ဖတ်ကြည့်ပါလား ပြောတဲ့အခါ "အချစ်အကြောင်းမို့လား၊ တော်ပါ၊ အချစ်ဆိုရင် ကြောက်လွန်းလို့ဘာာာာ" လို့ ပြောတတ်တာကို ကြိုက်တယ်။

တခါတရံ စိတ်ဆိုးစရာ လုပ်မိတဲ့အခါ သူ့ဘာသာ မခေါ်နိုင် မပြောနိုင်ဖြစ်ပြီး ပြန်ခေါ်ချင်တဲ့အချိန်ကျမှ
သူ့ဘာသာ လာခေါ်တတ်တာကိုလည်း ကြိုက်တယ်။

ကိုယ့်ကို သူ့ဘာသာ block လုပ်၊ သူ့ဘာသာ စိတ်ပြေတဲ့အခါ ပြန်ဖွင့်ပြီး၊ မတွေ့တာတောင် ကြာပြီ လို့ ခပ်တည်တည် စပြောတဲ့အခါ အေး ဟုတ်တယ် ကိုယ် မင်းကို block လုပ်ထားတာလို့ ပြန်ပြောရတာ ကြိုက်တယ်။

သူ မကြိုက်ဘူးဆိုတာ ပြောထားရက်နဲ့ "ခု ဘယ်မှာရောက်နေလဲ" မေးရင် "massage"၊ "ဘာလုပ်နေလဲ" မေးရင် "အရက်သောက်နေတယ်" လို့ အရွဲ့တိုက် ပြန်ဖြေတတ်တာကို
(အမြင်ကတ်တဲ့ကြားက) ကြိုက်တယ်။

"အညာသူတွေနဲ့ စကားမပြောချင်ဘူး" လို့ ပြောတတ်တာကို ကြိုက်တယ်။

တခါတရံ စိတ်မတို တိုအောင် လိုက်စနေတတ်တာကို ကြိုက်တယ်။

သူ့နာမည်ရှေ့မှာ 'ခွေး' တပ်ခေါ်ရတာ ကြိုက်တယ်။

ဒေါသထွက်တုန်း ရေးလိုက်မိတဲ့ စာမှာ သူ့နာမည်အစား 'Darling' လို့ ပြန်ပြင်ပြီး စာပြန်ရေး ဆက်စ နေတတ်တာကို ကြိုက်တယ်။

သူ့အလုပ်က တချို့ အောင်မြင်မှုတွေအကြောင်း "ဘယ်သူ့မှ ပြန်မပြောရဘူးနော်" လို့ စကားခံပြီး ကိုယ့်ကို လာအသိပေးတတ်တာကို ကြိုက်တယ်။ (အဲဒါ အပေးအယူတွေပါမှန်း သိနေပေမယ့်...)

***
တခါတရံမှာ
(အသေးအဖွဲလေးပဲ ဖြစ်ဖြစ်) သူ့အတွက် လုပ်ပေးနိုင်နေတာကို ကြိုက်တယ်။

တခါတရံမှာ (မဖြစ်စလောက် အတိုင်းအတာလေးပဲဖြစ်ဖြစ်) သူ လိုအပ်တာ ခံရပြီး သူ့အတွက် အသုံးဝင်နေတာကို ကြိုက်တယ်။

ရေချမ်းကပ်တဲ့အခါ သူ့စိတ်နှလုံးထဲ အဲဒီလို ကြည်လင်ချမ်းမြေ့နေပါစေ လို့ အာရုံပြုပေးရတာကို ကြိုက်တယ်။

အရာအတော်များများ အသိပေးနေကျ သူငယ်ချင်း နှစ်ယောက်က "ဟိုကနေ တခုခု ဆိုတာနဲ့ ဒီဘက်မှာ ပျာနေပြီ" လို့ ပြောပြီး အမြင်ကတ်ခံနေရတာကို ကြိုက်တယ်။

***
ပြောလိုက်တဲ့အထဲ စကားလုံးအတွဲဆန်းတခုခု အမှတ်တမဲ့ပါသွားရင် modify ပြန်လုပ်ပြီး "သမီးလေးဆိုရင် အဲဒီနာမည်ပေးမယ်" လို့ သူ့ဘာသာ တယောက်တည်းပြောသလို ပြောဖူးတာကို ကြိုက်တယ်။

ဖတ်ထားတယ် ဝန်မခံဘဲ "မင်း ကိုကိုတွေ ကက်ကက်တွေနဲ့လည်း တွေ့နေဦးမယ်" လို့ ပြောဖူးတာကို ကြိုက်တယ်။

***
(အစဟာ ဘယ်လိုဖြစ်ဖြစ်၊ အလယ်မှာ ဘာတွေကြုံကြုံ၊ အဆုံး ဘယ်လိုသတ်သတ်) တွေ့ခဲ့ရတာကို ကြိုက်တယ်။

***
ပေါက် က ကြိုက် ဆိုတဲ့ စကားလုံးနဲ့ တဂ်လို့ ရေးလိုက်ပေမယ့်၊ စကားလုံးက တိမ်လို့ ဒီအကြောင်းအရာတွေမှာ ထည့်ရေးရတဲ့ "
ကြိုက်တယ်" ဆိုတဲ့ အသုံးအနှုန်းကိုတော့ မကြိုက်ဘူး။

နေ့စဉ်အလုပ်တွေက အကြိုက်ကို ရေးခိုင်းတာမှန်း သိပေမယ့် ပိုက်ဆံရတဲ့အလုပ်ကလွဲလို့ ဝေယျာဝစ္စတွေ ကိုယ့်ဘာကိုယ် လုပ်နေရတဲ့ အဖြစ်ကို မကြိုက်နိုင်တော့ အဲဒီအကြောင်းတွေကျ ရေးလို့ မရဘူး။ မကြိုက်တာတွေကို နှစ်ချီလုပ်ပြီး နေနိုင်တဲ့ ကိုယ့်ဘာသာတော့ ကြိုက်တယ်။


***
ဖြည့်စွက် (11.4.11, 11:40 AM)

အလုပ်မရခင်က ဒီကို ခဏ ကြွလာတဲ့ ဆရာတော်တပါးဆီ သွားဖူးဖြစ်မယ် ပြောမိတော့ "အဲဒီဆရာတော်ကို ကိုယ်တော့ မယုံဘူး။ ဒါပေမဲ့ မင်း ယုံရင် သွားပါ။ ယုံကြည်မှုဆိုတာ ခွန်အားတမျိုး မောင်းနှင်အားတမျိုးပဲ"
လို့ ပြောဖူးတာလည်း ကြိုက်တယ်။

ကိုယ် ကြိုက်လို့ သယ်လာတဲ့ သုတ္တန်တစ်ခု အနက်ဖွင့်တဲ့ စာအုပ်အကြောင်း ပြောမိတဲ့အခါ "အဲဒါ သူ(စာရေးဆရာ) ထင်ရာ မြင်ရာတွေ စွတ်ရေးထားတာ" လို့ ပြောဖူးတာလည်း ကြိုက်တယ်။

ဒီရောက်ပြီး အလုပ် တော်တော်နဲ့ မရလို့ သိပ်ဝမ်းနည်းနေခဲ့တဲ့ တချိန်တုန်းက ဖုန်းထဲကနေ ကိုယ့်နာမည်အလိုက်အတိုင်း လေချွန်ပြခဲ့ဖူးတာကိုလည်း ကြိုက်တယ်။

***

15 comments:

ညိမ်းနိုင် said...

စိတ်နာနေတဲ့ကြားက၊ဒေါသထွက်နေတဲ့ကြားက၊အမြင်ကပ်
နေတဲ့ကြားက ကြိုက်နေသေးတယ်နော်....။ လူများစုရဲ့စိတ်က အဲ့တိုင်းလားဗျ....ဟင်...

Anonymous said...

ကြိုက်တာတွေကို တန်းစီပြီး မဲ့ကာရွှဲ့ကာပြောနေသလိုပဲ။

ဇွန်မိုးစက် said...

အို...တို့က ဘာပဲဖြစ်ဖြစ် ရီတာရေးတဲ့ သူ့အကြောင်းကို ဖတ်ရတာ ကြိုက်တယ်။

Sonata Cantata said...

့ဒီလို ကြိုက်တယ် ပို့စ်တောင် ရေးချင်သွားတယ်
တို့ကို တဂ်ပါလားဟင် ရီတား)
ချစ်လို့ စတာနော်...မရေးပါရစေနဲ့
တော်ကြာ ရန်ဖြစ်ရတာ ကြိုက်တယ်လို့ ရေးနေရမစိုးလို့ :P

ဆောင်းနှင်းရွက် said...

ဒီဇိုင်းအသစ်နဲ့ ရေးထားတာ မိုက်တယ် ..
ကြိုက်တယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Unknown said...

အမစာ အသစ်တွေကို သူများဘလော့ကနေဖြစ်ဖြစ်၊ အမဆီရောက်လာလို့ဖြစ်ဖြစ် တွေ့ရရင် အလွန်ကြိုက်။ အချစ်များသူ့ဆီမှာ က ကျွန်မအကြိုက်ဆုံးသီချင်းပဲ။ အဲ့သီချင်းကို အင်တာဗျူးထဲမှာ ဇော်ဝင်းထွတ် ပြန်ဖြေထားတာကိုအကြိုက်ဆုံးပဲ။

Rita said...

ဟုတ်လား အင်တာဗျူးမှာ ဘာပြောထားလဲ။ share သွားပါဦး ကြုံတုန်း =)

Thetmar said...

I also "like tal" :P

same feeling with ama rita, but i'm not able to write like u.

Unknown said...

ကျွန်မငယ်ငယ်တုန်းကေ ဇ်ာဝင်းထွတ် ကိုအော်လွန်းလို့ဆိုပီး လုံးဝမကြိုက်ဘူး။ ဒီသီချင်းကြားတော့မှ အရမ်းကြိုက်သွားတာ။ အာဗြဲကြီးနဲ့ပေမယ့် အေးအေးလေးကျတော့လည်း ဒီလောက်ကောင်းတဲ့အသံထွက်လာပါလားဆိုပီးလေ။ သူ့သီချင်းvcd တခုမှာလားမသိဘူး၊ သီချင်းအပုဒ်တိုင်းကို မတိုင်ခင်မှာ အင်တာဗျူးအတိုလေးတွေမေးတော့ ဒီသီချင်းကို ဘာလို့ပြန်မကျော့ပဲ တခေါက်ထဲဆိုသလဲပေါ့။ သူက ကိုယ်အရမ်းချစ်တဲ့ချစ်သူကို ခံစားရသမျှကိုပြောတာ တကြိမ်ထဲအကုန်ပြောလိုက်ပီပဲ...အဲဒီလိုလေးပြန်ဖြေတာ။ စကားအတိအကျတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဘာလို့လဲမသိဘူး စိတ်ထဲမှာ အဲဒီလိုပဲစွဲနေတယ်။ အဲဒီတခေါက်ပီးတော့ နောက်ပိုင်းအဲဒီအခွေထပ်မကြည့်ဖြစ်ဘူး။ သူများအခွေလားလည်းမသိပါဘူး။ သူပြောသွားတာက တိုတိုလေးရယ်။ ဒါပေမယ့် သူဆိုလိုတဲ့အဓိပါယ်တွေ အကုန်လုံးကိုနားလည်သွားသလိုပဲ။ ကိုယ်ပြောချင်တဲ့စကားတွေအကုန်လုံးကိုလည်း အဲဒီသီချင်းက ကိုယ်စားပြုပေးတယ်လေ။
ဘုရားကျောင်းပွဲတွေမှာ သီချင်းဆိုတိုင်း အဲဒီသီချင်းပဲဆိုတယ်။ (အဲဒါပဲရတာလည်းပါ ပါတယ်။)မဆိုခင် အဲဒါလေးလည်း ထည့်ထည့်ပြောတယ်၊ ကြောင်တော့ကြောင်သား။
ထွန်းအိန်ဒြာဗိုကတော့ အဲ့သီချင်းကို ဖျက်ပစ်လိုက်သလိုပါပဲ။ အမသာ နှစ်ယောက်တွဲဆိုတဲ့ဟာတင်ရင် ကျွန်မ ကွန်မန့်ပေးဖြစ်မှာမဟုတ်ဘူး။

Rita said...

ကျေးဇူး
ကောင်းလိုက်တာ
(ကိုယ်အရမ်းချစ်တဲ့ချစ်သူကို ခံစားရသမျှကိုပြောတာ တကြိမ်ထဲအကုန်ပြောလိုက်ပီ)

Vista said...

Megan Fox ကိုကြိုက်တာ နာသိတယ် .. နာလည်းကြိုက်လို့  ဟိ။

တီချမ်း said...

လက်စသတ်တော့ သူက မက်ဆိုခစ် ကိုး
ပြေားသားပဲ ဂျူးစားတွေသိပ်မဘတ်ပါနဲ့ လို့

ခိုးဘတ်ပြီးပျော်မှာပေါ့ နောက်ဆုံးမှာ ကိုကိုနဲ့ မညားပဲမောင်နဲ့ ဇာတ်သိမ်းသွားတာ သိနေတာကိုးလေ

ဒေါ်ရီတာ လဲ ကျုပ်လိုပဲ ကိုယ့်ဘာသာ သိမ်းထားရမယ့် စာတွေကို တင်လာပြီနော် အဲ့တာ ဝဋ်လည်တာ

တီချမ်း said...

http://www.thefreedictionary.com/masochist

emotionally abused.....hummmmm

PhyoPhyo said...

မြန်မာနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ
စာလာဖတ်သွားပါတယ်။
ခဏခဏ လာဖတ်ဖြစ်ပါတယ်။
လင့်လေးလည်းပြန်ထည့်ထားလိုက်တယ်နော်။

Rita said...

သိုင်းကျူးပါ ဖြိုး