Tuesday, March 1, 2011

ကျွန်တော့်ဘဝဇာတ်ကြောင်းက မိတ်ဆွေတွေ

ကျွန်တော့်ဘဝဇာတ်ကြောင်း (သော်တာဆွေ) က အကြောင်းအရာတွေကို သိပ် အသေးစိတ် မမှတ်မိတော့ဘူး။ အဲဒီစာအုပ်တွေကို ကမန်းကတန်းနဲ့ တခါတည်း ဖတ်ခဲ့ရတာဖြစ်တော့... ဒါတောင် အပိုင်း (၁) မပါ။

ပတ္တမြားခင်အကြောင်း ရေးဖြစ်တော့ အကြောင်းအရာတစ်ခု ခေါင်းထဲ ပြန်ပေါ်လာတယ်။
သူတို့ချင်း မိတ်ဆွေတွေဖြစ်တော့ ပတ္တမြားခင်ရဲ့ သမီး မင်္ဂလာဆောင်ဖိတ်စာ သော်တာဆွေ့ဆီကို ကိုယ်တိုင်လာပို့တယ်။ အတိအကျတွေ မမှတ်မိတော့ဘူး။

ဆရာသော်တာဆွေအတွက်က အဲဒီအခိုက်မှာ မင်္ဂလာပွဲလုပ်မယ့် ဟိုတယ်ဆီ တက်ဖို့၊ လက်ဖွဲ့ဖို့စတာတွေက အခက်အခဲ ဖြစ်တယ်။ အဲဒါနဲ့ ဆက်စပ်ပြီး သူ ရေးသွားတာမှာ... တခါလည်း အဲလိုပဲ မိတ်ဆွေတယောက်ရဲ့ မတက်မဖြစ်တဲ့ (သား/သမီး မင်္ဂလာဆောင်) ပွဲတစ်ခု တက်ဖို့ရာမှာ လက်ဖွဲ့စရာ အခက်တွေ့တော့ အိမ်မှာရှိတဲ့ မသုံးဖြစ်တဲ့ ပန်းအိုးတစ်လုံးကို ပက်ကင်ထုပ်ပြီး လက်ဖွဲ့လိုက်ရတယ် ဆိုတယ်။

အဲဒီကနေ ဆက်ရေးတော့ ရှုမဝ ဦးကျော် နဲ့ သူ့ အကြောင်း။
ကျွန်တော့်ဘဝဇာတ်ကြောင်း ကို သိရင် ရှုမဝဦးကျော်နဲ့ သော်တာဆွေကြားက ပတ်သတ်မှု အထူးပြောစရာမလိုပါဘူး။ ဒီလိုသာဖြစ်တယ်။ သူ့အနေနဲ့ ဦးကျော် သားသမီးတွေရဲ့ မင်္ဂလာဆောင် တခါမှ ဖိတ်တာ မခံရဖူးဘူးဆိုတယ်။ တကယ်က သိတောင် မသိလိုက်ရတာ။ မဂ္ဂဇင်းတိုက်မှာ မမြင်ဖူးသေးတဲ့ ကလေးငယ် တစ်ယောက်ယောက်ကို မြင်မိမှ ဒါ ဘယ်သူ့ကလေးလဲ မေးရင်း၊ ဦးကျော်ရဲ့ သား (ဒါမှမဟုတ်) သမီး တစ်ယောက်ယောက် အိမ်ထောင်ကျပြီးသွားလို့ ကလေးတောင် ရပြီဆိုတာ သိရတယ်ဆိုတယ်။

***
ကျောင်းပြီးလို့ လူလုပ်ခဲ့ရတာ မကြာလှသေးပါဘူး။ အဲဒီအတောအတွင်းမှာ အရင်လို လူကြီးနဲ့ ကပ်လိုက်တာမျိုးမဟုတ်ဘဲ ကိုယ့်ကို ဦးတည်ဖိတ်တဲ့ ပွဲတွေလည်း တက်ခဲ့ဖူးပြီးပြီ။ ခုချိန်ထိတော့ ဘယ်ပွဲတက်ဖို့ ခက်ခဲလိုက်တာ ဆိုတာမျိုးတော့လည်း မကြုံဖူးသေးပါဘူး။ ပြောရရင် အင်မတန် စိတ်ပါလက်ပါနဲ့ တက်ခဲ့တဲ့ ပွဲချည်းပါပဲ။

မိတ်ဆွေအပေါင်းအဖော်၊ စာရေးဖော်ရေးဖက်၊
သား သမီးတွေနဲ့ မင်္ဂလာဆောင် ပွဲလမ်းသဘင်၊
ခင်မင်ဆက်နွယ်မှု နဲ့ ဖိတ်ကြား၊ ချီးမြှင့်။
နေ့တိုင်း ထမင်းစား ရေသောက်တာ စာမဖွဲ့လောက်သလိုပဲ၊ လူ့အသိုင်းအဝိုင်းထဲက ဖြစ်ရိုးဖြစ်စဉ် အဲဒီလူမှုကိစ္စတွေလည်း စာမဖွဲ့လောက်ဘူး ထင်ရတယ်။

ဘဝအမျိုးမျိုးက ဆက်နွယ်ပတ်သတ်မှုအမျိုးမျိုးမှာ (လူရင်းတွေမို့ ခင်မင်မှုနဲ့ ဖိတ်တယ် ဆိုတဲ့ ဘာမှမထူးဆန်းတဲ့ အဖြစ်အပျက်နဲ့ ယှဉ်ပြထားတဲ့) လူရင်းတွေမို့ ငဲ့ညှာမှုနဲ့ မဖိတ်ဘူး အသိတောင်မှ မပေးဘူး ဆိုတဲ့အချက်ကို စိတ်ထဲ အတော် လေးလေးနက်နက် ဖြစ်မိတယ်။

တခါတခါ တကယ့်ဘဝထဲက အဲဒီလို အကြောင်းအရာမျိုးကို ဖတ်ရသိရတာ ဘာနဲ့မှ မတူဘူး ထင်မိတယ်။ လူတစ်ဦးတစ်ယောက် အမှန်တကယ် ကြုံခဲ့ရတဲ့ တချို့သော ကိုယ်တွေ့အဖြစ်အပျက်ဆိုတာတွေက ဘယ်လိုကွန့်မြူးနိုင်တဲ့ စိတ်ကူးဉာဏ်ကနေမှ ဖန်တီးလို့ ထွက်မလာနိုင်တဲ့ အရာတွေ။

ကျောက်မျက်တစ်တုံးပေါ် နေရောင်ကျလိုက်လို့ ရောင်ပြန်တွေ ဖြာထွက်လာသလိုပဲ။
ဒီအဖြစ်အပျက်တစ်ခုတည်းပေါ်ကနေ လူရင်းဆိုသူတွေရဲ့ သူ့ဘဝနဲ့သူ၊ သူ့ဖြတ်သန်းမှုနဲ့သူ၊ သူ့အဓိပ္ပါယ်သတ်မှတ်ချက်နဲ့သူ၊ သူ့တန်ဖိုးထားမှုနဲ့သူ ဖော်ပြလာကြတဲ့ ပတ်သတ်ရာပတ်သတ်ကြောင်း အကြောင်းတရားတွေ။

ကိုယ်တိုင်လည်း မင်္ဂလာဆောင်တပွဲတက်ဖို့ ဘယ်အချက်ကတော့ဖြင့် ခက်ခဲလိုက်တာလို့ မကြုံဖူးသေးတော့ (နောင်လည်း ကြုံကောင်းမှ ကြုံရမှာပါလို့ ပိုတွက်နေမိတော့) မကြုံဖူးဘဲ မသိနိုင်မယ့် အကြောင်းအရာတွေ ဒီလိုနည်းနဲ့ သိခွင့်ရတာ ငဲ့ညှာမှုနဲ့ ခင်မင်ခဲ့တဲ့သူ၊ ဒါကိုမှ အပြန်အလှန် သိမှတ်နိုင်တဲ့စိတ်နဲ့ မှတ်တမ်းတင် ရေးထားခဲ့ဖို့သတိရတဲ့သူတွေကို ကျေးဇူးတင်နေမိတော့တယ်။

***

3 comments:

juli said...

အဲလိုမျိုးသာဆို တော်တော်အကြပ်ရိုက်ရမယ့်ကိစ္စပဲ.. ဒီလောက်ကြီးရင်းနှီးနေပြီးမှ မဖိတ်ပဲထားခဲ့လို့ (ငဲ့ညှာမှုနဲ့) မကြာခင်မှာ ပြန်သိသွားရင် ဘယ်လိုများဖြေရမှာပါလိမ့် အားနာစရာကြီးဖြစ်နေမှာပေါ့

Rita said...

တယောက်တည်း ကွက်ချန်ခဲ့တာမျိုးမဟုတ်ဘူး မျိုးရဲ့။ ပြီးတော့ အဲဒီစာအုပ် ဖတ်ဖူးရင် ပိုသိလိမ့်မယ်။ သူတို့အနေအထားက မဖိတ်ရင် အားနာစရာကြီးဆိုတာမျိုး တွေးစရာမလိုလောက်အောင်ပဲ။

ဇွန်မိုးစက် said...

ငဲ့ညှာပြီး မဖိတ်ခဲ့တာတဲ့လား။ တကယ်စိတ်ဝင်စားသွားတယ်။ ကိုယ့်အတွက်ကလက်ဖွဲ့ကိစ္စပြဿနာ အဲလောက်မရှိပေမယ့် အ၀တ်အစားကျ ကိုယ်ကပဲ ဂျေးများတတ်သူမို့လား မသိဘူး။ နဲနဲပြဿနာရှိတယ်။ :D
လက်ပြတ်မ၀တ်၊ အတိုမ၀တ်၊ ဖိနပ်အမြင့်စီးမရနဲ့ဆိုတော့ မြန်မာဝတ်စုံမဟုတ်ရင် ခေါင်းစားရတယ်။ :(