သီးသန့် ဂျူး group ထဲမှာ ဂျူးဇာတ်ကောင်တွေ အကြောင်းပြောကြရင်း ကိုယ့်အကြိုက်ဆုံးက "ကမ္ဘာမြေရဲ့ ချစ်သူ" ဝတ္ထုတိုထဲက နုနုမေ ပါလို့ ပြောထားမိတယ်။
***
တိုက်တိုက်ဆိုင်ဆိုင် ခုတလော ဂျူး ကမ္ဘာမြေရဲ့ ချစ်သူ ကို fwd mail ကနေ share နေကြတယ်။ ညက fwd လုပ်လာတဲ့ သူငယ်ချင်းနဲ့ ပြောမိလို့... သူကပြောတယ်။ နုနုမေ က အင်မတန် ချာတဲ့မိန်းမတဲ့။ =(
ဘာမှလည်း မခံစားတတ်။ နားမလည်တတ်။ ပိုက်ဆံကြောင်းပဲတွေး။ အမြင်လည်း မကျယ်။ ရည်းစားဟောင်း ပြန်တွေ့တာ ဘယ်သူက အရင် အိမ်ထောင်ကျတာလဲ လုပ်နေသေးတယ် တဲ့။ အဲဒီ သူငယ်ချင်းက စာပေအနုပညာလည်း ဒီလောက် ဝင်စားတာမဟုတ်ဘူး။ စာရေးတဲ့သူတွေက သူတို့ တကယ်ဖြစ်နေတာ လုပ်နေတာကို ရေးတာမဟုတ်ဘူး။ သူတို့ ဖြစ်ချင်တာကို စိတ်ကူးယဉ်ပြီး ရေးကြတာများတယ်လို့ ပြောတာ သူပေါ့။
အမှန်တော့ ကိုယ့်ဆီ fwd လုပ်တာ အဲဒီဝတ္ထုဖတ်ပြီး ဒါမျိုးရေးနိုင်တဲ့အတွက် ဂျူး ကို သူ impressive ဖြစ်လို့ပါ။ သိပါတယ် အဲလောက်တော့။ (ချွင်းချက်နဲ့တော့ ပြောတယ်။ မိန်းမတွေဘက်က သိပ်ပါတာပဲ။ ယောက်ျားတွေကို သိပ်မကောင်းမြင်တာပဲ။ အဆုံးမှာ နဲနဲဖြစ်ဖြစ်တော့ မိန်းမတွေကို အသာပေးလိုက်သေးသတဲ့။ အဲဒီနေရာမှာတော့ ယောက်ျားလေးတွေဟာ တလေတည်း ထွက်တယ်။)
ကိုယ်က မိန်းမတွေကို အသာပေးတယ် မထင်ပါဘူး (တကယ်လည်း မထင်ပါဘူး) သူရေးတဲ့မိန်းမတွေက ဟုတ်မလိုလိုနဲ့ ချာတာတာပါ။ တော်တာဆိုလို့ အဲဒီထဲက နုနုမေ ပဲရှိတယ် ပြောမိလို့... "အဲဒီထဲက မိန်းမလည်း ချာတူးပဲ" ဆို ထအော်တယ်။ နောက် အပေါ်ကအကြောင်းတွေ ဆက်ပြောတယ်။
"ဘာမှလည်း မခံစားတတ်။ နားမလည်တတ်။ ပိုက်ဆံကြောင်းပဲတွေး။ အမြင်လည်း မကျယ်။ ရည်းစားဟောင်း ပြန်တွေ့တာ ဘယ်သူက အရင် အိမ်ထောင်ကျတာလဲ လုပ်နေသေးတယ်" တဲ့။
သူပြောတာလည်း ဟုတ်တုတ်တုတ်။
***
နုနုမေ တော်တယ်လို့ ထင်မိတာက...
သူ့ကိုယ်သူ သိတယ်၊ သူ့အတိုင်းအဆကို သိတယ်၊ သူနဲ့တန်ဖိုးထားရာ မတူတဲ့ လူနဲ့ တွဲလာခဲ့ပေမယ့် သူ့အတိုင်းအဆကို ပိုတွက်ပြီး (တနည်း အချစ်ကြောင့် ယောင်ဝါးပြီး) မတူတဲ့လူဘက်ကို ယိုင်မသွားဘူး။ (ဒါမျိုးက မွှန်နေတုန်း ဖြစ်တတ်တာပဲ။ သူ့အတွက်ပဲ ကိုယ်လိုချင်တာတွေ လျှော့ပေးမိတော့ မလိုလို။ တကယ်သာ အဲဒီလူနှစ်ယောက် လက်တွဲကြည့်။ မကြာခင် ကွဲရင်ကွဲ မကွဲလည်း အကြောကို တစက်မှ တည့်မှာမဟုတ်ဘူး) ထားပါတော့။
သူနဲ့ ကိုက်ညီမယ့် လမ်းကြောင်းကို ရွေးနိုင်တယ်။ သူ သာမန်လူပဲ ဖြစ်ချင်တယ်ဆိုတာကို သိပြီး သာမန်အလုပ်ကိုပဲ ရအောင်လုပ်တယ်။ သူ့လို သာမန်တွေးနဲ့ ယောက်ျားကိုပဲ ယူတယ်။ သူ့ တခြား မိန်းမဇာတ်ကောင်တွေလို အပေါ်ယံ ကျွတ်ဆတ်ဆတ် အတွင်း အိစိစိ မဟုတ်ဘူး။ အဲဒီ ကာရိုက်တာပဲ မြင်တော့ ဂျူး ဝတ္ထုတွေထဲက ကြိုက်မိတဲ့ မိန်းမဇာတ်ကောင် လို့ ခေါင်းစဉ်တပ်ပြီး ပြောကြတဲ့အခါ အဲဒီတယောက်ကို ခက်ခက်ခဲခဲ ရွေးထားရတာ။ ဒါတောင် ချက်ချင်း ရွေးနိုင်တာ မဟုတ်ဘူး။
(ကိုယ့်မှာ ဂျူး အထင်ကြီးပေမယ့် သူ့ဇာတ်ကောင်မိန်းမတွေတော့ အဲလိုမဟုတ်ဘူး။ အထင်ကြီးတဲ့ စာရေးဆရာ ရွေးပါဆိုရင်သာ သူ့ မဆိုင်းမတွ ရွေးနိုင်မှာ။ သူ့ဇာတ်ကောင်တွေထဲ ဆိုရင်တော့ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အတော် စား ပြီ။)
***
ညကတော့ အဲဒီသူငယ်ချင်းနဲ့ ဖုန်းပြောအပြီး တွေးမိတယ်။
သူ့ဇာတ်ကောင်တွေထဲ နုနုမေ ကိုမှ ကြိုက်ပါတယ် လို့ သိရင် သူရည်ရွယ်တာနဲ့ တလွဲဖြစ်လို့ ဂျူး အတော်များ စိတ်ပျက်လေမလားပဲ။ သူပေးချင်တာ တမျိုး။ (သူ ပေးချင်တာကို သိသိကြီးနဲ့တောင်) ကိုယ် ယူချင်ရာ ယူပစ်လိုက်တာက တခြား ဖြစ်နေလို့။
***
ဟုတ်ပါပြီ။
နုနုမေ ကိုမှ မကြိုက်ရဘူးဆိုရင်လည်း လောလောဆယ်တော့ သူ့ဇာတ်ကောင်တွေထဲ ကိုယ် ဘယ်သူ့မှ မကြိုက်သေးဘူး။ ဒါပဲ။
***
("ဘဝက သိပ်ရှည်တာ မဟုတ်ဘူး။ အမြင်ကျယ်နေလည်း အပိုပဲ" လို့ သွားပြောမိလို့ "နင့်လို လူမျိုးကြောင့် ကမ္ဘာမြန်မြန်ပျက်တာ" လို့ အပြောခံရတဲ့အကြောင်းတော့ ထည့်မရေးဘဲ နေမလို့။
တကယ်က ဖုန်းဆက်ပြီး အင်ဒိုနီးရှားကြောင်း လှမ်းမေးတာ။ ဘယ်လိုက ဘယ်လို နုနုမေ ဖြစ်သွားတယ် မသိဘူး)
ဒါပေမဲ့ မှန်တာပြောရင် သစ္စာတဲ့။
မျက်မြင်ကိုယ်တွေ့ ဘယ်လောက်ပဲရှိရှိ ကိုယ် အမွှေးတိုင် လုပ်ငန်းနဲ့တော့ မချမ်းသာချင်ပါဘူး။
***
ကမ္ဘာမြေရဲ့ ချစ်သူ
***
Tuesday, March 29, 2011
Saturday, March 26, 2011
He is in ...
ပိတ်ထားတဲ့တယ်လီဖုန်းထဲက မနိုးထခင် မြည်နေကျ နှိုးစက်သံထဲမှာ
စိတ်မပါလက်မပါ အားယူဖွင့်လိုက်မယ့် ကိုယ့်မျက်တောင်ဖျားက အရွေ့စွမ်းအင်မှာ
ခေါင်းဖြီးနေရင်း ပုခုံးပေါ်ကတဆင့် ကြမ်းပြင်ဆီ လျှောကျသွားတဲ့ ဆံခြည်လေးတစ်မျှင်မှာ
ရှိုက်သွင်းလိုက်တဲ့လေထဲက မြူတစ်မှုံစာ အက်တမ်လေးတစ်ခုစီမှာ
ရေပန်းက ကျလာမယ့် ခပ်နွေးနွေး ရေတစ်စက်ချင်းစီမှာ
မျက်နှာသစ်ဆေးက scrubbing-beads လေးတွေရဲ့ ကြမ်းရှရှ အထိအတွေ့မှာ
***
သနပ်ခါးနဲ့ ရောလိမ်းမယ့် လက်ညှိုးထိပ်တစ်ခုစာ အဖြူရောင်ကရင်မ်ထဲမှာ
နားရွက်နောက်နဲ့ လည်ပင်းသွေးကြောနား ဖျန်းမိတဲ့ ရေမွှေးပုလင်းရဲ့ အသံထွက်မှာ
မနက်စာ premier ကော်ဖီက အပူငွေ့၊ မွှေးရနံ့ နဲ့ ကပ်ကျန်နေခဲ့မယ့် ကော်ဖီမှုံ့လေး တစ်မှုံချင်းထဲမှာ
ကောက်လွယ်လိုက်တဲ့ ရုံးအိတ်ရဲ့ ပုခုံးသိုင်း ကြိုးပေါ်မှာ
ရုံးသွားခါနီး ဖြစ်ကတတ်ဆန်းတပ်ရတဲ့ ဒေါက်ဖိနပ်ကြိုးရဲ့ ကွင်းလျှောကလေးထဲမှာ
အိမ်ပြင်မထွက်ခင် ဘုရားစင်ဘက်လှည့်ပြီး ကမန်းကတန်းပြုလိုက်တဲ့ အာရုံထဲမှာ
***
ez link ကဒ်က လက်ကျန်ပြတဲ့ ကိန်းဂဏန်းတွေထဲမှာ
mrt တံခါးမပိတ်ခင် ကြားရတဲ့ မြည်သံစွဲအလင်္ကာထဲမှာ
ကားလမ်းကို ဖြတ်ကူးတဲ့ မိုးပျံတံတားက လှေကားအထစ်တိုင်းမှာ
ဘယ်နှစ်မိနစ်ကြာရင် စောင့်နေတဲ့ ဘတ်စ် ရောက်ပါမယ်လို့ ပြန်လာတဲ့ 5 cent တန် ဖုန်း message ထဲမှာ
***
ရုံး ခြံဝမှာ ကြိုရောက်နေမယ့် ဘော့စ်နဲ့ မဆုံချင်တဲ့ ရင်ခုန်သံထဲမှာ
ကိုယ့် ကွန်ပျူတာမှာ ရိုက်ထည့်နေတဲ့ password စကားလုံးလေးတွေထဲမှာ
Mandarin နဲ့ English လို တလှည့်စီ ကြားနေရတတ်တဲ့ နောက်တည့်တည့်က gm ဖုန်းပြောသံထဲမှာ
consultant နဲ့ client ဆီက မှတ်ချက်နဲ့ အထွန့်တက်မှုတွေမှာ
ညနေ 5 နာရီ မခွဲခင် မကြာခဏ လှမ်းကြည့်မိတဲ့ စကရင်ညာဘက်အောက်ထောင့်တစ်နေရာမှာ
***
သတင်းစာရောင်းသူ အမေကြီးကို ကမ်းပေးလိုက်တဲ့ ၁ ဒေါ်လာတန် အကြွေစေ့ကလေးမှာ
ဒီကနေ့လုပ်စားတဲ့ ရခိုင်မုန့်တီသုပ်ထဲက ကြက်သွန်နီကြော် အဖတ်ကလေးတွေထဲမှာ
FM ရေဒီယိုက အစီအစဉ်ကြေညာသူရဲ့ အသံထဲမှာ
အိမ်ရှေ့ကစားကွင်းထဲ ဖြတ်သွားတဲ့ အပြေးသမားရဲ့ အရှိန်အဟုန်မှာ
အာမခံကုမ္ပဏီက marketing လာဆင်းတဲ့ Financial Consultant ရဲ့ plan အမျိုးမျိုးမှာ
သူ သိပ်ကြိုက်တယ်ဆိုတဲ့ ပျင်းပျင်းရိရိ ချက်စားဖြစ်တဲ့ ဟင်းတစ်ခွက်မှာ
***
သူ သဘောကျတဲ့ celebrity မင်းသမီးတစ်ယောက်ကို ကြည့်လိုက်မိတဲ့ (မကြည်သာချင်တဲ့) ကိုယ့် မျက်လုံးထဲမှာ
သဘာဝဖြစ်စဉ်တွေဆီက မကြုံစဖူး အထူးကြီးမားတယ်ဆိုတဲ့ အတိုင်းအတာယူနစ်တွေနဲ့ အက်ကွဲကြောင်းများ သတင်းမှာ
ထွက်ခါနီးပြီဆိုတဲ့ ဂျူး ဝတ္ထုသစ်ရဲ့ နေမျိုးဆေးလက်ရေးဒီဇိုင်းနဲ့ ခေါင်းစဉ်မှာ
သတိရစိတ်ကို ခဏမေ့ထားပြီး လိုအပ်လို့ ပြုံးရယ်လိုက်တဲ့ ကိုယ့် နှုတ်ခမ်းထောင့်စွန်းမှာ
ရီကောဒင်းလုပ်ဖို့ ကြိုးစားဖူးတဲ့ အသက်ရှူသံနဲ့ လေချွန်သံသဲ့သဲ့လေးထဲမှာ
မကြာခဏ ပါးအပ်ထားခဲ့ဖူးသလို မျက်ရည်တချို့စွန်းဖူးတဲ့ အဲဒီပုခုံးစွန်းမှာ
***
ဒီစာကို ရိုက်နေတဲ့ ကိုယ့်လက်ချောင်းတွေဆီက လှုပ်ရှားမှုနဲ့ ထိတွေ့မှုတိုင်းမှာ
စာတစ်လုံးချင်းစီက အသိစိတ်/ မသိစိတ်နဲ့ယှဉ်တဲ့ ခံစားမှုတိုင်းမှာ
ညဘက်ကပ်တဲ့ ရေချမ်းခွက်လေးထဲက သာယာတဲ့သဒ္ဓါစိတ်မှာ
လေအေးပေးစက်ခလုတ်ကို ဖွင့်ပြီးချိန် တဖျတ်ဖျတ်ခါတဲ့ ကြိုးစကလေးမှာ
ဆွဲခြုံလိုက်မယ့် ဂွမ်းစောင်ပွပွရဲ့ နွေးထွေးမှုမှာ
ကိုယ့်ပါးပြင်နဲ့ ထိကပ်အိပ်မယ့် ခေါင်းအုံးပျော့ကလေးမှာ
ခဏတာ မေ့မျောသွားမယ့် အသိစိတ်ရဲ့ အတွင်းဆုံး တစ်နေရာမှာ
***
မျက်စေ့တစ်မှိတ် လျှက်တစ်ပြက်အတွင်း ဖြစ်ပျက်ချုပ်ငြိမ်းတဲ့ စိတ်အစဉ်ကုဋေတစ်သိန်းလုံးမှာ။

Thursday, March 10, 2011
နှိုင်းရ ချစ်ခြင်း
ဟိုရက်ပိုင်းက youtube မှာ တွေ့လိုက်တဲ့ ၃ ပွင့်ဆိုင် affair ကြည့်မိတော့ ဖျတ်ခနဲ တွေးဖြစ်လိုက်တာ။
တချို့ကလည်း အဲဒါ ဆင်လုံးကြီးပါ ဆိုတယ်။
ကိုယ်တိုင်လည်း အဲဒီ clip မှာ ဘာမှန်းတော့ မသိ၊ တခုခု လွဲနေသလိုပဲ။
ထားပါတော့ တုချင်တု စစ်ချင်စစ်။
***
နောက်တယောက်နဲ့တွဲလို့ ပေါက်ကွဲတယ်ဆိုတာ ပေါက်ကွဲတဲ့လူဘက်ကလည်း သူ့ တကယ်မချစ်လို့သာ။
တဘက်လူအပေါ် ဘယ်လောက်ချစ်နိုင်တယ်ဆိုတာ အဲလိုအဖြစ်မျိုးမှာ ဖုံးထားလို့ မရအောင် ပေါ်တာပဲလို့ ထင်တယ်။
တချို့လူတွေအတွက် အဲဒီလို အဖြစ်မျိုး ကြုံတာနဲ့ "ငါ့ကို စော်ကားတယ်တို့ လှည့်စားတယ်တို့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တယ်တို့ ဒါမျိုးလာကျောလို့ ဘယ်ရမလဲတို့" တွေးကို မတွေးမိဘူး။
"ဪ သူ ငါ့ကို မလိုအပ်တော့ဘူး" ဆိုတာလောက်နဲ့ ဝမ်းနည်းသွားရုံပဲ။ သူတို့ကို ကိုယ်မြင်လိုက်ကြောင်းတောင် သိစေချင်မှာ မဟုတ်ဘူး။
* တကယ်ချစ်ရင် * မပေါက်ကွဲဘူး။ ဒေါကန်ဖို့၊ ပေါက်ကွဲဖို့၊ ရန်သွားတွေ့ဖို့ သတိတောင် ရလိုက်မှာမဟုတ်ဘူး။ ဝမ်းပဲ နည်းမှာ။ တဘက်က မသိအောင် ချက်ချင်း လှည့်ပြန်လာမိမှာ။
***
ဝမ်းလည်းနည်းမယ် ပေါက်လဲကွဲမယ်။ ဒါပေမဲ့ တကယ်လည်းချစ်ပါတယ် လို့ ပြောလာရင် ဒီဂရီအလိုက်ပေါ့ လို့ပဲ ပြောရမယ်ထင်တယ်။ ကိုယ်က သူ့အပေါ် ဘယ်လောက်ချစ်နိုင်လဲဆိုတဲ့ အတိုင်းအတာအရပေါ့။
- ကိုယ့်ကိုယ်ကိုယ်နဲ့ မယှဉ်သာအောင် လျော့ချစ်ရင်တော့ ပေါက်ကွဲရုံသက်သက်ပဲ။ ဒေါသချည်းပဲ ထွက်မိမယ်။ ဝမ်းနည်းတယ်ဆိုရင်တောင် အဲဒါ ငါ့ကိုမှ ဖြစ်ရလေခြင်းဆိုတဲ့ စိတ်ပဲ။ တဘက်လူကိုလည်း ခွင့်မလွှတ်ဘူး။ အခွင့်အရေးရတာနဲ့ လက်တုန့်ပြန်မှာပဲ။
- ကိုယ့်အတ္တနဲ့ တန်းတူဆိုရင်တော့ အထက်ကတယောက်ပြောသလို ဝမ်းလည်းနည်းမယ် ပေါက်လဲကွဲမယ်။ ခွင့်တော့ မလွှတ်နိုင်သေးဘူး။ လက်စားချေရလောက်အောင်လည်းပဲ မရက်စက်နိုင်ဘူး။
- ကိုယ့်အတ္တထက် ကျော်သွားပြီဆိုရင် (တကယ်ချစ်တယ်ဆိုရင်)တော့ ဝမ်းနည်းရုံမျှသာပါပဲ။
တကယ်ချစ်တယ် ဆိုတဲ့ သတ်မှတ်ချက်ကလည်း... ဆိုကြပါစို့။
* ကိုယ်က temperature 21ºC လောက်ကိုမှ တကယ်အေးတယ်လို့ သတ်မှတ်တယ်ဆိုရင် အဲဒီထက်များတဲ့ အပူချိန်က ကိုယ့်အတွက် တကယ်မအေးဘူးပေါ့ *
***
(စာကြွင်း။ ကိုယ့်အပေါ် သူ ဘယ်လောက် အတိုင်းအတာထိ... ဆိုတာ သိချင်တဲ့သူတွေ စမ်းကြည့်ကြဖို့တောင် ကောင်းတယ်။ အဲဒီအခြေအနေမျိုးမှာ တဘက်လူရဲ့စိတ်ထဲရှိသမျှ ညာမရအောင် ပေါ်လာမှာပဲ။ ကိုယ့်လူကို ယုံတယ်၊ ပိုင်လည်း ပိုင်တယ်ဆိုရင်ပြောပါတယ်။
အင်းလေ... ယုံမှတော့ ဘယ်စမ်းကြည့်စရာလိုမလဲ)
***
pic from google
Labels:
disorder,
Love,
This and That
Wednesday, March 9, 2011
တွေ့ဆုံခြင်း
တွေ့ဆုံခြင်း
မိုးအဆုံး နဲ့ မြေအဆုံးလို
မိုးကုပ်စက်ဝိုင်း ဆိုလား
လှည့်စားထားတဲ့ မြင်လွှာအောက်က
ဘယ်လိုမှ မရောက်နိုင်တဲ့ တနေရာမှာ
***
pic from here
Sunday, March 6, 2011
တွေ့ဆုံခြင်း
တွေ့ဆုံခြင်း
တောင်ကမ်းပါးယံ နဲ့ ခေါ်သံလို
ထိခတ် ပြန်ထွက်လာရပေမယ့်
ဝန်းကျင်မှာ ပဲ့တင်ထပ်နေဆဲ...
***
pic from google
Saturday, March 5, 2011
တွေ့ဆုံခြင်း
တွေ့ဆုံခြင်း
လေပွေရူး နဲ့ ကြွေလုဆဲ ရွက်ဝါလို
နောက်တခါ ပြန်(မ)လာလည်း
ဒီနေရာမှာ ငါ မရှိတော့။
***
pic from google
Friday, March 4, 2011
တွေ့ဆုံခြင်း
တွေ့ဆုံခြင်း
ပိတ်ထားတဲ့ မှန်ပြတင်းနဲ့ ခုန်ဆင်းတဲ့ မိုးရေစက်လို
စုပ်ယူ စိမ့်ဝင်လို့မရ
ထိတွေ့စဉ် ခဏသာ
***
pic from here
Thursday, March 3, 2011
တွေ့ဆုံခြင်း
တွေ့ဆုံခြင်း
သန့်စင်တဲ့ ရေ နဲ့ နောက်ကျိစေတဲ့ အမှုံအမွှားလို...
ဘယ်သူက ဘာ ဆိုတာထက်
အကြောင်းတိုက်ဆိုင်လို့ လှုပ်ခတ်တိုင်းမှာ လှိုင်းထ ဝေဝါးတယ်။
***
pic from google
Tuesday, March 1, 2011
ကျွန်တော့်ဘဝဇာတ်ကြောင်းက မိတ်ဆွေတွေ
ကျွန်တော့်ဘဝဇာတ်ကြောင်း (သော်တာဆွေ) က အကြောင်းအရာတွေကို သိပ် အသေးစိတ် မမှတ်မိတော့ဘူး။ အဲဒီစာအုပ်တွေကို ကမန်းကတန်းနဲ့ တခါတည်း ဖတ်ခဲ့ရတာဖြစ်တော့... ဒါတောင် အပိုင်း (၁) မပါ။
ပတ္တမြားခင်အကြောင်း ရေးဖြစ်တော့ အကြောင်းအရာတစ်ခု ခေါင်းထဲ ပြန်ပေါ်လာတယ်။
သူတို့ချင်း မိတ်ဆွေတွေဖြစ်တော့ ပတ္တမြားခင်ရဲ့ သမီး မင်္ဂလာဆောင်ဖိတ်စာ သော်တာဆွေ့ဆီကို ကိုယ်တိုင်လာပို့တယ်။ အတိအကျတွေ မမှတ်မိတော့ဘူး။
ဆရာသော်တာဆွေအတွက်က အဲဒီအခိုက်မှာ မင်္ဂလာပွဲလုပ်မယ့် ဟိုတယ်ဆီ တက်ဖို့၊ လက်ဖွဲ့ဖို့စတာတွေက အခက်အခဲ ဖြစ်တယ်။ အဲဒါနဲ့ ဆက်စပ်ပြီး သူ ရေးသွားတာမှာ... တခါလည်း အဲလိုပဲ မိတ်ဆွေတယောက်ရဲ့ မတက်မဖြစ်တဲ့ (သား/သမီး မင်္ဂလာဆောင်) ပွဲတစ်ခု တက်ဖို့ရာမှာ လက်ဖွဲ့စရာ အခက်တွေ့တော့ အိမ်မှာရှိတဲ့ မသုံးဖြစ်တဲ့ ပန်းအိုးတစ်လုံးကို ပက်ကင်ထုပ်ပြီး လက်ဖွဲ့လိုက်ရတယ် ဆိုတယ်။
အဲဒီကနေ ဆက်ရေးတော့ ရှုမဝ ဦးကျော် နဲ့ သူ့ အကြောင်း။
ကျွန်တော့်ဘဝဇာတ်ကြောင်း ကို သိရင် ရှုမဝဦးကျော်နဲ့ သော်တာဆွေကြားက ပတ်သတ်မှု အထူးပြောစရာမလိုပါဘူး။ ဒီလိုသာဖြစ်တယ်။ သူ့အနေနဲ့ ဦးကျော် သားသမီးတွေရဲ့ မင်္ဂလာဆောင် တခါမှ ဖိတ်တာ မခံရဖူးဘူးဆိုတယ်။ တကယ်က သိတောင် မသိလိုက်ရတာ။ မဂ္ဂဇင်းတိုက်မှာ မမြင်ဖူးသေးတဲ့ ကလေးငယ် တစ်ယောက်ယောက်ကို မြင်မိမှ ဒါ ဘယ်သူ့ကလေးလဲ မေးရင်း၊ ဦးကျော်ရဲ့ သား (ဒါမှမဟုတ်) သမီး တစ်ယောက်ယောက် အိမ်ထောင်ကျပြီးသွားလို့ ကလေးတောင် ရပြီဆိုတာ သိရတယ်ဆိုတယ်။
***
ကျောင်းပြီးလို့ လူလုပ်ခဲ့ရတာ မကြာလှသေးပါဘူး။ အဲဒီအတောအတွင်းမှာ အရင်လို လူကြီးနဲ့ ကပ်လိုက်တာမျိုးမဟုတ်ဘဲ ကိုယ့်ကို ဦးတည်ဖိတ်တဲ့ ပွဲတွေလည်း တက်ခဲ့ဖူးပြီးပြီ။ ခုချိန်ထိတော့ ဘယ်ပွဲတက်ဖို့ ခက်ခဲလိုက်တာ ဆိုတာမျိုးတော့လည်း မကြုံဖူးသေးပါဘူး။ ပြောရရင် အင်မတန် စိတ်ပါလက်ပါနဲ့ တက်ခဲ့တဲ့ ပွဲချည်းပါပဲ။
မိတ်ဆွေအပေါင်းအဖော်၊ စာရေးဖော်ရေးဖက်၊
သား သမီးတွေနဲ့ မင်္ဂလာဆောင် ပွဲလမ်းသဘင်၊
ခင်မင်ဆက်နွယ်မှု နဲ့ ဖိတ်ကြား၊ ချီးမြှင့်။
နေ့တိုင်း ထမင်းစား ရေသောက်တာ စာမဖွဲ့လောက်သလိုပဲ၊ လူ့အသိုင်းအဝိုင်းထဲက ဖြစ်ရိုးဖြစ်စဉ် အဲဒီလူမှုကိစ္စတွေလည်း စာမဖွဲ့လောက်ဘူး ထင်ရတယ်။
ဘဝအမျိုးမျိုးက ဆက်နွယ်ပတ်သတ်မှုအမျိုးမျိုးမှာ (လူရင်းတွေမို့ ခင်မင်မှုနဲ့ ဖိတ်တယ် ဆိုတဲ့ ဘာမှမထူးဆန်းတဲ့ အဖြစ်အပျက်နဲ့ ယှဉ်ပြထားတဲ့) လူရင်းတွေမို့ ငဲ့ညှာမှုနဲ့ မဖိတ်ဘူး အသိတောင်မှ မပေးဘူး ဆိုတဲ့အချက်ကို စိတ်ထဲ အတော် လေးလေးနက်နက် ဖြစ်မိတယ်။
တခါတခါ တကယ့်ဘဝထဲက အဲဒီလို အကြောင်းအရာမျိုးကို ဖတ်ရသိရတာ ဘာနဲ့မှ မတူဘူး ထင်မိတယ်။ လူတစ်ဦးတစ်ယောက် အမှန်တကယ် ကြုံခဲ့ရတဲ့ တချို့သော ကိုယ်တွေ့အဖြစ်အပျက်ဆိုတာတွေက ဘယ်လိုကွန့်မြူးနိုင်တဲ့ စိတ်ကူးဉာဏ်ကနေမှ ဖန်တီးလို့ ထွက်မလာနိုင်တဲ့ အရာတွေ။
ကျောက်မျက်တစ်တုံးပေါ် နေရောင်ကျလိုက်လို့ ရောင်ပြန်တွေ ဖြာထွက်လာသလိုပဲ။
ဒီအဖြစ်အပျက်တစ်ခုတည်းပေါ်ကနေ လူရင်းဆိုသူတွေရဲ့ သူ့ဘဝနဲ့သူ၊ သူ့ဖြတ်သန်းမှုနဲ့သူ၊ သူ့အဓိပ္ပါယ်သတ်မှတ်ချက်နဲ့သူ၊ သူ့တန်ဖိုးထားမှုနဲ့သူ ဖော်ပြလာကြတဲ့ ပတ်သတ်ရာပတ်သတ်ကြောင်း အကြောင်းတရားတွေ။
ကိုယ်တိုင်လည်း မင်္ဂလာဆောင်တပွဲတက်ဖို့ ဘယ်အချက်ကတော့ဖြင့် ခက်ခဲလိုက်တာလို့ မကြုံဖူးသေးတော့ (နောင်လည်း ကြုံကောင်းမှ ကြုံရမှာပါလို့ ပိုတွက်နေမိတော့) မကြုံဖူးဘဲ မသိနိုင်မယ့် အကြောင်းအရာတွေ ဒီလိုနည်းနဲ့ သိခွင့်ရတာ ငဲ့ညှာမှုနဲ့ ခင်မင်ခဲ့တဲ့သူ၊ ဒါကိုမှ အပြန်အလှန် သိမှတ်နိုင်တဲ့စိတ်နဲ့ မှတ်တမ်းတင် ရေးထားခဲ့ဖို့သတိရတဲ့သူတွေကို ကျေးဇူးတင်နေမိတော့တယ်။

This and That,
Thought
Subscribe to:
Posts (Atom)