Monday, August 23, 2010

ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ - စန္ဒယား ချစ်ဆွေ

ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ

နုနုငယ်ငယ် စိတ်ကူးယဉ်တတ်တဲ့ အရွယ်ကတည်းက
သူနဲ့ကိုယ် နှလုံးသားက ခင်တွယ်လာကြတယ်
စိတ်တူကိုယ်တူ အတွေးများလည်း အတူတူပဲကွယ်
အမြဲတတွဲတွဲ စားစား သွားသွား ကစားရင်းနဲ့ အတူပျော်မဆုံး
ချစ်ခွန်းသီဖွဲ့ ခွန်းချိုစကားတွေဖလှယ်

ဘဝအဆက်ဆက်က အကျွမ်းတဝင် ခင်မင်လာခဲ့သူလေလား
ဝိုးတဝါးစိတ်ဝယ် ချစ်အားတက်မိပြန်သေးတယ်

ကိုယ့်ငယ်ကျွမ်းရဲ့ အသည်းလွှာပြင်ဝယ်
ချစ်အက္ခရာတင်ဖို့အတွက်တော့ ချစ်သတ္တိ အမှန်မရှိသူကွယ်

သူနဲ့တွေ့လေတိုင်း အရိုင်းစိတ်ကို ရင်မှာမြိုသိပ်
ချစ်စကားရိပ်သော်မှ ဖွဖွညင်သာ မဆိုရဲဘူးကွယ်
ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ အနေကြာလာခဲ့သည် မှန်သော်လည်း
သွေကွာဝေးရမယ့် စကားဆို တခွန်းသော်မှ ပြောမထွက်ရက်သူပါကွယ်

ကိုယ့်စိတ် ကိုယ့်ဘဝင် မတင်မကျ တငွေ့ငွေ့ ကြောင့်ကြပူပင် ဗျာပါသည်းနင်
ချစ်နှောင်ကြိုး မငင်ဝံ့သူမှာ
ရင်မော မော လှ ပါ ပြီ ကွယ်



Saturday, August 14, 2010

ယသောဓရာ



ယသောဓရာ

ဖဝါးခြေထပ် ဖြည့်ဆည်းခြင်းဟာ

ဘယ်လောက်တောင် နက်နဲခဲ့ပါသလဲ


***
သူ့ရဲ့ မေတ္တာတရားတွေက
မဟာကရုဏာတော်တွေထဲမှာ

ဘဝ အဆက်ဆက် လိမ္မာတတ်သိမှုတွေက
ရွှေဉာဏ်တော်ရဲ့ အတုမရှိ အကျယ်အဝန်းမှာ

သစ္စာစီရင်တဲ့ ချစ်ခြင်းတရားတွေက
ရက်ပေါင်းများစွာ ဆွေးရတဲ့ တစ်ညဝေး အလွမ်းတွေမှာ

ရင်းနှီး
စွန့်လွှတ်
ခြင်းတွေက
ပါရမီတော်တွေတိုင်းမှာ

မခွာ
ထပ်ကြပ် ပေးဆပ်ခြင်းတွေက
နိမ့်ပါးလျောကျ အခါသမယတွေမှာ

ကျွမ်းမြေ့ လောင်မြိုက်ရခြင်းတွေက
"နေခဲ့" ချမှတ်တဲ့ အမိန့်တော်မြတ်တွေမှာ


စွန့်ထား ချန်ရစ်ခဲ့တဲ့ စည်းတဘက်မှာ ရပ်ဖို့
ဘယ်လောက်တောင် ခက်ခဲခဲ့ပါသလဲ

***
အသင်္ခတ ကမ်းတိုင်...
အသင်္ချေဘဝ အစမှာကတည်းက
ထံပါးမှ ကြာပန်းကိုင်ခဲ့သူ...

***
photo from here

Monday, August 9, 2010

'ကြည်အေး' အကြောင်းနဲ့ ဟိုဟိုဒီဒီ

Aung Phyoe: ‎" ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ " ကိုဖတ်ရမှ သည်ကဗျာလေးကို ပိုသဘောပေါက်လာမိသလိုပဲ ။ ဗညားမော်ဟာ ဆရာဒဂုန်တာရာ့ ရဲ့ကိုယ်ပွားလား ။

ငွေလှေပေါ်မှ အနမ်း


Me:
ရုပ်ရှင်တေးကဗျာမှာ နည်းနည်း ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုလား မသိ။


ဒဂုန်တာရာကို သိပ်မစွဲဘူး။ "မေ" ကလွဲလို့လဲ အပြီးထိ ဘာမှ မဖတ်ဖူးပါဘူး။ ဝတ္ထုတို/ရှည်တွေတော့ ဖတ်ဖူးတယ်။ သူ့စာတွေ ဖတ်ရရင် လတ်တလော ကာလမှာမဟုတ်ဘဲ တခြားကမ္ဘာရောက်သွားသလိုပဲ ထင်မိတယ်။


Aung Phyoe: ကြည်အေးကို ကြိုက်ရင် ဒဂုန်တာရာကိုလည်း ကြိုက်မှာပါ .. သူ့ ဝတ္ထုတိုတွေ ၊ ကဗျာတွေရော အရမ်းကောင်းပါတယ် ။ အရှည်တော့ သိပ်မရေးဘူး ထင်တယ် ... ကျတော်ကြိုက်တာက မေ ၊ မြိုင် ... နောက် ကြာပန်းရေစင်

http://www.facebook.com/note.php?note_id=470197151208&id=648609795&ref=mf#!/note.php?note_id=414351696208
သည်ကဗျာလေးလည်း အရမ်းကြိုက်တယ် ။


နောက်တစ်ခုက ကြည်အေးကဗျာတွေ နဲ့ ဒဂုန်တာရာ့ ကဗျာတွေ ယှဉ်ဖတ်ရင် ဆက်နွှယ် မှုတစ်ခုခုကို ခံစားရတတ်တယ် ...

Me: မေ ကို ကြိုက်ပါတယ်။ ကျန်တဲ့ လုံးချင်းတွေကျ မဖတ်ဖူးဘူး။ ဗညားမော်ပါတဲ့တစ်ခုကို နည်းနည်းဖတ်ဖူးတယ်လို့ ထင်နေတယ်။ တေးကဗျာမှာ ပါတဲ့ သူ့ အခန်းဆက်တွေ ဖတ်ဖူးပေမယ့် မကြိုက်ဘူး။ နောက် ဘယ်မဂ္ဂဇင်းမှာလဲ မသိပါသေးတယ် ။ စင်သီယာတို့ ဇာတ်ကောင်တွေနဲ့လေ။

ဝတ္ထုတိုစာအုပ် ဝယ်ဖတ်ဖူးတယ်။ အမှီးလည်းပါတယ်။ သူနဲ့ ကြည်အေးနဲ့ ဆင်ပေမယ့် ကြည်အေးကို အပြည့်အဝကြိုက်တယ်။ သူ့ကို အပြည့် မကြိုက်ဘူး။


ကဗျာကျတော့ နှစ်ယောက်လုံးကို သိပ်မကြိုက်လှတာ =D

ကဗျာ ပါရမီ နည်းတယ်လေ။ ရှည်ရင် ကျော်ဖတ်တော့တာ။ ဒါပေမဲ့ ကြည်အေးကဗျာ အတိုတွေတော့ သေချာ ဖတ်ဖြစ်ပြီး ကြိုက်လည်း ကြိုက်ပါတယ်။

တခါတခါကျ ကိုယ့်ဘာသာ ထင်မိတယ်။ ဟန်ချက်မညီဘူးလို့။

=)


Aung Phyoe: ကြည်အေးထဲမှာ ဖုန်းသက်တိုင် ကိုအကြိုက်ဆုံးပဲ ။ အခုဖတ်နေတယ်ဟုတ်. ... အမှန်ပြောရရင် မေမေစိန်လို မိန်းမမျိုးကို အပြင်မှာတွေ့ဖူးခဲ့တယ် .... ။ တင်တာနှေးရင် ဆောရီးအမရေ ... တစ်ဝက်လောက်ကျန်သေးတယ် ။ သည်တစ်ပတ်အပြီးတင်ပေးမယ် ။

Me: တဝက်တောင် ကျန်သေးတာလား။ ရှည်လိုက်တဲ့ မဂ္ဂဇင်း ဝတ္ထု။

ကြိုက်တယ် ဖုန်းသက်တိုင် ကို။ ခုချိန်ထိ မေမေစိန်နဲ့ ကိုဖုန်းခင် ဇာတ်လမ်းက တကယ်တော့ ဘာမှသိပ် မထူးဆန်းဘူး။ ဒါပေမဲ့ presentation နဲ့ စကားလုံးတွေက အတော်ထူးခြားတယ် ထင်မိတယ်။ ကြည်အေးက စာရေးဖို့ မွေးလာတာပဲ ထင်မိတယ်။


Aung Phyoe: ဟိုတလောက အဆက်အသွယ်ရတယ် ... သူရေးတဲ့အထဲက သူကြိုက်တာတွေရွေးပေးမယ်တဲ့ "မိုး နှင့် သရက်" ဖတ်မိတယ်မဟုတ်လား

Me: ‎'88 တဝိုက်မှာ အားမာန်သစ်က ထုတ်တဲ့ ကြည်အေး ဝတ္ထုတို စာအုပ် အိမ်မှာရှိတော့ ငယ်ငယ်တည်းက အဲဒီ ဝတ္ထုဖတ်ဖူးတယ်။ ငယ်ကတော့ ဘယ်နားလည်မလဲ။ ဒီလိုပဲ တွေ့ရာကောက်ဖတ်မိတာ။ ကြီးတော့ သူ့ စာရေးခြင်းအတတ်ကို အံ့သြမိတယ်။ အဲဒီ ဝတ္ထုတို စာအုပ်ထဲက ကိုယ် အကြိုက်ဆုံးက ရည်းစားကို အမျှော်စိုက်တဲ့ တစ်ပုဒ်ပဲ။ နာမည်ဖော်မရဖြစ်နေတယ်။ စောင့်နေတဲ့သူတစ်ယောက်နေရာက ရေးထားတာကွာ။ အကြောင်းအရာ ဘာမှ မရှိဘူး။ စကားလုံးတွေနဲ့ပဲ လက်ဖျားခါယူရတယ်။

Aung Phyoe: OMG ခုလေးတင်ဖတ်နေတာ တိုက်ဆိုင်လိုက်တာ "ရထားဘီး နှင့် ခဲလုံးများ" မဟုတ်လား

Me: အင်း ဟုတ်လိမ့်မယ်။
ပြတင်းပေါက်ကို ဖြတ်တိုက်လာတဲ့ လေသာ ပုံသဏ္ဍာန်တခုခု ခဏဖြစ်ဖြစ် ဆောင်နိုင်စွမ်းရှိရင် လေးထောင့်ကွက်လေးတွေ ပြုတ်ကျလာမည်... ဆိုတာလေးပါတယ်။
=)

အောင်ဖြိုး တင်ထားတဲ့ သူ့စာလေးကို ဖတ်မိပါတယ်။

သူ့ကို ဗျူးကြည့်ပါလား။ အင်တာဗျူး ဖတ်ချင်တယ်။ နောက် သူ့ဝတ္ထုတွေနဲ့ ပတ်သတ်ပြီး တစ်ခုခု ပြောတာကို ကြားချင်မိတာ။ ဘယ်ဝတ္ထုက ဘယ်လိုဆိုတာမျိုးပေါ့။


နောက်ပြီး သူ နောက်ဆုံးထွက်တဲ့ "မှန်၏မှောင်ရိပ်" နဲ့ "အိမ်ဖြူလင်းသစ်" ကို ဖတ်ရတယ်။ ဒါပေမဲ့ မပြီးသေးဘူး လို့ စိတ်ထဲ ထင်နေတယ်။ ဆက်ထွက်တာလဲ မတွေ့မိဘူး။ အဲဒါ ဆက်ရေးဖြစ် မရေးဖြစ်၊ ထွက်ဖြစ် မထွက်ဖြစ် သိပ်သိချင်တာပဲ။


ကိုယ်က သူ့စာတွေဖတ်ရင် ပုံနှိပ်မှတ်တမ်းရော၊ ကိုယ်ရေးအကျဉ်းရောနဲ့ပါ တကူးတက ယှဉ်တွဲဖတ်မိခဲ့တော့ သူ့စာတွေနဲ့ ပတ်သတ်တဲ့ သူ့ အမြင်တွေကို သိပ်ကြားချင်မိတယ်။ တခြား စာရေးသူတွေလို မီဒီယာနဲ့ တွေ့ဖြစ်သူလည်း မဟုတ်တော့လေ။


Aung Phyoe:
သူ့ သမီးကတောင် မမေးရဲဘူးဆိုတော့ ကျတော်ဆို မပြောနဲ့တော့ .အမှန်ပြောရရင် ကြောက်တယ် ... ။ ကျတော်လည်း သိချင်ပါတယ် အချို့ စာတွေဆို တကယ့်ခံစားရေးဖွဲ့သူ နေရာက ချောင်းကြည့်ရင် မခံစားနိုင်လောက်အောင် ကြေကွဲစရာမျိုးတွေ ...


Me: အော် အဲလိုလား။
ကိုယ်ကတော့ ဖတ်ချင်နေတယ် =(

ဒါနဲ့ (တကယ့်ခံစားရေးဖွဲ့သူ နေရာက ချောင်းကြည့်ရင် မခံစားနိုင်လောက်အောင် ကြေကွဲစရာမျိုးတွေ ...) ဆိုတာကို ဖတ်မိတော့ "နွမ်းလျအိမ်ပြန်" ကို ချက်ချင်း သတိရတယ်။ အောင်ဖြိုးက ဘာတွေကို ပြောချင်တာလဲ။


(ကိုယ်က ဒီလိုပဲ တခုခု စလိုက်ရင် မပြီးတော့ဘူး။ အသက်ကြီးလာပြီလေ LOL)


Aung Phyoe: နွမ်းလျအိမ်ပြန် ၊ လွမ်းအိပ်မက် (ဝတ္ထုတို) ၊ ချိုထွေးနဲ့ ညိုလေး (တို) ...

Me: ‎=) တို နှစ်ပုဒ်ကို မသိဘူး။ မမှတ်မိတာလည်း ဖြစ်နိုင်တယ်။

ဒီလာခါနီးမှာ ကြည်အေး ဝတ္ထုတို စာအုပ် ၂ အုပ် ဝယ်ဖတ်တယ်။ တအုပ်က ကြွေလုနှင်းဆီနဲ့ နောက်တခုကတော့ ပိုထူပြီး ပိုများတဲ့ ကြည်အေး ဝတ္ထုတိုများဆိုတာ... သေချာတော့ ဖတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီလာခါနီး ဖတ်ခဲ့ရတာတွေကို မေ့ကုန်တာ များတယ်။


တော်မှ တော်မှ


Aung Phyoe:
မောင့်ဖို့ကြွေရုပ် ၊ မမြမှီ ၊ မြင့်မားရိပ် ၊ လက်စားချေခြင်း ( အတိုတွေပဲ )


Me: ပြန်တောင် ဖတ်ချင်လာပြီ။ တခုမှ ခေါင်းစဉ်နဲ့ စာ တွဲ မမှတ်မိတော့ဘူး။

Aung Phyoe: နောက်ပိုင်း ရွှေအမြုတေမှာ ရေးတဲ့ "သိမ်းဆည်းမထားမိသော ကောက်ရသည့် စာတစ်စောင်" series တွေထဲက ၂ ပုဒ်လောက်ရှိသေးတယ် ။

Me: ဟုတ်လား။ ခုနောက်ပိုင်းရေးတဲ့ လက်ရာလား။

Aung Phyoe: ၂၀၀၀ နောက်ပိုင်း ကြာတော့ကြာပြီ ။ နောက်ပိုင်းရေးတာ ကိုယ်ရေးအထ္ထုပတ္တိ ဆောင်းပါးတွေ သရဖူမှာ သေချာတော့မဖတ်ရဘူး ... ပေါင်းချုပ်ထုပ်မှာပါ .. သည်တော့မှ

Me: ဟုတ်လား အဲဒါတွေ ကိုယ် မသိဘူး။ ကိုယ်ရေး အတ္ထုပ္ပတ္တိ ဖတ်ချင်လိုက်တာ။

Aung Phyoe: အာရင်ဘတ် ရဲ့ "လူများသက္ကရာဇ်များ ဘဝ " လိုပဲ သူသိတဲ့ လူတွေအကြောင်းရေးတာ နည်းနည်းစမ်းဖတ်ကြည့်ချင်ရင် အမြည်းရှိတယ်

http://www.tharahpumag.com/client/artview.php?art_id=261

***
facebook မှာ ပြောဖြစ်တာတွေ။ ဘာရယ်မဟုတ် မှတ်ထားလိုက်ချင်လို့။


***

Thursday, August 5, 2010

ထူးအိမ်သင်

ထူးအိမ်သင်

ငယ်ဘဝ အမှတ်တရတွေကို ပြန်မြင်ယောင် စဉ်းစားရတာ ကြည်နူးနှစ်သိမ့်စရာ ကောင်းသလောက် လွမ်းမောဆွတ်ပျံ့စရာလည်း ကောင်းတယ်။ ဘယ်တော့မှ နောက်ပြန်လှည့်လို့ မရတော့တဲ့ အချိန်တွေ။

ထူးအိမ်သင် အကြောင်း ပြောရမယ်ဆိုရင် ကိုယ်တွေရဲ့ ငယ်ဘဝကို ဘယ်လိုမှ ချန်ထားလို့မရပါ။ အဲဒီတုန်းက ဖြူး မှာပေါ့။ ထူးအိမ်သင် ဆိုတဲ့ နာမည်က အစတော့ ဝိုးတဝါးပါပဲ။ အဲဒီချိန်တွေက သီချင်းဆို MRTV က လာသလောက်ပဲ သိခဲ့တယ်။


၅ တန်းနှစ်လောက်ရောက်တော့ တတွဲတွဲနေတဲ့ သူငယ်ချင်းဆီက ထူးအိမ်သင် ဆိုတာကို ခဏခဏ ကြားလာရတယ်။ ကိုယ်က TV မှာ မလာတတ်တဲ့ အဆိုတော်တွေနဲ့ သီချင်းတွေကို သေချာမသိတော့ ထူးအိမ်သင်လို့ ပြောရင် ဂျက်မြသောင်း ပုံပဲ မျက်စေ့ထဲ မြင်ပြီး တော်တော်ကြာအောင် လူမှားနေသေးတာ။ ၆ တန်းလောက်ရောက်မှ အဲဒီ နှစ်ယောက်ကို လူနဲ့ နာမည် သေချာ တွဲမိသွားတယ်။

အဲဒီတုန်းက သူငယ်ချင်းတွေကြားမှာ တစ်ယောက်ယောက်က တစ်ခုခု စကြိုက်လိုက်တာနဲ့ နောက်က အလိုလို လိုက်ကြိုက်သွားတတ်ကြတဲ့ ကလေးသဘာဝအတိုင်း ကိုယ်တို့တွေ ထူးအိမ်သင် သီချင်းတွေ ကြိုက်လာကြတယ်။ ဆရာ မဝင်တဲ့ အချိန်အားတချို့မှာ တစ်ယောက်ယောက် ကူးထားတဲ့ သီချင်းစာအုပ်၊ ဒါမှမဟုတ် ဝယ်ထားတဲ့ သီချင်းစာအုပ်တွေ ထုတ်ပြီး အော်ဆိုကြတယ်။


အဲဒီချိန် ဖြူး ထ(၁) က အပိုသက်မွေးဘာသာ သင်တဲ့ကျောင်းဖြစ်တော့ အိမ်တွင်းမှုချိန်ဆို အိမ်တွင်းစာသင်ဆောင်ထဲမှာ စာမသင်ရင် မုန့်လုပ်စားရင်စား၊ မစားရင် စကားများ၊ မများရင် သီချင်းဆို။
(မှတ်ချက်။ ။ ဒါကြောင့် ခုလို ကြီးပြင်းလာတဲ့အခါမှာ အိမ်တွင်းမှုအတတ်တွေကို သူမတူအောင် တဖက်ကမ်းခတ်နေတာ ဖြစ်ပါတယ်) (စာကြွင်း။ ယောက်ျားလေးတွေက စိုက်ပျိုးရေးသင်ရတယ်)

ပထမဆုံး စသိတဲ့ ထူးအိမ်သင် သီချင်းက "ရင်ခုန်ရင် အချစ်"

ထူးအိမ်သင်နဲ့ မေဆွိ ဆိုတာ...။ သူငယ်ချင်းက ပြောတယ်။ သီချင်းအစမှာ စကားလုံးတွေ တစ်လုံးချင်းကို စီပြီး ဆိုထားတာ သိပ်နားထောင်ကောင်းတယ် တဲ့။ (အဲဒီသီချင်း အောင်ရင် နဲ့ မေမီလင်း လည်း ဆိုတယ် - စာဖတ်သူ တစ်ယောက်ကတော့ အိအိ လို့ ဆိုပါတယ်) (မသေချာလို့ ပြန်ဖျက်လိုက်တယ် sorry =))

♫♪ ချစ်သူ အနားမှာ ရှိနေချိန်လေးရယ် ရင်မှာ ပျားရည်စက်လိုပဲ ကိုယ့်နှလုံးသားလေးထဲ
ချိုမြလေသော အချိန်များ ဘယ်တော့ ပျောက်ဆုံးသွားမှာလဲ
ကိုယ်မတွေးချင်ဘူး ချစ်ဆုံး သိလားကွယ်
ဝိုင်အရက်ချိုလား ယစ်မူးအောင် ညှို့နိုင်တဲ့ အကြည့်တွေရယ်
ချစ်သောသူရဲ့ မျက်ဝန်းအိမ်ထဲ အိပ်မောကျခဲ့တယ် ♫♪

တကယ်တမ်း အဲဒီအချိန်မှာ သံစဉ်ကောင်းရင် နားထဲစွဲလွယ်ပြီး ကြိုက်တတ်ကြတာပါ။ စာသားတွေရဲ့ အဓိပ္ပါယ်ကို ခံစားဖို့ သတိမရတတ်သေးပါဘူး။ နောက်တော့ "မေ့လိုက်တော့" တို့၊ "စိမ်းရက်လေအား" တို့၊ "အကြင်နာ အိပ်မက်" တို့၊ "ချစ်သူ့လက်ဆောင်" တို့၊ "မရိုးသားတော့ဘူး" တို့။

♫♪ ပြောင်းလဲတတ်တဲ့ မင်းကို တို့ ဘယ်လိုမှ နားမလည် ကြင်နာတတ်သော အညိုရောင်မျက်ဝန်းများ စိမ်းကားလေရဲ့

ချစ်တတ်လွန်းတဲ့ စိတ်တွေ အိုး တကယ်ကို ကြေကွဲနေ သာယာချိုမြိန်ခဲ့သော အနီရောင် နှုတ်ခမ်းများ ခါးသက်လေရဲ့ ♫♪

♫♪ အကြင်နာရင်ထဲ တကယ် မချစ်ပါဘဲ ဟန်ဆောင်နေမှန်း သိထားလည်း ကိုယ် ချစ်တယ် ♫♪

♫♪ ကိုယ် လွမ်းတတ်မှန်း သိရက်နဲ့ မင်းထားခဲ့ ဒါ ဘာကြောင့်လဲ ပြောခဲ့ပါလား ~ ကိုယ် အားလုံးနဲ့ တိုက်ခိုက်ကာ ချစ်ခဲ့ရ နောက်ဆုံးတော့ အသည်းကွဲဖို့လား ♫♪

***
နောင် ၂ နှစ်လောက် ကြာတဲ့အချိန် ၇ တန်းလောက် ရောက်တယ်ဆိုရင်ပဲ ဦးနှောက် စိတ် အဖွံ့ဖြိုးမြန်တဲ့ အရွယ်တွေဖြစ်တော့ သီချင်းတွေရဲ့ စာသားကိုပါ အဓိပ္ပါယ်ဖော် ခံစားမိလာပြီ။ စာတွေလည်း ဖတ်ဖြစ်လာပြီ။ အနုပညာကို အာရုံဝင်စားလာခဲ့ပြီ။ ထူးအိမ်သင် သီချင်းခွေတွေလည်း တော်တော်များများ ရှိနေပြီ။


မဂ္ဂဇင်းထဲ ရှားရှားပါးပါး ပါသမျှ သူ့အင်တာဗျူး တချို့ သေချာ ဖတ်ရှု သိမ်းဆည်းလာမိပြီ။ သူ့ သီချင်းတွေအကြောင်း ဟန်သစ်မဂ္ဂဇင်းမှာ ဝေဖန်ရေးပါသမျှ လိုက်ဖတ်ကြည့်မိပြီ။ သူ ကဗျာရေးတာ စာရေးတာတွေထိတော့ မသိခဲ့သေးပါဘူး။ သူ့နာမည် ကျော်မြင့်လွင် ဆိုတာတော့ သိနေပြီ။

♫♪ ကြယ်တွေ စုံပြီလား ဗင့်ဆင့်အနားကို လာကြတယ် မျက်စေ့ကနေ ငါကြားတယ်
တိတ်ဆိတ်တဲ့ ဉာဉ့်လယ်ယံမှာ ခေါ်သံများ
ကြယ်တွေ ရင်ခုန်သလား ဗင်းဆင့်သီချင်းကို ဆိုကြတယ်
လွမ်းဖွယ့်အကြောင်းကို သီဖွဲ့တယ်
တောင်တန်းများကတောင် တုန်ရီနေတော့တယ်
~~~
ကြယ်တွေ ငိုနေသလား ပန်းပွင့်မီးလျှံ ဟိုအထက်မှာ
ဒုက္ခမိုးတိမ် အို တစ်စစီ ငါချစ်တဲ့ ဗင်းဆင့်ပုံလွှာ ထင်ယောင်မှား
ကြယ်တွေ ငိုသံများ ဆိုက်ပရပ်စ် လမ်းဟာ အိပ်မက်လို
ယိမ်းလှုပ်မှိုင်းဝေ အုံ့ဆိုင်းနေ
အာလူး စားသူတွေရဲ့ မျက်နှာတွေ ♫♪

(ဗင်းဆင့်ဗန်ဂိုး တမ်းချင်း - ဝင်းမင်းထွေး)

ဗင်းဆင့်ဗန်ဂိုးကို ခုထိ နားလည်မပေးနိုင်ပေမယ့်လို့ အဲဒီ သီချင်းက ပေးတဲ့ ခံစားမှုကတော့ ကိုယ့်အတွက် တရှိုက်မက်မက် ရှိလှတယ်။

***
♫♪ ဓါးသွားများက ပန်းတွေလိုပွင့်
မင်းကို လက်တွဲခေါ်မယ့် လမ်းများ
သွားရဲမှ အားလုံးရမယ် မင်းယုံကြည်မှ အနာဂတ် မင်း မျှော်လင့်သမျှ အကုန်ဖြစ်လိမ့်မယ်

မင်းရှေ့က လျှောက်မယ် အချစ်ရေ မကြောက်ပါနဲ့ လူ့ဘဝဟာ သိပ်ရှုပ်ပွေ လမ်းမလို ♫♪

(သွား - ဝင်းမင်းထွေး)

အဲဒီသီချင်းအဆုံးမှာပါတဲ့ ဆိုင်ကယ်သံက အဲဒီခေတ်အခါအတွက်တော့ နည်းနည်း ဆန်းကြယ်ခဲ့တယ် ဆိုရမယ်။


***
♫♪ ဒုက္ခမြစ်များသာ စီးဝင်ရာဟာ ငါ့ရဲ့ ကိုယ်တိုင်လားကွာ အဆိပ်ရည်များ စီးနေ အရှည်လျားဆုံး မြစ်ဟာ ငါ့ရဲ့ဝိဉာဉ်လား ♫♪

(ဒုက္ခမြစ် - ဝင်းမင်းထွေး)

♫♪ ရင်၌ စူးရှ ဆန္ဒဆူး သွေးထဲဝဲလှည့် အမှောင်တိုက်တွေ နွံနစ်နေပြီ
အမြဲတမ်းမှားတဲ့ အနာဂတ်များ ပြင်ခွင့်မရှိတဲ့ ဟို အတိတ်ဆီ အလိုမတူဘဲ ပြန်လေပြီ

ငါဟာ ငါမဟုတ်ဘူး ဒါဟာ ငါ့ရဲ့ အရိပ်တွေ ♫♪

(အိပ်မက် - ဝင်းမင်းထွေး)

ကဗျာတွေဖတ်ဖို့ စိတ်မဝင်စားတဲ့ကြားက မော်ဒန် အငွေ့အသက်တွေနဲ့ ရင်းနှီးစေခဲ့တာကတော့ "အရင်အတိုင်း" သီချင်းခွေလို့ ပြောရင် ရမလားပဲ။

***
၇ တန်းလောက်မှာပဲ ထူးအိမ်သင် သီချင်းတွေကို ပြန်ဆိုတဲ့ ဟေမာနေဝင်း ရဲ့ "မှ/သို့ ချစ်သူ" နားထောင်ရတယ်။ အတော်များများက သိနေပြီးသား သီချင်းတွေ ဆိုပေမယ့် တချို့ကိုတော့ ဟေမာ ဆိုမှ နားထောင်ဖူးတာ။ အပြန်ပြန် အလှန်လှန် ဖွင့်နားထောင်ခဲ့တဲ့ ငယ်ဘဝ သီချင်းခွေတွေထဲက တစ်ခုပေါ့။

***
၈ တန်းနှစ် အရောက်မှာတော့ စာရေးတာ တော်တော် အရှိန်ရနေပြီ။ ဆိုတော့...

♫♪ ကိုယ်ဆီ မျက်ရည်ဝဲရုံလေးပါပဲကွယ်
ဒီလိုနဲ့ ဝေး... ဝေး ရမှာပဲ
နာကျင်စွာ ကြင်နာသူကို အဝေးက ငေးကြည့်နေရင်း
ကိုယ်သာ ချစ်မိခဲ့တာ ရင်မှာ လွမ်းရလဲ ကျေနပ်တယ် ♫♪

(မျက်ရည်ဝဲရုံ - ထူးအိမ်သင်)

♫♪ မှောင်မိုက်သော ငါ့ဘဝမှာလည်း သူသာ အလင်းတန်းလေး ဖြစ်ခဲ့တယ်
ရင်ခုန်တတ်သော အချစ်ဟာ ငါ့ရဲ့ နှလုံးသား မီးအိမ်ငယ်
မျှော်လင့်ခြင်းနဲ့ တောက်ပအသက်ဝင်ခဲ့ ♫♪

(မျှော်လင့်ချက်သာ မထားခဲ့ရင် - ထူးအိမ်သင်)

အဲဒီ သီချင်း နှစ်ပုဒ်နားထောင်ရင်း အဲဒီ စာသားတွေရဲ့နောက်မှာရှိတဲ့ ဇာတ်လမ်းတွေကို သိချင်စိတ် ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းက ဘယ်နေရာမှာ ကြားကြား ရပ်ပြီး နားထောင်ချင်စိတ် ဖြစ်ခဲ့ရတဲ့ သီချင်းမျိုးတွေပါပဲ။

အဲဒီ ၈ တန်းလောက်မှာပဲ ထူးအိမ်သင်ရဲ့ ၃၁ နှစ်ပြည့် One Man Show လုပ်တယ်။ အမျိုးသားဇာတ်ရုံမှာလို့ ထင်တယ်။ အဲဒီအချိန်က နယ်မှာဆိုတော့ မဂ္ဂဇင်းသတင်းတွေထဲကပဲ သိရတာပါ။

MRTV မှာ ကော်နီနဲ့ တွဲလို့ "တစုံတရာ" ဆိုတာ ကြည့်ခဲ့ရတယ်။ ကိုယ့်အထင်တော့ MRTV မှာ လွှင့်ဖြစ်တဲ့ ထူးအိမ်သင်ရဲ့ တစ်ပုဒ်တည်းသော သီချင်းဖြစ်မယ်လို့ ထင်တယ်။ နောက် မြဝတီ ရုပ်သံပေါ်လာတဲ့အခါ သူ့ show က သီချင်းတွေ ကြည့်ခဲ့ရတယ်။ သူနဲ့ အောင်ရင် ရဲ့ "အကြင်နာအိပ်မက်" MTV အခွေကို နယ်မှာနေတုန်း အတော်ကြည့်ချင်ခဲ့ပေမယ့် မကြည့်ခဲ့ရတာ မှတ်မိနေတယ်။ အဲဒီအခွေက သီချင်းတွေကို နိုင်ငံခြားရောက်မှပဲ youtube မှာတွေ့တယ်။ တွေ့တဲ့အချိန်ကျတော့လည်း သိပ်စိတ်မဝင်စားတော့ဘူး။

***
၉ တန်းနှစ်မှာ "စကားလုံးမရှိတဲ့ ကောင်းကင်" ကော်ပီခွေ ထွက်တယ်။
Eternal Flame ကို ပြန်ဆိုတဲ့ "အလွမ်းရဲ့ မီးလျှံများ" သီချင်းကို အကြိုက်ဆုံးပါပဲ။
နောက် title သီချင်း "စကားလုံးမရှိတဲ့ ကောင်းကင်" ကိုလည်း ကြိုက်ပါတယ်။ ကဗျာတစ်ပုဒ်လိုပါပဲ။
အဲဒီ အခွေထဲက နောက်ထပ် ကြိုက်တာက "ချစ်သူရဲ့မြစ်"

♫♪ မင်းဟာ ငါ့ အိပ်မက်ပါကွယ် လက်တွေနဲ့ ဖမ်းလို့ မမိနိုင်
ငါ ရှုံးနိမ့်မယ့် အလှဆုံး ရယ်သံ ချစ်သူ မင်းရဲ့ရှေ့မှာ ငါက သားကောင်
နောက်လှည့်ခွင့် မရှိ အချစ်က မပြန်လမ်းပဲ ငါ နစ်မျောနေ တစ်ဘဝလုံးပဲ
အလှဆုံးလက်များ ဘယ်မှာရောက်နေ ငါ သေနိုင်တယ်လေ သိပ်ချစ်ခဲ့မိ ♫♪

(ချစ်သူရဲ့မြစ် - မြင့်မိုးအောင်)

မြင့်မိုးအောင်ရဲ့ စာသားတွေက ကဗျာတစ်ပုဒ်လိုပါပဲ။
အဲဒီအချိန်က ထူးအိမ်သင်ရဲ့ အအောင်မြင်ဆုံး အချိန်တွေလို့ ခံစားမိပါတယ်။

ကိုယ်တွေလည်း အရွယ်ရောက်လာတော့ ငယ်ငယ်ကထက်စာရင် အခွေတွေကို စိတ်ပိုဝင်စားလာ၊ သတင်းပလင်းတွေကိုလည်း လက်လှမ်းမီလာပါတယ်။ အဲဒီ "စကားလုံးမရှိတဲ့ ကောင်းကင်" စီးရီးစ်ကိုဆို အခွေမထွက်ခင်ကတည်းက မဂ္ဂဇင်း အင်တာဗျူးတချို့ကနေ တဆင့် သိနေခဲ့ပြီ။ တခွေလုံးကို တာဝန်ယူရေးမယ့် မြင့်မိုးအောင်ဆိုတာ ထူးအိမ်သင် ပုသိမ်မှာ ကျောင်းတက်တုန်းက သူငယ်ချင်းဆိုတာကိုရောပေါ့။ နောက် နန်ယန်ကျောင်းမှာ လေးဖြူနဲ့ two men show လုပ်တော့ အဲဒီ အခွေမထွက်ခင်မှာပဲ အခွေထဲက သီချင်းတွေ ဆိုခဲ့တာ...

အဲဒီချိန်ထိ ထူးအိမ်သင်ကို ပုသိမ်က လို့ပဲ သိထားတယ်။

***
နောက်တော့ ဖြူးကနေ ပြောင်းတယ်။
ခရီးသွားရင်း ပုသိမ်ကိုရောက်ရင် ထူးအိမ်သင်ရဲ့ မြို့လို့ အမှတ်ထားပြီး ကြည့်ဖြစ်ခဲ့တယ်။
"စကားလုံးမရှိတဲ့ ကောင်းကင်" ကို ကိုယ့် ငယ်ဘဝရဲ့ အရေးပါတဲ့ မြို့နှစ်မြို့ အပြောင်းအရွှေ့မှာ နားထောင်ခဲ့ရတော့ ခုထိ အဲဒီထဲက သီချင်းတွေ မတော်တဆ ကြားမိရင် အဲဒီ အပြောင်းအလဲကာလကို အမှတ်ရမိတယ်။

Unplugged အခွေကို အရသာခံလို့ နားထောင်တတ်နေပြီ။
အဲဒီထဲက "သွားကွယ်" သီချင်းကို နားထောင်မိတဲ့ အခါတိုင်း စိတ်ထဲမှာ အတော် စူးစူးရှရှ ဖြစ်ခဲ့သေးတာကို ပြန်တွေးမိရင် အင်မတန်မှ အံ့သြမိသေးတယ်။ သီချင်းတစ်ပုဒ်နားထောင်ရုံနဲ့ ဘာဖြစ်လို့များ အဲလောက် ခံစားတတ်ခဲ့ပါလိမ့်။

♫♪ မင်းအပြုံးလေးများ အမြဲတမ်း သတိရသွားပါမယ် အိပ်မရတဲ့ ကိုယ့်ဘဝ ညတွေထဲ ရင်ခုန်သံများဟာ တိုးတိတ်ပျောက်ကွယ် ဝေးကြရမယ် မဆုံနိုင်တဲ့လမ်းမှာ တို့တစ်ယောက်တည်း ♫♪

***
၁၀ တန်းရောက်တော့ ကိုယ် ရန်ကုန်ရောက်ပြီ။
သူငယ်ချင်းတစ်ယောက်ကတဆင့် ထူးအိမ်သင်ရဲ့ ညီအငယ်ဆုံး ကိုဆု (မင်းဆုမွန်) နဲ့ ခင်ခဲ့ရတယ်။ တကယ်တော့ ရွယ်တူမဟုတ်ပါဘူး။ သူက အဲဒီချိန်မှာ ဘွဲ့ရပြီးလို့ ကိုယ်တွေထက် ၈ နှစ်လောက် ကြီးပါတယ်။ အဲဒီတော့မှ ကိုငှက်က ပုသိမ်မှာမွေး ပုသိမ်မှာကြီးပေမယ့် မိဘတွေက မော်လမြိုင်က မွန်ဗမာလူမျိုးတွေ ဆိုတာ သိခဲ့ရတယ်။

အဲဒီနှစ်တွေက ကိုဆုနဲ့လည်း အတော် ခင်ခဲ့ကြတာမို့ ကိုငှက် အရင်က ရှုမဝမှာ ကဗျာတွေရေးဖူးတာ သိခဲ့ရတယ်။ နောက် ကိုငှက် လုပ်နေတဲ့ အခွေသစ်ထဲမှာ ကိုဆု ရေးတဲ့ သီချင်းတစ်ပုဒ်ပါမယ်ဆိုတာကိုတောင် ကြိုသိခဲ့ဖူးတယ်။ ကိုငှက် သမီးလေးနာမည် "မိကွန်ထော" ဆိုတာ မြန်မာလိုဆို "ရွှေသမီး" လို့ အဓိပ္ပါယ်ရတယ် ဆိုတာလည်း သိခဲ့ဖူးတယ်။

ကိုဆုဆီ ဖုန်းဆက်ရင်း ကိုငှက် ဖုန်းလာကိုင်တာနဲ့ တစ်ခါကြုံဖူးတယ်။ ဘာမှတော့ မပြောလိုက်ရပါဘူး။ အဲလိုမျိုး မိတ်ဆက်ရမှာကျ ဝါသနာ မပါလို့။ ပြီးတော့ ဘာပြောရမှန်းလည်း မသိလို့။ ဖုန်းထဲက အသံတောင် အတော် နားထောင်ကောင်းတာပဲလို့တော့ တွေးလိုက်မိတယ်။ :D

၁၀ တန်းအောင်ပြီးတော့ ကိုဆုနဲ့လည်း အဆက်အသွယ် ပြတ်သွားတာ ကြာပါပြီ။ ကြားထဲက သိတဲ့ သူငယ်ချင်းနဲ့လည်း ပြန်မဆုံဖြစ်တော့ဘူး။ နိုင်ငံခြားမထွက်ခင် လုပ်ခဲ့တဲ့ အလုပ်က မော်လမြိုင်ဆက်တွေဆိုတော့ သတင်းတော့ နည်းနည်း ပြန်ကြားရတယ်။ (ကိုယ့်ဇာတာက အဲဒီလိုပဲ။ အသိရဲ့ အသိက အသိတွေဖြစ်ပြီး ပတ်ချာရိုက်နေတတ်တယ်)

***
နောက်ပိုင်း သီချင်းတွေနဲ့ အဆက်ပြတ်သွားပါတယ်။ သေသေချာချာ နားထောင်ဖြစ်တာ မရှိလှတော့ပါဘူး။ ကြုံရင် ကြုံသလိုပါပဲ။ စကတည်းကလည်း သီချင်းကို စာအုပ်လောက် စိတ်အားမထက်သန်ခဲ့တာကြောင့်လည်း ပါမယ်။ "မြို့ပြလရောင်တမ်းချင်း" နောက်ပိုင်း ထူးအိမ်သင် အခွေတွေကို ရင်းရင်းနှီးနှီး မသိတော့ဘူး။ ငယ်ငယ်က နှစ်ခြိုက်ခဲ့ဖူးတဲ့ အရာတော်တော်များများကို မေ့မေ့ပျောက်ပျောက် ဖြစ်လာတယ်။

***
2004 မှာ ကျောင်းပြီးလို့ လတ်လျားလတ်လျား ဖြစ်နေတုန်း August တစ်ရက်မှာ အိမ်လာတဲ့ အသိတစ်ယောက်ဆီက ကြားရတယ်။

"ထူးအိမ်သင် ဆုံးသွားပြီ"

သမီးကလေးရဲ့ အသက်ကို ကိုယ် မှန်းပြီး တွက်ကြည့်ခဲ့မိတယ်။

***
နောက် ထူးအိမ်သင်အမှတ်တရ ဆောင်းပါးတွေ စုထုတ်တဲ့ စာအုပ် အစိမ်းရင့်ရောင်ရက်စွဲများ ကို ဝယ်သိမ်းခဲ့ဖူးတယ်။ အဲဒီထဲက နီကိုရဲ၊ သီဟန်သွင် နဲ့ မျိုးဆွေသန်း တို့ ရေးကြတာတွေ အကြိုက်ဆုံးပဲ။ သူတို့ ၃ ယောက် ရေးတာမှာ သီဟန်သွင်က ထူးအိမ်သင် မဖြစ်ခင် ကျော်မြင့်လွင်ဘဝ၊ မျိုးဆွေသန်းက ထူးအိမ်သင် အစဦးကာလနဲ့၊ နီကိုရဲကတော့ ထူးအိမ်သင်ဖြစ်ပြီး နောက်ပိုင်းကာလတွေ အကြောင်းပါ။ သိပ် စိတ်ဝင်စားစရာကောင်းတယ်။ အဲဒီထဲက နီကိုရဲရော၊ သီဟန်သွင်ရော ရေးသွားတဲ့ သမီးကလေးကို သိုင်းသင်ပေးချင်တယ် ဆိုတဲ့အကြောင်းအရာကတော့ ကိုယ့်စိတ်ထဲ အမှတ်တရ အရှိမိဆုံးပါပဲ။

(
Update (8:50 PM): "ချစ်ခြင်း၏အနုပညာ" မှာ "ဂျူး" ပြောသွားတဲ့ "အချစ်ဆိုတာ စိတ်ခံစားမှုသက်သက် မဟုတ်ဘူး။ သင်ကြားတတ်မြောက်ရမယ့် အတတ်ပညာတစ်ခုဖြစ်တယ်" ဆိုတာကို ယုံကြည်တဲ့ ကိုယ့်အတွက် ထပ်ကာ အတည်ပြုပေးလိုက်တဲ့ အကြောင်းအရာ ဖြစ်ပါတယ်)

***
နိုင်ငံခြားမထွက်ခင် အိမ်တခေါက်ပြန်ဖြစ်တော့ ရှုမဝ အဟောင်းတွေက သူ့ ပထမဆုံး ဝတ္ထုတိုလက်ရာ "မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍" ကို ဖတ်ခဲ့ရတယ်။ လင်းထက် ကလောင်နာမည်နဲ့။ ပုသိမ်ကောလိပ်က အချစ်အကြောင်းပြကွက်လေး တစ်ကွက်ပါပဲ။ ဒီတခေါက် အိမ်ပြန်ရောက်လို့ scan ဖတ်ဖို့ ရှာတာ မတွေ့ခဲ့ဖူး။ သေချာ မရှာဖြစ်ခဲ့တာလည်း ပါပါတယ်။

တကယ်တမ်း ကိုယ့်ကို ထူးအိမ်သင် ခရေဇီလားလို့ မေးလာရင် ငြင်းမိမှာပါ။ အဆိုတော်တွေထဲမှာ ခရေဇီဖြစ်တယ် ပြောရလောက်အောင် ထူးခြားပြီး ကြိုက်တာ မရှိပါဘူး။ ကြိုက်တဲ့အဆိုတော်တွေကို ကြိုက်တာချင်း အားလုံး အတူတူလောက်ပါပဲ။ ကိုယ့် ငယ်ဘဝမှာရော၊ ခုချိန်ထိရော ထူးအိမ်သင်လိုပဲ တန်းတူ ကြိုက်တဲ့ အဆိုရှင်တွေ အတော်များများ ရှိပါတယ်။ ပြီးတော့ ဂီတပညာကိုလည်း နကန်းတစ်လုံးမှ နားမလည်တော့ ထူးအိမ်သင်ရဲ့ အားသာချက်တွေ ဘာဆိုတာကိုလည်း မသိနိုင်ဘူးပေါ့။

ဒီတော့ သီချင်းတွေနဲ့ ပတ်သတ်လို့ ထူးအိမ်သင်ကိုမှ ထူးထူးခြားခြား ကြိုက်ရတယ်လို့ ပြောရမယ့် အချက် သိပ်မရှိခဲ့ဘူး။ သူ့သီချင်းတွေထဲမှာ နားကို မထောင်ဖူးတာတွေတောင် ရှိပါတယ်။ သူ ဖြတ်သန်းလာတဲ့ ဘဝလမ်းကြောင်းကိုတော့ စိတ်ဝင်စားမိပါတယ်။ ထူးအိမ်သင်ကို ထူးအိမ်သင် အဖြစ်နဲ့တော့ စိတ်ဝင်စားမိတယ် ဆိုရမယ်။ ဒီလက သူ့ရဲ့ နှစ်ပတ်လည်တဲ့ လပါ။ ၆ နှစ်ပြည့်မယ့် လပေါ့။

နောင်ဘဝဆိုတာရှိခဲ့ရင်လည်း သူ ဂီတသမားပဲ ဖြစ်ဦးမှာလို့ ကိုယ်ထင်နေတယ်။

***
ဘာပဲဖြစ်ဖြစ် ထူးအိမ်သင်ရဲ့ သီချင်းတွေကိုသာ ဖယ်ပစ်ရမယ်ဆိုရင် ကိုယ့်
ငယ်ဘဝဟာ တမျိုးတဖုံ လစ်ဟာနေမှာတော့ အသေအချာပါပဲ။

***

(သီချင်းစာသားတချို့နဲ့ အချက်အလက်တချို့ကို ပေါက် ရဲ့ ဘလော့နဲ့ ထူးအိမ်သင် ရဲ့ web site ကနေ ယူပါတယ်။)

***

Tuesday, August 3, 2010

ဒေါက်တာ သန်းထွန်း (၁၀)

ရဲဘော်သန်းထွန်း စည်းရုံး၍ မရပါ

တက္ကသိုလ် သမိုင်းဌာနမှာ ကျူတာဖြစ်ကတည်းက နိုင်ငံရေး မလုပ်တော့ဘူးလို့ ပြောမိတယ်။ အခု ပြန်စဉ်းစားတော့ နာမည်ခံ နိုင်ငံရေးပါတီဝင် ဖြစ်လိုက်ရသေးတယ်။ 1962 တော်လှန်ရေးကောင်စီနဲ့ အတူ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပေါ်လာတယ်။ ပေါ်စက တက္ကသိုလ်ကို အစိုးရက သိမ်းတယ်။ အရင်က တက္ကသိုလ် သီးခြား အုပ်ချုပ်ခွင့် ရှိတယ်။ နှစ်စဉ် ငွေအထောက်အပံ့တော့ နည်းနည်း ယူတယ်။ ဘယ်လို အထောက်အပံ့ယူသလဲ ဆိုရင် ဘာသာရပ်တစ်ခုအတွက် ပါမောက္ခတစ်ဦး၊ ကထိကတစ်ဦး၊ လက်ထောက် ကထိကတစ်ဦး၊ နည်းပြတစ်ဦးကို အစိုးရလစာနဲ့ ခန့်ပေးတယ်။ ဌာနကလည်း လေးငါးခုပဲ ရှိတယ်။


နောက် လူများလာတော့ တက္ကသိုလ်ရဲ့ ဆီးနိတ်အဖွဲ့က ဆရာ တိုးခန့်ရတယ်။ အစိုးရခန့်ဆရာက တစ်သက်ပန် ခန့်ထားပြီး၊ အငြိမ်းစားယူတဲ့အခါ အစိုးရက ပေးတဲ့ အငြိမ်းစား လစာ ခံစားခွင့် ရှိတယ်။ ဆီးနိတ်ခန့်ဆရာကိုတော့ နှစ်စဉ်စီမံကိန်းနဲ့ တက္ကသိုလ်ပိုင် ငွေထဲက လစာပေးပြီး "ဘယ်သူ့ကို ဘယ်ဌာနမှာ အခုနှစ် ဇွန် ၁ ရက်က နောက်နှစ် မေ ၃၁ ရက်ထိ ကျူတာခန့်တယ်လို့ စာထွက်ပါတယ်။

စခန့်ပြီးကတည်းက ကာလအပိုင်းအခြားကို ထည့်ပြောထားတော့ မေ ၃၁ ရက်ကျရင် အလိုလို အလုပ်ပြုတ်သွားပါတယ်။ ဆိုင်ရာ ပါမောက္ခ ထောက်ခံစာနဲ့ မေ ၃၁ မတိုင်မီ ဆီးနိတ်က နောက်တစ်နှစ် ခန့်စာ ထွက်ပေးပါမှ အလုပ် ဆက်ရတယ်။ ငါက ကျူတာဖြစ်ကတည်းက ဆီးနိတ်ခန့်ဆရာပဲ ဖြစ်တယ်။ အစိုးရခန့် ဖြစ်ဖို့က ရာထူးလစ်လပ်တဲ့အခါ ပါမောက္ခနှစ်သက်တဲ့ လူကို သွင်းပေးလိုက်တယ်။ ငါ့မှာ ဒီလို အစိုးရရာထူးကို ရနိုင်တဲ့ အရည်အချင်း မရှိဘူး။
ပဒေသရာဇ်ခေတ်က ဘယ်တော့မဆို ဗျာဒိတ်တော်မြတ်အတိုင်းပါဘုရား လို့ မပြောနိုင်ရင် ဒီကောင်မျိုး အတွင်းတော်ကို ဘယ်တော့မှ အခစားဝင်ရမယ့်အကောင် မဟုတ်ဘူး လို့ အပြောခံရတယ်။ ငါလဲ အတွင်းတော်ကို ဝင်ရမယ့်အကောင် မဟုတ်ဘူးဆိုတာ သိနေတယ်။

နိုင်ငံခြား ပညာတော်သင်သွားတော့လည်း အတူတူသွားတဲ့ လူတွေက ပညာတော်သင်ထောက်ပံ့ကြေးအပြင် ရမြဲလစာကို မြန်မာနိုင်ငံမှာ ဆက်ထုတ်ခွင့်ရတယ်။ ငါ့ကိုတော့ လစာမဲ့ ခွင့်ပေးတယ်။ တစ်လမှ ပေါင် 30 ပဲ ရလို့ အစားအသောက် အနေအထိုင် အများကြီး ဆင်းရဲတယ်။ ကျောင်းပိတ်ရင် သူများတွေ ဝေလနယ်၊ စကော့နယ်၊ ပြင်သစ် သွားလည်ကြတယ်။ ငါက မသွားနိုင်တော့ "ငါက မြင်းမိုရ်တောင်ပဲ သွားချင်တာ" လို့ ပြောပြီး လန်ဒန်မှာပဲ စာကြည့်တိုက်၊ ပြတိုက်တွေပဲ နှံ့အောင် သွားရတယ်။

ပြောလက်စ ဆက်ပြောရရင် တစ်နှစ်ကုန်တော့ ငါ့လို ကောင်မျိုးကို ဆိုင်ရာ ပါမောက္ခက ဆက်ထားဖို့ စာတင်ပေးရတယ်။ ဘာပြုလို့ ငါ့ကို ဆက်သုံးနေသလဲလို့ ဦးဘညွန့်ကို ငါ မမေးလိုက်မိပါ။ "အငြိမ့်မင်းသမီးက ပရိသတ်ထဲမှာ ငါ့ရည်းစားတွေ ရှိတယ်လို့ ပြောတော့ ကုလားက ငါပါသလား မေးတယ်။ ဟဲ့ နင်မပါဘူး" လို့ အပြောခံရသတဲ့။ ဒါမျိုးဖြစ်မှာစိုးလို့ မမေးမိတာပါ။

တက္ကသိုလ်ကို အစိုးရက သိမ်းတော့မှ ငါက တစ်နှစ်တစ်ခါ ခန့်တဲ့ "စပါးတောင်းဆရာဘဝ" က လွတ်တယ်။ ပြီးတော့ လမ်းစဉ်ပါတီ မဝင်လို့ ဘယ်ဖြစ်မလဲလို့ ငါ့အထက်က ပါမောက္ခကျော်သက်က ပြောပြီး ငါ့အတွက် ပါတီဝင်လျှောက်လွှာကို သူ့ဘာသာဖြည့်ပြီး တင်လိုက်တယ်။ လ အတော်ကြာမှ အရန်ပါတီဝင် လက်ခံတယ်လို့ စာရင်းထွက်တယ်။ ငါ့ယောက်ဖက မဝင်လို့ ညွှန်ချုပ်ဖြစ်နိုင်လျက်နဲ့ မဖြစ်ဘဲ အငြိမ်းစား ယူလိုက်ရတယ်။ အရန်ပါတီဝင် ဖြစ်ပေမယ့် ပါတီဆွေးနွေးပွဲ ထောက်ခံပွဲ သင်တန်း ဘာဆို ဘာမှ မတက်ပါ။ အမှတ်တမဲ့ နေခဲ့တယ်။ ရာထူးတိုးပေးချင်ရင် ပါတီဝင် ဟုတ် မဟုတ် ကြည့်ပါတယ်။ 1965 ခု မန္တလေးမှာ သမိုင်းပါမောက္ခ ရာထူးတိုးပေးခါနီးက ပညာရေး ဒုတိယဝန်ကြီးက ဒီလူ အရန်ပါတီဝင်ပဲဆိုပြီး ထောက်ခံလိုက်လို့ ရတယ်လို့ နောက်မှ သိရတယ်။ မန္တလေးက မိတ်ဆွေတွေက "ဒီတစ်သက် မင်းပါမောက္ခ မဖြစ်တော့ဘူးလို့ တို့ထင်တာ" လို့ ဆီးပြောပါတယ်။

တပည့်က ဆရာမှန်းသိမှ အုပ်ချုပ်ရတာ လွယ်မယ်။ ဒါကြောင့် ဆရာတွေ မီးခိုးရောင်ဝတ်စုံ ဝတ်ဖို့၊ ရင်ဘတ်မှာ နာမည်ကတ်ပြားချိတ်ဖို့ အကြံပြုလာတော့ ငါက ငါ့တပည့်တွေဟာ ငါ ပုဆိုးမပါဘဲ လာလည်း ရိုသေမှာပဲလို့ ကန့်ကွက်လို့ အကြံပြုချက် ပျက်သွားတယ်။
:smile:

နေ့စဉ် မင်းပွဲသဘင်ဝင်ရသလို အလှဆင်ချင်တဲ့ ဆရာမတွေက ငါ့ကို ကျေးဇူးတင်ကြတယ်။

မန္တလေးမှာ ရှိနေတုန်း ပါတီကြေး ပေးရမယ် တောင်းတဲ့အခါ ငါ မပေးဘူး။ လပေါင်း ၃၀ ကြာတော့ ငါ့ဆီကို ပါတီက စာတစ်စောင် ပို့တယ်။ တိုက်ရိုက်ပေးစာ မဟုတ်ဘူး။ ငါ့အကြောင်းကို ဌာနချုပ်ကို တိုင်လို့ ဌာနချုပ်က အရန်ပါတီဝင်အဖြစ်က ထုတ်ပယ်တဲ့စာ ဖြစ်တယ်။ အစီရင်ခံစာမှာ "ရဲဘော်သန်းထွန်း စည်းရုံး၍ မရပါ" လို့ ရေးတယ်။ ရုက္ခဗေဒပါမောက္ခ သန်းထွန်းက "ဘာကြောင့် ဆက်လက်ရှင်သန်နေပါသလဲ How did you survive" လို့ မေးတာကိုတော့ ငါ မဖြေတတ်ပါ။

***
(ဒေါက်တာသန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)

***

ဒေါက်တာ သန်းထွန်း (၉)

အပြန်အလှန် အထင်သေး

တက္ကသိုလ်က ဆရာဆိုရင် သုတေသန လုပ်ရမယ်။ ဘာသာရပ်ဆိုင်ရာ တိုးတက်မှုဟာ သူ့အလုပ်၊ ဟိုဟာဒီဟာ အကြောင်းပြပြီး သုတေသန မလုပ်ရင် အလကားအကောင်လို့ သတ်မှတ်တယ်။ ပြောင်းမှုန့်ကို သကြားနဲ့နယ်ပြီး ထောပတ်နဲ့ကြော်တဲ့ ဟိန္ဒူမုန့်တစ်မျိုး ရှိတယ်။ လဍ္ဍူလို့ ခေါ်တယ်။ ချိုသလို ဆိမ့်သလို မွှေးသလိုနဲ့ ထင်သလောက် မကောင်းပါဘူး။ သုတေသန မလုပ်တဲ့လူဟာ လူသွက် လူရည်လည် ဖြစ်မယ်၊ ဂိုက်ကောင်းမယ်၊ ဒါပေမဲ့ ငါက သူ့ကို လဍ္ဍူလို့ ခေါ်ပါတယ်။

ဒါပေမဲ့ အဲဒီ လဍ္ဍူတွေပဲ ငါ့ကို ဖြတ်ကျော်ပြီး ရာထူး တက်တက်သွားလိုက်ကြတာ၊ ငါ လူကဲခတ် တော်တယ်လို့ ထင်တယ်။ ငါ လဍ္ဍူခေါ်ရင် အောင်မြင်ကြီးပွားကြတာ များတယ်။

ပုဂံခေတ် ကျောက်စာ

နိုဝင်ဘာ 1956 မှာ လုစ် နဲ့ ဘရှင် ခေါင်းဆောင်ပြီး ငါလဲပါတဲ့ "သုနပရန္တ"လို့ ခေါ်တဲ့ သုတေသနခရီးသွားတယ်။ ကျောက်ဆည်၊ တံတားဦးနယ်တွေကို စေ့စေ့စပ်စပ်သွားပြီး ကျောက်စာရှာတယ်။ မင် ကူးယူတယ်။ မြို့ဟောင်း၊ ရွာဟောင်း၊ ခံတပ်ဟောင်းတွေ သွားကြည့်တယ်။ အဲဒီအခါက ကျောက်စာကို မှိုင်းခံစက္ကူအစိုကို ဝက်မင်ဘီးနဲ့ ရိုက်ပြီးကပ်၊ မင်ကို ဒလိမ့်တုံးနဲ့တိုက်၊ ခွာချပြီး ရေခြောက်အောင် နေလှန်းတဲ့ အခါ ငါက ချက်ချင်း ဖတ်တယ်။ မင်လှိမ့်ကူးတဲ့လူတွေ (ကိုဆွဲ၊ ကိုကြင်မောင်၊ ကိုလှမောင်၊ ကိုအောင်မြတ်ကျော်၊ ကိုကျော်ထွေး) က မဖတ်တတ်ဘူး။ ဖတ်တတ်ရင် မင်ကူးလက်ရာ ပိုကောင်းမယ်။ သူတို့ကို ဆွဲခေါ်ပြီး အော်ဟစ်ဖတ်ကြတယ်။ အဓိပ္ပါယ်ပြန်ကြတယ်။ ပျော်စရာ ဖြစ်သွားတယ်။

ရန်ကုန်ရောက်တော့ ပုဂံကျောက်စာသင်တန်း၊ ပျူကျောက်စာသင်တန်း လုပ်တယ်။ ငါ ဒီလိုလုပ်တာကို ဆရာလုစ် တို့က အစမှာ အားမပေးဘူး။ မကန့်ကွက်တာပဲ ရှိတယ်။ နောက်မှ ဒီလိုလုပ်တာ ကောင်းတယ်။ အလုပ် ပိုပြီး အောင်မြင်တယ်ဆိုတာ သိသွားတယ်။ ဆရာလုစ်က ငါ့ကို လန်ဒန်မှာ ပုဂံကျောက်စာဖတ်လို့သာ ပြောတာ၊ ဘယ်လိုဖတ်၊ ဘယ်လို အက္ခရာဖလှယ်၊ ဘယ်လို အဓိပ္ပါယ်ကောက် ဆိုတာတွေ သင်မပေးပါ။ "ငါလို နိုင်ငံခြားသားတောင် ဖတ်နိုင်သေးတာ၊ သူတို့ တိုင်းရင်းသားပဲ ဖတ်နိုင်မှာပေါ့" လို့ ထင်သလားမသိ။

အခု ကျောက်စာမင်ကူးကို နေလှန်းရင်း ဝိုင်းဖတ်ကြ၊ စာကြောင်းဘယ်လောက်က အဆုံးနားက စာလုံး သုံးလေးလုံး မှိန်နေတယ်။ မင်းက ကျောက်စာသွားကြည့်ပါဦး ပြောရနဲ့ စကားလိမ်၊ စကားဝှက်ကို ဖော်ရတဲ့ ပျော်စရာ ကစားနည်းတစ်မျိုးလို ဖြစ်ပြီး၊ ကျောက်စာကူးတဲ့ လူတွေဟာ ကျောက်စာပညာရှင် ဖြစ်လာတယ်။ ကျောက်စာ အကူး၊ အဖတ်မှာ သူတို့ဟာ အားကိုးလောက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာတယ်။ ကျောက်စာကူးတာ ပင်ပန်းတဲ့ အလုပ်ဖြစ်ပေမယ့် ကျောက်စာဖတ်တတ်တဲ့အချိန်ကစပြီး ပျော်စရာအလုပ် ဖြစ်သွားတယ်။ ကျောက်စာဖတ်တတ်ဖို့က သိပ်လွယ်ပါကလားလို့ သိတဲ့အတွက်လည်း သိပ်ကျေနပ်ကြတယ်။

***
(ဒေါက်တာသန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)

***

ဒေါက်တာ သန်းထွန်း (၈)

မြန်မာသမိုင်းကော်မရှင်၊ သမိုင်းတံခွန်စာစောင်

မြန်မာသမိုင်းကို အားကိုးလောက်တဲ့ ကျမ်းကြီးကျမ်းခိုင်ဖြစ်အောင် ကျမ်းတစ်စောင်တစ်ဖွဲ့ ပြုစုရေးသားထုတ်ဝေဖို့ (ပညာရှင် ၁၀ ယောက်လောက်ကို) 1955 က အဖွဲ့တစ်ခု ဖွဲ့ပေးတယ်။ အံ့သြစရာကောင်းတာက သမိုင်းသုတေသန တကယ်လုပ်တဲ့လူ တစ်ယောက်မှ မပါဘူး။ ဒီလိုပြောတာ တရားလွန်၊ မလွန် သမိုင်းတံခွန် အတွဲ ၁၊ စာစောင် ၁၊ ဇွန် 1960၊ ရှေ့ဖုံး ကျောဘက်မှာပါတဲ့ ကော်မရှင်အဖွဲ့စာရင်းကို ကြည့်ပါ။
...
ဒီစာရင်းမှာ သမိုင်းပါမောက္ခဖြစ်တဲ့ ဦးဘညွန့်နဲ့ ဦးကျော်သက်တို့လဲ သမိုင်းသုတေသနကို တကယ်တမ်း စိတ်ပါဝင်စားသူတွေ မဟုတ်ပါ။ မင်းပေးဘွဲ့တွေနဲ့ ရာထူးကြီးကြီး ပုဂ္ဂိုလ်တွေကလည်း သုတေသနသမားတွေ မဟုတ်ပါ။ ဆရာလုစ် တစ်ယောက်သာ သမိုင်းသုတေသနကို အထူး လေးလေးစားစား လုပ်ပါတယ်။ ဒါပေမဲ့ သူက သမိုင်းစစ်စစ် မဟုတ်ပါ။

...
သမိုင်းတံခွန် အတွဲ ၁၊ အပိုင်း ၂၊ ဒီဇင်ဘာ 1960၊ မှတ်စုနဲ့ စာပေဝေဖန်ခန်း (Notes and Review) မှာ ပါရှိတဲ့ စာတမ်းတစ်စောင်အတွက် ပြဿနာပေါ်တယ်။

...
အပိုဒ် ၄၀၂ (ဃ)။ ။ မန္တလေး ပထမမြို့နန်းတည် မင်းတရားသည် ရတနာသုံးပါးနှင့် စပ်၍ အရပ်ရပ်အလှူအတွက် ကုန်ငွေ ၂၆ နှစ် သံဝစ္ဆရချုပ်သည့်အခါ ၂၂ ကုဋေ ၆ သန်းကျော်ကုန်သည်။ ထိုကဲ့သို့ လှူဒါန်းခြင်းမှာ ကိုယ်ပိုင်ငွေကို လှူဒါန်းလျှင် ကုသိုလ်ရသည်။ နိုင်ငံစောင့်ရှောက်ရန်ငွေကို လှူဒါန်းသုံးစွဲပြစ်လျှင် ခိုးခြင်း ၂၅ ပါးတွင် ပါဝင်သည်။ လိမ်လည်၍ ယူခြင်း၊ နှိပ်စက်၍ယူခြင်း အမှုကို ပြုရာရောက်သောကြောင့် မင်းကျင့်တရားပျက်သည်ဟု ရာဇဓမ္မသင်္ဂဟ မှာ လာသည်။

(တင် မြန်မာမင်း အုပ်ချုပ်ပုံ၊ ၃၊ 1971 ပြန်ပုံနှိပ်၊ 132)

ယောမင်းကြီး ဦးဘိုးလှိုင် 30 နိုင်ဝင်ဘာ 1878 က ရေးပြီးတဲ့ ရာဇဓမ္မသင်္ဂဟကို ညွှန်းလို့ အဲဒီစာအုပ်ကို ရှာကြည့်တဲ့အခါ...

ကောင်းမွန်စွာ ကုန်စည်ကူးသန်း ရောင်းဝယ်ရအောင် လယ်ယာလုပ်ဆောင်ရအောင် စောင့်ထိန်းစေမည့် စောင့်ထိန်းရန်ဖို့ ပေးသည့် အခွန်အတုတ်ကို ယူပြီးလျှင် အလိုရှိရာ လှူဒါန်းပေးကမ်းခြင်းကို မလုပ်သင့်။ အလိုရှိရာ လှူဒါန်းပေးကမ်း စားသုံးလျှင် ခိုးခြင်း ၂၅ ပါးတို့တွင် လှည့်လည် လှည့်စား၍ ယူသော ကုဋာဝဟာရ နှိပ်စက်၍ ယူသော ပသယှာဝဟာရတို့မှ လွန်နိုင်ရန် အကြောင်းမရှိ။
(ဘိုးလှိုင် 1878၊ 35)

သမိုင်းသုတေသနမှာ တွေ့ရင် တွေ့သလို ရေးရတယ်။ ငါချစ်တဲ့လူ၊ ငါမုန်းတဲ့လူ၊ ငါကြောက်တဲ့လူ၊ ငါမသိလို့ ရမ်းရေးတာဆိုမျိုး မလုပ်ရ ဆိုတဲ့အတိုင်း ငါလုပ်တယ်။ ငါ နောင်တ မရပါ။

ရွှေပြည်ဝန်ကြီး အမှုထမ်း မြင်းထိန်းငတာက လူစုစုရှိရင် ရွှေပြည်ဝန်ကြီးရေးတဲ့ ဝိမုတ္တိရသကျမ်း၊ ကာသာနုပဿနာကျမ်း၊ ဥတုဘောဇနကျမ်းတွေ သိပ်ကောင်းတယ်။ ဖတ်ကြည့်စမ်းလို့ ပြောလေ့ရှိတာကို ရွှေပြည်ဝန်ကြီးကြားတော့ ဝန်ကြီးက ငတာကို ဒေါင်းဒင်္ဂါး 16 ပြား ပေးပြီး "ဒီငွေနဲ့ ပုဆိုးဝယ်ဝတ်၊ ငါ့ကျမ်းတွေကို ချီးမွမ်းစကား နောက် မပြောလေနဲ့" လို့ ဆိုတယ်တဲ့။ ယောမင်းက ထွင်တဲ့ စာအုပ်ကြော်ညာဖြစ်မယ် ထင်ပါတယ်။ ငါ ဒီလို ပြောတာကို ထိန်ဝင်းစာပေက 1960 မှာ တည်းဖြတ်ပုံနှိပ်တဲ့ ရာဇဓမ္မသင်္ဂဟ စာတည်း မောင်ထင်က ကန့်ကွက်မလားပဲ။

စကားစပ်မိတာနဲ့ ဆက်ပြောရဦးမယ်။ မင်းတုန်းလက်ထက်က ဥရောပကို လူငယ်တွေ ပညာတော်သင် သွားရတယ်။ အဲဒီအခါ တွေ့တဲ့ အခက်အခဲက...

(၁) ဒီက အခြေခံပညာမှာ ခေတ်ပညာမပါတော့ ဟိုမှာ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ စတဲ့ ပညာတွေကို အခြေခံတဲ့ ဥရောပ ခေတ်ပညာတွေနဲ့ စက်မှုလက်မှု လုပ်ငန်းတွေကို သင်လို့ ဘယ်လိုမှ ကောင်းကောင်းမတတ်၊ တတ်ချင်ရင်လည်း သိပ် ကြိုးစားရမယ်။ အချိန်ကြာမယ်။ ဇွဲရှိရမယ်။ ဉာဏ်ထက်ရမယ်။ ဒီက လွှတ်လိုက်တာက ဒီလို ကောင်လေးတွေလား မေးရင်...

(၂) မိဖုရား၊ မင်းညီမင်းသား၊ အမှူးအမတ်တွေရဲ့ အိမ်တော်ပါ ကျွန်၊ တူ၊ သား မြေးတွေ ဖြစ်နေတယ်။ ပညာ ချွန်၊ မချွန် မှန်းကြည့်လို့ရတယ်။ ပြီးတော့

(၃) ဘာသာစကား အခက်အခဲ ရှိတယ်။ ကိုယ်ပြောတာ သူမသိ၊ သူပြောတာ သူနားမလည် ဆိုတာကို ဂျုလိယ ဆီဇာလို "ငါလာတယ်၊ ငါမြင်တယ်၊ ငါပိုင်တယ်" ဘယ်ဖြစ်တော့မှာလဲ။ ဆွံ့အ ပင်းကန်းတွေပဲ မဟုတ်လား။

(၄) ဒီလိုလူတွေ အပေါ်မှာ အထူး မေတ္တာထားပြီး စေတနာဆရာရယ်လို့ကော ရှိမလား။ မင်းဒုက္ခနဲ့ မင်းပဲ ထားလိုက်မှာပေါ့။

အဲဒီ ဝဲကြီး ၄ မျိုးကို ကျော်ပြီး၊ မသေမပျောက် ပြန်ရောက်လာတဲ့ ဘိလပ်ပြန်က မြန်မာလို သူတတ်သမျှ ရေးတယ်။ ယောကို နှံ့စပ်သူဆိုပြီး စာတည်းလုပ်ခိုင်းတယ်။ သိပ္ပံဝေါဟာရကို ဆီလျော်အောင် ပါဠိနာမည် ထွင်ပေးတယ်။ သိပ္ပံလည်း မတတ်၊ ပါဠိလည်း ပြောင်မြောက်အောင် တတ်ချင်မှ တတ်မယ်။ Oxygen ကို အောက်ဆီဂျင်လို့ ဘာသာပြန်ပေးတဲ့ တက္ကသိုလ်သုခမိန်တွေကမှ တော်သေးတယ် (ပညာရပ် ဝေါဟာရများ OPQ 1973၊ 24)။ အတိုပြောတော့ Chemistry, Anatomy ဆိုတာတွေမှာ သူက စာတည်း၊ ရာဇဓမ္မသင်္ဂဟမှာ သူကိုယ်တိုင်ရေးတော့ Administration, Banking, Budget, Constitution, Democracy, Economics, Political Science တွေကို သူက အနည်းအပါး ကြားဖူးရုံရှိမယ်။ သေသေချာချာ လေ့လာကျွမ်းကျင်တယ်လို့ မထင်ပါ။ ဒါပေမဲ့ ခိုးမှု ၂၅ ပါး သူထောက်ပြတာကိုတော့ ငါတို့ ကျေနပ်တယ်။ သူပြောတာကိုလည်း ထောက်ခံတယ်။

***
(ဒေါက်တာသန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)

***