Tuesday, August 3, 2010

ဒေါက်တာ သန်းထွန်း (၁၀)

ရဲဘော်သန်းထွန်း စည်းရုံး၍ မရပါ

တက္ကသိုလ် သမိုင်းဌာနမှာ ကျူတာဖြစ်ကတည်းက နိုင်ငံရေး မလုပ်တော့ဘူးလို့ ပြောမိတယ်။ အခု ပြန်စဉ်းစားတော့ နာမည်ခံ နိုင်ငံရေးပါတီဝင် ဖြစ်လိုက်ရသေးတယ်။ 1962 တော်လှန်ရေးကောင်စီနဲ့ အတူ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပေါ်လာတယ်။ ပေါ်စက တက္ကသိုလ်ကို အစိုးရက သိမ်းတယ်။ အရင်က တက္ကသိုလ် သီးခြား အုပ်ချုပ်ခွင့် ရှိတယ်။ နှစ်စဉ် ငွေအထောက်အပံ့တော့ နည်းနည်း ယူတယ်။ ဘယ်လို အထောက်အပံ့ယူသလဲ ဆိုရင် ဘာသာရပ်တစ်ခုအတွက် ပါမောက္ခတစ်ဦး၊ ကထိကတစ်ဦး၊ လက်ထောက် ကထိကတစ်ဦး၊ နည်းပြတစ်ဦးကို အစိုးရလစာနဲ့ ခန့်ပေးတယ်။ ဌာနကလည်း လေးငါးခုပဲ ရှိတယ်။


နောက် လူများလာတော့ တက္ကသိုလ်ရဲ့ ဆီးနိတ်အဖွဲ့က ဆရာ တိုးခန့်ရတယ်။ အစိုးရခန့်ဆရာက တစ်သက်ပန် ခန့်ထားပြီး၊ အငြိမ်းစားယူတဲ့အခါ အစိုးရက ပေးတဲ့ အငြိမ်းစား လစာ ခံစားခွင့် ရှိတယ်။ ဆီးနိတ်ခန့်ဆရာကိုတော့ နှစ်စဉ်စီမံကိန်းနဲ့ တက္ကသိုလ်ပိုင် ငွေထဲက လစာပေးပြီး "ဘယ်သူ့ကို ဘယ်ဌာနမှာ အခုနှစ် ဇွန် ၁ ရက်က နောက်နှစ် မေ ၃၁ ရက်ထိ ကျူတာခန့်တယ်လို့ စာထွက်ပါတယ်။

စခန့်ပြီးကတည်းက ကာလအပိုင်းအခြားကို ထည့်ပြောထားတော့ မေ ၃၁ ရက်ကျရင် အလိုလို အလုပ်ပြုတ်သွားပါတယ်။ ဆိုင်ရာ ပါမောက္ခ ထောက်ခံစာနဲ့ မေ ၃၁ မတိုင်မီ ဆီးနိတ်က နောက်တစ်နှစ် ခန့်စာ ထွက်ပေးပါမှ အလုပ် ဆက်ရတယ်။ ငါက ကျူတာဖြစ်ကတည်းက ဆီးနိတ်ခန့်ဆရာပဲ ဖြစ်တယ်။ အစိုးရခန့် ဖြစ်ဖို့က ရာထူးလစ်လပ်တဲ့အခါ ပါမောက္ခနှစ်သက်တဲ့ လူကို သွင်းပေးလိုက်တယ်။ ငါ့မှာ ဒီလို အစိုးရရာထူးကို ရနိုင်တဲ့ အရည်အချင်း မရှိဘူး။
ပဒေသရာဇ်ခေတ်က ဘယ်တော့မဆို ဗျာဒိတ်တော်မြတ်အတိုင်းပါဘုရား လို့ မပြောနိုင်ရင် ဒီကောင်မျိုး အတွင်းတော်ကို ဘယ်တော့မှ အခစားဝင်ရမယ့်အကောင် မဟုတ်ဘူး လို့ အပြောခံရတယ်။ ငါလဲ အတွင်းတော်ကို ဝင်ရမယ့်အကောင် မဟုတ်ဘူးဆိုတာ သိနေတယ်။

နိုင်ငံခြား ပညာတော်သင်သွားတော့လည်း အတူတူသွားတဲ့ လူတွေက ပညာတော်သင်ထောက်ပံ့ကြေးအပြင် ရမြဲလစာကို မြန်မာနိုင်ငံမှာ ဆက်ထုတ်ခွင့်ရတယ်။ ငါ့ကိုတော့ လစာမဲ့ ခွင့်ပေးတယ်။ တစ်လမှ ပေါင် 30 ပဲ ရလို့ အစားအသောက် အနေအထိုင် အများကြီး ဆင်းရဲတယ်။ ကျောင်းပိတ်ရင် သူများတွေ ဝေလနယ်၊ စကော့နယ်၊ ပြင်သစ် သွားလည်ကြတယ်။ ငါက မသွားနိုင်တော့ "ငါက မြင်းမိုရ်တောင်ပဲ သွားချင်တာ" လို့ ပြောပြီး လန်ဒန်မှာပဲ စာကြည့်တိုက်၊ ပြတိုက်တွေပဲ နှံ့အောင် သွားရတယ်။

ပြောလက်စ ဆက်ပြောရရင် တစ်နှစ်ကုန်တော့ ငါ့လို ကောင်မျိုးကို ဆိုင်ရာ ပါမောက္ခက ဆက်ထားဖို့ စာတင်ပေးရတယ်။ ဘာပြုလို့ ငါ့ကို ဆက်သုံးနေသလဲလို့ ဦးဘညွန့်ကို ငါ မမေးလိုက်မိပါ။ "အငြိမ့်မင်းသမီးက ပရိသတ်ထဲမှာ ငါ့ရည်းစားတွေ ရှိတယ်လို့ ပြောတော့ ကုလားက ငါပါသလား မေးတယ်။ ဟဲ့ နင်မပါဘူး" လို့ အပြောခံရသတဲ့။ ဒါမျိုးဖြစ်မှာစိုးလို့ မမေးမိတာပါ။

တက္ကသိုလ်ကို အစိုးရက သိမ်းတော့မှ ငါက တစ်နှစ်တစ်ခါ ခန့်တဲ့ "စပါးတောင်းဆရာဘဝ" က လွတ်တယ်။ ပြီးတော့ လမ်းစဉ်ပါတီ မဝင်လို့ ဘယ်ဖြစ်မလဲလို့ ငါ့အထက်က ပါမောက္ခကျော်သက်က ပြောပြီး ငါ့အတွက် ပါတီဝင်လျှောက်လွှာကို သူ့ဘာသာဖြည့်ပြီး တင်လိုက်တယ်။ လ အတော်ကြာမှ အရန်ပါတီဝင် လက်ခံတယ်လို့ စာရင်းထွက်တယ်။ ငါ့ယောက်ဖက မဝင်လို့ ညွှန်ချုပ်ဖြစ်နိုင်လျက်နဲ့ မဖြစ်ဘဲ အငြိမ်းစား ယူလိုက်ရတယ်။ အရန်ပါတီဝင် ဖြစ်ပေမယ့် ပါတီဆွေးနွေးပွဲ ထောက်ခံပွဲ သင်တန်း ဘာဆို ဘာမှ မတက်ပါ။ အမှတ်တမဲ့ နေခဲ့တယ်။ ရာထူးတိုးပေးချင်ရင် ပါတီဝင် ဟုတ် မဟုတ် ကြည့်ပါတယ်။ 1965 ခု မန္တလေးမှာ သမိုင်းပါမောက္ခ ရာထူးတိုးပေးခါနီးက ပညာရေး ဒုတိယဝန်ကြီးက ဒီလူ အရန်ပါတီဝင်ပဲဆိုပြီး ထောက်ခံလိုက်လို့ ရတယ်လို့ နောက်မှ သိရတယ်။ မန္တလေးက မိတ်ဆွေတွေက "ဒီတစ်သက် မင်းပါမောက္ခ မဖြစ်တော့ဘူးလို့ တို့ထင်တာ" လို့ ဆီးပြောပါတယ်။

တပည့်က ဆရာမှန်းသိမှ အုပ်ချုပ်ရတာ လွယ်မယ်။ ဒါကြောင့် ဆရာတွေ မီးခိုးရောင်ဝတ်စုံ ဝတ်ဖို့၊ ရင်ဘတ်မှာ နာမည်ကတ်ပြားချိတ်ဖို့ အကြံပြုလာတော့ ငါက ငါ့တပည့်တွေဟာ ငါ ပုဆိုးမပါဘဲ လာလည်း ရိုသေမှာပဲလို့ ကန့်ကွက်လို့ အကြံပြုချက် ပျက်သွားတယ်။
:smile:

နေ့စဉ် မင်းပွဲသဘင်ဝင်ရသလို အလှဆင်ချင်တဲ့ ဆရာမတွေက ငါ့ကို ကျေးဇူးတင်ကြတယ်။

မန္တလေးမှာ ရှိနေတုန်း ပါတီကြေး ပေးရမယ် တောင်းတဲ့အခါ ငါ မပေးဘူး။ လပေါင်း ၃၀ ကြာတော့ ငါ့ဆီကို ပါတီက စာတစ်စောင် ပို့တယ်။ တိုက်ရိုက်ပေးစာ မဟုတ်ဘူး။ ငါ့အကြောင်းကို ဌာနချုပ်ကို တိုင်လို့ ဌာနချုပ်က အရန်ပါတီဝင်အဖြစ်က ထုတ်ပယ်တဲ့စာ ဖြစ်တယ်။ အစီရင်ခံစာမှာ "ရဲဘော်သန်းထွန်း စည်းရုံး၍ မရပါ" လို့ ရေးတယ်။ ရုက္ခဗေဒပါမောက္ခ သန်းထွန်းက "ဘာကြောင့် ဆက်လက်ရှင်သန်နေပါသလဲ How did you survive" လို့ မေးတာကိုတော့ ငါ မဖြေတတ်ပါ။

***
(ဒေါက်တာသန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)

***

4 comments:

သုခုမလေဒီ said...

ရီတာရေ..ရောက်တယ်။

Bino said...

ီလမ်းစဉ်ပါတီ မဝင်လို့ ဘယ်ဖြစ်မလဲလို့ ငါ့အထက်က ပါမောက္ခကျော်သက်က ပြောပြီး ငါ့အတွက် ပါတီဝင်လျှောက်လွှာကို သူ့ဘာသာဖြည့်ပြီး တင်လိုက်တယ်။
Same as me when I served in Navy.

အစီရင်ခံစာမှာ "ရဲဘော်သန်းထွန်း စည်းရုံး၍ မရပါ" လို့ ရေးတယ်။
For me remark by orally.
They can't force me.
But it is mandatory for all soldier.

BINO

ဇွန်မိုးစက် said...

ခုမှ စာကြွေးတွေ လာရှင်းနေတာ။

“ပဒေသရာဇ်ခေတ်က ဘယ်တော့မဆို ဗျာဒိတ်တော်မြတ်အတိုင်းပါဘုရားလို့ မပြောနိုင်ရင် ဒီကောင်မျိုး အတွင်းတော်ကို ဘယ်တော့မှ အခစားဝင်ရမယ့်အကောင် မဟုတ်ဘူး လို့ အပြောခံရတယ်။”

စွဲသွားတယ်။

JulyDream said...

မရီတာ... အကြံဦးသွားတယ်...။ အဲဒီလိုမျိုး ကြိုက်မိတဲ့စာသားတွေ အကြောင်းအရာတွေကို ပြန်တင်မယ်လို့ စိတ်ကူးထားပေမယ့် အချိန်မပေးနိုင်ခဲ့ဘူး။ အခုလို တင်ထားပေးတဲ့အတွက် ပြန်ဖတ်မိပြီး ကျေးဇူးတင်ပါတယ်။ =)