Sunday, March 8, 2009

ကိုယ်နဲ့ သက်ဝေ

မြန်မာသံတွေကို ငယ်ငယ် တတိယတန်းလောက်က တစ်ချက် စိတ်ဝင်စားဖူးတယ်။ အဲဒီတုန်းက မာမာအေးသီချင်းတစ်ခွေ နားထောင်ရင်းပေါ့။ အဲဒီထဲမှာ လေဘာတီ သီချင်းတွေ တော်တော်များများ ပါပါတယ်။ အလှူ့ရှင်တို့ ဘာတို့ ညာတို့... TV က ချစ်စရာ့ အရွယ် ကကြိုးသွယ် မှာ ကြားနေကျ သီချင်းတွေများတော့ နားရည်ဝပြီးဖြစ်လို့ ကြိုက်လွယ်သွားတာလဲ ဖြစ်မယ်။ အဲဒီ အခွေကို ခဏခဏ ပြန်နားထောင်နေခဲ့ဖူးတာ မှတ်မိတယ်။

ဒီလိုနဲ့ အသက် တဖြည်းဖြည်း ကြီးလာတော့ အာရုံတွေက ပြောင်းသွားပါတယ်...ဟေမာနေ၀င်း၊ မေဆွိ၊ ပိုးဒါလီ ကနေ ထူးအိမ်သင်၊ ဇော်ဝင်းထွဋ်၊ လေးဖြူ၊ ထွဏ်းထွဏ်း၊ သျှီ၊ တင်ဇာမော် တွေဖြစ်လာတာပေါ့။

(ဒါပေမယ့် ကိုယ်က စာဖတ်တဲ့ဘက် ပိုအလေးသာခဲ့တယ်။ အလယ်တန်း တလျှောက်လုံး နေခဲ့တဲ့ မြို့မှာ "မိတ်ဆွေများ" ဆိုတဲ့ စာကြည့်သင်း တစ်ခု ရှိနေတော့ ဘာပြောကောင်းမလဲ။
စာသမားတွေဆိုရင် သိနေ မှတ်မိနေဦးမယ် ထင်တယ်။ ဦးအောင်သင်းတို့ မောင်စိန်ဝင်း-ပုတီးကုန်းတို့ နဲ့တောင် ပြဿနာတွေ ပတ်လည် တက်ခဲ့ကြပါသေးရော။ ထားပါလေ .. ရေးမှာက သီချင်းကြောင်းပါ။ သီချင်းတွေက ဖေဖေ၀ယ်ပေးမှပဲ နားထောင်ဖြစ်တာ။ စာအုပ်ကတော့ ငှားဖတ်လို့ရတယ်လေ။)

၁ဝ တန်းအောင်ပြီးတဲ့ အချိန်မှာတော့ မြန်မာသံတွေ တော်တော် အာရုံဝင်စားလာပါတယ်။ အဲဒီ အချိန်မှာ
အထူးသဖြင့် နားထောင်ချင်နေခဲ့တာ စန္ဒရား လှထွဋ် နဲ့စန္ဒရား ချစ်ဆွေရဲ့ သီချင်းတွေ ... အာရုံပြောင်းသွားတာတော့ မဟုတ်ဘဲ ဖြန့်ကျက်လာခဲ့တာ။ ဒါပေမယ့် တော်တော်များများကို TV ကတဆင့်ပဲ နားထောင်ခဲ့ရတာ။

စန္ဒရား ချစ်ဆွေရဲ့ ချစ်အရိပ် သီချင်းထဲက "အာကာဝေဟင် ကြယ်စင် လမင်း ၀င်းကြည်စွာ သာသော ညတစ်ညမှာ..." ဆိုတာကို ကြားရင် မြစ်ဝကျွန်းပေါ်မြို့ကြီးတစ်မြို့က လူစည်ကားတဲ့ လမ်းကျဉ်းလေးရဲ့ နွေရာသီ ညနေခင်း လေပြည်လေးတွေကို သတိရတတ်တယ်။

ဒီလိုနဲ့ ကျောင်းပြီးတော့ TV မကြည့်ဖြစ်တဲ့ ကြားက သီချင်းဟောင်းတွေ လာတာနဲ့ ကြုံရင် Video Tape နဲ့ ကူးထားပြီး နောက် ပြန်, ပြန်နားထောင်ဖြစ်တယ်။ နွဲ့ယဉ်ဝင်း ဆိုတဲ့ "ချစ်လွန်းတင် " သီချင်းလဲပါတယ်။
"မောင့်မျက်နှာ တစ်ရွာမှတ်ထင် အချစ်ဓါတ် ရစ်ပတ်မိရင် ကြာလေလေ ခိုင်မြဲလေလေ အမြစ်ဖြတ်မရဘဲ အသည်းထဲ စွဲကာပင် " ဆိုတာ.. မူရင်း အဆိုတော်တွေထက် ပြန်ဆိုတာတွေပဲ နားထောင်ခဲ့ရတာ ဆိုတော့ သူတို့ ဆိုတဲ့ version ကို ပို နားစွဲတယ်။ အဲဒီလို မိန်းမသား သိပ်ဆန်တဲ့ သီချင်းလေးတွေ နားထောင်ရတာ တော်တော် သဘောကျတယ်။ စာသားတွေက ချစ်စရာလေ...ရေးတာက "မြို့မငြိမ်း" ပါ။

ကျောင်းပြီးကာစ အဲဒါတွေနဲ့ တပြိုင်တည်း တွဲနားထောင်နေခဲ့တာ မြန်မာ ခေတ်သီချင်းတွေ မဟုတ်ဘဲ English Song တွေ။ West Life တို့... Celine Dion တို့... Christina တို့... Savage Garden တို့ ... Enrique Iglesious တို့... ဘာဖြစ်လို့လဲ ဆိုတော့ Listening အတွက်ပါ။

"သက်ဝေ" ကို နားထောင်ဖြစ်တာလည်း အဲဒီ အချိန်လောက်ကပါပဲ... TV မှာ ကလေးမလေး ၈နှစ်၊ ၉နှစ်လောက်ပဲ ရှိဦးမယ်...သူက Piano တီးပြီး "ရတနာဦး" နဲ့ နောက် အမျိုးသား အဆိုတော် တစ်ယောက် (ကိုတင်လင်း လို့ ထင်ပါတယ်) အဲဒါကို နားထောင်ဖူးတာ။ ရတနာဦး ဆိုတာလည်း တော်တော်ကောင်းပါတယ်။ သူ အဲဒီ သီချင်းကို ဆိုသွားတာလည်း မေရှင် flow လေး အတိုင်းပဲ... ခပ်ညည်းညည်းလေးလေ။ အမျိုးသား အဆိုတော်လည်း ကောင်းပါတယ်။ (ဒါပေမယ့် mood နည်းနည်းလိုတယ်)

Asia World မှာ အလုပ်ဝင်တဲ့အခါ အခန်းထဲမှာ City FM က အမြဲလို ဖွင့် ဖွင့်ထားတတ်တော့ အဲဒီက လာတဲ့ သီချင်းသစ်/ ဟောင်းတွေ နားထောင်ဖြစ်နေရာက... တနေ့တော့ "ဝါဝါဝင်းရွှေ" သူ့ အကြိုက်ရွေးတဲ့ အစီအစဉ်မှာ
"သက်ဝေ" သီချင်းကို မူရင်း နားထောင်ခဲ့ရတာပေါ့... ကိုယ်ကတော့ အရင် နားထောင်ဖြစ်တဲ့ ရတနာဦးတို့ အတွဲကို ပိုနားစွဲခဲ့ပါတယ်။

ဒါပေမယ့် ခုမူရင်းကို ပြန်နားထောင်တော့လည်း ပြည့်စုံကောင်းမွန်နေတာပါပဲ။ (ရှာပေးတဲ့သူ ကျေနပ်အောင်ပြောတာ မဟုတ်ပါဘူး။ တကယ်ပါ။ သူတို့ ဆိုဟန်နဲ့ mood ကို ခုမှ ပို attention ပေးမိလို့လဲ ဖြစ်ပါလိမ့်မယ်) "ခိုင်းတော့ သက်ဝေ .." အချီအချ နှစ်ပိုဒ်ကို သေချာ အာရုံစိုက်မိရင် ကိုယ်ပြောတာ ခံစားလို့ ရပါလိမ့်မယ်။

ဘာကြောင့် ကြိုက်တာလဲ ပြောရရင်တော့ တော်တော် ခက်ပါတယ်။ ကြိုက်ချင်လို့ ကြိုက်တာပါ။ သံစဉ် စာသား နှစ်ခုလုံး ဒါမှမဟုတ် တစ်ခုခုကို ငြိလိုက်ရင် ကြိုက်သွားတာပါပဲ။ ပြီးတော့ ကိုယ်က သီချင်း ဝါသနာပါတယ် ဆိုတာထက် ဂီတကို စိတ်ဝင်တစား ဝါသနာပါတယ် ပြောရင် ပိုမှန်မလားလို့။ ဘာဖြစ်လို့ဆိုတော့ တော်တော်များများလို တလမ်းမောင်း မဟုတ်ဘဲ လိုင်းစုံကို ခံစားနှစ်သက်မိတတ်လို့ပါ။

ကိုယ်တို့ batch တွေ နဲ့ တော်တော်မကိုက်တော့ဘူး ဆိုနိုင်တဲ့ ... "လှုပ်လှုပ်
လှုပ်လှုပ် မင်းလာတော့ ဒုတ်ဒုတ် ဒုတ်ဒုတ် ဖြစ်ပြီပေါ့" ဆိုတဲ့ သင်္ကြန်သီချင်းလိုလို ဟာကိုလဲ တော်တော်ကောင်းရှာသားပဲ လို့ ထင်ရင်ထင်နေတတ်တာမျိုး။ ဒါပေမယ့် စိတ်ထဲမှာ ကောင်မလေးက ဘာလှုပ်လာလဲမှ မသိတာလို့တော့ ဆက်တွေးမိသေးတယ် ... I am not 17 လေ :D (အဲဒီ သီချင်း ဘယ်သူ ဆိုတာလဲတော့ ခုထိ မသိပါဘူး)

ပြီးတော့ TV မှာ
မိုးရာသီအတွက် မိုးလေဝသ သတင်းတွေ လာတာနဲ့ ကြုံတဲ့အခါ....
ကိုစောညိမ်းရဲ့ "မိုးသက်လေနှင်" က "ဘယ်ရှေး ၀ဋ်ကြွေးတုံ့တင် ကျေပြီထင်ရဲ့ ခိုမှီရာမဲ့ ရှုလှည့်မြင်လှည့်စေချင် ချစ်တဲ့သူရဲ့ ရင်ခွင်" ဆိုတဲ့ အပိုဒ်ကလေးရဲ့ နောက်ခံတေးသွားလေးကို ကြားရင် လုပ်လက်စ အလုပ်ကို ရပ်ပြီး အဲဒီ
ခဏလေးပဲ ကြားရတဲ့ တယောသံလေးကို စွဲစွဲမက်မက် နားထောင်ချင်တတ်တယ်။

ခုတောင် "သက်ပိုင်သူ" စပေးလို့ "ချစ်သမျှကို" ကို ပြောင်းရေးထားပြန်သေးတဲ့ မြို့မငြိမ်းရဲ့ "ချစ်တာ ပဓာန" သီချင်း နားထောင်ချင်လာပြန်တယ်။ "တူနှစ်ကိုယ် တဲအိုပျက်မှာနေရ ရွှေပုံပေါ်မှာစံရ ချစ်တာချစ်တာ ပဓာနလို့ ဆိုချင်တယ် မောင်ရယ်"

"အချစ်ကို
ယုံလို့ ပုံကြတယ် ... ရွှေမြင်းမိုရ်တောင်လုံး တုံးမှတ် ခုန်မယ်..
မိုးစွန်ထက်ဖျား သိကြားထံ ကြယ်ပျံကို လိုသေး မောင်ယူပေးမယ်...
ချစ်တာ သူက ပဓာနပဲတဲ့ ရာသက် တိုင်ရွယ် ... မခွာရက် နိုင်တယ်
အိုဘယ့် မမုန်းနိုင် မမုန်းနိုင် ကပ်လုံးဆုံး တိုင် တိုင်
တူပြိုင်ကျော သဉ္ဇာဝယ် ချစ်ပင်လယ်ကျောအတူ တကယ်မျောမူ ဆယ်သောသူ မော လိမ့် မယ်"


ပြီးတော့ ရှိပါသေးတယ်။
"သနပ်ခါးခြေဆုံး ခေါင်းဆုံး မောင့်လုပ်စာကို မဖြုန်းလိုပါတယ်
ကိုယ်နဲ့ တတ်အားသရွေ့တော့ ကျောထောက်နောက်ခံ ကူညီရန်ပဲ တကယ်..
တူနှစ်ကိုယ် စီးပွားရှာမယ် ကြီးပွားကာရယ် "
ဆိုတာလေ...
ဘာသီချင်းမှန်းတော့ မသိဘူး... ခုတလော ခေါင်းထဲ ရောက်နေတာ...
(သေချာတာတော့ ဒီမိန်းမ ဟင်းချက်တတ်ပုံမပေါ်ဘူး။ ဒါမှမဟုတ် အချက်ပျင်းပုံရတယ်...စီးပွားရှာမယ်ပဲ ဆိုနေတော့ကာ...) ။ အဲဒီ သီချင်းကို ခုနောက်ပိုင်း "ဂရေဟမ် နဲ့ ဖြူသီ" စုံတွဲ ဆိုထားတာ ရှိတယ်။ သီချင်းနာမည်တော့ လုံးဝ မမှတ်မိတော့ဘူး။

အင်း ပြောလက်စနဲ့ ကြုံတုန်း... ဟိုတလောကတောင် "သက်ပိုင်သူ" ကြောင့်ပဲ သီချင်းတစ်ပုဒ် သတိရမိသေးတာ။ ဘာမှတော့ မဟုတ်ပါဘူး။ မကြာသေးခင်က cbox မှာ တစ်ယောက်က လှတယ်နော် ပြောသွားတာကို မနာလို ဖြစ်ပြီး (မိန်းမချင်းကတော့ ဒီလိုပါပဲ တယောက်လှရင် တယောက်မနာလိုနေကျ) ပြောတဲ့လူကို မျက်စေ့သွားစမ်းဦး ဘာဦးနဲ့ ပြောလို့... လေဘာတီ မမြရင် သီချင်းကို သတိရမိတာ..."စံပယ်တင်မှဲ့" လေ...

"ကျွန်မကိုယ် ကျွန်မပင် ချောတယ် လှတယ် ဘယ်သောခါ မပြောဝံ့ပေါင်ရှင် ... အရုပ်ဆိုးကာ အကျည်းတန်တယ်လို့ထင်.."

(ကိုသီဟသစ်က ရေးဖို့ တောင်းဆိုလို့ပါ။ သူ့ကြောင့်
ရေးဖို့ idea ရသွားတာမို့ ကျေးဇူးတင်ပါတယ်။)

9 comments:

သီဟသစ် said...

စာဖတ်ရတာ ကျေနပ်သွားသည်။ အရင်တုန်းက အဲဒီသီချင်းတွေ လုံးဝနားမထောင် ခဲ့ပေမယ့် ဒီရောက်တော့ နားထောင်ဖြစ်လာ၏။ ခုတော့ ဦးသုခ ရဲ့ ဘ၀သံသရာ သီချင်းပဲ နားထောင်စရာရှိ၏။
P.S
မိတ်ဆွေများ စာကြည့်သင်းဆိုတော့ ဖြူးမြို့ကလား။

Rita said...

သီဟသစ်<<< ဟုတ်ပါတယ်။ ဖြူး မှာ ၅နှစ်ကျော်လောက် နေဖူးပါတယ်။ ကိုသီဟသစ် သိပါသလား။

သီဟသစ် said...

Rita
အဲဒီနာမည် ကိုမဂ္ဂဇင်းတွေမှာ ဖတ်ဖူးနေလို့ သိနေတာပါ။ ဖြူးကိုတော့ မရောက်ဖူးပါဘူး။ ကွန်ပြူတာ တက္ကသိုလ်တက်တုန်းက တော့ ကျွန်တော်တို့ junior တန်းက Roll 1 ကဖြူးကပါ

Rita said...

ဟုတ်လား ဘယ်သူပါလိမ့် ကျွန်မနဲ့ State same batch ဖြစ်နေဦးမယ်

သီဟသစ် said...

Rita ရေ
သူ့နာမည် လောလောဆယ် မမှတ်မိပါ။ သူငယ်ချင်းတွေ တွေ့ရင် မေးထားလိုက်မယ်။

ဖိုးသင်္ကြန် said...

မြန်မာ သီချင်းတစ်ပုဒ်ကို Blog မှာတွေ့ရတာ မင်္ဂလာရှိလိုက်တာဗျာ။
နောက်ထပ်လဲ လုပ်ပါဦး။
သီချင်းအသံပါ တင်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ။
ကျွန်တော်တော့ စရှာနေပြီ။ ရရင်ပို့လိုက်မယ်။

Rita said...

ဖိုးသင်္ကြန်ရေ သက်ဝေ သီချင်းကို အောက်က post မှာ တင်ထားတယ်လေကွယ်

ကိုပေါ said...

ချစ်သမျှကို ပတ်ပျိုးကို ခေတ်မီမီလေးရေးစပ်ထားတဲ့ ဖူးစာပိုင်ကိုလည်း နားထောင်စေချင်ပါသေးတယ်။ မေရှင် သီဆိုထားတာပါ။ စာသားရော…တေးသွားရော.. နောက်ခံတီးလုံးတွေကိုပါ နှစ်ခြိုက်မိပါတယ်။

khayayphyu said...

တူနှစ်ကိုယ် HDB မှာနေရ ကွန်ဒို ပေါ်မှာစံရ ချစ်တာချစ်တာ ပဓာနလို့ ဆိုချင်တယ် မောင်ရယ်"

"အချစ်ကို ယုံလို့ ပုံကြတယ် ...Flyer ကြီးတခုလုံး တုံးမှတ် ခုန်မယ်..ခုန်မယ်
ဪဇီကအစ လန်ဒန်သွားမလား ဗီဇာကို လိုသေး မောင်ယူပေးမယ်...
ချစ်တာ သူက ပဓာနပဲတဲ့ ရာသက် တိုင်ရွယ် ... မခွာရက် နိုင်တယ်
အိုဘယ့် မမုန်းနိုင် မမုန်းနိုင် ကပ်လုံးဆုံး တိုင် တိုင်
တူပြိုင်ကျော သဉ္ဇာဝယ် ချစ် Sentosa ပင်လယ်ကျောအတူ တကယ်မျောမူ ဆယ်သောသူ မော လိမ့် မယ်

"Lotion ခြေဆုံး ခေါင်းဆုံး မောင့်လုပ်စာကို မဖြုန်းလိုပါတယ်
ကိုယ်နဲ့ တတ်အားသရွေ့တော့ ကျောထောက်နောက်ခံ ကူညီရန်ပဲ တကယ်..
တူနှစ်ကိုယ် စီးပွားရှာမယ် ကြီးပွားကာရယ် "
(သေချာတာတော့ ဒီမိန်းမ ဟင်းချက်တတ်ပုံမပေါ်ဘူး။ ဒါမှမဟုတ် အချက်ပျင်းပုံရတယ်...စီးပွားရှာမယ်ပဲ ဆိုနေတော့ကာ...) ။ - ဒါနာ့စောင်းပြောတာပဲ အရီးတာကိုတော့ ဥပဒေကြောင်းအရ အရေးယူရတော့မယ်

ခွေဖြူ