Friday, March 6, 2009

သက်ဝေ

သက်ဝေ
[ တေးဆို။ ပြည်လှဖေ ၊ မေရှင် ]
[ တေးရေး။ မြို့မငြိမ်း ]

[ သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ

မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ
အသည်းမှာ စွဲမက် အသက်ကိုပုံမယ်လေ ] ၂

တကိုယ်လုံး သိမ်းကျုံး လိုရာသုံး သက်ဝေ
အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်
အချစ်အတွက်ဖြင့် အသက်ပင် သေသေ

အသွေးယူ အသားကို လှူလှူ

စိတ်တူတယ် ရီရီ ပြုံးပြုံး
မဒ္ဒီဒေဝီ ဝေဿန်ထုံးလို နှလုံးပြုကာ ကြည်ဖြူမှာတွေ
သက်ဝေ အလိုကျ ဆိုသမျှ
ကိုယ်ရော စိတ်ပါ လိုက်ရောရပါမယ်လေ

[ ဓူဝံကြယ် မြေမှာခကြွေ
ကောင်းကင်မှာ နေလတွေ ကွယ်စေ
မြမြင်းမိုရ် ပြိုအက်ကာကြေ
သွေကွက်မယ် စိတ်ဝယ်မပွေ ] ၂

ချစ်တဲ့သူ အမူတုံးလေးက
တိမ်စင်လနှယ် အလှကြွယ်ရှာပေ
ကြာကြာလေ မရိုးတဲ့ပြင်
ဆထမ်းပိုး တိုးတဲ့ အချစ်တွေ
ကမ္ဘာမြေ အသင်္ချေလဲတောင်
မကွဲအောင် တောင်းဆုကိုခြွေ

သက်ဝေ.....

ချစ်မက်မပြေတယ်လေ

ခိုင်းတော့ သက်ဝေ
အချစ်စမ်းချင်စမ်း မစမ်းချင်နေ
ထူးတဲ့ ခင်မင်တာတွေ
အသက်ကို စွန့်ရတောင်ပေ
မငြိုငြင်ဘူးရှင့်
အသင့် လိုရာစေ

မခိုင်းရက်ဘူးကွယ့်
ဒီကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ
ရှေ့က မောင်သာ အစဉ်နေ
အသက်နဲ့ ထပ်တူ ကြင်မလေ
ရင်ကို ခွဲလို့ အသည်းကင်ပါစေ

ချစ်သက်ဝေ နှမ
စိတ်တိုင်းကျကျ ပျော်သလိုနေ

လှသထက် လှမယ်ဆိုရင်
ဆေးဘက်ဝင်ပါသလား
မောင့် အသားတွေ မောင့်အသွေးတွေ မောင့်အသည်းတွေ မောင့်နှလုံးတွေ
အသုံးပြုပါလေ
ကြည်ဖြူပါတယ် လိုရာကို ယူစေ...

[ ဓူဝံကြယ် မြေမှာခကြွေ... သွေကွက်မယ် စိတ်ဝယ်မပွေ ]

***
Romantic !

"စာမျက်နှာ ၁၅" သီချင်းအပြီး ဒုတိယအကြိမ် တင်ဖြစ်တဲ့ သီချင်းပါ။ ကိုယ် တော်တော်ကြွေတဲ့ သီချင်းပေါ့။

" ဒီကိုယ့်လည်ဆွဲ ပုလဲသွယ်ရေ.." ဆိုတာ မျိုးကျော့မြိုင် ပြန်ဆိုထားတဲ့ ဝင်းဦး သီချင်း "မောင်တို့ ချယ်ရီမြေ" အစမှာပါတဲ့ " အို မောင့်နော်ဇာ ရွှေကုံး ဂမုန်းခိုင်ရယ် " ဆိုတာမျိုးလို့ ထင်ပါတယ်။ (နော်ဇာ ဆိုတာ ကောင်မလေး နာမည်မဟုတ်ဘူး။ လည်ဆွဲ ဘယက်တမျိုးကို ခေါ်တာပါ။ ဒီဇိုင်းပေါ်မူတည်ပြီး ခေါ်တယ်လို့ ထင်ပါတယ်။ မှားရင်လည်း မှားလိမ့်မယ်။ လည်မှာဆွဲတဲ့ အဆင်တန်ဆာပါပဲ။ မှားရင်လည်း ပြင်ပေးနိုင်ပါတယ်။)

ပြီးတော့တွေးမိသေးတယ်။ " ပျော်သလို နေပါကွယ် " သီချင်းကို ထူးအိမ်သင် ရေးတော့ ဒီသီချင်းကိုများ သတိရမိခဲ့သေးလားလို့...
" ချစ်သက်ဝေနှမ စိတ်တိုင်းကျကျ ပျော်သလိုနေ "... ဆိုတာ တော်တော် စောတဲ့ ခေတ်ကနော်...

မျိုးကြီးရဲ့ " ကြယ်တွေ ကြွေသွားသည့်တိုင် " ဆိုတာလည်း သူ့ထက် အများကြီး နောက်ကျခဲ့သေးတယ်။
" ဓူဝံကြယ် မြေမှာခကြွေ ကောင်းကင်မှာ နေလတွေ ကွယ်စေ "

ဘယ်နှယ့်လဲ... စာသားတွေ လန်းတယ် ဟုတ် ? သီချင်းရေးတဲ့ သူ ဘယ်သူလဲ သိချင်မိပါရဲ့။ ( သိရင်လည်း ပြောသွားကြပါဦး )

စိတ်ဝင်စားမယ်လို့တော့ သိပ်မမျှော်လင့်ပါဘူး။ နားထောင်ချင်ရင်တော့ ဒီမှာပါ ...

မှတ်ချက်။ ။ post တွင်ပါဝင်သော သီချင်းများ အားလုံး post ရေးရင်း သတိရလာမိသော ကိုယ်နှစ်ခြိုက်စွဲလမ်းခဲ့သော သီချင်းများ ဖြစ်ပါသည်။

(သက်ဝေ သီချင်း ရှာပို့ခဲ့တဲ့ "ကိုခိုင်ခန့်ကျော်" ကို သိပ်ကျေးဇူးတင်ပါတယ်)
(တေးရေး ဆရာ "မြို့မငြိမ်း" ဖြစ်ကြောင်း ပြောပေးခဲ့တဲ့ "သက်ပိုင်သူ" ကိုလည်း ကျေးဇူးတင်ပါတယ်)

10 comments:

သီဟသစ် said...

Rita ရေ
သီချင်းတွေကို ဘယ်လိုကနေ ဘယ်လိုသိတာလဲ။ လေးစားသော အားဖြင့် နားထောင်သွားပါတယ်။ ဒီသီချင်းတွေကို ဘယ်လိုသိပြီး ဘာကြောင့်ကြီုက်တဲ့ အကြောင်း ရေးပြီးသား ဆိုရင် ညွှန်းပေးပါ။ မရေးရ သေးရင် ရေးပါဗျို့။

strike said...

အဟီး ဘာပြောရမှန်းတောင်မသိတောဘူး။

Rita said...

သီဟသစ်<<< စိတ်ဝင်စားတာ ကျေးဇူးပဲ။ ရေးဖို့ တိုက်တွန်းတာလည်း ကျေးဇူးပဲ။ မြှောက်ပေးလို့ စိတ်ကူးပေါက်သွားပြီ။ အာရုံလဲ ရသွားပြီ။ ရေးမယ်။

strike<<< ကိုယ်ကတော့ ဘာပြောရမလဲသိတယ်။
လူဇိုးးးးးးးးးးး

Anonymous said...

အစ်မလည်း ကြိုက်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလည်း ဒီသီချင်းကြိုက်တယ်လို့ မှတ်သားဖူးပါတယ်။
စာသားရော သီချင်းပါတင်ပေးတဲ့ အတွက် ကျေးဇူးပါ။

Anonymous said...

(ဦး)လှမြင့်ဝင်းနဲ့ မေဆွိ ပြန်ဆိုတာကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်တာ ကြည့်ခဲ့ရဖူးပါတယ်

puluque said...

လာအားပေးသွားတယ်ဗျ။ ဒီသီးချင်းလေးကိုတော့ အနော်မသိဘူး. ရှေးမြန်မာကဗျာလေးတွေမှာလဲ အခုခေတ် သီချင်းစာသားတွေ လိုက်မမှိတဲအသုံးအနှုန်းလေးတွေရှိတယ်ဗျနော်...

Anonymous said...

ဟူး.... ခုမှပဲပြန်ရောက်တယ်။
ရေးသူက ဆရာမြို့မငြိမ်းပါ။
ခေတ်သစ် ချစ်သမျှကိုဟု ယူဆကြောင်း လူထုဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များမှာ ဖတ်ဖူးပါတယ်

Rita said...

tpthu<<< ဆရာကြီးလာမှပဲ ရှင်းသွားတော့တယ် :D ... ကိုယ့်စိတ်ထဲမှာ မြို့မငြိမ်းအသွားတွေလို့တော့ ထင်မိသလိုလို ရှိပေမယ့် မြိုမငြိမ်း ကို မေရှင်၊ ပြည်လှဖေ တို့နဲ့ ခေတ်ပြိုင်လို့ မထင်မိဘူး။ မြို့မက Jr ကျတယ်ပဲ ထင်နေတာ။ ကျေးဇူး

ပုလုကွေး၊ မသီတာ <<< ကျေးဇူး အထူးပါ

ငွေလသော်တာ said...

သက်ဝေသီချင်းစာသားကို ကျွန်တော်ကူးယူသွားပါတယ်ခင်ဗျာ။ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
တကယ့်အဘိုးထိုက်တဲ့ သီချင်းပါဗျာ...။

Rita said...

ကိုယ်ကလည်း ကျေးဇူးပါ။ နော်ဇာ အဓိပ္ပါယ်ဖွင့်တာ မသေချာဘူးတော့ ဖြစ်နေတယ်။ နော်ဇာဆိုတာ ပန်းတမျိုးလို့လဲ ပြောကြတယ်။ ကိုယ်သိတာနဲ့ လွဲနေတယ်။ မပြင်ရသေးဘူး။ အဲဒီလို ပန်းပွင့်ပုံတွေ မွှမ်းထားတဲ့ လည်ဆွဲဘယက်ကို နော်ဇာကုံးခေါ်တာနဲ့ အမှတ်မှားနေမိသလား မသေချာဘူး ဖြစ်နေပါတယ်။