Sunday, December 4, 2011

မုန်း၍မဟူ - ဂျာနယ်ကျော် မမလေး

မုန်း၍မဟူ ဖတ်တုန်းက ဒီတိုင်းပဲ ရှိလို့ဖတ်လိုက်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ဖတ်လိုက်မိတယ်။ အဲဒါ ကျောင်းစာကြည့်တိုက်ကနေ ငှားဖတ်ဖြစ်တာ။ final တုန်းက ထင်တယ်။

တခါတခါ စိတ်အာရုံက sensibility သိပ်မကောင်းဘူး။ inertia တော့ အတော်ကောင်းပုံရတယ်။ ဂျာနယ်ကျော်မမလေးကို အဲဒီရှေ့ပိုင်းမှာလည်း တော်တော်များများ ဖတ်လာဖြစ်ပြီး ကိုယ်ကြိုက်တဲ့ပုံစံမဟုတ်ဘူး ဆိုတဲ့ အစွဲက ရှိနေနှင့်ပြီးသား။ အဲဒါနဲ့ မုန်း၍မဟူ ဖတ်တော့ ကြုံကြိုက်တိုက်ဆိုင်လို့ ဖတ်လိုက်တယ် ဆိုပြီး ပြီးပြီးရောနဲ့ ပြီးသွားတာ။ ပြန်လည်း သတိမရဘူး။

တကယ်တော့ အဲဒီဇာတ်ကြောင်းလေး အတော်စွဲသား။ ကျောင်းပြီးတော့ အဲလိုအစွဲကို မသိလိုက်ဘဲ စာ နည်းနည်း ရေးမိတယ်။ ရေးနေတုန်းမှာပဲ အဲဒီဇာတ်လမ်း ဖျတ်ခနဲ ဖျတ်ခနဲ ပြန်ပြန်ပေါ်လာတတ်တယ်။ အဲဒီနောက်ပိုင်းတော့ အဲဒီဇာတ်လမ်း စိတ်ထဲ အတော်ရှိနေတာမှန်း နားလည်သွားတော့တယ်။

ဒေါက်တာမတင်ဝင်း ဆောင်းပါးတစ်ခုမှာ အဲဒါကို အသွင်မတူတဲ့ အသိုင်းအဝိုင်းနှစ်ခု ပေါင်းစပ်လိုက်ရင် မဆီလျော် အဆင်မပြေနိုင်ဘူး ဆိုတဲ့ သဘောမျိုးနဲ့ နည်းနည်း ထည့်ရေးဖူးတယ်။ ကိုယ်ကတော့ ('ပင်လယ်ပျော်စင်ရော်' လိုဟာကိုတောင် ဆက်မတွေးချင်တတ်တဲ့အစားထဲက ဆိုတော့) ဘာမှ ဆက်မတွေးပါဘူး။ ဒီလူနှစ်ယောက်အကြောင်း ရေးတာ ဒီလူနှစ်ယောက်အကြောင်းပဲပေါ့။ စာဖတ်သူကို ဘာများ ပညာပေးထားချင်တာပါလိမ့်လို့ ဆက်တွေးရမှာ သူ့အနုပညာ role ကျတယ်လို့ ထင်တယ်။ Dr မတင်ဝင်းကတော့ တစ်စုံတစ်ယောက်ရဲ့ဇာတ်လမ်းနဲ့ ယှဉ်ပြောချင်ခဲ့သလား မသိဘူး။ (မသိဘူးဆိုတာ တကယ်မသိလို့ ပြောတာမဟုတ်)။

အသွင်မတူ ဆိုတာလည်း အပေါ်ယံ ဓလေ့ ထုံးစံ နေမှု ထိုင်မှု စားမှု သောက်မှု ဘာညာကွိကွတွေ ဆိုရင်တော့ အဲဒါ အရေးမကြီးလှပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ စိတ်နေသဘောထားနဲ့ အတွေးအခေါ် အယူအဆ တန်ဖိုးထားမှု စံတွေ လိုက်လျောညီထွေ ရှိဖို့သာ အရေးကြီးတယ် ထင်တယ်။ (တူစရာမလို)

အဲဒီဇာတ်က ဇာတ်ကောင်စရိုက်ကလေးတွေ အဖြစ်အပျက်လေးတွေကို အတော် သဘောကျမိတယ်။ ဝေဝေ အမျိုးတွေဆီ ရောက်သွားတုန်း သူ့ခင်ပွန်းနဲ့၊ အစ်မဖြစ်သူရဲ့ ခင်ပွန်းဆရာဝန်ကို ယှဉ်တွေးပြတဲ့အခန်းမျိုးကို ကြိုက်တယ်။ ဝေဝေ့အစ်ကိုကြီး ဆန္ဒပြတာကို ဝေဝေ့ခင်ပွန်းက မြင်တဲ့အမြင် စသဖြင့် တချက်တည်း တခန်းတည်းပေမယ့် အတော်လိုရင်းရောက်တဲ့ ဇာတ်ကွက်မျိုးပေါ့။ (ရွှေလင်းယုန် တုန်းကလည်း ဇာတ်ကွက်ကလေးတစ်ခုကို သေချာရေးပြခဲ့တာ မှတ်မိတယ်။ ဇာတ်လမ်းကို အတိအကျ မမှတ်မိတော့ပေမယ့်...။)

အဲဒီ 'မုန်း၍မဟူ' ထဲက တချို့အချက်အလက်တွေကတော့ ဒီနေ့ခေတ်မျက်စေ့နဲ့ကြည့်မယ်ဆို တမျိုးဖြစ်ကောင်းဖြစ်နေမယ် ထင်တယ်။ ပြီးတော့ ဘဝင်မကျမိတာက ဇာတ်ကောင် ဆုံးရတဲ့ အကြောင်းရင်းက အနောက်တိုင်းဆေးကြောင့်လို့ ယူသော်ရ၏ ပုံစံမျိုး ဖြစ်နေတာ...။ ဒါတွေကလည်း ဇာတ်လမ်းကို အတော်ကြိုက်နေတော့ အသာ ခေါက်ထားလို့ရတယ်။ တဇာတ်လုံးမှာ ကိုယ့်အတွက် အပေါ်လွင် အထင်ရှားဆုံးကတော့ ဝေ့ဖီလင်တွေပဲ။

ဒီဝတ္ထုရဲ့ ရီဗျူး သိပ်အများကြီး မဖတ်ဖူးပေမယ့် ဖတ်ဖူးသမျှမှာ ဗမာဆန်တဲ့ ဝေဝေခမျာ အနောက်တိုင်းဆန်တဲ့ ခင်ပွန်းနဲ့ ညားရှာလို့ဆိုတာကို ပြဿနာရဲ့ အဓိကလို ရေးကြတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဇာတ်က စဖွင့်တည်းက အဲလိုနဲ့ ဖွင့်ထားတာဆိုတော့...။

သို့သော်လည်း အဲဒီ နေမှုထိုင်မှု စားမှုသောက်မှုဆိုတဲ့ကိစ္စမှာ ဘာဆန်တာ မဆန်တာက ဘာမှမဖြစ်လောက်တဲ့အပိုင်းလို့သာ ထင်တယ်။ အဲဒါတွေက တကယ်တော့ အပေါ်ယံပဲ။ ကျန်နေသေးတဲ့ သက်တမ်းတလျှောက်လုံး အတူတူနေတော့မယ်လို့တောင် ဆုံးဖြတ်ထားနိုင်စွမ်းပြီဆိုမှတော့ ဒီလူနှစ်ယောက်ဟာ အစစ အရာရာ တူမှ ဖြစ်လိမ့်မယ်လို့ တွေးစရာအကြောင်းမရှိပါဘူး။ မတူတာတွေနဲ့ သဟဇာတဖြစ်အောင် နေနိုင်စွမ်းသာ လိုတာပါပဲ။ မဟုတ်ရင် လူနှစ်ယောက်နဲ့ မပြီးနိုင်တဲ့ ဖွဲ့စည်းပုံမျိုးမှာ ကိုယ့်အသိုင်းအဝိုင်းထဲ သူ ဝင်မဆံ့တာ၊ သူ့အသိုင်းအဝိုင်းထဲ ကိုယ် ဝင်မဆံ့တာဟာ ပြဿနာကြီးတစ်ခုပေါ့။

ကိုယ်ကတော့ အဲဒီဝတ္ထုမှာ အချစ်ရယ်၊၊ ဇာတ်ကောင်စရိုက်ရယ်၊ အတော်ကို ပြေပြစ်တဲ့ ဇာတ်ကွက်မှန်းကို မသိစေတဲ့ ဇာတ်ကွက်လေးတွေရယ်ကိုပဲ မြင်ခဲ့တယ်။

ဂျာနယ်ကျော်မမလေး စာအုပ်တွေထဲက စွဲမိတဲ့ တစ်ခုတည်းသော ဝတ္ထု။

***

12 comments:

Su said...

မုန်း၍မဟူမှာ မျက်နှာဖုံးပန်းချီလေးကို ကြိုက်တယ်
မုမ်း၍မဟူဆိုတဲ့ အတွေးကို ကောင်းကောင်းထင်ဟပ်ပြနိုင်တယ်လို့ထင်တယ်

ဇွန်မိုးစက် said...

ဂျာနယ်ကျော် မမလေးစာအုပ်တွေထဲမှာ ပထမဆုံး ၀ယ်ပြီး ဖတ်ခဲ့တဲ့စာတစ်အုပ်ပဲ။ ဒီစာနဲ့ ပတ်သက်ပြီး သူနဲ့ကိုယ် သဘောထားကွဲလွဲခဲ့ဖူးတယ်။ တကယ်တော့ ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်က တူမနေတော့ အမြင်မတူတာလည်း သဘာဝကျပါတယ်။ ဒါပေမဲ့ အဲလိုကွဲလွဲချက်တွေရှိနေတာကြောင့်ပဲ ကိုယ်အိမ်ထောင်ပြုဖို့ တွန့်ဆုတ်တွေဝေခဲ့တာ ခုချိန်မှာ ပြန်တွေးကြည့်တော့ မှန်သလား၊ မှားသလား မပိုင်းခြားနိုင်သေးဘူး။

”ကျန်နေသေးတဲ့ သက်တမ်းတလျှောက်လုံး အတူတူနေတော့မယ်လို့တောင် ဆုံးဖြတ်ထားနိုင်စွမ်းပြီဆိုမှတော့ ဒီလူနှစ်ယောက်ဟာ အစစ အရာရာ တူမှ ဖြစ်လိမ့်မယ်လို့ တွေးစရာအကြောင်းမရှိပါဘူး။ မတူတာတွေနဲ့ သဟဇာတဖြစ်အောင် နေနိုင်စွမ်းသာ လိုတာပါပဲ။ မဟုတ်ရင် လူနှစ်ယောက်နဲ့ မပြီးနိုင်တဲ့ ဖွဲ့စည်းပုံမျိုးမှာ ကိုယ့်အသိုင်းအဝိုင်းထဲ သူ ဝင်မဆံ့တာ၊ သူ့အသိုင်းအဝိုင်းထဲ ကိုယ် ဝင်မဆံ့တာဟာ ပြဿနာကြီးတစ်ခုပေါ့”

ရီတာပြောတာ လက်ခံတယ်။

အဲလိုဝင်ဆံ့ဖို့နေရာမှာ နှစ်ဦးနှစ်ဘက်စလုံး အလျှော့မပေးနိုင်ခဲ့ရင် မိန်းမတွေဘက်က ပိုလိုက်လျောရတဲ့ ရာခိုင်နှုန်း ပိုများတယ်လို့ ဇွန်ထင်တယ်။

emtal said...

ကျနော်လည်း သူတို့နှစ်ယောက်အကြောင်းကိုဖတ်မိတော့ အသက်ရှုကြပ်သလိုခံစားရတယ်
သီလရှင်ဝတ်တဲ့ ဝေေ၀့မိခင်ကို အထင်သေးသတဲ့
အဲဒီလူကြီးပုံစံကြည့်ရတာ ဘာအဆီအနှစ်မှ စိမ့်လည်းမ၀င်လွယ် ဘာမှလည်းပြန်ထွက်မလာတဲ့ အရိုးတုံးကြီး/ကျောက်တုံးကြီးလိုပဲ
မိန်းမတော့ချစ်သား
ဝေေ၀ရဲ့အမ ယောကျာင်္းအကြောင်းဖွဲ့ထားတာကျတော့ခင်ဆွေဦးရဲ့စာတွေဖတ်ရသလို

ကျနော်က ခံစားဖို့လောက်သာအဆင့်ရှိတဲ့ ရသစာပေမြတ်နိုးသူတယောက်ပါ
မကြာခဏရီတာ့ဆီကိုရောက်ပါတယ်
ကျေးဇူးတင်တယ်

Rita said...

(( ဘာအဆီအနှစ်မှ စိမ့်လည်းမ၀င်လွယ် ဘာမှလည်းပြန်ထွက်မလာတဲ့ အရိုးတုံးကြီး/ကျောက်တုံးကြီးလိုပဲ ))

ဟုတ်ပါရဲ့။ ကောင်းလိုက်တဲ့ သရုပ်ဖော်။

ပြောရကြေးဆို ဂျာနယ်ကျော်မမလေးရဲ့ ဇာတ်ကောင်တွေကို အကြိုက်တွေ့လှတယ် မဟုတ်ဘူး။ စာရေးဆရာရဲ့ လက်ထဲမှာလို့ပဲ အမြဲထင်ခဲ့တယ်။

ဒီတပုဒ်ကလွဲလို့ပေါ့။
မုန်း၍မဟူ က ဇာတ်ကောင်တွေကတော့ သူ့တို့ဘာသာ သူတို့ သွားတယ်။ နောက် ဦးစောဟန် အကြောင်းဖတ်ရတာ မုန်းစရာလည်း မကောင်းဘူး။ နှစ်ယောက်စလုံး ချစ်ရက်နဲ့ ဆုတောင်းမှားလာကြသလိုပဲ။

ဦးစောဟန် ဝေဝေတို့အသိုက်အမြုံနဲ့ အစေးမကပ်နိုင်တာကို ရေးပြတာ ကိုယ့်စိတ်ထဲ ဇာတ်လမ်းဟာ တခြားစာအုပ်တွေလို စာရေးဆရာလက်ထဲက ထွက်လာတယ်လို့ မထင်မိတော့ဘူး။

Aung Phyoe said...

ဂျာနယ်ကျော်မမလေးရေးသမျှမှာ (သူလိုလူကတော့ ပါစင်နယ်ကြောင့် ဆိုတော့ ဖယ်ထားကြည့် ) ကြိုက်လှချည့်ဆိုလို့ အတိုတစ်ပုဒ်ပဲ ရှိဘူးတယ် ... ၊ 'ခေမာရီ' ဆိုတဲ့ ဝတ္ထုတိုလေး ... အတော့်ကို ကျတော်ကြိုက်တယ် ။

khayayphyu said...

ဂျာနယ်ကျော်မမလေ:ရဲ့ "သူမ"။ အရမ်းကြိုက်တယ်။
လှတမျက်နှာ & ယဉ်တကိုယ်လုံး၊ တွေးတစိမ့်၂ (ဒီနံမယ်လို့ထင်တာပဲ အတိုလေးတွေ) ထိမိတဲ့ အရေးအသားတွေကို တွေ့ရတယ်။ ဂျာနယ်ကျော်မမလေ: ကအဂလိတ်ဆေးကို မုန်းတယ်လို့ သူ့အကြောင်းရေ:တဲ့ စာမာ ဖတ်ရတယ်။ သေတဲ့အထိ မြန်မာဆေးပဲသောက်တယ်တဲ့။

ခရေဖြူ့

win win said...

အင်း ဂျာနယ်ကျော်မမလေးအကြောင်း..ဘလော့ဂ်တွေ
မှာ မဖတ်ဘူးလို့..ဖတ်ကြည့်လိုက်တော့ မကြိုက်တဲ့လူ တွေတယ်များတာကိုး..၀င်းကတော့ ဂျာနယ်ကျော်ဦးချစ်မောင်ရော..ဂျာနယ်ကျော်မမလေးရော..သားဂျာနယ်ကျော်ရဲ့စာတွေကို ကြိုက်တယ်..
ဦးချစ်မောင်ကတော့ ထားပါတော့..ဒေါ်မမလေးရဲ့ စာအုပ်တွေကတော့ လက်ကကို မချနိုင်ဘူး.
.ဥပမာပြရရင်..လောကီရတနာ..ပထမဆုံးအကြိမ်ဖတ်တုန်းကဆို..ကြက်သီးတောင် ထတယ်..နောက် အဖြူ..နောက်.သွေး..စာအုပ် ဖတ်တာ သိပ်မကြာသေးဘူး ၂နှစ်လောက် ရှိဦးမယ်..မျက်ရည်ကျခဲ့မိတဲ့အထိပဲ..သူထဲက ကွိဆိုရင် ဖတ်ချင်လွန်းလို့..စာဖတ်တဲ့သူတိုင်းကို
မေးယူခဲ့တဲ့အထိပဲ..ခရေဖြူပြောတဲ့..ဂျာနယ်ကျော်မမလေးက အင်္ဂလိပ်ဆေးကို မသောက်တာ.
.သေတဲ့အထိ.မြန်မာဆေးပဲသောက်တာ.တကယ်ပါ.
မြန်မာတိုင်းရင်းဆေးပညာကို ဂျာနယ်ကျော်ဦးချစ်မောင် ဆုံးပါးသွားကတည်းက လိုက်စားခဲ့ပြီး..သူတတ်ကျွမ်းခဲ့တဲ့ ဆေးပညာနဲ့ အသက်ပေါင်းများစွာ ကယ်တင်ကု
သပေးနိုင်ခဲ့ပါတယ်။ မြန်မာ့ဆေးပညာရယ်လို့ စာအုပ်တစ်အုပ် ရေးနိုင်ခဲ့တဲ့အထိပါပဲ..ပြောရင်းဆိုရင်းရှာလိုက်တာ..http://mashwemi.wordpress.com/category/ဂျာနယ်ကျော်မမလေး/မှာ ဂျာနယ်ကျော်မမလေးရဲ့ စာတွေကို ကြ်ုက်နှစ်သက်သူ ဘလော့ဂ်ဂါတွေရဲ့ ခံစားမှုတွေကို ဖတ်ရှုနိုင်ပြီဖြစ်ပါကြောင်း..

Rita said...

ကိုယ်သိသလောက်တော့ ဂျာနယ်ကျော်မမလေးကို ကြိုက်တဲ့သူတွေသာ ပိုများတာပါ၊ မဟုတ်လား။ မကြိုက်ဘူးပြောတဲ့သူ မတွေ့ဖူးသလောက်ပဲ။

ပြီးတော့ ထင်မြင်တာ ပြောရရင် ဗမာစာဖတ်သူတွေက တခုခု လိုချင်တဲ့စိတ်နဲ့ ဖတ်ကြတာ များတယ်ထင်မိတယ်။ တခုခုရတဲ့ တခုခု ပေးနိုင်တယ်လို့ သူတို့ထင်တဲ့ စာမျိုး၊ စာရေးသူမျိုးတွေကို ပိုကြိုက်ကြသလားပဲ။

ကိုယ်တော့ စာဖတ်ရင် ခံစားမှုနဲ့ပဲ ဖတ်တယ်။ စာရေးသူရဲ့ အနုပညာခံစားမှုနောက်၊ ဇာတ်ကောင်တွေရဲ့ အတွေ့အကြုံခံစားမှုနောက်ကို လိုက်ပြီး ဖတ်ချင်တယ်။ အဖြစ်အပျက်တွေကို စာရေးသူက ဖန်တီးလုပ်ယူထားတယ်လို့ ထင်ရင်၊ ဇာတ်ကောင်စရိုက်ကို စာရေးဆရာက သူ့လက်ထဲမှာပဲ ထားတယ်လို့ ထင်ရင် သိပ်ခံစားလို့ မရတော့ဘူး။

ကိုယ်စာဖတ်တဲ့အခါ စာတွေဆီက လိုချင်တာ တခုခုရှိတယ်ဆိုရင် တင်ပြပုံ၊ ခံစားမှုနဲ့ ဇာတ်ကောင်စရိုက်ပဲ။ နမူနာတွေ အတုယူစရာဥပမာတွေ ပညာပေးတွေ စိတ်ဓါတ်ခွန်အားတွေ မဟုတ်ဘူး။ အလိုလို ယူဖြစ်ရင်ဖြစ်သွားမယ်။ တမင် ထည့်ပေးနေရင်တော့ မကြိုက်ဘူး။ =)

အဖြစ်မှန်ကိုပြန်ရေးတာ၊ အပြင်မှာရှိတဲ့သူကို ပြန်ရေးပြတာ ဖြစ်ပါစေဦးတော့ ဇာတ်ကောင်စရိုက်ကို ခံစားလို့မရရင် မကြိုက်တော့ပြန်ဘူး။

ဂျာနယ်ကျော်မမလေးနဲ့ ပတ်သတ်လို့ ပြောရမယ်ဆိုရင် ကျွန်မအတွက် နှစ်ပိုင်းခွဲပြောမှ ဖြစ်လိမ့်မယ်။ သူ့စာတွေနဲ့ သူ။ သူ့စာတွေကို မစွဲလမ်းလှဘူး။ သူ့ဘဝကိုတော့ သူ့စာတွေထက် ပို စိတ်ဝင်စားမိတယ်။

သူ့စာတွေထက် သူက ပို စိတ်ဝင်စားစရာကောင်းသေးတယ်။

စံပယ်ချို said...

ဘယ်ကစရေးရမလဲစဉ်းစားနေတာပါ
တစ်ကယ်တော့ကျွန်မအရွယ်နဲ့ သူ့ကိုကြိုက်ပါတယ်
သူငယ်ချင်းတွေကမယုံပါဘူး ခုလဲကျွန်မဆီမှာ သူစာအုပ်တွေ
အားလုံးနီပါးရှိပါတယ် သူ့လိုပဲ ဂျူး-ဆရာဘုန်းနိုင်-
အပေါ်က မမရေးထားတဲ့ကွန်မက်လေးက စာတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်
ချစ်ချစ်ခင်ခင် jasmine

မိစံ said...

ဂျာနယ်ကျော်မမလေးရဲ့“သွေး”ကိုဖတ်ဖူးပါတယ်။
ရှားရှားပါးပါး.အဲ့ဒီ့တစ်အုပ်ပဲဖတ်ဖူးတာအစ်မး)
တော်တော်ကောင်းပါတယ်။
ခုတော့..နောက်တစ်အုပ်ဖတ်ဖို့တိုးလာပြီ ;)

ပျော်ရွှင်ချမ်းမြေ့ပါစေရှင်

ချစ်ခင်လျှက်

မိစံ said...

ဂျာနယ်ကျော်မမလေးရဲ့“သွေး”ကိုဖတ်ဖူးပါတယ်။
ရှားရှားပါးပါး.အဲ့ဒီ့တစ်အုပ်ပဲဖတ်ဖူးတာအစ်မး)
တော်တော်ကောင်းပါတယ်။
ခုတော့..နောက်တစ်အုပ်ဖတ်ဖို့တိုးလာပြီ ;)

ချမ်းမြေ့ပျော်ရွှင်ပါစေရှင်

ချစ်ခင်လျှက်

ဧဒင်အချစ်ပုံပြင် said...

မှတ်သားသွားပါတယ်နော်...