မုန်း၍မဟူ ဖတ်တုန်းက ဒီတိုင်းပဲ ရှိလို့ဖတ်လိုက်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ဖတ်လိုက်မိတယ်။ အဲဒါ ကျောင်းစာကြည့်တိုက်ကနေ ငှားဖတ်ဖြစ်တာ။ final တုန်းက ထင်တယ်။
တခါတခါ စိတ်အာရုံက sensibility သိပ်မကောင်းဘူး။ inertia တော့ အတော်ကောင်းပုံရတယ်။ ဂျာနယ်ကျော်မမလေးကို အဲဒီရှေ့ပိုင်းမှာလည်း တော်တော်များများ ဖတ်လာဖြစ်ပြီး ကိုယ်ကြိုက်တဲ့ပုံစံမဟုတ်ဘူး ဆိုတဲ့ အစွဲက ရှိနေနှင့်ပြီးသား။ အဲဒါနဲ့ မုန်း၍မဟူ ဖတ်တော့ ကြုံကြိုက်တိုက်ဆိုင်လို့ ဖတ်လိုက်တယ် ဆိုပြီး ပြီးပြီးရောနဲ့ ပြီးသွားတာ။ ပြန်လည်း သတိမရဘူး။
တကယ်တော့ အဲဒီဇာတ်ကြောင်းလေး အတော်စွဲသား။ ကျောင်းပြီးတော့ အဲလိုအစွဲကို မသိလိုက်ဘဲ စာ နည်းနည်း ရေးမိတယ်။ ရေးနေတုန်းမှာပဲ အဲဒီဇာတ်လမ်း ဖျတ်ခနဲ ဖျတ်ခနဲ ပြန်ပြန်ပေါ်လာတတ်တယ်။ အဲဒီနောက်ပိုင်းတော့ အဲဒီဇာတ်လမ်း စိတ်ထဲ အတော်ရှိနေတာမှန်း နားလည်သွားတော့တယ်။
ဒေါက်တာမတင်ဝင်း ဆောင်းပါးတစ်ခုမှာ အဲဒါကို အသွင်မတူတဲ့ အသိုင်းအဝိုင်းနှစ်ခု ပေါင်းစပ်လိုက်ရင် မဆီလျော် အဆင်မပြေနိုင်ဘူး ဆိုတဲ့ သဘောမျိုးနဲ့ နည်းနည်း ထည့်ရေးဖူးတယ်။ ကိုယ်ကတော့ ('ပင်လယ်ပျော်စင်ရော်' လိုဟာကိုတောင် ဆက်မတွေးချင်တတ်တဲ့အစားထဲက ဆိုတော့) ဘာမှ ဆက်မတွေးပါဘူး။ ဒီလူနှစ်ယောက်အကြောင်း ရေးတာ ဒီလူနှစ်ယောက်အကြောင်းပဲပေါ့။ စာဖတ်သူကို ဘာများ ပညာပေးထားချင်တာပါလိမ့်လို့ ဆက်တွေးရမှာ သူ့အနုပညာ role ကျတယ်လို့ ထင်တယ်။ Dr မတင်ဝင်းကတော့ တစ်စုံတစ်ယောက်ရဲ့ဇာတ်လမ်းနဲ့ ယှဉ်ပြောချင်ခဲ့သလား မသိဘူး။ (မသိဘူးဆိုတာ တကယ်မသိလို့ ပြောတာမဟုတ်)။
အသွင်မတူ ဆိုတာလည်း အပေါ်ယံ ဓလေ့ ထုံးစံ နေမှု ထိုင်မှု စားမှု သောက်မှု ဘာညာကွိကွတွေ ဆိုရင်တော့ အဲဒါ အရေးမကြီးလှပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ စိတ်နေသဘောထားနဲ့ အတွေးအခေါ် အယူအဆ တန်ဖိုးထားမှု စံတွေ လိုက်လျောညီထွေ ရှိဖို့သာ အရေးကြီးတယ် ထင်တယ်။ (တူစရာမလို)
အဲဒီဇာတ်က ဇာတ်ကောင်စရိုက်ကလေးတွေ အဖြစ်အပျက်လေးတွေကို အတော် သဘောကျမိတယ်။ ဝေဝေ အမျိုးတွေဆီ ရောက်သွားတုန်း သူ့ခင်ပွန်းနဲ့၊ အစ်မဖြစ်သူရဲ့ ခင်ပွန်းဆရာဝန်ကို ယှဉ်တွေးပြတဲ့အခန်းမျိုးကို ကြိုက်တယ်။ ဝေဝေ့အစ်ကိုကြီး ဆန္ဒပြတာကို ဝေဝေ့ခင်ပွန်းက မြင်တဲ့အမြင် စသဖြင့် တချက်တည်း တခန်းတည်းပေမယ့် အတော်လိုရင်းရောက်တဲ့ ဇာတ်ကွက်မျိုးပေါ့။ (ရွှေလင်းယုန် တုန်းကလည်း ဇာတ်ကွက်ကလေးတစ်ခုကို သေချာရေးပြခဲ့တာ မှတ်မိတယ်။ ဇာတ်လမ်းကို အတိအကျ မမှတ်မိတော့ပေမယ့်...။)
အဲဒီ 'မုန်း၍မဟူ' ထဲက တချို့အချက်အလက်တွေကတော့ ဒီနေ့ခေတ်မျက်စေ့နဲ့ကြည့်မယ်ဆို တမျိုးဖြစ်ကောင်းဖြစ်နေမယ် ထင်တယ်။ ပြီးတော့ ဘဝင်မကျမိတာက ဇာတ်ကောင် ဆုံးရတဲ့ အကြောင်းရင်းက အနောက်တိုင်းဆေးကြောင့်လို့ ယူသော်ရ၏ ပုံစံမျိုး ဖြစ်နေတာ...။ ဒါတွေကလည်း ဇာတ်လမ်းကို အတော်ကြိုက်နေတော့ အသာ ခေါက်ထားလို့ရတယ်။ တဇာတ်လုံးမှာ ကိုယ့်အတွက် အပေါ်လွင် အထင်ရှားဆုံးကတော့ ဝေ့ဖီလင်တွေပဲ။
ဒီဝတ္ထုရဲ့ ရီဗျူး သိပ်အများကြီး မဖတ်ဖူးပေမယ့် ဖတ်ဖူးသမျှမှာ ဗမာဆန်တဲ့ ဝေဝေခမျာ အနောက်တိုင်းဆန်တဲ့ ခင်ပွန်းနဲ့ ညားရှာလို့ဆိုတာကို ပြဿနာရဲ့ အဓိကလို ရေးကြတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဇာတ်က စဖွင့်တည်းက အဲလိုနဲ့ ဖွင့်ထားတာဆိုတော့...။
သို့သော်လည်း အဲဒီ နေမှုထိုင်မှု စားမှုသောက်မှုဆိုတဲ့ကိစ္စမှာ ဘာဆန်တာ မဆန်တာက ဘာမှမဖြစ်လောက်တဲ့အပိုင်းလို့သာ ထင်တယ်။ အဲဒါတွေက တကယ်တော့ အပေါ်ယံပဲ။ ကျန်နေသေးတဲ့ သက်တမ်းတလျှောက်လုံး အတူတူနေတော့မယ်လို့တောင် ဆုံးဖြတ်ထားနိုင်စွမ်းပြီဆိုမှတော့ ဒီလူနှစ်ယောက်ဟာ အစစ အရာရာ တူမှ ဖြစ်လိမ့်မယ်လို့ တွေးစရာအကြောင်းမရှိပါဘူး။ မတူတာတွေနဲ့ သဟဇာတဖြစ်အောင် နေနိုင်စွမ်းသာ လိုတာပါပဲ။ မဟုတ်ရင် လူနှစ်ယောက်နဲ့ မပြီးနိုင်တဲ့ ဖွဲ့စည်းပုံမျိုးမှာ ကိုယ့်အသိုင်းအဝိုင်းထဲ သူ ဝင်မဆံ့တာ၊ သူ့အသိုင်းအဝိုင်းထဲ ကိုယ် ဝင်မဆံ့တာဟာ ပြဿနာကြီးတစ်ခုပေါ့။
ကိုယ်ကတော့ အဲဒီဝတ္ထုမှာ အချစ်ရယ်၊၊ ဇာတ်ကောင်စရိုက်ရယ်၊ အတော်ကို ပြေပြစ်တဲ့ ဇာတ်ကွက်မှန်းကို မသိစေတဲ့ ဇာတ်ကွက်လေးတွေရယ်ကိုပဲ မြင်ခဲ့တယ်။
ဂျာနယ်ကျော်မမလေး စာအုပ်တွေထဲက စွဲမိတဲ့ တစ်ခုတည်းသော ဝတ္ထု။
***