Thursday, April 21, 2011
Daze
မိန်းကလေးတစ်ယောက်ဟာ စိတ်နေသဘောထား ကောင်းမွန်သလောက်၊ ဘာသာတရားလုပ်ဖို့ မမေ့တတ်သလောက်၊ အယုံလွယ်ရင်၊ အားနာတတ်ရင်၊ (မလိုတဲ့နေရာတွေမှာ) သဘောကောင်းပြီး လိုက်လိုက်ရောရော ရှိတတ်ရင်၊ အတွေ့အကြုံနည်းပါးရင်၊ မိဘနဲ့တုန်းက ဗိုင်းကောင်းကျောက်ဖိနေခဲ့ရလွန်းရင်၊ ကံမပေးတဲ့ အခြေအနေတစ်ခုမှာ (သူ့ စိတ်ရင်းက မရည်ရွယ်သည့်တိုင်အောင်) သူတပါးကိုရော၊ သူ့ကိုယ်သူရော ထိခိုက်စေတတ်တယ်။
Labels:
Thought
Wednesday, April 13, 2011
Birthday Wish, from Bottom of My Heart!

မွေးနေ့မှသည်...
ကောင်းသော လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနိုင်ခွင့်ရှိသောသူ ထို့ထက်ပို၍ ...
အလိုဆန္ဒ နည်းပါး ရောင့်ရဲနိုင်သောသူ
ချစ်ခြင်းမေတ္တာဖြင့် ဝန်းရံခြင်းခံရသောသူ ထို့ထက်ပို၍ ...
သူတပါးကို ချစ်ခြင်းမေတ္တာထားနိုင်သောသူ
ပတ်ဝန်းကျင်ကောင်းမှာ ရှင်သန်နေထိုင်ခွင့်ရသောသူထို့ထက်ပို၍ ...
ရှင်သန်နေထိုင်သော ပတ်ဝန်းကျင်အတွက် ကောင်းကျိုးချမ်းသာများ ဆောင်ကြဉ်းနိုင်သောသူ
အနှောင့်အယှက် ရန်ဟူသမျှ ဖယ်ရှားအောင်မြင်နိုင်သောသူထို့ထက်ပို၍ ...
မေတ္တာဖြင့် ခွင့်လွှတ်နိုင်သောသူ
ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးနိုင်သောသူ ထို့ထက်ပို၍ ...
ဆင်းရဲမှုအပေါင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်သောသူ
သူတကာထက် ကောင်းမွန် သာလွန်သော ဘဝများဖြင့် သံသရာကို ကူးဖြတ်နိုင်သောသူ ထို့ထက်ပို၍ ...
အကောင်းမွန်ဆုံး အငြိမ်းချမ်းဆုံး အမြင့်မြတ်ဆုံး ခရီးဆုံးပန်းတိုင်ကို ဘဝတိုတိုဖြင့် ရောက်ရှိနိုင်သောသူ ဖြစ်ပါစေ။
ထို့ထက်ပို၍ ... ကိုယ့် မေတ္တာတရားတွေနဲ့ အတူတူ
ထို့ထက်ပို၍ ... ဘဝဆက်တိုင်း ဆက်တိုင်း
Myat
Labels:
Birthday Wish,
မောင်
Sunday, April 10, 2011
All about him...
တခါတခါ ပေါ်လာတတ်တဲ့ ဘယ်ဘက်ပါးက ပါးချိုင့်ရာ ခပ်ရေးရေးကလေးကို ကြိုက်တယ်။
လူကြုံရှိတယ် ဘာမှာမလဲ မေးတဲ့အခါ မှာမယ့်ဟာကို ဘယ်တော့မှ အရင်မပြောဘဲ "စင်ကာပူသူ တောင့်တောင့်ဖြောင့်ဖြောင့် ချောချောလှလှလေးတစ်ယောက်လောက် မှာချင်တယ်။ ပိန်လှီပိန်လှပ်မလိုချင်ဘူး" လို့ ပြောလေ့ရှိတာကိုလည်း ကြိုက်တယ်။
ဘာမှ အဆက်အစပ်မရှိဘဲ "(ဟောလိဝုဒ် မင်းသမီးတစ်ယောက်ကို) သိပ်ကြိုက်နေလို့ ကယ်ပါဦး" လို့ ချက်ချင်းကြီး ထပြောတတ်တာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။ (နာမည်ထည့်မရေးဘူး။ စိတ်နာလွန်းလို့)
သူကြိုက်တဲ့ မင်းသမီးတွေကို ဝေဖန်မိတဲ့အခါ "အေးပေါ့ မင်းလို ပိန်ပိန်ပါးပါးကတော့ သူတို့ကို မနာလို ဖြစ်နေမှာပေါ့" လို့ မခံချင်အောင် ပြန်ပြောတတ်တာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။
"လူကြုံထည့်ပေးလိုက်တာ ကောင်မလေးချောချောဆို အပြင်မှာ ဒိတ်ပြီး ကော်ဖီတိုက်လိုက်မယ်" လို့ ပြောတတ်တာကိုလည်း ကြိုက်တယ်။
မှာတုန်းက အသည်းအသန်မှာလို့ ထည့်ပေးလိုက်တဲ့ပစ္စည်း ချက်ချင်းသွားမယူသေးဘဲ လှမ်းပြောတဲ့အခါ ရူးချင်ယောင်ဆောင်နေတတ်တာကို (ဒေါသထွက်နေတဲ့ကြားက) ကြိုက်တယ်။
မှာတာတွေ များနေတဲ့အခါ "ခုတလော မင်း အတော်ဖြုန်းတီးနေပါလား" လို့ စိတ်ထဲက မပါဘဲ လှမ်းပြောရတာကို ကြိုက်တယ်။
စိုက်ဝယ်ပေးထားတဲ့ ပစ္စည်းတွေအတွက် ငွေစာရင်းရှင်းတမ်း ထုတ်ပေးတဲ့အခါ "ဟမ် အဲလောက်တောင်မှ များလား၊ ပြန် မဆပ်နိုင်တော့ဘူး။ လူကို ယူပါ၊ အသည်းကို ချမ်းသာပေးပါ" လို့ ပြန်ပြောတတ်တာကို ကြိုက်တယ်။ (ယောက်ျားလေးတွေ အဲဒီစကား တော်တော်တော့ ပြောကြတယ်။ သူငယ်ချင်းတွေ အသိတွေထဲမှာလည်း ကြုံဖူးတယ်)
အဲဒီအခါ "အသည်းကမှ ဒုတ်ထိုးလုပ်စားလို့ ရဦးမယ်။ လူ ဘာလုပ်ရမလဲ" လို့ ပြန်ပြောရတာ ကြိုက်တယ်။
မှာတဲ့ ပစ္စည်းရဲ့ တန်ဖိုးထက်ပိုပြီး ငွေပြန်ရှင်းပေးတတ်တာကို ကြိုက်တယ်။
"ဟေ့ မင့်သူငယ်ချင်းက လာပြောနေတယ်။ ငယ်ငယ်တုန်းကဆို မိန်းကလေးလိုပဲ သိပ် စိတ်ဆိုးတတ်တယ် တဲ့" လို့ စပေးပြီး၊ "မဟာယောက်ျားသားဝါဒီကွ" လို့ ပြန်အော်တတ်တာကို နားထောင်ရတာ ကြိုက်တယ်။
တချို့ အင်းဆက်တွေကို ကိုယ်ကြောက်တယ်လို့ ထင်ပြီး ဟာသ လုပ်ချင်နေတတ်တာကို ကြိုက်တယ်။ (အမှန်တော့ ဒီလောက်လည်း မကြောက်တတ်ပါဘူး။ အကောင်ပလောင်တွေကို စိတ်ရှုပ်တာ)
တချို့ကိစ္စတွေ သူ မေးလို့ မသိတဲ့အခါ "ဟမ် မင်း ခုလို နိုင်ငံခြားသွားအလုပ်လုပ်နေတာ ပိုက်ဆံကလွဲလို့ ဘာတွေများ အသိပညာဗဟုသုတတွေ ပိုရလာသလဲ" လို့ တိုက်ရိုက်ထိမယ့် စကားမျိုး ပြောတတ်တာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။
ဒါမှမဟုတ် သူခိုင်းတာတွေ တလွဲ လုပ်မိတဲ့အခါ "အဲဒါ ဘာများခက်လို့လဲ အင်ဂြင်နယာမကြီးရဲ့" လို့ အငေါ်တူးတဲ့လေသံနဲ့ ပြောခံရတာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။
ဘာကိစ္စဖြစ်ဖြစ် မေးမိတဲ့အခါ "ပြောတာ သေချာနားထောင် တခုချင်း ပြန်မမေးနဲ့၊ ပြီးရင် ကိုယ့်ဘာသာ ရအောင်လုပ်" လို့ ပြောတတ်တာကို (အမြင်ကတ်တဲ့ကြားက) ကြိုက်တယ်။
ဒီမှာရောက်နေတဲ့ ကိုယ်နဲ့လည်းသိတဲ့ သူ့ငယ်သူငယ်ချင်းတချို့အကြောင်း သတိတရ မေးလေ့ရှိတတ်တာကို ကြိုက်တယ်။
"ခုတလော အိပ်ရေးတွေပျက်တယ်၊ body weight လည်း ကျတယ်၊ သိပ်လည်း နေမကောင်းဘူး" လို့ သတင်းကြေညာတဲ့လေသံနဲ့ လှမ်းပြောပြတတ်တာကို ကြိုက်တယ်။
ဂျူး စာအုပ်အသစ်၊ ဟုတ်လား၊ ဖတ်မနေပါနဲ့ကွာ၊ မင်း သူ့နေရာဝင်ယူလို့ ရနေပါပြီ လို့ သိသိသာသာ လှောင်ပြောင်ချင်တာကို (စိတ်နာနေတဲ့ကြားက) ကြိုက်တယ်။
စာအုပ်တစ်ခုခုကို ညွှန်းပြီး ဖတ်ကြည့်ပါလား ပြောတဲ့အခါ "အချစ်အကြောင်းမို့လား၊ တော်ပါ၊ အချစ်ဆိုရင် ကြောက်လွန်းလို့ဘာာာာ" လို့ ပြောတတ်တာကို ကြိုက်တယ်။
တခါတရံ စိတ်ဆိုးစရာ လုပ်မိတဲ့အခါ သူ့ဘာသာ မခေါ်နိုင် မပြောနိုင်ဖြစ်ပြီး ပြန်ခေါ်ချင်တဲ့အချိန်ကျမှ သူ့ဘာသာ လာခေါ်တတ်တာကိုလည်း ကြိုက်တယ်။
ကိုယ့်ကို သူ့ဘာသာ block လုပ်၊ သူ့ဘာသာ စိတ်ပြေတဲ့အခါ ပြန်ဖွင့်ပြီး၊ မတွေ့တာတောင် ကြာပြီ လို့ ခပ်တည်တည် စပြောတဲ့အခါ အေး ဟုတ်တယ် ကိုယ် မင်းကို block လုပ်ထားတာလို့ ပြန်ပြောရတာ ကြိုက်တယ်။
သူ မကြိုက်ဘူးဆိုတာ ပြောထားရက်နဲ့ "ခု ဘယ်မှာရောက်နေလဲ" မေးရင် "massage"၊ "ဘာလုပ်နေလဲ" မေးရင် "အရက်သောက်နေတယ်" လို့ အရွဲ့တိုက် ပြန်ဖြေတတ်တာကို (အမြင်ကတ်တဲ့ကြားက) ကြိုက်တယ်။
"အညာသူတွေနဲ့ စကားမပြောချင်ဘူး" လို့ ပြောတတ်တာကို ကြိုက်တယ်။
တခါတရံ စိတ်မတို တိုအောင် လိုက်စနေတတ်တာကို ကြိုက်တယ်။
သူ့နာမည်ရှေ့မှာ 'ခွေး' တပ်ခေါ်ရတာ ကြိုက်တယ်။
ဒေါသထွက်တုန်း ရေးလိုက်မိတဲ့ စာမှာ သူ့နာမည်အစား 'Darling' လို့ ပြန်ပြင်ပြီး စာပြန်ရေး ဆက်စ နေတတ်တာကို ကြိုက်တယ်။
သူ့အလုပ်က တချို့ အောင်မြင်မှုတွေအကြောင်း "ဘယ်သူ့မှ ပြန်မပြောရဘူးနော်" လို့ စကားခံပြီး ကိုယ့်ကို လာအသိပေးတတ်တာကို ကြိုက်တယ်။ (အဲဒါ အပေးအယူတွေပါမှန်း သိနေပေမယ့်...)
***
တခါတရံမှာ (အသေးအဖွဲလေးပဲ ဖြစ်ဖြစ်) သူ့အတွက် လုပ်ပေးနိုင်နေတာကို ကြိုက်တယ်။
တခါတရံမှာ (မဖြစ်စလောက် အတိုင်းအတာလေးပဲဖြစ်ဖြစ်) သူ လိုအပ်တာ ခံရပြီး သူ့အတွက် အသုံးဝင်နေတာကို ကြိုက်တယ်။
ရေချမ်းကပ်တဲ့အခါ သူ့စိတ်နှလုံးထဲ အဲဒီလို ကြည်လင်ချမ်းမြေ့နေပါစေ လို့ အာရုံပြုပေးရတာကို ကြိုက်တယ်။
အရာအတော်များများ အသိပေးနေကျ သူငယ်ချင်း နှစ်ယောက်က "ဟိုကနေ တခုခု ဆိုတာနဲ့ ဒီဘက်မှာ ပျာနေပြီ" လို့ ပြောပြီး အမြင်ကတ်ခံနေရတာကို ကြိုက်တယ်။
***
ပြောလိုက်တဲ့အထဲ စကားလုံးအတွဲဆန်းတခုခု အမှတ်တမဲ့ပါသွားရင် modify ပြန်လုပ်ပြီး "သမီးလေးဆိုရင် အဲဒီနာမည်ပေးမယ်" လို့ သူ့ဘာသာ တယောက်တည်းပြောသလို ပြောဖူးတာကို ကြိုက်တယ်။
ဖတ်ထားတယ် ဝန်မခံဘဲ "မင်း ကိုကိုတွေ ကက်ကက်တွေနဲ့လည်း တွေ့နေဦးမယ်" လို့ ပြောဖူးတာကို ကြိုက်တယ်။
***
(အစဟာ ဘယ်လိုဖြစ်ဖြစ်၊ အလယ်မှာ ဘာတွေကြုံကြုံ၊ အဆုံး ဘယ်လိုသတ်သတ်) တွေ့ခဲ့ရတာကို ကြိုက်တယ်။
***
ပေါက် က ကြိုက် ဆိုတဲ့ စကားလုံးနဲ့ တဂ်လို့ ရေးလိုက်ပေမယ့်၊ စကားလုံးက တိမ်လို့ ဒီအကြောင်းအရာတွေမှာ ထည့်ရေးရတဲ့ "ကြိုက်တယ်" ဆိုတဲ့ အသုံးအနှုန်းကိုတော့ မကြိုက်ဘူး။
နေ့စဉ်အလုပ်တွေက အကြိုက်ကို ရေးခိုင်းတာမှန်း သိပေမယ့် ပိုက်ဆံရတဲ့အလုပ်ကလွဲလို့ ဝေယျာဝစ္စတွေ ကိုယ့်ဘာကိုယ် လုပ်နေရတဲ့ အဖြစ်ကို မကြိုက်နိုင်တော့ အဲဒီအကြောင်းတွေကျ ရေးလို့ မရဘူး။ မကြိုက်တာတွေကို နှစ်ချီလုပ်ပြီး နေနိုင်တဲ့ ကိုယ့်ဘာသာတော့ ကြိုက်တယ်။
***
ဖြည့်စွက် (11.4.11, 11:40 AM)
အလုပ်မရခင်က ဒီကို ခဏ ကြွလာတဲ့ ဆရာတော်တပါးဆီ သွားဖူးဖြစ်မယ် ပြောမိတော့ "အဲဒီဆရာတော်ကို ကိုယ်တော့ မယုံဘူး။ ဒါပေမဲ့ မင်း ယုံရင် သွားပါ။ ယုံကြည်မှုဆိုတာ ခွန်အားတမျိုး မောင်းနှင်အားတမျိုးပဲ" လို့ ပြောဖူးတာလည်း ကြိုက်တယ်။
ကိုယ် ကြိုက်လို့ သယ်လာတဲ့ သုတ္တန်တစ်ခု အနက်ဖွင့်တဲ့ စာအုပ်အကြောင်း ပြောမိတဲ့အခါ "အဲဒါ သူ(စာရေးဆရာ) ထင်ရာ မြင်ရာတွေ စွတ်ရေးထားတာ" လို့ ပြောဖူးတာလည်း ကြိုက်တယ်။
ဒီရောက်ပြီး အလုပ် တော်တော်နဲ့ မရလို့ သိပ်ဝမ်းနည်းနေခဲ့တဲ့ တချိန်တုန်းက ဖုန်းထဲကနေ ကိုယ့်နာမည်အလိုက်အတိုင်း လေချွန်ပြခဲ့ဖူးတာကိုလည်း ကြိုက်တယ်။

Wednesday, April 6, 2011
၃၁ ကောင်းကင်
၃၁ ကောင်းကင်
၃၁ ဘုံက လူငယ်တစ်ယောက်
၃၁ နှစ်သား အရောက်မှာ
ခပ်မြောက်မြောက် ဘဝင်နှလုံးနဲ့
မိုးကောင်းကင်ကို မော့ကြည့်
စကားလုံးတွေများရှိသလား
ပစ်ချလိုက်စမ်းပါ
ကျွန်တော်နဲ့ စကားချင်းစစ်ထိုးရအောင်လို့
ရှုံးတဲ့သူ ခပ်တိုးတိုးရယ်ကြေးဆိုတော့
မိုးကောင်းကင်တုန်ခိုက်
နှလုံးသားတွေ အခိုင်လိုက်ဖြိုချ
ရင်ထဲ တောက်လျှောက်ကျအလာ
ကျွန်တော့မှာ ရယ်လိုက်ရတာ
(ခပ်တိုးတိုးပါပဲဗျာ)
***
နည်းနည်းပါးပါးတော့ စာသားလွဲတာ ရှိချင်ရှိလိမ့်မယ်။
ထူးအိမ်သင် ၃၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ one man show အကြောင်းရေးတဲ့ ဆောင်းပါးတပုဒ်က ကဗျာ။ အဲဒီကဗျာကို ဘယ်သူရေးမှန်းလည်း မသိ။ အဓိပ္ပါယ်ကလည်း ဘာပြောချင်မှန်းကို မသိတာ။
ဒါပေမဲ့ အဖွင့်စာသားလေး "၃၁ ဘုံက လူငယ်တစ်ယောက် ၃၁ နှစ်သား အရောက်မှာ" ဆိုတာကိုတော့ အတော် သဘောကျမိတယ်။ ရနံ့သစ်က ဆောင်းပါးဖြစ်နိုင်တယ်။ အဲဒီဆောင်းပါးမှာကိုက ဆောင်းပါးရှင်နာမည် မပါဘူးလား မသိတော့ပါဘူး။
အဲဒီတုန်းက အသက် ၁၃ နှစ်လောက်ဆိုတော့ ၃၁ နှစ်ဆိုတာ စိတ်ကူးနဲ့ မျှော်မှန်းကြည့်လို့တောင် မရတဲ့ အရွယ်၊ ကိုယ်နဲ့ အဝေးကြီးပါပဲပေါ့။ အသက် ၃၁ နှစ်ဆိုတာ ၁၃ နှစ်ပဲ ရှိသေးတဲ့ ကိုယ်တွေ ဘယ်တော့မှ ရောက်မလာဘဲနေမယ့်အရွယ်မျိုးပေါ့လေ။ တသက်လုံး ၁၃ နှစ်ပဲ ဖြစ်သွားတော့မယ့်အတိုင်း။
ခု အသက်အရွယ်မှာ ၄/၅၀ တန်းတွေကို မြင်တဲ့အမြင်မျိုး ဖြစ်လိမ့်မယ်။ အသက် ၅၀ လောက် ရောက်တော့လည်း ခုလိုပဲ ၃၀ လောက်ကသာ အသက် ၅၀ ကို ကြီးလှပြီထင်တာ။ တကယ်တော့ ၅၀ ဆိုတာ အတော်ငယ်ပါသေးတယ်လို့ တွေးမိဦးမှာပဲ ထင်ပါရဲ့။
အင်း အသက် ၅၀ ထိ သေချာပေါက်နေရတော့မယ့် အတိုင်းပါလား။ ရေးနေရင်းနဲ့ကိုပဲ ၅၀ လောက်ကတော့ သေချာလောက်ပါတယ်လို့ တွေးနေသေးတယ်။
***
ဖြည့်စွက်
အများတကာလို ဘယ်အရွယ်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ထားလို့၊ 31 နှစ်ဆိုတဲ့ အရွယ်ကိုတောင် ဘယ်တော့မှ ကိုယ်ရောက်မှာမဟုတ်ဘူးလို့ ထင်နေခဲ့သေးတယ်ဆိုတော့ ပြောမနေနဲ့တော့။ အရင်က မှန်းတာ မမှန်းတာထက်၊ လောလောဆယ် လုပ်ဦးမှလို့ တွေးထားတဲ့ထဲမှာ
၁) ကြွားဖို့လို့ ဘွဲ့တခုလောက် ထပ်ယူဦးမှ ဆိုတာ လွန်ခဲ့တဲ့ 1 နှစ်ခွဲလောက်တည်းက စဉ်းစားထားတာ၊ ဖောင်ဖြည့်ရမယ့်ကိစ္စ ပျင်းလို့ website ထဲတောင် သေချာ ဝင်မကြည့်ဖြစ်ဘူး။ ဝင်ကြည့်လည်း ခဏနဲ့ ပြန်ထွက်လာမိတယ်။ လိုတဲ့စာရွက်စာတမ်း အမျိုးမျိုး အဖုံဖုံတောင် အိမ်က လိုက်ယူထားပေးလို့။ ကိုယ့်ဘာသာဆို ဘွဲ့လက်မှတ်တောင် ရှိနေမယ် မထင်။ ထောက်ခံစာနဲ့တင် ပြီးသွားမှာပဲ။
ဒီတသက် ကိုယ်စား ဖောင်ဖြည့်ပေးမယ့်လူသာ မရှိရင် ဂုဏ်တုဂုဏ်ပြိုင်ကိစ္စတောင် လုပ်လို့ရတော့မယ် မဟုတ်။
၂) နေခဲ့ဖူးတဲ့နေရာတွေကို ခဏဖြစ်ဖြစ် ရောက်အောင်ပြန်မယ်။ အဲဒီနေရာတွေမှာ နေခဲ့တုန်းက အမှတ်တရနေရာတွေကို ရောက်အောင် ပြန်သွားမယ်။ လျှောက်ခဲ့ဖူးတဲ့လမ်းတွေကို ပြန်လျှောက်ကြည့်မယ်။ ပြန်ကြည့်မြင်ချင်သေးတဲ့ အရာတွေကို ပြန်ကြည့်ရမယ်။
တခြားဘယ်သူမှမရှိတဲ့ နိုင်ငံရပ်ခြားနေရာတွေကို အလည်သွားဖို့ထက်၊ နေခဲ့ဖူးတဲ့ နေရာတွေဆီက သိခဲ့ဖူးသူတွေဆီ ပြန်သွားမယ်။ သိခဲ့ဖူးတဲ့ လူကြီးတွေ၊ ဆရာသမားတွေထဲက တချို့ မရှိကြတော့ဘူး။ ရှိတဲ့သူတွေ ရှိတုန်း၊ ကိုယ်လည်း ရှိနေတုန်းမှာ ပြန်သွားတွေ့မယ်လို့ တွေးထားပေမယ့်၊ နောက်အပတ်ပဲ ဘယ်သူမှ အသိမရှိတဲ့ မရောက်ဖူးသေးတဲ့ တနေရာကို သွားမယ်။
နေရာဟောင်းတွေဆီကို အရောက်ပြန်သွားဖို့ ဘယ်လောက်တောင် ကြာဦးမယ်ဆိုတာတော့ ကိုယ်တိုင်လည်း မသိနိုင်ဘူး။
၃) ဈေးရောင်းတဲ့စွမ်းရည် ဒီရောက်ပြီးမှ မှေးမှိန်မသွားအောင် လုပ်ချင်တယ်။
ဒါပေမဲ့ ဈေးရောင်းမနေရတဲ့ ဘဝမှာ ဘယ်လိုလုပ်ရမယ် မသိဘူး။
ဘလော့ရေးပြီးမှ "မောင်ကြီးနှမ ကျားကိုက်ရပါစေရဲ့" ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ စကားလုံးမျိုး ပြုံးထားတဲ့ မျက်နှာနဲ့ လွယ်လွယ်မှ ပြောထွက်နိုင်ပါဦးမလား။ မြန်မာပြည်ပြန်ရောက်ရင် ဒီတခါ ပြန်စမ်းကြည့်ရမယ်။

me
Friday, April 1, 2011
အေပရယ်

အေပရယ်
စွတ်စို ထိုင်းမှိုင်း
အေးစက် ရင့်ရော်ခြင်းတွေ ကွာကျ
ကြည်စင် ဝင်းပလာတဲ့ သမယ။
ကပ်ငြိနေတဲ့ အရာရာကို ခွာချ
စိမ်းမြပုရစ်ဖူးတို့ နိုးထ။
အသွင်ပြောင်းတေးဆိုရင်း
တကျော့ပြန် နုပျိုခြင်းနဲ့
သူကိုယ်တိုင် ယိမ်းက။
ကောင်းမြတ်ခြင်းအဖြာဖြာက
ဒီတခါ
အသေအချာ သက်ဆင်းလာမလို
ဟိုးအရင် အကြိမ်များစွာအတိုင်း။
ကူးပြောင်းခြင်း
ရောက်ရှိခြင်း
စောင့်ဆိုင်းခြင်း
ဆုံဆည်းခြင်း
လင်းပ နေ
မွှေးမြ လေ
အဝါရောင်ရိပ်တွေ လူးလွန့် လှုပ်ရှား
ပျော်ပါးခြင်း ပုံရိပ်များ
သယ်ဆောင်လာမယ့်
အပူဒဏ်ကို သေချာမခံရခင်လေး
အမြည်းပေးတဲ့
နှစ်လိုခြင်း ခဏတာ။
***
pic from here
Tuesday, March 29, 2011
ကမ္ဘာမြေရဲ့ ချစ်သူ - ဂျူး
သီးသန့် ဂျူး group ထဲမှာ ဂျူးဇာတ်ကောင်တွေ အကြောင်းပြောကြရင်း ကိုယ့်အကြိုက်ဆုံးက "ကမ္ဘာမြေရဲ့ ချစ်သူ" ဝတ္ထုတိုထဲက နုနုမေ ပါလို့ ပြောထားမိတယ်။
***
တိုက်တိုက်ဆိုင်ဆိုင် ခုတလော ဂျူး ကမ္ဘာမြေရဲ့ ချစ်သူ ကို fwd mail ကနေ share နေကြတယ်။ ညက fwd လုပ်လာတဲ့ သူငယ်ချင်းနဲ့ ပြောမိလို့... သူကပြောတယ်။ နုနုမေ က အင်မတန် ချာတဲ့မိန်းမတဲ့။ =(
ဘာမှလည်း မခံစားတတ်။ နားမလည်တတ်။ ပိုက်ဆံကြောင်းပဲတွေး။ အမြင်လည်း မကျယ်။ ရည်းစားဟောင်း ပြန်တွေ့တာ ဘယ်သူက အရင် အိမ်ထောင်ကျတာလဲ လုပ်နေသေးတယ် တဲ့။ အဲဒီ သူငယ်ချင်းက စာပေအနုပညာလည်း ဒီလောက် ဝင်စားတာမဟုတ်ဘူး။ စာရေးတဲ့သူတွေက သူတို့ တကယ်ဖြစ်နေတာ လုပ်နေတာကို ရေးတာမဟုတ်ဘူး။ သူတို့ ဖြစ်ချင်တာကို စိတ်ကူးယဉ်ပြီး ရေးကြတာများတယ်လို့ ပြောတာ သူပေါ့။
အမှန်တော့ ကိုယ့်ဆီ fwd လုပ်တာ အဲဒီဝတ္ထုဖတ်ပြီး ဒါမျိုးရေးနိုင်တဲ့အတွက် ဂျူး ကို သူ impressive ဖြစ်လို့ပါ။ သိပါတယ် အဲလောက်တော့။ (ချွင်းချက်နဲ့တော့ ပြောတယ်။ မိန်းမတွေဘက်က သိပ်ပါတာပဲ။ ယောက်ျားတွေကို သိပ်မကောင်းမြင်တာပဲ။ အဆုံးမှာ နဲနဲဖြစ်ဖြစ်တော့ မိန်းမတွေကို အသာပေးလိုက်သေးသတဲ့။ အဲဒီနေရာမှာတော့ ယောက်ျားလေးတွေဟာ တလေတည်း ထွက်တယ်။)
ကိုယ်က မိန်းမတွေကို အသာပေးတယ် မထင်ပါဘူး (တကယ်လည်း မထင်ပါဘူး) သူရေးတဲ့မိန်းမတွေက ဟုတ်မလိုလိုနဲ့ ချာတာတာပါ။ တော်တာဆိုလို့ အဲဒီထဲက နုနုမေ ပဲရှိတယ် ပြောမိလို့... "အဲဒီထဲက မိန်းမလည်း ချာတူးပဲ" ဆို ထအော်တယ်။ နောက် အပေါ်ကအကြောင်းတွေ ဆက်ပြောတယ်။
"ဘာမှလည်း မခံစားတတ်။ နားမလည်တတ်။ ပိုက်ဆံကြောင်းပဲတွေး။ အမြင်လည်း မကျယ်။ ရည်းစားဟောင်း ပြန်တွေ့တာ ဘယ်သူက အရင် အိမ်ထောင်ကျတာလဲ လုပ်နေသေးတယ်" တဲ့။
သူပြောတာလည်း ဟုတ်တုတ်တုတ်။
***
နုနုမေ တော်တယ်လို့ ထင်မိတာက...
သူ့ကိုယ်သူ သိတယ်၊ သူ့အတိုင်းအဆကို သိတယ်၊ သူနဲ့တန်ဖိုးထားရာ မတူတဲ့ လူနဲ့ တွဲလာခဲ့ပေမယ့် သူ့အတိုင်းအဆကို ပိုတွက်ပြီး (တနည်း အချစ်ကြောင့် ယောင်ဝါးပြီး) မတူတဲ့လူဘက်ကို ယိုင်မသွားဘူး။ (ဒါမျိုးက မွှန်နေတုန်း ဖြစ်တတ်တာပဲ။ သူ့အတွက်ပဲ ကိုယ်လိုချင်တာတွေ လျှော့ပေးမိတော့ မလိုလို။ တကယ်သာ အဲဒီလူနှစ်ယောက် လက်တွဲကြည့်။ မကြာခင် ကွဲရင်ကွဲ မကွဲလည်း အကြောကို တစက်မှ တည့်မှာမဟုတ်ဘူး) ထားပါတော့။
သူနဲ့ ကိုက်ညီမယ့် လမ်းကြောင်းကို ရွေးနိုင်တယ်။ သူ သာမန်လူပဲ ဖြစ်ချင်တယ်ဆိုတာကို သိပြီး သာမန်အလုပ်ကိုပဲ ရအောင်လုပ်တယ်။ သူ့လို သာမန်တွေးနဲ့ ယောက်ျားကိုပဲ ယူတယ်။ သူ့ တခြား မိန်းမဇာတ်ကောင်တွေလို အပေါ်ယံ ကျွတ်ဆတ်ဆတ် အတွင်း အိစိစိ မဟုတ်ဘူး။ အဲဒီ ကာရိုက်တာပဲ မြင်တော့ ဂျူး ဝတ္ထုတွေထဲက ကြိုက်မိတဲ့ မိန်းမဇာတ်ကောင် လို့ ခေါင်းစဉ်တပ်ပြီး ပြောကြတဲ့အခါ အဲဒီတယောက်ကို ခက်ခက်ခဲခဲ ရွေးထားရတာ။ ဒါတောင် ချက်ချင်း ရွေးနိုင်တာ မဟုတ်ဘူး။
(ကိုယ့်မှာ ဂျူး အထင်ကြီးပေမယ့် သူ့ဇာတ်ကောင်မိန်းမတွေတော့ အဲလိုမဟုတ်ဘူး။ အထင်ကြီးတဲ့ စာရေးဆရာ ရွေးပါဆိုရင်သာ သူ့ မဆိုင်းမတွ ရွေးနိုင်မှာ။ သူ့ဇာတ်ကောင်တွေထဲ ဆိုရင်တော့ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အတော် စား ပြီ။)
***
ညကတော့ အဲဒီသူငယ်ချင်းနဲ့ ဖုန်းပြောအပြီး တွေးမိတယ်။
သူ့ဇာတ်ကောင်တွေထဲ နုနုမေ ကိုမှ ကြိုက်ပါတယ် လို့ သိရင် သူရည်ရွယ်တာနဲ့ တလွဲဖြစ်လို့ ဂျူး အတော်များ စိတ်ပျက်လေမလားပဲ။ သူပေးချင်တာ တမျိုး။ (သူ ပေးချင်တာကို သိသိကြီးနဲ့တောင်) ကိုယ် ယူချင်ရာ ယူပစ်လိုက်တာက တခြား ဖြစ်နေလို့။
***
ဟုတ်ပါပြီ။
နုနုမေ ကိုမှ မကြိုက်ရဘူးဆိုရင်လည်း လောလောဆယ်တော့ သူ့ဇာတ်ကောင်တွေထဲ ကိုယ် ဘယ်သူ့မှ မကြိုက်သေးဘူး။ ဒါပဲ။
***
("ဘဝက သိပ်ရှည်တာ မဟုတ်ဘူး။ အမြင်ကျယ်နေလည်း အပိုပဲ" လို့ သွားပြောမိလို့ "နင့်လို လူမျိုးကြောင့် ကမ္ဘာမြန်မြန်ပျက်တာ" လို့ အပြောခံရတဲ့အကြောင်းတော့ ထည့်မရေးဘဲ နေမလို့။
တကယ်က ဖုန်းဆက်ပြီး အင်ဒိုနီးရှားကြောင်း လှမ်းမေးတာ။ ဘယ်လိုက ဘယ်လို နုနုမေ ဖြစ်သွားတယ် မသိဘူး)
ဒါပေမဲ့ မှန်တာပြောရင် သစ္စာတဲ့။
မျက်မြင်ကိုယ်တွေ့ ဘယ်လောက်ပဲရှိရှိ ကိုယ် အမွှေးတိုင် လုပ်ငန်းနဲ့တော့ မချမ်းသာချင်ပါဘူး။
***
ကမ္ဘာမြေရဲ့ ချစ်သူ

Saturday, March 26, 2011
He is in ...
ပိတ်ထားတဲ့တယ်လီဖုန်းထဲက မနိုးထခင် မြည်နေကျ နှိုးစက်သံထဲမှာ
စိတ်မပါလက်မပါ အားယူဖွင့်လိုက်မယ့် ကိုယ့်မျက်တောင်ဖျားက အရွေ့စွမ်းအင်မှာ
ခေါင်းဖြီးနေရင်း ပုခုံးပေါ်ကတဆင့် ကြမ်းပြင်ဆီ လျှောကျသွားတဲ့ ဆံခြည်လေးတစ်မျှင်မှာ
ရှိုက်သွင်းလိုက်တဲ့လေထဲက မြူတစ်မှုံစာ အက်တမ်လေးတစ်ခုစီမှာ
ရေပန်းက ကျလာမယ့် ခပ်နွေးနွေး ရေတစ်စက်ချင်းစီမှာ
မျက်နှာသစ်ဆေးက scrubbing-beads လေးတွေရဲ့ ကြမ်းရှရှ အထိအတွေ့မှာ
***
သနပ်ခါးနဲ့ ရောလိမ်းမယ့် လက်ညှိုးထိပ်တစ်ခုစာ အဖြူရောင်ကရင်မ်ထဲမှာ
နားရွက်နောက်နဲ့ လည်ပင်းသွေးကြောနား ဖျန်းမိတဲ့ ရေမွှေးပုလင်းရဲ့ အသံထွက်မှာ
မနက်စာ premier ကော်ဖီက အပူငွေ့၊ မွှေးရနံ့ နဲ့ ကပ်ကျန်နေခဲ့မယ့် ကော်ဖီမှုံ့လေး တစ်မှုံချင်းထဲမှာ
ကောက်လွယ်လိုက်တဲ့ ရုံးအိတ်ရဲ့ ပုခုံးသိုင်း ကြိုးပေါ်မှာ
ရုံးသွားခါနီး ဖြစ်ကတတ်ဆန်းတပ်ရတဲ့ ဒေါက်ဖိနပ်ကြိုးရဲ့ ကွင်းလျှောကလေးထဲမှာ
အိမ်ပြင်မထွက်ခင် ဘုရားစင်ဘက်လှည့်ပြီး ကမန်းကတန်းပြုလိုက်တဲ့ အာရုံထဲမှာ
***
ez link ကဒ်က လက်ကျန်ပြတဲ့ ကိန်းဂဏန်းတွေထဲမှာ
mrt တံခါးမပိတ်ခင် ကြားရတဲ့ မြည်သံစွဲအလင်္ကာထဲမှာ
ကားလမ်းကို ဖြတ်ကူးတဲ့ မိုးပျံတံတားက လှေကားအထစ်တိုင်းမှာ
ဘယ်နှစ်မိနစ်ကြာရင် စောင့်နေတဲ့ ဘတ်စ် ရောက်ပါမယ်လို့ ပြန်လာတဲ့ 5 cent တန် ဖုန်း message ထဲမှာ
***
ရုံး ခြံဝမှာ ကြိုရောက်နေမယ့် ဘော့စ်နဲ့ မဆုံချင်တဲ့ ရင်ခုန်သံထဲမှာ
ကိုယ့် ကွန်ပျူတာမှာ ရိုက်ထည့်နေတဲ့ password စကားလုံးလေးတွေထဲမှာ
Mandarin နဲ့ English လို တလှည့်စီ ကြားနေရတတ်တဲ့ နောက်တည့်တည့်က gm ဖုန်းပြောသံထဲမှာ
consultant နဲ့ client ဆီက မှတ်ချက်နဲ့ အထွန့်တက်မှုတွေမှာ
ညနေ 5 နာရီ မခွဲခင် မကြာခဏ လှမ်းကြည့်မိတဲ့ စကရင်ညာဘက်အောက်ထောင့်တစ်နေရာမှာ
***
သတင်းစာရောင်းသူ အမေကြီးကို ကမ်းပေးလိုက်တဲ့ ၁ ဒေါ်လာတန် အကြွေစေ့ကလေးမှာ
ဒီကနေ့လုပ်စားတဲ့ ရခိုင်မုန့်တီသုပ်ထဲက ကြက်သွန်နီကြော် အဖတ်ကလေးတွေထဲမှာ
FM ရေဒီယိုက အစီအစဉ်ကြေညာသူရဲ့ အသံထဲမှာ
အိမ်ရှေ့ကစားကွင်းထဲ ဖြတ်သွားတဲ့ အပြေးသမားရဲ့ အရှိန်အဟုန်မှာ
အာမခံကုမ္ပဏီက marketing လာဆင်းတဲ့ Financial Consultant ရဲ့ plan အမျိုးမျိုးမှာ
သူ သိပ်ကြိုက်တယ်ဆိုတဲ့ ပျင်းပျင်းရိရိ ချက်စားဖြစ်တဲ့ ဟင်းတစ်ခွက်မှာ
***
သူ သဘောကျတဲ့ celebrity မင်းသမီးတစ်ယောက်ကို ကြည့်လိုက်မိတဲ့ (မကြည်သာချင်တဲ့) ကိုယ့် မျက်လုံးထဲမှာ
သဘာဝဖြစ်စဉ်တွေဆီက မကြုံစဖူး အထူးကြီးမားတယ်ဆိုတဲ့ အတိုင်းအတာယူနစ်တွေနဲ့ အက်ကွဲကြောင်းများ သတင်းမှာ
ထွက်ခါနီးပြီဆိုတဲ့ ဂျူး ဝတ္ထုသစ်ရဲ့ နေမျိုးဆေးလက်ရေးဒီဇိုင်းနဲ့ ခေါင်းစဉ်မှာ
သတိရစိတ်ကို ခဏမေ့ထားပြီး လိုအပ်လို့ ပြုံးရယ်လိုက်တဲ့ ကိုယ့် နှုတ်ခမ်းထောင့်စွန်းမှာ
ရီကောဒင်းလုပ်ဖို့ ကြိုးစားဖူးတဲ့ အသက်ရှူသံနဲ့ လေချွန်သံသဲ့သဲ့လေးထဲမှာ
မကြာခဏ ပါးအပ်ထားခဲ့ဖူးသလို မျက်ရည်တချို့စွန်းဖူးတဲ့ အဲဒီပုခုံးစွန်းမှာ
***
ဒီစာကို ရိုက်နေတဲ့ ကိုယ့်လက်ချောင်းတွေဆီက လှုပ်ရှားမှုနဲ့ ထိတွေ့မှုတိုင်းမှာ
စာတစ်လုံးချင်းစီက အသိစိတ်/ မသိစိတ်နဲ့ယှဉ်တဲ့ ခံစားမှုတိုင်းမှာ
ညဘက်ကပ်တဲ့ ရေချမ်းခွက်လေးထဲက သာယာတဲ့သဒ္ဓါစိတ်မှာ
လေအေးပေးစက်ခလုတ်ကို ဖွင့်ပြီးချိန် တဖျတ်ဖျတ်ခါတဲ့ ကြိုးစကလေးမှာ
ဆွဲခြုံလိုက်မယ့် ဂွမ်းစောင်ပွပွရဲ့ နွေးထွေးမှုမှာ
ကိုယ့်ပါးပြင်နဲ့ ထိကပ်အိပ်မယ့် ခေါင်းအုံးပျော့ကလေးမှာ
ခဏတာ မေ့မျောသွားမယ့် အသိစိတ်ရဲ့ အတွင်းဆုံး တစ်နေရာမှာ
***
မျက်စေ့တစ်မှိတ် လျှက်တစ်ပြက်အတွင်း ဖြစ်ပျက်ချုပ်ငြိမ်းတဲ့ စိတ်အစဉ်ကုဋေတစ်သိန်းလုံးမှာ။

Subscribe to:
Posts (Atom)