
ငရဲပွက်သလို ကမ္ဘာပျက်လုနီး အချိန်တစ်ခုမှာ ကိုယ့်လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်တဲ့သူ...
ကိုယ်ကလဲ သူ့လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်မိသူ...
ဒါ့ထက် သေမင်းက လက်တကမ်းအလို ရောက်နေတဲ့ အချိန်မှာ သူရော ကိုယ်ရော အချစ်ဆိုတာကို ဖက်တွယ်ဖို့ တကယ်ပဲ စိတ်ပါလက်ပါရှိနိုင်သလား...
ဒါကတော့ ကိုယ်တွေ့ကြုံမှ သိနိုင်မယ့် ကိစ္စမျိုးပဲ။
***
ဂျူး ရဲ့ "ရေကူးသင်ခြင်း" (နာမည် မသေချာပါ) ကို သတိရမိ။
သူ့ချစ်သူနဲ့ သူ လှေတူတူစီးရင်း "ခုနေ လှေမှောက်ရင် နင် ဘာလုပ်မလဲ ဟင်" လို့ မေးတော့ ချစ်သူက သူရေမကူးတတ်မှန်း သိရက်နဲ့ သူ့ကို အရင် ဆယ်မှာပေါ့ လို့ မပြောဘဲ "ကမ်းခြေကိုရောက်အောင် ရေကူးပြေးမှာပေါ့" လို့ ဖြေလိုက်လို့ အဲဒီလူကို ဖြတ်လိုက်ပြီးတဲ့နောက် ရေကူးချန်ပီယံ ဖြစ်တဲ့ထိ ရေကူးသင်ခဲ့တဲ့ မိန်းကလေး တစ်ယောက်အကြောင်း။
ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်ချင်တဲ့ မိန်းမတစ်ယောက်ဟာ ရေကူးတတ်ဖို့လိုသတဲ့။
ဖတ်ကာစကတော့ တိုက်ရိုက် အဓိပ္ပါယ်ကိုပဲ ယူလို့ ပြုံးမိတယ်။
ဒါပေမဲ့ မြှုပ်ထားတဲ့ အဓိပ္ပါယ်တွေ အဲဒီ ၀တ္ထုမှာ ရှိနေသေးတယ်။
ဘ၀မှာ မုန်တိုင်းကျလို့၊ လှေမှောက်လို့ စသဖြင့် ရေထဲမျောနေတဲ့အခါ...
ရာသီဥတု သာယာစဉ်ကလို ဘေးမှာ ဖေးမတွဲကူမယ့်သူ အမြဲ ရှိနေပါမယ်လို့ ဘယ်သူမှ မသေချာနိုင်ဘူး မဟုတ်လား။
ကိုယ်တိုင် ရှင်သန်ဖို့ ကိုယ်တိုင်ပဲ တတ်နိုင်တယ်။
***
မင်းခိုက်စိုးစံ ရဲ့ "ကမ်းခြေ" ဆိုလား၊ ဒါမှမဟုတ် "မွေးနေ့" ဆိုလား (အဲဒီ နာမည်တွေလဲ မသေချာပါ) ကို သတိရမိ။
အလွန် အင်မတန် ကြင်နာတတ် လူကြီးလူကောင်းဆန်တတ်တဲ့ ချစ်သူနဲ့ စက်လှေအပျော်စီးရင်း စက်လှေပျက်သလား၊ မုန်တိုင်းမိသလား မသိ၊ ပင်လယ်ထဲ မျောနေတော့မှ...
အတူ စီးလာခဲ့တဲ့ အလုပ်သမားတွေကို အသက်ကယ်လှေပေါ် ခေါ်တင်ဖို့...
နောက်ဆုံး ချစ်သူ မိန်းကလေးကိုတောင် ပါလာတဲ့ရေ ခွဲတိုက်ဖို့...
ခက်ခဲတဲ့ အခြေအနေကို ယောက်ျားပီပီသသ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖို့...
ခဲ ယဉ်း နေ တာ။
တချို့လူတွေရဲ့ တကယ့် စိတ်ရင်း နဲ့ အရည်အချင်းဟာ သေလုမျောပါး အခက်အခဲနဲ့ ကြုံတော့မှ အရင်းအတိုင်း ပေါ်လာတယ်။
***
တချို့က တစ်ယောက်လက်ကို တစ်ယောက်တွဲလို့၊ တစ်ယောက်ကို တစ်ယောက်ကို ပွေ့ဖက်လို့ အနီးကပ်လာတဲ့ သေခြင်းတရားကို စောင့်ဆိုင်းနေတဲ့ အချိန်...
တချို့တွေကတော့ အသက်ရှင်ခွင့် ရဖို့အရေး သွေးရူးသွေးတန်း လောဘတကြီး ပြေးလွှားအော်ဟစ် နေကြတယ်။
တချို့က ရှင်ရင်လဲ အတူတူ ရှင်ဖို့၊ သေရင်လဲ အတူတူသေဖို့ နှစ်ဦးသဘောတူနေတဲ့ အချိန်မှာ...
တချို့ကတော့ ရှင်သန်ခွင့် အတွက် တခြားသူကို မရှက်မကြောက် ခုတုံးလုပ်တယ်။
(အဲဒီအတွက် သူ အသက်ရှင်နေသရွေ့ သူ့ လိပ်ပြာသူ ပြန်ရှက်နေရတော့မှာပဲလို့ အလယ်တန်းကျောင်းသူ ဘ၀လောက်က ဆိုရင်တော့ တွေးကောင်းတွေးမိနိုင်တယ်။ ခုတော့လည်း အဲလို မတွေးမိပြန်ဘူး။ လိပ်ပြာ ပါမလာတဲ့သူတွေ လောကမှာ အများကြီးပဲ။)
***
အသက်ရှင်ကျန်ရစ်ရမယ့် အခွင့်အရေးက အကန့်အသတ်နဲ့သာ ရှိနေချိန်မှာ ကိုယ့်အတွက် ဘေးဖယ်ထားပြီး သူများအတွက် ပေးနိုင်လောက်အောင် ဘယ်အရာမျိုးက တွန်းအားပေးနိုင်တာတဲ့လဲ။
***
အသက် ၁၅ နှစ်လောက်က ချောင်းသာမှာ ရေနစ်ဖူးတာ သတိရမိတယ်။
ရေထဲပြုတ်ကျပြီ၊ နစ်နေပြီ၊ သေတော့မယ်လို့ ကိုယ်သိတဲ့ အချိန်... ကြောက်ရွံ့တုန်လှုပ်နေတဲ့ကြားက ငါတတ်နိုင်တာ ဘာမှ မရှိတော့ဘူးဆိုတဲ့ စိတ်ဝင်လာပြီး ဘုရားကို အာရုံပြုခဲ့နိုင်တယ်။
ခုနေ ဒါမျိုး ဖြစ်ရင် အဲဒီလို အာရုံဟာ အဲဒီအချိန်တုန်းကလို ချက်ချင်း ပေါ်လာနိုင်ပါ့မလား ကိုယ့်ဟာကိုယ် မသေချာတော့ဘူး။
နောက်ထပ် နေလာတဲ့ ၁၅ နှစ် အတွင်းမှာ ပထမ ၁၅ နှစ်ကထက် အများကြီး ထူထဲ နေခဲ့ပြီ။
လောဘတွေ ဒေါသတွေ မောဟတွေ မာန်မာနတွေနဲ့...
***
ငရဲပွက်သလို ကမ္ဘာပျက်လုနီး အချိန်တစ်ခုမှာ ကိုယ့်လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်တဲ့သူ...
ကိုယ်ကလဲ သူ့လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်မိသူ...
ဒါ့ထက် သေမင်းက လက်တကမ်းအလို ရောက်နေတဲ့ အချိန်မှာ သူရော ကိုယ်ရော အချစ်ဆိုတာကို ဖက်တွယ်ဖို့ တကယ်ပဲ စိတ်ပါလက်ပါရှိနိုင်သလား...
ဒါကတော့ ကိုယ်တွေ့ကြုံမှ သိနိုင်မယ့် ကိစ္စမျိုးပဲ။
***

(Rose ရဲ့ မျက်လုံးအကြည့်လေးကို တကယ်ပဲ သဘောကျမိတယ်။ လောကကို ခုမှ တအံ့တသြ စူးစမ်းလေ့လာနေတဲ့ အကြည့်)
You jump, I jump!
You jump, I jump!
You jump, I jump!
အညတရ ပန်းချီဆရာကလေးတစ်ယောက်...
သင်္ဘောကြီး နစ်သွားတဲ့ အချိန်မှာ သူနဲ့ ပတ်သတ်တဲ့ မှတ်တမ်းမှတ်ရာ ဘာတစ်ခုမှ မကျန်ရစ်ခဲ့ဘူး။ သူ့ဓါတ်ပုံကလေးတောင်မှ ငါ့မှာ မရှိခဲ့ဘူး။
သူဟာ ငါ့ရဲ့ အသိစိတ်ထဲမှာသာ ရှင်သန်နိုင်တော့တယ်။
အသက် ၁၀၁ နှစ်ထိ...
နောက်ထပ် နှစ်ပေါင်း ၈၄ နှစ် တောင်မှ ဆက်ပြီး အသက်ရှင်နိုင်ခဲ့တာဟာ
ဒီဘ၀ကို (သေခြင်းဆီ ဆွဲခေါ်မယ့် ခရီးစဉ်တစ်ခုရဲ့ လက်မှတ်ဟာ ချစ်ရသူမိန်းကလေးနဲ့ တွေ့ခဲ့ရတာကြောင့် သူ့ဘ၀မှာ အဖိုးအတန်ဆုံးဖြစ်ခဲ့တယ် လို့ ဆိုခဲ့တဲ့) သူ့ချစ်သူက ပေးခဲ့တာလို့ သူ မှတ်ထင်ယူဆခဲ့လို့ များလား။
***
ဒီနေ့ Titanic ကြည့်မိလို့ ရေးဖြစ်သွားတဲ့ post... အဲဒီကား ခုမှ ကြည့်ဖြစ်တာ။
နောက်တပတ်ကျ Schindler's List ကြည့်မယ်။
***
စာကြွင်း။ ။ ကိုယ် ခုထိ ရေမကူးတတ်သေးဘူး။
***
.jpg)



