Showing posts with label Mg Thit Sinn. Show all posts
Showing posts with label Mg Thit Sinn. Show all posts

Friday, May 28, 2010

လူနှစ်ယောက်၊ ကျားတစ်ကောင်နှင့် တောင်တန်းများ (၂) - မောင်သစ်ဆင်း

ကျွန်တော် စတင် လှုပ်ရှား၏။
ပထမလ... အကြောင်းမထူးပါ။
ဒုတိယလ... သိပ်မဟုတ်သေး။
တတိယလ... တစ်ခုခုတော့ လိုနေပြီ။
စတုတ္ထလ... ငါ ဘာမှားနေသလဲ။
ပဉ္စမလ... ဆဋ္ဌမလ....
စိတ်ဓါတ်သည် အောက်အဝီစိကို ဖောက်ထွက်သွားတော့မည် ထင်ရ၏။

ဆေးရုံ အဖွဲ့၏ သနားသော အကြည့်ကို ပြင်းပြစွာ ခံယူနေရချိန်၊ မအောင်မြင်မှုဖြင့် ခြေကုန်လက်ပမ်း ကျနေချိန်၊ မိမိ၏ စိတ်ကူးယဉ်မှုအပေါ် နောင်တ တရား ရလုလု ဖြစ်နေချိန်တွင် ကျောင်းဆရာနှင့် ကျွန်တော် စတင် ဆုံဆည်းခဲ့ရလေသည်။

လေကြီးမိုးကြီး ကျရောက်လျက်ရှိသော ညတစ်ည၌ ကျွန်တော့်ဆေးရုံသို့ ထမ်းစင်တစ်ခုဖြင့် သူ ရောက်ရှိ၍ လာ၏။ တောလည်သွားရင်းက ထူးဆန်းသည့် အဖြစ်အပျက်တစ်ခုနှင့် ကြုံတွေ့ရကာ သူခေါ်သွားသည့် ခွေးက သူ့ကို ပြန်ကိုက်လိုက်သဖြင့် ခြေထောက်တွင် ပြင်းစွာ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။ သူ့ရွာမှ လူတွေက တောမှောက်သည်ဟု ဆိုကာ နတ်ဆရာနှင့် ကုသရန် ပြင်ဆင်ကြ၏။ သူက ဆေးရုံသို့ ဇွတ်အတင်း ပို့ခိုင်းသဖြင့် လာပို့ကြခြင်း ဖြစ်သည်။ သူကံကောင်းပါသည်။ ဒဏ်ရာက အရေးကြီးသော သွေးကြောများကို မထိ။ ထို့ပြင် ခွေးရူးကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေးနှင့် ပဋိဇီဝဆေးအချို့ ဆေးရုံမှာ ကျန်ရှိနေသည်။ သုံးပတ်ခန့်ကြာသော် ဆေးရုံမှ သူ ကောင်းမွန်စွာ ဆင်းနိုင်ခဲ့သည်။

ဆေးရုံပေါ် ရှိနေစဉ် အတွင်း သူနှင့် ကျွန်တော် မကြာခဏ စကားပြောဖြစ်ခဲ့သည်။ တဖြည်းဖြည်းနှင့် သူသည် ထူးခြားသူတစ်ယောက်မှန်း သိရှိလာခဲ့ရ၏။ သူ၏ ပြောဆိုပုံ ဟန်ပန်၊ စကားလုံးရွေးချယ်မှု၊ ထူးဆန်းသော အတွေးများ၊ နက်ရှိုင်းသော ဟာသများက ကျွန်တော့်ကို နှစ်သက်စွာ အံ့အားသင့်စေမိတော့သည်။ အချို့သောညများ၌ ညလုံးပေါက်နီးနီး ကျွန်တော်တို့ စကားပြောဖြစ်ကြ၏။ အတွေးအမြင်ဖြင့် ဌာပနာသော စကားတစ်ခွန်းကို ပြောဆိုရ၊ ကြားနာရလျှင် ရွှင်လန်းသွားတတ်သည့် ကျွန်တော့်အဖို့ သူနှင့် စကားပြောရသည်မှာ ကတ္တီပါစပေါ် လမ်းလျှောက်ရသည့်နှယ် အရသာရှိလှသည်။ သူ့ရွာက လူတွေကတော့ သူတို့၏ ကျောင်းဆရာ ဤမျှ စကားပြောသည်ကို ယခုမှပင် တွေ့မြင်ဖူးဟန်ဖြင့် အံ့သြတကြီး ရှိကြလေသည်။

"ဆရာက ဆရာဝန်ဆိုတော့ ဆရာဝန် စာရေးဆရာတွေကို ကြိုက်မှာပေါ့။ ချက်ကော့တို့၊ ကရိုနင်တို့၊ ဆမ်းမားဆက်မွန်တို့ "

"ကြိုက်ပါတယ်ဗျာ၊ ဒါပေမဲ့ ကျွန်တော် အကြိုက်ဆုံးက မိုရေးဗီးယားဗျ၊ ခင်ဗျား Two Women ဖတ်ဖူးလား"

"ဖတ်ဖူးတယ် ရုပ်ရှင်လည်း ကြည့်ဖူးတယ်၊ အတော် ကောင်းတာပဲ"

""သူယုံတာ ဘာလဲ"

"လူ့အသိဉာဏ်တဲ့ဗျာ"

"ဖြစ်မှ ဖြစ်ရပလေ။ မေတ္တာ စေတနာ မပါဘဲနဲ့ လူ့အသိဉာဏ်က ဘယ်လောက် စိတ်ချရမလဲ"

"အလို ကျောင်းဆရာရဲ့၊ အသိဉာဏ်ကြီး တစ်ခုလုံးထဲမှာ မေတ္တာစေတနာဆိုတာ ပါပြီးသားပဲဗျ"

"မဖြစ်နိုင်ဘူးဗျာ၊ ဒါက သီးခြားကိစ္စတွေ"

"ဘယ့်နှယ် သီးခြားရမလဲ၊ မေတ္တာ စေတနာပေါ်မှာ အခြေခံပြီး အသိဉာဏ်ဆိုတာ ဖွံ့ဖြိုးလာခဲ့ရတာမျိုး"

"သက်သေပြ"

"ပြမယ်"

ဤကဲ့သို့သော နေ့မျိုးတွင် ကျွန်တော် စားဝင် အိပ်ပျော် ဖြစ်ရလေသည်။ ဆေးရုံအဖွဲ့၏ မသိမသာ မေးငေါ့ ပြုံးရယ်မှုများကိုမူ လစ်လျူရှုထားလိုက်၏။

သူ ဆေးရုံမှ မဆင်းမီညတွင် ကျွန်တော့်အခန်းသို့ ပုလင်းတစ်လုံးနှင့် ရောက်လာ၏။ နှုတ်ဆက်ပွဲ ကျင်းပမည်ဟု ဆိုသည်။

"ကဲ ဆရာသမား ရှိတဲ့ အမြည်း ထုတ်ပေတော့"

"အင်း ကဗျာဆရာ မောင်ချောနွယ်ကတော့ ဘဝကို ပါးပါးလှီး အရက်နဲ့ မြည်းသတဲ့။ ကျုပ်တို့က ဘာကိုလှီးပြီး မြည်းရပါ့"

"ရူပဗေဒကို လှီးကြည့်ရအောင်ဗျာ"

"အရက်နဲ့ လိုက်ပါ့မလား"

"သိပ်လိုက်တာပေါ့၊ အခုခေတ်ပေါ် ရူပဗေဒဆရာတွေ ကြံစည်နေကြတဲ့ တီအိုအီး ဆိုရင် ချိုချဉ်စပ်ကလေး၊ နောက်ဆုံးမှ ခါးတဲ့အရသာ ပေါ်လာတာ။ သိတယ် မဟုတ်လား တီအိုအီး"

"ဖတ်ဖူးပါတယ်။ Theory of Everything ! စကြဝဠာမှာ ဖြစ်တည်နေတဲ့ အရာအားလုံး မည်သို့မည်ပုံ ဖြစ်တည်နေပါတယ် ဆိုတာကို သင်္ချာဘာသာစကားနဲ့ ရှင်းပြနိုင်မယ့် သီအိုရီတဲ့၊ ကျွန်တော်ကတော့ ပရမတ္တသီအိုရီ လို့ ဘာသာပြန်တယ်။ သင့် မသင့် မပြောတတ်ဘူး"

"အဲဒီ သီအိုရီ ဖြစ်နိုင်ပါ့မလား"

"အင်း သေက္ဈတောင် ဆရာတော် ဦးတိလောကရဲ့ ပဏ္ဍိတဝေဒနိယကျမ်း အလိုအရ ဆိုရင်တော့ မဖြစ်နိုင်ဘူးဗျ"

"အဲဒါ ဖြစ်နိုင်တယ်"

"ပြောရဲလှချည်လား ကျောင်းဆရာ"

"မဟုတ်ပါဘူး မဖြစ်နိုင်ဘူး ဆိုတာ ဖြစ်နိုင်တယ်လို့ ပြောတာပါ။ သူတို့လည်း ငြင်းကြခုန်ကြတုန်းပဲ"

"ဒါဖြင့်ရင်လည်း သူတို့ ငြင်းကြခုန်ကြဖို့ ထားခဲ့ပါဗျာ။ ခင်ဗျားနဲ့ ကျုပ်နဲ့က ရှေ့ဆက် သွားရအောင်"

"ဘယ်ကို သွားမှာလဲ"

"ခင်ဗျား ရွာကိုပေါ့"

ကျွန်တော်၏ မအောင်မြင်သော စီမံကိန်းကြီးကို ချပြလိုက်သောအခါ ပထမ သူ အံ့သြသလို ဖြစ်သွား၏။ နောက်တော့ ဟက်ဟက်ပက်ပက် ရယ်လေသည်။

"ဖြစ်ရလေဗျာ၊ ဆရာ့ဟာက ရေလိုက်လွဲနေတာပဲ"

"ဆိုစမ်းပါဦး"

"ဆရာ စည်းရုံးရမှာက တခြားလူတွေကို မဟုတ်ဘူး။ နတ်ဆရာကို စည်းရုံးရမှာ"

"အောင်မလေးဗျ၊ ဟုတ်ပေသားပဲ။ နို့ပေမယ့် လွယ်ပါ့မလား"

"အညှာသိရင် လွယ်ပါတယ်"

"ဒါဖြင့် အညှာကိုပြ၊ ပါးပါးလေး လှီးလိုက်မယ်၊ အဲဒီလို လုပ်စမ်းပါ ကိုယ့်လူရယ်၊ ကျုပ်က မြို့ပေါ်မှာ မှိုတက်လာခဲ့တဲ့ အကောင်၊ ခင်ဗျားလည်း အတူတူပဲ၊ တောကြီးမျက်မည်းထဲမှာ အလကားနေရင်း မှိုတက်နေတာ၊ ကျုပ်တို့ရဲ့ မှိုမွေးမြူရေးကြီးကို ရပ်ကြဖို့ တော်ပြီ။ ကိုယ်ပေါ်က မှိုတွေကို တစ်နည်းနည်းနဲ့ တိုက်ချွတ်ကြစို့ရဲ့"

"အင်း ဆရာဖေမြင့်ရဲ့ ဝတ္ထုတိုလေးတစ်ပုဒ် သတိရလှသဗျာ၊ ဝတ္ထုနာမည်ကတော့ မေ့နေပြီ။ သဘောပြောရရင်တော့ မဖွံ့ဖြိုးသေးတဲ့ ဒေသ တစ်ခုကို ရောက်သွားတဲ့ ကျောင်းဆရာတစ်ယောက်၊ ရွာသူရွာသားတွေရဲ့ အသိဉာဏ်ကို ပွင့်လင်း ဖွံ့ဖြိုးလာစေမဟဲ့ ဆိုပြီး လုပ်လိုက်တဲ့ လုပ်ရပ်တိုင်းဟာ အဲဒီလူတွေရဲ့ နေ့စဉ်ဘဝနဲ့ မလိုက်မဖက်တွေ ဖြစ်ကုန်ရော၊ နောက်ဆုံး သူ ရွာက ထွက်သွားရတယ်။ ဝတ္ထုဆုံးပုံလေး သိပ်ကောင်းသဗျ။ 'နောက်ဆုံးတော့ ရွာကလေးသည် မူလအတိုင်းပင် အကောင်းပကတိ ကျန်ရစ်ခဲ့လေသည်' တဲ့၊ ကျွန်တော်ဖြင့် ရယ်လိုက်ရတာ အူကို နာနေတာပဲ"

"ကျုပ်တို့ ကိစ္စကတော့ အူနာရမယ့် ကိစ္စ မဟုတ်ဘူးနော်။ ဝတ္ထုထဲက ကျောင်းဆရာကို အားကျမနေနဲ့၊ သူက ခင်ဗျားလို အညှာသိတာ မဟုတ်ဘူး။ ဒီကိစ္စက ခင်ဗျားပါမှ ဖြစ်မှာ၊ ခင်ဗျားလည်း အခရာပဲ။ ခင်ဗျားရွာကို စံပြရွာ သတ်မှတ်ပြီး စရမှာ၊ ဘယ်နှယ့်လဲ"

"ကဲပါလေ ဖြစ်ရပါစေ့မယ်။ ဘယ်တော့ စချင်သလဲ"

အစက ဒီလောက် လွယ်ကူလိမ့်မည် မထင်ခဲ့။ နတ်ဆရာ၏ အညှာမှာ ရမ်တစ်လုံး၊ ခေါင်ရည်တစ်အိုး၊ စီးကရက် တစ်ဗူးနှင့် ကြက်နှစ်ကောင် ဖြစ်လေသည်။ ဤသည်ပင် များနေသေး၏။ နတ်ဆရာနှင့် အတူ ကျွန်တော်တို့ သုံးရက်တိတိ ဝိုင်းဖွဲ့လိုက်ရုံဖြင့် အပြန်အလှန် နားလည်မှု ရရှိကြတော့သည်။

သူ၏ ကုသမှုကို ကျွန်တော်က ပိတ်ပင်သည်မဟုတ်ဘဲ ကူညီဆွေးနွေး အကြံပေးခြင်းဖြင့် သိပ္ပံဆေးပညာအပေါ် သူ စိတ်ဝင်စားစ ပြုလာသည်။ တဖြည်းဖြည်းနှင့် တကိုယ်ရေ ကျန်းမာရေး အကြောင်းမှ စကာ ပိုးမွှားသန့်စင်နည်း၊ အနာဆေးထည့်နည်း၊ ပတ်တီးစည်းနည်း အစရှိသည်တို့ကို သင်ပြပေးရသည်။ သူ့ထံမှလည်း အနီးတဝိုက် အလွယ်တကူ ရရှိတတ်သော ဆေးပင် ဆေးမြစ်တို့၏ အံ့မခန်းအာနိသင်တို့ကို သိရှိရပြန်သည်။ ကျွန်တော် အသေအချာ မှတ်တမ်းပြုထားပါ၏။ တချိန်ချိန်တွင် ဆေးလောကအတွက် အကျိုးရှိလာမည် ဖြစ်သည်။

ဤသို့ဖြင့် နှစ်ဦးနှစ်ဦး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးထူးပုံကို လက်တွေ့ သိမြင်လာသောအခါ နတ်ဆရာသည် ဆေးရုံပို့သင့်သည်ဟု ကျွန်တော် အကြံပြုသော လူနာများအား ဆေးရုံသို့ တွင်တွင် ပို့တော့သည်။ ကျွန်တော်တို့ လုပ်ငန်းစ၍ နှစ်လလောက် အတွင်း၌ပင် သားဖွားလူနာ၊ လည်ပင်းကြီးလူနာ၊ ငှက်ဖျားလူနာများဖြင့် ကျွန်တော့်ဆေးရုံသည် စည်စည်ကားကား ဖြစ်လာလေသည်။ အံ့သြနေကြသည့် ဆေးရုံအဖွဲ့အား ကျွန်တော်က ကြွားကြွားကြီး ပြုံးပြလိုက်၏။ တောင်ပေါ်မှာ ကျွန်တော် ပျော်သွားပြီ။ ယခုတော့ ကျောင်းဆရာ၏ စံပြရွာသို့ တစ်ပတ်တစ်ကြိမ် မှန်မှန်သွားရင်း တောင်တန်းကြီးများသည် ပိုမို လှပလာသည် ထင်ရ၏။

***
တောအုပ်ကလေးကို ကျွန်တော် စတင် ဖြတ်သန်းနေပြီ ဖြစ်သည်။

မြေနီလမ်းသည် အသစ်ကျရောက်သော နှင်းတို့၏ ပတ်ဖွဲ့မှုဖြင့် စေးထန်းပျော့အိလျက်ရှိကာ နင်းလိုက်တိုင်း ပြတ်သားသည့် ဖိနပ်ရာတို့ကို ထင်ကျန်စေခဲ့သည်။ အလင်းရောင်က အားနည်းစပြုလာ၏။ နှင်းမြူများ သိပ်သည်းလာသဖြင့် ရှေ့ဝါးနှစ်ရိုက်ခန့်အကွာလောက်ကိုပင် သိပ် ကွဲကွဲပြားပြား မမြင်ရတော့။ ဦးထုပ်ဖြူဆောင်းတောင်ထွတ်များမှာ နှင်းမြူတို့ကြား၌ ပျောက်ကွယ်နေလေသည်။ ခပ်လှမ်းလှမ်းမှ သစ်နွယ်ခြုံတန်းတို့ကို အရိပ်အယောင်အဖြစ်မျှသာ မြင်ရ၏။ ရုတ်တရက် လှုပ်ခတ်လိုက်သည့် လေထုကြောင့် စိမ့်တက်လာသည့် အအေးဓါတ်သည် ခွဲစိတ်ဓါးတစ်ချောင်းကို သတိရစေတော့သည်။

ဂျာကင်အင်္ကျီကော်လံကို နားရွက်ဖုံးအောင် ထောင်မတ်လိုက်ပြီး ကျွန်တော် လျှောက်လာသည်။ တခေါ်လောက်ဆီရှိ ကညင်ပင်ကြီး တစ်ပင်ပေါ်က မျောက်တစ်အုပ်၏ အထိတ်တလန့် ဆူညံအော်ဟစ်သံများ ကြားရသည်။ ထို့နောက် တောအုပ်သည် တိတ်ဆိတ်သွား၏။ ချုံနွယ်ပိတ်ပေါင်းများထဲက ပုစဉ်းရင်ကွဲ အော်မြည်သံများ ပြန်လည်ထွက်ပေါ်လာသည်။

လုပ်ငန်း အောင်မြင်မှုများကို တစိမ့်စိမ့် စမြုံ့ပြန်ရင်းနှင့် ကျွန်တော့်အတ္တသည် အတော်ကလေး နေလို့ ထိုင်လို့ ကောင်းနေသည်။ မီးဖွားရာတွင် အချင်းကပ်နေ၍ ခက်ခက်ခဲခဲ လုပ်ဆောင်ပေးခဲ့ရသည့် နတ်ဆရာ၏ တူမသည် ရင်သွေးကို ပိုက်လျက် ဆေးရုံမှ ကျန်းမာပကတိ ဆင်းလာသောအခါ အံ့သြဝမ်းသာသွားခဲ့သည့် နတ်ဆရာ၏ မျက်နှာကြီးကို ပြန်လည်မြင်ယောင်လျက် ကျွန်တော် အသံထွက်အောင် ရယ်မောလိုက်သည်။ ကျောင်းဆရာ၏ အံ့မခန်း စာအုပ်ပုံကြီးအား သတိရလိုက်သည့်အခါတွင်ကား ရယ်ရွှင်မြူးဖွယ် တေးသွားတစ်ပုဒ်ကို လေချွန်မိရက်သား ဖြစ်သွားတော့သည်။

ရှေ့မှာ တောအုပ်၏ အဆုံးကို လှမ်းမြင်နေရပြီ။

လေချွန်သံကို စည်းချက်လိုက်နေသည့် ခြေလှမ်းများသည် နှေးကွေး၍ လာကြ၏။ ကျွန်တော့်လေချွန်သံကလည်း တဖြည်းဖြည်း တိုးညင်း၍လာကာ နောက်ဆုံး လုံးဝ ထွက်ပေါ်မလာတော့။ ထိုအချိန်တွင် ကျွန်တော့် ခြေထောက်တို့က ရပ်တန့်ပြီး ဖြစ်နေသည်။

ထူးဆန်းစွာပင် ကျွန်တော့်စိတ်တွေ တမျိုးကြီး ဖြစ်လာ၏။ ရုတ်ချည်းပေါ်ပေါက်လာသော ဖြန်းကနဲ ကြက်သီးထမှုကို ကျွန်တော် နားမလည်နိုင်ပါ။

တစ်နေရာရာမှ တစ်စုံတစ်ယောက်၏ ချောင်းမြောင်း ကြည့်ရှုနေခြင်းကို ခံစားသိရှိနေရသလိုလို။

ကျွန်တော် နောက်ကျောမလုံ ဖြစ်လာ၏။
ကိုယ်ကို တပတ်ပြည့်အောင် လှည့်၍ ကြည့်လိုက်သည်။ ဝေဆိုင်းနေသော မြူနှင်းများ၊ တောရိပ်တောင်ရိပ်မည်းမည်းများ၊ ချုံပုတ်ခင်တန်းများ၊ မြေနီလမ်းကလေး။ ပြီးတော့ ပုစဉ်းရင်ကွဲ မအော်မြည်တော့သည့် တိတ်ဆိတ်ဝန်းကျင်။

ဘာလဲ။ ငါ ဘာဖြစ်နေတာလဲ။ ဘာမှလဲ မဟုတ်ဘဲနဲ့။ စိတ်ခန္ဓာကို အားတင်းထိန်းသိမ်းလျက် ကိုယ့်အဖြစ်ကိုယ် လှောင်ပြောင်ရယ်မောရန် ကြိုးစားသည်။ သို့ရာတွင် လေးလံသောစိတ်က သိသိသာသာကြီး လျော့ပါးမသွား။ ဘယ်လိုလဲကွာ၊ ဒုက္ခပါပဲ။

ကျွန်တော် ရှေ့သို့ ဆက်၍ လှမ်းသည်။
ကိုးလှမ်း၊ ဆယ်လှမ်းအရောက်တွင် လေချွန်မည်ပြုသည်။ စုချွန်လာသော ကျွန်တော့် နှုတ်ခမ်းများသည် ရုတ်ချည်းပင် ပြန်လည်ပြားကပ်၍ သွား၏။

အလို... ရှေ့မှာ ရှေ့မှာ...
ကျွန်တော့် ရှေ့တည့်တည့် ဝါးနှစ်ရိုက်အကွာ မြေနီလမ်းပေါ်တွင် သဏ္ဌာန်ကြီးတစ်ခုကို ဘွားခနဲ မြင်တွေ့လိုက်ရ၏။

ခြေလှမ်းများ တုံ့ဆိုင်းကာ ကျွန်တော် ကြောင်နေ၏။ မြူနှင်းများကြောင့် သဲကွဲစွာ ကျွန်တော် မမြင်ရ။ ဘာလဲ ဘာကြီးလဲ။

လေက သုတ်ခနဲ တစ်ချက် ဖြတ်တိုက်လိုက်သဖြင့် မြူနှင်းတို့ ခေတ္တခဏ လွင့်ပါးသွားကြသည်။ ထိုအချိန်တွင် ထိုသဏ္ဌာန်ကို ပီပြင်စွာ တွေ့လိုက်ရ၏။

လုံးဝန်းသော ဦးခေါင်း၊ တိုဝိုင်းသော နားရွက်၊ စူးလက်သည့် မျက်လုံးအစုံ၊ ရှည်သွယ် ခန္ဓာကိုယ်ပေါ်က အဝါရောင် အစင်းကြီးများ၊ မြေပြင်ကို တဘုတ်ဘုတ် ပုတ်နေသည့် အမြီး တုတ်တုတ်ကြီး။

ဟာ အဲဒါ ကျ ကျ ကျားကြီး ကျားကြီး။
ရုတ်တရက်ပင် မျက်လုံးများ ပြာဝေကာ ခေါင်းထဲက မိုက်ခနဲ ဖြစ်သွား၏။ ဒူးအစုံသည် ခွေညွှတ်သွားမတတ် တဆတ်ဆတ်တုန်ယင်၍ လာကြသည်။ အာခေါင်များလည်း ခြောက်သွေ့လာ၏။ မြေနီလမ်းကျဉ်းကလေးပေါ်တွင် ကျွန်တော်သည် ကျားကြီးတစ်ကောင်နှင့် ရင်ဆိုင် တွေ့ကြုံနေရပါပြီ။

ကျားဆိုသည့် သတ္တဝါကို တိရစ္ဆာန်ရုံ လှောင်အိမ်များအတွင်း၌သာ အမှတ်တမဲ့ မြင်တွေ့ခဲ့ဖူးသော ကျွန်တော်သည် ယခုကဲ့သို့ လမ်းကျဉ်းကလေးပေါ်၌ ရင်ဆိုင်တွေ့ကြုံနေရသည့် ကျားကြီးတစ်ကောင်နှင့် မည်သို့မည်ပုံ ဆက်ဆံရမည်ကို လုံးဝ မသိရှိပါ။

ကျွန်တော် နည်းနည်းကလေးမှ မလှုပ်ရှားဘဲ တောင့်တောင့်ကြီး ရပ်နေမိ၏။

ကျားသည် ကျွန်တော့်ကို ကြည့်နေ၏။
ကျွန်တော်သည် ကျားကို ကြည့်နေ၏။
သူ ဘာလုပ်တော့မှာလဲ။ ငါ့ကို ခုန်အုပ်တော့မှာလား။ သွားချွန်ချွန်ကြီးတွေက ငါ့လည်ပင်းကို...။ အမလေးနော်၊ ဘာလုပ်ရမလဲ၊ ငါ ဘာလုပ်ရမလဲ။

ကျား၏ စိုလက်နီရဲသော လျှာကြီးက နှုတ်ခမ်းကို တစ်ချက်သပ်လိုက်၏။ အစွယ်ကြီးများကို လှစ်ခနဲ မြင်လိုက်ရသည်။ ခေါင်းထဲတွင် ညိုးညိုးညံညံ အသံများဖြင့် ဆူဝေနေ၏။ နားတွေ အူလာသည်။ ခြေထောက်တွေ ယိုင်လာသည်။ အို... ဘုရားသခင်။

ခုန်အုပ်ဖို့ နောက်ခြေနှစ်ချောင်းကို ညွှတ်ချအားယူလိုက်ပြီလား။ သူ့မျက်လုံးတွေ ဝင်းတောက်လာပြီလား။ ငါ သေရတော့မှာလား။ အား... မသေဘူး။ ငါ လုံးဝ မသေချင်ဘူး။ ဦးနှောက်ထဲတွင် တစ်စုံတစ်ရာက လက်ခနဲ ဖြစ်သွား၏။

"ထန်မောင်"

အမည်တစ်ခုသည် ကျွန်တော့် နှုတ်ဖျားက လွင့်ထွက်၍ လာ၏။ ကျားသည် နေရာက ရုတ်တရက် ထလိုက်သည်။

ကျွန်တော် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
ကျားသည် နောက်သို့ တစ်လှမ်းဆုတ်သွား၏။

"ထန်မောင်"
ကျွန်တော် ရှေ့သို့ ခပ်သွက်သွက် လှမ်းလိုက်သည်။

ကျားသည် နောက်သို့ အမြန် ဆုတ်သွား၏။ ဟင်းကနဲ မာန်သွင်းသံကြီးကိုလည်း ကြားလိုက်သလို ရှိ၏။

"
ထန်မောင်... ထန်မောင်... ထန်မောင်... "

နောက်ပိုင်း ဖြစ်ပျက်သွားသော အဖြစ်အပျက်များကို အသေးစိတ် မမှတ်မိတော့ပါ။

"ထန်မောင်" ဟူသော အမည်ကို အော်ဟစ်မြည်တမ်းလျက် ကျားကြီးထံသို့ ကျွန်တော် ပြေးဝင်သွားခြင်း၊ ကျားကြီး ဒရောသောပါး နောက်သို့ဆုတ်ကာ ချုံပုတ်တစ်ခု၏ နောက်သို့ ကျွမ်းပစ်၍ ပြေးဝင်သွားခြင်း၊ လမ်းကလေးပေါ်တွင် ကျွန်တော် တစ်ယောက်တည်း မောဟိုက်တုန်ရီလျက် ကျန်ရစ်ခဲ့ခြင်း၊ ဘောင်းဘီ အောက်ပိုင်းတစ်ခုလုံး ရစရာ မရှိအောင် စိုရွှဲနေခြင်းတို့ကိုသာ ပြန်လည် အမှတ်ရမိပါတော့သည်။

***
ဆေးရုံအဖွဲ့သည် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြလေ၏။ ဘုရားတသူတ၊ ရင်ဘတ်ဖိသူဖိနှင့် နောက်ဆုံးတော့ ကျွန်တော့်ကို ကရုဏာဒေါသော အပြစ်တင်ကြတော့သည်။ စံပြရွာသို့ နောက်နောင် ဘယ်သောအခါမှ မသွားတော့ရန်လည်း တညီတညွတ်တည်း ဝိုင်းဝန်း တားမြစ်ကြလေ၏။

ကျွန်တော်ကတော့ ထိုအဖြစ်အပျက်ကို တစ်ပတ်လုံးလုံး စဉ်းစား အဖြေရှာကြည့်နေမိသည်။ အထူးသဖြင့် ထိုအချိန်က ဖြစ်ပျက်ခဲ့သော ကျွန်တော့် စိတ္တဗေဒကို ခွဲခြမ်းစိတ်ဖြာ ကြည့်နေခြင်းဖြစ်၏။

အဘယ့်ကြောင့် ကျွန်တော် ထန်မောင်ဟု ခေါ်လိုက်ရသလဲ။

ထန်မောင်သည် အမှန်တကယ်ပင် ကျားဘဝ ကူးပြောင်းသွားသည်ဟု ကျွန်တော် ယုံကြည်လက်ခံ သွားခဲ့မိ၍လား။

ထိုသို့လည်း မဟုတ်ပါ။ ထန်မောင် ကျားဖြစ်၊ မဖြစ် ကျွန်တော် စိတ်မဝင်စားပါ။ ယုံလည်း မယုံကြည်ပါ။

ဒါဖြင့် အဘယ်ကြောင့် ထန်မောင် အမည်ကို သုံးစွဲပြီး ကျွန်တော် ကျားဆီ ပြေးဝင်ခဲ့ရပါလိမ့်။ ကျားကြီး ထွက်ပြေးသည်ကတော့ ဤကဲ့သို့ အခြေအနေမျိုးနှင့် မကြုံကြိုက်ဖူး၍ ရုတ်တရက် လန့်ဖျတ်ပြီး ထွက်ပြေးသွားခြင်း ဖြစ်နိုင်သည်။ ဆန်းသည်ဟု မဆိုသာ။ ပြောစရာရှိသည်က ကျွန်တော့် အပြုအမူပင် ဖြစ်သည်။

နောက်ဆုံးတော့ ကျွန်တော် အဖြေတစ်ခု ရလိုက်၏။ ကျွန်တော် ကြောက်ကန်ကန်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်မိသည်ပင်ဖြစ်စေ၊ ထိုအပြုအမူသည် မှန်ကန်ကြောင်း အသက်မသေ ရှိနေခြင်းက သက်သေပြလိုက်ခြင်းပင် ဖြစ်၏။ ကျောင်းဆရာကို ပြောပြလျှင် သူ မည်သို့ တုန့်ပြန်မည်လဲ။ သိချင်စမ်းပါဘိ။

နောက်ရက်များတွင် ကျားနှင့် ပတ်သတ်သော သတင်းများမှာ ဆိုးဝါးကြမ်းတမ်း၍ လာပါသည်။ စံပြရွာသို့ သွားရမည့်ရက်တွင် မသွားနိုင်တော့။ တစ်ပတ် ကျော်သွားပြီ။ တစ်ရက်၊ နှစ်ရက်။ ကျောင်းဆရာကတော့ မျှော်နေမှာပဲ။ သုံးရက်၊ လေးရက်။ သူလည်း ကျားသတင်း ကြားရမှာပါ။ ငါးရက်၊ ခြောက်ရက်။ အပြောင်းအလဲမရှိသော တောင်တန်းများ၊ လူနာများ၊ ဝန်ထမ်းများ၊ စကားများ၊ နှင်းမြူများ၊ အရက်ပုလင်းများ၊ ငြီးငွေ့မှုက ပြန်လည် လောင်မြိုက်စ ပြုလာ၏။

နှစ်ပတ်။ ထို့နောက် တစ်ရက်။ ကျားကြီးသတင်း ပြန်လည် ငြိမ်သက်စ ပြုလာသည်။ ကျွန်တော့် စိတ်ထဲက ငြီးငွေ့မှု ကျားကတော့ မငြိမ်မသက် ဟိန်းဟောက်နေပြီ ဖြစ်၏။ နှစ်ရက်၊ သုံးရက်။ ကျားကြီးကို အသေမိသွားသလိုလို သတင်းများ ပေါ်ထွက်လာပြန်သည်။ လေးရက်၊ ငါးရက်။ ထိုကျားသည် ကျွန်တော့်ရင်ထဲသို့ ပြောင်းရွှေ့သောင်းကျန်းနေသည်ဟု ထင်ရ၏။ ကျွန်တော့် ခြေထောက်တွေ ယားနေပြီ။ ခြောက်ရက်။ နောက်ထပ် တစ်ပတ်။ ဆေးရုံအဖွဲ့အား မပြောခဲ့တော့ဘဲ စံပြရွာသို့ ကျွန်တော် ထွက်လာခဲ့တော့သည်။

***
ဟန်သစ် မဂ္ဂဇင်း၊ အမှတ် (၂၄)

***

လူနှစ်ယောက်၊ ကျားတစ်ကောင်နှင့် တောင်တန်းများ (၁) - မောင်သစ်ဆင်း

ကျွန်တော်တို့သည် အချေအတင် အပြင်းအထန် ပြန်လှန် ငြင်းခုန်ကြ၊ စကားလုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြရင်း တောင်ခြေ တောလမ်းကလေးအတိုင်း လျှောက်လာကြသည်။

"သောကဆိုတာ အလကားပါ" ဟု ကျွန်တော် ပြောသောအခါ ကျောင်းဆရာက ပုခုံးတွန့်သည်။

"'ဒါဖြင့် ခင်ဗျားမှာ သောကဟူ၍ မြူမျှမရှိဘူးပေါ့"

"ဘဝမှာ သောကရယ်လို့ ဖြစ်စရာ နှစ်ချက်ပဲ ရှိတယ်"

"အလိုလေး ဘာတွေများပါလိမ့်"

"ကျန်းမာရေး ကောင်းနေမလား ဆိုးသွားမလား ဒါပဲ"

"သြ ဒါက ဆရာဝန်မို့ ဆရာဝန်စကားပြောတာပဲ"

"မဟုတ်ဘူး အမှန်တရားကို ပြောနေတာ။ ဘဝမှာ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ အသိပညာရေး တိုးတက်ကောင်းမွန်ဖို့ရာ ကျန်းမာရေးသည်သာ အခြေခံမူလ၊ ခင်ဗျား ငြင်းမလား"

"မငြင်းပါဘူး"

"ဘယ်ငြင်းလို့ ရမလဲ၊ ဘုရားဟောတာပဲ၊ ခင်ဗျားမှာ ကျန်းမာရေးကောင်းမွန်နေတယ်ဆိုရင် ဘဝမှာ သောကဖြစ်စရာ နတ္ထိ"

"ကျန်းမာရေး ဆိုးဝါးနေပြီတဲ့ဗျာ"

"ကျန်းမာရေး ဆိုးဝါးနေရင်လည်း သောကဖြစ်စရာက နှစ်ချက်ပဲ ရှိတာပဲ"

"လုပ်ပြန်ပြီ"

"ရောဂါ ပျောက်ကင်းလာမလား၊ သေသွားမလား၊ ဒါပဲ။ ရောဂါပျောက်သွားရင် သောကဖြစ်စရာ နတ္ထိ"

"သေသွားရင်ကောဗျာ"

"အင်း သေသွားရင်လည်း သောကဖြစ်စရာက နှစ်ချက်ပဲ ရှိတာပဲ"

"ဟာ မပြီးသေးပါလား"

"နိဗ္ဗာန်ရောက်မလား၊ ငရဲကျမလား၊ ဒါပဲ၊ နိဗ္ဗာန်ရောက်သွားရင် သောကဖြစ်စရာ နတ္ထိပေါ့"

"ခင်ဗျားက သေချာပေါက် ငရဲရောက်မှာ"

"မပူနဲ့၊ ငရဲရောက်ရင်လည်း မိတ်ဟောင်းဆွေဟောင်း ပေါင်းဟောင်းသင်းဟောင်းတွေနဲ့ မနားတမ်း လက်ဆွဲနှုတ်ဆက်နေရတာနဲ့ကို သောကဖြစ်စရာ အချိန်ရမှာ မဟုတ်ဘူး။ ကဲ... ဘယ်မလဲ သောက"

ကျောင်းဆရာက တသိမ့်သိမ့်ရယ်လေသည်။

"မဆိုးပါဘူး၊ အဲဒါ ဘယ်သူပြောတာလဲ၊ ခင်ဗျား ဘယ်က ကောက်ရခဲ့သလဲ"

"ဟားဟား ခင်ဗျား ကြိုက်သွားပြီ မဟုတ်လား၊ ဘယ်သူပြောမှန်း မသိဘူးဗျ၊ ရန်ကုန်က သူငယ်ချင်းတစ်ယောက် အိမ်မှာ ချိတ်ထားတာတွေ့တာနဲ့ သဘောကျလို့ မှတ်ထားတာ၊ မဆိုးဘူးနော်၊ တစ်နေ့တစ်ကြိမ် ဖတ်သွားရင် ဘဝမှာ ဗီတာမင်မလိုဘူး"

"အရက်တော့ လိုတယ်ပေါ့"

ကျွန်တော်တို့ ရယ်သံများက နှင်းငွေ့များဖြင့် ပျစ်ခဲနေသည့် တောင်ပေါ်လေထုတွင် ပျော်ဝင်အေးခဲသွားကြသည်။ ပတ်ဝန်းကျင် အပူရှိန်သည် တိတ်တဆိတ် ကျဆင်းလျက်ရှိ၏။ ဟိုး... အဝေးဆီတွင် တောင်စွယ်တောင်ထွတ်တို့သည် နှင်းမြူကြား၌ မှုန်ပျပျ။ တောလမ်းကလေး ပေါ်တွင် ကျွန်တော်တို့ ရယ်မော ပြောဆိုနေကြသံနှင့် သစ်ရွက်များပေါ်သို့ နှင်းစက်ကျသံ တဖောက်ဖောက်တို့သည်သာ အကျယ်လောင်ဆုံး ဖြစ်နေသည်။

ကျွန်တော်က လက်နှစ်ဘက်ကို လေထဲတွင် ဝေ့ဝဲလျက် အေးစိမ့်စိမ့်လေကို တဝရှူလိုက်သည်။ ထို့နောက် တောင်မြောက်ဝဲယာသို့ လှည့်ပတ်၍ ကြည့်သည်။

"ကြည့်စမ်းဗျာ၊ သဘာဝတရားကြီး လှပနေပုံ"

ကျောင်းဆရာက မကြည့်ပါ။ လှောင်ပြုံးကလေး တစ်ချက်သာ သူ့မျက်နှာ၌ ပေါ်လာသည်။

"အင်း အပေါ်စီး ခပ်ဝေးဝေးက ကြည့်ရင်တော့ ဟုတ်ပေမပေါ့။ ဒါပေမဲ့ အနီးကပ် ကြည့်ရင်တော့ သဘာဝဟာ ရက်စက်ကြမ်းတမ်းတယ်နော"

"ထားပါတော့၊ ဒါပေမဲ့ အခုလို သဘာဝ တောလမ်းကလေးပေါ်မှာ လျှောက်ရတာကတော့ တယ်ကောင်းသဗျာ၊ ဒါဟာ ကျုပ်အတွက်တော့ အမှန်တရားပဲ"

"လူတစ်ယောက်ဟာ တစ်ယောက်တည်း လမ်းလျှောက်ထွက်ရတာကို ကြိုက်ကောင်း ကြိုက်နိုင်ပေမယ့် အယူအဆတစ်ခုဘက်မှာ တစ်ယောက်တည်း ရပ်ဖို့ကျတော့ အတော်ဝန်လေးသတဲ့။ ဂျော့ဆန်တာယာနာ က ပြောဖူးသဗျ"

"ဒီမှာ လွတ်လပ်စွာ ယူဆခွင့်ကို လွတ်လပ်စွာ ယုံကြည်ရင် ဘာမှ ဝန်လေးစရာမရှိဘူး"

"လူဟာ တကယ်တော့ လွတ်လပ်လို့လား"

"တကယ် မလွတ်လပ်ဘူးလို့ ခင်ဗျား ဘယ်ရှုထောင့်က ပြောမလဲ"

"နက္ခတ်ဗေဒင် ရှုထောင့်က ပြောမယ်လေ။ လူ့ဘဝ ဖြစ်စဉ်ကြီးတစ်ခုလုံး ဘယ်တော့ဘာဖြစ်မယ်ဆိုတာ အားလုံး စီစဉ်ပြီး ချမှတ်ပြီး၊ ပြဋ္ဌာန်းပြီးသားတဲ့ ကဲ"

"တော်ပါဗျာ ဖီလိုဆိုဖီမှာ အယူသည်းမှု မပါဘူး။"

"အလိုဗျာ လူတိုင်းဟာ တစ်မျိုးစီ အယူသည်းနေကြတာပဲ မဟုတ်ဘူးလား"

"ဟိုး တော်ပြီ ခင်ဗျားနဲ့ ကျုပ်နဲ့ သဘောမတူတာတွေ များလွန်းနေပြီ၊ အရက်နဲ့ မိန်းမအကြောင်းက လွဲလို့"

နှစ်ယောက်သား ရယ်လိုက်ကြပြန်သည်။
ကျွန်တော်တို့ တစ်ပတ်စာ ရယ်နေကြခြင်း ဖြစ်၏။
ကျွန်တော်တာဝန်ကျသည့် တောင်ပေါ်မြို့ကလေးမှ သုံးမိုင်းခန့် ကွာဝေးသော ကျောင်းဆရာ၏ ရွာသို့ တစ်ပတ်တစ်ကြိမ် မှန်မှန် ကျွန်တော်သွားသည်။ သွားသည့် ကိစ္စမှာ ထိုရွာက လူတွေ၏ ကျန်းမာရေးအတွက်ဟူသော ခေါင်းစဉ်အောက်မှာ ရှိသော်လည်း၊ ထိုကိစ္စနှင့် တန်းတူ အရေးကြီးသည့် ကိစ္စရပ်များလည်း ရှိနေသေးသည်။ ၎င်းမှာ ကျောင်းဆရာနှင့် အတူ ခေါင်ရည်သောက်ရန်၊ ကြီးကြီးကျယ်ကျယ် တောင်ပြောမြောက်ပြောများ ပြောဆိုငြင်းခုန်ကြရန်နှင့် ပြည့်သိပ်ကျပ်ခဲနေသည်များ ရင်ထဲက လွင့်စင်သွားအောင် ပက်ပက်စက်စက် ရယ်မောပစ်ရန် အစရှိသည်တို့ ဖြစ်သည်။

ညနေရောက်လျှင်တော့ ကျောင်းဆရာက ကျွန်တော့်ရွာမှ မိုင်ဝက်ခန့်အကွာ တောလမ်းကလေးအဆုံးထိ လိုက်ပို့မြဲဖြစ်သည်။ ခေါင်ရည်တယစ်ယစ် စကားတဖောင်ဖောင်ဖြင့် အပြန်လမ်းသည် ဝေးကွာသည် မထင်ရ။ တောင်ပေါ်လေသည် အေးလာသည် မထင်ရ။ တောလမ်းကလေးမှာ ကျွန်တော်တို့၏ ယိမ်းယိုင်ပေါ့ပါးသော ခြေလှမ်းများ၊ ကြောင်စီလေးလံသော စကားများကို တစ်ပတ်လျှင် တစ်ကြိမ် မှန်မှန်ကြီး ကြုံတွေ့နေရလေတော့သည်။

ရှေ့တွင် တောလမ်းကလေး၏ အဆုံးကို မြင်နေရပြီ ဖြစ်၏။ ထိုနေရာတွင် လမ်းက တောင်ကုန်းကလေးတစ်ခုကို လှမ်းကျော်ဖြတ်၍ တက်သွားသည်။ ကျွန်တော်တို့ လမ်းခွဲကြရမည့် နေရာဖြစ်သည်။

ကျောင်းဆရာ၏ အရယ်မျက်နှာသည် တစ်စုံတစ်ရာကို သတိရဟန်ဖြင့် ရုတ်တရက် တည်ငြိမ်သွား၏။

"အင်း အယူသည်းတယ်ဆိုလို့ ပြောရဦးမယ်၊ ခင်ဗျား ဟိုဘက်ရွာက ထန်မောင်ကိုသိလား"

"ထန်မောင်... သြော်... ဟို... စိတ်သိပ်မနှံ့တဲ့ ထန်မောင်လား။ သိသားပဲ၊ ကျွန်တော့်လူနာပဲ၊ ဟိုတလောက ငှက်ဖျားထလို့ ကုပေးခဲ့ရသေးတယ်။ ဘာဖြစ်လို့လဲ"

ကျောင်းဆရာက နဖူးကြောများရှုံ့၍ ခေတ္တမျှ စဉ်းစားနေသည်။ ပြီးမှ သက်ပြင်းတစ်ချက်ချ၏။

"ဒီလိုဗျ ဒီနယ်တစ်ဝိုက်မှာ ထန်မောင်တို့ အမျိုးအနွယ်က သီးသန့်မျိုးနွယ်၊ အဲ... ရှားပါးသွားပြီဖြစ်တဲ့ မျိုးနွယ်တဲ့၊ အဲဒီမျိုးနွယ်က လူတွေဟာ အသက် ၃၅ နှစ် ပြည့်တဲ့အချိန် လကွယ်ညမှာ ကျားဘဝကို ကူးပြောင်းသွားကြတယ်လို့ ဒီနယ်ကလူတွေ အစွဲရှိတယ်။ ထန်မောင်က နောက်ဆုံးမျိုးဆက်၊ အဲဒါ မျိုးဆက်ပြတ်အောင်ဆိုပြီး ထန်မောင်ကို ဘယ်မိန်းကလေးကမှ လက်မထပ်ကြဘူး။ ကျားမျိုးဆက် ဖြတ်တယ်ပေါ့ဗျာ"

"နေစမ်းပါဦး၊ ကျွန်တော်တို့ ကြားဖူးထားတဲ့ သမန်းကျားဆိုတာမျိုးလား"

"ဟုတ်မယ်ထင်ပါရဲ့ဗျာ၊ အဲဒါ ပြီးခဲ့တဲ့ လကွယ်ညက ထန်မောင် ရွာက ပျောက်သွားတယ်။ ဒီနှစ်ကလည်း သူ့အသက် ၃၅ နှစ် ပြည့်တဲ့နှစ်တဲ့"

"စိတ်မှ မနှံ့ဘဲဗျာ သူသွားချင်ရာ လျှောက်သွားမှာပေါ့"

"ဒါက ကျုပ်တို့ အတွေးကိုး၊ ထန်မောင်ပျောက်သွားပြီး နှစ်ရက်လောက်ကြာတော့ ကျားတစ်ကောင်ပေါ်လာတယ်။ ရွာသုံးရွာက နွားငါးကောင် ခြောက်ကောင် အဆွဲခံရသတဲ့"

"တောပြောင်းလာတဲ့ ကျားနဲ့ တူပါတယ်ဗျာ"

"မပြောတတ်ဘူး၊ အရင်က ဒီနယ်မှာ ကျားမရှိတာ ကြာပြီတဲ့၊ အခုမှ ကျားကလည်းပေါ်လာ၊ ထန်မောင်ကလည်း ပျောက်သွားဆိုတော့ အယူသည်းချင်စရာ ဖြစ်နေတာပေါ့"

"အင်း ၂၁ ရာစု ရောက်တော့မယ်။ ကမ္ဘာကြီးမှာ အယူသည်းတာတွေ ရှိနေတုန်းပဲ"

"လမ်းပန်းဆက်သွယ်ရေးလေဗျာ"


"အိုး... ဒါက အကြောင်းပေါင်းများစွာထဲက အကြောင်းတစ်ချက်ပါ။ အဓိက က ပညာရေးပဲ၊ ခင်ဗျားတို့ ပညာရေးဝန်ထမ်းတွေမှာ တာဝန် အများကြီး ရှိတယ်။ ခင်ဗျားတို့ ညံ့လို့"

"အလိုလေး နေရင်းထိုင်ရင်းတော့ တရားခံမဖြစ်ပါရစေနဲ့ဗျာ၊ မဆိုင်လိုက်တာ"

"ဆိုင်တယ်"

"မဆိုင်ပါဘူး"

ပြုံးစိစိ မျက်နှာပေးများဖြင့် ငြင်းကြခုန်ကြရင်း တောလမ်းကလေး အဆုံးတွင် ကျွန်တော်တို့ ရပ်လိုက်ကြသည်။

"ကိုင်း ဒီတပတ်တော့ တော်ကြဦးစို့ရဲ့၊ ကျားကိစ္စက သက်ဆိုင်ရာ လူကြီးတွေနဲ့ မုဆိုးတွေရဲ့ တာဝန်၊ ဒီနယ်ကလူတွေ ကျုပ်ရဲ့ ဆေးရုံကို လာရကောင်းမှန်းသိဖို့က ခင်ဗျားနဲ့ ကျုပ်ရဲ့တာဝန်၊ ဒါပဲ မဟုတ်လား၊ ကဲ... နောက်တပတ်ကျမှ ဆုံကြဦးမယ်လေ။ ပျော်ပျော်ပါးပါးပေါ့"

"ပိုပြီး ပျော်ရအောင် ရမ်တစ်လုံးလောက် ရနိုင်ရင် ဆွဲခဲ့ပါလား၊ အပြောင်းအလဲလေးပေါ့"

"အိုကေ ကြိုးစားကြည့်မယ် ဂွတ်လပ်"

ကျောင်းဆရာက ဆလံတစ်ချက် ရိုက်လိုက်၏။

***
ကျောင်းဆရာနှင့် ခွဲခဲ့ပြီး ဆင်ခြေလျှောလမ်းကို စတက်လိုက်ချိန်သည် ညနေ လေးနာရီခွဲတိတိအချိန် ဖြစ်သည်။ နေကို မမြင်ရသော်လည်း အလင်းရောင်က ကောင်းစွာရှိနေ၏။ ဆေးရုံသို့ ငါးနာရီ သုံးဆယ့်ငါးမိနစ်တွင် ရောက်မည်ဟု မှန်းမိသည်။ သည်လမ်း သည်ခရီးအတွက် တစ်နာရီ ငါးမိနစ်သည် ကျွန်တော့်အတွက် ပုံမှန်စံချိန်ဖြစ်သည်။

တောင်ကုန်းထိပ်သို့ ရောက်လျှင် တစ်ဖက်သို့ ပြန်ဆင်းရဦးမည်။ နှစ်ဖာလုံခန့် ဆက်လျှောက်ပြီးလျှင် တောအုပ်ကလေးတစ်ခုကို စ၍ ဖြတ်ရမည်။ တောအုပ်ကို လွန်၍ နောက်ထပ် ငါးဖာလုံ ကျော်ကျော် သွားမိလျှင် လမ်းသည် မြို့သို့သွားရာ ကားလမ်းမနှင့် တွေ့ဆုံသွားတော့သည်။ ထိုနေရာမှ ကြည့်လျှင် မြို့ကလေးကို ကောင်းစွာ လှမ်းမြင်နေရပြီဖြစ်၏။ ဆေးရုံကို ရောက်၍ နာရီကို ကြည့်လိုက်လျှင် ကျွန်တော် လမ်းလျှောက်လာချိန်သည် တစ်နာရီနှင့် ငါးမိနစ် အတိဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။

တောင်ကုန်းထိပ်တွင် ကျွန်တော် ခဏ နားလိုက်သည်။ မြူနှင်းကြားက တောင်ပေါ်ရှုခင်းသည် လှပပါပေ၏။ ကင်မရာတစ်လုံးလောက် အလွယ်ရှိလျှင် ဖလင် သုံးလေးလိပ်တော့ အသာလေး ကုန်သွားနိုင်သည်။ သဘာဝအလှ၌ ခေတ္တခဏ နစ်မျောခံစားပြီးသော် ကျွန်တော် အောက်သို့ စတင် ဆင်းသက်ခဲ့သည်။

မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲနှင့် တောင်တွေကို ကျွန်တော်ချစ်သည်။ လွင်ပြင်ကို ဖြတ်သန်း၍ ခရီးသွားရတိုင်း အဝေးမှ တောင်စဉ်တောင်တန်းတို့ကို လှမ်း၍ မြင်ရလျှင် ကျွန်တော် ရင်ခုန်သည်။ လွမ်းသလိုလို အားတက်သလိုလိုနှင့် မျိုးမည်မသိ ဝေဒနာတစ်ရပ်ကို အမြဲ ခံစားရသည်။ ထို့ပြင် သူတို့၏ အနိမ့်အမြင့် အမို့အမောက် အပြေအလျှောတို့ကို လက်ဖြင့်လှမ်း၍ ညင်သာဖွဖွ သုံးသပ်ကြည့်ချင်စိတ်ကလည်း အမြဲ ပေါ်ပေါက်သည်။ ငယ်စဉ်က ကားဖြင့်ဖြစ်စေ၊ မီးရထားဖြင့် ဖြစ်စေ၊ ခရီးသွားရစဉ် တောင်တန်းကြီးများကို ပြတင်းပေါက်မှ လှမ်းလို့ မြင်ရတိုင်း "ဟိုတောင်တန်းကြီးတွေဆီ သွားချင်လိုက်တာ မေမေရာ"
ဟု ပူဆာသလို ကျွန်တော်ပြောတတ်သည်။ မေမေက အသာအယာပြုံးလျက် ကျွန်တော့်ဆံပင်များကို ဖွဖွကလေး ပွတ်သပ်ကာ "သားလေး ကြီးလာတော့ သွားရမှာပေါ့ကွယ်" ဟု နှစ်သိမ့်သလို ပြောတတ်စမြဲ ဖြစ်သည်။

မေမေ့စကား မှန်ပါသည်။ ယခုအခါ နိုင်ငံ အစွန်အဖျား ဝေးသီခေါင်မြင့်လှသည့် တောင်တန်းကြီး၏ တစ်နေရာ မြို့နယ်ကလေး တစ်မြို့သို့ ကျွန်တော် ရောက်ရှိနေပါပြီ။

ထိုမြို့ကလေးသို့ ကျွန်တော် ပြောင်းရွှေ့ရန် အမိန့်ကျလာသောအခါ လုပ်ဖော်ကိုင်ဖက် ဆရာဝန်များက ကျွန်တော့်အတွက် ဝမ်းနည်းကြလေသည်။ သူတို့လည်း အသီးသီး ပြောင်းရွှေ့ကြမည်ဖြစ်သော်လည်း ကျွန်တော့်လောက် မဝေးကွာကြ။ ကျွန်တော်ကတော့ ထူးထူးခြားခြား ဝမ်းနည်းတုန်လှုပ် မဖြစ်မိပါ။ အရွယ်ကောင်းတုန်း နောက်ဆံငင်စရာ သံယောဇဉ် အနှောင်အဖွဲ့မရှိတုန်း ဒေသသစ်တစ်ခုသို့ သွားရမည်မှာ ဘဝအတွေ့အကြုံတိုးတာပေါ့ ဟူ၍သာ အောက်မေ့မိပါသည်။

ဤသည်မှာ ပထမအချက်ဖြစ်၍ ဒုတိယအချက်မှာ မြို့ပြကို ကျွန်တော် ငြီးငွေ့နေခြင်းပင်ဖြစ်သည်။ ရန်ကုန်ကို ကျွန်တော်ရွံ၍ မန္တလေးကို ကျွန်တော် စိတ်ကုန်ကာ၊ ဇာတိမြို့ကိုမူ ကျွန်တော် စိတ်ပျက်လှပါသတည်း။ နံနက်လင်းသည်နှင့် လူသံ၊ ယာဉ်သံ တညံညံဖြင့် ခုန်ဆွ ခုန်ဆွ လုပ်လာတတ်သည့် မြို့ပြ။ ရွှေဒင်္ဂါးနှစ်ပြားကို မျက်မှန်လုပ်လျက်၊ ငွေစက္ကူတစ်ချပ် လျှာမှာကပ်ကာ စွာကျယ် စွာကျယ် လုပ်တတ်သည့် မြို့ပြ။ အခြေအနေ အငွေ့အသက်ကို လိုက်၍ ရက်စက်လွန်းသည့် မြို့ပြ။ ဖော်ရွေလွန်းသည့် မြို့ပြ။ နံနက်ခင်းမှာ လက်ဖက်ရည်ဖြင့် အားမွေး၍ ညနေခင်းမှာ သူရာရည်ဖြင့် အပန်းဖြေသောမြို့ပြ။ ကျွန်တော် မပျော်ပါ။

နောက်ဆုံး တတိယအချက်မှာ ကျွန်တော့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းနှင့် ပတ်သတ်သည်။ မြို့ပြဆင်ခြေဖုံးအရပ်၌ တည်ရှိသည့် ကျွန်တော့် ဆေးခန်းကလေးမှာ စီးပွားရေးအရ တတိယတန်းမှာတစ်နေရာ အဆင့်က မတက်နိုင်ခဲ့။ (ဆယ်တန်း တဘုန်းဘုန်းကျ၍) ကြက်သွန်ပွဲရုံပိုင်ရှင် ဖြစ်လာသူ သူငယ်ချင်း တစ်ယောက်က မှန်လုံကားပြောင်းစီးရန် စိတ်ကူးနေချိန်တွင် မကြာခဏ အကြွေးကျလွန်းသဖြင့် တဖြည်းဖြည်း ယိုင်နဲ့လာသော ဆေးခန်းကလေးအား ပိတ်ပစ်ရန် သင့်မသင့် ကျွန်တော် စဉ်းစား ချိန်ဆနေရ၏။ ထို့ပြင် လူနာမလာလျှင် စိတ်တင်းကျပ်ရ၊ လူနာလာလျှင်လည်း စိတ်ပင်ပန်းရသည့် ကိုယ်ပိုင်ဆေးခန်းဆိုသောအရာ၏ ဖိစီးမှုအောက်ကလည်း ခေတ္တခဏပဲဖြစ်ဖြစ် လွတ်မြောက်ချင်နေပြီ ဖြစ်သည်။

ဤသို့ဖြင့် ကျွန်တော် ပြောင်းရွှေ့ရမည့် မြို့ကလေးအား မြေပုံကားချပ်ပေါ်တွင် လက်ထောက်၍ ရှာဖွေရင်း၊ တောင်ပေါ်မြို့ကလေးတစ်မြို့အဖြစ် သိရသည့်အခါ ကျွန်တော် အံ့သြပျော်ရွှင်သွားပါသည်။ အချိန်ဖြုန်း၍ မနေတော့ဘဲ စီစဉ်ဖွယ်ရှိသည်တို့ကို အမြန်စီစဉ်၍ တောင်တန်းများဆီသို့ ကျွန်တော် ထွက်ခွာလာခဲ့ပါတော့သည်။ တစ်စစီ ပြိုကွဲလုနီး ဖြစ်နေသည့် ကျွန်တော့်ကိုယ် ကျွန်တော် တောင်ပေါ်လေကို ရှူရှိုက်ရင်း ပြန်လည်တည်ဆောက်ယူရန်၊ သဘာဝ အလှဖြင့် ပြီးပြည့်စုံသည့် တောရိပ်တောင်ရိပ်ဝယ် ခိုနားရင်း မိမိ၏ စိတ်ဝိဉာဉ်ကို သန့်ပြီး တောက်ပြောင်သွားအောင် ပြုလုပ်ရန် အစရှိသည့် စိတ်ကူးစိတ်သန်းများသည် အိပ်ရာလိပ်နှင့် အဝတ်အစားများ၊ စာအုပ်များနှင့် အတူ လိုက်ပါခဲ့ကြလေသည်။

သို့ရာတွင် စိတ်ကူးသည် စိတ်ကူးသာလျှင် ဖြစ်ခဲ့၏။

မြို့နှင့်အတူ သေးကွေးလှသော ကျွန်တော့် ဆေးရုံကလေးမှာ ဆေးရုံတက်လူနာ များများစားစား မရှိ။ ပြင်ပလူနာ ဌာနတွင်လည်း တစ်ရက် တစ်ရက် ရှိလှမှ လူနာ လေးငါးခြောက်ယောက်။ သည်နယ်က လူတွေ ကျန်းမာရေးကောင်းလှချည်လားဟု ကျွန်တော် အံ့သြသောအခါ သူ့နေရာသို့ ရောက်လာ၍ ကျွန်တော့်အား အလုပ်တာဝန်များ လွှဲအပ်နေသည့် ပြောင်းရွှေ့ရတော့မည့် ဆရာဝန်က ပြုံးလေသည်။

သည်နယ်တဝိုက်တွင် ဆေးရုံထက် ရိုးရာနတ်ဆရာကို ပိုမိုအားကိုးကြကြောင်း၊ နတ်ဆရာ ကု၍ မရတော့မှ သို့မဟုတ် နတ်ဆရာက ဆေးရုံသို့ သွားရန် ညွှန်ကြားမှ လာရောက်ပြသလေ့ရှိကြောင်း၊ ထို့ကြောင့် ဆေးရုံလူနာများတွင် အထူးတလည် ဆေးကုရန်မလိုသော အပရိက ရောဂါနှင့်၊ ဘယ်လိုမှ ကုသ၍ မရနိုင်အောင် ကျွမ်းနေပြီဖြစ်သော ရောဂါဟူ၍ အုပ်စုနှစ်မျိုးကိုသာ ကြုံတွေ့ရလိမ့်မည် ဖြစ်ကြောင်း၊ ထို့ကြောင်း ဤဆေးရုံ၌ ဆေးပညာကို နင်လား ငါလား စွမ်းစွမ်းတမံ ဆောင်ရွက်ရန် အခွင့်အရေး ရရှိလိမ့်မည် မဟုတ်ကြောင်း အစရှိသည်တို့ကို ရယ်ရွှန်းပက်ရွှန်း ဟာသနှော၍ ပြောပြသောအခါ ကျွန်တော့မှာ ရယ်ရမလား၊ ငိုရမလား မသိတော့ဘဲ ပါးစပ်ဟ၍သာ နေရတော့သည်။

"မပူပါနဲ့ဗျာ၊ နောက်တော့ နေတတ်သွားမှာပါ၊ ဒီရောက်လာတဲ့ ဆရာဝန်တိုင်းလိုလို အသနားခံစာ တွင်တွင်တင်ပြီး၊ အရက် တွင်တွင် သောက်ကြတာပဲ။ ကျွန်တော်တောင် နှစ်နှစ်အတွင်း အတော်လေး လက်တက်နေပြီ။ ခင်ဗျား သောက်တတ်သလား"

"ဟိုတုန်းကတော့ အတော်လေး သောက်ဖြစ်တယ်"

"အခု ပြတ်နေပြီပေါ့"

"အင်း... လျှော့နေပါပြီ"

တဟားဟား ရယ်လိုက်သည့် ဆရာဝန်၏ စကားများ မှန်ကန်ကြောင်း သုံးလေးလ အကြာတွင် ကျွန်တော် သိရှိလာရသည်။

မြို့ကလေးမှာ ရုပ်ရှင်ရုံမရှိ။ ဗွီဒီယိုမရှိ။ လက်ဖက်ရည်ဆိုင် မရှိ။ စာအုပ်ဆိုင်မရှိ။ အဆိုးဆုံးမှာ ကျွန်တော်နှင့် စကားပြောဖော်မရှိခြင်း ဖြစ်သည်။ နိစ္စဓူဝ တာဝန်စကားများ၊ အပေါ်ယံ အလ္လာပ သလ္လာပများ၊ စိတ်ပျက်ဖွယ် ဘဝ ညည်းခြင်းများ၊ အပေါစား ဟာသများ၊ ဆန်ဈေး၊ ဆီဈေး၊ ဆားဈေး အစရှိသည်တို့ကို ပြောဆို ကြားနာနေရဖန် များလာသည့်အခါ ကျွန်တော့် စိတ်ဝိဉာဉ်သည် ထုံကျင်နာ စွဲကပ်စ ပြုလာ၏။ ဆိုဗီယက်အပြောင်းအလဲ၊ ဘော့စနီးယားမှ သွေးစက်များ၊ ဓါတ်ကြီးလေးပါးနှင့် သိပ္ပံသီအိုရီများ၊ ဂရေဟမ်ဂရင်း၏ မောဆီညာကွိဇုတ်၊ ဂျူး၏ နောက်ဆုံးထုတ်ဝတ္ထု၊ ဒပ်စတင် ဟော့ဖ်မင်း ပါဝင်သော ဗွီဒီယိုဇာတ်ကားအကြောင်း အစရှိသည်တို့နှင့် ဝေးလံ စိမ်းကားလွန်းလှသည့် ပတ်ဝန်းကျင် နယ်မြေ၌ ကျွန်တော်သည် တဖြည်းဖြည်း ပေါသွပ်၍ လာ၏။ ကြာရင် ငါတော့ တုံးသွားတော့မှာပဲ ဟူသော အတွေးဖြင့်လည်း ထိတ်လန့်စပြုလာ၏။

ပါလာသမျှ စာအုပ်များမှာ ပျင်းပျင်းရှိတိုင်း ကောက်လှန်နေသဖြင့် အလွတ်ရခမန်း ဖြစ်နေပြီ။ သတင်းစာကိုပင် ဆယ်ရက်တစ်ခါ စုပြုံဖတ်နေရသော အရပ်၌ စာအုပ်သစ်တစ်အုပ် ရရှိဖတ်ရှုရန်မှာ အိပ်မက်ပင် မမက်နိုင်။ ရေဒီယိုနှင့် အရက်သာမရှိလျှင် ကျွန်တော့် အခြေအနေမှာ တွေးဝံ့စရာပင်မရှိ။

ဤကဲ့သို့ စိတ်ပျက်ငြီးငွေ့ခြင်း၏ လောင်မြိုက်မှုဖြင့် ကျွန်တော့် ရုပ်နာမ်နှစ်ပါး တွန့်လိမ်ကောက်ကွေးစ ပြုလာချိန်တွင် ကျွန်တော် ဆုံးဖြတ်မှုတစ်ခု ပြုခဲ့သည်။ ကျွန်တော် တစ်ခုခု လုပ်ရတော့မည်။ တောင်ပေါ်ဒေသရှိ သိုင်းရွိုက်ရောဂါအကြောင်း စာတမ်းတစ်ခု ရေးမလား။ ဆေးရုံကို သူတို့လာအောင် ပညာပေး စည်းရုံးမလား။ နောက်ဆုံးအချက်ကို ကျွန်တော် ရွေးချယ်လိုက်သည်။

နာဂတောင်တန်းများပေါ်သို့ ရောက်ရှိခဲ့ဖူးသည့် ဆရာဝန်ကြီးတစ်ယောက်အကြောင်း ကျွန်တော် ကြားဖူးထားသည်။ သူ့ဦးခေါင်းကို အာမခံထား၍ လည်ပင်းကြီး ရောဂါသည်များအား ခွဲစိတ်ကုသ ပေးခဲ့လေသတဲ့။ တစ်စုံတစ်ရာ မှားယွင်း ချွတ်ချော်သွားသည်နှင့် မနက်မှာ မျက်နှာသစ်စရာ မရှိဘဲ ဖြစ်သွားနိုင်သည်။ သို့သော် သူ အောင်မြင်ခဲ့၏။ သူ့အကြောင်း ဆေးလောကတွင် ပြောစမှတ် ဖြစ်ခဲ့ကြဖူးသည်။ ကျွန်တော် သူ့လောက် စွန့်စားစရာမလို။ ပါးနပ် လိမ္မာစွာ လှုပ်ရှားဖို့သာ လိုသည်။ ပြီးတော့ ဒီတစ်နည်းသာလျှင် အာဟာရ ချို့တဲ့ပြီး ပိန်ကြုံသော ကျွန်တော့အတ္တကို ထွားကြိုင်းသန်မာလာစေနိုင်မည်။

ဘယ်လို ကြိုးစားလို့မှ မအောင်မြင်လျှင်လည်း ညစဉ် ဦးချပြီး အရက်သောက်နေရုံသာ။ ဘယ်ဘက်က ကြည့်ကြည့် အရှူံးမရှိနိုင်။

***
အပိုင်း (၂) သို့

***

Thursday, May 6, 2010

ယင်ကောင်တို့သည် အညှီကိုသာ ကြိုက်တတ်ကြကုန်၏ (၂) - မောင်သစ်ဆင်း

ဦးခေါင်းတစ်ခုလုံး ခဲကိုက်နေသည်။

ကမ္ဘာကြီး တစ်ခုလုံး ကိုယ်ခန္ဓာပေါ်သို့ ဖိစီးထားသလိုလည်း လေးလံလွန်းလှသည်။ ငါ ဘယ်ရောက်နေပါလိမ့်ဟု မစဉ်းစားမိနိုင်မီ "ဂျာနော (၄)" ကို ဦးဆုံး သတိရလိုက်၏။ ကျန်ရှိနေသေးသမျှ အားအင်တို့ကို စုစည်းကာ ကြိုးစားရုန်းထကြည့်သည်။ မရ။ မျက်စိကို ဇွတ်အတင်း ဖွင့်ကြည့်သည်။ စိတ်ထဲတွင် ပွင့်သွားသည် ထင်၏။ သို့စေကာမူ သူ ဘာကိုမှ မမြင်ရ။ အားလုံးသည် အမိုက်တိုက် ဖြစ်နေ၏။ အမှောင်ထုထဲဝယ် သူ ဖျစ်ညှစ်ရုန်းကန်နေသည်။

ငါ့လက်တွေ ဘယ်မှာလဲ။ ငါ့ခြေထောက်တွေ အို ငါ့ တစ်ကိုယ်လုံးရော ရှိသေးရဲ့လား။ မွန်းကြပ်လာသည်။ မောလာ၏။ ရင်ဝနေရာက အလွန်တရာ ပူလောင်နေကြောင်း သတိပြုမိလာသည်။ ရေအေးအေးတစ်ခွက်ကို တောင့်တမိ၏။ တံတွေးမျိုချရန် ကြိုးစားကြည့်မိသည်။ လည်ချောင်းတစ်လျှောက်လုံးသည် ခဲကပ်လျက်ရှိကာ လုံးဝ လှုပ်ရှား၍ မရ။ ရေသောက်ချင်သည်။ ရေ ရေ ပေးပါ။ အသံကုန် အော်ဟစ်သည်။ အသံက ထွက်မလာ၊ အကြောဆွဲသလို သူ တစ်ချက် တွန့်သွားသည်။

"... စိုး ... ကိုစိုး၊ ကို ... စိုး..."

ဝေးလွန်းသော အရပ်ဆီမှ အသံဟု ထင်သည်။ နောက်တော့ တဖြည်းဖြည်း နီးလာကာ သူ့ဘေးနားမှ ဖြစ်ကြောင်း သိလာ၏။ သူ အလွန် ရင်းနှီးခဲ့ဖူးသည့် အသံ။ ရှိုက်သံ တချို့တဝက်ကိုပါ ကြားမိသလို ရှိ၏။

အို... မွန်၊ မွန် မွန်၊ အချစ်၊ မွန်မွန် ငိုနေသလားကွယ်။
ရင်ထဲက စစ်ခနဲ နာကျင်သွား၏။ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူလောင်နေသလို ခံစားနေရသည်။ ဝေဝါးနေသော အသိစိတ်ထဲတွင် တစ်ပိုင်းတစ်စ အတွေးစဉ်များ၊ ပုံရိပ်များ၊ အားလုံးသည် ချာချာလည်နေ၏။

စမ်းသပ် ဖန်ပြွန်ထဲက ဝါကျင့် ဆေးရည်၊ စီးကရက်မီးခိုး၊ ဂျာနော (၄)။
ကျွန်တော် ဖျားနေတယ် ဆရာ။
အယ်လ်ကာလွိုက် ထုတ်ယူခြင်း အဆင့်ဆင့် လုပ်ငန်း။
အတူတူ နေချင်ပြီပေါ့ မွန်မွန်ရယ်။
ဒါပေမဲ့ ...
သလိပ်ထဲက သွေးစများ။ ကျွန်တော် မစောင့်နိုင်တော့ဘူး ဆရာ။ ပိုင်ရိုဂျင် ဖရီး။ ဒီ ဓါတ်မှန်ကို ကျွန်တော် မသင်္ကာဘူး ကိုစိုးကျော်။ ဂျာနောပင်၏ ဆေးဝါး အာနိသင်။ ခေါင်းထဲက တရိပ်ရိပ် မူးလာသည်။

မွန်မွန် မင်းဘယ်မှာလဲ။ မငိုနဲ့ကွယ်။

မွန်မွန်က စိုးကျော် လက်ကို ဆုတ်ကိုင်ထားသည်။ လက်ဖဝါးများက အေးစက် စေးထန်းနေ၏။ ဒရစ်ပုလင်းမှ ဆေးရည်များသည် ပိုက်ကြိုးမှ တဆင့် သူ့တံတောင်ဆစ် သွေးပြန်ကြော အတွင်းသို့ လျင်မြန်စွာ ကျဆင်းနေသည်။ ရောင်အမ်းအမ်း မျက်နှာတွင် မျက်လုံးအစုံက အတွင်းသို့ သိသိသာသာ ချိုင့်ဝင်နေသည်။ ဆေးလိပ် သောက်လွန်းသဖြင့် ညိုညစ်နေသော နှုတ်ခမ်းများမှာ ခြောက်သွေ့မည်းနက်ကာ အက်ကြောင်းများ ပေါ်နေ၏။ အထက်သို့ လန်တက်နေသော နှာခေါင်းဝတွင် သွေးခဲစအချို့က ကပ်တွယ်နေသည်။ ခက်ခဲစွာ အသက်ရှူနေရဟန်ဖြင့် ရင်ဘတ်သည် ဖိုလှိုက်နေလေသည်။

မကြည့်ရက်တော့သဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။ ဖြစ်ရလေ ကိုကိုရယ်။ ကျွန်မသာ ကိုကို့နားမှာ ရှိနေရင် ကိုကို ဒီလို မဖြစ်ရပါဘူး။ ခုတော့ကွယ်...

မကြာသေးခင်က ကိုကိုနှင့် ရန်ဖြစ်ခဲ့ကြသည်ကို သတိရနေ၏။ ရန်ဖြစ်ရသည်မှာလည်း ကိုကိုကြောင့်၊ ကိုကို့စကားကြောင့်။

တို့နှစ်ယောက် အစကတည်းက မပွင့်လင်းခဲ့ကြရင် ကောင်းမှာပဲနော် တဲ့။ ဘာဖြစ်လို့လဲဟင် ဟု နားမလည်နိုင်စွာ မေးသောအခါ မွန်မွန်ကို ချစ်လွန်းလို့ သနားလွန်းလို့ပေါ့ကွယ်။ ကိုကိုနဲ့ လက်ထပ်မယ်ဆိုရင် မွန်မွန်တော့ ကံဆိုးတော့မှာပဲ။ ဘာတွေပြောနေတာလဲ ကိုကို ဟု စိတ်လှုပ်ရှားစွာ ပြန်မေးမိသည်။ ကိုကိုက မျက်နှာကို မကြည့်ရဲသလို တစ်ဖက်သို့ လွှဲထားသည်။

အချက်နှစ်ချက် ရှိတယ်။
ပထမအချက်အနေနဲ့က ကိုကို့မှာ လုပ်ချင်တာတွေ လုပ်စရာတွေ အများကြီး ရှိနေပြီ။ ကိုကို စီးပွားရေးကို စိတ်မဝင်စားနိုင်တော့ဘူး။ ဒါကြောင့် သာယာသော အိမ်ထောင်ကို ထူထောင်နိုင်မှာ မဟုတ်ဘူး။ အိမ်ထောင့်တာဝန် မကျေပွန်နိုင်ဘူးကွယ်။ ဒီတော့ မွန်မွန့်ကို နှိပ်စက်ညှင်းဆဲနေသလို မဖြစ်ပေဘူးလား။ ကိုကို တကိုယ်ကောင်းဆန်ရာ မကျပေဘူးလား။ မွန်မွန့်ကို ကိုကို့ဘဝထဲ ဆွဲမသွင်းရက်ဘူး။ နောက်တစ်ခုကတော့ ...

စကားမဆုံးမီပင် တော်ပြီ ကိုကို၊ တော်ပြီ။ ကိုကို ကျွန်မကို နားမလည်ဘူး။ အထင်သေးလွန်းတယ်။ ကျွန်မ သိပ်ဝမ်းနည်းတယ်။ ပြောပြောဆိုဆိုပင် ကိုကို့ရှေ့မှာ မျက်ရည်တွေတွေကျကာ အဆောင်ထဲသို့ ပြေးဝင်ခဲ့သည်။ ထိုစဉ်က အဆောင်ရှေ့ ရေတမာပင်အောက်တွင် ငေးငိုင်ကာ ကျန်ရစ်ခဲ့သော ကိုကို့အသွင်ကို ပြန်မြင်လာမိသည်။ ထိန်းချုပ်ထားသည့်ကြားက ရှိုက်သံ အချို့တဝက် ထွက်သွားမိ၏။ မျက်ရည် နှစ်စက်သည် ကိုကို့ လက်ဖျံပေါ်သို့ ကျဆင်းလာသည်။ ကိုကိုရယ်...

ရောဂါဗေဒ ဆရာဝန်ကြီးက အနီးသို့ လာရပ်သဖြင့် မွန်မွန် ရှိုက်သံကို ပြန်ထိန်းလိုက်သည်။ သူနာပြုဆရာမလေးက ဒရစ်ပုလင်း အသစ်တစ်လုံး လဲလှယ်တပ်ဆင်ပေးသွားသည်။

ဆရာဝန်ကြီးသည် စိုးကျော်ကို တွေဝေစွာ ကြည့်နေလေသည်။ မွန်မွန်သည် ဆရာဝန်ကြီးကို အားကိုးမျှော်လင့်စွာ ကြည့်နေလေသည်။

အခန်းအပြင်ဘက်မှ လူသံသူသံ အချို့ကို ကြားလိုက်ရပြီး မကြာမီတွင် တိုင်းရင်းဆေးရုံ သုတေသနမှူး ဆရာဦးဝင်းရှိန် အမောတကော ဝင်လာသည်။ ဘယ်လိုဖြစ်တာလဲဟင်၊ ဘာဖြစ်ကုန်တာလဲ ဟု မေးရင်း စိုးကျော် ခုတင်အနီးသို့ အပြေးတပိုင်းဖြင့် ကပ်သွား၏။ စိုးကျော်ကို အသေအချာကြည့်ကာ ခြေမျက်စိသွေးနှင့် နားသီးအရင်းရှိ သွေးကို စမ်းကြည့်သည်။ မျက်နှာပျက်သွားသော ဆရာ့ကို ကြည့်ကာ မွန်မွန်သည် မထိန်းနိုင်တော့ဘဲ ငိုချလိုက်လေသည်။

"ဘယ်လိုဖြစ်ရတာလဲဗျာ။ ကျွန်တော် ဘာမှ မသိလိုက်ရဘူး။ အခု ကြားကြားချင်း ဆေးရုံကို ပြေးလာခဲ့တာပါပဲ"

ဆရာဝန်ကြီးက သူ့လက်ထဲက ပစ္စည်းကလေး တစ်ခုကို ဆရာ့ထံ လှမ်းပေးလိုက်သည်။

"အဲဒါကို သူ့ကိုယ်သူ အင်ဂျက် လုပ်သတဲ့ဗျာ။ သုံးရက်မြောက် ထိုးလိုက်တဲ့အခါ အခုလို ရှော့ခ် ဆန်ဆန် ဖြစ်သွားတယ် လို့ သိရတာပဲ"

ဆရာက လှမ်းယူပြီး ကြည့်သည်။ တစ်ဆယ်စီစီဝင် မိုးရေပုလင်းထဲမှ ဝါကျင့်ကျင့် ဆေးရည်။ ပုလင်းတွင် ကပ်ထားသည့် လေးထောင့် စာရွက်ဖြူပေါ်တွင် စာရေးထားသည်။ ဂျာနော (၄)။

"ဟင် စိုးကျော်၊ မင်း ဒါကို ထိုးလိုက်တယ်"

ဆရာသည် ပုလင်းလေးကို ကိုင်ကာ ငေးနေလေသည်။

"ဂျာနော (၄) ဆိုတာ ဘာလဲ ဆရာ။ တချို့ကို ကျွန်တော် ဓါတ်ခွဲခန်း ပို့ထားတယ်။ လက္ခဏာကတော့ စထရစ်ခ်ျနင်း အဆိပ်သင့်တဲ့ လက္ခဏာနဲ့ အချို့တစ်​ဝက် တူသလို ရှိပေမယ့် အတိအကျ မသိရတော့ ခက်နေတယ်။ ဆရာတို့တော့ သိမလားပဲ။ လောလောဆယ်တော့ ဒရစ်ခ်ျပဲ ပေးထားတယ်။ အိပ်စရေးလည်း ရိုက်ထားတယ်။ ပြဿနာက ဂျာနော (၄) ဆိုတာ ဘာမှန်း မသိတာပဲ။"

ဆရာသည် သက်ပြင်းတစ်ချက်ကို လေးပင်စွာချကာ ဆရာဝန်ကြီးကို ရှင်းပြရသည်။

ဂျာနော (၄) သည် ကချင်ပြည်နယ်တွင် ပေါက်ရောက်သော ဒေသအခေါ် ဂျာနော အမည်ရှိ အပင်၏ အမြစ်မှ ထုတ်ယူထားသော အယ်လ်ကာလွိုက်တစ်ခုဖြစ်သည်။ သို့သော် အယ်လ်ကာလွိုက်၏ အမည်ကိုတော့ ဖော်ထုတ်ရန် မစွမ်းနိုင်ခဲ့ပါ။

ကချင် ဆေးဆရာကြီးတစ်ဦး၏ ကုထုံးတစ်ခုကို အကြောင်းပြု၍ ဂျာနောမြစ်ကို ကင်ဆာအတွက် စမ်းသပ်ကြည့်ခဲ့သည်။ သားမြတ်ကင်ဆာနှင့် အခြား ပြင်ပမှ တွေ့ထိသိရှိနိုင်သော ကင်ဆာအနာ တချို့အတွက် တစ်ပင်တိုင် မြနန်းနွယ်၏ ဥနှင့်အတူ တွဲစပ်ကုသခဲ့ရာ ကျေနပ်ဖွယ်ရာပင် အောင်မြင်ခဲ့သည်။ သို့သော် အတွင်းအင်္ဂါ ကင်ဆာများဖြစ်သော အဆုတ်၊ အသည်း စသည့် ကင်ဆာများအတွက်မူ သက်သာရုံမှတပါး ထိရောက်မှု နည်းနေသေးသည်။ လိမ်းဆေး သောက်ဆေးအဖြစ်နှင့် သိပ် မထက်မြက်လှ။ ဤတွင် စိုးကျော် အကြံတစ်ခုပြုသည်။

"အင်ဂျက်ရှင်း လုပ်ကြည့်ရအောင်လား ဆရာ"

"မလွယ်ပါဘူးကွာ။ ဘယ်မှာလဲ ပစ္စည်းကိရိယာ၊ ဘယ်မှာလဲ တတ်ကျွမ်းသူ ပညာရှင်၊ ပြီးတော့ တို့မှာ တရားဝင် လုပ်လို့ မရသေးဘူးလေ။ ဆရာဝန်က သွေးဆေးတို့ လျက်ဆားတို့ သုံးစွဲတာ ဘာမှ မဖြစ်ပေမယ့် တိုင်းရင်းဆရာကျတော့ အပ်ကိုင်လို့ မရဘူးလေကွာ"

"အပြင်က မြန်မာဆရာတွေတော့ ဒီလိုပဲ လုပ်ကြတာပဲ ဆရာ၊ ကိုယ့်ဆေး ကိုယ့်ချက်ပြီး ထိုးနေကြာတာပဲ။ ပိုင်ရိုဂျင် ဖရီး (အနည်အမှုန်ကင်းစင်ခြင်း) မဖြစ်လို့ ချမ်းတာ တုန်တာ ဖျားတာလောက်ကလွဲလို့ တခြား ဘာသံမှ မကြားရသေးဘူး"

"ဟ တို့က သူတို့လို သွားလုပ်လို့ မရဘူးလေ။ မတူဘူး။ အေး လုပ်လို့ရပြီ ဆိုရင်လည်း စနစ်တကျကို လုပ်ကြရမှာ"

"ကျွန်တော်တော့ စိတ်မရှည်ချင်တော့ဘူး ဆရာ။ ကိုယ်စွမ်းနိုင်သလောက် လုပ်ပြီး စမ်းကြည့်ချင်တယ်။ သဘောလောက်ပေါ့"

"အပျင်းပြေ လုပ်ချင်သပဆိုလည်း လုပ်ကြည့်ပေါ့ကွာ။ အော် ဒါနဲ့ တို့ ဂျာနောမြစ် အစီရင်ခံစာ ရေးရဦးမယ်နော်။ အထက်က စိတ်ဝင်စားတယ် ဆိုရင်တော့ မင်းလုပ်ချင်တာတွေ မင်း လုပ်ကောင်းလုပ်နိုင်လိမ့်မယ်။ ဒီကြားထဲ လိုအပ်မယ့် စာအုပ်စာတမ်းတွေ ရှာထားဦး။ ဟာ ဟေ့ကောင် ချောင်းကလည်း ဆိုးလှချည်လား။ မင်းနေကောင်းရဲ့လား။ ခုတလော မင်းကြည့်ရတာ နုံးခွေခွေနဲ့ မျက်နှာတွေလည်း အမ်းနေသလိုပဲ"

"နေကောင်းပါတယ် ဆရာ။ ခုတလော အိပ်ရေးပျက်တတ်လို့ပါ"

"သိပ်လည်း အပင်ပန်း မခံနဲ့ကွာ။ ဆေးလိပ်သောက်လည်း လျော့ပေးဦး။ မင်းသောက်တာ လွန်တယ်"

နောက် ရက်အနည်းငယ်ကြာသော် ပုလင်းကလေး တစ်လုံးကို လာ၍ ပြတော့သည်။

"လုပ်လိုက်ရလေ ဆရာရယ်။ တက္ကသိုလ် ဓါတုဗေဒ ဌာနက သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး လုပ်ရတယ်။ ပိုင်ရိုဂျင်ဖရီးဖြစ်အောင်နဲ့ အယ်လ်ကာလွိုက် အပြည့်ရအောင် အဆင့် လေးဆင့်လောက် လုပ်ယူရတယ်။ ဒါကို ကျွန်တော် ဂျာနော (၄) လို့ နာမည်ပေးထားတယ် ဆရာ"

ပုလင်းလေးထဲတွင် ဝါကျင့်ကျင့် ဆေးရည်များ။

ဆရာက လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း ဆရာဝန်ကြီးကို ဆက်ပြောနေသည်။

"အဲဒါပဲ ဆရာ၊ ရည်ရွယ်တာကတော့ ဂျာနောမြစ် အစီရင်ခံစာကို အထက်တင်ပြီး လိုအပ်သမျှ ဘီပီအိုင်လို နေရာမျိုးမှာ ဆက်လုပ်ဖို့ပါပဲ။ အစီရင်ခံစာကိုလည်း တင်ထားပြီးပါပြီ။ အဲဒါကို သူက ဘာဖြစ်လို့..."

"ကျွန်တော် ရှင်းပြီ ဆရာ၊ သိပြီ။ ကိုစိုးကျော်ဟာ သူ့ကိုယ်သူ စမ်းသပ်ခန်းထဲက ယုန်ကလေး၊ ဖားကလေးတစ်ကောင်လို သဘောထားလိုက်တာပဲ"

ဆရာဦးဝင်းရှိန်က နားမလည်စွာကြည့်သည်။

"ဟုတ်တယ်ဆရာ၊ အဖြစ်က ဒီလို"

လွန်ခဲ့သော နှစ်လလောက်က ရောဂါဗေဒ ဆရာဝန်ကြီးထံ စိုးကျော် ရောက်လာသည်။ ဓါတ်မှန်တစ်ချပ်ကို ပြသည်။ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ယခင်ကလည်း တိုင်းရင်းဆေးသိပ္ပံအတွက် ဓါတ်မှန်များ၊ ဓါတ်ခွဲခန်းမှတ်ချက်များကို ကြည့်ရှု၍ ရောဂါ သတ်မှတ်ချက်များ ပေးရလေ့ရှိရာ ယခုလည်း ထုံးစံအတိုင်းပင် ဓါတ်မှန်ကို ကြည့်ရသည်။

ဓါတ်မှန်ထဲ၌ အဆုတ်ညာဘက် အထက်ထောင့်တွင် မညီညာသော အရိပ်သဖွယ် ကြက်ဥခန့် အကွက်ကို တွေ့ရ၏။ ဘေးတိုက် ဓါတ်မှန်ကော်ပြားတွင်ကား ရေဘဝဲတစ်ကောင်၏ လက်တံများသဖွယ် အတန်းများက အဆုတ်ကို ဖမ်းညှစ်နေကြသလို တွေ့ရလေသည်။ ဆက်လက်၍ သေချာစွာကြည့်ရာ ရင်ဘတ် အလယ်နားတွင် ခပ်ပြန့်ပြန့် အရိပ်တစ်ခု တွေ့ရသေး၏။ လေပြွန်မကြီး၏ နံဘေး တစ်ဘက်တစ်ချက်၌ ဖြစ်၍ ထိုနေရာမှ အဆုတ်နှင့် ဆိုင်ရာ လင့် အကျိတ်တို့ တည်နေရာပင် ဖြစ်လေသည်။

ဘယ်ဘက်တွင်လည်း သွေးလွှတ်ကြောခုံး အထက်နားတွင် နောက်ထပ် အရိပ်တစ်ခု။ လေပြွန်မကြီးမှ အဆုတ်သို့ သွားရာ ဘယ်ဘက် လေပြွန်သည် အကျိတ်ကြောင့် အတော် ပိတ်ဆို့နေပြီ ဖြစ်သည်။ ဤလူနာသည် ချောင်း တရစပ် ဆိုးနေပေတော့မည်။

"ကင်ဆာမဟုတ်လား ဆရာ"
စိုးကျော်က မေးသည်။

"ဟုတ်တယ်၊ အဆုတ်ကင်ဆာပေါ့။ တော်တော် အခြေအနေဆိုးနေတဲ့ ကင်ဆာနဲ့ တူတာပဲ။ Large Cell Anaplastic Carcinoma မျိုး ဖြစ်ဖို့များတယ်။ ဂလင်းအကျိတ်က စဖြစ်တာပဲ။ စီးကရက်သောက်တာနဲ့ ဆက်စပ်လေ့ရှိတယ်။ ရောဂါဗေဒ ဓါတ်ခွဲခန်းက အစီရင်ခံစာနဲ့မှ အသေးစိတ် အတိအကျ ပြောလို့ရမယ်။ ဒီကင်ဆာမျိုးကတော့ ခွဲစိတ်ကုသလို့ အကျိုးမထူးဘူး။ ရေဒီယို သာရပီပဲ ပေးရမှာပဲ။ ခင်ဗျားတို့တော့ ဘယ်လို လုပ်ကြမယ် မသိဘူးပေါ့လေ။ ကြိုးစားကြည့်ကြဦးပေါ့"

"ကျွန်တော်တို့ လုပ်ကြည့်ဦးမယ် ဆရာ" ဟု စိုးကျော်က ပြောသွားခဲ့၏။

"အဲဒီ ဓါတ်မှန်ဟာ သူ့ဓါတ်မှန်ပဲ ဆရာ။ ကျွန်တော်လည်း အခုမှ သိတယ်။ သူ့မှာ အဆုတ်ကင်ဆာ ဖြစ်နေတာ။ သူ့ကိုယ်သူ မသင်္ကာလို့ ဓါတ်မှန်ရိုက်ပြီး သေချာအောင် ကျွန်တော့်ဆီ လာပြတာပဲ။ သူ့ဓါတ်မှန်မှန်းသိရင် ကျွန်တော် ကင်ဆာလို့ မပြောပါဘူး။ ဒါပေမဲ့ သူလည်း ဒါတော့ သိမှာပေါ့။

သို့သော် ဒီ ဂျာနော (၄) ဆိုတာဟာ စိတ်ဝင်စားစရာတော့ ကောင်းနေပြီ။ အခု သူ့ကို ဓါတ်မှန် ထပ်ရိုက်ကြည့်တယ်။ သူ့ကင်ဆာကျိတ်ဟာ ငယ်သွားပြီး ထူးခြားတဲ့ အပြောင်းအလဲတွေ တွေ့နေရတယ်။ ဒါပေမဲ့ သူခံမှာ မဟုတ်တော့ဘူး။ ဆေးပမာဏ လွန်ကဲ သွားလို့လား၊ ဆေးအာနိသင် ပြင်းလွန်းသွားတာလား ဆိုတာတော့ မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ခုလောက်ထိတော့ မစွန့်စားသင့်ပါဘူးဗျာ။ ရူးတယ်လို့လည်း မဆိုရက်ပါဘူးလေ"

ဆရာသည် စိုးကျော်ကို ငေးစိုက်ကြည့်နေမိသည်။

ဂျာနောပင်နှင့် ပတ်သတ်၍ အစီရင်ခံစာ ရေးကြရင်းက ရောဂါဆိုးတစ်ခုနှင့် အနာဂတ်လမ်းဆုံးကို မျှော်တွေးခဲ့ကြသေးသည်။ ဂျာနောပင်သည် ကင်ဆာအတွက် ကမ္ဘာက ကြိုးစားနေသော အင်တာဖရွန် အစရှိသည့် ဆေးဝါးများထက် မနှိုင်းယှဉ်သာအောင် ကုန်ကျစရိတ် နည်းပါးလှသည်။ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရမည်။ အခြေအနေကောင်းပါက နိုင်ငံခြားဝင်ငွေ ရလာနိုင်မည်။ နိုင်ငံတကာနှင့် ချီ၍ အသုံးပြုလာလျှင် ကင်ဆာနှင့် ပတ်သတ်၍ အသိသစ်များ တိုးဝင်လာနိုင်မည် စသည်ဖြင့် ရောက်တတ်ရာရာ စိတ်ကူးယဉ်ခဲ့ကြသည်။

ပြောရင်းဆိုရင်း သူတက်ကြွလာဟန်တူသည်။ ကျွန်တော် မစောင့်နိုင်တော့ဘူးဆရာ၊ အရှုံးမရှိပါဘူး၊ မအောင်မြင်ရင်လည်း အရင်းပေါ့ ဟု ပြောခဲ့သည်ကို အလေးအနက် မထားမိခဲ့။ တပည့်ရယ် စောစောကတည်းက ဆရာ့ကို ပြောပါဦးလား။ ပြောရင် ဆရာက တားမှာ စိုးလို့လား၊ တားရမှာပေါ့တပည့်ရယ်၊ ခုတော့...

စိုးကျော် ဆတ်ခနဲ တွန့်သွားသည်။ မွန်မွန်က သူ့ရင်ကို အသာ ဖိပေးထားကာ စိုးရိမ်တကြီး ကြည့်နေ၏။ သူ့အသိစိတ်ထဲဝယ် ပြိုးကနဲ ပြက်ခနဲ အရောင်များကို မြင်နေသည်။ အမှောင်ထုထဲမှာ ကင်ဆာမြစ်များ ကုတ်တွယ်နေသော လူ့အဆုတ်တစ်ခုကို သူ မြင်ရသည်။ ကင်ဆာဆဲလ် တစ်ခုသည် ဘီလူးကြီးတစ်ကောင်လို ကြီးထွားလာကာ သူ့အား တိုက်ခိုက်ရန် ပြေးလာနေ၏။

ဂျာနော (၄) ပေးပါ။
ကင်ဆာကို သတ်ရမယ်။
မွန်မွန်ရေ...

ထိုခဏ၌ တခဲနက်သော အမှောင်ထုသည် သူ့ထံသို့ ပြေးဝင်လာလေ၏။
သူ ငြိမ်သက်သွားသည်။

***
နိဗ္ဗာန်ယာဉ်နှစ်စီးသည် ရှေ့ဆင့်နောက်ဆင့်ပင် သုသာန်ဝင်းအတွင်းမှ ထွက်ခွာသွားကြလေပြီ။ သုသာန် ဇရပ်ထဲမှ သံဃာတော်များ၏ သရဏဂုံတင်သံကို တစ်ချက်တစ်ချက်၌ ကြားနေရ၏။ ဇရပ်နှင့် မလှမ်းမကမ်းရှိ သစ်ပင်အောက်တွင် (တိုင်းရင်း) ဆေးကျောင်းသားတစ်စု ထိုင်နေကြသည်။ အုတ်ဂူတစ်လုံးကို မှီ၍ ထိုင်နေသော ကျောင်းသားတစ်ယောက်က ပြောလိုက်၏။

"နှစ်ယောက်စလုံးကတော့ လူတော်ချည်းပဲ။ ဒါပေမဲ့ ဦးစိုးကျော်က ကြောင်လွန်းပါတယ်ကွာ။ စာတွေ ဖတ်လွန်း အားကြီးရင် ကြောင် သွားတတ်သတဲ့ကွ။ ငါတော့ ဆရာညိုကို နှမြောတယ်။ ဂျီပီ သိပ်ကောင်းတယ်နော်။ အောင်မြင်နေတုန်းမှာ ခုလို ဖြစ်ရတာ ရင်နာစရာပဲ"

ဆရာ ဦးဝင်းရှိန်သည် သစ်ပင်အောက်မှ ထွက်လာခဲ့မိသည်။ သုသာန်ဝင်း အပြင်သို့ ဦးတည်နေသော ခြေလှမ်းများသည် လေးလံလာသည် ထင်ရ၏။ အမှတ်မထင် မိုးကောင်းကင်ကို မော့ကြည့်လိုက်မိသည်။

မိုးအုံ့နေသဖြင့် နေမသာသေးပေ။

***
(စပယ်ဖြူ မဂ္ဂဇင်း - February 1986)

***

ယင်ကောင်တို့သည် အညှီကိုသာ ကြိုက်တတ်ကြကုန်၏ (၁) - မောင်သစ်ဆင်း

" ကြည့်စမ်း၊ ဆောက်လိုက်ကြတဲ့ တိုက်တွေနှယ်ကွာ။ သုံး လေးပြကျော်လောက်ကို တစ်တိုက်လောက် ဆောက်နေကြတယ်။ ဘယ်ကများ ပိုက်ဆံတွေ ရနေကြပါလိမ့်။ ဒီလမ်းထောင့်က တိုက်တောင် ပြီးတော့မှာပဲ။ အင်း သားနားပါ့ဗျာ။ ကြည့်ရတာ မိသားစု နေဖို့ထက် စီးပွားရေးလုပ်ငန်း တစ်ခုခု လုပ်မလို့နဲ့ တူတယ်။ တည်းခိုခန်းလား၊ စားသောက်ဆိုင်လား။

ဟင်း ဒါတွေ မြင်ပြန်တော့လည်း အားကျမိပါရဲ့။ ငါ့နှယ် ဒီဘဝ တိုက်လေး ကားလေးနဲ့မှ နေနိုင်ပါ့မလား။ အိုး... ဘာဖြစ်လို့ မနေနိုင်ရမလဲ။ နေနိုင်ရမယ်။ တစ်နေ့ ဖြစ်ရမယ်။ ဒီနေ့ ဇီးရိုး၊ မနက်ဖြန် ဟီးရိုး မဖြစ်ဘူးလို့ ဘယ်သူ ပြောမလဲ"

ငညိုကွ။
အတတ်ပညာနဲ့ လူ။ တိုင်းရင်း ဆေးသိပ္ပံမှာ လေးနှစ်လေးမိုး သင်ခဲ့ရတဲ့ ပညာတွေ ဘာလုပ်ဖို့လဲ။

မကြောက်ဘူး။ လုံးဝ မကြောက်ဘူး။ မန္တလေးရဲ့ အကြောကို သိထားပြီ။ လူတွေရဲ့ သဘောကို မိထားပြီ။ အခုတောင် အရှေ့ပြင်နဲ့ မြောက်ပြင်ဘက်မှာ ဆရာညို ဆရာညိုနဲ့ နာမည်ထွက်နေပေါ့။ ညနေပိုင်း ဆေးခန်းမှာ မရှိဘူးဆိုရင် လူနာ ဆယ်ယောက်။ မရဘူးဆို တစ်ရာ။ တစ်ရာ့နှစ်ဆယ်။ အခုလို နေ့ခင်းဘက် အိမ်လိုက်တာနဲ့ ဘာနဲ့ဆို တစ်ရက်တစ်ရက် အောက်ထစ် တစ်ရာ့ငါးဆယ်၊ နှစ်ရာတော့ အေးအေးလေးပဲ။ အလုပ်ထဲ ဝင်ရင်ရမယ့် ဆေးခန်းမှူးလစာလောက်တော့ ရယ်ချင်သေး။ ဒါတောင် ငါ ဂျီပီလုပ်တာ တစ်နှစ်ပျော့ပျော့ပဲ ရှိသေးတယ်။ နောက် လေးငါးနှစ်ကြာရင် ရန်ကုန် ရွှေဘုံသာလမ်းအထိ တက်ချဲပစ်မယ်။ ဘာမှတ်သလဲ။ အာ ဒီ ဘီးစုတ်က တစ်မျိုး။ ဘရိတ် မမိချင်ပြန်ဘူး။ ကားတွေကလည်း အရမ်း မောင်းတာပဲဟေ့။ အင်း... စီးနှင့်ကြဦးပေါ့ကွာ။ ဟင်း... ဟင်း။

အဲ... ဒီ (၁၄) လမ်း ထဲမှာ လူနာ ရှိပါသေးလား။ နေဦး။ အပြန်မှ ဝင်မယ်။ သူ့လက်မောင်းက အတော် အခြေအနေကောင်းနေပြီပဲ။ လက်ကျိုးလို့ ကျောက်ပတ်တီး စီးတာကနေ ပခုံးအဆစ် ကြပ်သွားတာ။ ဒါမျိုးတော့ ဆရာညိုတို့က အပိုင်ပေါ့။ အကြောပြင်ပေး၊ ဆေးစည်းပေး၊ လိမ်းဆေး၊ စားဆေးပေး။ နှစ်ပတ်လောက်ပဲ ကြာတယ်။ အခုဆို ပုဆိုးဝတ်နိုင်၊ ခေါင်းဖြီးနိုင်ပြီ။ အမှန်ကတော့ ဘာမှ မဟုတ်ဘူး။ ကျောက်ပတ်တီး စည်းတုန်းက လက်မောင်းလေ့ကျင့်ခန်း မလုပ်လို့ ခံရတာ။ လုပ်ရကောင်းမှန်းလဲ မသိကြဘူးလေ။ မသိတော့လည်း ဆေးဆရာ ပိုက်ဆံရတာပေါ့။

ဟောဒီ (၁၆) လမ်းက အစာအိမ်သမားကတော့ ထမင်းစားနိုင်နေပြီ။ သူလည်း မန္တလေး၊ ရန်ကုန် နှံ့ခဲ့လှပေါ့။ နောက်ဆုံးကျမှ တိုင်းရင်းဆေးဘက် လှည့်လာတာ။ လူတွေကလည်း တစ်မျိုးပဲ။ တိုင်းရင်းဆေးဆို အထင်သေးတာလိုလို၊ နှိမ်ချင်တာလိုလိုနဲ့။ ပြီးတော့ တိုင်းရင်းဆေးနဲ့ ကင်းနိုင်ကြတာလည်း မဟုတ်ဘူး။ ဆေးရုံပေါ်တက်ပြီး ခွဲတာ ခွဲတာပဲ။ မန်းဆေးတော့ ခိုးလိမ်းကြသေးတယ်။ အနှိပ်သည်နဲ့ မန်းဆေးမရှိရင် ဟောဒီ မန္တလေးမြို့ကြီးဟာ မနေတတ်ပါဘူး။ ယုတ်စွအဆုံးလေ အခိုးပွင့်ဆေးနဲ့ လျက်ဆားပုလင်းကတော့ အိမ်တိုင်းလို ရှိနေကြတာပဲ။

အမယ် လက်ဝါးပြရင် လျက်ဆားရမယ် ဘာ ညာနဲ့ သရော်ချင်ကြသေးဗျ။ လျက်ဆားရဲ့ တန်ဖိုးကို မသိကြဘဲကိုး။ ငါဖြင့် ဆိုးဆိုးဝါးဝါး ရောဂါတချို့ လျက်ဆားနဲ့ ကုပေးပြီး ပိုက်ဆံရခဲ့လှပေါ့။ အဲ... လျက်ဆားမှန်း မသိအောင်တော့ လုပ်ထားရသပေါ့လေ။ နို့မို့ရင် အပျင်းပြေလျက်ဖို့၊ ချောင်းဆိုးရင် လျက်ဖို့လောက် သဘောထားနေကြမှာ။ ဒါကလည်း ပြည်တွင်းဖြစ်မို့ ထင်ပါရဲ့လေ။ တကယ်လို့များ ဂျပန်ကလာတဲ့ လျက်ဆား၊ မိတ်အင်ယူအက်စ်အေ လျက်ဆား ဆိုလို့များဖြင့် ဈေးကြီးပေးပြီး တရိုတသေ မှီဝဲကြမလား မသိဘူး။ အခုတော့ဗျာ အားမနာ ပါးမနာ ဖောဖောသီသီ တောင်းကြလေရဲ့။

တိုင်းရင်းဆေးဆရာလို့ ဆိုလိုက်တာနဲ့ နံပါတ်တစ် အတောင်းခံရဆုံးက လျက်ဆား။ နောက် ဒုတိယကတော့ ဟိုကိစ္စအတွက် ဆေးပေါ့လေ။ ဆရာဝန်တွေ အားဆေး အတောင်းခံရတဲ့ ဒုက္ခကို ခုမှပဲ ကိုယ်ချင်းစားမိတော့တယ်။ မပေးလို့လည်း မကောင်း၊ ပေးပြန်တော့လည်း အကျင့်ပါ၊ တန်ဖိုးကျ။ အော် ဒုက္ခ။ သူငယ်ချင်း ဆေးဆရာတစ်ယောက်ဆို မခံချင်လွန်းလို့ သူ့ဆီ လျက်ဆားလာတောင်းရင် "လျက်ဆားမရှိဘူး။ လျက်ဆေးပဲ ရှိတယ်။ ဖြစ်တဲ့ရောဂါပြော။ ရော့ လျက်ဆေး" ဆိုပြီး အတင်းပြောင်းလဲကြည့်ပေမယ့် မရဘူး။ လူတွေက လျက်ဆားပဲ၊ ရယ်ရတယ်။

လျက်ဆေးဆိုလို့ သူ့တန်ဖိုးက မသေးတော့ဘူး။ ငါတို့လည်း ကိုရင်ကြီး ဝတ်မယ့်နှစ်မှာ ဝါထပ်တယ် ဆိုသလိုပါပဲ။ ဆေးဆရာမှ ဖြစ်မယ် မကြံသေးဘူး။ ဘယဆေးတွေက ဆေးတက်ကုန်ပြီ။ နောက်ဆုံးတော့ ဒီကောင်တွေပဲ ချမ်းသာကုန်ကြတာပဲ။ ငါလည်း နောက်ဆိုရင် ဘယဆေးဆိုင်ဖွင့်ဖို့ ကြိုးစားရမယ်။ ဆေးလည်းရောင်းမယ်။ ဒါမှ မြန်မြန် ကြီးပွားတော့မှာ။ ဆေးကုတဲ့ အလုပ်ကို ရေရှည် မလုပ်ချင်ဘူး။ သူများအပူ ကိုယ့်အပူ လုပ်နေရတာ။ ဦးနှောက်ခြောက်သေး။ ပင်ပန်းသေး။ ဆေးတစ်မျိုး နာမည်ရလာရင် ကြီးပွားမယ်သာပြင်။ လောကမှာ ကြီးပွားဖို့ပဲ။ တိုက်ဆောက်မယ်။ ကားစီးမယ်။ မိန်းမနှစ်ယောက် ယူလိုက်ဦးမယ်။ ဘာဖြစ်သေးလဲ။

အင်း ထမင်းဖိုးကလေး ခိုင်မာဖို့အရေး ငါ အတော် ကြိုးစားခဲ့ရတာပဲ။ ကျောင်း ပြဋ္ဌာန်းစာတွေနဲ့တင် မတင်းတိမ်ဘဲ ကောင်းနိုးရာရာ အရှေ့ အနောက် ဆေးကျမ်းတွေ ရှာရ၊ ဖွေရ၊ ဖတ်ရ၊ မှတ်ရ၊ ဆရာသမားကြီးတွေဆီ မေးရ၊ မြန်းရ၊ ဆွေးနွေးရ။ ဆေးရုံပေါ်က အတွေ့အကြုံတွေ လေ့လာရ၊ ဆည်းပူးရ၊ ကျော်ဖြတ်ခဲ့ရတာတွေ။ ပင်ပန်းဆင်းရဲ ခံခဲ့ရတာတွေ၊ ဒါကြောင့်လည်း ငါ ဒီလောက် အထိ အောင်မြင်လာတာ။ အနာခံမှ အသာစံ။ အထိနာတော့ အသိသာတော့မပေါ့။ တိုင်းရင်းဆေး ဒီပလိုမာချင်း အတူတူ ဘယ်သူ ငါ့လောက် အောင်မြင်လို့လဲ။

တချို့ ဆေးနည်း လာတောင်းကြသေးတယ်။ ဘယ့်နှယ် ကိုယ်မှ ခက်ခက်ခဲခဲ အပတ်တကုတ် ရှာဖွေထားရတာ သူများကို လွယ်လွယ်နဲ့ ဘယ်ပေးနိုင်လိမ့်မလဲ။ မပေးလို့ မကောင်းတဲ့သူတွေကျပြန်တော့ အရေးကြီးတဲ့ အချက်တွေ ချန်ပြီး ပေးလိုက်တာပေါ့။ ဝမ်းနည်းပါတယ် သူငယ်ချင်းများ။ ငါ့လိုဖြစ်ချင်ရင် ငါ့လို လုပ်ခဲ့ကြပေါ့ကွယ်။

ပညာဆိုတာ ဒီလို ယူရတာပဲလေ။ ဒါပေမဲ့ ပညာရှာတဲ့နေရာ စဉ်းစား ကြံဆတဲ့နေရာမှာ ဟိုအကောင်ကို ငါ လုံးဝ မမီဘူး။ စိုးကျော်ဆိုတဲ့ အကောင်။

တက္ကသိုလ်တုန်းကတော့ မေဂျာတူပါပဲ။ သိပ်တော့ မရင်းနှီးဘူး။ မေးထူးခေါ်ပြောလောက်ပဲ။ ကျောင်းပြီးတော့ ဘာမှ လုပ်စရာ မရှိတာနဲ့ နောက်ဆုံး အကြံကုန် ဂဠုန်ဆားချက် တိုင်းရင်းဆေးသိပ္ပံ ဝင်ဖြေပြီး ပါလာမှ ဒီကောင်နဲ့ မမျှော်လင့်ဘဲ ပြန်ဆုံရတာ။ ဒီကောင်ကတော့ ရည်ရွယ်ချက်နဲ့။ တိုင်းရင်းဆေးပညာဆိုတာ ဘာလဲဆိုတဲ့ စိတ်ဝင်စားမှုနဲ့ လာတာဆိုပဲ။ ကြီးကြီးကျယ်ကျယ်။

ဒါပေမဲ့ ဒီကောင် အရမ်းကြိုးစားတယ်။ ငါကြိုးစားခဲ့ရတယ် ဆိုတာ စိုးကျော်နဲ့ ယှဉ်တော့ ဖွဲ ပဲ။ ဒီကောင်က ဉာဏ်ကလည်းကောင်း၊ စာကလည်း အစုံဖတ်၊ သူမဖတ်ဖူးတဲ့ ဆေးကျမ်း မရှိသလောက်ကို ဖတ်တယ်။ ဒီကောင်က ငါ့ထက် အင်္ဂလိပ်စာ ပိုကောင်းတော့ ပိုဖတ်နိုင်တာလည်း ပါတာပေါ့လေ။ ပြီးတော့ တိုင်းရင်းနဲ့ အနောက်တိုင်း ပေါင်းစပ် ယူတဲ့ နေရာမှာ တော်တော်ကောင်းတယ်။ ဓါတ်ကြီးလေးပါးကို သိပ္ပံ သီအိုရီတွေနဲ့ ဆက်စပ်ပြီး အဓိပ္ပါယ်ဖွင့်သွားများ ပါးစပ်ဟောင်းလောင်းနဲ့ ငေး နေရလောက်အောင်ပဲ။ တချို့ဟာတွေဆို ငါဖြင့် နားမလည်ပေါင်။ လိုက်မမီဘူး။ သူ့ဆီကလည်း ပညာ အတော်ရပါတယ်။ ဒီကောင်က မလျှိုတတ်ဘူးလေ။ မေးလိုက်လို့ကတော့ သူ သိထားသမျှတွေ အကုန် ထွက်လာတာပဲ။ ဆရာ လုပ်ချင်တတ်တဲ့ စိတ်လည်း ရှိလို့ နေမှာပေါ့။

ဒီကောင်က တမျိုးပဲ။ ကြောင်တယ် ပြောရမလား၊ မွဲဇာတာ ပါတယ် ဆိုရမလား။ သင်တန်းပြီးတော့ ဒီကောင် ဆေးလေး ဘာလေး ကုသေးတယ်။ တော်တော် အောင်မြင်တယ်။ အဲဒီတုန်းက ငါက အရှိန်ယူနေရဆဲ ကာလ။ အဲဒါ ဒီကောင် ဆက်မလုပ်ဘူးဗျာ။ ဆေးခန်း မထိုင်ချင်တော့ဘူး ဆိုပြီး သုတေသနဌာနမှာ ဝင်လုပ်နေတယ်။ အတော်ဟုတ်တဲ့ကောင်။ အလကား ဘာမှ လုပ်နေစရာမလိုပေါင်။ သူ့လို ပညာမျိုးနဲ့ အပြင်မှာပဲ ဆေးခန်း ဆက်တိုက်ထိုင်ပြီး၊ ပိုက်ဆံ ရှာနေလိုက်ရင် အခုနေဆို လျှမ်းလျှမ်းတောက်ပေါ့။

ပညာရပ်တစ်ခုဟာ သုတေသန အားနည်းရင် အားနည်းသလောက် တိုးတက်မှု နှေးကွေးတယ်။ သုတေသနဟာ မရှိမဖြစ် လိုအပ်တယ် ဆိုတာ အားလုံး သိကြတာပဲ။ ကိုယ်မလုပ်လည်း သူများ လုပ်နေကြမှာပဲဟာ။ အောင်မြင်ပြီဆိုမှ ကိုယ်က အဆင်သင့် ယူသုံးရုံပဲပေါ့။ အဓိက က ကိုယ့် ထမင်းအိုး အတွက်ပဲ။ လောကမှာ ထမင်းအိုးထက် ဘာကများ အရေးကြီးနိုင်ဦးမလဲ။ ခုတော့ ဒီကောင် လစာလေး မလောက်မငနဲ့ မိန်းမတောင် မယူရဲဘူး။ ငါတော့ ဒီကောင်ကို သနားတယ်။ အမယ် သူကလည်း ငါ့ကို နှမြောသတဲ့လေ။ ရယ် ရယ်ရသေး ဟေး ဟေး...

နောက်တစ်ကောင် ရှိသေးတယ်။ စာယောင်ယောင် ပေယောင်ယောင် စာရူး ကဗျာရူး အကောင်တစ်ကောင်၊ စကားကြီး စကားကျယ်တွေ ပြောတတ်တဲ့ကောင်၊ စာသမားဆိုတော့ စကားပြောလည်း ကောင်းတယ်။ သူ ပြောပြောနေတတ်တာ ရှိပါတယ်။ ဘာတဲ့ လက်ရှိ တိုင်းရင်းဆေးလောကမှာ စည်းရုံးရေး ကာလတစ်ခု လိုအပ်နေတယ်တဲ့။ အထက်မြက်ဆုံး၊ အစူးရှဆုံး စည်းရုံးရေးလက်နက်ကတော့ စာပေပဲတဲ့။ ဒါပေမဲ့ အနုပညာအားကောင်းမှ ဖြစ်မတဲ့။ အစက တိုင်းရင်းဆေးအား အထင်သေးခဲ့မိရာမှ တိုင်းရင်းဆေးဖြင့် ကုသ၍ ပျောက်ကင်းသွားသောအခါ အထင်ကြီးသွားလေသတည်း ဆိုတဲ့ ဟောင်းနွမ်းလွန်းသော ပုံစံမျိုး မဖြစ်ဖို့တော့ လိုတယ်တဲ့။

"ရသ" နဲ့ နွယ်ပြီး ရေးသားတဲ့အခါ "သုတ" ရဲ့ တန်ဖိုးတက်လာတော့ အဲ... ဘာဖြစ်တယ် ဆိုလားပဲ၊ သူပြောလွန်းလို့ ငါတောင် အလွတ်ရသလို ဖြစ်နေတယ်။ အော်... တော်တော် သနားစရာကောင်းတဲ့ သတ္တဝါတွေပဲ။ အလုပ်မရှိ အလုပ်ရှာလို့ လူတွေ ကြည့်လိုက်တော့ လက်ဘက်ရည်ဖိုးတောင် အနိုင်နိုင်၊ ပြောလိုက်တဲ့ စကားတွေက...

အင်း ဦးဇောတိက ကျောင်းနားတောင် ရောက်လာပါပေါ့လား။ ဆရာတော့်လိပ်ခေါင်းလည်း ပျောက်သွားပြီ။ အော် ကျောင်းဝင်းအုတ်တံတိုင်းတောင် ပြီးတော့မှာပဲ။ ငါတောင် တံတိုင်းသုံးခန်း လှူထားသေးတယ်။ ငါ့နာမည်ကို ခပ်ကြီးကြီး ရေးခိုင်းထားရမယ်။ ဒါလည်း ကြော်ငြာနည်းတစ်မျိုးပေါ့။ ဆရာတော်နဲ့ သင့်မြတ်ရင် သူ့ပရိသတ်ဟာ ငါ့ပရိသတ်လည်း ဖြစ်လာနိုင်တယ်။ ဆရာတော် ပြောရင် ပြီးတယ်လေ။ အပြန်ကျမှ ဝင်ဖူးရဦးမယ်။

ဟော မစိုးရိမ်ပွိုင့်တောင် ရောက်လာပြီ။ ကားတွေကလည်း ရှုပ်လိုက်တာ။ ဟိုက် မီးပွိုင့်နီတော့မယ် ထင်တယ်။ မြန်မြန် လွတ်အောင် နင်းမှ။

ဟ ဟ ဒီကားက ဘယ့်နှယ် အရမ်းကွေ့ ဟာ ဟာ တိုက် တိုက်

"အား"

***
အပိုင်း (၂) သို့

Friday, April 2, 2010

ကျိန်စာ (၂) - မောင်သစ်ဆင်း

ဖေဖေသည် အိပ်ခန်းတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသော မေမေ့ကို မှုန်ရီစွာ ငေးကြည့်ရင်း ကျန်ရစ်ခဲ့၏။

ညသည် တိတ်ဆိတ်စွာ ရွေ့လျားလျက်ရှိသည်။

စက္ကန့်များကမူ အရေးတကြီး ပြေးလွှားနေဆဲ။

ဖေဖေသည် ဧည့်ခန်းတွင်း ကုလားထိုင်ပေါ်၌ ခေါင်းငိုက်စိုက်ချကာ ငြိမ်သက်နေလေသည်။

အနီးအနား အိမ်တစ်အိမ်ဆီမှ မြန်မာပိုင်း အစီအစဉ် ပြီးဆုံးသွားသည့် တီးလုံးသံကို ကြားရသည်။

အပြင်ဘက်၌ လေထန်နေဆဲ။

ဖေဖေသည် ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်၏။ မျက်လုံးများ နီရဲနေသည်။ ထိုမျက်လုံးများသည် နံရံပေါ်ရှိ မှန်ဘောင်သွင်း စက္ကူချပ်ပေါ်သို့ ရောက်ရှိသွားသည်။ စာရွက်ထိပ်ပိုင်းရှိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ တံဆိပ်အမှတ်အသားကို ဖေဖေ့နေရာမှပင် ထင်ရှားစွာ မြင်နိုင်သည်။

ဖေဖေ နေရာမှ ဖြုတ်ခနဲ ထကာ မှန်ဘောင်သွင်း စာရွက်ရှေ့ တည့်တည့်သို့ သွားရောက်၍ ရပ်သည်။ စာရွက်ကို စူးစိုက်၍ ကြည့်သည်။ စာရွက်တွင် ပါရှိသော စာသားများကို တစ်လုံးချင်း ဖတ်ရှုနေသည့်နှယ် ဖေဖေ့နှုတ်ခမ်းများက ရွရွ လှုပ်နေသည်။ မကြာခင် အသံ တဖြည်းဖြည်း ကျယ်လာ၏။

"ကိုင်း ဘယ့်နှယ်ရှိစ။ ဘာတတ်နိုင်သေးလဲ။ ဘာပြောချင်သေးလဲ။ ခင်ဗျားတို့ ဘာပြောချင်ကြသေးလဲ"

ဖေဖေသည် စာရွက်ပေါ်က စာကြောင်းများအတိုင်း မှန်သားပြင်ပေါ်မှ အသာအယာ ပွတ်သတ်နေလေသည်။ ဖေဖေ့အသံသည် တဖြည်းဖြည်း တိုးညင်းသွားပြန်သည်။ နှုတ်ခမ်းများကတော့ တရွရွ လှုပ်ဆဲ။

အိမ်ရှေ့တံခါးသည် အသံမမြည်ဘဲ ပွင့်ဟ၍ လာသည်။ သားလတ်သည် စွေ့ကနဲ ဝင်လာကာ တံခါးကို ပြန်စေ့လိုက်သည်။ သူ့ကို ကျောပေးလျက် နံရံပေါ်မှ မှန်ဘောင်သွင်း စက္ကူချပ်ကို စူးစိုက်ငေးမောနေလေသော ဖခင်ဖြစ်သူအား မြင်လိုက်ရသောအခါ အသာ ကိုယ်ရှိန်သတ်လိုက်သည်။ ထို့နောက် တံခါးဝမှနေ၍ မျက်တောင်ပုတ်ခတ်လုပ်ကာ ဖခင်ကို ကြည့်နေလေသည်။ ကြည့်နေရင်းနဲ့ သားလတ်မျက်နှာ ပြုံးလာသည်။ ဖေဖေသည် မှန်သားပြင်ကို ပွတ်သတ်နေရာမှ နောက်သို့ တလှမ်းချင်း ဆုတ်လိုက်၏။ မျက်နှာအမူအရာက တဖြည်းဖြည်း ပြောင်းလာသည်။ ထို့နောက် ခေါင်းယမ်းလိုက်၏။

တံခါးဝမှ သားလတ်သည် ဖခင်နည်းတူ ခေါင်းယမ်း၏။

ဖေဖေ ခါးထောက်လိုက်သည်။
သားလတ်ကလည်း ခါးထောက်၏။

ဖေဖေသည် စာရွက်ကို ငြိုးသူရန်ဘက်သဖွယ် ကြည့်နေလေသည်။
သားလတ်သည် ဖခင်ကို ပြုံး၍ ကြည့်နေသည်။

ခဏကြာသော် ဖေဖေသည် နေရာမှ ချာကနဲ လှည့်ထွက်လိုက်သည်။ ထိုအခါ တံခါးဝ၌ ခါးထောက်၍ ပြုံးနေသော သားလတ်နှင့် မျက်နှာချင်း ဆိုင်မိသွား၏။ သားလတ်က ခါးပေါ်မှ လက်ကို အမြန်ချ၍ "ဖေဖေ" ဟု ခေါ်လိုက်သည်။ ဖေဖေသည် မျက်နှာထားကို ပြန်လည် ပြင်ဆင်လိုက်၏။

"သားလတ် စာမကျက်ဘဲ ဗွီဒီယို သွားကြည့်နေတယ်ဆို"

"ဟုတ်တယ် ဖေဖေ အရမ်းအရမ်းကောင်းတဲ့ ကားပဲ ဖေဖေရာ။ အော်ပရေးရှင်း ဒေးဘရိတ် တဲ့။ လူငယ်ကလေး ငါးယောက်နဲ့ နာဇီတွေနဲ့ ချကြတာ"

"နာဇီတွေ သေသွားရောလား"

"ဟင့်အင်း လူငယ်လေးယောက်လုံး သေသွားတယ်။ ဟိုတစ်ယောက်က သစ္စာဖောက်လို့။ သူက မိန်းမရော ကလေးရောရသွားတော့ သစ္စာဖောက်တာပေါ့။"

ဖေဖေသည် သားလတ်ကို အလန့်တကြား ကြည့်လိုက်၏။

"နောက်ဆုံးအခန်းက အကောင်းဆုံးပဲ။ သစ္စာဖောက်တဲ့ကောင်က လိုက်ပြလို့ သူတို့ ပုန်းနေတဲ့ ဘုရားရှိခိုးကျောင်းကြီးကို နာဇီတွေ ဝိုင်းမိသွားတယ်။ သူတို့ကလည်း ပြန်ချတာပဲ။ နောက်ဆုံး ကောင်လေးနှစ်ယောက်ပဲ ကျန်တယ်။ မြေအောက် အခန်းကျဉ်းလေးထဲမှာ ပိတ်မိနေကြတာ။ နာဇီတွေက အဲဒီအခန်းလေးကို အပြင်ကနေ ရေတွေ သွင်းထည့်လိုက်တာ ဖေဖေရာ။ ကောင်လေးနှစ်ယောက် လည်ပင်းအထိ ရေတွေ တက်လာတယ်။

အဲဒီမှာ နာဇီတွေက ခိုင်းလို့ သစ္စာဖောက်ကလည်း သူ့အဖော်တွေကို လက်နက်ချဖို့ အော်ပြောရတယ်။ ဘယ်ချမလဲ။ ဟိုနှစ်ယောက်က တစ်ယောက်ခေါင်း တစ်ယောက် သေနတ်တေ့ပြီး ဝမ်း တူး သရီး ဆို မောင်းကို ဖြုတ်ချကြတာ။ သေနတ်သံလည်း ကြားရော သစ္စာဖောက်ရဲ့ မျက်နှာကြီးဟာ..."

"သားလတ်..."

ဖေဖေ့အသံသည် မာကျောစွာ ထွက်ပေါ်လာ၏။

"နောက်ကို ဒီလို ဇာတ်ကားမျိုးတွေ မကြည့်ရဘူး။ သွားစာကျက်ချေ။ ရှစ်တန်းဟာ အရေးကြီးတယ်ဆိုတာ မသိဘူးလား"

သားလတ်သည် အတွင်းခန်းသို့ ခုန်ပေါက်၍ ပြေးဝင်သွား၏။

"မင်းအစ်ကိုရော ဘယ်သွားလဲ"

"လက်ဖက်ရည်ဆိုင်မှာ ကဗျာစာမူခ ရလို့တဲ့။ သူ့သူငယ်ချင်းတွေကို လက်ဖက်ရည်တိုက်နေတယ်။ သားလည်း ဝင်သောက်ခဲ့သေးတယ်"

"ဘာ... သူက ကဗျာရေးတယ်"

"ဒီလမှ စပါတာတဲ့။ ဘာမဂ္ဂဇင်းဆိုလား"

ဖေဖေသည် အတန်ကြာ ငေးငိုင်နေသည်။ ထို့နောက် မှန်ဘောင်သွင်း စက္ကူရှိရာသို့ သွားပြန်သည်။ စာရွက်ကို မော့ကြည့်ပြီး တီးတိုးပြောလိုက်၏။

"ကြားကြရဲ့လား။ ကျုပ်သားက ရုပ်ရှင်ထဲက သစ္စာဖောက်ကို မုန်းနေတယ်။ အခု သူ့အဖေက ကိုယ်မြတ်နိုးတဲ့ အလုပ်ကို သစ္စာဖောက်ရမယ့် အခြေအနေဖြစ်နေတယ်။ ခင်ဗျားတို့ ဘာပြောချင်ကြသေးလဲ"

ထို့နောက် ဖေဖေသည် ကုလားထိုင်ပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်လေသည်။

ဖေဖေထိုင်လိုက်သည်နှင့် အိမ်ရှေ့တံခါးသည် ပွင့်ဟ၍ လာပြန်ကာ သားကြီး ဝင်လာလေသည်။

"ဟင် ဖေဖေ မအိပ်သေးဘူးလား။ ညီလေးကော ပြန်ရောက်ပြီလား"

"သြ... ကဗျာဆရာကြီး ကြွပါဦးခင်ဗျား"

သားကြီးသည် ဖခင်အနီးသို့ တိုးရွှေ့လာကာ မျက်နှာချင်းဆိုင်မှ ကုလားထိုင်တွင် ဝင်ထိုင်သည်။

"သားလက်ထဲက စာအုပ်က သားကဗျာပါတဲ့ မဂ္ဂဇင်းလား"

"ဟုတ်တယ် ဖေဖေ။ ညီလေး ပြောထားပြီထင်တယ်"

"ဖေဖေ့ကို ပြစမ်း"

သားကြီးက အသင့်ညှပ်ထားသော နေရာကို ဖွင့်ကာ လှမ်းပေးလိုက်သည်။ ဖေဖေက စာအုပ်ကို မီးရောင်အောက်တွင် ထောင်ပြီး မျက်လုံးများကို မှေးကာ အသံထွက်၍ ဖတ်လိုက်သည်။

"ဆီပူအိုးမှ ခုန်ချကြသူများ"

ဖေဖေသည် စာအုပ်ပေါ်မှ ကျော်၍ သားကြီးကို ကြည့်လိုက်သည်။ သားကြီးက ဖခင်ကို ပြုံးပြ၏။ ဖေဖေက ဆက်၍ ရွတ်ဖတ်သည်။

"နိဗ္ဗာန်ဖြစ်ဖြစ် ငရဲဖြစ်ဖြစ် ဘာအရေးလဲ

လာ... ခုန်ချကြမယ် အမှောင်ထဲ
မသိမှုရဲ့ ချောက်ထဲမှာ

ငါတို့ အသစ်တစ်ခုကို တွေ့ရှိမှာ အသေအချာ"


ဖေဖေသည် စာအုပ်ကို ပြန်ချလိုက်၏။

"ဒါ သားရေးတာပေါ့"

"ဆက်ဖတ်လေ ဖေဖေ။ အခုဟာက ပြင်သစ်ကဗျာဆရာ ဘော်ဒလဲရဲ့ ကဗျာတစ်ပုဒ်ကို ယူသုံးထားတာ။ သားရေးတာကို ဆက်ဖတ်ပါ"

"ဒီလောက်ဆို လုံလောက်ပြီ။ ဒါ ဘာ မဂ္ဂဇင်းလဲ"

"... တဲ့။ ဒီလ ပင်လယ်ကွေ့စစ်ပွဲ ဆောင်းပါး တော်တော်ကောင်းတယ်။ ဖတ်ကြည့်စမ်းပါ ဖေဖေ။ ဒါနဲ့ ကမ္ဘာစစ်နောက်တစ်ခုများ ထပ်ဖြစ်ဦးမလား။ ဖေဖေ ဘယ်လိုထင်လဲ"

"စစ်ကတော့ ဖြစ်မှာပဲ"

"သေချာရဲ့လား ဖေဖေ"

"သေချာတယ်"

"ဘယ်သူနဲ့ ဘယ်သူ ဖြစ်ကြမှာလဲ"

"ဖေဖေနဲ့ သားပေါ့။ သားကဗျာတွေ ဆက်ရေးနေရင် ဖေဖေနဲ့ စစ်ဖြစ်မှာပဲ"

သားကြီးသည် ဖခင်ကို နားမလည်စွာ ကြည့်သည်။

"ဖေဖေ ဘယ်လို ဖြစ်တာလဲ"

"ဘယ်လိုဖြစ်တာလဲ ဆိုတော့ သားကို ကဗျာဆရာ မဖြစ်စေချင်တာပဲ"

သားကြီးသည် ဖခင်ကို အတန်ကြာ စူးစိုက်ကြည့်နေ၏။

"ဒါဖြင့် ဖေဖေက ဘာဖြစ်စေချင်လို့လဲ"

"ဘာမှ မဖြစ်စေချင်ဘူး။ သားကို သာမန်လူတစ်ယောက်ပဲ ဖြစ်စေချင်တယ်။ ပညာသင် စီးပွားရှာ၊ အိမ်ထောင်ပြု စီးပွားရှာ၊ မျိုးဆက်ဖြန့် - စီးပွားပိုရှာ - ရှာ - ရှာ။ အချိန်တန်တော့ အသာကလေး သေသွား။ ဒီလို ဘဝမျိုးက Side Effect နည်းတယ်။ အပိုအန္တရယ် နည်းတယ်ပေါ့ကွာ"

"မစိမ်းပင် ရဲ့ ကဗျာ တစ်ပုဒ် ရှိတယ် ဖေဖေ။ 'အတ္တမဲ့ မာနဖြင့်၊ ဘဝကို ထုဆစ်၊ ခေတ်ကို ထမ်းပိုး၊ ရိုးသား၏ ရဲရင့်စွာ' တဲ့။ သားက အတ္တကို အနာဂတ်ပို့ထားချင်တာ။"

"နားထောင်လို့ ကောင်းလိုက်တာ သားရာ၊ ရင်ထဲမှာ နာလိုက်တာ"

"သားမှာ ရွေးချယ်ခွင့် ရှိတယ် ဖေဖေ"

"သားထင်လို့ပါ။ မရှိပါဘူး။ ဖေဖေလည်း ဟိုတုန်းက ဒီလိုပဲ ထင်ခဲ့ဖူးတယ်"

"ရှိကို ရှိရမယ် ဖေဖေ။ ပြီးတော့ သားဟာ လူငယ်တစ်ယောက်... "

"ဖေဖေလည်း လူငယ် ဖြစ်ခဲ့ဖူးတာပေါ့"

သားကြီးသည် နှုတ်ခမ်းကို ကိုက်၍ အတန်ကြာ ငြိမ်သက်နေ၏။ ထို့နောက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"ဒါဖြင့် ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား"

"ဘာကွ"

နေရာမှ ဖေဖေ ဝုန်းကနဲ ခုန်ထသည်။ ကုလားထိုင်သည် နောက်သို့ လဲပြိုသွား၏။

"ပြန်မေးစမ်း၊ ပြန်မေးစမ်း"

"
ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား"

ဖေဖေသည် သားကြီးကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။ ဖေဖေ့မျက်နှာပေါ်၌ အရိပ်မျိုးစုံတို့ ဖြတ်သန်းနေကြသည်။

"ကြောက်စရာအကောင်းဆုံး မေးခွန်းကို သားမေးလိုက်တာပဲ။ ဒါပေမဲ့ ဖေဖေ့အတွက်တော့ ကြောက်စရာ မဟုတ်ပါဘူး။ ဟေ့ ဒီမှာ သား"

ဖေဖေသည် စားပွဲကို ကွေ့ပတ်ကာ နံရံပေါ်မှ မှန်ဘောင်သွင်း စာရွက်ရှေ့သို့ သွား၍ ရပ်သည်။

"ဖေဖေ ဒီလို ငယ်ခဲ့ဖူးတယ်"

မှန်သားပြင်ကို လက်ချောင်းများဖြင့် တဒေါက်ဒေါက် ခေါက်၍ ပြသည်။

"မြင်ရဲ့လား။ ဖေဖေ ဟောဒီလို ငယ်ခဲ့ဖူးတယ်ကွ"

ဖေဖေသည် မှန်ချပ်ကို ညာဘက်လက်သီးနှင့် တအားကုန် ပစ်ထိုးလိုက်၏။

မှန်သားပြင် ကွဲကြေသံ၊ မှန်စများ ကြမ်းပြင်သို့ လွင့်ကျသံများသည် နားကြောစိမ့်ဖွယ် ထွက်ပေါ်လာသည်။ ဖေဖေ့လက်မှာ သွေးတွေ ရဲခနဲ ဖြာသည်။

"ဖေဖေ... "

သားကြီးသည် ကုလားထိုင်ကို တွန်းဖယ်ပစ်ကာ ဖခင်ထံ တဟုန်ထိုး ပြေးသွား၏။ ဖေဖေသည် ကြမ်းပြင်ပေါ်ကျနေသော မှန်ကွဲစများကြားမှ စာရွက်ကို ကောက်ယူလိုက်သည်။

"ဒီမှာလေ ဖေဖေ ငယ်ခဲ့ဖူးတာ"

ဆူညံဆူညံ အသံဗလံများကြောင့် မေမေနှင့် သားလတ်တို့သည် ဧည့်ခန်းထဲသို့ ပြေးထွက်လာကြ၏။

"ဟဲ့ဟဲ့ ဘယ်လိုဖြစ်ကြတာလဲ။ အို မောင့်လက်မှာ သွေးတွေ ... ဘုရား ဘုရား"

ဖေဖေသည် သားကြီးကို အေးချမ်းစွာ ကြည့်လိုက်သည်။

"ဒါပါပဲ သား၊ တကယ်တမ်း အဆုံးရှုံး အစွန့်လွှတ် မခံနိုင်ဘဲနဲ့ ဘာကိုမှ မစွန့်စားပါလေနဲ့"

ထို့နောက် ဖေဖေသည် အိမ်တွင်းခန်းဆီသို့ တည်ငြိမ်စွာ လျှောက်သွားလေသည်။

မောင်သစ်ဆင်း (ဟန်သစ် မဂ္ဂဇင်း၊ အမှတ် - ၁၂)

***
အဲဒီစာအုပ်ထဲမှာ မဂ္ဂဇင်းနာမည်ပဲ ပါပြီး အချိန်ကာလကို ထည့်မထားဘူး။
ဒီ ဝတ္ထုက '93/ 94 လောက်မှာ ပါခဲ့တယ်။

***

ကျိန်စာ (၁) - မောင်သစ်ဆင်း

အိမ်ရှေ့တံခါးသည် အရှိန်ပြင်းပြင်းနှင့် ရုတ်တရက် ပွင့်လာ၏။ အပြင်ဘက်တွင် လေထန်လျက် ရှိသည်။

အိမ်တွင်းခန်းသို့ ဖေဖေ ဝင်လာပုံမှာ လေက တံခါးကို ဆောင့်ဖွင့်ပေးလိုက်ပြီး ဖေဖေ့ကိုပါ တခါတည်း တွန်းသွင်းလိုက်သကဲ့သို့ ဖြစ်သည်။

ဖေဖေသည် တံခါးကို ပြန်စေ့လိုက်ပြီး ဧည့်ခန်းထဲသို့ တစ်ချက် ဝေ့၍ ကြည့်လိုက်၏။ ဖေဖေ့မျက်လုံးများက အနည်းငယ် မှေးစင်းနေကာ မျက်နှာမှာ နီရောင်လွင်နေသည်။ အနည်းငယ် ယိမ်းယိုင်ချင်သော ခြေလှမ်းများဖြင့် ဧည့်ခန်းတွင်းသို့ ဖေဖေ ဝင်လာသည်။

ဧည့်ခန်းထဲမှာ မေမေရှိသည်။ သိုးမွေးထိုးတံ တစ်ချောင်းနှင့် အလုပ်များနေသော မေမေသည် ဖေဖေ့ကို တစ်ချက်မျှသာ မော့၍ ကြည့်သည်။ သိုးမွေးထိုးနေသည့် မေမေ့ လက်အစုံက ဖေဖေ ဝင်လာသည်နှင့် မသိမသာ နှေးကွေးလေးလံသွားဟန်ရှိသည်။

ဖေဖေက လက်ဆွဲသေတ္တာပြားကို ဗီရိုတစ်ခုအတွင်းသို့ ပစ်သွင်းလိုက်ပြီး ဗီရိုတံခါးကို အသံမြည်အောင် ပိတ်လိုက်သည်။ လေပူတစ်ချက် မှုတ်ထုတ်ကာ အပေါ်အင်္ကျီကို ချွတ်သည်။ မေမေ့ကို မသိမသာ စောင်းငဲ့၍ ကြည့်သည်။

မေမေသည် သိုးမွေးကိုသာ ငုံ့၍ သည်းသည်းမည်းမည်း ထိုးလျက်ရှိ၏။ အင်္ကျီကို ချိတ်တွင် ချိတ်ပြီးသောအခါ မေမေရှိရာသို့ ဖေဖေ လျှောက်လာသည်။ မေမေ့ဘေးရှိ ကုလားထိုင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ မေမေ့နှာခေါင်း မသိမသာ ရှုံ့သွားသည်။

"ဘယ်သူတွေနဲ့ တွေ့လာပြန်ပြီလဲ"

"ဟင့်အင်း ဘယ်သူတွေနဲ့မှ မတွေ့ပါဘူး။ ကိုယ်တို့ အဖွဲ့ရဲ့ အကြိုအောင်ပွဲတဲ့ကွာ။ ဒေါက်တာညွန့်လွင်က ဒကာခံတာ။ ကိုယ်တို့ လုပ်ငန်းအခြေအနေကောင်းတယ်။ ဆေးယဉ်နေတဲ့ ငှက်ဖျားပိုးရဲ့ လိုက်ဖ်ဆာကယ်ထဲက အဆင့်တစ်ဆင့်မှာ ကိုယ်ခံအား..."

သိုးမွေးချည်လုံးကို စားပွဲပေါ်သို့ ပစ်တင်လိုက်သဖြင့် ဖေဖေ စကားရပ်သွား၏။

"ထမင်းစားဦးမှာလား"

"ဟင့်အင်း မစားတော့ဘူး"

မေမေက ချည်လုံးကို ပြန်ကောက်ပြီး ဆက်ထိုးနေသည်။ ဖေဖေသည် နိမ့်မြင့်လှုပ်ရှားနေသော မေမေ့လက်ချောင်းများ၊ တွန့်လိမ်နေသော ချည်မျှင်စများ၊ တစ်ချက်တစ်ချက် ဝင်းလက်သွားတတ်သော သိုးမွေးထိုးတံတို့ကို အဓိပ္ပါယ်မရှိ ငေးစိုက်ကြည့်နေသေး၏။ ထို့နောက် မျက်နှာကို လက်ဝါးဖြင့် တစ်ချက်နှစ်ချက် ပွတ်သပ်သည်။ အပေါ်သို့မော့၍ မီးချောင်းကို ကြည့်သည်။ ဧည့်ခန်းထဲရှိ စာအုပ်ဗီရိုများကို ကြည့်သည်။ ထို့နောက် မေမေ့ကို ပြန်ကြည့်သည်။

"ကလေးတွေရော"

"အငယ်မက ဖျားနေတယ်။ အလတ်ကောင်က ဗွီဒီယိုတဲ့၊ သားကြီးက... "

ဖေဖေ ဆတ်ခနဲ ခါးကို ဆန့်လိုက်သည်။

"ဟင် သမီးဖျားနေတယ်။ အတော်လေး ဖျားလား။ ဘာဆေးတိုက်ထားလဲ"

"ဒီအိမ်မှာ ဘာဆေးတွေများ ရှိလို့လဲ။ ရှိလည်း ကျုပ်က ဆရာဝန်မှ မဟုတ်တာ။ ပါရာစီတမော တပြားတော့ တိုက်ထားတယ်"

ဖေဖေသည် ထိုင်ရာမှ ထကာ ဗီရိုဆီသွားသည်။ ဗီရိုကို ဖွင့်၍ အတန်ကြာ ရှာဖွေနေ၏။

"ရှင် ဘာရှာနေတာလဲ"

"နားကြပ်"

"ဟိုတလောကတော့ အောက်ဆုံးအံဆွဲထဲမှာ မြင်မိတာပဲ"

အောက်ဆုံးအံဆွဲကို ဖေဖေဖွင့်သည်။ နားကြပ်ကို တွေ့၏။

"သမီး အိပ်နေသလား"

"အင်း"

နားကြပ်ကို ပုဆိုးနှင့် ပွတ်ရင်း အိပ်ခန်းထဲသို့ ဖေဖေဝင်သွားသည်။ မေမေက ထိုင်ရာမှ မထ။ အထိုးမှားသွားဟန်တူသည့် ချည်စကို ပြန်လည် ဖြေချနေသည်။

ခဏကြာသော် ဖေဖေ ပြန်ထွက်လာ၏။ နားကြပ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ကုလားထိုင်တွင် ဝင်ထိုင်သည်။

"ချွေးထွက်တယ်။ သိပ်လည်း မပူတော့ဘူး။ ချွဲသံလည်း မကြားဘူး။ အပရိကဖျားလောက်ပဲ နေမှာပါ။ သမီး တရေးနိုးရင် တပြားထပ်တိုက်မယ်။ မနက်မှာ ဖျားသေးရင် ခင်မောင်သန်းဆီ ပြတာပေါ့။"

မေမေ့မျက်နှာ၌ မဲ့ပြုံးတစ်ခု ပေါ်လာကာ ဟင်းကနဲ တစ်ချက်ရယ်လေသည်။

"ဖအေဆရာဝန် တစ်ယောက်လုံး ဖြစ်နေပြီး ကျွန်မ ကလေးတွေလည်း ကံဆိုးရှာပါတယ်။ ဘာဖြစ်ဖြစ် ဒေါက်တာခင်မောင်သန်းနဲ့ပဲ"

ဖေဖေ့မျက်နှာပေါ်က အနီရောင်သည် လွင်ရမှ ရုတ်ချည်း ရင့်သွား၏။ မေမေ့ကို ဆတ်ခနဲ လှမ်းကြည့်သည်။

"ဟေ့ ငါက ဆေးကုတဲ့ ဆရာဝန် မဟုတ်ဘူး"

"ရှင်က ဒါကိုပဲ ဂုဏ်ယူနေတယ်ပေါ့"

ဖေဖေနှင့် မေမေသည် တစ်ယောက်ကို တစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ ခဏကြာသော် ဖေဖေ သက်ပြင်းချလိုက်သည်။

"တို့ဆေးလောကမှာ အဆိုတစ်ခုရှိတယ်။ ဆေးကုသသော ဆရာဝန်သည် ကောင်း၏။ ပညာပေးသော ဆရာဝန်သည် ပိုကောင်း၏။ သုတေသနလုပ်သော ဆရာဝန်ကား အကောင်းဆုံးဖြစ်၏ တဲ့။ မင်းနားလည်ဖို့ ကောင်းတယ်။ တဆိတ်ရှိ ဒါကိုပဲ ခလုတ်တိုက်နေ။"

"သြော် ဟုတ်လား သည်းခံပါရှင်။ ဆရာဝန် အမျိုးမျိုး ရှိမှန်း အစက ကျွန်တော်မျိုးမ မသိခဲ့လို့ပါ။ ရှင်နဲ့ မရခင်ကတည်းကသာ သိခဲ့ရင် ကျွန်မဘဝ..."

"ခင်... တော်တော့ကွာ၊ ဒါတွေ အပ်ကြောင်းထပ်လှပြီ။ ကိုယ်တောင်းပန်ပါတယ် တော်ကြစို့။"

ဖေဖေသည် လက်နှစ်ဘက်ကို အသာခါကာ စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းယမ်းလျက်ရှိသည်။

"မတော်နိုင်သေးဘူး။ ဒီည ရှင့်ကို ပြောစရာတွေ အများကြီး ရှိတယ်"

မေမေ့မျက်လုံးများ အတွင်း၌ သိုးမွေးထိုးတံ၏ တောက်ပြောင်မှုမျိုးကို မြင်တွေ့နေရသည်။ ဖေဖေက ခေါင်းယမ်းဆဲ။

"ဒီမယ် ရှင့်ကို ပြောစရာ နှစ်ချက် ရှိတယ်"

"အေး ပြော ပြော တကယ်လို့ နံပါတ် ၃ အချက်ပါ ရှိသေးရင်လည်း ဆက်ပြော"

"ပြောရမှာပဲ၊ ကဲ နံပါတ်တစ်အချက်... ရှင် ငွေ ခြောက်သိန်း ရှာနိုင်သလား"

"ဘာ... ခြောက်သိန်း"

ဖေဖေသည် မျက်ခုံးနှစ်ဘက် ပင့်လျက် မေမေ့ကို အလန့်တကြား ကြည့်၏။

"ခြောက်သိန်း ဘာလုပ်ဖို့လဲ"

"ဘာလုပ်ရမှာလဲ။ တိုက်ခန်းဝယ်ဖို့ပေါ့"

"ဘာတိုက်ခန်းလဲ၊ အခု အိမ်ခန်းက..."

"နေ့လည်က အိမ်ရှင် အဖွားကြီး လာသွားတယ်။ အခုနေရာတွေကို ကန်ထရိုက်နဲ့ တိုက်ဆောက်တော့မယ်။ မြေညီထပ်လိုချင်ရင် တစ်ခန်းခြောက်သိန်း၊ ယူနိုင်ရင် ယူ၊ မယူနိုင်ရင် ယူမယ့်သူတွေ တန်းစီနေတယ်။ အဲ... အပေါ်ဆုံးထပ် ဆိုရင်တော့ နည်းနည်း ဈေးလျော့မယ်။ ဘယ်လောက်လဲ သိလား"

ဖေဖေသည် မေမေ့ကို ကြောင်ကြည့်နေရာမှ မျက်နှာလွှဲလိုက်သည်။

"မသိချင်ဘူး"

မေမေသည် ချည်လုံးကို စားပွဲပေါ်သို့ ပစ်ပေါက်လိုက်သည်။

"မသိချင်လို့ ရမလား၊ ဒါ အိမ်ထောင်ဦးစီးတစ်ယောက် ပြောရမယ့် စကားလား။ ရှင်တော်တော် တာဝန်မဲ့"

မေမေသည် အသံတုန်လာ၏။ ဖေဖေက လက်ဝါးကာပြန်သည်။

"ကဲ ကဲ သိချင်တယ် ဘယ်လောက်တဲ့လဲ"

"နှစ်သိန်း"

ဖေဖေသည် အောက်နှုတ်ခမ်းကို မသိမသာ ကိုက်လိုက်သည်။

ညာဘက်လက်ကို ဆုတ်ချည်ဖြန့်ချည် လုပ်နေ၏။

"ဘယ်လိုလဲ၊ နှစ်သိန်းလောက်တော့ ရှင် ရှာနိုင်မလား။ မရှာနိုင်ရင် အိမ်ရှင်က ထွက်ခ နှစ်သောင်းပေးမယ်တဲ့။ ဂျောင်းပေတော့ပဲ။ ကျွန်မတို့ကလည်း ကိုယ့်အဆင့်အတန်း အကျခံပြီး ဘယ်လောက်ရမှ ထွက်ပေးနိုင်မယ် ဘာညာတွေ လုပ်မနေချင်ဘူး။ ကဲ ဘယ်လို စိတ်ကူးရသလဲ။ တစ်ခုတော့ ရှိတယ်နော်။ ကျွန်မ မိဘဆီကတော့ လုံးဝ မစဉ်းစားပါနဲ့တော့။ မေမေတို့မှာ ကျွန်မတို့ကို လှမ်းလှမ်းပြီး ဖို့နေရတာ များလှပြီ။ သမီး မွေးပြီးကတည်းက လစဉ် လှမ်းလှမ်း ထောက်နေရတာ။ ဒီကြားထဲ အကြောင်းကိစ္စပေါ်လာတိုင်း သွားပြီး အပူကပ်ရသေးတယ်။

မေမေဆိုရင် ရှေ့တမျိုး တိတ်တိတ်တမျိုး သူ့သမီးကို ပေးနေရတာ။ မနှစ်က မုံရွာ ခဏ ပြန်တုန်းကဆို မေမေက ညည်းတို့မှာလည်း ဒီအတိုင်းသာဆို ခက်ရချည်ရဲ့တဲ့။ ပြီးတော့ ပွဲရုံကလည်း လုပ်ငန်းကြီးလာတော့ အရင်းများနေတယ်။ ဒီတခါတော့ မေမေတို့ကို ဒုက္ခမပေးချင်တော့ဘူး။ ညီအစ်မတွေရဲ့ မျက်စောင်းဒဏ်လည်း မခံနိုင်တော့ဘူး။ ရှင်မရှက်ပေမယ့် ကျွန်မ ရှက်တယ်။ အဲဒါ ရှင် စဉ်းစားပါ"

မေမေပြောနေသည့် တချိန်လုံးတွင် ဖေဖေသည် ကုလားထိုင်ကို ကျောမှီလိုက် လက်နှစ်ဖက်ကို ဦးခေါင်းနောက်တွင် ယှက်ကာ ရှေ့တည့်တည့်မှ နံရံကို စူးစူးစိုက်စိုက် ကြည့်နေလေသည်။ နံရံပေါ်တွင် မှန်ဘောင်သွင်း၍ ချိတ်ဆွဲထားသော စာရွက်တစ်ရွက် ရှိသည်။ ထိုစာရွက်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ပေးပို့သောစာ ဖြစ်သည်။ ဆေးပညာဂျာနယ်တွင် ပါရှိသော ဖေဖေ့ သုတေသနတွေ့ရှိချက်စာတန်းကို အကြောင်းပြု၍ ပေးပို့သည့် ကျေးဇူးတင် ချီးကျူးကြောင်း သဝဏ်လွှာ ဖြစ်လေသည်။ မျက်တောင်မခတ် ငေးစိုက်လျက်ရှိသော ဖေဖေကတော့ ဘာကိုမှ မြင်ဟန်မတူ။

မေမေသည် ဖေဖေ့ကို ထွင်းဖောက်၍ ကြည့်လိုက်၏။

"ဘယ်လိုလဲ ဒေါက်တာ။ ဖြစ်နိုင်ရဲ့လား"

ဖေဖေသည် မေမေ့ကို ကြည့်လည်းမကြည့်၊ ဖြေလည်း မဖြေ၊ မှုန်တေသောမျက်နှာသည် စားပွဲခင်းပေါ်၌သာ စွဲမြဲနေပြန်၏။ မျက်လုံးထောင့်နှင့် နှုတ်ခမ်းထောင့် ကြွက်သားလေးများက အနည်းငယ် ခုန်လှုပ်နေကြသည်။ မေမေ ပြုံးလိုက်၏။ အောင်နိုင်သူ အပြုံးမျိုးဖြင့် မေမေ ပြုံးသည်။

"ရှင့် မိုက်ကရိုစကုပ်အောက်က ငှက်ဖျားပိုးကလေးတွေဆီက ငွေ နှစ်သိန်းလောက် ခဏ ချေးလို့ကော မရနိုင်ဘူးလား"

ထိုင်နေရာမှ ဖေဖေ ဝုန်းကနဲ ထရပ်သည်။ မေမေ့ကို ကြည့်သော အကြည့်၌ မီးနီတွေ ဝင်းလက်သည်။ နှုတ်ခမ်းထောင့်များ သိသိသာသာ တုန်လှုပ်နေ၏။

"မင်း မင်း တရားလွန်လာပြီနော်။ အခုလောက်ထိ စော်ကားလာဖို့တော့ မကောင်းဘူး။ မင်းလည်း ပညာတတ်တစ်ယောက်ပဲ။ သုတေသနသမားတစ်ယောက်ရဲ့ ဘဝကို နားလည်ဖို့တော့ ကောင်းတယ်။ ငါ့မှာ ပိုက်ဆံများများ ရှာတတ်တဲ့ အရည်အချင်း မရှိဘူး ဆိုတာ ငါဝန်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်မဝင်စားလို့။ ပိုက်ဆံထက် စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်မျိုးကို လုပ်နေရလို့။ ပိုက်ဆံတစ်ခုတည်းအတွက် ငါ အချိန်မပေးနိုင်ဘူး။ အဲဒါ ငါ့အားနည်းချက်လို့ ဆိုချင်ဆို။ လူတစ်ယောက်ရဲ့ အားနည်းချက်ကို ဘာဖြစ်လို့ စော်ကားချင်ရတာလဲ။"

"ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အားနည်းချက်ကြီးကြောင့် ကျွန်မတို့မိသားစုဘဝ ဒုက္ခရောက်ရလို့ပေါ့"

"ကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေ ကမ္ဘာပေါ်မှာ တစ်ပုံကြီးပါကွာ"

"အိုး လူဆိုတာဟာ ကိုယ့်ဒုက္ခနဲ့ ကိုယ်ရှင့်။ ဒီမယ် ကျွန်မတို့ဒုက္ခဟာ ဖြစ်သင့် ဖြစ်အပ်တဲ့ ဒုက္ခမျိုး မဟုတ်ဘူး။ တမင်သက်သက်ကို ဒုက္ခခံနေရတဲ့ ဘဝ။ သိရဲ့လား။"

ဖေဖေ အသက်ရှူမြန်နေသည်။ နဖူးပြင်နှင့် နှာခေါင်းဖျား၌ ချွေးများစို့လျက်။ ခဏကြာသော် ကုလားထိုင်ပေါ်သို့ ဝုန်းကနဲ ပြန်ထိုင်လိုက်သည်။ ထို့နောက် အံတစ်ချက် ကြိတ်လိုက်သည်။

"ဒီလောက်လည်း ပူစရာ မရှိပါဘူး။ မြို့သစ်မှာ နေရာရနိုင်သားပဲ"

"ရှင်ပဲ အစက မယူချင်ဘူးဆို၊ စိတ်မဝင်စားဘူးဆို"

"အခု ယူမယ်လေ။ ပြန်လျှောက်လိုက်မယ်"

"ဘယ်ကငွေနဲ့ အိမ်ဆောက်မှာလဲ"

ဖေဖေ ခေတ္တမျှ တွေဝေနေ၏။ ပြီးမှ အသက်တစ်ချက်ရှိုက်ကာ...

"ဝန်ထမ်းချေးငွေ ရှိသားပဲ ချေးလိုက်ရုံပေါ့"

မေမေ ခေါင်းယမ်းသည်။

"ရှင့် အစီအစဉ်ကို ကျွန်မ စိတ်မဝင်စားဘူး။ ကျွန်မ အစီအစဉ်ကို ပြောမယ်။ ကျွန်မ အစီအစဉ်က နေရာပြောင်းဖို့တင် မဟုတ်ဘူး။ ဘဝပါ ပြောင်းရမှာ"

"ဘာလဲ အဲဒါ"

"ကျွန်မတို့ မိသားစု မုံရွာကို ပြောင်းမယ်"

"ဘာ..."

"မနေ့က မေမေ့ဆီက စာလာတယ်။ သမီးတို့ အဆင်မပြေရင် မုံရွာကို လာခဲ့ကြပါတဲ့။ မုံရွာမှာ ကျွန်မနာမည်နဲ့ အိမ်တစ်လုံးရှိတယ်။ ခြံဝင်းလည်း ကျယ်တယ်။ ပွဲရုံလုပ်ရင် ရတယ်။ မေမေတို့နဲ့ တွဲပြီး ပွဲရုံဖွင့်မယ်"

"ဒါဖြင့် ငါက..."

"မုံရွာ ဆေးရုံကို ပြောင်းရအောင် ကြိုးစားပေါ့။ မလွယ်ရင်လည်း ထွက်ပစ်လိုက်ပေါ့။ မုံရွာမှာ ဘာလုပ်စားစား ရတယ်"

"ဟေ့ ငါက ဆရာဝန်ကွ"

မေမေက တစ်ချက် ရယ်၏။

"ဘာဖြစ်သလဲ၊ ရှင် ဆရာဝန်ဆိုရင် ဆေးခန်းကလေး ဟန်မပျက် ဖွင့်ပေါ့။ တစ်ဖက်ကတော့ စီးပွားရေး လုပ်ရမှာပဲ။ ရှင်ကလည်း မိုက်ကရိုစကုပ် ကြည့်နေရတာနဲ့ အပြင်ကို မကြည့်အားတော့ဘူး ထင်ပါရဲ့။

(စကားချပ်။ ဒီနေရာမှာ ဆင်ဆာ ဖြတ်ထားတယ်။ မဂ္ဂဇင်းထဲမှာတုန်းက ... အာလူးကြော်ရောင်းတဲ့ ဆရာဝန်၊ အုတ်သဲကျောက်လုပ်တဲ့ ဆရာဝန်... ပြီးတော့ ဘာဆိုလား ထည့်ရေးထားတာ ၃/ ၄ မျိုးပါသေးတယ်)


"ဒီမယ် မိမိခင်၊ ငှက်ဖျားသုတေသနကို ဇောက်ချပြီး လုပ်ချင်လွန်းလို့ ငါ ဘယ်လောက် ကြိုးစားခဲ့ရတယ်ဆိုတာ မင်းအသိ"

"သိတယ်လေ။ ဒီမယ် မောင်၊ ကျွန်မနဲ့ မောင် နှစ်ယောက်တည်းဆိုရင် ကျွန်မ မောင့်ကို ပါရမီ ဖြည့်နိုင်ပါတယ်။ ကလေးတွေ ရှိသေးတယ် မောင်။ ကျွန်မတို့ ကိုယ့်ဘဝကိုယ် မပိုင်ကြတော့ဘူးလေ။ ဘာမဆို သူတို့ဘဝကို ရှေ့တန်းတင်ပြီး စဉ်းစားကြရမှာပဲ။ ကဲ... အချက် နှစ်ချက် ကျွန်မ တင်ပြပြီးပြီ။ မောင့်အနေနဲ့ တစ်ခုခု ဆုံးဖြတ်ဖို့ပဲ ရှိတော့တယ်။ လူသားအားလုံး ကောင်းကျိုးထက် လောလောဆယ် မိသားစုကောင်းကျိုးဆိုတဲ့ လမ်းကို မောင် ရွေးချယ်ပါစေလို့ ကျွန်မ ငရဲကြီးခံပြီး ဆုတောင်းပါတယ်"

မေမေသည် ထိုင်ရာမှ ထကာ အိပ်ခန်းဆီသို့ လျှောက်သွားသည်။ အခန်းဝ အရောက်တွင် ဖေဖေ့ဘက် ပြန်လှည့်လိုက်၏။

"ဘာဖြစ်လို့ ငရဲကြီးခံရဲသလဲ သိရဲ့လား မောင်။ ကျွန်မက မိခင်တစ်ယောက် ဖြစ်နေလို့ပေါ့"

***
အပိုင်း (၂ ) သို့

Saturday, March 27, 2010

ပံ့သကူ (၂) - မောင်သစ်ဆင်း

"ကိုလူဝ" နှင့် လူငယ်တို့ကလည်း တိုင်ပင်ထားသလိုပင် ထိုင်နေရာမှ ပြိုင်တူ ထ ရပ်လိုက်မိကြသည်။

အဘွားအိုသည် ပတ်ဝန်းကျင်ကို မေ့လျော့သွားသည်နှယ် ကျိုးကျဲသော သွားများပေါ်အောင် ပြုံးလိုက်သည်။ တုန်ယင်သော လက်အစုံနှင့် စာအိတ်ကို ဖွင့်လိုက်၏။

စာရွက်ခေါက်လေး တစ်ရွက်။
ပြီးတော့...
ဘာမှ မရှိ။

အဘွားအို မျက်နှာ ကွက် ခနဲ ပျက်၏။ အပြုံးလည်း ရုတ်ချည်း ပျောက်ကွယ်သည်။ စာအိတ်ကို ကိုင်လျက် အတန်ကြာ ငိုင်ကျသွား၏။ နောက်မှ ဘေးဘီကို သတိရသလို ကြည့်သည်။ သူ့ကို ရပ်ကြည့်နေသူ နှစ်ဦးအား မြင်လိုက်ရသည့်အခါ အဘွားအိုသည် မျက်နှာမထားတတ်သလို ဖြစ်သွားလေသည်။ ထိုအချိန်တွင် လူငယ်က သူ့ထံ လျှောက်လာ၏။

"အဘွား နည်းနည်းလေး နောက်ကျသွားတယ်ဗျ။ စောစောလေးကပဲ ဟောဒီ အစ်ကို ရသွားတယ်။" အဘွားအိုသည် အဝတ်တစ်စလို ပုံကျနေသည့် ဦးခေါင်းကို ဖြည်းလေးစွာ အားယူမော့၍ လူငယ်ကို ကြည့်သည်။ ထို့နောက်
"ကိုလူဝ" ကို ကြည့်သည်။ အားယူ၍ ပြုံးသည်။

"သြော် ကောင်းပါလေရဲ့ကွယ်"

"နေပါဦး အဘွားရဲ့။ အဘွားက စောစောကတည်းက ဒီ ပံ့သကူ ကို တွေ့ခဲ့ပြီးသားလား။ ဘာဖြစ်လို့ ခုမှ လာကောက်ရတာလဲ။"

လူငယ်၏ အမေး၌ အဘွားကြီး ရုတ်တရက် ထိတ်ပျာသွားလေသည်။ လူငယ်ကို ကြည့်လိုက်
"ကိုလူဝ" ကို ကြည့်လိုက်နှင့် ဘာပြောရမည်မသိ ဖြစ်နေဟန်ရှိသည်။ နှုတ်ခမ်းကို လျှာနှင့်သပ်၍ အမျိုးမျိုး ပါးစပ်ကို ပြင်သည်။ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်၍ ခေါင်းကို ယောင်ယမ်း၍ ကုတ်သည်။ လူငယ်က သူ့ကို စိတ်ဝင်တစား ကြည့်နေ၏။

"ဟိုဒင်း... ကျုပ်က... အဲဒီ... ဟိုဟာ... အဲ ဘာပြောရမှန်းတောင် မသိတော့ပါဘူးကွယ်။"

အဘွားကြီး ခေါင်းကုတ်ပြန်သည်။

"ဒီလိုကွယ်။ ပြောရမှာ ရှက်တော့ ရှက်စရာပါပဲ။ ဒီ ပံ့သကူ က ကျုပ်ကိုယ်တိုင် ဒီနေ့မနက်က ပစ်ခဲ့တာပဲကွယ်"

"ဟောဗျာ ဒါဖြင့် ဘာဖြစ်လို့လဲ"

"အဲဒါ ရှက်စရာ ကောင်းတာပ။ ဒီလိုကွယ်... ကျုပ်တို့က တောကပါ။ မြေးကလေး မမာလို့ ဆေးရုံလာတင်ရတာ နှစ်ပတ်လောက် ရှိပြီ။ အခြေအနေကလည်း သိပ် မထူးခြား လှတာနဲ့ အဲဒါ ဒီမနက် ဆေးထွက်ဝယ်ရင်း ဗေဒင်ဝင်မေးတော့ ဆရာက ယတြာချေတဲ့ အနေနဲ့ လမ်းဆုံ၊ လမ်းခွ၊ လမ်းဘေး၊ သစ်ပင်တစ်နေရာမှာ ကိုယ် တတ်နိုင်သလောက် ပံ့သကူ ပစ်ရမယ် တဲ့။ ပြီးတော့ အင်းချထားတဲ့ စာရွက်ပေါ်မှာ စာရေးခိုင်းတယ်။ ကျုပ်က မရေးတတ်တော့ ဆရာကိုယ်တိုင် ရေးပေးရှာတယ်။ အဲဒါနဲ့ ဈေးထဲက ဆေးဆိုင်ကိုအသွား ဟောဒီ ညောင်ပင်ကြီးအောက်မှာ ပံ့သကူ ပစ်ခဲ့တာကွယ်"

"ဒါဖြင့် အခု ပြန်လာယူတာက..."

"ဆေးဈေးတွေ တက်သွားလို့ကွယ့်။ ကျုပ်ဝယ်ရမှာ... အဲ... နာမည်တော့ မခေါ်တတ်ဘူးကွယ့်။ အသက်ကယ်ဆေး ဆိုလားပဲ။ အဲဒါက သုံး လေးရက်အတွင်း အများကြီး တက်သွားတယ်။ စုစုပေါင်း ဆေးဖိုးတွက်လိုက်တော့ ငွေ ဆယ့်ငါးကျပ် လိုနေရော... တည်းတဲ့ ဘုန်းကြီးကျောင်း ပြန်သွားရမှာကလည်း အဝေးကြီး... မြေးလေးကလည်း တအား မောနေ၊ ဆေးကလည်း ချက်ချင်းရမှ ဖြစ်မှာဆိုတော့ မနက်က ပစ်ခဲ့တဲ့ ပံ့သကူငွေ ဆယ့်ငါးကျပ်ကို ပြန်သတိရလိုက်တာနဲ့... အင်း စွန့်ခဲ့ပြီးပေမယ့် မတတ်နိုင်ဘူးကွယ်။ ပြန်ရလိုရငြား လာရှာမိတာပါ။ ပြန်မရတာပဲ ကောင်းပါတယ်။ မြေးကလေး ကုသိုလ်ရတာပေါ့။"

လူငယ်သည် မျက်မှောင်ကြုတ်လိုက်၏။

"နေပါဦး။ အဘွားပစ်ခဲ့တာ ငွေဘယ်လောက်"

"ဆယ့်ငါးကျပ်လေ။ မြေးကလေး သက်စေ့ပဲ။"

"ဟုတ်ရဲ့လား။"

"ဟုတ်ပါတယ်ကွယ်။ ဆယ့်ငါးကျပ်တန် တစ်ရွက်ရယ်၊ ဗေဒင်ဆရာ ရေးပေးတဲ့ စာရွက်ရယ်။"

လူငယ်က "ကိုလူဝ" ကို လှည့်ကြည့်သည်။ "ကိုလူဝ" ထံမှ တင်းမာသော အကြည့်များကို မြင်ရသောအခါ လူငယ် အံ့သြသွားလေသည်။

"မဟုတ်သေးဘူး အဘွားရဲ့။ ပံ့သကူ စာအိတ်ထဲက ဒီအစ်ကို ရတာ ငွေ ၆ဝ။ ဟုတ်တယ် မဟုတ်လား အစ်ကို။"

လူငယ်က "ကိုလူဝ" ကို လှည့်၍ မေးလိုက်၏။ "ကိုလူဝ" က လူငယ်ကို စားမတတ် ဝါးမတတ် တင်းမာစွာ ကြည့်နေဆဲ။ ထို့နောက် အဘွားဘက် လှည့်ကာ ခေါင်းညိတ်သည် ဆိုရုံ ညိတ်လိုက်သည်။ အဘွားအိုသည် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ခေါင်းကုတ်ပြန်၏။

"ဟောတော် ငွေတွေက ဘယ်လိုလုပ် ပွားလာတာပါလိမ့်။ ကျုပ်ပစ်ခဲ့တာ ဆယ့်ငါးကျပ်ထဲပါကွယ်။ ဘုရားကြီး စူးရပါစေရဲ့။ အဲ ဗေဒင်ဆရာရဲ့ အင်းကြောင့်များလား။"

ထိုအခိုက်၌ လူငယ်သည် တစ်စုံတစ်ရာကို တွေးတောမိဟန်ဖြင့် စာအိတ်ကို ကြည့်လိုက်သည်။

"အဲဒီထဲက စာရွက်ကို ဖတ်ကြည့်ပါလား"

အဘွားအိုက စာရွက်ခေါက်ကို ထုတ်ယူပြီး ဖြန့်လိုက်သည်။ ဖူးစကတ်အရွယ် စာရွက်၏ ထိပ်ပိုင်း၌ အင်းကွက်ကလေး တစ်ကွက်ရှိသည်။ ထိုအင်းကွက်အောက်၌ မညီမညာ ရေးသားထားသည့် စာကြောင်းများ။ အဘွားအိုက လူငယ်ကို မော့ကြည့်၏။

"အဘွားက စာမဖတ်တတ်ဘူးကွယ့်။ လူလေး ဖတ်ပြပါလား။"

"ပေး ပေး ကျုပ် ဖတ်ပြမယ်။"

တစ်ချိန်လုံး ငြိမ်သက်နေခဲ့သည့် "ကိုလူဝ" က လှုပ်ရှားလာကာ အလောတကြီး ဝင်ပြောလိုက်၏။ သို့ရာတွင် စာရွက်က လူငယ်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ပထမဦးဆုံး အင်းကွက်ကို တွေ့လိုက်ရသည်နှင့် လူငယ်က အသာအယာ ပြုံးလိုက်၏။ ထို့နောက် စာကြောင်းများကို ဖတ်သည်။ ထိုသို့ ဖတ်နေစဉ်တွင် လူငယ်၏ မျက်နှာပေါ်၌ သနားရိပ်... ထို့နောက် အံ့သြရိပ်များ... ထို့နောက် အပြုံး အနည်းငယ်... ထို့နောက်...

စာရွက်ကို ဖတ်ပြီးသောအခါ လူငယ်၏ မျက်နှာ၌ တင်းမာရိပ်များ နောက်ဆုံး ကျန်ရစ်သည်။ ထိုမျက်နှာဖြင့် လူငယ်သည် "ကိုလူဝ" ကို ကြည့်လိုက်၏။ "ကိုလူဝ" က ညောင်ပင်ကို မော့ကြည့်နေလေသည်။

"ကဲ ကျွန်တော် ဖတ်ပြမယ်။"
လူငယ်က ချောင်းတစ်ချက် ရှင်းလိုက်သည်။

တွေ့ရှိသူသို့ ...

ကျွန်မ၏ ၁၅ နှစ်ရွယ် မြေးငယ်သည် ဆေးရုံပေါ်၌ သေကောင်ပေါင်းလဲ ဖြစ်လျက်ရှိပါသည်။ မြေးငယ်လေး၏ ကျန်းမာရေးအတွက် ရည်စူးလျက် ဆေးဖိုးထဲမှ ဖဲ့၍ ဤ ပံ့သကူ အလှူကို ဆောင်ရွက်ပါသည်။ လှူရသော အကျိုးကြောင့် မြေးငယ်လေး အမြန် ကျန်းမာပါစေ။ တွေ့ရှိသူကလည်း အင်္ဂါသမီးလေးအတွက် ဆုတောင်းပေးကြပါ။

မြေးငယ်၏ ဘွားအေ

"ဟုတ်တယ် ဟုတ်တယ်။ အဲဒါ ဗေဒင်ဆရာ ပါးစပ်က ရွတ်ပြီး သူကိုယ်တိုင် ရေးပေးတာ"

"နေဦးလေ အဘွားရဲ့။ ဆက်နားထောင်ပါဦး။"

"ဟဲ့ ဒါပဲ မဟုတ်လား။"

"နောက်ထပ် ဆက်ရေးသွားကြတဲ့ လူတွေ ရှိသေးတယ်။"

"ဟင်"

"နားထောင် အဘွား"

တွေ့ရှိသူသို့

ဤပံ့သကူကို ဦးစွာ ပထမ တွေ့ရှိဟန်တူသူမှာ ကျွန်တော်ဖြစ်နိုင်ပါသည်။ ကျွန်တော် ဆရာဝန်တစ်ဦးဖြစ်ပါသည်။ ခေတ်ပေါ် ဆရာဝန်ပေါက်စတစ်ဦး ပီသစွာပင် ဆေးကုသခြင်း အလုပ်မှ လွဲ၍ ကျန်အလုပ်များ အားလုံးကို စိတ်ဝင်စားပါသည်။ ဒေါ်လာကိုမူ စိတ်အဝင်စားဆုံး ဖြစ်ပါသည်။ ဤ မှန်သော သစ္စာစကားကြောင့် သမီးကလေး အမြန် ကျန်းမာပါစေ။ ငွေ (၁၅) ကျပ် ထည့်ဝင် လှူဒါန်းခဲ့ပါသည်။

ဆရာဝန်တစ်ဦး

ပံ့သကူရှင် အဘွားအိုသည် ပါးစပ်အဟောင်းသားနှင့် အံ့သြတကြီး ဖြစ်နေ၏။

"ဘယ် ဘယ်လိုကွယ့်။ ဆရာဝန်က ငါ့မြေးလေး အတွက် ဆယ့်ငါးကျပ် ထည့်သွားတယ် ဟုတ်လား"

"ကိုလူဝ" သည် ညောင်ပင်ကြီးကို မော့ကြည့်နေဆဲ ဖြစ်၏။ ညောင်ရွက်များကို ရေတွက်နေသည်လား မဆိုနိုင်။ လူငယ်က ပံ့သကူရှင်ကို ကြည့်၍ ပြုံးလိုက်သည်။

"မပြီးသေးဘူး အဘွားရဲ့။ နောက်ထပ် လူတွေ ရှိသေးတယ်။ နားထောင်ပါဦး။"

တွေ့ရှိသူသို့


မိသားစုအတွက် ကျွန်တော် ငါးပါးသီလ မလုံဘဲ ရရှိနေသည့် ငွေကြေးအပေါ် လိပ်ပြာသန့်နေမိခြင်းအား လိပ်ပြာမသန့်ပါ။ ဤမှန်သော သစ္စာစကားကြောင့် ဝေဒနာရှင် အမြန် ကျန်းမာပါစေ။ အလှူငွေ (၁၅) ကျပ် ပါဝင်ခဲ့ပါသည်။

ရုံးစာရေးကြီးတစ်ဦး

လူငယ်က မရပ်မနားတော့ဘဲ တောက်လျှောက် ဆက်၍ ဖတ်သွားတော့၏။ အဘွားကြီးသည် ပါးစပ် ဟကာ ငေးနေဆဲ။ "ကိုလူဝ" က အပေါ်မော့နေဆဲ။

တွေ့ရှိသူသို့

ကျွန်တော် သစ်ပင်မစိုက်ပါ။ လူပင်စိုက်ပါတယ်။ ကျောင်းဆရာပေါ့။ ဒါပေမဲ့ ကျွန်တော့် သား သမီး (၄) ယောက် လူဖြစ်ပါ့မလား တွေးမိတိုင်း အရက်သောက်ချင်စိတ် ပေါက်လာတတ်ပါတယ်။ စွန့်စွန့်စားစား ငွေ (၁ဝ) ကျပ် ကူခဲ့ပါတယ်။ ဝေဒနာရှင် ကျန်းမာပါစေ။

ကျောင်းဆရာတစ်ဦး

***
တွေ့ရှိသူသို့

ကျွန်မမှာ ကလေး (၅) ယောက် ရှိတယ်။ အငယ်ဆုံးကလေးက ဆေးခန်းပြနေရတယ်။ ဒီ ပံ့သကူကို ကျွန်မ လိုချင်ပါတယ်။ ဒါပေမဲ့ အထက်က ရေးသွားကြ၊ လှူသွားကြသူတွေကြောင့် ချီတုံချတုံ အကြာကြီးဖြစ်နေပြီးမှ ကျွန်မ မယူဖြစ်တော့ပါ။ ဤပံ့သကူကို မယူတော့ခြင်းဖြင့် ကျွန်မကလေးနှင့် ပံ့သကူရှင်၏ မြေးကလေးတို့ ကျန်းမာကြပါစေ။

အလုပ်သမတစ်ဦး

"အဘွားရေ နောက်ဆုံးလူက ကဗျာဆရာဗျ"

သမီးလေးရေ
ဒါတွေဟာ ကဗျာကွဲ့
ငါ့မှာ ရင်ခုန်ရ။
လောကကြီးဟာ
နေပျော်ပါသေးရဲ့လို့လည်း
အတွေးရ။
ပံ့သကူပွဲ
ငါလည်း ဝင်လို့နွှဲ
အိတ်ထဲက (၅) ကျပ်
အပြီးသတ် ထုတ်ယူ
ကဗျာဆရာ့အလှူ
ဇမ္ဗူမှာ တစ်လူပါကွ
သိကြားမင်း ကျောက်ဖျာအခင်း
တင်းရော့လဟ။

ကဗျာဝါသနာရှင်တစ်ဦး

လူငယ်သည် ပံ့သကူရှင် အဘွားကို မော့ကြည့်လိုက်၏။ ထို့နောက် စာရွက်ကို လှမ်းပေးလိုက်သည်။ ပံ့သကူရှင်သည် စာရွက်ကို လက်တွင် ကိုင်လျက် တွေတွေကြီး ငေးစိုက် ကြည့်နေလေသည်။ တုန်ယင်နေသည့် လက်ချောင်းများဖြင့် သူ မဖတ်နိုင်သော စာကြောင်းများကို အသာအယာ ပွတ်သတ်လျက်ရှိ၏။ ဝေသီ မျက်လုံးအစုံ၌ မျက်ရည်စများ ဝေ့တက်လာကြသည်။ မျက်တောင်တို့ကို ပုတ်ခတ်၍ မျက်ရည်ကို ထိန်းသည်။ တွန့်ရှုံ့ နှုတ်ခမ်းများ တရွရွ တုန်လှုပ်သည်။

"သာဓု သာဓု သာဓုပါတော်။ ဆရာဝန်ကြီးတို့၊ စာရေးကြီးတို့၊ ဆရာကြီးတို့ ကျန်းမာချမ်းသာကြပါစေ။ လိုရာဆန္ဒ ပြည့်ဝ ကြပါစေ။ မြေးလေးရေ မြေးလေးရဲ့ ကုသိုလ်အတွက် ဝိုင်းကြ ဝန်းကြသကွဲ့။ ကျုပ်ရင်ထဲမှာ တမျိုးကြီးပဲကွယ်။"

လူငယ်သည် "ကိုလူဝ" ကို လှည့်ကြည့်လိုက်၏။

"ကိုလူဝ" သည် ညောင်မြစ်ပေါ်၌ အေးဆေးစွာ ထိုင်နေပြီဖြစ်သည်။

"ဒီမှာ ဒီမှာ ဒီကိစ္စကို ခင်ဗျား ဘယ်လို သဘောရသလဲ။"

"ကိုလူဝ" က အေးဆေးစွာ မော့ကြည့်သည်။

"ဘာလဲကွ"

"ဒီက အဘွားကြီး ကိစ္စ"

"အဲဒါ ငါက ဘာလုပ်ရမှာလဲ"

လူငယ်သည် "ကိုလူဝ" ကို အတန်ကြာ စိုက်၍ ကြည့်၏။ ထို့နောက် အောက်နှုတ်ခမ်းကို အသာ ကိုက်သည်။

"ကျွန်တော်သာ ဒီ ပံ့သကူကို ရခဲ့မယ်။ ပြီးတော့ ဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့မယ် ဆိုရင်... ဒီက အဘွားကို ပံ့သကူ ပိုက်ဆံတွေ အကုန် ပြန်ပေးလိုက်မှာပဲ"

"အင်း ဟုတ်မှာပေါ့။ ဒါပေမဲ့ အခုဟာက မင်းရတာမှ မဟုတ်ဘဲ။ ပြီးတော့ ငါကလည်း မင်း မဟုတ်ဘူး။"

"ဒါဖြင့် ခင်ဗျားက ပြန်မပေးနိုင်ဘူးပေါ့"

"ကိုလူဝ" က ပြုံးလိုက်သည်။

"ဒီနေရာမှာ သဘောတစ်ခု ရှိတယ်ကွ"

"ဘာသဘောလဲ"

"ပံ့သကူ သဘောလေ။ ကဲ ဒီမှာ အဘွားကြီး ကျုပ်မေးမယ်။ ဒီ ပံ့သကူငွေ (၁၅) ကျပ်ဟာ ခင်ဗျားကိုယ်တိုင် စွန့်ခဲ့တာ အမှန်ပဲနော်"

သူတို့ နှစ်ယောက် အကြား၌ ကြောင်အမ်းအမ်း ဖြစ်လျက်ရှိသော ပံ့သကူရှင်က အလျင်အမြန် ခေါင်းညိတ်၏။

"ဒါဖြင့် ဒီငွေဟာ ခင်ဗျားနဲ့ ဆိုင်သေးရဲ့လား"

"မဆိုင်ပါဘူးတော်"

"ဒါဆိုရင် ထူးခြားတဲ့ အခြေအနေကြောင့် ဒီငွေကို အကြောင်းပြုပြီး တိုးပွားလာတဲ့ ငွေ ဆိုတာတော့ ပြောစရာ မလိုတော့ဘူးပေါ့ ဟုတ်ရဲ့လား"

"ဟုတ်ပါတယ်တော်"

"ဒါဟာ ပံ့သကူသဘောပဲ။ ခင်ဗျားဟာ မလုပ်ကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တယ်။ ကိုယ်ထွေးပြီးသား တံတွေးကို ဘာဖြစ်လို့ ပြန်မျိုချင်ရတာလဲ"

"သြော် ဆေးဖိုးဝါးခ မပြည့်စုံတော့လည်း မတတ်နိုင်တဲ့ အဆုံး..."

"ဘာပဲဖြစ်ဖြစ်လေ။ ဒါမျိုးဟာ အင်မတန် အပြစ်ကြီးတယ်။ ကိုယ့်အံဖတ် ကိုယ် ပြန်စားချင်တဲ့..."

"ဟေ့လူ"

လူငယ်က ကြားဖြတ်၍ အော်လိုက်၏။

"ခင်ဗျား လူတစ်ဘက်သားကို ဒီလောက် ပြောနေစရာ မလိုပါဘူး။ ပံ့သကူ ပစ်တာလည်း သူ့မြေးလေး အတွက်ပဲ။ ဆေးဖိုးလိုလို့ ပြန်ယူချင်တာလည်း သူ့မြေးလေးအတွက်ပဲ။ သူတရားတယ်ဗျ။"

"ဒါပေမဲ့ သဘောကို ငါပြောပြီးပြီ"

"ခင်ဗျား သဘောကြီးက ဘာလုပ်ဖို့လဲ"

"ဟဲ့ ဟဲ့ မောင်ရင်လေးတို့ရဲ့ တော်ကြပါတော့ကွယ့်။ ကျုပ်ကလည်း ပြန်တောင်းနေတာ မဟုတ်ပါဘူးကွယ့်"

"ခင်ဗျား သူ့ကို မူလငွေ (၁၅) ကျပ်တော့ ပြန်ပေးသင့်တယ်။"

"အို မလိုချင်ပါဘူးကွယ်"

"ဟေ့ကောင် ဒီငွေ (၆ဝ) ဟာ ငါ့အတွက် ဘာမှ ဖြစ်လောက်တာ မဟုတ်ဘူး။ ဒါဟာ ငွေကိစ္စ မဟုတ်ဘူး။ သဘောကိစ္စကွ။"

"မဟုတ်ဘူး။ ဘာသဘောကိစ္စမှ မဟုတ်ဘူး။ ဒါဟာ စေတနာကိစ္စ။ ခင်ဗျားသဘောကြီးက မှန်ချင်မှန်လိမ့်မယ်။ ဒါပေမဲ့ စေတနာမမှန်ဘူး။ လုပ်ရပ်မမှန်ဘူး။ အံ့သြတယ်ဗျာ။ ရှားတယ်"

"ကိုလူဝ" သည် ရှူးရှူးရှားရှား ဖြစ်သွား၏။

"အောင်မာ လူကဖြင့် လက်မလောက်ရှိသေး ကြီးကြီးကျယ်ကျယ်"

"မဆိုင်တာတွေ ပြောမနေပါနဲ့ဗျာ။ ဒီမှာ ခင်ဗျား ပြန်မပေးနိုင်ဘူး ဆိုပါတော့"

"ပြန်မပေးတော့ မင်းက ဘာလုပ်မလဲ"

"ခင်ဗျား လူမိုက်စကား မပြောနဲ့။ ဒီမယ် အဘွား လိုတဲ့ငွေ ကျွန်တော်ပေးမယ်။ ဈေးထဲမှာလည်း ကျွန်တော့် အသိ ဆေးဆိုင်ရှိတယ်။ လိုက်ပို့ပေးမယ်။"

ပံ့သကူရှင်က မျက်နှာ အုံ့မှိုင်းလာပြီး ခေါင်းယမ်းလေသည်။

"မလိုပါဘူးကွယ်။ ဆေးဖိုးငွေက ကြံဖန်ရှာရင် ရပါတယ်။ ဒီစာရွက်လောက်တော့ ဘာမှ တန်ဖိုးမရှိပါဘူး။ ဆေးရုံကျတော့ မြေးလေးကို ပြရင် သိပ်ကို ဝမ်းသာရှာမှာ"

ပံ့သကူရှင်သည် စာရွက်ကို တရိုတသေ ခေါက်၍ အင်္ကျီရင်ဘတ်ကြားသို့ မြတ်မြတ်နိုးနိုး ထည့်လိုက်၏။

"အဘွားကြီး လူတွေကို သိပ်မယုံနဲ့နော်။ ဒါ တော မဟုတ်ဘူး။ မြို့ကြီး ပြကြီး။ နားလည်လား။ တစ်နေရာခေါ်သွားပြီး ရိုက်လုတာတို့ ဘာတို့ ဆိုတာ မြို့ပေါ်မှာ ရိုးနေပြီ။"

"ဟင် ခင်ဗျား"

လူငယ်သည် ရုတ်ချည်းပင် မျက်နှာ ရဲတက်လာကာ တစ်ကိုယ်လုံး ဒေါသဖြင့် တုန်လှုပ်လျက် "ကိုလူဝ" ဘက်လှည့်ပြီး အင်္ကျီကော်လာကို ဆွဲဆောင့်လိုက်၏။

"ကိုလူဝ" ၏ လက်သီးက လူငယ့်မျက်နှာပေါ်သို့ လျှင်မြန်စွာ ကျရောက်သည်။

"ဘာလဲ မင်းက"

လူငယ်က "ကိုလူဝ" ကို ခုန်အုပ်လိုက်၏။

"ဟဲ့ ဟဲ့ မလုပ်ကြပါနဲ့။ ဟဲ့ တော်ကြပါဟဲ့။ ဟဲ့ ငါ့တူ... ဟဲ့ ငါ့မြေး အို ဒုက္ခပါပဲ... လာကြပါဦး အရပ်ကတို့ရေ ဟောဒီမှာ သတ်ကုန်ကြပါပြီတော့..."

မြေပြင်ပေါ်တွင် လူနှစ်ယောက် လုံးထွေး သတ်ပုတ်နေကြစဉ် ပံ့သကူရှင် အဘွားသည် နေရာတွင် ဒူးလေးတုပ်၍ ထိုင်ချလိုက်ပြီး ဝမ်းနည်းကြေကွဲစွာ ငိုချလိုက်လေသည်။


မောင်သစ်ဆင်း (မဟေသီ မဂ္ဂဇင်း)

***
မနေ့ညက ပြီးအောင် မရိုက်လိုက်နိုင်လို့ နှစ်ရက် ခွဲတင်လိုက်ရတယ်။

***

Friday, March 26, 2010

ပံ့သကူ (၁) - မောင်သစ်ဆင်း

ထိုနေ့က...
နေသည် ယခင် နေ့ရက်များထက် ပိုမို တောက်လောင်လာကာ သည်းထန်လှသည့် အပူစွမ်းအင်တို့ကို မြို့ပေါ်သို့ အရှိန်ပြင်းစွာ မှုတ်ချလျက်ရှိသည်။

သစ်ရွက်ကလေး တစ်ရွက်မျှ မလှုပ်ရှားသာအောင် လေကလည်း ငြိမ်ချက်သား ကောင်းလွန်းလှသည်။ ဤရာသီမျိုး၏ ဤသို့သော နေ့လည်ခင်းများတွင် မြို့သည် ထိုင်းမှိုင်းလေးလံသွားတတ်စမြဲ ဖြစ်သည်။

နံနက်ခင်းက လူသူလေးပါး၊ ကားကြီး၊ ကားငယ်၊ စက်ဘီး၊ ဆိုင်ကယ်တို့ဖြင့် ခုန်ပေါက်သွက်လက်ခဲ့သော မြို့၏ လမ်းမများသည် နာရီနှင့်အမျှ တရိပ်ရိပ် မြင့်တက်လာခဲ့သည့် အပူရှိန်အောက်၌ တစတစ ပျော့အိစေးတွဲကာ အသွားအလာသည် တဖြည်းဖြည်း ကျဲပါးသွားတော့သည်။

ကားတစ်စီးတစ်လေ နင်းဖြတ်မောင်းနှင်သွားတိုင်း အရည်ပျော်လမ်းမတို့က တဖြန်းဖြန်း အော်မြည်ကြ၏။ ရုပ်ပတ်ဝန်းကျင် အခြေအနေကြီး တစ်ခုလုံးက ဘွိုင်လာအိုးတစ်လုံးကို သတိရမိစေတော့သည်။

ပျင်းရိဖွယ် တိတ်ဆိတ်နေသည့် ရပ်ကွက်ကို ဖြတ်သန်းသွားသော လမ်းမသည် အမှတ် (၁) လိုင်းကား ပြေးဆွဲရာလမ်းကြောင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်၏။ လမ်းဘေးတစ်နေရာရှိ ညောင်ပင်ကြီးမှာ ကားမှတ်တိုင်တစ်ခု ဖြစ်လေသည်။ "ဆေးရုံမှတ်တိုင်" မှ လွန်၍ လာလျှင် "ညောင်ပင် ပါလား" ဟု လက်မှတ်ရောင်းသူက အော်ဟစ်မေးမြန်းလိမ့်မည် ဖြစ်သည်။

"ညောင်ပင်မှတ်တိုင်" တွင် လူနှစ်ယောက် ရှိနေ၏။

တစ်ယောက်မှာ အသက် ၃၅ နှစ်ခန့် ခပ်ဝဝ လူတစ်ယောက် ဖြစ်၍၊ နောက်တစ်ယောက်မှာ ၁၈ နှစ်ခန့် လူငယ်တစ်ဦး ဖြစ်သည်။ သူတို့သည် ညောင်ပင်ရိပ်၌ ရပ်လျက် ဆေးရုံဘက်မှ လာမည်ဖြစ်သော လိုင်းကားကို စောင့်မျှော်နေကြသည်။

နေသည် ဆက်လက် ပူပြင်းလျက်​ ရှိ၏။ လိုင်းကားသည် မလာသေး။

ခပ်ဝဝ လူသည် တစ်ချက် သမ်းဝေလိုက်၏။ "နေကလည်းပူ... ကားကလည်း လာခဲလိုက်တာကွာ" ဟု တစ်ကိုယ်တည်း ညည်းညူသလို ပြောလိုက်သည်။ "ဟာ ဒီအချိန်မှာတော့ ဒီလိုပဲဗျ" ဟု လူငယ်က ပြန်ပြောလိုက်ပြီး၊ ဆေးရုံဘက်သို့ မျှော်ကြည့်သည်။ ခပ်ဝေးဝေးတွင် လူတစ်ယောက် ညောင်ပင်ဆီသို့ သုတ်သုတ် လာနေသည်ကို မြင်ရ၏။ လိုင်းကားကိုမူ မမြင်ရ။

လူငယ်သည် ညောင်ပင်ရင်းသို့ သွားကာ ဖြာထွက်နေသည့် ညောင်မြစ်ဆုံ တစ်ခုပေါ်တွင် ထိုင်လိုက်သည်။ ခပ်ဝဝ လူကလည်း အခြား ညောင်မြစ်ဆုံ တစ်ခုပေါ်သို့ သွား၍ ထိုင်ချလိုက်သည်။ ပါးစပ်မှ "ဟူး" ခနဲ တစ်ချက် မြည်သည်။

"ညီလေးက ဘယ်သွားမှာလဲ"

"ဘူတာကြီးဘက် ခင်ဗျ"

"သြော် သိပ်မဝေးပါဘူး။ ငါက ဘုရားသွားမှာ။ ဒီနေ့ အဓိဋ္ဌာန် ပုတီးပတ် ပြည့်မယ့်နေ့လေ။ ၉ ရက်တိတိပေါ့။"

"သြော် ဟုတ်ကဲ့"

"ငါ့ဆရာကလည်းကွာ ညနေ ၂ နာရီက ၄ နာရီ အတွင်း စိတ်ရမှာတဲ့။ ဓါတ်ကျတဲ့အချိန်လို့ ပြောတာပဲ။ သူ့ဓါတ်ကလည်း ဘယ့်နှယ်ဟာ ဒီလောက် အချိန်ကြီးကျမှ ကျနေမှန်းမသိဘူး။ ဒါပေမဲ့ ထူးတော့ ထူးခြားပါတယ်"

လူငယ်က ပြုံး၍ ခေါင်းတစ်ချက် ငြိမ့်သည်။

"ကိုလူဝ" သည် အိပ်ထဲက လက်ကိုင်ပုဝါကို ထုတ်၍ ဖြန့်လိုက်ပြီး မျက်နှာကို သုတ်သည်။ လည်ဂုတ်ကို သုတ်သည်။ ရင်ဘတ်ကြယ်သီး နှစ်လုံးဖြုတ်၍ ပုဝါဖြင့် ယပ်ခတ်သည်။ နှာတစ်ချက် ချေသည်။ ထို့နောက် တံတွေးထွေးရန် ညာဘက်သို့ ငုံ့၍ လှည့်လိုက်သည်။

ထိုစဉ်မှာပင် တစ်စုံတစ်ရာကို သူ တွေ့ရှိသွားလေသည်။

တံတွေးထွေးရန် နှုတ်ခမ်းများ စုချွန်ထားသော "ကိုလူဝ" သည် သူနှင့် လက်တစ်ကမ်း အကွာရှိ အရာဝတ္ထုကို စူးစိုက် ကြည့်ရှုလျက်ရှိ၏။ ထိုအရာမှာ စာအိတ်ကလေး တစ်အိတ် ဖြစ်သည်။

ညောင်မြစ်သေးသေးလေး နှစ်ခု အကြား၌ ကျောက်စရစ်ခဲငယ် တစ်လုံးဖြင့် အသေအချာ ဖိထားလျက် ရှိသည်။ တစ်စုံတစ်ယောက်ထံမှ မတော်တဆ ကျကျန်ရစ်နေခဲ့ခြင်း မဟုတ်ဘဲ တမင် သေချာချထားခဲ့ကြောင်း မြင်ရုံနှင့် သိသာနေသည်။

"ကိုလူဝ" သည် စာအိတ်ကလေးကို ခေတ္တမျှ စူးစိုက်ကြည့်ရှုပြီးသော် အသာ ကောက်ယူလိုက်၏။ စာအိတ်က အတန်ငယ် ဖောင်းကြွနေသည်။ စာအိတ်အဖုံးသည် ခပ်ဟဟလေး ပွင့်နေ၏။ "ကိုလူဝ" က လိပ်စာရေးသည့်ဘက်သို့ လှန်ကြည့်လိုက်သည်။

"ပံ့သကူ" ဟူသော မညီမညာ လက်ရေးဖြင့် ခပ်ကြီးကြီး ရေးထားသည့် စာသုံးလုံးကို မြင်လိုက်ရသည့်အခါ စုချွန်နေသော နှုတ်ခမ်းများ အနည်းငယ် ဟ, သွား၏။ ထို့နောက် အဖုံးကို အသာ လှစ်၍ ကြည့်လိုက်သည်။

ငွေစက္ကူခေါက် အချို့ကို တွေ့လိုက်ရသည့် "ကိုလူဝ" ၏ မျက်လုံးများသည် လက်ခနဲ ဖြစ်သွားလေသည်။ နေရာမှ ထ, ရပ်မလိုလည်း ဖြစ်သွား၏။

"ဟ တကယ် ပံ့သကူဟ။ ပွတာပဲ"

အမှတ်မထင် ခပ်ကျယ်ကျယ် ရေရွတ်လိုက်မိသဖြင့် ပါးစပ်ကို အမြန်ပိတ်ကာ လူငယ်ဆီသို့ "ကိုလူဝ" ဖျတ်ခနဲ လှည့်ကြည့်လိုက်၏။ လူငယ်ကလည်း သူ့ကို ပြန်လှည့်ကြည့်သဖြင့် "ကိုလူဝ" သည် စာအိတ်ကို လက်တွင် ကိုင်လျက် ခပ်အမ်းအမ်း ဖြစ်သွားလေသည်။

"ဘာလဲ အစ်ကိုကြီး။ ဘာပြောတာလဲ"

"ကိုလူဝ" က နှုတ်ခမ်း တစ်ချက် ကိုင်လိုက်ပြီး ချက်ချင်းပင် ပြုံးလိုက်သည်။

"ဒီမှာ ပံ့သကူ ပစ်ထားတယ်ကွ။ ငါတွေ့တာ... "

"ဟုတ်လား။ ဘာတွေ ပစ်ထားတာလဲ။"

"ပိုက်ဆံတွေကွ"

"ဟာ အစ်ကို ကံကောင်းတာပေါ့"

"ဘယ်လောက်လဲ မသိဘူး။ ရေကြည့်ရဦးမယ်"

"ကိုလူဝ" က ငွေစက္ကူခေါက်ကို ဆွဲထုတ်၍ တစ်ရွက်ချင်း ဖြန့်ကာ ရေတွက်တော့သည်။ လူငယ်က ပြုံး၍ ကြည့်နေ၏။

တစ်ဆယ့်ငါးကျပ်တန် သုံးရွက်၊ တစ်ဆယ်တန် တစ်ရွက်၊ ငါးကျပ်တန် တစ်ရွက်။

"ခြောက်ဆယ် အတိပဲဟေ့။ ဟားဟားဟား အဓိဋ္ဌာန်ပုတီးဝင်တဲ့ အကျိုးတွေ... ထီထိုးရမယ်။ မင်္ဂလာစုံတွဲ ထိုးရမယ်ကွ။ ချမ်းသာတော့မယ့် နိမိတ်တွေ ပြတာပဲ။ သိန်းခြောက်ဆယ်၊ သိန်းခြောက်ရာ အားလုံး ဖြစ်လာနိုင်တယ်။"

သူ့မျက်နှာကြီး ထိန်းမနိုင် သိမ်းမရ ပြုံးရွှင်နေပုံမှာ ဘေးလူပင် မပြုံးဘဲ မနေနိုင် ဖြစ်ရသည်။ လူငယ်သည် တစ်ချက်ရယ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် "ကိုလူဝ" က ငွေစက္ကူခေါက်ဖြင့် လက်အုပ်ချီမြှောက်၍ နဖူးထက်သို့ တင်လိုက်ကာ မျက်လုံးစုံမှိတ်ပြီး တတွတ်တွတ် ရေရွတ်နေလေသည်။

"ဆရာသမား၏ ကျေးဇူးကြောင့် ကံဇာတာများ တက်နေပါပြီ။ ဆက်လက်၍ သိန်းရာပေါင်း ထောင်ပေါင်း..."

မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အခါ ပြုံးကြည့်နေသော လူငယ်ကို တွေ့ရသည်။ "ကိုလူဝ" က ငွေစက္ကူခေါက်ကို အင်္ကျီအိတ်ထဲ ပြန်ထည့်ရန် ဟန်ပြင်လိုက်၏။

"အင်း အစ်ကို့ကို ကြည့်ပြီး ကျွန်တော်လည်း ပုတီးစိတ်ချင်စိတ် ပေါက်လာပြီဗျာ။ စိတ်နည်းလေး မ, စခဲ့ပါဦး။"

"ဟ ဟ နေဦးဟ။ အိတ်ထဲမှာ ကျန်သေးတယ်။"

စာအိတ်ကို ဖွင့်ပြန်၏။ စာရွက်ခေါက်တစ်ခု ထွက်လာပြန်သည်။ "ကိုလူဝ" က စာရွက်ကို ဖြန့်လိုက်သည်။

"အောင်မယ် စာတွေဘာတွေ ရေးလို့ပါလား။"

စာရွက်ကို ဖတ်နေစဉ် ပြုံးရွှင်နေသည့် သူ့မျက်နှာသည် တဖြည်းဖြည်းနှင့် တည်သွားကာ မျက်မှောင်နှစ်ခု တွန့်ရှုံ့၍လာ၏။ အံ့သြတကြီး ဖြစ်နေပုံရသည့် သူ့အမူအရာမှာ စာရွက်ကို ဖတ်ပြီးသွားသောအခါ လှောင်ပြောင် သရော်သည့် ဟန်မျိုးသို့ ကူးပြောင်းသွားလေသည်။

"ဟင်း ဟင်း စေတနာရှင်ကြီးတွေပေါ့လေ။"

သူက အမှတ်မထင် ရေရွတ်လိုက်ပြန်၏။

"ဘာတွေ ရေးထားတာလဲ အစ်ကို"

လှမ်း၍ မေးလိုက်သော လူငယ်ကို သူက စွေ၍ ကြည့်သည်။ ထိုမေးမြန်းမှုကို သူ ကြိုက်ပုံမရ။ စာရွက်ကို ပြန်ခေါက်၍ စာအိတ်ထဲ ပြန်ထည့်လိုက်သည်။

"ဘာမှ ထွေထွေထူးထူး မပါပါဘူးကွာ။ ပံ့သကူ တွေ့ရှိသူ ကံကောင်းပါစေ။ ဘာညာပေါ့။"

"ဟုတ်လား ပြစမ်းပါဗျာ။ ဖတ်ကြည့်ရအောင်။"

သူက လူငယ်ကို ပြူး၍ ကြည့်လိုက်၏။ စာအိတ်ကို လက်ထဲတွင် လုံးခြေလိုက်သည်။

"စပ်စုလှချည်လားဟ။ ဘာမှ မဟုတ်ပါဘူး ဆိုနေ။"

လူငယ်က ခေတ္တမျှ ကြောင်ကြည့်နေ၏။ ထို့နောက် တစ်ဘက်သို့ ပြန်လှည့်သွားတော့သည်။

"ကိုလူဝ" သည် ငွေစက္ကူခေါက်ကို အင်္ကျီအိတ်ထဲသို့ လျှင်မြန်စွာ ထည့်လိုက်၏။ တစ်ဘက်လှည့်နေသည့် လူငယ်ကို ဖျတ်ခနဲ ကြည့်ပြီး၊ စာအိတ်ကို ခါးကြားသို့ ထိုးထည့်သည်။ နေရာမှ ထရပ်သည်။ ညောင်ပင်ရိပ် အစွန်းနားသို့ လျှောက်သွားသည်။ ဆေးရုံမှတ်တိုင်ဘက်သို့ မျှော်ကြည့်သည်။ အပူလွန်လမ်းမပေါ်၌ တံလျှပ်ခိုးများ ထနေသည်။ ဆေးရုံဘက်သို့ သွားနေသူ သုံး လေးဦးနှင့် ညောင်ပင်ဆီ လာနေသူ တစ်ဦးကို တံလျှပ်များ အကြားမှ မြင်ရသည်။ လိုင်းကားကိုမူ အရိပ်အယောင်မျှ မတွေ့ရသေး။

"တောက် ကားကလည်း ကြာပါ့ကွာ"

လူငယ်က သူ့ကို လှည့်မကြည့်။ တုံ့ပြန်စကားလည်း မဆို။ "ကိုလူဝ" သည် ညောင်ပင်ရင်းသို့ ပြန်လျှောက်လာသည်။ လူငယ်ကို တစ်ချက် လှမ်းကြည့်ပြီး ထိုင်ချလိုက်ပြန်၏။ ခါးကြားထဲမှ စာအိတ်ကို ပြန်ထုတ်လိုက်သည်။ ခေတ္တမျှ စဉ်းစားနေ၏။

ထို့နောက် လုံးကြေနေသည့် စာအိတ်ကို ပြန်ဖြန့်သည်။ မူလနေရာ ညောင်မြစ်နှစ်ခု အကြားတွင် အသာ ပြန်ချလိုက်သည်။

အပေါ်မှ ကျောက်စရစ်ခဲကလေးကို မူလအတိုင်း ပြန်တင်ပေးလိုက်သည်။

သက်ပြင်းတစ်ချက်ကို အသာ ချလိုက်သည်။ ပူလောင်ပြင်းထန်လှသည့် ဝန်ထုတ်ကြီး တစ်ခုမှ လွတ်မြောက်ပေါ့ပါးသွားဟန်ဖြင့် "ကိုလူဝ" သည် ကျေနပ်နှစ်သိမ့်စွာ ပြုံးလိုက်၏။

လမ်းမပေါ်၌ ကားငယ် သုံး လေးစီး ဖြတ်သန်းမောင်းနှင် သွားကြ၏။ တဖြန်းဖြန်း မြည်သံ ကြားရ၏။ တစ်နေရာမှ မျက်စေ့လည်လာဟန်တူသည့် လေပြည်တစ်ချက် ဝေ့၍ တိုက်လိုက်သည်။

ညောင်ပင်သည် ရှဲရှဲမြည်၍ ညောင်ရွက်ကလေးများ အနည်းငယ် ယိမ်းထိုး လှုပ်ရှားသွားကြသည်။ "အား အရသာ ရှိလိုက်တာ" ဟု "ကိုလူဝ" က ရေရွတ်သည်။

ထိုစဉ်မှာပင် ညောင်ပင်ရိပ်သို့ လူတစ်ယောက် အမောတကော ဝင်ရောက်လာခဲ့သည်။ အသက် (၇ဝ) ခန့် အဘွားကြီးတစ်ယောက် ဖြစ်လေသည်။ ပိန်ချည့်ချည့် ကိုယ်ခန္ဓာ။ ခပ်နွမ်းနွမ်း အဝတ်အစား။ မျက်နှာမှာ ချွေးသီးချွေးပေါက်များ သည်းထန်လျက်။

နေပူမှ လာခဲ့ရသူသည် ညောင်ပင်ရင်း၌ ထိုင်နေကြသူ နှစ်ဦးကို ယခုမှ တွေ့မြင်လိုက်ရဟန်ဖြင့် ရုတ်တရက် ခြေလှမ်းတုန့်သွား၏။ မျက်လုံးများ၌ အရိပ်အယောင်မျိုးစုံ ပေါ်ပေါက် ဖြတ်သန်း သွားကြသည်။ တစ်စုံတစ်ရာသော မျှော်လင့်ချက် အပေါ်၌ စိတ်မချရမှု၊ ဝေခွဲမရမှု ပုံစံသွင်ပြင်မျိုးများဖြင့် အဘွားအိုသည် ခေတ္တခဏ တောင့်တောင့်ကြီး ရပ်နေသေး၏။ နောက်ပြန်လှည့်တော့မလို၊ ရှေ့ဆက်လှမ်းရတော့ မလိုဖြင့် ရုတ်တရက် ဘာလုပ်ရမည်မသိ ဖြစ်နေဟန်ရှိသည်။

ထို့နောက်တော့ အဘွားအိုသည် နှုတ်ခမ်းအစုံကို တင်းတင်းဖိလျက် ညောင်ပင်ရင်းသို့ တစ်လှမ်းချင်းလျှောက်လာတော့သည်။ ထိုင်နေသူနှစ်ဦးကို အကဲခတ်သလို ကြည့်သည်။ ညောင်ပင်ရင်းတဝိုက်လည်း ဝေ့ဝဲ၍ ကြည့်သည်။ တစ်စုံတစ်ရာကို မသိမသာ ရှာဖွေနေသည့် ပုံစံမျိုးဖြစ်သော်လည်း အမူအရာများက သိသာလွန်းနေ၏။ အဘွားအို၏ ထူးခြားမှုကြောင့် ထိုင်နေသူ နှစ်ဦးကလည်း အကဲခတ် ကြည့်ရှုလျက် ရှိကြသည်။

အဘွားအိုသည် ဟိုလိုလို သည်လိုလိုနှင့် "ကိုလူဝ" အနီးသို့ ချဉ်းကပ်ရောက်ရှိသွား၏။ မျက်လုံး အကြည့်များက ညောင်မြစ်ဆုံ အကြိုအကြားများပေါ်သို့ ရောက်ရှိသွားလေသည်။

"ဟော ရှိသေးတယ် ရှိသေးတယ်။"

ရုတ်တရက် ထွက်ပေါ်လာသည့် အံ့သြဝမ်းသာသံကြီးနှင့်အတူ အဘွားအိုသည် ညောင်မြစ်ကြားမှ ပံ့သကူ စာအိတ်ကလေးကို ပြေး၍ ကောက်လိုက်၏။


(to be continued)

***
(မဟေသီ မဂ္ဂဇင်း)

Wednesday, March 24, 2010

မောင်သစ်ဆင်း ဝတ္ထုတိုများ





'94 ပတ်ဝန်းကျင်လောက်မှာ မောင်သစ်ဆင်း ရဲ့ ဝတ္ထုတိုတွေကို ဖတ်ဖြစ်ခဲ့ပါတယ်။
ဒီစာအုပ်ကို 27.11.2000 ရက်စွဲနဲ့ ဝယ်ခဲ့တယ်။


ရေးခဲ့သမျှ ဝတ္ထုတိုပေါင်း (၁၄) ပုဒ်ပဲ ရှိတယ်။ ဒီစာအုပ်ထဲမှာ (၈) ပုဒ်ပဲ ပါတယ်။

တခါတည်း အကုန်လုံး ထုတ်လိုက်တော့ ဘာဖြစ်မှာလဲလို့ မချင့်မရဲ တွေးမိပါတယ်။
ကိုယ် လုံးဝ မဖတ်ဖူးတာ (၄) ပုဒ်ရှိတယ်။

၁) ရှေ့ဆုံးကလူ

၂) ထန်းခေါက်တောင်း ပုံပြင်

၃) သောနုတ္ထိုပုံပြင်သစ်

၎) ဆရာဝန် ညွှန်ကြားချက်အတိုင်း
... ဆိုတာတွေ ...

"ရှေ့ဆုံးက လူ"
ဆိုတဲ့ ဝတ္ထုဟာ တော်တော် လူပြောများတဲ့ ဝတ္ထုလို့ မှတ်မိနေတယ်။
မဟေသီမှာ ဟိန်းလတ်က စာပေအင်တာဗျူးလုပ်တော့ အဲဒီအကြောင်း တော်တော် ပြောသွားတယ်။
ဒါပေမဲ့ ကိုယ် မဖတ်ဖူးဘူး။ :(

ဆရာ့စာတွေ ဘလော့မှာ ပြန်တင်ဖို့ စဉ်းစားနေတယ်။

ကိုယ် ကြိုက်မိတာတွေဆိုရင်
၁) ကျိန်စာ
၂) လေးသည်တော်
၃) လူနှစ်ယောက် ကျားတစ်ကောင်နှင့် တောင်တန်းများ
၎) တရား
ဆိုတာတွေ

တရား က ဒီစာအုပ်ထဲမှာ ပါမလာဘူး။ စိတ်မကောင်းစရာပဲ။

နီကိုရဲ ရဲ့ နာမည်ကျော် ချစ်ခြင်း၏ နဂ္ဂတစ်များ (ကြည်ပြာရောင် နဂ္ဂတစ်များ) ဝတ္ထုရဲ့ အဖွင့် စာသားဟာ လေးသည်တော် ကနေ မနီးယိုးစွဲ ယူထားတယ် လို့ နီကိုရဲ ရဲ့ အမှာစာ မှာ ရေးထားတယ်။ :)

ပံ့သကူ
ဆိုတာလည်း ထူးခြားတဲ့ တစ်ပုဒ်ပါပဲ။

***
ရင်မောင်၊ မောင်သစ်ဆင်း နဲ့ ဖေမြင့် တို့ရဲ့ ဝတ္ထုတို တင်ပြပုံအတတ်ကတော့ အံ့မခန်းလို့ ထင်မိပါတယ်။
သူတို့စာတွေ ဖတ်တဲ့အခါမှာ သူတို့ ပြောချင်တာကို ကိုယ် ရ၊ မရ... သဘောတူ၊ မတူ ဆိုတာထက်
သူတို့ ပြောချင်တာကို ပြောဖို့ ဖန်တီးထားတဲ့ အခင်းအကျင်း၊ သိုင်းဝိုင်းပုံဖော်ထားတဲ့ အတတ်ပညာ၊ စကားလုံး နဲ့ ဇာတ်ကွက်ရွေးတဲ့ပုံတွေကို သတိမပြုဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။

အမျိုးသားစာရေးသူတွေဆီက ကိုယ် မျှော်လင့်တတ်တဲ့ အရာကို သူတို့ဆီက အမြဲတမ်းရတယ်။

***
ဒီစာအုပ်ကို နောက်မှ Myanmar Books Catalogue မှာ တင်ရမယ်။
အဲဒီ site မှာ review တချို့သာ ရေးခဲ့မိတာ။ တခါမှ စာအုပ် မတင်ဖူးသေးဘူး။

***

Monday, September 14, 2009

မောင်သစ်ဆင်း ရဲ့ ကျိန်စာ

comment တစ်ခု ရေးမိရာက ပို့စ် ဖြစ်အောင် ရေးဦးမှပဲလို့ စိတ်ကူးရခဲ့ပါတယ်။

***

မောင်သစ်ဆင်း ၀တ္ထုတိုတွေ ဖတ်ဖြစ်တာ အလယ်တန်းလောက်ကပါ။

ဟန်သစ်မဂ္ဂဇင်းမှာ ဆရာ့ ၀တ္ထုတိုတွေ တော်တော်များများ ပါခဲ့ပါတယ်။

နောက် မဟေသီ...


ဆရာ့ဝတ္ထုတွေက တင်ပြပုံ၊ အကြောင်းအရာ၊ စကားလုံး အားလုံး ညီညွတ်ကောင်းမွန်တဲ့ ၀တ္ထုတွေပါ။
ဝတ္ထုတို လို့ စဉ်းစားမိရင် (အမျိုးသား စာရေးဆရာတွေထဲက) ကိုယ့်ခေါင်းထဲ ဦးဆုံး ပေါ်လာတဲ့ စာရေးဆရာ ၃ ယောက်ရှိပါတယ်။ အဲဒါ...

ရင်မောင် (ဦးတိုင်းအုပ်)

ဖေမြင့် နဲ့

မောင်သစ်ဆင်း
တို့ပါပဲ။


သူတို့ရေးတဲ့ ၀တ္ထုတိုတွေ ဖတ်ရတဲ့အခါ ထိစေချင်တဲ့ ပစ်မှတ်ကို ထိအောင်ပစ်နိုင်တဲ့ အခင်းအကျင်းနဲ့ အရေးအဖွဲ့မျိုး ဖန်တီးနိုင်တာကို မှတ်မှတ်ထင်ထင်ကို သတိပြုမိစေပါတယ်။
(သူများတွေတော့ မသိဘူး။ ကိုယ်စာဖတ်တဲ့အခါ အမျိုးသမီး စာရေးသူတွေနဲ့ အမျိုးသား စာရေးသူတွေဆီက လိုချင်မျှော်လင့်တဲ့ ပုံစံက မတူပါဘူး။

အမျိုးသားစာရေးဆရာတွေရဲ့စာကို ဖတ်ဖြစ်တဲ့အခါ သူတို့ဆီက ဖွဲ့နွဲ့လွန်းပြီး ရေးထားတာမျိုးကို မလိုချင်မိ မမျှော်လင့်မိဘူး။ အဲဒါကြောင့် ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့စာတွေကို မစွဲလမ်းခဲ့တာ ဖြစ်မယ်။ ဆရာမောင်စိန်ဝင်းရဲ့ ကဗျာတွေ စွဲလမ်းခဲ့ပေမယ့် သူ့ လုံးချင်းဝတ္ထုတွေကို မစွဲလမ်းခဲ့တာ ဖြစ်မယ် ထင်ပါတယ်။)


***
ဆရာမောင်သစ်ဆင်းရဲ့ ၀တ္ထုတိုတွေထဲမှာ ပထမဆုံး ဖတ်ဖူးခဲ့တာ "ကျိန်စာ" ဆိုတဲ့ ၀တ္ထုပါ။
ငှက်ဖျားရောဂါ သုတေသန ဆရာဝန် တစ်ယောက်ရဲ့ ဘ၀ကို သူ့ လူမှုဘ၀၊ မိသားစု ဘ၀နဲ့ ရောယှက်ပြီး တင်ပြထားပါတယ်။

ဆေးမကုဘဲ သုတေသနကို ဇောက်ချ လုပ်နေတဲ့ ဆရာဝန် ...
ငှားနေတဲ့အိမ်က ကန်ထရိုက်တိုက် ပြင်ဆောက်တော့မှာမို့ အိမ်ရှင်က ဖယ်ခိုင်းထားတဲ့ အကြောင်းကို ပြောပြဖို့ ဆရာဝန် အိမ်အပြန်ကို စောင့်နေတဲ့ ဇနီးသည်...
သုတေသနမှာ အဆင့်တခု အောင်မြင်ခဲ့လို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အောင်ပွဲခံပြီး ရီဝေေ၀ ပြန်လာတဲ့ ဆရာဝန်...

အဲဒီ အခင်းအကျင်းနဲ့ ၀တ္ထုကို စဖွင့်ထားပါတယ်။
ကိုယ်ငယ်ငယ်က ၀တ္ထုဖတ်ရင်း ရုပ်ရှင်ရိုက်ပြီး ကြည့်ချင်စိတ် ပေါက်လာစေတဲ့ ဒိုင်ယာလော့ဂ်တွေ...

"ဘယ်လိုလဲ ဒေါက်တာ.. ရှင့် မိုက်ကရိုစကုပ်အောက်က ငှက်ဖျားပိုးလေးတွေဆီက ငွေ နှစ်သိန်းလောက် ခဏ ချေးလို့မရဘူးလား"


"မုံရွာပြန်ကြမယ်။ မေမေတို့နဲ့တွဲပြီး ပွဲရုံဖွင့်မယ်"

"ဟေ့ ငါ ဆရာဝန်ကွ"

"ဆရာဝန် ဘာဖြစ်သလဲ။ ရှင် ဆရာဝန်ဆိုရင် တဖက်က ဆေးခန်း ဟန်မပျက်ဖွင့်ပေါ့" လို့ ဇနီးသည်က ပြောတော့...


"ငါ ဆေးကုတဲ့ ဆရာဝန် မဟုတ်ဘူးကွ။ သုတေသန လုပ်တဲ့ ဆရာဝန်။

ဒီမှာ ငါတို့ ဆေးလောကမှာ အဆိုတစ်ခုရှိတယ်။


ဆေးကုသော ဆရာဝန်သည် ကောင်း၏
ပညာပေးသော ဆရာဝန်က ပို၍ ကောင်း၏
သုတေသနလုပ်သော ဆရာဝန်က အကောင်းဆုံး ဖြစ်၏
တဲ့"

"အော် ဟုတ်လား.. အဲဒီလို ဆရာဝန် အမျိုးမျိုး ရှိမှန်း ကျွန်မ မသိခဲ့လို့ပါရှင်။ အစကသာ သိခဲ့ရင် ကျွန်မဘ၀ ခုလို..."


ထိတဲ့စာသားတွေ။
ပြန်ရေးပြရတာတောင် ဖျက်လို ဖျက်ဆီး လုပ်မိရာ ကျမှာ တကယ်ပဲ စိုးရိမ်မိပါတယ်။
တစ်ခုကျန်သွားသေးတယ်။
ဆရာဝန် အိမ်ပြန်ရောက်ရောက်ချင်း သမီးငယ် ဖျားနေတယ်လို့ ဇနီးက ပြောတော့ နားကြပ်လိုက်ရှာတဲ့ အခန်း။
"ဟိုတလောကတော့ အောက်ဆုံး အံဆွဲထဲမှာ တွေ့မိတယ် ထင်တာပဲ"

ချက်ကော့ဗ်ပြောတာတောင် သတိရမိသေးတယ်။
သူသာ ဒီဝတ္ထုကို ဖတ်မိရင် ဆေးမကုတဲ့ ဆရာဝန်အကြောင်းရေးရင် နားကြပ်လိုက်ရှာတဲ့ အခန်းမျိုး ပါရမယ် လို့ ပြောချင်စိတ် ပေါက်သွားမှာပဲ။

"ဒီမှာမောင် ကျွန်မနဲ့ မောင် နှစ်ယောက်တည်းဆိုရင် ဘာပဲဖြစ်ဖြစ် ကျွန်မ ပါရမီဖြည့်နိုင်ပါတယ်။ ခုဟာက သားသမီးတွေ ရှိနေသေးတယ်။ ကျွန်မတို့ ဘာကိုပဲ လုပ်လုပ် သူတို့အတွက် ဦးစားပေး စဉ်းစားရလိမ့်မယ်။ ခု မောင် လူသားကောင်းကျိုး ဆိုတာကို ပစ်ပြီး မိသားစု ကောင်းကျိုးအတွက်ပဲ ရွေးချယ်ပါစေလို့ ကျွန်မ ငရဲကြီးခံပြီး ဆုတောင်းပါတယ်။


ဘာဖြစ်လို့ ငရဲကြီးခံချင်ရသလဲ သိလား မောင်

ကျွန်မက မိခင်တယောက် ဖြစ်နေလို့ပေါ့"

***
နောက်တော့ သူတို့ သုတေသန အောင်မြင်မှု တစ်ခုအတွက်
WHO က ပို့လိုက်တဲ့ ဂုဏ်ပြုလက်မှတ်ရှေ့မှာ သူတီးတိုး ရေရွတ်တဲ့ စကား...

"တကယ်တမ်း အဆုံးရှုံး အစွန့်လွှတ် မခံနိုင်ဘဲနဲ့ ဘာကိုမှ မစွန့်စားပါလေနဲ့"


နောက်တခန်းက ဗွီဒီယိုကြည့်ပြီး ပြန်လာတဲ့ သားငယ်နဲ့ စကားပြောခန်း...

"ကောင်လေး ၃ ယောက်နဲ့ နာဇီတွေ ချတဲ့ကား ဖေဖေရ"


"နာဇီတွေ သေသွားရောလား"

"ဟင့်အင်း ကောင်လေး ၂ ယောက် သေသွားတယ်။ သူတို့ထဲ တစ်ယောက်က သစ္စာဖောက်လိုက်လို့လေ။ သူက သစ္စာဖောက်တာပေါ့။ သူ့မှာ မိန်းမနဲ့ ကလေးရသွားတာကိုး။ နောက်ဆုံးခန်းမှာ ကောင်လေး ၂ ယောက် ပိတ်မိနေတဲ့ အခန်းထဲကို လည်ပင်းထိအောင် ရေဖြည့်ပြီး အပြင်က သစ္စာဖောက်က လက်နက်ချဖို့ အော်ပြောတယ်။ ဒါပေမဲ့ သူ့သူငယ်ချင်း နှစ်ယောက်က တစ်ယောက် နားထင်ကို တစ်ယောက် သေနတ်နဲ့ တေ့ပြီး တစ် နှစ် သုံး ဆို... အဲဒီ သေနတ်သံကို ကြားတဲ့ အချိန် သစ္စာဖောက်ရဲ့ မျက်နှာကြီးဟာ..."

နောက်တခန်းက ကဗျာစာမူခထုတ်ပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်က ပြန်လာတဲ့ သားကြီးနဲ့ စကားပြောတွေ...

"ဖေဖေက သားကို ကဗျာဆရာကို မဖြစ်စေချင်တာ"

"ဒါဖြင့် ဖေဖေက သားကို ဘာဖြစ်စေချင်တာလဲ"

"ဖေဖေက သားကို သာမန်လူပဲ ဖြစ်စေချင်တယ်။ စီးပွားရှာ.. အိမ်ထောင်ပြု.. စီးပွားပိုပိုရှာ.. အချိန်တန်တော့ အသာကလေး သေသွား။ ဒီလို ဘ၀မျိုးက side effect နည်းတယ်။"

"မစိမ်းပင်ရဲ့ ကဗျာ တစ်ပုဒ် ရှိတယ် ဖေဖေရဲ့

အတ္တမဲ့ မာနဖြင့်
ဘ၀ကို ထုဆစ်
ခေတ်ကို ထမ်းပိုး
ရိုးသား၏ ရဲရင့်စွာ

တဲ့။ သားက အတ္တကို အနာဂတ် ပို့ထားချင်တာ။"

"သားမှာ ရွေးချယ်ခွင့် ရှိတယ် ဖေဖေ"

"သားထင်လို့ပါ။ ဖေဖေလဲ ဒီလို ထင်ခဲ့တာပဲ"
"ဒါဖြင့် ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား"
"ဘာပြောတယ်။ ပြန်ပြောလိုက်စမ်း။"
"ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား"

နောက်ဆုံးတော့ အဲဒီ ဆရာဝန် WHO က ပို့ထားတဲ့ မှန်ဘောင်သွင်း စာရွက်ကို လက်သီးနဲ့ ထိုးခွဲပစ်လိုက်တယ်။

ဘာမှတော့ မဆိုင်ဘူးထင်ပါတယ်။

ကြည်အေး နောက်ဆုံးရေးတဲ့ "အိမ်ဖြူလင်းသစ်" ထဲမှာ ကိုညိုထွန်းပြောတဲ့ "အိမ်ထောင်ပြု သားသမီးတွေ ပွားစီးပြီးမှတော့ Gauguin လို တဟီတီ သွားပြီး ပန်းချီဆွဲချင်လို့ မရဘူး" ဆိုတာ ဖတ်ရတော့လည်း ခုပြောတဲ့ "ကျိန်စာ" ၀တ္ထုကို သတိရနေမိသေးတယ်။

***
ဖြစ်နိုင်ရင် အရင်းအတိုင်း ရိုက်တင်ပေးပြီး မဖတ်ရသေးတဲ့ သူတွေ ဖတ်စေချင်ပါတယ်။
အိမ်မှာတော့ မောင်သစ်ဆင်းရဲ့ ၀တ္ထုတို စာအုပ်ရှိပါတယ်။ ဒါပေမဲ့ မယူလာမိဘူး။
မှတ်မိသမျှ တင်ပေးတော့ မူရင်းလို အရသာ ရှိမယ် မထင်ဘူး။

ဒီဝတ္ထုကို ဖတ်မိရင် စာရေးဆရာကို ဆရာဝန် လို့ ထင်သွားနိုင်လောက်ပေမယ့် ဆရာ မောင်သစ်ဆင်း က ဆရာဝန်တော့ မဟုတ်ပါဘူး။ မန္တလေး တိုင်းရင်းဆေး သင်တန်းဆင်း တစ်ယောက်လို့ ထင်မိပါတယ်။
၁၀ တန်းအောင်ပြီး နောက်တော့ ကိုယ်က
မဂ္ဂဇင်းတွေလဲ သိပ်မဖတ်ဖြစ်တော့ဘူး။ ဆရာလဲ စာသိပ်မရေးတော့ဘူး ထင်တာပါပဲ။ သင့်ဘ၀မှာ အယ်ဒီတာ လုပ်ပြီး ဆောင်းပါးတွေတော့ ရေးနေခဲ့တယ်။ "ထူးဖေသစ်" ဆိုတာ ဆရာ့ ကလောင်ခွဲလို့ မှတ်ထားမိသလိုလို.. သိပ်တော့ မသေချာပါ။
(မမချို သိရင် ပြင်ပေးပါ။)

ကိုယ် ဘလော့တွေ လိုက်ဖတ်ကာစ 2009 အစလောက်က မောင်သစ်ဆင်း နာမည်နဲ့ ဘလော့တစ်ခုတွေ့တော့ ဘာမှ မကြည့်ဘဲ ၀မ်းသာအားရ cbox မှာ သွားမေးမိတယ်။ ပြီးတော့ မဟုတ်ဘူး။ ဆရာ မြန်မာပြည်ထဲမှာပဲလား။ အပြင်မှာလားတောင် မသိပါဘူး။ ဘလော့တစ်ခုလုပ်ပြီး စာတွေရေးရင် ကောင်းမှာလို့ တွေးမိတယ်။

ဆရာ့ရဲ့ "တရား"၊ "လေးသည်တော်"၊"လူနှစ်ယောက်၊ ကျားတစ်ကောင်နှင့် တောင်တန်းများ" တို့လည်း ကိုယ် မှတ်မှတ်ထင်ထင် ဖြစ်ခဲ့တဲ့ စာတွေပါပဲ။
အဲဒီ သုံးပုဒ်လဲ ဟန်သစ်မှာပဲ။

မဟေသီမှာ ဟိန်းလတ်က အင်တာဗျူးတော့.. "ကိုယ်ဖတ်ချင်တဲ့ ပုံစံမျိုး ရေးကြည့်မိတာပါပဲ။ ရေးပြီးတော့ ကိုယ်လို ဖတ်ချင်တဲ့သူ ရှိရင် ဖတ်ရအောင် မဂ္ဂဇင်းကို ပို့တာပါ။ အဲ.. အယ်ဒီတာက ရွေးခဲ့ရင်ပေါ့လေ။" လို့ ဖြေခဲ့တာတောင် သတိရနေမိသေးတယ်။

ဝတ္ထုတိုတွေ ဘယ်လောက်ကြိုက်လဲ ကိုယ်ကတော့ ဘယ်တော့မှ ၀တ္ထုတို ရေးလို့ရမယ့် လက် ဖြစ်မယ် မဟုတ်ဘူး။

လွမ်းလိုက်တာ အဲဒီလို ၀တ္ထုတိုတွေ။

***