Showing posts with label book. Show all posts
Showing posts with label book. Show all posts

Wednesday, April 4, 2012

Books (2)

စာဖတ်သူတစ်ဦး၏ ဒိုင်ယာရီ

အဲဒီစာအုပ်ကို ရောက်ပြီးနောက်တနေ့မှာ ဝယ်ဖြစ်တယ်။
ခုထိ ၃/၄ ရွက်ပဲ ဖတ်ပြီးသေးတယ်။ ငယ်ငယ်က ဟန်သစ်မှာ ဆရာရေးတဲ့ ဖတ်ကြည့်ကဏ္ဍ ဆောင်းပါးတွေ ဖတ်ခဲ့ရတာ အမှတ်ရမိတယ်။ အဲဒီတုန်းကတော့ ကိုယ်နဲ့မမီတဲ့ တချို့အကြောင်းအရာတွေလည်း ကျော်ဖတ်ခဲ့တာပေါ့။

နောက် ဟန်သစ်မဂ္ဂဇင်းက နိုင်ငံတကာဝတ္ထုတိုများ ဆိုပြီး လုံးချင်းထွက်နေတာ တွေ့ခဲ့တယ်။ အဲဒါတော့ စိတ်မပါလို့ မဝယ်ဖြစ်ဘူး။ ပိုက်ဆံတွေ သိပ်ပေါလာခဲ့ရင်တော့ စောဟိန်းရဲ့ အခန်းဆက်ဝတ္ထုရှည်လေး ပြန်ထုတ်ဦးမှ။

ဝင်းငြိမ်းနှင့် စာရေးဆရာများ (၁)/ (၂)

အဲဒါတွေ့တော့ ဂျူးပါတဲ့ အတွဲ (၂) ကို အရင် ဝယ်ဖြစ်တယ်။

တကယ်တော့ အတွဲ (၂) မှာ ပါတဲ့ စာရေးဆရာတွေ အတော်များများကို မသိဘူး (ဖတ်ဖူးဖို့ ဝေးစွ၊ နာမည်တောင် မကြားဖူးတာ)။ အတွဲ (၁) ကလူအတော်များများကတော့ အသိတွေချည်းပဲ (ကိုယ့်ဘာသာ တဖက်သတ်သိခြင်း)။ သို့သော်လည်း တစ်အုပ် ငွေ 6000 ကျော်မို့ တွန့်ပြီး ဂျူးပါတဲ့ အတွဲလေးပဲ အရင် ဝယ်ဖြစ်တယ်။ အဲဒီထဲက မသိတဲ့လူတွေရဲ့ အင်တာဗျူးဖတ်တာကိုပဲ အတော် စိတ်ဝင်စားစရာကောင်းတော့ နောက်ပိုင်း အတွဲ (၁) ကိုပါ ထပ်ဝယ်လိုက်တယ်။

လူတွေရဲ့ ဘဝအကြောင်းက စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီကြားထဲ စာရေးဆရာကလည်းဖြစ်ပြန်၊ သူတို့ဖြတ်သန်းလာသမျှ တင်ပြတတ်ကြပြန်တော့ ပိုလို့ စိတ်ဝင်စားစရာကောင်းတာပေါ့။ တကယ်တမ်း အင်တာဗျူယာရဲ့ မေးခွန်းတွေက ဒီလောက်မဟုတ်ဘူး။ အဖြေတွေကြောင့်သာ စိတ်ဝင်စားစရာကောင်းတာ။ ဒါပေမဲ့ စာအုပ်တွေရဲ့ အစမှာ ဗျူးခဲ့စဉ်အခါက အဖြစ်အပျက် အမှတ်တရ အပိုင်းအစလေးတွေကို ဦးဝင်းငြိမ်းပြန်ရေးထားတာ အတော်စိတ်ဝင်စားစရာကောင်းတယ်။

နှစ်အုပ်လုံး ဟိုနည်းနည်း ဒီနည်းနည်းနဲ့ ပြီးအောင်မဖတ်နိုင်ခဲ့ဘူး။ ထားခဲ့ရတယ်။ နောက်တစ်ခေါက်ပေါ့။

နုနုရည် (အင်းဝ) အင်တာဗျူးမှာဆို ဆရာမက အဲဒီတုန်းက အကြောင်းအရာ စကားလုံး အတော်ချွေတာချင်ပုံရတယ်။ နောက် ဆု ဇာတ်ကောင်နဲ့ တွဲမြင်မိနေတဲ့ ဆရာမ မြနှောင်းညို အင်တာဗျူးကျတော့လည်း သူက သပ်သပ်၊ ဆုက သပ်သပ်ပါလားလို့ သဘောပေါက်ရတယ်။

ဘလော့မှာတင်ဖူးတဲ့ ဂျူး အင်တာဗျူးတပိုင်းတစကလွဲလို့ အဲဒီ အင်တာဗျူးတွေ မဖတ်ဖူးခဲ့ပါဘူး။ ခု တခြားစာရေးဆရာတွေရဲ့ အင်တာဗျူးတွေပါဖတ်မိတော့ (ကိုယ့်ဘာသာ) အတော် အံ့အားသင့်ရတာတွေ ပါတယ်။

စိတ်ဝင်စားတတ်ရင်တော့ ၂ အုပ်ပေါင်းမှ ငွေ တစ်သောင်းကျော်ဟာ ဈေးများတယ် မဆိုနိုင်ဘူး။

မောင်ထွန်းသူ ကတော့ ခရိုနင်ဘာသာပြန်တွေ အကုန် ရချင်တာနဲ့ လုံးဝကို မဖတ်နိုင်မှာမှန်း သိပေမယ့် ဝယ်ထားခဲ့တယ်။ အဲဒါလည်း နောက်နှစ်ပေါ့။

ကြည်အေး တမ်းတတတ်သည် က ebook ရှိရက်နဲ့ နှစ်မျက်နှာက မတက်လို့ အဲဒီတော့မှပဲ ဖတ်ပြီးသွားတယ်။ သိပ်မကြိုက်လှသေး (ကြာမှ ကြိုက်ချင်ကြိုက်မည်)။

မြနှောင်းညို ကိုတော့ အသည်းပန်းမှာ ဆူးတွေနဲ့ရယ် နဲ့ ငုပွင့်ဝါခိုင် ကလွဲရင် စွဲစွဲငြိငြိ ကြိုက်ရတာ ထပ်မတွေ့တော့။

လူထဲက လူနဲ့တူတဲ့ လူတွေအကြောင်း ရေးသော်လည်း ဇာတ်လမ်းထဲက ဇာတ်ကောင်တွေကို unique ဖြစ်အောင်တော့ရေးမှ ဆိုတဲ့ သီအိုရီ မှန်များမှန်သလား မသိ။ ထာဝစဉ်ချစ်ခြင်း... ထဲက ဇာတ်ကောင် စန္ဒီတို့၊ သည်ဘက်ကမ်းက... ထဲက ဇာတ်ကောင် ကြွေတို့ မထူးခြားသလို ဖြစ်လွန်းလှတယ်။ ကိုယ်တော့ ဆုတို့ ငုတို့ပဲ ကြိုက်လို့ရတယ်။

ခင်နှင်းယု စာတွေကို ခုနောက်ပိုင်း ပို ပို သဘောကျလာတယ်။ အထူးသဖြင့် သူ့ဘဝအကြောင်းကို စိတ်ဝင်စားလာတာ။ သို့သော်လည်း မွှေးကို ဝယ်မဖတ်ချင်။ ဘာလို့ဆိုတော့ မေဆွိနဲ့ သူ့သရုပ်ဆောင်ပုံပြန်မြင်နေရင် ဖတ်လည်း စိတ်ပျက်ရုံသာ။ ရှေးကားကိုတော့ မကြည့်ဖူးပါဘူး။ သို့သော် မွှေး ကို ဘယ်လို အနုပညာအမြင်နဲ့ ကြည့်လိုက်လို့ မေဆွိ ဖြစ်ရတယ် တွေးမရဘူး။ (ဟိုခေတ်က အမေသရုပ်ဆောင်ရင်၊ ဒီခေတ်ကျ သမီးသရုပ်ဆောင်ရမယ်လား)

အဲဒီမှာရှိနေတုန်း အိမ်ကဝယ်ထားတဲ့ ဖေဖေ စာအုပ်ကိုလည်း ဖတ်ဖြစ်တယ်။ ဆရာမကြီးရဲ့ အဖေအကြောင်းရေးထားတဲ့ စာအုပ်။ အဲဒါတွေကို စိတ်ဝင်စားပြီး ထီလာစစ်သူရဲ့ ခင်နှင်းယု သူမ၏ဘဝ စာပေပတ်ဝန်းကျင် ဝယ်ဖတ်တော့ ထင်သလောက် မဟုတ်ပြန်။ သူရေးဖူးတဲ့ စာတွေအကြောင်းလိုလို ဘာလိုလိုနဲ့ ဝေဝေဝါးဝါးပဲ။ တကယ်တမ်း ထည့်မယ်ဆို စိတ်ဝင်စားစရာတွေ အများကြီးရှိတယ်။

နီကိုရဲ လည်း အရင်ဟာတွေ ခြေဖျားတောင် မမီဘူး။

မင်းလူ ခိုးခိုးခစ်ခစ် ထဲမှာ ရွှေကြည်နဲ့ မောင်ဝ မင်္ဂလာဆောင်ဖြစ်သွားတာ အတော် ဝမ်းသာစရာပဲ =D

အောင်မြင်သော နေ့ ကတော့ ခင်နှင်းယု အတတ်ပညာ (ဦးနှောက်) နဲ့ ရေးထားတာလို့ ဆိုပေမယ့် အတော်ကောင်းပါတယ်။ ဗမာကားကိုလည်း မကြည့်ဖူးလို့ ဖြစ်မယ်။

ပိုးဇာ ကတော့ 88 အရှေ့ပိုင်းထွက်တဲ့ ရွှေသွေးအဟောင်းတွေလိုက်ရှာတာ ရမလိုလိုနဲ့ မရတော့လို့ အဲဒီအစား ဝယ်ဖတ်ပစ်လိုက်တာ။ ကောင်းတယ်။ ဘယ်တော့ဖတ်ဖတ် ကြိုက်နေတာပဲ။

မစန္ဒာနဲ့ လင်္ကာရည်ကျော် ဝတ္ထုတို/ ရှည်တွေ ဝယ်ဖြစ်ခဲ့ပေမယ့် မရိုက်ဖြစ်ခဲ့ဘူး။

***
ကျောင်းပြီးကာစ ညီမနှစ်ယောက်အတွက် ဂျူး စောင့်နေမယ်လို့ မပြောလိုက်ဘူး ဝယ်ပေးခဲ့ရတယ်။ သူ မင်းကို ဘယ်တော့မှ လည်း ဝယ်ဖတ်လိုက်လို့ ညွှန်းခဲ့တယ်။ အဲဒါတွေဖတ်တုန်းက ဖတ်တုန်းခဏ ကြိုက်ပြီး နောက် ခေါင်းထဲမရှိတော့ဘူး။ ကိုယ် ကြိုက်တဲ့စာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့ ပြောဆို ညွှန်ပြ အကြံပေးဖို့ အချိန်မရှိ၊ အခွင့်အရေးမရှိတဲ့အခိုက်၊ ဘာလုပ်ရမယ် ဘာလုပ်သင့်တယ်ဆိုတာလေး တာဝန်ရှိသူကိုယ်တွေအစား စကားတွေအများကြီး ဝင်ပြောပေးမယ့်စာမျိုး ရေးထားတာအတွက် အခုမှပဲ ကျေးဇူးတွေ တင်မိတယ်။

ဖတ်တုန်းကတော့ လူငယ်တွေနဲ့ လက်ရှိခေတ်ကာလနဲ့ ပတ်သတ်တာတွေအကြောင်း၊ နောက် ခက်နဲ့ ဒေါက်တာတို့ အချစ်ဇာတ်လမ်းတွေ စသဖြင့် ရောရေးထားတာတွေကို သိပ်လည်းမဆိုင်ဘူး အရသာပျက်တယ် ထင်မိပေမယ့်၊ စာဖတ်ကျင့်မရှိလှသူတွေကို ပြီးအောင်ဖတ်ဖို့လည်း ဆွဲဆောင်နိုင်ရမယ်၊ ပြောချင်သမျှကိုလည်း နားထောင်စေရမယ်ဆိုရင်တော့ ဒီထက်ကောင်းတဲ့ ရေးနည်းမျိုး မရှိတော့ဘူးလို့ ခုမှ သဘောပေါက်ရတယ်။

နောက်ထပ် သဘောပေါက်သွားတာတစ်ခုက ဂျူးဟာ ခုနောက်ပိုင်း စာအုပ်တွေကို မလိုအပ်တဲ့သူတွေအတွက် ရေးနေတာမဟုတ်ဘူး လိုအပ်တဲ့သူတွေအတွက် ရေးနေတာဆိုတာပဲ။ ကိုယ်တွေစိတ်မှာ စွဲငြိပြီး ကျန်ရစ်အောင် ရေးတာမဟုတ်ဘူး။ လိုအပ်တဲ့လူတွေ ပြီးအောင်ဖတ်နိုင်ဖို့၊ လိုအပ်တဲ့ အချက်အလက်တွေကို သိမြင်နားလည်စေဖို့ ရေးတာပဲ။

စာရေးဆရာဟာ သူ့စိတ်ကြိုက်အနုပညာကို ဖန်တီးဖို့ကလွဲလို့ ခေတ်ကြီးရဲ့ ဘာတာဝန်မှမယူဘူးဆိုလည်း သူ့အနုပညာကို နှစ်သက်နေသရွေ့ ကိုယ့်အနေနဲ့ကတော့ ကျေနပ်လက်ခံနေဦးမှာပဲ။ ဘာမှ ထပ် တောင်းဆိုစရာမရှိဘူး။ သူ့သဘောနဲ့သူ တာဝန်ယူလာပြန်တော့ (အစက ကိုယ့်အကြိုက်နဲ့ မကိုက်တော့လို့ ပြီးပြီးရော သဘောထားခဲ့ပေမယ့်) ကိုယ့်အတွက် အသုံးဝင်လာတဲ့အခါ သူ တာဝန်ယူလိုက်တာကို ကျေးဇူးတင်ရပြန်တယ်။ (ကိုယ် ပြောရဆိုရသက်သာလို့)။

***

Sunday, April 1, 2012

Sunday, February 19, 2012

All-Time Favourite



ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ဘယ်နားက ပြန်ဖတ်ဖတ် ဘယ်တော့မှ ရိုးမသွားဘဲ မပြီးမချင်း လက်က မချချင်ရတဲ့ စာအုပ်။

မမှာဘဲ ပို့ပေးလိုက်တဲ့သူကို ကျေးဇူးအထူး တင်ပါတယ်။

***
- ပထမအကြိမ် (ဝင်း စာပေ - ၁၉၉၇ ခုနှစ်)
- ဒုတိယအကြိမ် (
ဝင်း စာပေ - ၁၉၉၉ ခုနှစ်)
- တတိယအကြိမ် (ယုံကြည်ချက် စာပေ - ၂၀၀၇ ခုနှစ်)
- စတုတ္ထအကြိမ် (ရွှေသစ္စာ စာပေ - ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ)

Sunday, December 4, 2011

မုန်း၍မဟူ - ဂျာနယ်ကျော် မမလေး

မုန်း၍မဟူ ဖတ်တုန်းက ဒီတိုင်းပဲ ရှိလို့ဖတ်လိုက်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ဖတ်လိုက်မိတယ်။ အဲဒါ ကျောင်းစာကြည့်တိုက်ကနေ ငှားဖတ်ဖြစ်တာ။ final တုန်းက ထင်တယ်။

တခါတခါ စိတ်အာရုံက sensibility သိပ်မကောင်းဘူး။ inertia တော့ အတော်ကောင်းပုံရတယ်။ ဂျာနယ်ကျော်မမလေးကို အဲဒီရှေ့ပိုင်းမှာလည်း တော်တော်များများ ဖတ်လာဖြစ်ပြီး ကိုယ်ကြိုက်တဲ့ပုံစံမဟုတ်ဘူး ဆိုတဲ့ အစွဲက ရှိနေနှင့်ပြီးသား။ အဲဒါနဲ့ မုန်း၍မဟူ ဖတ်တော့ ကြုံကြိုက်တိုက်ဆိုင်လို့ ဖတ်လိုက်တယ် ဆိုပြီး ပြီးပြီးရောနဲ့ ပြီးသွားတာ။ ပြန်လည်း သတိမရဘူး။

တကယ်တော့ အဲဒီဇာတ်ကြောင်းလေး အတော်စွဲသား။ ကျောင်းပြီးတော့ အဲလိုအစွဲကို မသိလိုက်ဘဲ စာ နည်းနည်း ရေးမိတယ်။ ရေးနေတုန်းမှာပဲ အဲဒီဇာတ်လမ်း ဖျတ်ခနဲ ဖျတ်ခနဲ ပြန်ပြန်ပေါ်လာတတ်တယ်။ အဲဒီနောက်ပိုင်းတော့ အဲဒီဇာတ်လမ်း စိတ်ထဲ အတော်ရှိနေတာမှန်း နားလည်သွားတော့တယ်။

ဒေါက်တာမတင်ဝင်း ဆောင်းပါးတစ်ခုမှာ အဲဒါကို အသွင်မတူတဲ့ အသိုင်းအဝိုင်းနှစ်ခု ပေါင်းစပ်လိုက်ရင် မဆီလျော် အဆင်မပြေနိုင်ဘူး ဆိုတဲ့ သဘောမျိုးနဲ့ နည်းနည်း ထည့်ရေးဖူးတယ်။ ကိုယ်ကတော့ ('ပင်လယ်ပျော်စင်ရော်' လိုဟာကိုတောင် ဆက်မတွေးချင်တတ်တဲ့အစားထဲက ဆိုတော့) ဘာမှ ဆက်မတွေးပါဘူး။ ဒီလူနှစ်ယောက်အကြောင်း ရေးတာ ဒီလူနှစ်ယောက်အကြောင်းပဲပေါ့။ စာဖတ်သူကို ဘာများ ပညာပေးထားချင်တာပါလိမ့်လို့ ဆက်တွေးရမှာ သူ့အနုပညာ role ကျတယ်လို့ ထင်တယ်။ Dr မတင်ဝင်းကတော့ တစ်စုံတစ်ယောက်ရဲ့ဇာတ်လမ်းနဲ့ ယှဉ်ပြောချင်ခဲ့သလား မသိဘူး။ (မသိဘူးဆိုတာ တကယ်မသိလို့ ပြောတာမဟုတ်)။

အသွင်မတူ ဆိုတာလည်း အပေါ်ယံ ဓလေ့ ထုံးစံ နေမှု ထိုင်မှု စားမှု သောက်မှု ဘာညာကွိကွတွေ ဆိုရင်တော့ အဲဒါ အရေးမကြီးလှပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ စိတ်နေသဘောထားနဲ့ အတွေးအခေါ် အယူအဆ တန်ဖိုးထားမှု စံတွေ လိုက်လျောညီထွေ ရှိဖို့သာ အရေးကြီးတယ် ထင်တယ်။ (တူစရာမလို)

အဲဒီဇာတ်က ဇာတ်ကောင်စရိုက်ကလေးတွေ အဖြစ်အပျက်လေးတွေကို အတော် သဘောကျမိတယ်။ ဝေဝေ အမျိုးတွေဆီ ရောက်သွားတုန်း သူ့ခင်ပွန်းနဲ့၊ အစ်မဖြစ်သူရဲ့ ခင်ပွန်းဆရာဝန်ကို ယှဉ်တွေးပြတဲ့အခန်းမျိုးကို ကြိုက်တယ်။ ဝေဝေ့အစ်ကိုကြီး ဆန္ဒပြတာကို ဝေဝေ့ခင်ပွန်းက မြင်တဲ့အမြင် စသဖြင့် တချက်တည်း တခန်းတည်းပေမယ့် အတော်လိုရင်းရောက်တဲ့ ဇာတ်ကွက်မျိုးပေါ့။ (ရွှေလင်းယုန် တုန်းကလည်း ဇာတ်ကွက်ကလေးတစ်ခုကို သေချာရေးပြခဲ့တာ မှတ်မိတယ်။ ဇာတ်လမ်းကို အတိအကျ မမှတ်မိတော့ပေမယ့်...။)

အဲဒီ 'မုန်း၍မဟူ' ထဲက တချို့အချက်အလက်တွေကတော့ ဒီနေ့ခေတ်မျက်စေ့နဲ့ကြည့်မယ်ဆို တမျိုးဖြစ်ကောင်းဖြစ်နေမယ် ထင်တယ်။ ပြီးတော့ ဘဝင်မကျမိတာက ဇာတ်ကောင် ဆုံးရတဲ့ အကြောင်းရင်းက အနောက်တိုင်းဆေးကြောင့်လို့ ယူသော်ရ၏ ပုံစံမျိုး ဖြစ်နေတာ...။ ဒါတွေကလည်း ဇာတ်လမ်းကို အတော်ကြိုက်နေတော့ အသာ ခေါက်ထားလို့ရတယ်။ တဇာတ်လုံးမှာ ကိုယ့်အတွက် အပေါ်လွင် အထင်ရှားဆုံးကတော့ ဝေ့ဖီလင်တွေပဲ။

ဒီဝတ္ထုရဲ့ ရီဗျူး သိပ်အများကြီး မဖတ်ဖူးပေမယ့် ဖတ်ဖူးသမျှမှာ ဗမာဆန်တဲ့ ဝေဝေခမျာ အနောက်တိုင်းဆန်တဲ့ ခင်ပွန်းနဲ့ ညားရှာလို့ဆိုတာကို ပြဿနာရဲ့ အဓိကလို ရေးကြတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဇာတ်က စဖွင့်တည်းက အဲလိုနဲ့ ဖွင့်ထားတာဆိုတော့...။

သို့သော်လည်း အဲဒီ နေမှုထိုင်မှု စားမှုသောက်မှုဆိုတဲ့ကိစ္စမှာ ဘာဆန်တာ မဆန်တာက ဘာမှမဖြစ်လောက်တဲ့အပိုင်းလို့သာ ထင်တယ်။ အဲဒါတွေက တကယ်တော့ အပေါ်ယံပဲ။ ကျန်နေသေးတဲ့ သက်တမ်းတလျှောက်လုံး အတူတူနေတော့မယ်လို့တောင် ဆုံးဖြတ်ထားနိုင်စွမ်းပြီဆိုမှတော့ ဒီလူနှစ်ယောက်ဟာ အစစ အရာရာ တူမှ ဖြစ်လိမ့်မယ်လို့ တွေးစရာအကြောင်းမရှိပါဘူး။ မတူတာတွေနဲ့ သဟဇာတဖြစ်အောင် နေနိုင်စွမ်းသာ လိုတာပါပဲ။ မဟုတ်ရင် လူနှစ်ယောက်နဲ့ မပြီးနိုင်တဲ့ ဖွဲ့စည်းပုံမျိုးမှာ ကိုယ့်အသိုင်းအဝိုင်းထဲ သူ ဝင်မဆံ့တာ၊ သူ့အသိုင်းအဝိုင်းထဲ ကိုယ် ဝင်မဆံ့တာဟာ ပြဿနာကြီးတစ်ခုပေါ့။

ကိုယ်ကတော့ အဲဒီဝတ္ထုမှာ အချစ်ရယ်၊၊ ဇာတ်ကောင်စရိုက်ရယ်၊ အတော်ကို ပြေပြစ်တဲ့ ဇာတ်ကွက်မှန်းကို မသိစေတဲ့ ဇာတ်ကွက်လေးတွေရယ်ကိုပဲ မြင်ခဲ့တယ်။

ဂျာနယ်ကျော်မမလေး စာအုပ်တွေထဲက စွဲမိတဲ့ တစ်ခုတည်းသော ဝတ္ထု။

***

Sunday, September 18, 2011

မျိုးငြိမ်းဆွေ - ကြည်လင်သော ရေ မဂ္ဂဇင်း ဝတ္ထုတိုများ

မျိုးငြိမ်းဆွေ - ကြည်လင်သော ရေ မဂ္ဂဇင်း ဝတ္ထုတိုများ

၁) လကလေး ဝါဝါ (Apr 1991, မြားနတ်မောင်)

၂) နှင်းမြူပင့်ကူအိမ် (Feb 1991, ပေဖူးလွှာ)

၃) ကြည်လင်သော ရေ (Jan 1995, ရွှေအမြုတေ)

၎) ရွှေပြည်အေးအိပ်မက် (အမှတ်-၅ 1990, ဒီရေစီးသံ)
၅) ချင်းတွင်းမြစ်ကမ်းပေါ်က ည (Sept 1995, ပိတောက်ပွင့်သစ်)

၆) ကြေးရည်သောက်တဲ့ ည (Apr 1996, ပန်းဝေသီ)

၇) ဃ နှင့် ဘ ကိုသောက်ခြင်း (July 2005, ရွှေအမြုတေ)

၈) မိုးကြိုးပြင် (Mar 2005, ရွှေအမြုတေ)
၉) လွမ်းပိုမှာ ချာချာလည် (Jan 2005, အင်ပါရာ)

***
ကြည်လင်သောရေ တစ်ပုဒ်ကလွဲလို့ ဘာမှ မဖတ်ဖူးသေးတဲ့ ဝတ္ထုတိုတွေ။
စာအုပ်ဝယ်တုန်းက သေချာမကြည့်ခဲ့ရဘူး။
2008 September ကတည်းက ထွက်နေတဲ့ စာအုပ်။

"... တိုက်တိုက်ဆိုင်ဆိုင် ဒီညမှာများ အမေ တရေးနိုးပြီး ကျွန်တော်သတိရနေသလိုပဲ ဟောဒီအချိန်မှာ သားကြီးကို သတိများရနေမလား။ အမေ့မှာလည်း ပြောစရာတွေ ပြည့်နေမှာပါ။ 'ငါ့မှာ သမီးမိန်းကလေး မရှိတော့ မင့်ပဲ မိန်းကလေးသဘောထား တိုင်ပင်ရမှာ' ဆိုပြီး အဖေနဲ့ အိမ်ထောင်ရေးကိစ္စ၊ မိသားစုကိစ္စ၊ အမျိုးသမီးကျန်းမာရေးကိစ္စတွေ ကျွန်တော်နဲ့ တိုင်ပင်နေကြမဟုတ်လား၊ ကျွန်တော် မရှိတော့ အမေ့ရင်ထဲ ပြည့်ကျပ်လို့ နေမှာပေါ့။

အမေနဲ့ စကားပြောချင်တယ်။ ..."

"...
တစ်လမ်းတည်းသော အဲဒီ ပေတစ်ဆယ် ကတ္တရာလမ်းကလေးပေါ်မှာပဲ တမာပန်းကလေးတွေဟာ ညဉ့်နက်မှ တိတ်တိတ်ကလေး မွှေးနေကြတာကို ကျွန်တော်တွေ့ရှိခဲ့တာပေါ့။ ဟော အဖေနဲ့ အမေကျတော့လည်း အဲဒီလမ်းကလေးပေါ်မှာပဲ ကိုယ်ပိုင်ထွက်ပေါက်ကလေးတွေ ရှိခဲ့ကြတာပဲ။ ..."

(
စာရေးကောင်းတဲ့လူတွေ ရေးတဲ့ စာကို ဖတ်ရရင်၊ တပြိုင်တည်း သူရေးတဲ့စာက ကိုယ့်ခံစားချက်ကို ထိမှန်နိုင်ခဲ့ရင်၊ အရိပ်အယောင်နဲ့ အရုပ်တွေ မြင်လာရတတ်တယ်။ ဒီထက်မကရင်တော့ ရနံ့တွေပါ ရလာတတ်တယ်။ ဒီစာပိုဒ်ကလေးကို ဖတ်ရတော့ အညာနွေညထဲက ပူပူနွေးနွေးလေထုရယ် လေအလာမှာ ဖုန်နံ့နဲ့ရောပါလာတတ်တဲ့ တမာပန်းနံ့လေးတွေကို ရှူမိတယ်။)

"... အမှန်တော့ အမေ ကျွန်တော်တို့ကို မိန်းကလေးတစ်ယောက်လောက် မွေးပေးဖို့ ကောင်းတယ်။ အခု ညီအစ်ကိုသုံးယောက်ဆိုတော့ အေးစက်စက် ဖွယ်တယ်တယ်နဲ့ပေါ့။..."

(ဘာဖြစ်လို့မှန်းမသိ။ သား ၃ ယောက် အိပ်မက်ရှိဖူးတယ်။ ဘယ်သူ့ကို အားကျလို့ရယ်လို့ မဟုတ်ဘဲ၊ ဘာမှန်းမသိဘဲ လိုချင်ခဲ့ဖူးတာ။ (ခုတော့ မရှိတော့ဘူး။) နောက် ကိုယ်သဘောတကျရှိတဲ့ လူအများစုမှာ တိုက်တိုက်ဆိုင်ဆိုင် သား ၃ ယောက်စီရှိတတ်ကြတယ်။

ဒါပေမဲ့ ခု သူတွေးတဲ့ထောင့်က တခါမှ မတွေးဖူးခဲ့ဘူး။)

(လကလေး ဝါဝါ)

***
"
မစံနဲ့ ကျွန်တော် နှစ်ယောက်တည်းနဲ့ ကမ္ဘာကြီးကတော့ ကျယ်နေပြန်ပါပြီ။"

"You Go
I Stay
Two Atoms"

"You Love
I Love
Two Kisses"

(ကြည်လင်သော ရေ)

ရှေ့မှာ ရှင်ငြိမ်းမယ်ရဲ့ ကျွမ်းထိုးကောင်အိုင်ချင်းတစ်ပုဒ် ရွတ်တဲ့အပြ၊ နောက် အဲဒီ ဟိုက္ကုကဗျာနှစ်ပုဒ် တလှည့်စီရွတ်အပြီးမှာ ညှပ်ထည့် သရုပ်ဖော်ထားတဲ့ အဖြစ်အပျက်ကလေးက အတော်လှတယ်။

အဲဒီဝတ္ထုကို အွန်လိုင်းမှာ စဖတ်မိတော့ ဘာဖြစ်လို့ မကြိုက်မိပါလိမ့်။

***
"... မွန်းကျပ်ရှတတဲ့ အိပ်မက်တွေကို မြင်မက်ရဖန်များတော့ ကြည်လင်ရှင်းသန့်တဲ့ အိပ်မက်လေးကို တမ်းတမိပြီး ခါးသီးအက်ကွဲတဲ့အဖြစ်တွေ ခံစားရတော့ ချိုမြိန်ရှင်သန်ခဲ့ဖူးတဲ့အဖြစ်လေးတွေကို စိတ်ထဲက မြင်ယောင်တမ်းတနေမိတော့တာပါပဲလေ..."

"
... အိပ်မက်တစ်ခုပမာပါပဲ။ မနက်မိုးလင်းတော့ ဟိုးဘက်ညမှာ ကျန်ခဲ့ပြီ။

... ခါးသက်သော အရသာကို စားရတော့ ချိုမြိန်သော အရသာကို တမ်းတမိသလို စိတ်ပျက်မွန်းကျပ်တော့ လွတ်လပ်ပျော်မြူးရတဲ့အဖြစ်ကို တမ်းတမိသလို နှစ်သက်မြတ်နိုးသော အိပ်မက်တစ်ခုကို ပြန်လည်မြင်မက်ခွင့် ရဦးမည်ဆိုရင
်ဖြင့် ဟောဒီလို ဆောင်းချမ်းမြမြမှာ ရွှေပြည်အေး "တစ်ငါးလေး" ထဲကို ကွေးကွေးကလေး ဝင်ရောက်အိပ်စက်ချင်သေးသည်။ ..."

(ရွှေပြည်အေးအိပ်မက်)


စန္ဒယားချစ်ဆွေ သီချင်းတစ်ပုဒ်က စာသားတစ်ကြောင်းကို ကြားရတိုင်း၊ ကြားရတိုင်းမှာ စိတ်က အတိတ်တချိန်ကို ပြန်ပြေးတယ်။ ပြီးခဲ့တာတွေကို ပြန်ရချင်လို့ မဟုတ်ပါဘူး၊ ဘာမှ မသိမမြင်တတ်ခဲ့တဲ့ ရှင်းလင်းသန့်စင်မှုကို ပြန်တမ်းတမိရုံပါပဲ။ ဘယ်တော့မှလည်း ပြန်မရတော့ပါဘူး။ ပြန်ရရင်လည်း မယူလိုတော့ပါဘူး။ အရိပ်အယောင်တွေမျှသာ ပါပဲ။

***
'ဃ နှင့် ဘ ကို သောက်ခြင်း' ရဲ့ ဇာတ်ကောင် ၃ ယောက်ထဲက တစ်ယောက်ကတော့ ဃကြီးလို့ ငယ်နာမည်တွင်တဲ့ ဟယ်ရီလင်း ပါတဲ့။

'ကြေးရည်သောက်တဲ့ ည' တစ်ပုဒ်ရယ်၊ 2005 မှာ ရေးတဲ့ ဝတ္ထုတို ၃ ပုဒ်ရယ်ကတော့ ရွှေအမြုတေ ပုံစံခွက်ထဲက အတိုင်းပဲ။ နောက်ဆုံးတစ်ပုဒ်ကဆို ရွှေအမြုတေမှာ ပါတာမဟုတ်ဘဲနဲ့ကို ရွှေအမြုတေ ဆန်နေတော့တယ်။

***
ဒီစာအုပ်မှာပါတဲ့ ဦးဝင်းငြိမ်း အမှာစာလိုပဲ... သူ့ကို စာဆက်ရေးစေချင်မိတယ်။
ပုံစံတစ်ခုခုထဲကနေတော့ မဟုတ်ဘူး။
'လကလေး ဝါဝါ' လို၊
'နှင်းမြူပင့်ကူအိမ်' လို၊ 'ကြည်လင်သော ရေ' လို၊ 'ရွှေပြည်အေး အိပ်မက်' လို...
ကိုယ်ပိုင်အတွေးနဲ့ အက်ဆေးဆန်လေ ကောင်းလေပဲ။

***

Sunday, September 11, 2011

ကေဖွဲ့ဆိုသီ နိဒါန်းအမှာစာ

ကြည်အေး စာတွေကို စဖတ်မိတော့ အတော်စောသေးတယ်။ အားမာန်သစ်က ပြန်ထုတ်တဲ့ ဝတ္ထုတိုပေါင်းချုပ် အိမ်မှာရှိနေတော့ အလယ်တန်းလောက်မှာ ဖတ်ဖြစ်ခဲ့တာ။ အဲဒီအရွယ်က တချို့တလေကို နားလည်တယ်လို့ ထင်ခဲ့တယ်ဆိုရင်တောင် တကယ်နားလည်ခဲ့တာတော့ မဟုတ်ဘူးဆိုတာ ခုမှ ပြန်နားလည်လာတယ်။

ကေဖွဲ့ဆိုသီ ကို ၁၀ တန်းဖြေပြီးနောက်ပိုင်း အညာပြန်နေဖြစ်တဲ့ ၃/၄ လအတွင်းမှာ အိမ်နားက စာအုပ်ဆိုင်တဆိုင်ကနေ ငှားဖတ်ခဲ့ဖြစ်တယ်။ ပြန်စဉ်းစားရင် အဲဒါ အညာက ထွက်လာပြီးနောက်ပိုင်း အကြာဆုံး ပြန်နေဖြစ်တဲ့ ကာလပဲပေါ့။ အိမ်နားက စာအုပ်ငှားဆိုင်ပိုင်ရှင်ဆီမှာ စီးပွားဖြစ် ဘတ်ဆဲလားစာအုပ်တွေတင်မကဘဲ စာအုပ်ဟောင်းတွေပါ အများကြီး စုပြီးဆောင်းပြီး ရှိတယ်။ လာငှားတဲ့ လူတွေရဲ့ အရိပ်အခြေကို ကြည့်ပြီး သူက သူ့စာအုပ်ဟောင်းတွေ ထုတ်ပေးတတ်တယ်။

မှတ်မှတ်ရရ စီနီယာတစ်ယောက်က လှမ်းတိုက်တွန်းလို့ တက္ကသိုလ်ဘုန်းနိုင်တွေ ဖတ်ဖြစ်ခဲ့တာလည်း အဲဒီဆိုင်ကပဲ။ မှန်တာပြောရရင် တစ်ခုမှ မမှတ်မိတော့ဘူး။ အဲဒီအချိန်ကျမှပဲ 'အမှတ်တရ' ကိုလည်း ဖတ်ဖူးတယ်။

'ကေဖွဲ့ဆိုသီ' နဲ့ 'မေတ္တာမီးအိမ်' ကိုလည်း အဲဒီစာအုပ်ဆိုင်ပိုင်ရှင် ညွှန်းပေးတာနဲ့ ဖတ်ဖြစ်တယ်။ အဲဒီတုန်းက ကြည်အေးကို သိပ်မခံစားတတ်ဘူး။ ဒါပေမဲ့ နောက် ရန်ကုန်ပြန်ရောက်တော့ 'နွမ်းလျအိမ်ပြန်' ကို ဝယ်ဖတ်ဖြစ်တယ် (ငှားစရာဆိုင် မရှိတော့လို့)။ အဲဒီထိလည်း ကြည်အေး စာတွေကို ကိုယ်ကြိုက်တဲ့စာလို့ မထင်မိသေးဘူး။

2000 လောက်မှာ 'ဖူးငုံပွင့်သစ်' ကို ကျောင်းစာကြည့်တိုက်မှာ ဖတ်ခဲ့ရတယ်။ ဘာကြောင့်မှန်းတော့မသိ၊ အိမ်ကို မငှားဘဲ အခန်းထဲမှာတင် ထိုင်ဖတ်ခဲ့တာ မှတ်မိနေတယ်။ ကျောင်းမပြီးခင်လေးမှာတော့ 'မှန်၏မှောင်ရိပ်' နဲ့ ကျောင်းပြီးတော့ 'အိမ်ဖြူလင်းသစ်' ဖတ်ဖြစ်တယ်။ (ဒီနှစ်ပြန်တော့ အဲဒီနှစ်အုပ် တပေါင်းတည်း ပြန်ထုတ်တာ တွေ့ခဲ့တယ်)။ နောက်ပိုင်း မီ၊ ကျွန်မပညာသည်၊ မောင် ကိုကို နဲ့ မြနန္ဒာ၊ အပြင်ကလူ၊ ဝတ္ထုတို ပေါင်းချုပ် စသဖြင့်...။ (ကဗျာတွေတော့ မဖတ်)


သူ့စာတွေက ကိုယ့်အတွက်တော့ တဖြည်းဖြည်း တစိမ့်စိမ့်နဲ့ စွဲလာခဲ့တာတွေ။ အဲဒီထဲမှာ ခုချိန်ထိ မစွဲမိတာကတော့ 'ကေဖွဲ့ဆိုသီ' နဲ့ 'အပြင်ကလူ'။ ဒါပေမဲ့ ဒီနှစ်ပြန်တော့ ကေဖွဲ့ဆိုသီ ကို ပြန်ဖတ်ချင်တာနဲ့ ကိုယ်ပိုင်လည်း မရှိသေးတော့ ဝယ်လာခဲ့တယ်။

အရင်ကတော့ စာအုပ်ဝယ်မယ်ဆို ချိန်နေရတယ်။ ဗမာပြည်ကလူတွေ စာ ဖတ် မဖတ်တော့ မသိဘူး။ တရုတ်ပစ္စည်းတွေ လှိမ့်ဝင်လို့ အိမ်အသုံးအဆောင် (တီဗွီ/အောက်စက် စသဖြင့်) တွေ လူများစု လက်လှမ်းမီလောက်တဲ့ထိ ဈေးကျတဲ့ အခိုက်အတန့်တွေ ရှိတောင်မှ ကိုယ့်အတွေ့အကြုံအရ စာအုပ်ဈေးတွေဟာ ဘယ်တုန်းကမှ မကျခဲ့ဖူးဘူး။ မကျရုံတင်မဟုတ်ဘူး တန့်ကို မနေဘဲ အမြဲတစေကို တက်နေတတ်တာ။

... ဆိုတော့ လက်ထဲ ရှိတဲ့ ပိုက်ဆံနဲ့ လိုချင်တာနဲ့ မမျှရင် ပြန်ချထားပြီး၊ နောက် ကြုံတော့မှလို့ လုပ်ခဲ့ရတာတွေ ရှိတယ်။ တချို့စာအုပ်တွေဆို စာအုပ်ဆိုင်မှာ မြင်နေရချိန် ဦးစားပေးစာရင်းထဲ တခြားစာအုပ်တွေ ဝင်သွားလို့ မဝယ်နိုင်သေးဘူး။ ဝယ်မယ်လုပ်ရင် ဆိုင်မှာ မရှိတော့ဘူးဆိုတာမျိုး တအုပ်တည်းနဲ့ကို ၄/၅ ခါလောက် ကြုံလာရဖူးတယ်။


ဂျူး ဝတ္ထုဇာတ်လမ်းတွေကို feminism စကားလုံးနဲ့တွဲလို့ သူများတွေက ပြောကြရင် မျက်မှောင်ကျုံ့မိတဲ့ ကိုယ့်အနေနဲ့ ကြည်အေးရဲ့ ကေဖွဲ့ဆိုသီ ထဲက ကေ့ မေမေအကြောင်း တစွန်းတစအရေးအသားကိုတော့ ခုချိန်ထိ မှတ်မိနေတုန်းပဲ။ တကယ်တော့ ဂျူး ဝတ္ထုစာအုပ်တွေ ဖတ်ရတဲ့အခါ ကိုယ့် အာရုံကိုက အဲဒီခေါင်းစဉ်နဲ့ ပတ်သတ်ပြီး မပါးလျားလို့ သာမန်မျှသာမြင်နေတာလည်း ဖြစ်နိုင်တယ်။ ဂျူး ဝတ္ထုတွေကို အဲဒီခေါင်းစဉ်နဲ့ တွဲပြီးတော့ကို မြင်လို့ မရတာ။ အဲဒီခေါင်းစဉ်ဟာ ဝင်းဝင်းလတ်တို့ ရေးတဲ့စာ၊ ကြည်အေးတို့ ရေးတဲ့စာတွေ ဖတ်မှသာ ကိုယ့်အတွက် သိလွယ် မြင်လွယ်ဖြစ်နေတာ ဖြစ်နိုင်တယ်။

(မှတ်ချက်။ ကိုယ်ကတော့ ဘယ်တော့မှ အဲဒီခေါင်းစဉ်အောက် ရောက်မယ်မထင်ဘူး။)


***
အမှန်တော့ ရေးမလို့ ရည်ရွယ်တာ အပေါ်ကဟာတွေ မဟုတ်ဘူး။

ခုမှ စာအုပ်အစက 'ဖူးငုံပွင့်သစ်' အတွက် စာရေးသူ အမှာတောင် ပြီးအောင် မဖတ်ရသေးဘူး။
သူ ကလောင်အမည် စယူပုံထိပဲ ရှိသေးတယ်။ အဲဒါကို ဖတ်ပြီး ရေးချင်လာမိတာ။ အမှာစာက သူ့အစ်ကိုကြီးကြောင့် တက္ကသိုလ်ရောက်လာရပုံအကြောင်း မှတ်မိနေပေမယ့် သူ့ကလောင် အမည်ယူခဲ့ပုံကိုတော့ မမှတ်မိတော့ဘူး။

'ကြည်အေး' ဆိုတဲ့နာမည်ဟာ သူ့အစ်ကို သူငယ်ချင်းဖြစ်သူ ဂျပန်တော်လှန်ရေးမှာ ကျသွားသူရဲ့ ငယ်နာမည်ကို ယူထားတယ် ဆိုတယ်။

"... အစ်ကိုကြီးသူငယ်ချင်း ဗကြည်ကို ဂျပန်တို့လိုက်ဖမ်းရာမှာ မိအောင် လက်ရ မဖမ်းဘဲ သူ ခိုအောင်းနေသော ဂူတွင်းကို လက်ပစ်ဗုံးသွင်းပြီး သတ်လိုက်သည်လို့ အစ်ကိုကြီးက ပြောပါသည်။ 'အဲဒီကောင်သေတော့ သူ့ရှပ်အင်္ကျီထဲက ရည်းစားစာတွေ တထပ်ကြီး ထွက်ကျလာတယ်တဲ့' ဟု အစ်ကိုကြီးက ပြောပြပါ၏။"

('မီ' ဝတ္ထုမှာ မောင်ကိုလေး တိုက်ပွဲကျတဲ့အကြောင်းရေးတော့ ထည့်ရေးခဲ့တဲ့ အကွက်ဟာ အဲဒီအစွဲအလမ်းကနေ ဖြစ်မှာပဲ။ စာရေးသူတွေဟာ သူတို့ ဘဝမှာ ကြုံခဲ့ရတဲ့ ခက်ခဲတဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေကို စာထဲမှာ ပြန်ပြန် ထည့်ရေးပြီး ကျော်လွှားဖို့ ကြိုးစားကြတာဟာ တကယ်ပဲလား)


"ကျွန်မ၏ ငယ်ရွယ်သေးသော သညာမှာ ထိုသတင်းသည် ဖျက်မရသော မင်ဖြင့် ထွင်းနှိပ်လိုက်သလို စွဲမြဲခဲ့၏။ သေသည်အထိ ရည်းစားစာများ ရင်မှာအပ်ခဲ့သော၊ အသက် ၂၀ ကျော်မျှ ရှိသေးသော၊ ဖက်ဆစ်ဂျပန်ကို တော်လှန်သော၊ မျိုးချစ်စိတ် ရှိသော၊ အသက်စွန့်ခဲ့သော၊ ခုတော့ ဘယ်သူမှ သတိရတော့မယ်မဟုတ် အရိုးကျခဲ့ပြီ ထင်ရသော အစ်ကိုကြီးရဲ့ သူငယ်ချင်း၊ ကျွန်မနဲ့ စကားကောင်းကောင်းမပြောဖူးခဲ့သော ကိုဗကြည်၏ ပုံမနှိပ်ခဲ့ဖူးသော ကလောင်နာမည်ကို ကျွန်မ အမွေခံဖို့ ဆုံးဖြတ်လိုက်ပါသည်။ မပျောက်ပျက်ကောင်းဘူး လို့ ထင်ခဲ့၏"

***
ဘယ်လောက်ကောင်းလိုက်တဲ့ တသသ ပြန်ပြောချင်စရာ နာမည်ရွေးပုံပါလိမ့်။ တိုက်တန်းနစ်ထဲမှာ အဘွားရို့စ် ပြောသွားတဲ့

"
အညတရ ပန်းချီဆရာကလေးတစ်ယောက်...
သင်္ဘောကြီး နစ်သွားတဲ့ အချိန်မှာ သူနဲ့ ပတ်သတ်တဲ့ မှတ်တမ်းမှတ်ရာ ဘာတစ်ခုမှ မကျန်ရစ်ခဲ့ဘူး။ သူ့ဓါတ်ပုံကလေးတောင်မှ ငါ့မှာ မရှိခဲ့ဘူး။
သူဟာ ငါ့ရဲ့ အသိစိတ်ထဲမှာသာ ရှင်သန်နိုင်တော့တယ်။
" ဆိုတာလေးတောင် သတိရမိတယ်။

အဲဒီမှာလည်း ရို့စ် အကယ်ခံရပြီး တဘက်ကမ်းပေါ်ရောက်တော့ လူနာမည်စာရင်းလာကောက်တဲ့သူကို သူ့နာမည်နောက်မှာ Dawson ဆိုတဲ့ Jack ရဲ့ surname ထည့်ပြီး ပြောခဲ့တယ်။


***
ကိုယ်လည်းပဲ သူ့နာမည်လေး တလုံးတလေမှ အမှတ်တရရယ်လို့ မထည့်ခဲ့မိ။ အေးလေ လူရှိနေသေးတာပဲ။

***
ဖြည့်စွက် (12.9.2011 Mon 9:50 am) 


ဗမာပြည်မှာတုန်းက ခေါင်းစဉ်တစ်ခုနဲ့ပတ်သတ်ပြီး ပြောတာဆိုတာ ကြားရရင် မြန်မာအမျိုးသမီးများဟာ အနောက်နိုင်ငံက အမျိုးသမီးများလို လက်ထပ်ပြီးတာနဲ့ ခင်ပွန်းသည်ရဲ့ မျိုးရိုးနာမည်ကို ဆက်ခံစရာမလို ဆိုတဲ့ မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်တဲ့ စကားမျိုး အမြဲတမ်းကြားရတတ်တယ်။ အဲဒီတုန်းကတော့ သူ့အရပ်နဲ့ သူ့ဇာတ်ကိစ္စတွေကို အလကားနေရင်း ဆွဲထည့်နေတယ်ဆိုတာထက် ပိုပြီး ဘာမှ ဆက်မတွေးမိဘူး။

ခုမှ စဉ်းစားမိတယ်။
နောက်ပိုင်းမှာတော့ ထုံးစံဖြစ်သွားလို့ အစဉ်အလာအရ ခင်ပွန်းဖြစ်သူရဲ့ မျိုးရိုးနာမည်ကို ဆက်ခံကြတာ ဖြစ်ပေမယ့် အဲဒီ အစဉ်အလာရဲ့ အစဦးမှာတော့ ချစ်ခင်တွယ်တာမှုနဲ့ အမြတ်တနိုးထည့်ခဲ့ကြတာသာ ဖြစ်မယ်။

***

Friday, August 19, 2011

ပန်းကြာဝတ်မှုန် - ခင်ခင်ထူး

ပန်းကြာဝတ်မှုန် - ခင်ခင်ထူး

ဆရာမရဲ့ အရင် အညာဝတ္ထုတွေကို သေချာ ဖတ်ထားဖူးပြီး၊ ဒီစာအုပ်မှာ စာရေးဆရာ နာမည်သာ ထည့်မရေးထားဘူးဆိုရင်တော့ ဆရာမရေးထားတာလို့ ထင်စရာမရှိလောက်တဲ့ ဝတ္ထုမျိုးပါပဲ။ အညာဓလေ့ ရွာဓလေ့ရေးတုန်းကနဲ့ အကြောင်းအရာရော၊ အရေးအသားပါ ကွဲပြားတယ်လို့ ခံစားမိတယ်။

'80 ပတ်ဝန်းကျင် မန္တလေးဒေသကောလိပ်ကာလတွေ အကြောင်းကတော့ (အဓိက ဇာတ်ကောင်နှစ်ယောက်ရဲ့ ပတ်သတ်မှုကိုတော့ သွယ်ဝိုက်ကွေ့ပတ်ရေးထားတဲ့တိုင်အောင်) သွက်လက်ပွင့်လင်းပြီး စွဲမက်စရာပါပဲ။ မြင်းခြံသူ မြင်းခြံသားတစ်စုကို အဓိက ထားပြီး တခြား မန်းလေးနယ်တဝိုက်က ကျောင်းသား/သူ တက္ကသိုလ်တက်ဖက်တွေအကြောင်း ရေးထားတာ တကယ်ကျင်လည်ခဲ့ရတဲ့ အညာသူ စာရေးဆရာမမျိုးသာ တတ်နိုင်မယ့် ကိစ္စပါပဲ။ အဓိကဇာတ်ကောင် သီရိမေရဲ့ စိတ်နှလုံးကို ရေးသွားတာ အထူးသဖြင့် သဘောကျမိတယ်။

'90 ပတ်ဝန်းကျင် သီရိမေ ကျောင်းပြီးလို့ ဇာတ်လမ်း တဆစ်ချိုးကတော့ အတော် လေးပင်တယ်။ ဇာတ်သိမ်းခါနီးမှာတော့ တခါပြန် ဆွဲဆောင်ပြန်တယ်။

ဒီဝတ္ထုက ဆရာမတကယ် ကျင်လည်ခဲ့ဖူးတဲ့ အညာတက္ကသိုလ်ဝန်းကျင်အကြောင်း ဆိုတာအပြင် အချစ်ဇာတ်လမ်းကလည်း တကယ့်ဇာတ်လမ်းကို အခြေခံရေးတယ်လို့ ဆိုတယ်။ လွန်ခဲ့တဲ့ 10 နှစ်ကျော်လောက်ကသာ ဖတ်ရမယ်ဆိုရင် လက်ခံဖို့ ခဲယဉ်းမယ့် အချစ်ဇာတ်လမ်းမျိုးပါပဲ။

'အောင်နဲ့ မေ' ကို အောင် ဗမာပြည်က မထွက်ခင် ပွင့်ပွင့်လင်းလင်း ဖြစ်သွားပြီး၊ နောက် အောင် ဟိုကိုရောက်မှ ဇာတ်လမ်းထဲကအတိုင်း ဆက်သွား၊ မေလည်း ဗမာပြည်မှာ ဇာတ်လမ်းထဲကအတိုင်း ဆက်ဖြစ် ပျက် ပြောင်း လဲ၊ အောင့်ဘက်က အခြေအနေတချို့ ပြောင်းလဲသွားတဲ့အခါကျမှ ဇာတ်လမ်းထဲကအတိုင်း ကျန်တဲ့အပိုင်းတွေ ဒီတိုင်းဆက်သွား။ ဒါဆိုလည်း ဖြစ်တာပဲ။ အောင်နဲ့ မေရဲ့ ပတ်သတ်မှုကို တမင်ကြီး ကွေ့ထားသလို မဖြစ်တော့ဘူးပေါ့ လို့ တွေးမိတယ်။ ကိုယ် ဖြစ်ချင်တာပါ။ "အချစ်၏နောက်ဆက်တွဲ စာမျက်နှာ" တုန်းက ဇာတ်သိမ်းပိုင်းကို ပြောင်းပစ်ချင်ခဲ့မိသလိုမျိုး။

ဖတ်နေတုန်းရော ဖတ်ပြီးသွားတဲ့ထိရော ကျေနပ်နေမိတဲ့ စာတစ်အုပ်ပါပဲ။ အဲဒီခေတ်အခါက အညာတက္ကသိုလ်တစ်ခုအကြောင်း တစိတ်တပိုင်းမှတ်တမ်းဆိုတာနဲ့တင် ဆရာမခင်ခင်ထူး ဒီဝတ္ထုကို ရေးဖြစ်တာ ကျေနပ်စရာကောင်းနေပြီ။

***
စာအုပ်ပြီးတော့ စင်ရော်မောင်မောင်ရဲ့ facebook မှာ 'ပန်းကြာ...' ရိုက်ကွင်းပုံတွေ သွားကြည့်မိတယ်။ သီရိမေ ကို သက်မွန်မြင့် မှန်းသိပေမယ့်၊ အောင် နေရာမှာ ဘယ်သူဆိုတာကို မမှတ်မိတော့ဘူး။ နိုင်းနိုင်း ဆိုတော့ နည်းနည်း စိတ်ညစ်မိတယ်။ အောင် နဲ့ နိုင်းနိုင်းနဲ့ မလိုက်ဘူး။ နန်းညီ က အောင်နဲ့ နိုင်းနိုင်း တူတာရှိတယ်။ အေးအေးသက်သာ မျက်နှာထား လို့ ဆိုပေမယ့် ကိုယ်ကျ မကြိုက်လို့လားမသိ၊ အသက်မပါတဲ့ မျက်နှာထားလို့ပဲ ထင်မိတယ်။

အောင်ရဲ့ နူးညံ့ရှင်သန်တဲ့ စိတ်နှလုံးမျိုး၊ မြန်မာစာပေနဲ့ အနုပညာကို ချစ်ခင်လိုက်စားတဲ့ ဓလေ့စရိုက်မျိုး၊ သူ့ဘဝမှန်ကို လျှို့ဝှက်လွန်းတယ် မဆိုသာပေမယ့် လှစ်ပြရခက်တဲ့ အခြေအနေမျိုးနဲ့ ကိုယ်ပိုင်ဘဝထဲက အရာတော်တော်များများကို လက်ခံသိမ်းဆည်းခဲ့ရတဲ့ မျက်နှာထားမျိုး မြန်မာပြည်က ဘယ် အမျိုးသားသရုပ်ဆောင်ဆီမှာများ ရှိနိုင်မှာပါလိမ့်။

မေ နေရာမှာ သက်မွန်မြင့် ဆိုတာတော့ သိပ် မှန်းမရဘူး။ သူ့ရုပ်ရည်သွင်ပြင်လေးကိုတော့ စပေါ်စကတည်းက ကြိုက်မိတယ်။ သရုပ်ဆောင်ပိုင်းတော့ မကြည့်မိတော့ မသိဘူး။ ရုပ်ရည်ရူပကာအတိအကျက ယေဘုယျအညာသူတွေနဲ့ မတူဘူး ဆိုရင်တောင် သူ့မျက်နှာရဲ့ သွင်ပြင်ရောင်ဝါကတော့ တည်ကြည်ငြိမ်သက်တဲ့ ပျော်ရွှင်ရဲရင့်တတ်တဲ့ မြင်းခြံသူကလေးနဲ့ ကွာခြားမယ် မထင်မိဘူး။

ရိုက်ကွင်းပုံတွေထဲမှာ ကျောင်းသူဘဝ အဝတ်အစားလေးတွေကြည့်ရတာတော့ အတော် သဘောကျမိတယ်။ ဘယ်လိုမှတော့ '80 ပတ်ဝန်းကျင် မန်းလေးမှာ ကျောင်းလာတက်တဲ့ ဆရာမခင်ခင်ထူးတို့ရဲ့ အညာတက္ကသိုလ်ကျောင်းသူ ဝတ်စားဆင်ယဉ်မှုမျိုး ထပ်တူ မဖြစ်နိုင်ပေမယ့် မြန်မာကားတွေအနေနဲ့တော့ အတော်လေး ဂရုစိုက်ဝတ်စားထားမှန်း သိသာတယ်။ အညာပုံစံ ချည်ထည်ထမီကလေးတွေနဲ့။


စင်ရော်မောင်မောင်ကိုတော့ အညာနဲ့ ရှမ်းပြည်ပတ်ဝန်းကျင် ရှုခင်းလှလှ ရိုက်ချက်ကောင်းကောင်း ကြည့်ရမယ်ဆိုတာကလွဲလို့ မလွမ်းလောက်ဘူး ထင်မိတယ်။ တော်ကြာ မဆီမဆိုင် ပေါ်လစီတွေပါ ကောက်ထည့်ချင် ထည့်နေဦးမလားတောင် စိတ်ပူမိတယ်။

***
from facebook -

Me : ညက အပြီး ဖတ်လိုက်တယ်။ အနှစ် 20 ဆိုတာတော့ ဆရာမရယ် တော်တော်ရက်စက်တယ်။ လွန်ခဲ့တဲ့ 10 နှစ်လောက်ကသာ ဖတ်ရရင် လက်ခံနိုင်မှာ မဟုတ်ဘူး။

P: ဘာစာအုပ်

Me: ခင်ခင်ထူး ပန်းကြာဝတ်မှုန် ပေါက်။ 80 ဝန်းကျင် မန်းလေးတက္ကသိုလ်နောက်ခံ ဇာတ်လမ်း။ သူရေးနေကျ အညာဝတ္ထုတွေနဲ့ အတော်ကွဲပြားတယ်။

NN: ပန်းကြာဝတ်မှုံ

Me: စကားမစပ် "လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ" (THE CLASS) ဖတ်ရတာ အတော်ကြိုက်ပါတယ်။ ကောင်းလည်းကောင်းတယ်။ ဘာမှပြောစရာမရှိ။ တစ်ခုပဲ။ ဇာတ်ကောင်တွေနဲ့ တက္ကသိုလ်ကို ယှဉ်တွဲပြီး မခံစားရဘူး။ သူတို့အကြောင်းဖတ်ရတာ တက္ကသိုလ် ကပ်ပြီး ပါမလာဘူး။

နောက်ပိုင်း ငွေရတုပွဲမှာလည်း တက္ကသိုလ်ကို သူတို့နဲ့ အတူတူ လိုက်မလွမ်းဘူး။ တယောက်ချင်းစီရဲ့ ငယ်ငယ်တုန်းကအတိတ် ဆိုတာလေးတွေတော့ လိုက်လွမ်းလို့ရတယ်။ ခေါင်းစဉ်နဲ့ ဇာတ်ကို ချိတ်ဆက်လို့ကို မရတာ။

ကိုယ်နဲ့မရင်းနှီးတဲ့ တက္ကသိုလ်အသိုင်းအဝိုင်းမို့လို့ ပြောရင် ရပေမယ့်... စာရေးဆရာကလည်း တက္ကသိုလ်ဘဝကိုထက် ဇာတ်ကောင်ကျောင်းသားတွေရဲ့ ဘဝကို အထူးပြုရေးလို့လား မသိဘူး။ စိတ်ထင်တာလည်း ဖြစ်ရင်ဖြစ်မယ်။ တခေါက်လောက် ပြန်ဖတ်ဦးမယ်။ ၂ ဗားရှင်းလုံးကို။

ပန်းကြာဝတ်မှုန် ကတော့ အားလုံးပါတယ်။ တက္ကသိုလ်ရော အဆောင်ရော လူတွေရော ဘဝတွေရော။

ဆရာမခင်ခင်ထူးက သူ့ဝတ္ထုကို 'လွမ်းမောခဲ့ရသော...' လွှမ်းမိုးမှုတွေ ပါတယ် ဆိုလို့...

P: မနှစ်က ဖတ်ပြီးး..မေ့နေ.

AC: မအိမ်ကံ ကော ဘတ်ပြီးပလား ထူးခြားတာပဲ ပန်းကြာ တော့ပိုကြိုက်တယ် ဇာတ်ကတော့ အေးတယ် အောင့် ကိုလဲ အားမရဘူး မင်းသမီးကိုတော့ ပြောမနေနဲ့တော့

NN: မအိမ်ကံ ဖတ်လက်စ.. မိုက်တယ်..မသိတာတွေ များကြီး သိရ.. တော့ဓလေ့ မြန်မာဓလေ့ blah blah blah ပေါ့ဗျာ

AC: တခါတခါ တော မှာ ကလေးတွေ ကို ကျောင်းဆရာ သွားလုပ်ချင်တယ်

Me: မအိမ်ကံကို မဂ္ဂဇင်းမှာပါတုန်းက နဲနဲတော့ ဖတ်မိတယ်။ နောက်တော့ မမျှော်ချင်တာနဲ့ အခန်းဆက် မဖတ်တော့တာ။ ပန်းကြာက အဲဒီအရင်ဟာတွေနဲ့ အတော်ကိုကွဲတယ်။ ဇာတ်ကတော့ အေးသလားမမေးနဲ့ ရေခဲတုံး။ အဲလိုဇာတ်မျိုး တိုက်တိုက်ဆိုင်ဆိုင် ဖတ်ချင်နေတုန်းမှာမို့ အရသာခံလို့ရတာ။

အညာသူတွေကို အညာသူနဲ့တူအောင် ရေးနိုင်တယ်။ စိတ်မှန်းနဲ့ထင်ကြတဲ့ ခေါက်ရိုးကျိုး အညာသူဇာတ်ရုပ်မဟုတ်ဘူး။ အောင့်ကို ဟင်းရည်တိုက်ခိုင်းတဲ့ ဇာတ်ကွက်မျိုးက အဲဒါ (အဲဒီဝတ္ထုထဲက သီရိမေ လို စိတ်နှလုံးမျိုးနဲ့) တကယ့် အညာသူမှ လုပ်နိုင်မယ့် ရေးနိုင်မယ့် အကွက်ပဲ။ BRAVO!

P: ပန်းကြာ ဇာတ်လမ်း နဲနဲ စပေးကြည့်ပါ

Me: မန်းလေးတက္ကသိုလ်မှာ တွေ့ကြတဲ့ မြင်းခြံသူလေးနဲ့ ရှမ်းစော်ဘွားရဲ့ မြေး ယောက်ျားလေး ဇာတ်လမ်းလေ ပေါက်။

AC: တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ ဂျီဟောသူ ကိုလဲကြိုက်တာပဲ နောက် ဇဝန ရဲ့ တက္ကသိုလ်ကျောင်းသား သူ့တော့ သိပ်ခံစားလို့ မရ ခေတ်ကွာလို့လား မသိ

AP: အောင် ဆိုတဲ့ နာမည်ဟာ သီးသန့်သူတစ်ယောက် မဟုတ်ပဲ လူတိုင်းက တစွတ်စွတ် ခေါ်နေရင် အင်မတန် မုန်းဖို့ကောင်းတဲ့ နာမည် .. ( ထုံးစံ ဘာမှတော့ မဆိုင်ပါဘူး ... )

ZMS: ဖတ်မယ်ဖတ်မယ်နဲ့ မဖတ်ရသေးတဲ့ စာတစ်အုပ်ပဲ။ ရေကန်သာ ကြာတိုင်းအေးကိုတော့ မှာဖြစ်ပြီး အဲဒါ ကျန်သွားတယ်။ တက္ကသိုလ်နောက်ခံမို့ စိတ်ဝင်စားတာလည်း ပါတယ်။ ကိုယ့်အမြင်တော့ ... “လွမ်းမောရသော....” ခေါင်းစဉ်ထက်စာရင် မူရင်း “The Class" ခေါင်းစဉ်နဲ့ ပိုချိတ်မိတယ် ထင်တာပဲ။ တက္ကသိုလ်အကြောင်းထက် The Class အောက်က ကျောင်းသားတစ်စုရဲ့ ဘ၀ဖြတ်သန်းမှုကို ရေးဖွဲ့ထားတယ်လို့ မြင်မိတယ်။ (I like this comment!)

***
Me: ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ ဖတ်တုန်းက ပန်းချီကားတွေအကြောင်း ထည့်သွားတာ ညွှတ်နူးစရာလို့ မထင်မိဘူး (ဂျူးကို အဲဒီကစလို့ ခံစားမှုနဲ့ ကြိုက်မရတော့တာ)။ ခု "ပန်းကြာဝတ်မှုံ" မှာ ကဗျာတွေ ညှပ်ထည့်သွားတော့ ညွှတ်နူးစရာပဲ။ တမူကွဲတဲ့ စာအုပ်။ ခင်ခင်ထူး နောက်တစ်ယောက်လိုလိုပဲ။

AP: ဟုတ်ပ ကြည်အေးတွေလည်း အကုန်... ။ တစ်ခုရှိတာက ပါလ်ကလီးတို့ ဖရီဒါခါလို တို့ထက်စာရင် ကြည်အေးတို့ ဇော်ဂျီတို့က ကိုယ်နဲ့ ပိုရင်းတာပါမယ် .. ၊ ဇော်ဂျီကဗျာမှာတောင် တစ်ပုဒ်ကျန်ခဲ့တယ် ဒုကြိမ်မို့ ပြန်ထည့်ရင်တော့ မသိ .. ။

Me: အဲဒါလည်းတစ်ကြောင်း။ ပြီးတော့ ဇာတ်ကောင်စရိုက်တွေပေါ် ခံစားလို့ ရတာ မရတာလည်း တစ်ကြောင်း (ထင်တယ်)။ အများအားဖြင့် ကဗျာလည်း လျှမ်းဖတ်ပစ်မိတတ်တယ်။

NN: နေသန်ကို မြင်ကပ်ကပ်နဲ့ သဘောကျပြီး.. အောင့်ကိုတော့ ချစ်တယ်

KoBoyz: ကိုယ့်အမြင်နဲ့ ဂျူးအမြင်တွေ တူနေလို့ အဲ့ဝတ္ထု (ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ) ကို သဘောကျတာ။

Me: ဝတ္ထုကို ကြိုက်တာ မကြိုက်တာ အမြင်တူတာ မတူတာနဲ့ မဆိုင်ဘူး ကိုဘ။ ဘယ်စာအုပ်မဆို ကိုယ့်အတွက် အဓိကက ဇာတ်ကောင်စရိုက်နဲ့ အဲဒါကို သရုပ်ဖော်ထားတဲ့ အရေးအသား။

KoBoyz: ဟုတ်ဖူး။ ပန်းချီအမြင်ကိုပြောတာ။ ပန်းချီကားတစ်ချပ်ခြင်းစီကို ခံစားမိတာခြင်း ထပ်တူနီးပါး ကျတယ်ပြောတာ။

Me: အင်းလေ အဲဒါကို ပြောတာပဲ။ ပန်းချီမှ၊ ပတ်ဝန်းကျင်မှ၊ တခြားအယူအဆမှမဟုတ်ဘူးလို့ ပြောတာ။ ဘယ်သူပဲ ရေးရေး စာအုပ်တစ်အုပ်ဖတ်ပြီး အဲဒီစာအုပ်ထဲ ပါတဲ့ အယူအဆ အချက်အလက်တွေနဲ့ ပတ်သတ်လို့ အမြင်တူ မတူနဲ့ အဲဒီစာအုပ်ကို စွဲလမ်းတာ မစွဲလမ်းတာနဲ့ မဆိုင်ဘူးလို့ ပြောချင်တာ။

ဇာတ်ကောင်စရိုက်ကို ခံစားလို့မရဘူးဆိုရင် အယူအဆ အချက်အလက်တွေ ကောင်းတယ်လို့ သိလည်း မစွဲတော့ဘူး။ အဲဒါကို ပြောတာ။ ဂျူး နောက်ပိုင်းစာအုပ်တွေ အချက်အလက်တွေ ကောင်းသားပဲ။ ဝတ္ထုလုပ်မရေးဘဲ ဆောင်းပါးသာဆို သိပ်ကြိုက်မှာ။

ND: မှတ်မိသလောက် အသက်ကြီးမှ ဂျူးဝတ်ထုတွေကို တစ်အုပ်မှာ မဖတ်ဖူးဘူး။ ငယ်ငယ်ကတော့ ဖတ်မိမယ်ထင်တယ်။ :D ဆရာမဟောတာတော့ နားထောင်ဖူးပါရဲ့။ ဆရာမခင်ခင်ထူးကို မအိမ်ကံ ထဲမှာ စကားပြောတွေဆိုရင် တဲ့ ဆိုတဲ့နေရာမှာ သဲ့။ ရှိတယ် ဆိုရင် ရှိသယ်။ တ အစား သ ကိုသုံးတော့ ပထမတော့ သတ်ပုံမှားတယ်ထင်နေတာ။ :D

AC: ချစ်သူရေးတဲ့ ကျမ ရဲ့ ည နဲ့ဂျူး ကို စသိတာ အရင်က ဂျူး နာမည်ကြားနေသားပဲ ကောက်ဘတ်ဖို့ ကို စိတ်မပါခဲ့ဘူး ချစ်သူရေးတဲ့ညကျမှ ပထမဆုံး ကိုယ့်ကို ဆွဲဆောင်တာ စာအုပ်အပြင်အဆင် စာရွက် အသား နောက် ပန်းချီကားတွေကိုယ်နဲ့ပိုနီးကပ်လို့လားတော့မသိ ပိုကြိုက်မိတယ် နောက် အနောက်တိုင်းဆန်လို့ကြိုက်တာလဲပါမယ် ဥပမာ အရှေ့ မြို့ ရိုး ကို ကြိုက်သလိုမျိုါ် အဲ့ီး နှစ် အုပ်ကတော့ ဘာသာပြန်မဟုတ်တဲ့ ကိုယ့် အော်တိုင်းမ်းဖေးဘရိတ်စ်တွေပဲ

ညွတ်နူးစရာ ဆိုတာ ရိုမန်တစ် တာ ကိုပြောတာလား။ ဆွတ်ပျံ့ ကြည်နူးတာနဲ့ တူလား။

Me: အဲလိုဆန်ဆန်ပေါ့။ အဓိကကတော့ အဲဒါ ဇာတ်ကောင်တွေကို ခံစားလို့ရလို့ဖြစ်တာ။ ကဗျာကြောင့် ပန်းချီကြောင့် အချက်အလက်ကြောင့်မဟုတ်ဘူး။ ကိုယ့်အတွက် ပြောတာပါ။

***

Friday, August 12, 2011

လင်္ကာရည်ကျော် စာအုပ်များ

၁) ကြိုးကြာတောင်ပံခတ်သံ
၂) ဒေါက်တာရွှေသွေးနဲ့ မပန်းမှုံ
၃) ချစ်စရာ့အိမ်ကလေး
၎) နေဝင်အိပ်တန်းတက်

လေးခု ဖတ်ပြီးပြီ။ နံပါတ် (၃) ချစ်စရာ့အိမ်ကလေး ကို သဘောအကျဆုံးပါပဲ။
ဝတ္ထုတိုစာအုပ်တွေမှာ "သမားလည်ပြန်" တခုပဲ ဖတ်ဖြစ်ပြီး အဲဒါကို သိပ် သဘောကျပါတယ်။

ဝတ္ထုရှည်တွေအကြောင်းကတော့ တော်တော်ရှည်ရှည်ဝေးဝေး ပြောဖို့လိုလိမ့်မယ်။

သို့သော်လည်း ပျင်းသည့်အတွက်ကြောင့် အတတ်နိုင်ဆုံး အတိုဆုံးနဲ့ လိုရင်းပြောရရင် အကြောင်းအရာတွေက အားလုံး ကောင်းပါတယ်။ ဇာတ်ကောင်တွေကတော့ စာရေးဆရာအလိုကျ ဖန်တီးခံရတယ်လို့ ခံစားရတယ်။ ဥပမာ - မပန်းမှုံ (ဒေါက်တာရွှေသွေးနဲ့ မပန်းမှုံ)။ မေကြာဖြူ (နေဝင်အိပ်တန်းတက်)။ (တချို့ဇာတ်ကောင်များလည်း ထို့အတူ)

ဝတ္ထုရှည်တွေအကြောင်း ပြောရရင် ကြိုက်တယ် မကြိုက်တယ်ကို ယတိပြတ်ပြောမရဘဲ ဘယ်နားမှာတော့ ဘယ်လို၊ (ဘယ်ဇာတ်ကောင်က၊ ဘယ်အကြောင်းအရာက၊ ဘယ်ဇာတ်ကွက်က စသဖြင့်) ခွဲခြားပြောမှသာ ဖြစ်မယ်လို့ ထင်နေမိတယ်။ ယေဘုယျသာ ပြောကြေးဆိုရင်တော့ ဆရာဝန်ဇာတ်လမ်းဝတ္ထုရှည်တွေဟာ ကောင်းပါတယ်။ ဒါပေမဲ့ ဝတ္ထုတိုတွေက ပိုပြီး လိုရင်းရောက် ရင်ထဲရောက်တယ်လို့ ခံစားမိပါတယ်။ အရှည်က တချို့ ဇာတ်ကောင်စရိုက် "သရုပ်ဖော်မှု" များ (ဇာတ်ကောင်စရိုက်သက်သက်ကို မဟုတ်ပါ) ကို ခံစားလို့မရပါ။

နေဝင်အိပ်တန်းတက် ကတော့ ဇာတ်လမ်းသက်သက်အနေနဲ့ ဆွဲဆောင်မှုအနည်းဆုံးပါပဲ။ အဲဒီထဲက အချက်အလက်တွေကိုတော့ သိပ်သဘောကျတာတွေ ရှိပါတယ်။ (ဥပမာ - ဆေးကုမ္ပဏီနဲ့ ဆရာဝန်ကြီးတွေ၊ လူနာတွေရဲ့ တောင်းဆိုမှုနဲ့ ဆရာဝန်တွေရဲ့ အခြေအနေ၊ မီဒီယာများနဲ့ ဆရာဝန်တွေရဲ့ အနေအထား၊ အရှေ့နဲ့ အနောက်ရဲ့ ကျန်းမာရေးလောက ကွာခြားမှု)။

ကိုယ်ကိုယ်တိုင်လည်း ဗမာပြည်ရဲ့ ဆရာဝန်၊ စာရေးဆရာ၊ ကျောင်းဆရာ စသဖြင့်တွေအပေါ်မှာ လူတွေဘက်က မတန်တဆတောင်းဆိုမှုတွေကို မကြိုက်နိုင်တာကြောင့် (အဲဒီအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်၊ တာဝန်ပျက်ကွက်မှုများလည်း ရှိတာကို သိသည့်တိုင်) အဲဒီအချက်အလက်တွေ သူ ရေးပြတဲ့အခါ ကြိုက်မိတာ ဖြစ်နိုင်ပါတယ်။

နောက် မီဒီယာနဲ့ ဆေးလောက ကိစ္စတွေမှာဆိုလည်း (အဲဒီ ဆေးလောကအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်၊ တာဝန်ပျက်ကွက်မှုများလည်း ရှိတာကို သိသည့်တိုင်) သူ အဲလို ရေးပြတာကို ကြိုက်ပါတယ်။ (တဘက်က ဝတ္တရားပျက်တာ တကဏ္ဍ၊ တဘက်က စည်းမထားဘဲ ဝင်ရောက် မွှေနှောက်တာက တကဏ္ဍ လို့သာ မြင်သည်။)


တခြား (၃) အုပ် နံပါတ် ၁/ ၂/ ၄ လည်း ထိုနည်းနှင်နှင် ခံစားရသည်။

ကြိုးကြာတောင်ပံခတ်သံ ကတော့ စာအုပ်ထွက်ကာစ၊ ဒီလာခါနီးလောက်မှာ ဖတ်ခဲ့ရတော့ မေ့သလောက် ဖြစ်နေပြီ။ တကယ့် အဖြစ်အပျက်ကို အခြေခံတယ်လို့ စာရေးဆရာကိုယ်တိုင်ကလည်း အမှာ မှာ ပြောထားပါတယ်။ တခြားလူများဆီကပါ ကြားဖူးပါတယ်။

အဲဒါနဲ့ ပတ်သတ်လို့ တချို့စာဖတ်သူလူငယ်တွေက စိတ်ကူးယဉ်ဇာတ်လမ်းဆန်တယ်လို့ ပြောကြတယ် ဆိုတဲ့အကြောင်း စာရေးသူရဲ့ တခြားစာအုပ် အမှာစာမှာ ဖတ်ရတယ်။ အဲဒါဟာ တကယ် အပြင်မှာရှိတဲ့ ဆရာဝန်တစ်ယောက်ကို အခြေခံပြီး ရေးထားတာပါ လို့ သူ ပြန်ရှင်းထားပါတယ်။


ဒီနေရာမှာ ကိုယ့်ခံစားမှုနဲ့ ယှဉ်ပြီး ပြောရရင် အဲဒါ အဖြစ်အပျက် အကြောင်းအရာထက် စာရေးတင်ပြပုံကြောင့် စာဖတ်သူရဲ့ ခံစားမှုမှာ အဲလို ထင်ရတာလည်း ဖြစ်နိုင်တယ်။ ဘာလို့ဆို အဲဒါ တကယ့်ဆရာဝန်ကြီးတစ်ယောက်ကို အခြေခံပြီးရေးထားတာမှန်း သိနေတာတောင် ဖတ်တဲ့အချိန်မှာ ဇာတ်ကောင်က သပ်သပ်ပဲ ဖြစ်နေတယ်။

ဒါ့ပြင် လူငယ်တွေအဖို့တော့ (အရေးအသား ဘာညာကို ဖယ်ထားလည်းဘဲ) အဲဒီဇာတ်လမ်းမျိုးက စိတ်ကူးယဉ်သူရဲကောင်းဆန်တယ်လို့ ခံစားရတယ် ဆိုတာ ဖြစ်နိုင်တာပါပဲ။ စာရေးသူတို့ခေတ်နဲ့ ဒီနေ့ခေတ်က နှစ်အားဖြင့် ဘယ်လောက်မှ မကွာလည်း gap ကတော့ တအားကွာနေပြီ။


သူရဲကောင်းတွေ ပေါ်လာတာ ကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ သူရဲကောင်းမဖြစ်နိုင်ဘူး။ ကိုယ့်အတိုင်းအဆ ဘယ်လောက်ရှိလဲဆိုတာလည်း နားလည်ဖို့လိုတယ်။ ကိုယ်က သူရဲကောင်းမဖြစ်နိုင်ဘဲ မှိုင်းမိလို့ စိတ်ကူးယဉ်ပြီး လိုက်လုပ်၊ နောက်မှ မနိုင်ရင်ကာတွေဖြစ်လည်း အလကားပဲ။ ကိုယ့်အနေနဲ့တော့ (ဆရာဝန်၊ စာရေးဆရာ၊ ကျောင်းဆရာ) ဘယ်သူ့ကိုမှ သူရဲကောင်းလုပ်ဖို့၊ အနစ်နာခံဖို့ မတောင်းဆိုဘူး။ ကိုယ့်တာဝန်ကိုယ် ကျေပွန်သိတတ်ရင် ရပြီ။ နှစ်ဦးနှစ်ဘက် စည်းရှိဖို့ပဲ။ နွားလည်း ကျေးဇူးရှင်စာရင်းသွင်းပြီး ခုတုံးလုပ်တဲ့ခေတ်ကိုတော့ ချန်ခဲ့ဖို့ကောင်းပြီ။ (ဤကား စကားချပ်)

ဒေါက်တာရွှေသွေးနဲ့ မပန်းမှုံ ထဲက မပန်းမှုံ ကိုလည်း သူ့စရိုက်နဲ့ သူ့အဖြစ်အပျက်က မဆီလျော်သလို ခံစားရတယ်။ အဲဒါမျိုး အပြင်မှာ ရှိနိုင်သည့်တိုင်အောင် ဇာတ်လမ်းအနေနဲ့ကျတော့ တခုခုလိုနေသလိုပါပဲ။ ဆရာက သူ့ဇာတ်ကောင်တွေကို သိပ်အပြစ်ကင်းစေလွန်း အားကြီးတယ်။

ဒါ့ပြင် ကိုယ့်အနေနဲ့ဆို လွန်ခဲ့တဲ့ 10 နှစ်လောက်က ဖတ်ရရင် အဲဒါတွေတင်မကဘဲ ဇာတ်ကောင်နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကိုပါ လက်သင့်မခံနိုင် ဖြစ်နေမိမှာ။ ဒါပေမဲ့ ခုချိန်မှာ ဖတ်ရတော့ ဒါမျိုးတွေလည်း ရှိနိုင်တာပဲ လို့ လက်ခံလို့ ရနေပြန်တယ်။ လောကထဲက လုပ်တိုင်း မဖြစ်နိုင်တာတွေ၊ ဖြစ်တိုင်း မလုပ်နိုင်တာတွေပါပဲ။ မောင်တင်ဦး ဒဏ္ဍာရီ ဇာတ်ကားထဲက ဇာတ်ကောင်နှစ်ယောက်ကိုတောင် သတိရမိပါသေးတယ်။
လွန်ခဲ့တဲ့ 10 နှစ်လောက်ကသာ ချစ်စရာ့အိမ်ကလေး ကို ဖတ်ရရင်လည်း ခုလို သဘောကျမိမယ် မဟုတ်ပြန်ဘူး။

နေဝင်အိပ်တန်းတက် ထဲက ဇာတ်ကောင်စရိုက်ကို သရုပ်ဖော်ပုံတွေနဲ့ ဇာတ်သိမ်းခန်းကိုတော့ မကြိုက်လှပါ။ အဲဒီထဲက အပေါ်မှာပြောထားတဲ့ ကြိုက်တဲ့ အချက်အလက်တွေကိုသာ ဖယ်ပစ်လိုက်ရင် ဇာတ်လမ်းချည်းသက်သက်ကတော့ မထိတဲ့အပြင် smtz ရေးတဲ့ ဝတ္ထုတစ်ပုဒ်ကမှ ရေးတေးတေး ရှိသေးတယ်။ =D

ကိုယ့်အနေနဲ့တော့ ဝတ္ထုရှည်တွေထက် အတိုတွေက ပို ထိရောက် ခံစားရတယ်လို့ မြင်မိတယ်။

ဘာပဲဖြစ်ဖြစ် ဒီနေ့ခေတ်အခါမှာ ဆရာလင်္ကာရည်ကျော် ပေါ်လာတာ မင်္ဂလာတစ်ပါးလို့ ခံစားမိတာလည်း အမှန်ပါပဲ။

ယေဘုယျသာ ပြောကြေးဆိုရင်တော့ လင်္ကာရည်ကျော် စာအုပ်တွေကို ကြိုက်ပါတယ်။ ဒါပေမဲ့ အဲဒီစကားလုံးလောက်နဲ့တော့ မပြည့်စုံနိုင်ဘူး။

***

Saturday, July 30, 2011

လင်္ကာရည်ကျော် - သမားလည်ပြန်


လင်္ကာရည်ကျော် - သမားလည်ပြန်

လင်္ကာရည်ကျော် ဝတ္ထုတိုစာအုပ်ဖတ်ပြီးတော့ ဘလော့မှာ ပြန်ရိုက်တင်ချင်စိတ်တောင် ဖြစ်မိတယ်။

အစဆုံးလုံးချင်းနဲ့ ဝတ္ထုတိုတစ်ပုဒ် ဖတ်ရတုန်းက မဆလခေတ်မှာ တဝက်တိတိ ကြီးခဲ့တဲ့ စာရေးဆရာလို့ ထင်ယောင်ထင်မှား ဖြစ်မိတဲ့စိတ်တောင် တကယ်ပျောက်သွားတယ်။ အတော် မျှမျှတတနဲ့ စိတ်ကောင်းစေတနာကို ပေါ်လွင်အောင်ရေးနိုင်တဲ့ စာရေးဆရာမျိုး။

အချစ်၏နောက်ဆက်တွဲ စာမျက်နှာ
ဖတ်ရတုန်းကလို လူ့လောကနဲ့ ဆရာဝန်လောကရဲ့ ကောင်းမြတ်မှုတွေကို မြင်သာလက်ခံနိုင်အောင် ပြနိုင်စွမ်းတဲ့ စာရေးဆရာ။ လူ့စိတ်သဘာဝနဲ့ ဆရာဝန်စစ်စစ်တစ်ယောက်ရဲ့ စိတ်သဘာဝကို ဇွတ် သူရဲကောင်းမဆန်စေဘဲ လေးစားလောက်အောင် ရိုးရိုးသားသား ရေးပြနိုင်တာ အမှန်ပါပဲ။

(မှတ်ချက်။ အကုန် မပြီးသေးခင် ထရေးမိသည်)

***
...
"ဒီလိုလုပ်လေ ဆရာ၊ ဆရာတို့ သင်ပေးထားတဲ့ ပညာတွေလည်း အလကားမဖြစ်ရအောင်၊ ကျွန်တော်တို့လည်း လခကလေး မြိုးမြိုးမြက်မြက်ရလေအောင် နိုင်ငံခြားမှာပဲ ဆေးသွားကုလိုက်မယ် မကောင်းဘူးလား"


အားလုံးဝိုင်းရယ်ကြသည်။ မိမိလည်း မနေနိုင်ဘဲ ရယ်လိုက်မိသည်။

"ပညာတော်သင်သွားတုန်းကတော့ ငါလည်း နိုင်ငံခြားမှာ ဆေးကုဖူးတာပေါ့ကွာ။ မင်းပြောတဲ့ မြိုးမြိုးမြက်မြက်လည်း ရဖူးတာပေါ့။ ဒါပေမဲ့ ငါကတော့ ပြန်လာခဲ့တာပါပဲ။ အဲဒါ ဘာဖြစ်လို့လို့ မင်း ထင်သလဲ"

လူနောက် ဆရာဝန်ကလေး မျက်နှာပိုးသတ်သည်။

"ဟုတ်တယ်ဆရာ၊ ကျွန်တော်တို့လည်း အဲဒါကို စိတ်ဝင်စားနေတာပဲ။ ကြားရသလောက်တော့ ဆရာ ဟိုမှာလည်း တော်တော် အဆင်ပြေခဲ့တာပဲ။ အဲဒါ ဘာလို့ ဆရာပြန်လာတာလဲ"

...

"ဒီလို စဉ်းစားကြည့်ရအောင်ကွာ။ မျိုးချစ်စိတ် ဆိုတာကို မင်းတို့ ဘယ်လို နားလည်သလဲ"

ကောင်လေးမျက်နှာ ပြုံးစိစိ ဖြစ်သွားသည်။

"မရယ်နဲ့ ဟေ့ကောင်။ ငါ တရားဟောမလို့ မဟုတ်ဘူး။ ငါ ခံစားရတဲ့အတိုင်း ငါ ပြောပြမလို့။ ငါ နိုင်ငံခြားမှာတုန်းက ငါ့မှာ ဘာသာစကားပြဿနာလည်း ဘာမှ မရှိဘူး။ မင်းတို့အသိ။ ပြီးတော့ ငါ့ထုံးစံက ရောက်လေရာအရပ်မှာ သူတို့စရိုက်၊ သူတို့ဘဝ နေပုံထိုင်ပုံ၊ သူတို့ ဘာစိတ်ဝင်စားတယ် အမြဲလေ့လာတယ်။ ဒေသခံနဲ့ ရင်းရင်းနှီးနှီးနေနိုင်အောင် အမြဲ ကြိုးစားတယ်။ သုံးလ၊ အလွန်ဆုံး ခြောက်လဆိုရင် ရပြီ။ အိုကေပြီ။ အကုန်သိသွားပြီ။ ငါနဲ့ စကားပြောရင် သူတို့ ငါ့ကို လူစိမ်းတစ်ယောက်လို မခံစားရတော့ဘူး။ တသားတည်း ဖြစ်သွားပြီ။ လုပ်ဖော်ကိုင်ဖက် လူမျိုးပေါင်းစုံနဲ့ ငါနဲ့ စားအတူ သွားအတူ အဲလို ခင်သွားပြီ။ ခင်သွားတဲ့အခါကျတော့ ငါ ဘာသတိထားမိလဲ သိလား"

...

"ငါ ဒီအတိုင်း တသက်လုံးနေလို့ မပျော်ဘူးဆိုတာကိုပေါ့။ ငါ ဒီမှာ ကိုယ့်လူမျိုးတွေကြားထဲမှာ အလုပ်လုပ်နေရတုန်းက ဒီလိုမျိုး၊ အခု မင်းတို့နဲ့ နေသလိုမျိုးပေါ့ကွာ၊ ရင်းရင်းနှီးနှီး ပေါင်းသင်းပြီး အလုပ်လုပ်ရင် အတူတူ အဲသလို နေရတာ ငါပျော်တယ်။ ကိုယ့်ဘာသာစကားနဲ့ ကိုယ် ပြောဆို ရယ်မောနေရတာ ပျော်တယ်။ ဟိုမှာ မပျော်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် စိတ်ထဲမှာ တစ်ခုခု လိုနေသလိုပဲ။ ဒီမှာလိုတော့ မပျော်ဘူး။ တစ်သက်လုံး အဲသလိုကြီးနေနိုင်လားလို့ စဉ်းစားလိုက်တော့ ရှင်းတယ်။ မနေနိုင်ဘူး။ ဒီမှာပဲ နေချင်တယ်။

ငါ ထင်တယ်လေ။ မျိုးချစ်စိတ်ဆိုတာ အဲသလိုမျိုးပဲ ဖြစ်လိမ့်မယ်လို့"

(ထောင်စုနှစ် ဖြတ်ကျော် ဆရာဝန် မှ)

***

Saturday, July 23, 2011

Books!

၁) ကြည်အေး - မေတ္တာမီးအိမ် (အဟောင်းဆိုင်မှ) (ဖတ်ဖူးပြီးသား)
၂) ကြည်အေး - ဤမာန
၃) ကြည်အေး - ကေဖွဲ့ဆိုသီ ဖူးငုံပွင့်သစ် (ဖတ်ဖူးပြီးသား)
၎) ခင်ခင်ထူး - ပန်းကြာဝတ်မှုန်
၅) ခင်နှင်းယု - လမင်းကြီးသာစမ်းပါ (အဟောင်းဆိုင်မှ) (ဖတ်ဖူးပြီးသား)
၆) ခင်မျိုးချစ် - ဝတ္ထုတိုပေါင်းချုပ်
၇) မျိုးငြိမ်းဆွေ - ကြည်လင်သော ရေ (ဝတ္ထုတိုများ)
၈) မြနှောင်းညို - ရွက်ဝါကြွေသော နွေရက်များ
၉) မင်းလူ - ပြန်ခေါ်သက်သေ
၁၀) မြသန်းတင့် - လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ (ဘာသာပြန်)
၁၁) မြသန်းတင့် - မိန်းမတို့အကြောင်း (ဘာသာပြန်)
၁၂) လင်္ကာရည်ကျော် - ချစ်စရာ့အိမ်ကလေး
၁၃) လင်္ကာရည်ကျော် - ဒေါက်တာရွှေသွေး နှင့် မပန်းမှုံ
၁၄) လင်္ကာရည်ကျော် - နေဝင် အိပ်တန်းတက်
၁၅) လင်္ကာရည်ကျော် - သမားလည်ပြန် (ဝတ္ထုတိုများ)
၁၆) ဝင်းဝင်းလတ် - အောက်မေ့ဖွယ် သူ
၁၇) ဘနှင်း - နိုဘယ်ဆုရ စာရေးဆရာကြီး ၅ ဦး၏ ဘဝနှင့်စာပေ (စာအုပ်ဆိုင်မှ အဟောင်း)
၁၈) အရိုး - ဆိုသည်မှာ
၁၉) xxx - တစ်ခေတ် တစ်ယောက်ဆိုလောက်သူ ဒေါက်တာသန်းထွန်း

***
ဖတ်ဖူးပြီးသားထဲမှာ ခင်နှင်းယု (လမင်းကြီးသာစမ်းပါ) က ပျောက်သွားလို့ ပြန်ဝယ်တာ။ ကြည်အေး နှစ်အုပ်ကတော့ ငှားဖတ်ပြီး မဝယ်ဖြစ်တာ၊ ခုမှ ဝယ်တာ။

ခင်မျိုးချစ် ဝတ္ထုတိုပေါင်းချုပ်ထဲက စာနည်းနည်း မြည်းကြည့်မိတယ်။
စိတ်ထဲမှာ ဂျာနယ်ကျော်မမလေးနဲ့ ဒေါ်ခင်မျိုးချစ် ရေးဟန်တူသယောင်ယောင် ခံစားရတယ်။ စာရေးသူဘက်က အပြောများတဲ့ရေးနည်းမျိုးချင်း တူနေလို့လားတော့ မသိ။ သူတို့ရေးတဲ့စာတွေဖတ်ရရင် ဇာတ်ကောင်ထက် ဇာတ်လမ်း၊ ဇာတ်လမ်းထက် ဇာတ်ကြောင်းပြောသူ (စာရေးဆရာ) က ပို ပေါ်နေသလိုပဲ။

ဝင်းဝင်းလတ်၊ မြနှောင်းညိုတို့ အရေးအသားကို ဖတ်ရရင်လည်း ခပ်ဆင်ဆင်လို့ ခံစားရတယ်။ သူတို့ကတော့ တမျိုးတဘာသာ။ စာရေးသူပျောက်ပြီး ဇာတ်ကောင်တွေချည်း မြင်ရတယ်။ (ကိုယ့်အကြိုက်ဆုံး ရေးနည်းရေးဟန်)။

ခင်နှင်းယု စာအုပ်ထဲက ကိုလတ်နဲ့ ခင်ခင်ကြီးရဲ့ ဇာတ်လမ်းအစ အရေးအသားကို အတော်ကြွေခဲ့ဖူးလို့ တကူးတက ပြန်ဝယ်ခဲ့တာ။ အဲဒီလို တို့ထိရုံအရေးအသားမျိုးနဲ့ ဖတ်တဲ့သူကို တိုက်ရိုက်ထိအောင် သရုပ်ပေါ်ပြည့်စုံအောင် ရေးနိုင်တာ အမျိုးသမီးစာရေးသူတွေထဲကသာ တတ်နိုင်တဲ့ကိစ္စလို့ ခံစားရတယ်။

တွေ့အောင်ရှာဝယ်မယ်လို့ ဒီမှာတည်းက စဉ်းစားသွားတာတွေက
၁) ဝင်းဝင်းလတ် ရဲ့ အောက်မေ့ဖွယ် သူ
၂) ခင်နှင်းယု ရဲ့ လမင်းကြီးသာစမ်းပါ
၃) ကြည်အေး ရဲ့ မေတ္တာမီးအိမ်
၎) မြနှောင်းညို ရဲ့ ငုပွင့်ဝါခိုင်။

ငုပွင့်ဝါခိုင် ကလွဲလို့ အားလုံး လွယ်လွယ်ပဲ ရခဲ့တယ်။ ဝမ်းသာလိုက်တာ။ အောက်မေ့ဖွယ် သူ ကို မဖတ်ဖူးသေးဘူး။

မျိုးငြိမ်းဆွေ ကတော့ မျိုးဆွေသန်း (ဒီဇိုင်း)။ သူ စာရေးမှန်း အရင်က မသိပါဘူး။ ထူးအိမ်သင် အမှတ်တရ စာအုပ်မှာတော့ သူ ရေးတာ ဖတ်ဖူးပြီး၊ သဘောလည်း ကျခဲ့တယ်။ ကြည်လင်သောရေ ဆိုတဲ့တစ်ပုဒ်ပဲ အွန်လိုင်းကနေ ဖတ်ဖူးတယ်။ ကြိုက်လှတယ်တော့ မဟုတ်ပေမယ့် ဖတ်ချင်တာနဲ့ ဝယ်လာခဲ့တယ်။ ကြာရင် တွေ့ဖြစ်ဖို့ ခဲယဉ်းမယ့် စာအုပ်လို့လည်း ထင်မိလို့။

လင်္ကာရည်ကျော် ကိုလည်း ပထမဆုံး ကြိုးကြာတောင်ပံခေတ်သံ ကိုပဲ ဖတ်ဖူးသေးတယ်။ သေသေချာချာ စဉ်းစားပြီးမှ ပြောကြေးဆိုရင်တော့ ကြိုက်တယ် မကြိုက်ဘူးကို တခွန်းတည်း ကွဲကွဲပြားပြားပြောဖို့ ခက်မှာ ဖြစ်ပြီးတော့ အကြမ်းဖျဉ်းပြောကြေးဆိုရင်တော့ ကြိုက်ပါတယ်လို့ပဲ ပြောရမယ့် စာရေးဆရာ။ တွေ့ရင် ဝယ်မယ်လို့တော့ စဉ်းစားသွားခဲ့တယ်။ တွေ့သမျှ အကုန်တော့ မဝယ်ဖြစ်ဘူး။ ဘာလို့ဆို နောက်ဖတ်ချင်ရင်လည်း အလွယ်တကူ ပြန်တွေ့နိုင်ဦးမယ့် စာအုပ်တွေလို့ ထင်မိလို့။

ဘနှင်း စာအုပ်ကတော့ တော်ဝင်စင်တာက (၃ ထပ်လား ၄ ထပ်ကလား မသိ)။ အဲဒီဆိုင်မှာလည်း အဟောင်းတွေရော အသစ်တွေရော တော်တော်များများရှိတယ်။ အဲဒီထဲက ကမူးအကြောင်းတော့ အရင်ဖတ်လိုက်မိတယ်။

အရိုး ကတော့ မြည်းစမ်းချင်လို့ပါ။

ဒေါက်တာသန်းထွန်း ကတော့ သူ့စာအုပ်တွေ အများကြီး တွေ့ပါတယ်။ မဝယ်ပါဘူး။ ဘာလို့ဆို ရှင်းပါတယ်။ ကိုယ်က သူ့အကြောင်းသာ စိတ်ဝင်စားတာ။ သူ့ပညာရပ်ဆိုင်ရာတွေထိတော့ မဝင်စားဘူး။ အလွယ်တွေ့ရင်တော့ ကောက်လှန်မိမှာ ဖြစ်ပေမယ့် ဝယ်ဖတ်ရလောက်အောင် အာရုံမရှိ။ အဲဒါတွေနဲ့ လုပ်စားစရာလည်း ဘာမှမရှိ။

ခုစာအုပ်ကတော့ သူ့အကြောင်းကို သူများတွေ ရေးထားတဲ့ အမှတ်တရ စာစုတွေ။ အဲဒါကြောင့်မို့လည်း ဝယ်ဖြစ်တာ။

***
မှတ်ချက်။ ငှားရန်မဟုတ်။

Wednesday, June 8, 2011

အသည်းပန်းမှာဆူးတွေနဲ့ရယ် - မြနှောင်းညို



အသည်းပန်းမှာဆူးတွေနဲ့ရယ်

နှလုံးမြေ ဥယျာဉ်နန်းမှာလ
ယူသုံးခြွေ ခုဆင်မြန်းပါတော့
ညွတ်နူးရှာ မိုက်သူကလေးပါပဲ
ဆွတ်ခူးကာ ရှိုက်ကြူမွှေးပါလို့
အချစ်များစွာ ပိုက်ယူထွေးစေဖို့
မျှော်တွေးခဲ့မိတာပါ သခင်။

ဘယ်သို့ပင် ဘယ်လိုလှမ်းခဲ့သော်လည်း
ပန်းညှာမှာ ဆူးချွန်နက်တွေက
သွယ်ခက်ကာရံဆင်တော့
မယ့်သခင်ခူးခြွေခိုက်မှာလ
သွေးဖြိုက်ဖြိုက်ရွှင်။

ရတက်ဖြာ ရင်မှာနင့်ပါလို့
တစ်သက်မှာ တစ်ခါပွင့်သော်လည်း
ခွင့်လွှတ်တော့ ချစ်သခင်ရယ်
ဝဋ်တုံ့တင် ကြမ္မာပေပဲ
ဝေဒနာဖန်လာတဲ့ အခင်းမှာလ
ဖြေရှင်းဖို့ အယူခံမဝင်
ကွယ်ရာဝင်တော့ မျက်ရည်ဝဲ။
ရှိုက်ဆွေးလို့လေ
အမိုက်ကလေး ဗျာပါဝေပေါ့

နေ့ရက်တွေ ရှည်ကြာညောင်းလေသမျှ
အမေ့ခက်လေ သူ့ဝေဒနာ မဟောင်းဘူးတဲ့
အချစ်ပြောင်းမရှာ နှစ်တွေဆန်းခဲ့သလောက်
အသစ်လောင်းကာ ယစ်ထွေပန်းရသတဲ့

သြော်.. နန်းမဟီအသည်းမှာ အသင့်ခူးပါလို့
မှန်းရည်အမြဲသာ ပွင့်ဦးကိုဆက်ပေမယ့်
တတန်းတသီ တကတည်းသာ အဆင့်ဆင့်ဆူးတွေယှက်မှတော့

မောင်ရေ.. သည်းအက်ကြေကွဲ။

မြနှောင်းညို
၁၉၈၂ ပေဖူးလွှာ

***
အကြိုက်ဆုံး ဝတ္ထုတွေထဲက တစ်ပုဒ်ဖြစ်တဲ့ ဆရာမ မြနှောင်းညိုရဲ့ "အသည်းပန်းမှာ ဆူးတွေနဲ့" ဆိုတဲ့ ဝတ္ထုရဲ့ ဇာတ်ဝင်ကဗျာပါ။

ဒီကနေ့ အားနေတုန်း facebook ကြည့်နေရင်း fan pgae မှာ တက်လာတာတွေ့လို့ တင်ချင်စိတ်ပေါက်လာတာနဲ့။ (ကာယကံရှင်ဆရာမကို လှမ်းမပြောဘဲ တင်လိုက်ပါတယ်)

အဲဒီလို ကြိုက်ခဲ့ရတဲ့ ဝတ္ထုတွေ ရီဗျူးရေးဖို့ ကြိုးစားရင် ဘယ်တော့မှ မအောင်မြင်ဘူး။ ဘယ်တော့မှလည်း ပီပြင်မယ် မထင်ဘူး။ အဲဒီဝတ္ထုကို သိပ်ကြိုက်ပါတယ်။ အရေးပါသော၊ အရေးမပါသော၊ စာကြောင်းကလေးနဲ့သာ ပြသွားသော ဇာတ်ကောင်တကောင်ချင်းစီက စလို့ စကားလုံးတွေ၊ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ၊ ဇာတ်လမ်းယူသွားပုံတွေ၊ ပြန်ဖြေပုံတွေ တစ်ခုချင်း တစ်ခုချင်း တစ်ခုချင်းကို အသေးစိတ် ကြိုက်ခဲ့မိတယ်။ အဓိကကတော့ ဇာတ်ကောင်စရိုက်တွေကြောင့်ပါပဲ။

ကိုယ် သိပ်ကြိုက်တဲ့ ဝတ္ထုမို့ မြနှောင်းညိုအကြောင်း စကားစပ်မိတုန်း ဖတ်ကြည့်ပါလားလို့ တိုက်တွန်းဖူးတယ်။ ခေါင်းစဉ်ပြောလိုက်တာနဲ့ အတင်းကို ဖတ်ဖို့ ငြင်းတော့တာပါပဲ။ (မိုက်လိုက်လေခြင်း)

ဆုရဲ့ စိတ်ဝင်စားစရာ ဘဝလမ်းကြောင်းနဲ့ သီတာဆောင် အခန်းဖော်သူငယ်ချင်း နန်းရဲ့ အဖြစ်အပျက်ကို ဆွဲယူဆက်စပ်ပြီး ဆုပြောတဲ့ စကားတွေ၊ ခံစားချက်တွေ။

နောက် ဆု အဘွားဖြစ်သူ နာရေးမှာ ကျော်ဆွေကို မိဘတွေနဲ့ ဖြစ်ကြတဲ့ကိစ္စနောက်ပိုင်း ကျော်ဆွေကို ရဲ့ စိတ်ခံစားမှု ပြဿနာ။

ခင်နှင်းဖြူကို လူဆိုးလုပ်မပစ်ခဲ့ဘဲ သဘာဝကျကျ သူဖြစ်သင့်တဲ့ ဖြစ်ရမယ့် အနေအထားအတိုင်း ရေးထားခဲ့တာ။ (တကယ့်လက်တွေ့ဘဝမှာ မကောင်းတဲ့လုပ်ရပ် လုပ်တဲ့လူ၊ ယုတ်ညံ့တဲ့လုပ်ရပ် လုပ်တဲ့လူ ဆိုတာ ကြိမ်ဖန်များစွာ တွေ့နေနိုင်တာပေမယ့် အပေါစားရုပ်ရှင်၊ ဝတ္ထုတွေထဲမှာလို သူတပါး ကိုယ်ရေးကိုယ်တာကိစ္စထဲ ဝင်ပါပြီး ဗီလိန်ဖြစ်ဖို့ဆိုတာ အတော်မလွယ်ဘူးလို့ ထင်မိတယ်။)

အဲဒီမှာမှ ဆု ရဲ့ ခင်နှင်းဖြူကို သူတို့ဇာတ်လမ်းထဲမှာ လူဆိုးဖြစ်စေလိုစိတ်ကိုလည်း ပါးပါးကလေး မြင်မိခဲ့သေးတယ်။ (တကယ်တော့ လူ့ဘဝဇာတ်ကြောင်းတွေဟာ အဲဒီလိုပါပဲ။ စိတ်နှလုံးထဲက အကောင်း အဆိုးဆိုတာ ထင်ရှားလင်းချင်းမြင်နိုင်တဲ့ ဖြစ်ရပ်တွေသာမကဘဲ ထွေပြားလွန်းတာတွေလည်း များလှတယ်)

စောဒီလုံး၊ မင်းမော်၊ ဖရက်ဒီ၊ အိုင်လင်း၊ ကိုဘိုကြည်၊ ကိုလတ် စသဖြင့်တွေ...

မင်္ဂလာဒုံခေတ် ဆေးတက္ကသိုလ် (၂) နောက်ခံ ဇာတ်လမ်းကို ဖတ်ရင်း အရိပ်တွေ အယောင်တွေ အရုပ်တွေကို တခုချင်း ပီပီပြင်ပြင် မြင်လာရပါတယ်။ အဲဒါဟာ ဇာတ်ကောင်စရိုက်တွေနဲ့ စာရေးသူရဲ့ ဇာတ်ကွက်တွေဖန်တီးပုံက ပီပြင်လွန်းလို့ လို့ထင်ပါတယ်။ ဝတ္ထုတစ်ပုဒ်ကိုဖတ်ရင်း အဲဒီလို မြင်လာရပြီဆိုရင် ကိုယ့်အတွက် အဲဒီဝတ္ထုဟာ ရုပ်ရှင်ဖြစ်ဖို့ မလိုတော့ပါဘူး။ (ဖြစ်ရင် သွားပြီ)


ဇာတ်လမ်းထဲက အချစ်ဟာ ရိုးစင်းပေမယ့် ထွေပြားတဲ့ ဘဝတွေ၊ စိတ်ခံစားမှုတွေနဲ့ လန့်စရာကောင်းလောက်အောင် ယုတ္တိဆန်တဲ့ ဇာတ်ကွက်တွေကြောင့် တကယ့်အဖြစ်အပျက်တစ်ခုကို ချောင်းကြည့်ခဲ့ရသလိုပဲ။

အဲဒီဝတ္ထုက '82 လောက်က ပေဖူးလွှာမဂ္ဂဇင်းမှာ အခန်းဆက်ပါခဲ့ပြီး နာမည်ကျော်ခဲ့တာပေမယ့် 2001/2 ပတ်ဝန်းကျင်လောက်က လုံးချင်းကျမှပဲ ဖတ်ဖြစ်ခဲ့တယ်။ ခဏခဏ မရိုးနိုင်အောင် ဖတ်ဖြစ်တယ်။

ဘယ်တော့မှ မမေ့နိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။

***
ဖြည့်စွက်။ (3:12 PM)

ဆု နေရာက ရေးထားတဲ့ ဇာတ်ဝင်ကဗျာ နှစ်ပုဒ်စလုံးဟာ ကဗျာကြိုက်ခဲတဲ့ ကိုယ့်ကို ဆွဲဆောင်နိုင်တယ် မဆိုသာပေမယ့် စာရေးဆရာကို မေ့ပြီး တကယ်ပဲ ဇာတ်လမ်းထဲက ဆုကိုယ်တိုင် ရေးထားသလို ပီပြင်လှတယ်။

"ရတက်ဖြာ ရင်မှာနင့်ပါလို့
တစ်သက်မှာ တစ်ခါပွင့်သော်လည်း
ခွင့်လွှတ်တော့ ချစ်သခင်ရယ်
ဝဋ်တုံ့တင် ကြမ္မာပေပဲ
ဝေဒနာဖန်လာတဲ့ အခင်းမှာလ
ဖြေရှင်းဖို့ အယူခံမဝင်
ကွယ်ရာဝင်တော့ မျက်ရည်ဝဲ။"

ဆိုတဲ့ အပိုဒ်က မမြင့်မားလှတဲ့၊ မပြည့်စုံတဲ့၊ အဘွားတစ်ယောက်သာ အားကိုးရာရှိတဲ့ ဘဝကနေ မြန်မာတပြည်လုံး ပထမနဲ့ ဆေးကျောင်းဝင်ခဲ့ပြီး၊ ခက်ခဲချို့တဲ့သလောက် မာနနဲ့ အာဃာတကြီးမားလွန်းတဲ့ ဆု ရဲ့ အတွင်းစိတ်ကို ကောင်းကောင်းပြနိုင်တဲ့ အပိုဒ်ပါပဲ။

***

Monday, September 13, 2010

ပြောချင်လို့ ပြောတာတွေ

Aung Phyoe
‎"ရေဆန်လမ်း" ဖတ်လို့ပြီးသွားပြီ ။ ဖတ်ရတာတော့ တော်တော်လေးတယ် ။ "နွေတစ်ည" လောက်မကြိုက်ပေမယ့် "မသိန်းရှင့်ဆီ ပို့ပေးပါ" ထက်တော့ ကြိုက်ပါတယ် ... အယူအဆ ရေးရာတွေတော့ နားရှုပ်ပေမယ့် ၊ စာရေးသူရဲ့ တိကျပြတ်သားတဲ့ ရည်ရွယ်ချက်အတွေးအခေါ် ( လုံးဝ ဥသုံ လက်မခံနိုင်သည့်တိုင်) ကို ပြီပြင်အောင်တင်ပြနိုင်တာကို နှစ်သက်မိတယ် ။
(like - me)

တော ကျောင်း ဆရာ
ခေတ်နဲ့ဆိုင်မယ်ပေါ့ဗျာ.. ဆိုကြပါစို့ သခင်ဘသောင်းရဲ့ လောကနိဗ္ဗာန် (The Fall of Titan by Igor Gouzwnk ) ပြန်ထွက်လာတော့ အခုခတ်မှာ ပြန်ဖတ်ရတာ ဖတ်မိတယ်ဆိုရုံပဲရှိတာ။ ဒီလိုပဲ ခြေလေးချောင်းတော်လှန်ရေး( Animal Farm by George Orwell) ပြန်ထွက်လာလည်း ရယ်စရာဝတ္ထုလို့တောင် သဘောထားမိမယ်လေ။

ဟိုခေတ်တုန်းကတော့ သခင်ဘသောင်းက သူ့အကြောင်းနဲ့သူ စိတ်နာ၊ နောက်တော့ ဒီစာအုပ်တွေပြန်၊ အဲ့ခေတ်က စီပီတွေက သူ့ဆိုလည်လှီးပြီး သတ်ချင်စိတ်ဖြစ်၊ အဲသလိုတွေရှိခဲ့ကြတာကိုး။ နိုင်ဝင်းဆွေလည်း အဲသလိုပဲ၊ ရေဆန်လမ်းတို့၊ မသိန်းရှင်တို့၊ နွေတညတို့၊ ဘ၀စာမျက်နှာတို့ အဲတာတာတွေကို ပြန်ထွက်လာလို့ ဒီနေ့အချိန်ခါရောက်မှ ဖတ်ဖူးမယ်ဆို၊ အဲလိုဖတ်ဖူးတဲ့သူတွေအတွက် အနည်းနဲ့အများဆိုသလို ဟာတာဖြစ်သလိုလို၊ ခုနေသလို ခံနေသလို ဖြစ်မှာအသေအချာပါပဲ။

စကားစပ်လို့ပဲဗျာ၊ မှတ်မိသေးတယ်၊ ခုလူငယ်တွေ အရမ်းကြိုက်ကြတဲ့ ဂျူးက ထက်မြက်နဲ့တွေ့တော့ .. အော် ... ရသကလောင်တစ်ချောင်းကို သတ်လိုက်တဲ့သူပါလား ဆိုတာ ပြောခဲ့ဖူးသတဲ့၊ နိုင်ဝင်းဆွေနဲ့ ပတ်သက်လို့ ဂျူးက အဲသလိုပြောခဲ့ဖူးတယ်လို့ နီးစပ်သူတွေဆီက ကြားခဲ့ဖူးတယ် ၊ ဂျူးကောင်းတယ်ဆိုတာက နိုင်ဝင်းဆွေကို မီမှမမီခဲ့တာကိုး (သူ့ခေတ်နဲ့ သူပြောပါတယ်)၊

ဂျူးက ထက်မြက်ကို ဘာလို့အဲသလိုပြောလဲဆိုတော့ နောက်ခံက ရှိပြန်တယ်၊ မိုကြိုမုန်တိုင်း ကိစ္စနဲ့ဆိုင်နေတယ်လေ၊ ဒီကိစ္စက ကံအကြောင်းမလှတဲ့ နိုင်ဝင်းဆွေအတွက် မောဟအမှားဖြစ်ခဲ့တယ်။ အမှားသိပေမယ့် အချိန်မမီလိုက်ခဲ့ဘူး။ ဒီနောက်ပိုင်းကာလတွေမှာ သူလည်း ကလောင်ရော၊ လူပါ နိဂုံးချုပ်သွားရတယ်။ နှမြောစရာပါပဲ။

ဆိုလိုချင်တာကတော့ဗျာ၊ သူ့ခေတ်ကရေးခဲ့တဲ့ နိုင်ဝင်းဆွေရဲ့ စာတွေဟာ ဒီဘက်ခေတ်မှာ ဖတ်မယ်ဆိုရင် သူ့အာဘော်ခြုံမိနိုင်ဖို အခက်အခဲရှိမယ်ဆိုတာပါ၊ ကျွန်တော်လည်း ဒီစာအုပ်တွေပြန်မထွက်ခင်တုန်းက မိတ္တူတွေဖတ်ဖူးတာ၊ နည်းနည်းတော့ အခက်အခဲတွေ့ခဲ့ဖူးတယ်၊ ပစ္စည်းမဲ့လူတန်းစားရဲ့ သရုပ်မှန်စာပေအနှစ်ကြီးတွေပဲလို့ စာဖတ်ဖူးတုန်းက သဘောထားမိတယ်၊ အခုချိန်မှာတော့ အဲ့ထက်ပိုသွားပါပြီ။ :)
(like - Aung Phyoe & Mg Yu Pie)

Aung Phyoe
နောက် တစ်ချိန်ချိန်မှာ ပြန်ဖတ်ဖို့ ကြိုးစားကြည့်မယ် ။ သခင်ဘသောင်း ရဲ့ လောကနိဗ္ဗာန် ကိုဖတ်ဖို့ ထုတ်ထားတယ် ။

နွေတစ်ည ကိုတော့ ရသမြတ်နိုးသူတိုင်း ခံစားနိုင်မယ်ထင်ပါတယ် ။ နိုင်ဝင်းဆွေဟာ နောက်ပိုင်းမှာ ဦးတည်ချက်လုံးဝပြောင်းသွား သလိုပဲ ။ လူတန်းစားအမြင် ပြင်းထန်လွန်းတယ် ။ "ဘဝစာမျက်နှာများ" မှာ 'အဆိပ်ပင်' ဆိုပြီး ခင်နှင်းယုကို တိုက်ခိုက်ထားတာ ... ၊ အဲဒါဖတ်တုန်းက တစ်မျိုးပဲ ဘာကြောင့်လည်းပေါ့ ။ ခု ရေဆန်လမ်း ကိုဖတ်မိမှ သူ့စာပေအမြင်ကို ရေးရေးသဘောပေါက်မိတယ်။

Me
ခေတ်ကွာတာနဲ့ ဖတ်တဲ့လူအတွက် အနှစ်သာရကွာတယ်ဆိုတာကိုက အနုပညာမှာ ဝါဒရေးရာသွင်းထားတာကြောင့်လို့ ထင်မိတယ်။ အနုပညာ သက်သက် မဟုတ်လို့။ ဆိုလိုတာက အနုပညာက media အဖြစ် အသုံးချခံရလို့။

ဥပမာ - မိုးမိုး (အင်းလျား) အိမ်ထောင်ရေးဝတ္ထုတွေ ဖတ်ရတဲ့အခါမှာ သူတို့ခေတ်က ကိုယ်မသိ မမီလိုက်ရတဲ့ အကြောင်းအရာတွေပါလားဆို ဖတ်တဲ့လူက စိတ်ဝင်တစား ဖတ်မိလိမ့်မယ်။

မိုးမိုး ဝတ္ထုမျိုး မကြိုက်ဘူးဆိုတဲ့သူကတော့ အိမ်ထောင်ရေး ဘဝသရုပ်ဖော်ကို ကြိုက်ကို မကြိုက်တတ်လို့ မကြိုက်တာပဲ ဖြစ်မှာပေါ့။ (ကိုယ်တိုင်လည်း သူ့ဝတ္ထုတွေ ကြိုက်လှတယ် မဟုတ်ပါဘူး)

Bo
စာဖတ်သူရဲ့ စာဖတ်အား၊ ဓာတ်ခံတိမ်းညွတ်မှုပေါ် မူတည်ပီး ခံစားချက်တွေ ကွာသွားမယ်ထင်ပါတယ်။ လူအများစုဘဝအခြေအနေကတော့ မသိန်းရှင်၊ ရေဆန်လမ်းတွေ၊ မိုးမိုးနဲ့ မစန္ဒာစာတွေခေတ်ကနဲ့ တယ်မထူးလှသေးပါဘူး။

ဂျူးကတော့ ကြည်အေးလောက် အော်သန်တစ်ဖြစ်တယ်မထင်ဘူး၊ ဖတ်ဖူးတဲ့စာတိုပေစတွေနဲ့ လေလုံးကြီးကြီးတွေ ရောမွှေထားတဲ့ ဘတ်ဆဲလားတမျိုးလို့ပဲ မြင်တယ်။ အတိုတွေကတော့ ကောင်းတယ်။

Me
ကိုယ်ပြောတာက မိုးမိုး တို့ရေးတာမှာ ဝါဒရေးရာ မပါဘူးလို့ ပြောချင်တာပါ။ သူတို့ကို အနုပညာသက်သက် တင်ပြတယ်လို့ မြင်မိတယ်။ ဒီတော့ သူတို့ကို မကြိုက်ဘူးဆိုရင် သူတို့ရေးတဲ့လိုင်းမျိုးကို မကြိုက်လို့ မကြိုက်တာ။ နိုင်ဝင်းဆွေကိုကျ ဝါဒရေးရာကို အနုပညာနဲ့ ရောပြထားလို့ကို ခေတ်ကွာလာတာနဲ့ အမျှ ဖတ်တဲ့လူနဲ့ ခံစားမှု အဟပ်က ကွာတာ။

မိုးမိုး (အင်းလျား) မှာကျတော့ ကြိုက်ပြီဆို ခေတ်ကွာတာ ဖတ်ရတာကိုက အရသာ ဖြစ်မှာ။ မကြိုက်ရင်တော့ ခေတ်ကြောင့်မဟုတ်ဘူး။ သူတို့ရေးတာမျိုးကို ဖတ်တဲ့လူက မကြိုက်လို့ပဲ။

Aung Phyoe
ဂျူးဟာ အော်ရီဂျင်နယ် မဟုတ်တာတော့ အမှန်ပဲ .. ဒါပေမယ့် မှီးတယ်လို့လဲပြောလို့ မရဘူး .. သူကကြိုက်တဲ့ ဝတ္ထုတစ်ပုဒ်ရဲ့ အီမိုးရှင်း ကိုပဲ ယူတာကို ..။

Me
ဒီလို ပြောကြေးဆိုရင်တော့ ဘယ်သူမှ မလွတ်တော့ဘူး။
=)

ဥပမာ - မီ ဟာ မေ ကနေ လာတယ်လို့ ကိုယ်က ထင်တာကိုး။
(မီ ကို မှီးတယ်ဆိုတဲ့စာအုပ်လည်း မဖတ်ဖူးပါဘူး)

Aung Phyoe
မီ က အမေရိကန် ရုပ်ရှင်ရှိတယ် ... နာမယ်မမှတ်မိလို့ ။ ဝန်ခံထားတယ် .... ။

(မှတ်ချက်။ စာအုပ်ပါရှိတယ်။ မီ အမှာစာမှာ ဒဂုန်တာရာ ထည့်ရေးထားတယ်။ ရုပ်ရှင်နဲ့ စာအုပ် နာမည်တူတူပဲ)

Bo
http://en.wikipedia.org/wiki/Dead_Reckoning_%28film%29

http://www.youtube.com/watch?v=5IznfnWzVPQ

Aung Phyoe
ကျေးဇူး ဆရာဘို ၊ မေ့နေတာ ရုပ်ရှင်နာမည်ကို

Bo
မိုးမိုးက မဆလ NLD မှာ တာဝန်ထမ်းခဲ့တဲ့ စာရေးဆရာပဲ။ အထွေထွေကျပ်တည်းမှုကို သူ့ပုံစံနဲ့သူတင်ပြတယ်ပဲမြင်တယ်။ သိပ်ဖီလင်မလာတာတော့ ရေးဟန်တွေပြောင်းတာလဲပါမယ်။ ခေတ်လူနေမှု စီးပွားရေးပုံစံကလဲ ကွာသွားပီ။

ဝါဒရေးတွေ မလည်ဝယ်တာတော့ မြန်မာပြည်မှာ နိုင်ငံရေးစိတ်ဝင်စားမှု ကျတာနဲ့လဲဆိုင်မယ်။ စာရေးဆရာက နိုင်ငံရေး၊ ဒဿန၊ သမိုင်း၊ လူမှုဗေဒ၊ စိတ္တဗေဒ သိပ္ပံ ဘက်စုံအောင် ဖတ်လေ ပိုထက်လေ ရေးကွက်များလေပဲ။ အနုပညာမြောက်တာ ဘာနဲ့တိုင်းလဲတော့မသိဘူး။
(like - Mg Yu Pie)

Me
‎(အနုပညာမြောက်တာ ဘာနဲ့တိုင်းလဲတော့မသိဘူး။)
ဟုတ်တယ် ကိုယ်လည်း မသိဘူး။

ဒါပေမဲ့ ဖျတ်ခနဲ ဦးသုခ ရိုက်တဲ့ အသုံးလုံးကားကို သွားသတိရတယ်။
(like - Bo)

(မှတ်ချက်။ "ဘယ်သူပြိုင်လို့ လှပါတော့နိုင်"။ တကယ်တော့ အဲဒါ မဆလခေတ်က ဝါဒဖြန့်တဲ့ကားပဲ)

Aung Phyoe
ကျတော်ကတော့ ကိုယ့်ရဲ့ ခံစားမှုနဲ့ပဲတိုင်းတယ် .. သူ့ရဲ့ ဖန်တီးမှုအပေါ် ကိုယ်ဘယ်လောက် ပူးဝင်ခံစားနိုင်သလဲပေါ့ .... ၊ နည်းလမ်းမှန်မမှန်တော့ မသိဘူး ။

Me
စိတ္တဗေဒ ဆိုလို့ အဲဒါကို စိတ်ဝင်စားတယ်။
တဆက်တည်း ပြောရရင် တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုတွေ ကိုယ် မစွဲဘူး။ ဘာလို့ဆို ဇာတ်ကောင်စရိုက်တွေ သေ နေတယ်လို့ ထင်လို့။ စာရေးဆရာက ဝင်ပါပေးရတဲ့ စရိုက်တွေလို့ ထင်တယ်။
(like - Bo)

Me
တကယ်တော့ နိုင်ဝင်းဆွေကို တအုပ်မှ မဖတ်ဖူးဘဲနဲ့ ဝင်ပြောနေတာ အတော်တော့ ဂွကျတယ်။

Mg Yu Pie
ဆရာဘို...အဲလောက် အမှန်တိုင်းကြီးတွေပြောနဲ့လေ..း )
ဆရာမကြီးတောင် အနှီသို့ဆိုရင် ဆရာမကြီးကိုစုတုပြုပြီးထွက်လာတဲ့ နောက်ပိုင်း ဘုစုခရု (ဆေးကျောင်းတော့ရောက်ပြီ မထူးပါဘူး..ဘတ်ဆဲလာလေးဖြစ်အောင်လုပ်အုံးမှဆိုတဲ့ ရည်မှန်းချက်မျိုးရှိတဲ့) ဆရာမလေးတွေ တပြုံကြီး လှဲသေလိုက်ဖို့ပဲ ရှိတယ်။ : P
(like - Aung Phyoe & Bo)

Mg Yu Pie
အို ဘုရားရေ..မောင်တို့ယောက်ျားတွေရဲ့အတ္တကတော့ ကျွန်မသီးမခံနိုင်အောင်ပါပဲ။ မိုးမြင့်ထိပ်ခေါင် ကုမ္ပဏီမှာလုပ်နေတဲ့ ဦးထွဋ်ခေါင်အုပ်စိုးနေမင်းကျော်စွာထက်မြက်သိမ်းပိုက်ဆိုတာ ကျွန်မရဲ့ မောင်ဆိုတာ လေ။ ဟင်း ဟင်း ဒါပေမယ့် ကျွန်မကလည်း နွယ်ပင်တိမ်တိုက်လမင်းသက်တံ့ခင်ခင်ကြီးပဲလေ..ကျွန်မကိုတော့ လွယ်လွယ်သိမ်းပိုက်လို့ ရမယ်မထင်လိုက်ပါနဲ့ မောင်....စသဖြင့် စသဖြင့် ယနေ့ဘတ်ဆဲလာဘုတ်အုတ်လေးတွေမှာ လွမ်းမိုးဆဲဖြစ်သလို ဒီဘုတ်အုတ်တွေကို ဓါတ်ရှင်ဗီဒီယို ပြန်ရိုက်ကြတဲ့အခါ နဂိုကမှ စာပေ၀မ်းစာနည်းကျသည့် ယနေ့လူငယ်မျိုးဆက်အတွက် မတွေးဝံ့စရာပါလေ။
(like - Aung Phyoe & Bo)

Aung Phyoe
LOL :D

Bo
အို ဘုရားရေ လား အို ကုလားရေ လား :-)

Me
ဘက်ဆဲလားတွေ ဘာလို့ အဲလိုစာမျိုးရေးတာလဲဆိုတာ ကိုယ်နားလည်နိုင်တယ်။ နားမလည်နိုင်တာက ယောက်ျားကြီးတွေက သူတို့ကို ဘာလို့ လိုက်ဆော်နေကြတာလဲ ဆိုတာပဲ။

I think it may be Jealous!

LOL
=D

MYP ကို ပြောတာ မဟုတ်ပါဘူး။ စာနယ်ဇင်းတွေထဲ အရင်တည်းက ကြုံဖူးလို့ပါ။ လွှတ်ထားလိုက်လို့ မရဘူးလား။ ဘာမှလည်း အရေးကြီးတာမဟုတ်ဘူး။
=)

Bo
ကြီးတာပေါ့ ဗမာပြည်မှာ ဒီလိုစာဆိုးစာညံ့တွေပဲ ကျန်အောင် တုံးသထက်တုံး ချာသထက်ချာအောင် စနစ်တကျလုပ်ခဲ့တာပဲ။ သခင်ကိုယ်တော်မှိုင်း မင်းသုဝဏ် ဇေယျ ဒဂုန်တာရာ မောင်စွမ်းရည် ဒေါ်အမာ ကစပီး ခေတ်အဆက်ဆက် ဒါမျိုးတွေအန္တရာယ်ကို သတိပေးခဲ့တာပဲ။ ဘတ်ဆဲလားက တမူးတန်ခေတ်အဆက်ပဲ။ မြမျိုးလွင် တက်ထွန်း တင့်တယ် ဝင်းဦး မောင်သာရ ဘုန်းနိုင်စတဲ့ အထီးတွေ စခဲ့တာပဲ။ ဂျန်ဒါနဲ့ မဆိုင်ပါ။
(like - KTZ)

Me
ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စနစ်တကျလုပ်ခဲ့တယ်ပဲ ထားပါဦး။
စနစ်ပြောင်းလဲ ရှိနေမှာပဲ။ အနည်းအများတော့ ကွာနိုင်တယ်။ (ကွာချင်မှလည်း ကွာမယ်) နောက် သူတို့ကို ဝေဖန်တဲ့စာတွေကိုယ်၌က ဝေဖန်တာနဲ့ မတူဘဲ ကလိသလိုလို ရိသလိုလိုဖြစ်နေတာ။ လှောင်သလိုလို ပြောင်သလိုလို လေသံ။

လူကြီးတွေပြောတာကတော့ တပိုင်းပါ။
ကိုယ်ပြောတာက စာနယ်ဇင်းမှာ တွေ့ရများတဲ့ အဲဒီစာတွေကို ဝေဖန်တဲ့ပုံစံကို အဓိက ပြောချင်တာ။

နောက်တခုက အဲဒီစာရေးသူတွေကို တားဖို့ ပိတ်ပင်ဖို့ ဆော်ဖို့ ကလော်ဖို့ထက် စာဖတ်သူကို ဖွင့်ပေးနိုင်ဖို့ပဲလိုတာလို့ ထင်တယ်။

ကိုယ့်အထင်ပါပဲ။ ကိုယ့်အတွက်တော့ မှန်တယ်။

Mg Yu Pie
ဟီးဟီး...အဲဒါ ပုရိသကြီးဘက်ကနေ လိုက်ဆော်တာဟုတ်ပါဘူး၊ ကနေ့ လူငယ်တွေလမ်းမှားသွားနိုင်တဲ့ Pop art ရဲ့အစွယ်အပွားတစ်ခုကို ထောက်ပြတာပါ၊ Jနဲ့လည်းဆိုင်ပါဘူးဂျာ..

သမိုင်းစဉ်ဆက်အမျိုးသမီးစာဆိုတွေထဲကလည်း respect ထားရတာတွေအများကြီးပါ.. ဒေါ်မိုးမိုးရဲ့အတိုပေါင်းချုပ်တွေတစ်အုပ်မကျန်ဖတ်ခဲ့သလို ဂျူးရဲ့ချစ်သူရေးသောကျွန်မညတို့ ဟို ပန်းချီကားတွေပါတဲ့အတိုပေါင်းချုပ်တို့ဆိုရင် လေ့လာတဲ့အနေနဲ့တောင်ဖတ်ရှုခဲ့ရပါတယ်ခင်ဗျာ။

အထက်မှာပြောတဲ့ မီးကျိုးမောင်းပျက်ဒတ်သနတွေ အရူးအတွေးတွေကို ရိုးအတဲ့လူငယ်မျိုးဆက်တွေ မှိုင်းမိအောင်မလုပ်ဖို့တော့ (အဲလိုပြောရတာက အဲလိုကောင်လေး ကောင်မလေးတွေ အပြင်မှာတွေ့တွေ့နေရလို့) အရေးကြီးတယ်လို့ ကျွန်တော်တော့ ထင်ပါရဲ့ခင်ဗျာ။

Me
ကိုယ်ကလဲ Gender ကို မမြင်ပါဘူး။
ဂျူးကို ယောက်ျားတွေ ဝိုင်းပြောကြသလို ဆိုတာမျိုးတောင် မမြင်ပါဘူး။

ဒါပေမဲ့ အဲဒီ ဘက်ဆဲလားဆိုတာတွေက မိန်းမတွေ အများဖြစ်ပြီး ကလိတိတိရိတိတိ ရေးတဲ့ ဆရာတွေက ယောက်ျားတွေ အများဖြစ်နေတာကို မြင်နေရလို့။ ကြည့်မကောင်းဘူး။

တကယ်တော့ မင်းခိုက်စိုးစန် ဂျွန်စတိုင်းဘက် ဝတ္ထုကိုလားမသိ ဘာမှ အညွှန်းမထည့်ဘဲ ဟိုခုတ်ဒီထစ်လုပ်ပြီး ပါးပါးလှီး ဝတ္ထုရေးသွားတာမျိုး ဝိုင်းဆော်ပါ့လား။ ကြည့်ကောင်းတာပေါ့။

=)

Bo
ကိုလိုနီခေတ်ကနေ ခုထိ အစိုးရစာပေပေါ်လစီက အပြောင်းအလဲမရှိပါဘူး။ အပြာသာသာစာတွေကို ဆော်တာတော့ ဘယ်ပုံနဲ့ဆော်တယ်ဆိုတာက အဓိကမကျပါဘူး။ ဝေဖန်ရေးဆရာတွေပြောလို့ ဖိနှိပ်တယ်လဲ မကြားမိပါဘူး။ သိသိကြီးနဲ့ လွှတ်ထားတာပဲ။ ခုဆို သရဲဝတ္ထုပါ ပြန်ခေတ်ထနေပီပဲ။ ဒီလိုစာပေဖာသည်တွေကို ဘယ်သူကမှ မနာလိုစရာမရှိပါဘူး။

Bo
သူတို့အများစုကို ရှဲဒိုးရေးပေးတာ ယောက်ျားတွေပဲ။ သူတို့ကို ဝေဖန်တာ သူတို့ ပြန်ရေးခွင့်ရှိတာပဲ။ စာမှ သေချာ မရေးတတ်တာ။
(like - me)

Me ‎
(ဝေဖန်ရေးဆရာတွေပြောလို့ ဖိနှိပ်တယ်လဲ မကြားမိပါဘူး)

အဲဒီစာတွေ အရေးမပါတာတော့ လက်ခံပါတယ်။
ဒါပေမဲ့ ဖိနှိပ်တယ်ဆိုတာရော လိုအပ်လို့လား။

အဲဒါ ဖတ်တဲ့သူဘက်က ရွေးပါစေပေါ့။

နောက် ဆော်တယ်ဖြစ်စေ၊ ဝေဖန်တယ်ဖြစ်စေ၊ ဘယ်ပုံဘယ်နည်းဆိုတာ ကိုယ့်အတွက်တော့ လိုတယ်။

နိုင်ငံရေးနဲ့ ပတ်သတ်လို့ ကိုယ်အမြဲပြောတဲ့စကားရှိတယ်။
ဆန့်ကျင်တာခြင်းတူတာတစ်ခုတည်းနဲ့ ဘယ်တော့မှ တသားတည်းမဖြစ်နိုင်တာတွေ ရှိတယ် ဆိုတာ။

ဘယ်အရာအတွက် ဘယ်ရည်ရွယ်ချက်အတွက်ဖြစ်ဖြစ် ဘယ်ပုံဘယ်နည်းသုံးတယ်ဆိုတာ ကိုယ့်အတွက်ကတော့ အရေးကြီးတယ်။

Me
နောက်တခုက မနာလိုမှု။

တချို့ကိစ္စတွေ ကိုယ့်စိတ်နဲ့ နှိုင်းပြောလို့မရဘူး။ (ဆိုလိုတာက Bo က ဒါမျိုးတွေကို မနာလို မဖြစ်တာနဲ့ ကျန်တဲ့လူတွေကလည်း မနာလို မဖြစ်ပါဘူး လို့ ပြောမရဘူး)

ဂျူးနဲ့ နုနုရည်ကို နယ်က စာပေဟောပြောပွဲမှာ အရေခွံခွာပြီး ဟောပြောသွားကြတဲ့ ထိပ်တန်းကျောင်းထွက် ထိပ်တန်းစာရေးဆရာကြီးတွေ အလယ်တန်းတုန်းက မြင်ခဲ့ဖူးလို့။ စာပေသက်သက် ဝေဖန်တယ်ဆို မပြောလိုပါဘူး။ ကိုယ်ရေးကိုယ်တာထိ ပရိသတ်တွေရှေ့မှာ၊ ကာယကံရှင်တွေ ကွယ်ရာမှာ။ သူတို့ကတော့ စာဖတ်သူတွေကို လမ်းပြရမယ်၊ စေတနာထားရမယ်၊ ပြုပြင်ရမယ် ဘာမယ်ညာမယ်တွေ ကိုင်ပြောတာပေါ့။ ကိုယ်ကတော့ ကိုယ့်ပြုပြင်ချင်တဲ့၊ စာတအုပ်ဖတ်ပြီး လမ်းမှားလိုက်သွားမယ်အထင်ရှိတဲ့ စာရေးဆရာမျိုး မနှစ်သက်တာ အမှန်ပဲ။
(like - Bo)

(မှတ်ချက်။ လက်ရှိ တစ်လ တစ်အုပ်မက ထုတ်နေတဲ့ စာရေးဆရာမတွေကနေ ဂျူးနဲ့ နုနုရည် ဂုဏ်သရေရှိ စာရေးဆရာရင့်မကြီးများရဲ့ အဆော်ခံရတဲ့အကြောင်း ချော်ပြီး ရောက်သွားတယ်)

Bo
ဘတ်ဆဲလားပရိသတ်ကတော့ အဲဒိဝေဖန်ရေးတွေ အရေးလုပ်ဖတ် မထင်ပေါင်ဗျာ :D

Me ‎
(ဘို Bo ဘတ်ဆဲလားပရိသတ်ကတော့ အဲဒိဝေဖန်ရေးတွေ အရေးလုပ်ဖတ် မထင်ပေါင်ဗျာ :D)

အဲဒါကြောင့် အရေးမကြီးဘူး ပြောတာပေါ့။
ဝေဖန်လည်း အဖက်မလုပ်မယ့်ဟာကို ဘာလို့ စာရွက်ကုန်အောင် ဖြုန်းတီးမလဲ။

Bo
မဂျူးကို တက်ခါစက ဝိုင်းအုပ်တာ အဲ့ဒါကြောင့် ပိုနာမည်ကြီးသွားတယ်ထင်တယ်။ သူကလဲ အရည်အချင်းရှိတာကိုး။ နောက်ပိုင်းကျမှ ရှိတာထက် ပိုမြောက်သွားတာကတပိုင်းပေါ့။
အဲလို အဘိဇ္ဈာများလို့ လုံးချင်းလောကမှာ ယောကျာ်းတွေ မအောင်မြင်တာထင်တယ်း)

အောင်ဖြိုးရေ အစွမ်းပြတော့ ဟိ

Bo
လောကနိဗ္ဗာန်က သံရုံးစာအုပ်ကြီးပဲ ဗမာ့ခေတ်ကရိုက်တာ။ ခြေလေးချောင်းကလေးကြိုက်ထက် ၁၉၈၄က ပိုမိုက်ပါတယ်။

Me
အမယ် အဲဒါ တက်ခါစတောင် မဟုတ်ဘူး။ 1994 လောက်ဆိုတော့ ပီပီပြင်ပြင် ဖြစ်နေပြီ။
လုံးချင်းလောကမှာ ယောက်ျားတွေ မအောင်မြင်တာ ဘာလို့တော့ မသိဘူး။

(မှတ်ချက်။ အမျိုးသားစာရေးဆရာများ အမျိုးသမီးစာရေးသူများလောက် စန်းမထ ခေတ်မထသည်ကို ဆိုလိုသည်)
ယောက်ျားတွေက ဇာတ်ကောင်စရိုက်ကို မိန်းမတွေလောက် မနိုင်နင်းတာတော့ အမှန်ပဲ။

Bo
မိန်းမတွေ အရက်သောက်ရင်လဲ ကျသွားမှာဗျ မဂျူးကို အပြင်းတိုက်မှး)
(like - me)

Me
အရက်ကြောင့်တခုတည်းလည်း မဟုတ်ဘူး။
နီကိုရဲ မင်းလူ ဇာတ်ကောင်စရိုက်တွေ ကောင်းပါတယ်။ ဒါပေမဲ့ တလိုင်းလောက်ပဲ ရတယ်။ ကျန်တာဆို စဉ်းစားကြည့်လို့တောင် ပေါ်မလာဘူး။
မိန်းမတွေ စဉ်းစားလိုက်ရင် ဆုံးတောင် ဆုံးမယ်မထင်ဘူး။

နိုင်ဝင်းဆွေကျတော့လည်း မဖတ်ဖြစ်သေးဘူး။

တော ကျောင်း ဆရာ
ဝေဖန်တာကို အဖက်မလုပ်လည်း ရေးသင့်ရင် ရေးရမှာပဲ၊ မှိုင်းတိုက်တာလို့ ထင်ရင် မှိုင်းတိုက်တယ်လို့ မှတ်တမ်းတင်ထားရမှာပဲ၊ ဒီမှာတော့ စုတုပြု ၀ဲဂယက်က မထွက်နိုင်သေးတော့ စာပေအကြောင်းပြောရင် ဝေဖန်တယ်ဆိုတာက အမြင့်ဆုံးလိုဖြစ်နေတယ် ၊ ဝေဖန်ရေးဆိုခေါင်းစဉ်တပ် ပုဂ္ဂိုလ်ထိုးနှက်မှု ရောထွေးမှာလည်း ရှိမှာပဲ၊ ခက်တာက မြန်မာစာပေဆိုတာက ဘယ်က ဘယ်လိုစတယ် ဘယ်လိုပြောကြမှာလဲ၊ မြုပ်ကွက်တွေက အများကြီး၊ ပျော့ကွက်တွေက အများကြီး၊ ငါတောင်မပြင်ရက်လို့ ဒီအတိုင်းထားတယ်ဆိုတဲ့ အတွေးအခေါ်က လက်တွေ့မကျဘူး၊ မှားနေတာကို ထုံးအိုးထဲ နှစ်ပြီး ခပ်ရဲရဲ ပြောရဲတဲ့သူတွေ ရှိနေရမယ်၊

စာပေအဆင့်ပိုမြင့်လာမယ်ဆိုရင်တော့ ဖန်တီးမှုက အရင်လာသလား၊ သီဝရီက အရင်လာသလား အဲတာဆက်ပြောကြမယ် ထင်တယ်၊ ခုတော့ ဘုရားပွဲက ရဟတ်ကြီးလို တကျွိကျွိမြည်သံဆွဲ လည်နေကြတုန်း၊ ဘေးကိုမကြည့်ပဲ ဟောင်းနွမ်းရဟတ်ကြီးကို ဇိမ်ခံစီးသူတွေက စီးနေကြတုန်း၊ ရိုလာကိုစတာစီးဖို့စိတ်ကူးယဉ်ပြီး ရဟတ်တစ်ပတ်နွမ်းကို သံယောဇဉ်တွယ်သူတွေက တွယ်နေကြတုန်း၊

အိုဘယ့်.. မြန်မာစာပေ၊ ဆုတ်ယုတ်တာကို ခေတ်တစ်ခုတည်းကြောင့်လို့ ပြောမရပြန်ဘူး၊ အာဖရိကက၊ တရုတ်က လူတွေတောင် ဘယ်ခရီးရောက်နေကြပြီလဲ၊ ဒါလေးတွေးမိတယ်။
(like - Bo)

Me
‎(ဝေဖန်တာကို အဖက်မလုပ်လည်း ရေးသင့်ရင် ရေးရမှာပဲ)
ရေးသင့်တဲ့ ပုံစံနဲ့ ရေးရင် ကောင်းပါတယ်။

(မှိုင်းတိုက်တာလို့ ထင်ရင် မှိုင်းတိုက်တယ်လို့ မှတ်တမ်းတင်ထားရမှာပဲ)
ကိုယ်ကတော့ သူတို့ မှိုင်းတိုက်တတ်တယ်လို့တောင် မထင်တာ။
အဓိကက စာဖတ်သူပဲ လို့ ထင်တယ်။ အဲဒီစာတွေကို ဖယ်လိုက်ဖို့ထက် စာဖတ်သူကို ဖယ်တတ်အောင် လုပ်ဖို့ပဲ။

ဒါပေမဲ့ အဲဒီစာတွေကို ဝေဖန်ရေးရေးတဲ့လူတွေကိုက အဲဒီစာတွေ အဆင့်လောက်ပဲ လိုက်ရေးနေတယ်။

Aung Phyoe
ယောက်ျားစာရေးဆရာတွေထဲမှာ လုံးချင်းရေးတာ ကြိုက်တာ "သိန်းဖေမြင့်" ပဲရှိတယ် .. မိန်းမစာရေးဆရာတွေကတော့ အများကြီး ၊ ခင်ခင်ထူးနဲ့ နေဝင်းမြင့်တောင် မတူဘူး ... လင်မယားချင်း ရန်တိုက်ပေးမှာပဲ .. "မအိမ်ကံ" နဲ့ "တိမ်တောင်ပျော်ပိုက်" ရွှေမှာလစဉ်ပါတာချင်းတောင် မျှော်ရတာ မတူဘူး :D

(like - Bo)

တော ကျောင်း ဆရာ
အရာအားလုံးတန်းတူညီမျှ မရှိနိုင်ဆိုတဲ့ စကားရှိတယ်၊ ခေါင်းဆောင်ကြီးက ခေါင်းဆောင်ကြီးပဲ၊ လက်အောက်သားက လက်အောက်သားပဲ၊ တန်းတူညီမျှဆိုတာ မရှိဘူး၊ မရှိတဲ့အရာကို အခြေတည်ပြီး တန်းတူညီမျှ လိုက်စဉ်းစားနေမယ်ဆိုရင် အထွက်တိုးညံ့တဲ့ စပါးခင်းလို့ မျိုးမအောင်တဲ့ အဖျင်းစားတွေနဲ့ပဲ သံသရာလည်နေမှာပေါ့၊ ခွဲခြားစဉ်းစားဖို့တော့ တွေးမိတယ်။
(like - me)

Me
မှန်တယ်။
ကိုယ့်သဘောအတိုင်းဆို ဘယ်စာပေမျိုးမှ ဘယ်အနုပညာမျိုးမှ ဖိနှိပ် ဖယ်ရှားစရာ မရှိဘူး။ စာဖတ်သူက ရွေးလိမ့်မယ်။ ဒါပေမဲ့ အဲလို ပြောရင် မြန်မာပြည် အနေအထားက ဘယ်လို ပေါ်လစီက ဘယ်လို ဆိုတာတွေ ပါလာဦးတော့မယ်။ မြန်မာပြည်က တခုခု အကြောင်းပြောရတာ အတော်လက်ဝင်တယ်။

ခုလည်း အပျော်ဖတ်စာပေ၊ အဆိပ်အတောက်စာပေလို့ ဝိုင်းတံဆိပ်ကပ်ကြတာ တကယ်တော့ ကိုယ့်အလိုသာဆို ကိုယ်မဖတ်ချင် မဖတ်ဘဲ နေဖို့ပဲ။ ဝေဖန်ချင်လား ဝေဖန်လိုက်။ ဒါပေမဲ့ ဝေဖန်တာ ပုံမကျရင်တော့ ပြန်ဝေဖန်ခံရဖို့ ပြင်ထား။
(like - me)

Me
ကိုယ့်ဘာသာ ရေးပြီး ကိုယ့်ဘာသာ ကြိုက်လိုက်တာ =)

ကိုယ့်အတွက်ကတော့ ဘယ်ပုံဘယ်နည်းသုံးတယ် ဆိုတာ သိပ်အရေးကြီးတယ်။ ခုပြောတဲ့ အပျော်ဖတ်စာပေ ဆိုတာမျိုးကို ခုအစိုးရက နှိပ်ကွပ်ပစ်တယ်၊ ဖယ်ရှားပစ်တယ် ဆိုရင်တောင် ကိုယ့်အတွက် လက်ခံနိုင်စရာ မဖြစ်ဘူး။ (ဒါပေမဲ့ မြန်မာပြည် လက်ရှိအနေအထားဆိုတာကြီးက ကန့်လန့်ဖြစ်နေတာတော့ အမှန်ပဲ။ ဘာပဲပြောပြော အဲဒါကြီးကြောင့် လက်ဝင်နေရတယ်)

Aung Phyoe
AMKK - အမ ပိုစ့်တင်လိုက်ပါ့လား အမှတ်တရ ။ နောက် ဆရာတို့လည်း ခွင့်ပြုမယ်ဆိုရင် ။

Bo
မောင်သာရကောင်းတာတွေ ရှိပါတယ် ဆာဖြိုးရယ်။ ဒေါ်ထူးကို ဒေါ်နုလောက် အားမရဘူး သူက ပုံပြောတယ် တရားပြတယ်အဆင့်မှာတင် ရပ်နေသလိုပဲ။ နတ်သမီးဖတ်စား)

Aung Phyoe
ဟုတ်တယ် သူ့ကိုမေ့နေတာ မတ်တပ်ရပ်လို့ ... ၊ "ကတ္တီပါဖိနပ်စီး ..." ပဲဖတ်ဖူးတယ် ကြိုက်တယ်... ဝတ္ထုတိုပေါင်းချုပ်စာအုပ်၂ အုပ်ကတော့ ဆက်ကိုမဖတ်ဖြစ်ဘူး .. "ညှာရွှေတစ်ခက် ကြွေရက်စော" ဆိုလား သူ့အရေးအသားက တင်စားလွန်းတာ Over ကြီးလို့ထင်လို့ ။ :D

Bo
စကားပြောဝတ္ထုတွေ ကောင်းပါတယ်
ဒေါ်ရီတာက မပြောလဲ တင်မှာပဲ ဟဲဟဲ :D

(like - me)

Me
sorry မနေ့ညက ဖုန်းထပြောပြီး ဒီ ပြန်မရောက်တော့ဘူး။
အကုန်ဝိုင်းပြောမှပဲ တင်ဖို့ သတိရတာပါ။ ကိုယ့်ဘာသာဆို စိတ်တောင်ကူးမိမှာမဟုတ်ပါဘူး တကယ်။

***
Update (1:45 PM)

Nyanthar Zaw
ကျွန်တော် အထင်တော့ အပျော်ဖတ်က နိုင်ငံတကာမှာလည်း ရှိတယ်လေ။ ဒါကို အပြစ်တင်နေလို့မဖြစ်ဘူး။ ကျွန်တော်ကိုယ်တိုင် စာစဖတ်တော့ ဒါတွေကနေ စဖတ်တာပဲလေ။ ဒါကတစ်ဆင့် ကိုယ်ဖတ်ချင်တာကို ရွေးဖတ်လာခဲ့တာပါပဲ။ အမှန်က စာဖတ်သူနဲ့လည်း ဆိုင်တယ်။ ကျွန်တော်ဆို ကျွန်တော့် သူငယ်ချင်းတွေကို ဟိုစာအုပ်လေးဖတ်ပါ။ ဒါလေးဖတ်ပါ ညွှန်းတာပဲ။ တစ်ချို့ က ဖတ်ပေမယ့် တစ်ချို့ က လေးတာတွေ မဖတ်ချင်ဘူးဆိုပြီးတော့ကို ငြင်းတယ်လေ။ အပျော်ဖတ်မကြိုက်တဲ့သူတွေက အပျော်ဖတ်တွေ ဖတ်နေရင်းနဲ့ကို မဖတ်ချင်တော့တာ။ ကျွန်တော့်တုန်းကလည်းအဲ့လိုပဲ ဖတ်ချင်စိတ်ကုန်လာတာ။ တစ်ချို့လည်း ပေါ့ပေါ့ပါးပါးပဲ ဖတ်ချင်ကြတယ်လေ

Nyanthar Zaw
ဒီတော့ အဲ့လိုဖတ်ချင်သူတွေ အတွက်လည်း အဲ့လိုစာတွေလိုတယ်လေ။ မဟုတ်ရင် သူတို့ ကဘာသွားဖတ်မလဲ။ ဒါပေမဲ့ အပျော်ဖတ်ရေးသူတွေက တော့ ကိုယ့်စာထဲမှာ အကျိုးရှိမဲ့ တစ်ခုခုကို ထည့်ပေးနိုင်မယ် ပြီးတော့ အဆိပ်အတောက် ဖြစ်အောင် မရေးသင့်ဘူးပေါ့လေ။ နိုင်ငံတကာက နာမည်ကျော်နေတဲ့ ဟယ်ရီပေါ်တာတို့ Twilight တို့၊ Da Vince Code တို့တွေကရော ဘာတွေလဲ။ သူတို့လည်း ဒါတွေပဲလေ။ ဒါပေမဲ့ အံထဲကနေ ယူစရာ ရှိအောင်ရေးထားတယ်လေ။

Nyanthar Zaw
ပြီးတော့ ကိုဘိုပြောတာကို နည်းနည်းပြောချင်ပါတယ်။ ဂျူးကတော့ ကြည်အေးလောက် အော်သန်တစ်ဖြစ်တယ်မထင်ဘူး၊ ဆိုတာကို ကျွန်တော်ကတော့ လက်မခံပါ။ ပြီးတော့ နောက်တစ်ခု နောက်ပိုင်းကျမှ ရှိတာထက် ပိုမြောက်သွားတာကတပိုင်းပေါ့။ဆိုတာလည်း မဟုတ်ဘူးထင်ပါတယ်။ ဂျူးဟာ အဲ့လို မျိုးလူမဟုတ်ဘူးထင်ပါတယ်။

ဒါဟာ Personal အရ ကိုးကွယ်မှု တစ်ခုနဲ့ပြောတယ်လို့ မထင်စေချင်ပါဘူး။ ဂျုးရေးတဲ့ထဲမှာ စာဖတ်သူကို ဆရာလုပ်ထားတာ တစ်ခုမှ မရှိပါဘူး။ ကျွန်တော်အမြင် သက်သက်ပါ။ ဒီထဲမှာ ကျွန်တော်က အငယ်ဆုံးဖြစ်နိုင်ပါတယ်။ ကျွန်တော်ရဲ့ စာဖတ်အားအရ ဝင်မပြောသင့်ဘူးလေ။ ဒါပေမဲ့ ဆွေးနွေးကြည့်တာပါ။ ရေဆန်လမ်းနဲ့ ပတ်သက်တဲ့ အမြင်ကိုတော့ ဟိုတစ်ခါ ပြောပြီးပြီဆိုတော့ မပြောတော့ပါဘူး။ :)

***

ဖြည့်စွက်

"ကိုယ့်သဘောအတိုင်းဆို ဘယ်စာပေမျိုးမှ ဘယ်အနုပညာမျိုးမှ ဖိနှိပ် ဖယ်ရှားစရာ မရှိဘူး"
ဆိုတာနဲ့ ပတ်သတ်လို့ ပြောရရင်တော့ အတော်ရှည်မှာပဲ။ ဆိုခဲ့သလို မြန်မာပြည် လက်ရှိအနေအထားအရ သိပ်လည်း ပြောရခက်တယ်။

မြင်သာအောင် ပြောရရင် ဂျောက်ဂျက်ကိစ္စပဲ။
ဂျောက်ဂျက်ကိစ္စ ကိုပေါတို့ ဖြစ်လိုက်ကြတုန်းက မသိလိုက်ဘူး။ တော်တော်ကြီးကြာမှ အဲဒါတွေကို သူငယ်ချင်းတယောက်က မေးလ်ပို့ပေးလို့ (မေးလ်ပို့ပေးပြီးတာတောင် တော်တော်ကြာမှ) ဖတ်ဖြစ်တယ်။

အဲဒီမှာ မပိတ်ပင်သင့်ပါဘူးလို့ဆိုတဲ့လူတွေ (တကယ်တော့ ကိုပေါတစ်ယောက်တည်းလား မသိ :D) ကို တန်ပြန်ပြီး ဆန့်ကျင်အငြင်းပွားကြသူတွေ အဓိက ကိုင်တဲ့အချက်က ဘာလဲဆိုတော့ အဲဒီ သီချင်းသံတွေကို မပိတ်ပင်သင့်ပါဘူးပြောတဲ့လူတွေရဲ့ သားသမီးလေးတွေ နားထောင်ပြီး လိုက်ဆိုကုန်ကြရင်၊ အကောင်းထင်ကုန်ကြရင် ဘာလုပ်မလဲ ဆိုတာပဲ။ အဲဒါက လက်ရှိ နိုင်ငံအနေအထားကြောင့် ထွက်လာတဲ့ မေးခွန်းလို့ မြင်တယ်။

မှန်တယ်။ လက်ရှိအခြေအနေမှာ ဘေးအိမ်ကနေ ကိုယ့်အိမ်ဘက်က ကြားအောင်ဖွင့်ရင်၊ အိမ်နား လက်ဘက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ကာရာအိုကေဆိုင်များရှိလို့ ကိုယ့်အိမ်ဘက်က ကြားအောင်ဖွင့်ရင် (ဒီကိစ္စ မဖြစ်နိုင်ပါဘူးလို့ ငြင်းလို့မရတဲ့ အနေအထားပဲ)။ အဲလိုသာ ဖြစ်ခဲ့မယ်ဆို စိုးရိမ်စရာပဲ။ (နန်းညီရဲ့ ပို့စ်တစ်ခုမှာ ဖတ်လိုက်ရတာ ဘတ်စ်ကားပေါ်မှာ ဖွင့်နေဆိုလား။ မောင်စိမ်းသူ ရေးပြီး ဖြိုးကြီး ဆိုတဲ့ သီချင်း။ အဲဒါ ဟိုးအရင်ခေတ်က အပိတ်ခံရတဲ့ သီချင်းလို့ ဆိုတယ်)။

ကိုယ်တိုင်လည်း ဒါမျိုးတွေ မကြားချင်ဘူး။ ဒီတော့ မြန်မာနိုင်ငံ ဒီပုံစံတိုင်းသာ ဆက်သွားနေမယ်ဆို၊ မတော်လို့များ ကိုယ့် generation ကို အဲဒီလို ပတ်ဝန်းကျင်ထဲမှာပဲ ကြီးပြင်းစေရတော့မယ်ဆို အဲဒီလိုသီချင်းမျိုး ပိတ်ပစ်သင့်ပါတယ်လို့ ရှေ့ဆုံးကနေ ထ အော်ရမယ့် အနေအထားပဲ။

အဲဒါကြောင့် လက်ရှိအနေအထားအရ ဒီလို ကိစ္စမျိုးကို မြန်မာပြည်အတွက် ဆွေးနွေးရတာ လက်ဝင်တယ် ပြောတာ။ (လူတစ်ယောက်၊ လူတစ်စုရဲ့ လုပ်ရပ်က ကျန်တဲ့လူတွေကို မထိခိုက်စေအောင် ကာကွယ်လို့ မရတဲ့ အနေအထားမျိုးမို့)

ဆိုလိုတာက အိမ်ဘေးက သီချင်းသံ ကျယ်တာနဲ့ ကိုယ့်လွတ်လပ်ခွင့်ကို ထိပါးတာနဲ့ ဥပဒေအရ တိုင်တော အရေးယူလို့ ရတဲ့ အနေအထားမရှိလို့။ တကယ်လို့သာ ကိုယ့်လွတ်လပ်ခွင့်ကို သူတပါးက မထိခိုက်စေ၊ သူတပါးလွတ်လပ်ခွင့်ကို ကိုယ်က မထိခိုက်စေဘူး ဆိုရင်တော့ ကိုယ့်အမြင်မှာ နှိပ်ကွပ်သင့်တဲ့၊ ပိတ်ပင်သင့်တဲ့၊ ဖယ်ရှားသင့်တဲ့ ဖန်တီးမှုဆိုတာ မရှိပါဘူး။

ဒီလိုဆိုလည်း မေးစရာ ရှိချင်ရှိကြဦးမယ်။
သူများက ကိုယ့်လွတ်လပ်ခွင့်ကိုတော့ မထိပါးပါဘူး။ ဒါပေမဲ့ ကိုယ့် generation တိတ်တိတ်ကလေး ဒီလို စာပေမျိုး၊ ဒီလို ဂီတမျိုး ကိုယ်မသိအောင် ခိုးနားထောင်ခံစားနေတယ် ဆိုရင်ရော... လို့။

ဖြေစရာက တခုပဲ ရှိပါတယ်။
ကိုယ့်တာကိုယ် လုံအောင် တာဖို့ပါပဲ။
ဒီလိုမှ လုံအောင် မတာ နိုင်ခဲ့ဘူးဆိုရင်၊ တာ ထားတဲ့ ကြားကမှ ဖြစ်ခဲ့မယ်ဆိုရင်တော့ အဲဒါ သူတို့ရဲ့ လွတ်လပ်ခွင့်၊ ရွေးချယ်ခွင့်ပါပဲ။

ဒီလိုကိစ္စမျိုးကို ပိတ်ပင်ထားတာနဲ့၊ မပိတ်ပင်ဘဲ ခွင့်ပြုထားတာမှာ ပိတ်ပင်ထားတဲ့ကြားက ဖြစ်လာမယ့်အနေအထားဟာ ပို မဆိုးရွားနိုင်ပါဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ လုပ်ချင်တဲ့လူဟာ ဗြောင်မလုပ်ရရင် ခိုးလုပ်လိမ့်မယ်။ ဆိုတော့... မသင့်တော်ဘူးထင်ရတဲ့ ဖန်တီးမှုတွေကို ပိတ်ပစ်တယ်ဆိုတာ မှန်ကန်တဲ့ solution လို့ မယုံကြည်ဘူး။ အဲဒီ ဖန်တီးမှုတွေကို လိုက်ပိတ်နေတာထက် ခံစားသုံးစွဲမယ့်သူတွေကို သူတို့ဘာသာ ရွေးချယ်နိုင်အောင်၊ ဖယ်ရှားနိုင်အောင် လေ့ကျင့်ပေးဖို့ပဲ အဓိကလို့ ထင်တယ်။

နောက်တခုက ကိုယ့်အတွက် ကောင်းမွန်မြင့်မားမှန်ကန်တယ် ထင်တဲ့ စံ တွေက သူတပါးအတွက် အမှားကြီး ဖြစ်ချင်ဖြစ်နေမှာပဲ။ နောက်တချက်က ခေတ်။ အရင်ခေတ်က လမ်းသရဲသီချင်း ဆိုတာတွေ ခု ဂျောက်ဂျက်နဲ့ ယှဉ်တော့ ထီးသုံးနန်းသုံးလို့တောင် ပြောရနေပြီ။ တချိန်က ကိုယ် မှန်တယ်လို့ ယုံကြည်နေတဲ့အရာတွေဟာ နောင်တချိန်ကျ မှန်ချင်မှ မှန်မှာ။

ဒီနေရာမှာ တောကျောင်းဆရာလည်း စကားဝိုင်းထဲမှာ ပါနေပြန်၊ အကြောင်းကလည်း တိုက်ဆိုင်ပြန်လို့ ဂျူး အမှတ်တရ အကြောင်း ဆွဲထည့်လိုက်ဦးမယ်။ ဟိုဘက်ခေတ်မှာ အမှတ်တရ ဘယ်လို တိုက်ခိုက်ခံ၊ အရေခွံနွှာခံရလဲဆိုတာတော့ ထူး ပြောစရာ မရှိပါဘူး။ တချို့ ဂုဏ်သရေရှိ ထိပ်တန်းကျောင်းထွက် ထိပ်တန်းစာရေးဆရာကြီးများလည်း အာပေါင်အာရင်းသန်သန်နဲ့ ပရိသတ်ကို လမ်းမှားမပို့ရေး၊ လမ်းမှန်ပြရေး၊ စေတနာဆိုတာတွေ ကိုင်ပြီး ဂျူးကို နင်းတက်ခဲ့ကြသေးတာပေါ့။

နောက်ဆုံး ဂျူးက "သူမင်းကို ဘယ်တော့မှ" လို "စောင့်နေမယ်လို့ မပြောလိုက်ဘူး" လို စာမျိုးရေးလာတော့ ဒီနေ့ခေတ်လူငယ်များက လူငယ်ပြုပြင်ရေးတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ၊ အကျိုးပြုလုပ်ငန်းတွေက ဘယ်သူမဆို လုပ်နိုင်ပါတယ်။ ဂျူးကိုတော့ ဂျူးမို့လို့ ပြောနေရတာပါ။ အမှတ်တရ လို ဟာမျိုးလေး လုပ်စမ်းပါဦး နဲ့ လာကြပြန်ရော။ (ဇွတ်ပဲ။ အသက် ၅၀ ကျော်ပါပြီဆိုမှ အမှတ်တရ လိုဟာ ပြန်ရေးတော့ရော ဖြစ်မလား)

ကိုယ်က ဂျူးကို ကြိုက်ပါတယ်။ အထင်လည်းကြီးပါတယ်။ ဒါပေမဲ့ သူရေးသမျှ ကြိုက်တယ်တော့ မဟုတ်ဘူး။ "ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ" က စလို့ နောက်ပိုင်း ခံစားမှုနဲ့ ကြိုက်လို့ မရတော့ဘူး။ အဲဒီထဲက ရတနာ ကို ခံစားလို့ မရဘူး။ အဲဒီ စာအုပ်ထဲက စကားလုံးတွေ သိပ်ကောင်းတယ် သူများပြောလည်း ကိုယ်က ဇာတ်ကောင်စရိုက်ကို ခံစားလို့မရဘူးဆိုရင် သွားရောပဲ၊ စကာလုံး ဘာဖြစ်ဖြစ်၊ ဇာတ်လမ်း ဘာဖြစ်ဖြစ်။

နောက် "စကားတစ်ပွင့်"။ ပိုတောင် ဆိုးသေးတယ်။ ပုံပြောနေတာလိုလို၊ ဒဏ္ဍာရီလိုလိုဟာတွေ ဖတ်နေတုန်းသာ စိတ်ဝင်စားတာ။ ပြီးတော့လည်း ပြီးသွားတာပဲ။ အဲဒီ စကားတစ်ပွင့် မှာ စွဲကျန်ခဲ့တာဆိုလို့ "ကျွမ်းထိုးကောင် အိုင်ချင်း" တစ်ပုဒ်ပဲရှိတယ်။

ဒါပေမဲ့ နောက်ပိုင်းစာတွေ ကိုယ့်ခံစားမှုအရ မကြိုက်တော့ဘူး ဘယ်လိုပြောပြော၊ ဂျူးကတော့ ဂျူးပါပဲ။ ဂျူးကိုတော့ impressive ဖြစ်တုန်းပါပဲ။

အင်း ချော်သွားပြန်ပြီ။

အဆက်အစပ်မိအောင် နည်းနည်း ပြန်ကောက်လိုက်မယ်။

(နောက်ဆုံး ဂျူးက "သူမင်းကို ဘယ်တော့မှ" လို "စောင့်နေမယ်လို့ မပြောလိုက်ဘူး" လို စာမျိုးရေးလာတော့ ဒီနေ့ခေတ်လူငယ်များက လူငယ်ပြုပြင်ရေးတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ၊ အကျိုးပြုလုပ်ငန်းတွေက ဘယ်သူမဆို လုပ်နိုင်ပါတယ်။ ဂျူးကိုတော့ ဂျူးမို့လို့ ပြောနေရတာပါ။ အမှတ်တရ လို ဟာမျိုးလေး လုပ်စမ်းပါဦး နဲ့ လာကြပြန်ရော။)

အနုပညာနဲ့ ယဉ်ကျေးမှုဆိုတာတွေရဲ့ စံ ဆိုတာကလည်း ပြောရရင်တော့ တရားကျစရာကြီးပါကွယ်ရို့။

***
ထပ်ဆင့်ဖြည့်စွက်

နိုင်ငံရေးဝါဒတွေကို စာပေအနုပညာထဲ အတင်းသွင်းတဲ့အကြောင်းက စ ပြောခဲ့ကြပေမယ့် ထည့်ပြောဖို့ကောင်းတဲ့ စာအုပ်တစ်အုပ် မေ့ကျန်ခဲ့တယ်။
"နောက်ကြည့်မှန်"

***