Showing posts with label ဖြူဖြူကျော်သိန်း. Show all posts
Showing posts with label ဖြူဖြူကျော်သိန်း. Show all posts
Friday, February 25, 2011
Phyu Phyu Kyaw Thein
ဖြူဖြူကျော်သိန်း
သူ့ကို စသိတော့ ကျောင်းတက်နေတုန်း သူ့ ပထမဆုံး စီးရီးကြော်ညာကနေပါပဲ။ သီချင်းတွေကို အာရုံနည်းနေတဲ့အချိန်ဆိုတော့ အမှတ်တမဲ့နဲ့။ အသံက တော်တော်ထူးခြားတော့ ကျောင်းမှာတော့ ပြန်ပြောဖြစ်တယ်။ အနီးကပ်ဆွဲပြတဲ့ သူ့မျက်နှာက ငယ်ရုပ်မပျောက်သေးတဲ့ပုံမို့ ဆယ်တန်းအောင်ပြီးကာစ ၁၇ နှစ်/ ၁၈ နှစ်လောက်လို့ ထင်ခဲ့ကြသေးတယ်။
အခွေတော့ သေချာ နားမထောင်ဖြစ်ပါဘူး။ သီချင်းတွေကတော့ မူရင်းတွေ ကျက်မိနေတာကြောင့် နားစွဲလွယ်ခဲ့တယ်။
***
ဇာတ်ဆရာအလိုကျ
ကျောင်းပြီးလို့ လိုင်းတစ်ခုကို သေချာရွေးမယ် စဉ်းစားပြီး ၃/ ၄ မျိုး တစ်ခုချင်းကို စုံစမ်းခဲ့တဲ့အချိန်... သင်တန်းကျောင်းတစ်ခုကို သွားဗျူးတော့ တာဝန်ခံက အဲဒီလိုင်းက နိုင်ငံတကာမှာ မိန်းကလေးတွေအတွက် အခွင့်အရေးနည်းလွန်းတာကြောင့် သေချာပြန်စဉ်းစားပါဦး ပြောလိုက်တယ်။
သူငယ်ချင်း ၃ ယောက်သွားတယ်။ အပြန်မှာ mac burger ဝင်ထိုင်တော့ ဖွင့်ထားတဲ့ နံရံပေါ်က tv တွေမှာ ပြနေတာ "ဇာတ်ဆရာအလိုကျ"။ မှန်တာပြောရရင် အဲဒီသီချင်းကို သူဆိုနေတာ သီချင်းဆိုနေတာနဲ့ မတူဘူး။ မကောင်းဆိုးဝါးတွေ နှင်ထုတ်ဖို့ ဂါထာမန္တာန်တွေ ရွတ်ဖတ်သရစ္ဈာယ်နေတာနဲ့ ပိုတူတယ်လို့ ခံစားရတယ်။ သူ မဆိုခင် (၁၀) နှစ်လောက် အေးချမ်းမေ စ ဆိုကတည်းက တော်တော်ကို ကြွေခဲ့တဲ့သီချင်း။ အေးချမ်းမေ နားထောင်တုန်းက ရခဲ့တဲ့ feeling က သူ ပြန်ဆိုတာ ကြားလိုက်ရတော့ အစကို ရှာလို့မရတော့ဘူး။
ဒါပေမဲ့ အဲဒီအချိန်မှာ ကိုယ့်အာရုံက သီချင်းပေါ်မှာလည်း အပြည့်မရှိ၊ သူ့ အသံနဲ့ ဘေးက ပါဖောင်းမင့်တွေပေါ်မှာလည်း အပြည့်အဝမရှိဘူး။
ကြည့်စမ်း၊ သူ လုပ်ချင်တာ လုပ်နေတာ။ လုပ်ချင်တာကို လုပ်နေရရုံတင် မဟုတ်ဘူး။ ဘယ်သူကမှ မကန့်ကွက်ဘူး။ ပြန်စဉ်းစားလိုက်ပါဦးလားလို့ မပြောဘူး။ မိန်းကလေးတွေအတွက် အခွင့်အရေးနည်းတယ်နော်လို့ သတိပေးမယ့်သူ မရှိဘူး။ အဲဒါအပြင် အားပေးမယ့်လူတွေပါ အလုံးအရင်းနဲ့ ရှိနေတယ် လို့ တွေးလည်း တွေးမိ၊ ပြောလည်း ပြောမိခဲ့တယ်။ (ပြောပြီးတော့ ဟားတာပေါ့။ ကျောင်းတက်တုန်းနဲ့ ကျောင်းပြီးကာစ ဘာမဆို အလွယ်တကူ ဟားနိုင်တယ်)
တကယ်တော့ ကိုယ်တွေမှာ ဘယ်သူ့ဘဝကိုတော့ဖြင့် အားကျလိုက်တာ ဆိုတဲ့စိတ် မရှိဘူး။ အထူးသဖြင့် အနုပညာသည်ဘဝကိုတော့ အားမကျဘူး။ အဲဒီ အခိုက်အတန့်မှာလည်း အားမကျဘူး။ ကိုယ်တွေအဖြစ်ကလည်း ဂွတော့ကျပေမယ့်၊ ဆိုးလိုက်တာလို့ ဆိုရမယ့် အနေအထား မဟုတ်တာလည်းပါတာပေါ့လေ။ သီချင်းဆိုစားဖို့ စဉ်းစားခဲ့ရမှာလို့ ပြောခဲ့မိတယ်ဆိုရင်တောင် အဲဒါ ရီစရာအနေနဲ့ ပြောတာပဲ။ ဒါပေမဲ့ ပိုက်ဆံ အတော်အကုန်ခံ ကိုယ်က ပေးပြီး တက်ရမယ့် သင်တန်းက ပြန်ပြီး စဉ်းစားပါဦးလားဆိုတဲ့ စကားကို ကြားလာရတဲ့ ခဏမှာ အထက်ကလိုတော့ တွေးခဲ့မိတယ်။
ခုချိန်ထိ အဲဒီသီချင်းကိုကြားတိုင်း အဲဒီအဖြစ်ကို ပြန်သတိရမိတယ်။
***
မညိုညိုသိန်း
အဲဒီနာမည် သူ့အင်တာဗျူးတချို့မှာ တွေ့ဖူးပေမယ့် အမှတ်တမဲ့ပဲ။
တကယ်တော့ အဲဒါ ကိုယ့်စိတ်ထဲ အမြဲ မှတ်မိနေတဲ့ ၃ ယောက်ပဲ ရှိတဲ့ ၁၀ တန်း ဂုဏ်ထူးရှင်အင်တာဗျူးတွေထဲက တဦးတည်းသော မိန်းကလေးရဲ့ နာမည်။ '91 မှာ မြန်မာတနိုင်ငံလုံး အမှတ်အများဆုံး ဘာသာစုံဂုဏ်ထူးရှင်။
အဲဒါကို မောင် ကိုကို နဲ့ မရီတာ ရေးဖြစ်တော့မှ ဇာတ်လမ်းထဲ ကိုယ့် ငယ်ငယ်က ရိုးလ်မော်ဒယ်တွေရဲ့ နာမည်တွေ အမှတ်တရ ထည့်မိတော့ တစ်ယောက်က လာပြောတယ်။ ဖြူဖြူကျော်သိန်းရဲ့အစ်မဆိုတာ။ ပထမတော့ ဟုတ်ရဲ့လားလို့ ဇဝေဇဝါနဲ့။ နောက်တော့ သိတဲ့လူတွေ လာ confirm လုပ်ကြတယ်။
ကမ္ဘာကြီးက အလုံးကြီးဆိုတော့ ပတ်ချာလည်နေတာ။
***
Fashion
ဒီရောက်ပြီး နောက်ပိုင်းလည်း သီချင်းပေါ်မှာ ဒီလောက် အာရုံမရှိခဲ့ဘူး။
2009 သင်္ကြန်တုန်းကလည်း ပွဲအစီအမံက ညံ့လွန်းလို့ မပြီးခင် ထပြန်လာခဲ့တော့ သူ့အလှည့်ကို မကြည့်ခဲ့ရဘူး။
အဝတ်အစား အဆင်အပြင်တွေ ချွန်ထွက်နေတာနဲ့ ပတ်သတ်လို့လည်း သူများအခွင့်အရေး ကဲ့ရဲ့တားမြစ်ချင်ရလောက်အောင်ထိ ဝါသနာမပါတော့ ဘယ်လိုမှ မနေပါဘူး။ ကြုံရင် ဖျော်ဖြေရေးတစ်ရပ်အနေနဲ့ပဲ ကြည့်မိတယ်။ (ကိုယ့်အမြင်မှာ ဝတ်ချင်ရာ ဝတ်ထွက်တဲ့လူထက် ဘာအခွင့်အာဏာမှ လက်ဆုတ်လက်ကိုင်မရှိဘဲ တားချင်တယ်၊ ဆီးချင်တယ်ဆိုတဲ့ဟာတွေက ပိုကြောင်တယ်။ ဤကား (လူရာဝင်ဖို့လို့ နေရာတကာပါ) စကားချပ်) (နောက်တာနော်။ နောက်တာ) =D
အဲဒီလို ဝတ်ချင်တာ ဝတ်ထွက်တဲ့ သူ့ဒီဇိုင်းတွေရဲ့ နောက်က သူ့ရဲ့ ရှင်းရှင်းလင်းလင်းရှိတဲ့ စိတ်ကိုတော့ နဲနဲ သတိပြုခဲ့မိတယ်။
***
ကြော်ညာ
မြန်မာပြည်မှာ ရှိနေတုန်းကတော့ ကြော်ညာတွေ မတွေ့မိသေးဘူး။ နောက်တော့ သူ ကြော်ညာရိုက်တယ်ဆိုတာ ကြားတယ်။ အရက် ဆေးလိပ်ကြော်ညာတွေ မရိုက်ဘူး သူ ပြောတော့၊ အဲဒီလိုပဲ ဖြစ်နေရမယ် လို့ စိတ်ထဲ အားရနေမိတယ်။ အားရတယ်ဆိုတာ သောက်တဲ့လူတွေအတွက် မဟုတ်ဘူး။ သူ့အတွက် အားရတာ။ လူဟာ အထူးသဖြင့် သူ့လို ဆရာဝန်လည်း ဖြစ်သေးတဲ့သူတစ်ယောက်ဟာ အဲဒီလိုတော့ ကိုယ့်အင်းမေ့ဂ်ျကို ထူထောင်ရမှာပဲ။ (သူ မရိုက်လည်း ရိုက်ချင်တဲ့လူက ရိုက်ပြီး၊ သောက်ချင်တဲ့လူက သောက်မှာပဲ။ ကိုယ့်အတွက် ကိုယ်ကြည့်တတ်ဖို့က အဓိက)
အင်တာဗျူးတွေမှာ သူ ထည့် ထည့်ပြောတဲ့ ဉာဏ်ရည်ဆိုတာ အဲဒါ။ အပြောနဲ့ အလုပ်တော့ ညီတယ်။
***
သီချင်းများ
သူ့ကို ဘာကြိုက်တာလဲ မေးရင် ဘာကို ကြိုက်တာပါလို့ သီချင်းတွေ အများကြီး နားထောင်ပြီးတဲ့ထိ ပြောစရာ မယ်မယ်ရရ မရှိပါဘူး။
ဂီတ နဲ့ အဆိုပညာကို နားမလည်ပေမယ့် ခံစားမှုနဲ့တော့ ဆုံးဖြတ်မိတယ်။
အသံအားကောင်းတဲ့ အဆိုတော်တွေဟာ အများအားဖြင့် မုဒ် မကောင်းဘူး။ ခံစားချက်ကို သူ ထည့်ဆိုနေတယ်ဆိုတာ သိနေမိပေမယ့် သီချင်းစာသားနဲ့ သံစဉ်ကပေးမယ့် ခံစားမှုနဲ့ သူထည့်ဆိုပစ်လိုက်တဲ့ ခံစားမှုက ဘယ်လိုမှ အံမဝင်ဘူး။ အထူးသဖြင့် သူများသီချင်းတွေ ပြန်ဆိုရင် ပိုသိသာတယ်။
ဥပမာ - ဇာတ်ဆရာအလိုကျ၊ အချစ်တဲ့လား၊ အတွင်းကြေ။
တကယ့်ကို ကိုယ့်နားထဲကို သီချင်းအနေနဲ့ မရောက်ဘဲ ဂါထာမန္ထာန်တွေ အနေနဲ့ပဲ ဝင်လာကြတယ်။ ဒါပေမဲ့ သူ့ကို ကြိုက်တယ်။
မသေနိုင်သော၊ အဆုံးမဲ့ ချစ်ခြင်း၊ ရူးလည်း ရူးပစေ ဆိုတာတွေတော့ အထူးသဖြင့် ကြိုက်ပါတယ်။
***
Solo Concert
ခု ၃ ရက်လောက် အတွင်းမှာတော့ သီချင်းအပုဒ် ၃၀ လောက်ပါတဲ့ သူ့ solo concert ကိုကြည့်ရင်း သူ့ စကားလုံးတွေကို အထူးသဖြင့် ကြိုက်နေမိတော့တယ်။
"မတော်လိုက်ရတဲ့ ယောက္ခမကြီး"
"ဖြူဖြူ့မှာ ရည်းစားဘယ်နှစ်ယောက်ရှိတယ် ထင်သလဲ"
"နင့်အသံ ပိုကျယ်လာတယ်လို့ ပြောတယ်"
"အဲဒီသီချင်းကို ဆိုမိတိုင်း ဖြူဖြူ့မှာ ရည်းစားတစ်ယောက် ရလိုက်သလို..."
"စတန့်ထွင်တယ် မထင်ကြပါနဲ့ ဖြူဖြူ့ဆရာကလည်း မြှောက်ပေးလို့ပါ"
နောက်... အတွင်းကြေ မဆိုခင်မှာ ပြောသွားတဲ့ အလွန်တရာရှည်လျားသော ကျေးဇူးတင်စကား။
ဒါတင်မကသေးဘူး။ ဘယ်သီချင်း ဆိုဖို့ အလုပ်မှာလဲ မသိ။ စကားပြောရင်း ပြောရင်း နောက်ရွှေ့သွားတာ ကျောခိုင်းထားတဲ့ conductor ကို ဝင်တိုက်မိတာရောပဲ။
***
ဂျူးရဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဘရစ်တနီနဲ့ ပတ်သတ်လို့ ရေးထားတာ ဖတ်ခဲ့ဖူးတယ်။
ဒီအသက်ငယ်ငယ်ကလေးမလေးဟာ သီချင်းဆိုရင်း တွန့်လိမ်ကွေးကောက်ပြီး ကနေရုံသာပါပဲ ဆိုတာထက် ပိုတာတစ်ခု ရှိတယ်။ အဲဒါ စင်ပေါ်မှာ ဘာလုပ်ပြနေနေ သူ့မျက်လုံးတွေက ရိုးသားနေတာပါ တဲ့။ (အတိအကျမဟုတ်ပါ)
ဒီနေ့ပဲ cbox မှာ တယောက်ကပြောတယ်။ သူ ကြည့်ဖူးတဲ့ စတိတ်ရှိုးမှာ ဖြူဖြူကျော်သိန်း ခလုတ်တိုက်လဲတော့ ထိုင်ရက် ဆက်ဆိုပြခဲ့တယ် ဆိုတာ...
သီချင်းတွေ နားထောင်ရင်း၊ သူ့ပါဖောင်းမင့်တွေကြည့်ရင်း တဖြည်းဖြည်းနဲ့ ကိုယ်မြင်လာရတာတချို့ ရှိတယ်။ သူများအတွက်တော့ မှန်ချင်မှ မှန်မယ်။ အဲဒါ သူ အတွင်းစိတ်က အတော်ကို ရှင်းရှင်းလင်းလင်းရှိပြီး၊ လိပ်ပြာသန့်နေပုံရတာ။ အဲဒါကို သီချင်းဆိုနေတုန်းတင် မဟုတ်ဘဲ အင်တာဗျူးအဖြေတွေမှာ၊ စကားပြောတာတွေမှာပါ မြင်နေရတယ်။ (ခိုင်သင်းကြည် မှာလဲ အဲဒီ လိပ်ပြာမျိုးရှိတယ်)
***
ဂီတကို နားလည် (တယ်လို့ ထင်ရ) တဲ့ တယောက်ကတော့ ဖြူဖြူကျော်သိန်းမှာ အသံကလွဲရင် ဂီတ မရှိဘူး ဆိုတယ်။ အဲဒါ ဖြစ်နိုင်တာပဲ။ သူ သီချင်းဆိုပြနေတယ်လို့ ကိုယ်ခံစားရတဲ့ အပုဒ်ရေဟာ ဘယ်လောက်မှ မရှိဘူး။
ကိုယ်ကတော့ အဲဒါတွေကျော်ပြီး မြင်ရခဲ့တဲ့ သူ့ လိပ်ပြာကို နှစ်လိုနေမိတော့တယ်။
***
(စာကြွင်း။ သူ ရေးတဲ့ ဝတ္ထုတိုတစ်ပုဒ်လည်း ဖတ်ဖူးတယ်)
Labels:
Feeling,
Thought,
ဖြူဖြူကျော်သိန်း
Subscribe to:
Posts (Atom)