Monday, May 25, 2009

လူကြုံ အရေးတကြီး !!!




စာအုပ်တစ်အုပ် (5 lb ခန့်) မြန်မာပြည်သို့ ထည့်ပေးလိုက်ချင်ပါသည်။
မြန်မာပြည်ရောက်လျှင် အိမ်တိုင်ရာရောက် လာယူပါလိမ့်မည်။

(ပိုက်ဆံ သိပ်မကုန်နိုင်ဘူး ဆိုလျှင်တော့ Agent နဲ့ပဲ ပို့ပါမည်။)



Saturday, May 16, 2009

The Plague by Albert Camus

(Albert Camus)

ဝင်းဝင်းလတ် ရဲ့ "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ" ဟာ ကျွန်မကို စာရေးဆရာ လုပ်ဖို့ လက်လျော့သွားစေတဲ့ ၀တ္ထုဆိုရင် "ပလိပ် "ကတော့ အဲဒီလို လက်လျော့ခဲ့တာ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်တဲ့ ၀တ္ထုပါပဲ။
Q. How contrive not to waste one's time? (အချိန်ကို မဖြုန်းတီးမိအောင် ဘယ်လို ဖန်တီးမလဲ)
A. By being fully aware of it all the while. (တချိန်လုံး သိနေအောင် လုပ်ရမယ်)

Everybody knows that pestilences have a way of recurring in the world;
yet somehow we find it hard to believe in ones that crash down on our heads from a blue sky.
(ကပ်ရောဂါများသည် ကမ္ဘာပေါ်တွင် အကြိမ်ကြိမ် ပြန်၍ ဖြစ်တတ်သည်ကို လူတိုင်း သိကြသည်။ သို့ရာတွင် ကျွန်ုပ်တို့ထံသို့ မိုးပေါ်က ကျလာသလို ဆိုက်ရောက်လာတတ်သည့် ကပ်ရောဂါများကိုမူ ယုံကြည်ရန် ခဲယဉ်း၍ နေတတ်ပြန်သည်)

There have been as many plague as wars in history; yet always plagues and wars take people equally by surprise.
(လူ့သမိုင်းတလျှောက်တွင် စစ်ကြီးများ ဖြစ်ပွားခဲ့သလောက် ပလိပ်ကပ်များလည်း ဖြစ်ပွားခဲ့သည်သာ။ သို့စဉ်လျက် ပလိပ်ရောဂါနှင့် စစ်ကြီးများ ဖြစ်လာသောအခါ လူအများမှာ အံ့အားသင့်ကြရမြဲ ဖြစ်လေသည်)

When a war breaks out, people say: 'It's too stupid; it can't last long.'. But though a war may will be 'too stupid', that doesn't prevent its lasting.
(စစ်ကြီးတစ်ခု ဖြစ်ပွားပြီ ဆိုလျှင် လူအများက 'အလွန် မိုက်မဲသော အမှုဖြစ်၍ ကြာရှည်နိုင်မည် မဟုတ် ' ဟု ဆိုတတ်ကြသည်။ သို့ရာတွင် စစ်သည် မိုက်မဲမှုပင် ဖြစ်စေဦးတော့ မိုက်မဲမှု ဖြစ်၍ ကြာရှည်နိုင်မည် မဟုတ် ဟူ၍တော့ မဆိုနိုင်)

Stupidity has a knack of getting its way; as we should see if we were not always so much wrapped up in ourselves.
(မိုက်မဲမှုမှာ သူ့နည်းသူ့ဟန်နှင့်သူ သက်ဆိုးရှည်၍ နေတတ်သည်။ ကျွန်ုပ်တို့သည် ကိုယ့်ကိစ္စကလေးများနှင့်ကိုယ် ရစ်ပတ်သိုင်းခြုံ၍ချည်း မနေကြလျှင် သိမြင်နိုင်ကြပါလိမ့်မည်။)

No one will ever be free so long as there are pestilences.
(ကပ်ရောဂါများ ရှိနေသမျှ ကာလပတ်လုံး မည်သူ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်လိမ့်ဦးမည် မဟုတ်ချေ)

When a man is a doctor, he comes to have his own idea of physical suffering, and to acquire somewhat more imagination than the average.
(လူတစ်ယောက်သည် ဆရာဝန်ဆိုလျှင် ခန္ဓာကိုယ်၌ ဖြစ်သည့် ဝေဒနာကို သူ့အမြင်နှင့်သူ သိတတ်လာသည်။ ဤအကြောင်းကြောင့်ပင် သူသည် လူသာမာန်တို့ထက် ပိုပြီး စိတ်ကူးနှင့် ထင်မြင်ကြည့်တတ်သည်)

He tried to recall what he had read about the disease.
(ရေး သည် ဤရောဂါအကြောင်း သူဖတ်ဖူးသမျှကို ပြန်၍ စဉ်းစားနေသည်)

Figures floated across his memory, and he recalled that some thirty or so great plagues known to history had accounted for nearly a hundred million deaths.
(သူ၏ မှတ်ဉာဏ်ထဲတွင် ကိန်းဂဏန်းများ ပေါလောပေါ်လာကြသည်။ လူ့သမိုင်းစဉ် တလျှောက် ဖြစ်ပွားခဲ့သည်ဟု သိရသော ပလိပ်ကပ်ကြီး ၃၀ ခန့်တွင် လူသန်းပေါင်း တစ်ရာနီးပါး သေခဲ့သည်ဟု စာရင်းပြသည်)

But what are a hundred million deaths?
(သို့ရာတွင် သန်းတစ်ရာ သေသည် ဆိုသည်မှာ ဘာဆန်းသနည်း)

When one has served in a war, one hardly knows what a dead man is, after a while.
(စစ်ကြီးတစ်ခုတွင် ၀င်၍ အမှုထမ်းဖူးလျှင် ခဏကြာတော့ လူသေသည် ဆိုသည်မှာ ဘာမှ မဆန်းတော့)

And since a dead man has no substance unless one has actually seen him dead, a hundred million corpses broadcast through history are no more than a puff of smoke in the imagination.
(သေသည်ကို ကိုယ်တိုင် မမြင်ရလျှင် သေသူ ဆိုသည်မှာ ဘာအကောင်အထည်မှ ရှိသည် မဟုတ်၍ လူ့သမိုင်း တလျှောက်လုံး၌ သေခဲ့ကြသည့် လူသန်းတစ်ရာ ဆိုသည်မှာ လူတစ်ယောက်၏ စိတ်ကူးထဲတွင် ဆေးလိပ် မီးခိုးကလေး တစ်ကွက်ပမာ အတွေးကလေး တစ်ခုမျှသာ ဖြစ်သည်)

In fact, our suffering was twofold; our own to start with, and then the imagined suffering of the absent one, son, mom, wife, or mistress.
(ကျွန်ုပ်တို့၏ ဝေဒနာမှာ နှစ်မျိုးဖြစ်သည်။ တစ်မျိုးက ကျွန်ုပ်တို့က တမ်းတရသည့် ဝေဒနာ၊ နောက်တစ်မျိုးက ကျွန်ုပ်တို့နှင့် ကွေကွင်းနေကြရသော သား၊ သမီး၊ ဇနီးမယား၊ ရည်းစား စသည်တို့၏ စိတ်သောက ဝေဒနာကို တွေးပြီး ရင်နာရသည့် ဝေဒနာ)

They came to deplore their ignorance of the way in which that person used to spend his or her days, and reproached themselves for having troubled too little about this in the past, and for having affected to think that, for a lover, the occupations of the loved one when they are not together could be a matter of indifference and not a source of joy.
(ယခု ကွေကွင်းနေရသည့် ချစ်သူသည် ယခင် အချိန်များက မည်သို့နေ၍ မည်သို့ ထိုင်တတ်ခဲ့သည်ကို သိအောင် ဂရုစိုက်မှု နည်းလွန်းခဲ့သည့်အတွက်လည်းကောင်း၊ ချစ်သူတစ်ယောက်အဖို့ သူနှင့် အတူတကွ မရှိသည့်အချိန်တွင် သူ့ချစ်သူ ဘာတွေ လုပ်နေသည် ဆိုသည်မှာ အမှတ်မထင်ကိစ္စ၊ စိတ်ပျော်ရွှင်ဖို့ အကြောင်းရင်းလည်း မဟုတ်ဟု အထင်ရှိခဲ့မိသည့်အတွက် လည်းကောင်း မိမိကိုယ်မိမိ အပြစ်တင်၍ နေမိတတ်သည်)

The Plague by Albert Camus
Translated into Myanmar by Htin LinTranslated into English by Stuart Gilbert

*****

ဂျူး အကြောင်းကိုရေးရင်း အရှိန်ရလာပြီး စာအုပ်တွေအကြောင်းကို ရေးချင်လာမိတယ်။

ကမူး (Camus) ကို စဖတ်ဖြစ်တော့ 1994 လောက်မှာပါ။ ပထမဦးဆုံး ဖတ်ဖြစ်တဲ့စာအုပ်က The Outsider (
L'Étranger) ပါ။

ကျွန်မ ကြိုက်တဲ့ စာအမျိုးအစားက A J Cronin ရေးတဲ့ ၀တ္ထုမျိုးတွေ ဖြစ်ပါတယ်။
ဒါကြောင့် Outsider ကို မကြိုက်ဘူး။
Jonathan Livingston Seagull ကို မကြိုက်ဘူး။
The Old Man & the Sea ကို မကြိုက်ဘူး။
Ward Six ကို မကြိုက်ဘူး။
ကျွန်မက လက်တွေ့ဘ၀ကို တိုက်ရိုက် ထင်ဟပ်ပြီး ဖွဲ့ဆိုတာတွေကိုပဲ ကြိုက်တယ် ထင်ပါရဲ့။ အဲဒါကြောင့် ပုံဆောင်ပြတဲ့ ၀တ္ထုတွေ၊ လောကအပြင်ကို ထွက်ပြီး ရေးဖွဲ့ထားတဲ့ ၀တ္ထုတွေကို မစွဲလမ်းခဲ့တာပါ။ ဒီနေရာမှာ တစ်ခုတော့ ပြောစရာရှိပါတယ်။ ကြိုက်နှစ်သက်တာ စွဲလမ်းတာနဲ့ အထင်ကြီး လေးစားတာကတော့ တကဏ္ဍစီပါ။

ဥပမာ- ကျွန်မ ဂျာနယ်ကျော် မမလေး ရဲ့ ၀တ္ထုတွေကို မစွဲလှဘူး။ ဒါပေမယ့် သူဖန်တီးတဲ့ စာတွေကိုတော့ အထင်ကြီး လေးစားမိတယ်။
သူ့ကို အရည်အချင်းရှိပြီး ထက်မြက်တဲ့ မိန်းမလို့လည်း ထင်တယ်။ ဂျာနယ်ကျော် မမလေး ရေးတဲ့ထဲမှာ ကျွန်မ စွဲပြီး ကျန်ခဲ့တာ မုန်း၍မဟူ တစ်ပုဒ်တည်းပဲ။ မစွဲဆုံး (အစွဲဆုံး မဟုတ်ပါ) ကတော့ သူလိုလူ ပါပဲ။ အဲဒီအကြောင်းတော့ နောက် ကြုံမှ ရေးပါမယ်။ (သူလိုလူ အကြောင်းပြောရင် တော်တော် များများနဲ့ သတ်ရဖွယ် ရှိပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကျွန်မ သိသလောက် အဲဒီ စာအုပ်ကို သိပ်ကို ကြိုက်ကြတာပဲကိုး။)

ကမူး ကို စဖတ်ဖြစ်ပုံက ဒီလိုပါ။ 1994 လောက်မှာ ထင်လင်း ဘာသာပြန် စည်းအပြင်ကလူ ကို မဂ္ဂဇင်း တစ်ခုမှာ ကြော်ငြာတာ တွေ့ပြီး ဖတ်ချင်လိုက်တာ ဖြစ်သွားမိတယ်။ နာမည်က ကျွန်မကို တော်တော် ဆွဲဆောင်ပါတယ်။ အဲဒီတုန်းက ၁၄ နှစ်၊ ၈တန်းပဲ ရှိသေးတာ။
(အဲဒီ အရွယ်တုန်းက အဲဒီလို မတန်မရာတွေ ဖတ်ခဲ့လို့လား မသိဘူး။ ခုကျတော့ အားရက်ဆို လေးမွန် ထွေးမွန်တို့၊ ကတွတ်ပီ တို့ပဲ ဖတ်တော့တယ်။)

တကယ်တော့ နာမည်ကို စိတ်ဝင်စားသွားတာပါ။ အဲဒီ အရွယ်မှာ Albert Camus လည်း မသိပါဘူး။ Existentialism လည်း မသိပါဘူး။ ဘယ်လိုလုပ် သိပါ့မလဲ။ အဝေးကြီးတွေကို။ ထင်လင်းကိုတော့ ပေါ်လီယာနာ ကြောင့် သိနေပြီးပါပြီ။

... ဆိုတော့ စာအုပ်ဆိုင်ကို သွားမေးပါတယ် (ဖြူး ဈေးမြောက်ဘက်က မြဧရာ ဆိုတဲ့ စာအုပ်ဆိုင်မှာပါ။ ဆိုင်ရှင် ညီအစ်ကို နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဦးမိုးအောင် က မိတ်ဆွေများ စာကြည့်သင်း ရဲ့ အတွင်းရေးမှူး ဖြစ်ပါတယ်။) မိတ်ဆွေများမှာ ဘာလို့ သွားမရှာလဲဆိုတာ မမှတ်မိတော့ဘူး ဖြစ်နေတယ်။ ကြည့်ရတာ စာကြည့်သင်းကို သွားတော့ မေးပါလိမ့်မယ်။ စာအုပ်က ကိုယ့်အလှည့် မရောက်နိုင်လို့ ၀ယ်ဖို့ သွားမေးတာ ဖြစ်နိုင်ပါတယ်။ ဦးမိုးအောင်နဲ့ သူ့အမျိုးသမီးက ဆိုင်မှာ စာအုပ်မရှိလို့ဆိုပြီး သူတို့မှာ ရှိတဲ့ စာအုပ်ကို ကျွန်မကို ပေးလိုက်ပါတယ်။

ကျွန်မ ကြိုက်တဲ့ စာအုပ် အမျိုးအစား မဟုတ်ဘူး ဆိုပေမယ့် ကျွန်မ တရိုတသေ သိမ်းခဲ့ပါတယ်။ အဲဒီ စာအုပ်ဖတ်ပြီး သိပ်မကြာခင် ကလျာ မဂ္ဂဇင်းမှာ ဂျူးက အဲဒီ စာအုပ်အကြောင်း review ရေးထားတာကို ဖတ်မိတော့ ကျွန်မ သေချာကူးပြီး အဲဒီ ၀တ္ထုစာအုပ်ရှေ့မှာ သေချာတွဲကပ် ထားခဲ့ပါတယ်။
2000 ခုနှစ်လောက်မှာ အဲဒီ စာအုပ်ကို သူငယ်ချင်းတစ်ယောက်က ငှားဖတ်ပြီး ပြန်မပေးတော့ပါဘူး။ ငှားဖတ်တဲ့ သူငယ်ချင်းက မှော်ဘီသား နေလင်း၊ Chinese၊ အရပ်ခပ်ပြတ်ပြတ်၊ အသားဖြူဖြူ၊ လူကြီးလူကောင်း (အယောင်ဆောင်) ရုပ်မျိုးနဲ့ပါ။ ကျောင်းတုန်းက လည်ကတုံးအဖြူ အမြဲလို ၀တ်တတ်တာ မှတ်မိသေးတယ်။ ကြုံတုန်း စစ်ကြေညာလိုက်ဦးမယ်။

မှော်ဘီသား နေလင်း ကမ္ဘာမကြေ !!!
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ !!!ဘယ်လောက်တောင် မကြေလည်းဆို နေလင်း ဆိုတဲ့ နာမည်တူ ကြားတာနဲ့တင် စည်းအပြင်ကလူ စာအုပ်ကို ပြေးမြင်မိတဲ့ထိပဲ။ ပြောရင်းနဲ့ ဘေးရောက်ကုန်ပြီ။

ပလိပ် ကို 2001 လောက်မှာ ဖတ်ဖြစ်ခဲ့ပါတယ်။
ကမူးရဲ့ စာအုပ်တွေက ကျွန်မ ကြိုက်နှစ်သက်တတ်တဲ့ စာအုပ်မျိုးတွေ မဟုတ်ဘူး ဆိုပေမယ့် ပလိပ် ကို ဖတ်ဖြစ်တဲ့ အခါမှာတော့ ကျွန်မ တအံ့တသြ ဖြစ်ခဲ့ရပါတယ်။ ဒီအတွေးလေးကိုတော့ သူ ဘယ်လိုများ တွေးလိုက်တာပါလိမ့်နော်။ ဒီလို idea ကိုတော့ သူဘယ်လို စဉ်းစားမိတာပါလိမ့်နော် ဆိုပြီး အံ့သြရလွန်းလို့ ဂျူးလိုပဲ အိပ်ရာဘေးမှာ ထားပြီး ခဏခဏ ပြန်ဖတ်ခဲ့မိတယ်။

ပလိပ်ကပ် ကျရောက်နေတဲ့ အိုရန်မြို့ အတွင်းက အတန်းအစား အမျိုးမျိုးသော မြို့သူမြို့သားတွေ၊ သူတို့ရဲ့ ပြုမူလှုပ်ရှားပုံ၊ တွေးခေါ်တုန့်ပြန်ပုံတွေကို စနစ်တကျ စီစဉ်ပြီး ရေးပြသွားတာ ကျွန်မ အင်မတန်ပဲ ရင်သပ်ရှုမော ဖြစ်မိပါတယ်။ ကြောက်မက်ဖွယ်ရာ ကပ်ရောဂါကြောင့် မြို့ထဲကနေ အပြင်ကို ထွက်လို့မရ၊ ကပ် မကျရောက်ခင်က ခရီးဝေးသွားနေသူတွေ မြို့တွင်း ပြန်ဝင်လို့မရ အဲဒီ အခြေအနေတွေ ကြားက လူတွေရဲ့ စရိုက် လက္ခဏာတွေကို အံ့သြစရာ ကောင်းလောက်အောင် ဖတ်ခဲ့ရပါတယ်။
သူ ဒီနေရာမှာ ဒီလို presentation ကို ဘယ်လိုများ စဉ်းစားပြီး ရလိုက်တာပါလဲနော် ဆိုတာကို
ဝတ္ထုရဲ့ နေရာပေါင်းများစွာမှာ အကြိမ်ပေါင်းများစွာ တွေးတောမိခဲ့ရပါတယ်။

နောက် Baldwin Library ကနေ အင်္ဂလိပ်ဘာသာပြန် စာအုပ်ငှားဖတ်ခဲ့ပါတယ်။ ဘာသာပြန်သူက
Stuart Gilbert ဖြစ်ပါတယ်။ ဘာသာစကား အားနည်းတဲ့ ကျွန်မအတွက်တော့ မြန်မာပြန် ဖတ်ပြီးသားကိုတောင် တော်တော် ခက်ခက်ခဲခဲ အားထုတ်ပြီး ဖတ်ခဲ့ရပါတယ်။ အပေါ်က အင်္ဂလိပ်စာကြောင်းတွေဟာ အဲဒီစာအုပ်ထဲက ကူးယူထားခဲ့တာပါ။ ပထမဆုံး စာကြောင်းလေးကတော့ ဗုဒ္ဓသာသာ ၀ိပဿနာ သဘောတရားနဲ့ တူနေတာမို့ ကူးထားခဲ့တာပါ။ ကျွန်မက ဘာသာစကားနဲ့ ပတ်သတ်ရင် တော်တော်ပျင်းတော့ ကူးယူခဲ့မိတာတွေက နည်းနည်းလေးပဲ ဖြစ်နေပါတယ်။ ၀တ္ထုရဲ့ အကောင်းဆုံး နေရာတွေတော့ ပါမလာတော့ဘူး။

အင်္ဂလိပ်ဘာသာပြန်ကို ဖတ်မိတော့မှ ၀တ္ထုရဲ့ ဆွဲအားကြောင့် ကျွန်မ အာရုံထဲက တချိန်လုံး ပျောက်နေတဲ့ မြန်မာပြန်သူ ဆရာကြီး ထင်လင်း က ပြန်ပြီး ထင်ထင်ရှားရှား ပေါ်လာခဲ့ပါတယ်။ သူ့ဘာသာပြန် အရည်အချင်းကြောင့်သာ ကျွန်မ ဒီဝတ္ထုကို ခံစားခွင့်ရခဲ့တယ်။ ကျွန်မဘာသာဆို အင်္ဂလိပ်စာ ညံ့ဖျင်းတာနဲ့တင် စာအုပ်ရှေ့ချပေးတောင် ဘာမှန်းသိခဲ့မှာ မဟုတ်ဘူး။ တကယ်ပါ။ ထိုင်ရှိခိုးချင်လောက်အောင်ပဲလို့ ပြောရင် အဲဒါ မလွန်ပါဘူး။
ပလိပ် ဟာလည်း ပုံဆောင်ပြတဲ့ ၀တ္ထု လို့ ဆိုကြပါတယ်။ ပြင်သစ်ပြည်ကို ရုရှ နာဇီဂျာမန်တွေ ၀င်လာတဲ့ အရေး ကို ညွှန်းဆိုတယ်လို့ ဆိုတယ်။ ဒါပေမယ့် ဖတ်ခဲ့ချိန်မှာတော့ ပုံဆောင်ပြတဲ့ ၀တ္ထုဆို လှည့်မတွေးချင်တဲ့ ကျွန်မက စာရေးဆရာ တိုက်ရိုက်ပြောပြတဲ့ အကြောင်းအရာကိုသာ အာရုံထားခဲ့တယ်။ ခုကျတော့လည်း လက်ရှိ အခြေအနေနဲ့ ချိန်ထိုးပြီး တွေးချင်ရာ တွေးပစ်မိပြန်ရော။ ကိုယ်လိုရာ ဆွဲတွေးရတာ အရသာတော့ အရှိသားကလား။ တကယ်ကိုပဲ မိုက်မဲမှုတွေဟာ ကြာရှည်လှပါပြီကော။ နာဂစ်ဖြစ်မှ ကပ်ဆိုက်ခဲ့တာလည်း မဟုတ်ပါဘဲကိုး။

အပေါ်မှာ ပါတဲ့ စာကြောင်း-

No one will ever be free so long as there are pestilences.

(ကပ်ရောဂါများ ရှိနေသမျှ ကာလပတ်လုံး မည်သူ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်လိမ့်ဦးမည် မဟုတ်ချေ)
ဆိုတာလိုပဲ အတွင်းရော အပြင်ရော ဘယ်သူမှ မလွတ်ဘူးကိုး။


ပြောရရင်တော့ ပလိပ် ၀တ္ထုဟာ ကျွန်မ နှစ်ခြိုက်စွဲလမ်းတဲ့ ၀တ္ထု အမျိုးအစားထဲမှာ မပါပါဘူး။ ဒါပေမယ့် ပြင်သစ်စာရေးဆရာ Albert Camus ရဲ့ ဖန်တီးတွေးခေါ်နိုင် စွမ်းအားကိုတော့ ကျွန်မ လေးလေးစားစား အံ့သြဘနန်း မှတ်တမ်းတင်ရပါတယ်။

*****
1995 လောက်မှာ ဖတ်ခဲ့ရတဲ့ ၀င်းဝင်းလတ် ရဲ့
အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ အကြောင်းကို ရေးတော့ အဲဒီ ၀တ္ထုဟာ ကျွန်မကို စာရေးဆရာ လုပ်ဖို့ လက်လျော့သွားစေတဲ့ ၀တ္ထုလို့ ရေးခဲ့ဖူးပါတယ်။ 2001 မှာ ဖတ်ခဲ့ရတဲ့ အခု ပလိပ် ၀တ္ထုကတော့ အဲဒီလို လက်လျော့ခဲ့တာ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်တဲ့ ၀တ္ထုပါပဲ။
(Albert Camus' Gravestone)

ပုံတွေကို Wikipedia ကနေ ယူပါတယ်

ပြင်သစ်ပြည်ကို ၀င်လာတာ ရုရှတွေ မဟုတ်ဘဲ နာဇီဂျာမန်တွေ ဖြစ်တယ်လို့ ကိုမျိုးမြင့်မောင် က ပြင်ဆင်ပေးပါတယ်။ အမှားပြင်ပေးတဲ့ ကိုမျိုးမြင့်မောင်ကို ကျေးဇူးတင်ပါတယ်။

Thursday, May 14, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၁၀)

(မနှင်းဖွေး ရဲ့ ၀တ္ထုတို - ညာဖက်က သရုပ်ဖော်ပုံလေးက ဒီနေရာ က အင်ဒရူး ၀ိုက်ယက် ရဲ့ Christina's World ဆိုတဲ့ ပန်းချီကား ကို ပြန်ဆွဲထားတာ ဖြစ်မယ်)

ယခင် post မှ အဆက် WN >>> စာရေးချင်တဲ့သူတွေ ဘယ်လိုစာမျိုး ဖတ်သင့်တယ်လို့ လမ်းညွှန်ချင်ပါသလဲ။

Juu >>> စာရေးချင်တဲ့ သူတွေကို ဘယ်လိုစာမျိုး ဖတ်သင့်တယ်လို့ ကျွန်မတော့ လမ်းမညွှန်လိုပါဘူး။ စာဆိုတာ များများဖတ်လေ ကောင်းလေပဲ။ ဘာသာရပ် အစုံ ဖတ်နိုင်ရင် ပိုကောင်းမှာပေါ့။ စာဖတ်များလာတာနဲ့ အမျှ၊ စာဖတ်သက် ရင့်လာတာနဲ့ အမျှ ဘယ်လို စာမျိုးကို ရွေးချယ် ဖတ်ရမယ်ဆိုတာ အလိုလို သိလာပါလိမ့်မယ်။ ကိုယ်က ဘယ်လို -ism မျိုးကို သဘောကျသလဲ၊ ဘယ်လို ဒဿနမျိုးကို လေ့လာချင်သလဲ။ အဲဒီ အချက်အပေါ်မှာ မူတည်ပြီး ကြိုက်နှစ်သက်တဲ့ စာ အမျိုးအစား၊ ဖတ်တဲ့ စာ အမျိုးအစား ကွဲသွားမှာပဲ။ ကျွန်မ အမေက ကျွန်မကို ၀တ္ထုစာအုပ် ၂ အုပ်၊ ၃ အုပ် နဲ့ စတင်ပြီး
ဝတ္ထုစာပေနဲ့ မိတ်ဆက်ပေးလာတာကလွဲလို့ ကျွန်မကို ဘယ်လို စာမျိုး ဖတ်သင့်ကြောင်း လမ်းညွှန်ပြသ ပေးမယ့်သူ မရှိခဲ့ပါဘူး။ ကျွန်မ ဖတ်တဲ့စာတွေ များလာတာနဲ့ အမျှ တဖြည်းဖြည်း ကိုယ်လိုချင်တဲ့ ဘာသာရပ်ကို ကိုယ့်ဘာသာကိုယ် တာဝန်ယူ ရွေးချယ်လာခဲ့ရတာပါပဲ။ စာရေးချင်တဲ့ ဘယ်သူမဆို ကိုယ်တိုင် တဖြည်းဖြည်းချင်း လေ့လာယူဖို့ လိုပါလိမ့်မယ်။ ဖတ်ရင်းတဲ့ ကိုယ်နဲ့ မတိုက်ဆိုင်တဲ့ စာတွေ တွေ့လာရင်လဲ မျက်နှာလွှဲတတ် လာပါလိမ့်မယ်။ အသက်အရွယ်၊ ဦးနှောက်ရဲ့ Capacity၊ လေ့လာမှတ်သားမှု ဉာဏ်၊ ကိုယ်ရွေးချယ်တဲ့ -ism ... အဲဒါတွေပေါ်မှာ မူတည်ပြီး စာဖတ်ကြတဲ့ လူတွေချည်းပါပဲ။

WN >>> ဒီနေ့ ရေးနေကြတဲ့ ဘ၀ သရုပ်ဖော်
ဝတ္ထု တွေကို ဖတ်ဖူးပါသလား။ အဲဒီ ၀တ္ထုတွေ အပေါ် ဆရာမ ဘယ်လို မြင်ပါသလဲ။

Juu >>> ဘ၀ သရုပ်ဖော်
ဝတ္ထုတွေကို ကျွန်မ ကိုယ်တိုင် မရေးပေမယ့် စာဖတ်သူ တစ်ယောက် အနေနဲ့ အမြဲတမ်း စောင့်ဖတ်ပါတယ်။ ဘ၀ သရုပ်ဖော် ၀တ္ထု ကောင်းပြီဆိုရင် ခံစားမှု ၀တ္ထုကောင်း တစ်ပုဒ်ထက် ကာလ ကြာရှည်စွာ ဖမ်းစားထားနိုင်ပါတယ်။ ဥပမာ နိုင်ဝင်းဆွေ ရဲ့ ၀တ္ထုတွေကို ကျွန်မ သိပ်ကြိုက်တယ်။ ရေဆန်လမ်း နဲ့ နွေတစ်ည ကို ကျွန်မ မကြာခဏ ပြန်ဖတ်ပြီး ကိုယ်ပိုင် ၀ယ်သိမ်းထားလောက်အောင် ကြိုက်ပါတယ်။ ဘ၀ သရုပ်ဖော် ၀တ္ထု အများစုဟာ အဖြစ်အပျက်တွေကို ဓာတ်ပုံရိုက်ထားသလို ဖြစ်နေတဲ့ အတွက် ရုပ်လုံးကြွ မလာတတ်ဘူးလို့ ကျွန်မ ငယ်စဉ်ကတည်းက ထင်မြင်လာခဲ့တာကို နိုင်ဝင်းဆွေ ရဲ့ နွေတစ်ည ကတော့ ပယ်ဖျက်ပစ်လိုက်နိုင်တာပါ။ အခြေအနေ အမျိုးမျိုးနဲ့ အချိန်ကာလ အမျိုးမျိုးပေါ်မှာ မူတည်ပြီး လှုပ်ရှားသွာတဲ့ ခင်ဝေရဲ့ ဇာတ်ကောင်ကို ရုပ်လုံးကြွလာအောင် စာရေးဆရာက ကျွမ်းကျင်စွာ ဖွဲ့သွားတယ်လို့ ကျွန်မ မြင်တယ်။ ခင်ဝေရဲ့ ကလေးဆန်တဲ့ အပြုအမူ၊ သနားဖွယ်ရာ မသိတတ်မှု၊ မိခင်ဆန်တဲ့ ကရုဏာတရား၊ ပကာသန မက်မောမှု၊ ရုန့်ရင်းကြမ်းတမ်းမှု အဲဒါတွေကို စာရေးဆရာက ဘက်မလိုက်ဘဲ အကောင်းဆုံး ရေးပြသွားနိုင်တယ်။

ဒီနေ့ ရေးနေကြတဲ့ ဘ၀ သရုပ်ဖော်
ဝတ္ထုတွေကို နိုင်ဝင်းဆွေရဲ့ ကျွန်မ အကြိုက်ဆုံး ၀တ္ထုတွေလောက်တော့ မခံစားရတာ အမှန်ပါပဲ။ ဒါပေမယ့်လေ ရသ ဖန်တီးနိုင်စွမ်းအား နည်းနည်း အားနည်းနေတာရယ်၊ တခါတလေ မလိုအပ်ဘဲ ဇာတ်ဆန်လွန်းတာတွေရယ် ကလွဲရင် အဆင့်အတန်းရှိတဲ့ ဘ၀ သရုပ်ဖော် ၀တ္ထုတွေက များပါတယ်။ ထပ်ခါထပ်ခါ တွေ့နေရတဲ့ ဇာတ်လမ်းမျိုးတွေလဲ ရှိတယ်။ ဇာတ်မဆန် ဆန်အောင် ဇွတ် ဖန်တီးထားတဲ့ ဇာတ်လမ်းမျိုးတွေလဲ ရှိပါတယ်။ ဒီနေ့ခေတ်မှာ စာရေးဆရာ အများစုဟာ Realism လိုင်းကို ရွေးချယ်မှု များလာတာ တွေ့ရတယ်။ အဲဒါ ၀မ်းသာစရာပါပဲ။ တကယ်ယုံကြည်လို့ ရွေးချယ်ပြီး ရေးတာလား၊ Realism ရေးမှ အဆင့်အတန်း ရှိတယ် ထင်လို့ မယုံကြည်ဘဲနဲ့ ခပ်ယောင်ယောင် လိုက်ရေးတာလား၊ ကိုယ့် ကန့်သတ်ချက်နဲ့ ကိုယ် ချောင်ပိတ်မိပြီး မလှုပ်နိုင် မရှားနိုင် ဆက်ရေးနေရတာမျိုးလား ဆိုတာတော့ ဘေးလူ အနေနဲ့ ထင်မြင်ချက် မပေးကောင်းပါဘူး။

ကျွန်မကတော့ ကန့်သတ်ချက်တစ်ခုတည်း အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ဘောင် မခတ်ချင်ဘူး။ ပရိသတ်က စည်းတားပေးရင်လည်း တစ်ချိန်ချိန်မှာ ဖောက်ထွက်ဖို့ ကြိုးစားမိပါပဲ။ကျွန်မက လွတ်လပ်မှုကို မြတ်နိုးတယ်လေ။

WN >>> ရေမျောသီး လို
ဝတ္ထုမျိုးကို တော်တော်များများက ခံစားလို့ မရကြဘူး။ ခံစားမရကြခြင်းသည်ပင်လျှင် ဒီ ၀တ္ထုရဲ့ ဆိုလိုရင်းလား။

Juu >>> ဒါဆိုရင် ကိုဝင်းငြိမ်းကို ဒုတိယ အကြိမ် ၀မ်းနည်းစကား ပြောရဦးမှာပေါ့လေ။
ရေမျောသီးဆိုတာ Drifted Fruit ပေါ့။ ခိုတွယ်ရာ နေရာမရှိ၊ အချိန် အကန့်အသတ် မရှိ ရေထဲမှာ တလိမ့်လိမ့် မျောပါသွားတဲ့ ဘယ် အသီးခြောက် မဆို ရေမျောသီးပါပဲ။ အဲဒီ
ဝတ္ထုကို ရေးစဉ်က ကျွန်မရဲ့ စိတ်တွေ မှီတွယ်ရာမဲ့ လွင့်မျော နေခဲ့သလားတော့ မမှတ်မိဘူး။ ၀တ္ထုထဲက အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ၊ ခံစားမှုတွေကိုတော့ ဆောက်တည်ရာမရ ခပ်ကျဲကျဲ ပက်ဖျန်းပြီး ရေးလိုက်မိတာပဲ။ ကျွန်မရဲ့ ဆိုလိုရင်းကို ပရိသတ်က ခံစားလို့ မရကြဘူး ဆိုတာကတော့ ကျွန်မရဲ့ presentation ညံ့လို့ပဲ ဖြစ်မှာပါ။

*****
ကျွန်မမှာ ရှိတဲ့ မဂ္ဂဇင်းထဲက အင်တာဗျူးကတော့ ကုန်သွားပါပြီး။ ပိတ်ရက်မှာ စာအုပ်ရှာလို့ ရတယ် ဆိုရင်တော့ ကျန်တာတွေ ထပ်တင်ပေးသွားပါမယ်။ ထင်ထားတာထက် ပိုပြီး စိတ်ဝင်စားကြတာ သိရလို့ ၀မ်းမြောက်မိပါတယ်။

ရေမျောသီး ကို ဒီမှာ ဖတ်နိုင်ပါတယ်။

နိုင်ဝင်းဆွေ ကိုတော့ ကျွန်မ တခါမှ မဖတ်ဖူးပါဘူး။ ရှိရင်လဲ မျှကြပါဦး။

Wednesday, May 13, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၉)



ယခင် post မှ အဆက်

စာရေးဖို့ စိတ်ပါလာတဲ့ အချိန်မှာတော့ ဘာသာပြန် ၀တ္ထုတိုတွေကို ကြိုက်တတ်လာပါတယ်။ အဲဒီ အချိန်တုန်းက အမေရိကန် ၀တ္ထုတိုရေးဆရာ အိုဟင်နရီ ရဲ့ ၀တ္ထုတိုတွေကို သဘောကျခဲ့တယ်။ သူ့ဝတ္ထုလေးတွေက စိတ်ကူးဆန်းကြယ်တယ်။ တခါတခါ လျှို့ဝှက်သည်းဖို ဆန်တယ်။ တခါတခါ ရိုမန်တစ် ဆန်တယ်။ သူက ၀တ္ထုတို ဖွဲ့တဲ့နေရာမှာ အလှည့်ကောင်းတယ် ခေါ်ရမှာပေါ့။ စနစ်တကျလေး လှည့်ယူတဲ့ ဇာတ်ကွက်ပဲ။ Wonderful Ending တွေနဲ့ အဆုံးသတ်လေ့ ရှိပါတယ်။ The Last Leaf ဆိုရင် ကျွန်မ ဆယ်တန်းနှစ်တုန်းက အကြိုက်ဆုံး ၀တ္ထုတိုလေးပေါ့။ အသက် ၁၆ နှစ် အရွယ်မှာ အဲဒါကို မှီးပြီး ၀တ္ထုတိုလေး တစ်ပုဒ်တောင် ရေးခဲ့မိလောက်အောင် ကြိုက်ခဲ့မိတာပါ။ အိုဟင်နရီ ရဲ့ ၀တ္ထုတိုတွေကို စကားလုံး ၁၀၀၀ သို့မဟုတ် ၂၀၀၀-၃၀၀၀ လောက်နဲ့ ပြန်ရေးတဲ့ (ladder series စာအုပ်ကလေးလို့ ထင်တယ်) စာအုပ်တစ်အုပ်ကို ရလာတဲ့ အချိန်မှာ အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုစဖတ်ဖို့ ကြိုးစားခဲ့တော့တာပါပဲ။ ၀တ္ထုရှည် အနေနဲ့တော့ အမေရိကန် စာရေးဆရာ အားနက်စ် ဟဲမင်းဝေး ကို သဘောကျခဲ့တယ်။ ဝေးပေါ့...ဝေးပေါ့ ဆိုတဲ့ ခေါင်းစဉ်နဲ့ (သန်းဆွေ ဘာသာပြန်ထင်တယ်) ဘာသာပြန်စာအုပ် A Farewell to Arms ၀တ္ထုကို စဖတ်ရပါတယ်။ နောက်ထပ်တွေ့လာတဲ့ စာအုပ်က ကိုကို ဘာသာပြန်တဲ့ ခေါင်းလောင်းသံ (For Whom The Bell Tolls) ပါပဲ။ ပင်လယ်ပြာနဲ့ တံငါအို (The Old Man and The Sea) ကိုတော့ တက္ကသိုလ်ရောက်မှ ဖတ်ဖူးတာပါ။

တက္ကသိုလ် ပထမနှစ်ရောက်တော့ ဆရာကြီး ရွှေဥဒေါင်း ရဲ့ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ကို ဖတ်ပြီး ဆရာကြီးကို ထိုင်ရှိခိုးချင်လောက်အောင် လေးစားသွားခဲ့တယ်။ အဲဒီနှစ်မှာပဲ ဆရာကြီး ဒဂုန်တာရာ ရဲ့ စာအုပ်တွေ ရှာဖတ်ခဲ့တာပါပဲ။ မှတ်မှတ်ရရ အဲဒီနှစ်မှာ ဆရာ တက်တိုး ရဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်တွေနဲ့ အတူ ဆရာကြီး မောင်ထင် ရဲ့ ကမ္ဘာ့
ဝတ္ထုတို ပေါင်းချုပ် စာအုပ်ကို ဖတ်ရတယ်။ အဲဒီမှာ ကျွန်မ တော်လ်စတွိုင်း နဲ့ ချက်ကော့ဗ် ကို စတင်သိကျွမ်းခဲ့ပါတယ်။ တော်လ်စတွိုင်းရဲ့ လူတစ်ကိုယ်လျှင် မြေမည်မျှ လိုသနည်း (How Much Land does a Man Need?) ဆိုတဲ့ ၀တ္ထုကို ကျွန်မ သိပ်ကြိုက်သွားတယ်။ အဲဒီ ၀တ္ထုတို ပေါင်းချုပ် စာအုပ်ထဲက ချက်ကော့ဗ် ရဲ့ လောင်းကစားမှု (The Bet) ၀တ္ထုဟာ ကျွန်မကို လပေါင်းများစွာ စိုးမိုးခဲ့တယ်။ အဲဒီ စာအုပ်ထဲမှာ ချက်ကော့ဗ် ရဲ့ ၀တ္ထုတို လေးပုဒ် ဖတ်ရတယ်။ လူ့ပုတ်သင် ဆိုတဲ့ ၀တ္ထု (The Chameleon) တဲ့။ နောက်တစ်ပုဒ်က တရားခံ ဆိုတဲ့ ၀တ္ထု (The Culprit) တဲ့။ နောက်တစ်ပုဒ်က အမနာပ၊ နောက်တစ်ပုဒ်ကတော့ လောင်းကစားမှုပါ။ ဒီမှာတင် ကျွန်မ ကျေညက်အောင် ၀ါးစားရမယ့် စာအမျိုးအစားဟာ ချက်ကော့ဗ် ရဲ့ စာတွေပဲ လို့ ကျွန်မ သိခဲ့တယ်။

ကျွန်မ နောက်ဆုံးနှစ် အပိုင်း (က) ရောက်လာတော့ မြန်မာဘာသာပြန် ပြင်သစ်
ဝတ္ထုတွေကို ကြိုက်တတ်စ ပြုလာပါတယ်။ ပထမဆုံး စဖတ်တဲ့ ၀တ္ထုက ကမူး ရဲ့ ပလိပ် ၀တ္ထုပါ။ ပထမဆုံး အကြိမ် စဖတ်တော့ အစအဆုံး မဖတ်နိုင်ခဲ့ဘူး။ နောက်တစ်ကြိမ် အစကနေ ပြန်ဖတ်ကြည့်တော့ အဲဒီ ၀တ္ထုကို တော်တော် သဘောကျသွားတယ်။ အထပ်ထပ် အခါခါ မရိုးနိုင်ဘဲ ဖတ်နေမိလို့ တချို့ စာကြောင်းတွေ၊ စာပိုဒ်တွေကို အလွတ်ရလုနီးပါး ဖြစ်ခဲ့တယ်။ ကျွန်မ စိတ်အထင်တော့ ဒီဝတ္ထုကို အိပ်ရာဘေးမှာ ချထားမိပြီး အားတဲ့ အချိန်တိုင်း ကောက်ကိုင် ဖတ်ခဲ့မိတယ် ထင်တယ်။ ဒီနောက်တော့ စည်းအပြင်ကလူ ကို ရှာဖတ်ပါတယ်။ ကမူး ကို ဖတ်ပြီဆိုတော့ ဆာ့(တ) က အလိုလို တွဲပါ လာခဲ့တော့တာပဲ။ ဆရာ မြသန်းတင့် ဘာသာပြန်တဲ့ ၀တ္ထုတို စာအုပ်ထဲက နာမည်ကြီးအောင် လုပ်နည်း ၀တ္ထုကလွဲလို့ ဆာ့(တ) ရဲ့ တခြား မြန်မာဘာသာပြန် ၀တ္ထု ကျွန်မ မတွေ့ခဲ့ရဘူး။ လက်လှမ်းမီရာ အင်္ဂလိပ် ဘာသာပြန်တွေ လိုက်ရှာတဲ့အခါ The Wall ဆိုတဲ့ ၀တ္ထုတိုကို တွေ့ပြီး ဖတ်ခဲ့ရပါတယ်။ ဆာ့(တ) နဲ့ ကမူး ကို ဖတ်ရင်းနဲ့ မသိလို့ မဖြစ်တဲ့ အကြောင်းအရာ၊ ခေါင်းစီး တစ်ခုကို သွားတွေ့တယ်။ အဲဒါကတော့ အနောက်တိုင်း ဒဿနပညာ ပဲ။

(စကားချပ်။ ။ ဒီနေရာမှာ ကျွန်မက သူ existentialism လို့များ ပြောမလားလို့ ထင်မိတာ။ အဲဒါ ဂျူး ပဲ။)

ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ ဘာမှ မဆိုင်တဲ့ ဒဿန Philosophy ဘာသာရပ်ကို ကျွန်မ တာဝန်တစ်ခု အနေနဲ့ လေ့လာခဲ့ပါတယ်။

အဲဒါတွေကတော့ ကျွန်မ ဖတ်တဲ့ စာတွေရဲ့ ကောက်နုတ်ချက် အကျဉ်းပဲပေါ့။

*****
နောက်တစ်ပိုင်း ပြီးရင် ကျွန်မမှာ ရှိတဲ့ အင်တာဗျူး တပိုင်းတစ ပြီးပါပြီ။ ပိတ်ရက်ကျရင်တော့ Peninsula သွားပြီး ၀င်းငြိမ်း ရဲ့ ပေဖူးလွှာ အင်တာဗျူး စာအုပ် ရှာကြည့်လိုက်ပါဦးမယ်။ ရခဲ့ရင် အစပိုင်းနဲ့ အဆုံးပိုင်း အကုန် ပြန်တင်ပေးပါမယ်။

to be continued

Tuesday, May 12, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၈)

(ဆရာ မြသန်းတင့်ရဲ့ အခန်းဆက် ဘာသာပြန် နဲ့ ပေဖူးလွှာ)

ယခင် post မှ အဆက်

WN >>> ၀တ္ထုတိုအကြောင်း ပြောရင်း ကျွန်တော် ဖြတ်မေးပါရစေ။ ဆရာမကို ကျွန်တော်က အချစ်ဝတ္ထုရေး ဆရာမလို့ ကင်ပွန်းတပ်ရင် လက်ခံနိုင်မလား။ (စာရေးဆရာမ တစ်ယောက်ရဲ့ အင်တာဗျူးမှာ ကျွန်တော် ဒီလိုမေးတော့ ဆတ်ဆတ်ခါ နာဖူးလို့ပါ။)

Juu >>> ဒါကတော့ ဘယ် စာရေးသူမဆို အချစ်ဝတ္ထုရေးဆရာ လို့ နာမည်တပ်ခံရရင် အနည်းနဲ့ အများ အောင့်သက်သက် ဖြစ်ကြမှာ ချည်းပါပဲ။ အထူးသဖြင့် တခြားစာပေ အမျိုးအစားပါ ရေးတဲ့ စာရေးဆရာတွေကပေါ့။

ကျွန်မကတော့ အချစ်ဝတ္ထုကို အရေးများတာ အမှန်ပဲ။ အချစ်အကြောင်း စိတ်ဝင်စားတဲ့ အချိန်မှာ အချစ်ကို နည်းအမျိုးမျိုးနဲ့ တွေးခေါ်စဉ်းစားပြီး အချစ်ဝတ္ထုတွေ ရေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မကို အချစ်ဝတ္ထု စာရေးဆရာမလို့ နာမည်တပ်ရင်တော့ ပျော်ပျော်ရွှင်ရွှင် လက်ခံမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ကျွန်မ အခု အချိန်ထိ ၀တ္ထုတို ၂၁ ပုဒ် ရေးပြီးပြီ။ ဒီအထဲမှာ အချစ်ဝတ္ထု မဟုတ်တာဆိုလို့ ရှစ်ပုဒ်ပဲ ပါတယ်။ အဲဒီ ၀တ္ထုတွေကို ကျွန်မ ရေတွက်ပြမယ်။

၁) အဝေးဆုံး ခရီးသို့ အနီးဆုံး အချိန်
၂) သူမ၏ မိုး
၃) ရေမျောသီး
၎) သေတမ်းစာ
၅) အမေ
၆) သစ်တောလမ်း
ရ) ကောင်းကင်မပါသော ည
၈) ကျီစားပျက်ရယ် (အဲဒါက ကောလိပ် မဂ္ဂဇင်းထဲမှာ ရေးတဲ့ ၀တ္ထုပါ)

ဒီတော့ ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် အချစ် ၀တ္ထုက ၆၁ ရာခိုင်နှုန်းလောက် ရှိတယ်။ ၅၀ ရာခိုင်နှုန်းထက် ပိုတဲ့ အတွက် ကျွန်မက အချစ်ဝတ္ထုရေးဆရာ ဖြစ်နေပါတယ်။ တစ်ခုရှိတာက အချစ်ဝတ္ထုရေးရတဲ့ အခက်အခဲပဲ။ အချစ်ကို စိတ်ဝင်စားလို့ ရတဲ့ အချိန်မှာ ရေးရင် အဲဒီ အချစ်ဝတ္ထု ပြောင်မြောက် ပီပြင်မှာပဲ။ လူ့ဘ၀ကို စိတ်ညစ်ညူးစရာ အနိဋ္ဌာရုံတွေအဖြစ် စိတ်ကုန်းခမ်းနေတဲ့ အချိန်မှာ အချစ်ဝတ္ထုကို ရေးဖို့ မကြိုးစားနဲ့။ အလကားပဲ။ ကျွန်မဖြင့် အခု အချိန်မှာ အချစ်ဝတ္ထုရေးဖို့ တော်တော် စိတ်ကုန်နေပါပြီ။ ၁၉၈၆ ခုနှစ်မှာ အမှတ်တရ ကို ရေးခဲ့တယ်။ လွယ်လွယ်ကူကူ ရေးခဲ့တာပဲ။ ဒါပေမယ့် အခု ၁၉၈၉ ခုနှစ်မှာ လုံးချင်းဝတ္ထု အသစ် ရေးကြည့်တယ်။ တော်တော် ပင်ပန်းတဲ့ အလုပ်ပါပဲ။ ဒီသုံးနှစ်အတွင်း ကျွန်မ ၀တ္ထုတို ၅ ပုဒ် ရေးဖြစ်တယ်။ ၅ ပုဒ်လုံး အချစ်ဝတ္ထု မဟုတ်ဘူး။

ကျွန်မကို ဘယ်လိုပဲ ကင်ပွန်းတပ်တပ် ကျွန်မ ဘာမှ မပြောလိုပါဘူး။ အရေးကြီးတာက ၀တ္ထုရဲ့ အနှစ်သာရပါ။ အချိန်က အဆုံးအဖြတ် ပေးပါလိမ့်မယ်။

WN >>> ဆရာမ စာဖတ်ပါသလား။
(စကားချပ်။ ။ ဘယ့်နှယ် မေးခွန်းပါလိမ့်။ မသကာ ဆရာမ စာတွေ အများကြီး ဖတ်ခဲ့ဖူးမှာပေါ့နော် လို့ ပြောရင် ဟုတ်တုတ်တုတ်။ အဲဒီ ခေတ်က ဂျူး မို့လို့ပေါ့။ ဒါမျိုး ဘလော့ခေတ်မှာ လာမေးလို့ကတော့ ကောင်းကောင်း အဆော်ခံရမယ့် ဖြစ်ခြင်း။
မြင်းခွာ တစ်ချက်ပေါက်ရုံနဲ့ မီး ဟုန်းဟုန်းတောက်သွားမယ်။ ဘာမှတ်လဲ :D )

Juu >>>
ကျွန်မ အချိန်အား ရတဲ့ အခါတိုင်း တတ်နိုင်သမျှ စာဖတ်ပါတယ်။

WN >>> ဘယ်လို စာမျိုးတွေ ဖတ်ပါသလဲ။

Juu >>> ဖတ်တဲ့ စာကတော့ အစုံပဲ။ ငယ်ငယ်တုန်းက ဖတ်တဲ့ စာက တစ်မျိုး။ စာရေးဖို့ ကြိုးစားချိန်မှာ ဖတ်တဲ့ စာက တစ်မျိုး။ စာစရေးတဲ့ အချိန်မှာ ဖတ်တာက တစ်မျိုး။ အခု စာရေးဆရာလို့ အများက သတ်မှတ်လာကြတဲ့ အချိန်မှာ ဖတ်တဲ့ စာက တစ်မျိုးပေါ့။ အင်္ဂလိပ်လူမျိုး စာရေးဆရာ ဖရန်စစ် ဘေကွန် ပြောတဲ့ စကားတစ်ခု ရှိတယ်။ တချို့စာက မြည်းကြည့်ဖို့ ကောင်းတယ်။ တချို့စာကို မြိုချရမယ်။ တချို့စာကတော့ ကြေညက်အောင် ၀ါးစားဖို့ ကောင်းတယ်တဲ့။ စာအမျိုးမျိုး ရှိတဲ့ အထဲမှာ ကျွန်မ အကြိုက်ဆုံး စာ အမျိုးအစားကတော့ ၀တ္ထုတိုပဲ။ ဒီတော့ ၀တ္ထုတိုတွေ အဖတ်များပါတယ်။ ဒါကလဲ ကျွန်မ လက်လှမ်းမီ သလောက်ပေါ့။ အမျိုးသမီး တစ်ယောက်အနေနဲ့ လက်လှမ်းမီသလောက်၊ ဆရာဝန်တစ်ယောက် အနေနဲ့ အချိန်ပေးနိုင်သလောက်ပေါ့။

မြန်မာစာကို စပြီး ၀ါသနာပါတဲ့ အရွယ်ကတော့ ကဗျာ့ပန်းကုံး စာအုပ်၊ ကဗျာသီကုံးနည်း စာအုပ်တို့ က၀ိဘာရထီကျမ်းတို့၊ အဲဒါတွေကို လေ့လာကျက်မှတ်ခဲ့တယ်။ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ရတု၊ ဘောလယ် ရေးနည်းတွေကို ဥဒါဟရုဏ်တွေနဲ့ ဖော်ပြထားတာ အလွန် စိတ်ဝင်စားခဲ့တာပေါ့။ အဲဒီ အထဲမှာ ကျွန်မ သဘောအကျဆုံး ကဗျာ အမျိုးအစားက ရတုပါ။ နတ်သျှင်နောင်ရဲ့ ရတုတွေ၊ ရဝေရှင်ထွေးရဲ့ ရတုတွေ၊ ဓာတုကလျာရဲ့ ရတုတွေနဲ့ န၀ဒေး ရတုတွေ၊ ဒါတွေ တော်တော်များများကို နှစ်သက်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ခြောက်တန်း၊ ခုနစ်တန်း လောက်ကစပြီး ရတုစပ်နည်း ပေါင်းစုံကို စိတ်ဝင်တစား လေ့လာခဲ့တယ်လေ။ စကားပြေ အနေနဲ့ကတော့ မင်းပူး ဦးသြဘာသရဲ့ ဝေဿန္တရာ ဇာတ်တော်ကြီးပေါ့။

to be continued

Monday, May 11, 2009

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၇)



ယခင် post မှ အဆက်

WN >>>
မိုးသည်းတဲ့ ညတစ်ညမှာ အဓမ္မ အကျင့်ခံလိုက်ရတဲ့ မိန်းကလေး တစ်ယောက်အကြောင်း ရေးထားတဲ့ "သူမ၏ မိုး" ၀တ္ထုမှာ မိန်းကလေးရဲ့ စိတ်အခြေအနေက အဓမ္မ ကျင့်သွားတဲ့ လူကို စွဲနေတယ်လို့ ဆိုလိုတာလား။ မိန်းမတွေရဲ့ စိတ်ထဲမှာ ဒီလို ခံစားမှု ရှိနိုင်ပါသလား။

Juu >>> သူမ၏ မိုး ၀တ္ထုမှာ အဓိပ္ပါယ် နှစ်ခွ တွေးယူလို့ ရပါတယ်။

မိုးမရွာဘဲနဲ့ ရွာတယ်လို့ ထင်တာ၊ မိုးခြိမ်းသံကို ကြားယောင်မိတာ၊ မိုးရဲ့ စိုစွတ်တဲ့ ရွှံ့မြေအနံ့ကို ရတယ်လို့ ထင်မိတာ၊ အဲဒါတွေဟာ တကယ် မဟုတ်ဘဲ ထင်ယောင်ထင်မှား ဖြစ်မှု (Hallucination) တွေပါ။
Hallucination ကို Psychosis ရောဂါသည်တွေမှာ တွေ့ရလေ့ ရှိတယ်။ Psychosis ရောဂါသည်တွေထဲမှာ အများ သိကြပြီး ဖြစ်တဲ့ စိတ်ကစဥ့်ကလျား ရောဂါသည် (Schizophrenia) တွေ ပါဝင်ပါတယ်။ Paraphrenia ဆိုတဲ့ ရောဂါသည်တွေမှာလဲ Hallucination ရတတ်တယ်။ စိတ်ကယောင်ချောက်ခြား ဖြစ်လောက်အောင် ကြောက်လန့်နေတဲ့ Neurosis ရောဂါသည် တစ်ဦးမှာလည်း Hallucination ကို တွေ့ရတတ်ပါတယ်။ နောက်ပြီး အရက်၊ သို့မဟုတ် မူးယစ်ဆေးဝါး တစ်ခုခု စွဲနေတဲ့ ဝေဒနာသည်တွေမှာ အဲဒီ အရာကို ဖြတ်လိုက်တဲ့အခါ Hallucination ရတတ်ပါတယ်။

ဒီ ၀တ္ထုမှာ ဇာတ်လိုက် အမျိုးသမီးက သူ အဓမ္မ အကျင့်ခံလိုက်ရတဲ့ မိုးသည်းတဲ့ ည အကြောင်းကို ပြန်မတွေးချင်လောက်အောင် ကြောက်ရွံ့ ထိတ်လန့်နေခဲ့မယ်။ နောက်တစ်ခါ ပြန်ဖြစ်ပျက်မှာကို စိုးရွံ့နေခဲ့မယ်။ အဲဒီ စိတ် အခြေအနေမျိုးမှာ
Hallucination ရနိုင်ပါတယ်။ နောက်တစ်မျိုး စဉ်းစားစရာ ရှိတာက ဒီလူ့အပေါ်မှာ သူ့ရဲ့ သိစိတ် (Conscious Mind) က မုန်းတီး စက်ဆုပ်နေခဲ့ပေမယ့် မသိစိတ် (Subconscioius Mind) က စွဲလမ်းသွားတာလဲ ဖြစ်နိုင်ပါတယ်။ စိတ်ဆိုတာ အလွန် ဆန်းကြယ်တဲ့ အရာပဲ မဟုတ်လား။ ဒါကတော့ ကြိုက်သလို လှည့်ပတ် တွေးယူဖို့ပါပဲ။

လူတွေမှာ မသိစိတ်ဆိုတဲ့ ဖုံးကွယ်မှုရဲ့ နောက်မှာ အမြဲတန်း ရှိနေတာပဲ။ ဒီတော့ မိန်းမတွေရဲ့ စိတ်ထဲမှာ ဒီလို ခံစားမှုမျိုး ရှိနေနိုင်ပါတယ်။ အရေအတွက်အားဖြင့် အလွန်နည်းပါးသည့် တိုင်အောင်ပေါ့လေ။ ဥပမာ မိန်းမ တစ်ရာမှာ တစ်ယောက်နှုန်းပဲ ဖြစ်ဖြစ်ပေါ့။ စောစောက ပြောတဲ့ Subconscinous Mind ထဲမှာပေါ့။ ဆေးဘက်ဆိုင်ရာ စိတ်ပညာ အလိုအရတော့ ဒီအဖြစ်မျိုးတွေ အများကြီးပါပဲ။

*****
http://www.scribd.com

အဲဒီ link မှာ ဂျူးရဲ့ ၀တ္ထု တို/ ရှည် တော်တော်များများ တွေ့နိုင်ပါတယ်။ Search Box ထဲမှာ Juu ၊ဒါမှမဟုတ် ဂျူး၊ ဒါမှမဟုတ် Jue/ Ju စသဖြင့် ရိုက်ထဲ့ရုံပါပဲ။

ဒီ post အတွက် သူမ၏ မိုး နဲ့ အမေ ၀တ္ထုကို ရှာတာတော့ မတွေ့မိဘူး။

to be continued

ဂျူး နှင့် ၀င်းငြိမ်း အင်တာဗျူး (၆)

(ဘာရယ် မဟုတ်ဘူး။ ပုံတစ်ခုခု ထည့်ချင်တာနဲ့)

ယခင် post မှ အဆက်

တောက်တဲ့ ဆိုတာမျိုးက တွယ်မိရင် မခွာတော့ဘူး မဟုတ်လား။ နောက်ဆုံးမှာတော့ သူ အပြင် ခဏ သွားနေတုန်း အဆောင်စောင့် အဖိုးကြီးနဲ့ သူ့ သူငယ်ချင်းက သတ်ပစ်လိုက်သလား၊ ခြောက်ထုတ်လိုက်သလား မသိ၊ သူပြန်လာတော့ တောက်တဲ့ကြီးကို မတွေ့တော့ဘူးလို့ ပြောပါတယ်။ သူပြောတဲ့ စကားတစ်ခွန်းက တော်တော် လန့်ဖို့ကောင်းတယ်။

"ဒီအဖြစ်ဟာ သွေးရိုးသားရိုးမှ ဟုတ်ပါ့မလားဟင်" တဲ့။

ကျွန်မတို့ အဲဒီလို ပြောဆို ဆွေးနွေး၊ သူ့ကို နှစ်သိမ့်ပြီး လတွေ ရက်တွေ ကြာလာတော့ ကျွန်မ သူ့ကို အကြံပေးမိတယ်။ နင် ဒီအကြောင်းကို ၀တ္ထုရေးပါလားလို့။ အဲဒီတော့ သူက လက်ရှောင်တယ်။ သူ မနိုင်ဘူးလို့ ထင်တယ် တဲ့။ ကျွန်မ ရေးချင်ရင် ရေးပါလား လို့ ခွင့်ပေးပါတယ်။ ကျွန်မလည်း ရေးဖို့ သဘောတူလိုက်ပြီး တော်တော်နဲ့ မရေးဖြစ်ခဲ့ပါဘူး။ အမေနဲ့ ပတ်သတ်ပြီး နည်းနည်းပါးပါး ပါရမှာ ဆိုတော့ ကျွန်မ လက်တွန့်နေခဲ့တာပေါ့။ နောက်ဆုံးတော့ ကျွန်မ အားတင်းလိုက်တယ်။ ကျောင်းသူလေးရဲ့ နေရာမှာ ကျွန်မ ၀င်နေကြည့်တယ်။ ခက်တာက တောက်တဲ့ ဆိုတာကို ကျွန်မ တစ်သက်မှာ တစ်ခါမှ နီးနီးကပ်ကပ် မမြင်ဖူးဘူး။ ဒီတော့ တောက်တဲ့ ဆိုတဲ့ နေရာမှာ အခြား သတ္တ၀ါ တစ်ခုကို အစားထိုးဖို့ စဉ်းစားပါတယ်။

ဒီမှာ ကျွန်မ စဉ်းစားမိတာက မကွေးက မြွေ အလွန်ပေါတဲ့ အရပ် ဆိုတာပါပဲ။ နောက်ပြီး မြွေဟာ တောက်တဲ့ထက် ပိုပြီး ဆွဲဆောင်နိုင်လိမ့်မယ်။ သူက ၀တ္ထုကို ပိုပြီး serious ဖြစ်စေလိမ့်မယ်လို့လည်း တွက်ပါတယ်။ ဒီလိုနဲ့ ကျွန်မဟာ မြွေနဲ့ ပတ်သတ်တဲ့ စာအုပ်စာတမ်းတွေ၊ နိုင်ငံခြား ၀တ္ထုတွေကို လေ့လာ ဖတ်ကြည့်ပါတယ်။ ဇာတ်လမ်း ဇာတ်ကွက်ကို ကျွန်မ ဖြည့်ပြီး ဖန်တီး ယူလိုက်ပါတယ်။ အဲဒီ ၀တ္ထုကို ရေးရင်း ရေးရင်း အဖြစ်အပျက်ကို ကြောက်ရွံ့လာလို့ စာအုပ်နဲ့ ဖောင်တိန်ကို ပစ်ချလိုက်ရတဲ့ ရက်တွေလည်း ရှိပါတယ်။ ခြောက်လ၊ ခုနစ်လလောက် ကြာသွားတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ၀တ္ထု ပြီးသွားခဲ့တယ်။ အဲဒီ ၀တ္ထုရေးရင်း ဘယ်နှစ်ကြိမ် မျက်ရည်ကျမိသလဲ ဆိုတာ မမှတ်မိဘူး။

စာရေးရင်း မျက်ရည်ကျရတဲ့ ၀တ္ထုဆိုလို့ နှစ်ပုဒ်ပဲ ရှိပါတယ်။
တစ်ပုဒ်က အမေ၊ တစ်ပုဒ်က အဝေးဆုံး ခရီးသို့ အနီးဆုံး အချိန် ၀တ္ထုပါပဲ။

to be continued