Monday, August 3, 2009
အမွေဖြတ်ခြင်း
ကြောက်တယ် ဆိုတာ.. အမွေတွေ မက်လို့ မဟုတ်ပါဘူး။
အမွေဖြတ်ခံရတယ် ဆိုတဲ့ နာမည်ကြီးက ဆိုးလွန်းလို့ပါ။
"... ပေါ့။ ...... လုပ်သွားတာ အိမ်က အမွေဖြတ်လိုက်တယ်တဲ့" ဆိုပြီး ပြိုင်ဖက်တွေက သတင်းလိုလို အတင်းလိုလိုလုပ်ပြီး ပြောတာလဲ ခံရဦးမယ်။
အမွေကတော့ မရလဲ ဖြစ်ပါတယ်။
ဖြတ်သာ မဖြတ်ကြနဲ့။
*****
လွန်ခဲ့တဲ့ ၄, ၅ နှစ်က အတွေးပေါ့ ... ရီရတယ်နော် :)
Saturday, August 1, 2009
အိပ်မက်ထဲက အိပ်မက်များ
အိပ်မက်ထဲက အိပ်မက်များ (ရေး/ ဆို - Alex)
အတိတ်ကို မပြင်နိုင်ချိန်မှာကွယ်
တို့တွေ အတူဆုံလာခဲ့တယ်
မျိုသိပ်ထားလို့ မခံနိုင်ရင် ယဉ်ယဉ်လေးနဲ့ ငါရူးမယ်
မင်းကို ယုံကြည်နေချင်တယ်
ရှေ့မှာ ဘာတွေ ဖြစ်ဦးမလဲ
အရာရာ စွန့်လွှတ်နိုင်ပါတယ် တကယ်သာ မင်းစိတ်တွေ ပြတ်သားရင်
CHO: တယောက်လက် တယောက်ကို တွဲပြီး ဟိုး အဝေးကြီးကို ထွက်သွားချင်
ဘာတွေ ဖြစ်ဦးမလဲ
လူတွေ အလယ်မှာ မနေချင်ဘူး သိပ်စိတ်ရှုပ်တယ်
လောကကြီးကို အရွဲ့တိုက်လို့
မင်းရဲ့ အနားမှာ အမြဲ ပေးဆပ်ရင်းနဲ့ နေပါရစေ
ဘာတွေ ဖြစ်ဦးမလဲ
လိုချင်တာတွေ အို.. နောက်ဆုံး အပြစ်ရှိပလေ့စေ.. ခံယူတာက မှားပစေကွယ်
အချစ်တွေ မကုန်စေချင်ပါတယ်
အနမ်းတွေ ပြန်လိုချင်မိတယ်
ငါတယောက်ထဲ ဖြစ်နေချိန်မှာ အရင်လို စကားလေးတွေ ပြန်ကြားရင်
အပြစ်လို့ မြင်နေသူတွေရယ်..
ချစ်တယ် ဆိုတာတွေ နားမလည်..
လူတွေနဲ့ ဝေးတဲ့ နေရာမှာ ဆုံနိုင်ဖို့ တစ်ခုသာ ကျန်တော့ရင်...
CHO:
*****
အဲဒီ သီချင်းလေး စကြားကတည်းက တော်တော် စိတ်ဝင်စားမိပါတယ်။
မနေ့ညက blog မှာ တင်ချင်လို့ အသဲအသန် လိုက်ရှာလဲ မတွေ့ဘူး။
(တကယ်က တွေ့တယ်။ ခေါင်းစဉ်ကို မသိဖြစ်နေတာ။ အဲဒီ ခေါင်းစဉ်လို့ မထင်တော့ You Tube မှာ ဖွင့် မကြည့်မိဘူး။)
အဲလက်စ် ရေးတဲ့ သီချင်းတွေ သိပ်လဲ ထူးထူးခြားခြား မရှိလှဘူး ထင်ခဲ့ပေမယ့် ဒီတစ်ပုဒ်ကတော့ ချွင်းချက်။
သူ ဒါကို ရေးဖို့ ဘယ်လို inspiration ရခဲ့လဲ သိချင်မိတယ်။
စာသားလေးတွေက ဘာမှ အဆန်းတကြယ် မပါပေမယ့် ထိတယ်။
ဥပမာ။ ။ "မျိုသိပ်ထားလို့ မခံနိုင်ရင် ယဉ်ယဉ်လေးနဲ့ ငါရူးမယ်" ဆိုတာမျိုး...
Cheers! Alex
MP3 link ပို့ပေးတဲ့ မျိုး ကို ကျေးဇူးတင်ပါတယ်။
Tuesday, July 28, 2009
ဝင်ကစွပ် - Hermit Crab

ဝင်ကစွပ်
မြင်ဆွတ်က ကြည်ဖို့ရာ
သည်သို့လာ ဟိုသို့သွားရယ်နှင့်
အငှားခန္ဓာ မြောင်ရတယ်
ဆန်းခေါင်ထိမျိုး။
(မြင်ဖူးမှ ယုံစဖွယ် - ဦးကြင်ဥ)
*****
မမခင်ဦးမေ ၏ Hello Singapore နှင့် ရွာသား ၏ ဘာကြောင့် နိုင်ငံရပ်ခြား... များ ဖတ်ပြီး သတိရသဖြင့် ကောက်တင်လိုက်ပါသည်။
Sunday, July 26, 2009
How I composed "She, falls into Love" ...

"အချစ်ရှိတဲ့သူ" ကို 2000 အစပိုင်းလောက်မှာ ရေးဖြစ်ပါတယ်။
လူတကိုယ်လုံး ပေါ့ပါး မြောက်ကြွပြီး လွင့်ပါးနေခဲ့တဲ့ တချိန်ပေါ့။
ပေါ့လွင့်တဲ့ ငှက်တောင်မွေးကလေးလို
လေညင်းလေး တချက် ဝှေ့လိုက်ရုံနဲ့တင်
မြင့်တက် မြောက်ကြွ သွားတော့မယ်...
အဲဒီ တပိုဒ်က အရင်ဆုံး ချရေးဖြစ်တာပါ။ အဲဒီ စာသားလေးတွေ ချမရေးခင် ကိုယ်အကြိမ်ကြိမ် ပြန်မြင် သတိရနေတဲ့ မြင်ကွင်းလေး တစ်ခုရှိတယ်။
Forrest Gump ကား အစမှာ Tom Hanks ရဲ့ ခြေထောက်နား ချာလည် ဝေ့၀ဲပြီး ကျလာတဲ့ ငှက်မွေးလေးရဲ့ပုံကိုပေါ့။ အဲဒီကားကို အစအဆုံး မကြည့်ဖူးပါဘူး။ 1994 လောက်မှာထင်တယ်။ ဖေဖေကြည့်တုန်း ခဏ ၀င်ကြည့်လိုက်မိတာပါပဲ။ ကဗျာမရေးခင် အဲဒီ scene လေး ပြန်မြင်လာရာက ပထမတစ်ပိုဒ် ဖြစ်လာတယ်။
ကိုယ်ဟာ လေတိုက်ရုံနဲ့ လွင့်ပါးတော့မယ့် ငှက်တောင်မွေးကလေးပါ။
*****
ဒီလိုနဲ့ အဲဒီ ပထမပိုဒ်ပြီး တပတ်လောက်ကြာသွားတဲ့ထိ ဆက်မရေးဖြစ်တော့ဘူး။ ခေါင်းစဉ်ကိုတော့ ပေးလိုက်ပြီ။
ဆောင်းဦးရာသီရဲ့ ရော်ရွက်ဝါကလေးလို
လေပြည်လေး တချက် ထိခတ်လိုက်ရုံနဲ့တင်
ကြွေကျ သက်ဆင်း သွားနိုင်တယ်...
ဒီတပိုဒ်နဲ့ ပတ်သတ်လို့ကတော့ ဘာမှ ပြောစရာ မရှိလှပါဘူး။
ပထမပိုဒ်နဲ့ လိုက်ဖက်အောင် ရေးဖြစ်လိုက်တာပါပဲ။
တကယ်ကို ကြွေကျတော့မယ်။
*****
ပြတင်းတံခါးက ဇာခန်းဆီးကလေးလို
လေအေးအေး တချက် ဖြတ်တိုက်လိုက်ရုံနဲ့တင်
တလွင့်လွင့် လှုပ်ရှား သွားတော့မယ်...
ဒီတပိုဒ်ကို ရေးတော့ အာရုံထဲဝင်လာတာက ဂျူး ရဲ့ "ရေမျောသီး" ထဲက စာတကြောင်းပါ။
"ကျွန်မ၏ ဇာခန်းဆီးကလေးသည် အင်ဒရူးဝိုင်ယက်၏ ဇာခန်းဆီးလောက် မနူးညံ့သော်လည်း..." ဆိုတာလေး ခေါင်းထဲ ဖျတ်ခနဲ ရောက်လာတော့ တတိယ တစ်ပိုဒ် ဖြစ်လာတယ်။
တလွင့်လွင့် လှုပ်ရှားနေပါတယ်။
*****
အို......နောက်ဆုံးတော့ကွယ်...
သစ်ရွက်ဖျားမှာ ခိုတွဲနေတဲ့ နှင်းပေါက်ကလေးလို
နေရောင်ခြည်က ညင်သာသာ ရှိုက်နမ်းရုံနဲ့တင်
ရှက်အမ်းစွာ လွင့်ပါးပျောက်ကွယ်... ...
သူမရဲ့ ဖြစ်တည်မှုတွေ ရပ်စဲရလိမ့်မယ်...
အဲဒီ တပိုဒ်ကတော့ dedicated လုပ်ပြီး ရေးထားတာပါ။
အလိုက်ဖက်ဆုံး နိမိတ်ပုံလေး ယူပြီးတော့...
ကဗျာ နောက်ဆုံးပိုဒ်မှာ ကဗျာထဲက အရာတစ်ခုကို အဆုံးထိ ဆွဲခေါ်ပစ်လိုက်တဲ့ သဘောပါပဲ။
ကိုယ့်ရဲ့ ဖြစ်တည်မှုတွေတောင်မှ ပျောက်ဆုံး ကုန်တဲ့ထိ...
*****
ကဗျာပြီးသွားလို့ ပေးဖတ်တော့...
"ဘာအဓိပ္ပါယ်လဲ" တဲ့။
တော်တော်နင်သွားပါတယ်။
ရင်ထုမနာ ဆိုတာ ဒါမျိုး နေမှာ...
*****
Saturday, July 18, 2009
ဝေးကွာခြင်း

မုန်တိုင်းတစ်ခု တိုက်သလိုပ
လွင့်ထွက်သွားအောင်
စွမ်းဆောင်နိုင်လိုက်တာ
ထိတ်လန့်ဖွယ် ကောင်းလေစွ
နီးစပ်ခြင်းများအား
အတင်းအဓမ္မ ဆွဲခွာသွားရက်တာ
ညှို့ငင်ချက်တခုလိုပ
တမ်းတခြင်းများအား
တားဆီးမရအောင်
ဆွဲဆောင်ပျံ့နှံ့လာစေတာ
သေနတ်တစ်လက်လိုပ
အရှိန်ပြင်းပြင်း
စီးဆင်းလာတဲ့
ဝမ်းနည်းခြင်းများအား
တာလွှတ်ပေးခဲ့တာ
*
ကြည့်
တိတ်ဆိတ်ခြင်းနဲ့ ခြောက်သွေ့ခြင်းတွေကို
အထီးကျန် ကမ္ဘာထဲ လာထည့်ပြပါလိမ့်မယ်
(1998)
*****
(မင်းခိုက်စိုးစန်တို့ တာရာမင်းဝေတို့ မော်ဒန်တွေ ဖတ်ပြီး ရူးနှမ်းခဲ့တဲ့ အချိန်တုန်းက ရေးထားခဲ့တာပေါ့။ ကိုယ့်ဟာကိုယ် အနုပညာ ဇာတာ မပါမှန်းလည်း မသိခဲ့သေးတဲ့ အချိန်လေ။ သူတို့သာသိရင် တစ်သက်လုံး နောင်တရသွားနိုင်တယ်)
:D
(သူတို့ နှစ်ယောက်လုံး မရှိကြတော့ဘူး လို့ အချိန်တော်တော် ကြာကြာကတည်းက ခံစားရတယ်။)
*****
Credit for Photo : Nyan Htun
(Midway between Italy and Spain)
Wednesday, July 15, 2009
အဲဒီ အချိန်မှာ...

အလင်းရောင်တွေ တဖိတ်ဖိတ်လက်
ထိန်းချုပ်ခက်တဲ့ ခံစားချက်နဲ့
ပျော်ရွှင်မှုတွေ ခုန်ပေါက်
နှလုံးသားတောင် မြောက်ကြွနေတယ်…
အဲဒီအချိန်မှာ
နေရောင်ခြည်က မြူးကြွ
စူးရှတဲ့ ရင်ခုန်သံနဲ့
ပန်းပွင့်တွေက ကခုန်
လိုချင်တာတွေ အကုန်ရနေတယ်…
အဲဒီအချိန်မှာ
လျှပ်စီး တတွဲ
ရင်ထဲ ပြက်သွား
လက်ကနဲထင်
မတင်မကျ
ခဏလေးပဲ…
အဲဒီအချိန်မှာ
နာရီတွေ ရပ်တန့်
မိနစ်တွေပျက်စီး
ကာလ အမြီးရှည်ရိုက်ချိုး
အချိန်တွေ ရှေ့မတိုးကြနဲ့…
အဲဒီအချိန်မှာ
လမ်းစမ်းလျှောက်တဲ့ ခံစားချက်နဲ့
အင်မတန်နက်တဲ့ ကမ်းပါးစွန်းမှာ
မိုက်မဲစွာ ရှေ့ဆက်
ဘာအတွက်မှလဲ မဟုတ်ဘဲနဲ့…
အဲဒီအချိန်မှာ
တငွေ့ငွေ့ ကျွမ်းလောင်
အပူရောင်တွေ ဆူပွက်
တမင်သက်သက် ကြွေကျ
တခြား ဘာကိုမှလဲ မရချင်တော့…
အဲဒီအချိန်မှာ
တစုံတရာက ပြုစား
ခြေလှမ်းမှားတဲ့ ရင်ခုန်သံ
ပန်းနုရောင်နဲ့ ခြယ်မှုန်း
အလှဆုံးပါကွယ်…
အဲဒီအချိန်မှာ
သတိတရားတွေ မေ့ပစ်
ထစ်ချုန်းမိုးသံ ကြားယောင်
အမှောင်တွေနဲ့ မွန်းကြပ်
နားထောင်ရန် ခက်လှချည့်
ပါးစပ်ဖွင့်ထားတဲ့ ပင်လယ်ထဲ
အသိမဲ့ ပြေးဝင်
ဘာကိုမှလဲ မမြင်မိတော့…
+
+
မိုးကြိုး တစ်ချက် ပစ်ခတ်
ဆက်သွယ်ချက်တွေ ဆွံ့အ
မပွင့်ခင်က ကြွေကျ
နိုးထလာတဲ့ အိပ်မက်
ကျည်ဆံတွေက ထုတ်ချင်းဖောက်
ရင်ဝကို အရောက်မှာလေ…
မင်းရဲ့ အသံတွေပျက်သုဉ်း
ကိုယ်လဲ
(ခဏတော့)
သေဆုံးသွားပါတယ်…
*****
(1998 လောက်က ရေးထားမိတယ် ထင်ပါတယ်... ဘယ်အချိန်ကို ညွှန်းပြီး ရေးထားမှန်း ကိုယ်တိုင် မမှတ်မိတော့တဲ့ ကဗျာ)
Saturday, July 11, 2009
အားနွဲ့သူ ယောက်ျားသားများအား ကာကွယ်သော ဥပဒေ

ခေတ်သမိုင်း အတီတေ ရှေးမင်းအဆက်ဆက်က အတောင် ၃၀ ၀တ် မင်းယောက်ျားများသည် Subject နေရာက အစဉ်အမြဲ ရှိခဲ့သော်လည်း ခေတ်ကာလ ရွေ့လျားလာသည်နှင့်အမျှ ၃ တောင်ဝတ် မိန်းမသားများ၏ ဉာဏ်ပညာနှင့် စီရင်အပ်သော မာယာကျော့ကွင်းကို တုမယှဉ်နိုင်တော့ဘဲ အရှုံးပေးရဖန်များကာ Object နေရာသို့ ရောက်ရှိလာကြကုန်သည်။
ထို့ကြောင့် ယခင်က မိန်းမများအား ကာကွယ်သော ဥပဒေ အရပ်ရပ်ကိုသာ ထုတ်ပြန်ထားရှိခဲ့ရာမှ ယနေ့ခေတ် ယောက်ျားများ အတွက် ယောက်ျားသားများအား ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းပေးပါရန်
- blogger ပုရိသများက Post များ တင်၍ တမျိုး၊
- စာရေးဆရာပုရိသများက ကဗျာ ၀တ္ထု ဆောင်းပါးများ ရေး၍ တသွယ်၊
- သာမန်ပြည်သူ ပုရိသများက လူစည်ကားရာ နေရာများ၊ speaker corner များတွင် ဆန္ဒပြပွဲများ၊ ကဗျာ ရွတ်ပွဲများ၊ ဟောပြောပွဲများ ပြုလုပ်၍ တဖုံ၊
နားပူနားဆာ ပြုမှုများ တခဲနက် လုပ်ဆောင်လာကြပြီ ဖြစ်သဖြင့် များပြားလှစွာသော ယောက်ျားထုကြီး၏ အကျိုးကို ထောက်ထားစာနာခြင်း အလို့ငှာ...
ယနေ့ ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဂျူလိုင်လ ၁၁ ရက်၊ စနေနေ့။
ကောဇာသက္ကရာဇ် ၁၃၇၁ ခု၊ ၀ါဆို လပြည့်ကျော် ၅ ရက်နေ့ နေ့စွဲဖြင့် ဥပဒေကြမ်းကို ထုတ်ပြန် ကြေညာလိုက်သည်။
ယင်း ဥပဒေအရ ... ကိုယ့်ရှေ့က ဖြတ်လျှောက်သွားသော ယောက်ျားလေး တစ်ယောက်ကို ကာအိနြေ္ဒပျက်စေရန် စနောက်ခြင်း၊ ထိကပါး ရိကပါး ပြောခြင်း မပြုလုပ်ရ။
(ဥပမာ။ ။ မစန္ဒာ၏ ဂျီဟောသူ နှင့် အရိပ် ၀တ္ထုထဲကကဲ့သို့ "ဘဲဥခြမ်း ဖြူတူတူ ဆားရေနဲ့ကူ စက်မှုမောင် အမူတုံး ဘဲဥနဲ့ဖုံး" ဟူသော ပေါက်တတ်ကရ သံချပ်များ အော်၍ ဘယ်၊ ညာ တိုင်ပေးခြင်းဖြင့် အားနွဲ့သူယောက်ျားသားများအား ခြေလှမ်းမှားအောင် မပြုလုပ်ရ။)
မည်သည့် ရာသီဥတုတွင် ဖြစ်ပါစေ။ ညနေ ၅ နာရီကျော်၍ အလင်းရောင် ပျောက်သလောက်ရှိပါက အားနည်းချက်ရှိသူ ချစ်သူ ယောက်ျားလေးများအား ချိန်းဆို တွေ့ဆုံခြင်း မပြုရ။ ပြုခဲ့သော် ချိန်းဆို ခံရသော ယောက်ျားလေးဘက်မှ ချိန်းဆို စာသော်လည်းကောင်း၊ အခြား ခိုင်မာသော သက်သေ တစုံတရာသော်လည်းကောင်း တင်ပြနိုင်လျှင် ထိုမိန်းကလေးအား အမှုဖွင့် စစ်ဆေးနိုင်သည်။
(မည်ကဲ့သို့သော အားနည်းချက် ဖြစ်သည်ကို အရေးဆိုသူ Mr. Villager နှင့် ဥပဒေပြုရေး ကော်မတီဝင် လူကြီးမင်းမများ ညှိနှိုင်းပြီး အသေးစိတ် သတ်မှတ်ချက်ကို နောင်တွင် ဖော်ပြမည်။)
ယောက်ျားအခွင့်အရေးအတွက် တိုက်ပွဲဝင်သူ blogger များ၏ post တွင် မိန်းမ အင်အားသုံး၍ comment များဖြင့် ခြိမ်းခြောက်ခြင်း၊ ရန်ပြုမည့် သဘောသက်ရောက်သော စာများ ရေးသားခြင်း၊ ရိသဲ့သဲ့ လှောင်ပြောင်သရော်ခြင်းများ အပျော်သဘောဖြင့် ဖြစ်စေ မပြုလုပ်ရ။ စိတ်သဘောထား ကြီးမြင့်သော ဂုဏ်သရေရှိ မိန်းမ ပီသစွာ သည်းခံခွင့်လွှတ်ရမည်။
(ဤသို့ ပြုလုပ်သဖြင့် blog ပိုင်ရှင် အမျိုးသားလေးခမျာ စိတ်ဆိုးပြီး comment page ကို ပိတ်ပစ်သည်ရှိသော်... comment ပေးသော အမျိုးသမီးထုကြီး အနေဖြင့် တနေ့တည်း post ဆယ်ခုစီ ဆက်တိုက်တင်၍ အနှီ blogger ပုရိသအား မကျေနပ်မချင်း တောင်းပန်ရမည်။)
မည်သို့သော အကြောင်းပြချက်မျိုးနှင့်မျှ အားနွဲ့သူ ယောက်ျားသားများ အပေါ်
- မာယာတစ်သိန်း အပလိန်း အနန္တနှင့် မြူဆွယ်ဖျားယောင်းခြင်း၊
- ကျောရရုံကြံခြင်း၊
- မိမိ၏ မာယာကျော့ကွင်းမှ ရုန်းမထွက်နိုင်ရှာလေသူ အားနည်းချက်ရှိသည့် ချစ်သူ အမျိုးသားအပေါ် မိမိအသက်ကိုပင် အသေခံ၍ မကောင်းကြံစည်ခြင်းများ မပြုလုပ်ရ။
ပြုခဲ့သော် ကြီးလေးသော အပြစ်ဒဏ်ကို နှစ်ရှည်လများ ကျခံရမည် ဟု တသက်နဲ့ တကိုယ် တခါမှ မကြားဖူးသည့် ဥပဒေကြမ်း ကို ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း မဟာဣတ္ထိယနွယ်ဝင် အမျိုးသမီးထုကြီး သိစေရန် လေးနက်ပြင်းထန်စွာ အသိပေး ကြေညာလိုက်သည်။
အမိန့်အရ
ပုံ
&%^!~%#@$*
ဒု - ဥက္ကဌ (ကမ္ဘာ့အမျိုးသမီးရေးရာ အဖွဲ့အစည်း)
အတွင်းရေးမှူး (အားနွဲ့သူ ယောက်ျားသားများအား ကာကွယ်ခြင်း ဆိုင်ရာ ဥပဒေပြဋ္ဌာန်းရေး ကော်မတီအဖွဲ့ခွဲ - လူသားချင်း စာနာထောက်ထားခြင်း ဆိုင်ရာ ဥပဒေပြုမှု ကော်မတီ)
အလုပ်အမှုဆောင် (ဖခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းကြီး) <<< ပန်းရောင်ဝမ်းဆက်များ ၀တ်သည်။
*****
စာကြွင်း။ ။ Mr သပသ ၀တ္ထုရေး၍ တောင်းဆိုသော အချင်းချင်း ဖြစ်သည့်ကိစ္စအား ကျမ်းလေးမည် ဖြစ်သဖြင့် အချင်းချင်းသာ ညှိနှိုင်းကြရန် ဆိုင်းငံ့ထားလိုက်သည်။
ဖြည့်စွက်ချက်။ ။ အလယ်ခေတ်မှ စာရေးဆရာမ ဂျူး ရေးသားသည့် "ကြေမွသွားသော တိမ်တိုက်များ အကြောင်း" ၀တ္ထု ဇာတ်လမ်းမှ မြတ်စု အား ချစ်သူ ဖြစ်သူ ဖြူလေး မှ ပြန်လည် လက်မခံခဲ့သည့် ကိစ္စကို ယခု နှောင်းခေတ် ယောက်ျားသားများ အမြင်ရှင်းစေရန် အလို့ငှာ ဖြည့်စွက် ပြောကြားလိုသည်။
အနှီ မြတ်စု ဆိုသော အလယ်ခေတ်မှ ရှားပါး အားနွဲ့သူ ယောက်ျားသားသည် သူ မကျူးလွန်ခဲ့သည့် မြနှင်းဆီ အား သေကြောင်းကြံစည်သည့် ကိစ္စ အတွက် အမှုမှ အမှန်အတိုင်း ကွင်းလုံးကျွတ် လွတ်ခဲ့ပြီ ဖြစ်သည်။ အကယ်၍များ ဖြူလေးက ပြန်လည် လက်ခံလိုက်လျှင်၊ သူ မပြုခဲ့သော အပြစ်အတွက်လည်း မခံရ၊ သူ ပြုခဲ့သော အပြစ်အတွက်လည်း မခံရဘဲ မြနှင်းဆီ နှင့် ရှုပ်ခဲ့ရခြင်းသည်သာလျှင် သူ့အတွက် အမြတ်ထွက်နေပေဦးမည်။
ထိုထိုသော အကြောင်းများကြောင့်သော်လည်းကောင်း၊ အလယ်ခေတ်မှ ဓလေ့ထုံးစံများ အရသော်လည်းကောင်း မြတ်စုသည် ဖွတ်မရ ဓားမဆုံး၊ လက်ထဲက ငှက်တစ်ကောင်ရော ခြုံထဲက ငှက်တစ်ကောင်ကိုရော လက်လွှတ်ခဲ့ရခြင်း ဖြစ်ပေသည်။ အလယ်ခေတ် မိန်းမများ၏ ဆုံးဖြတ်ပိုင်ခွင့်အရ အနိုင်ကျင့် ခံရခြင်း မဟုတ် ဟု ယနေ့ခေတ် အားနွဲ့ရှာသူ ယောက်ျားသားများ သံသယ ရှင်းစေရန် အလို့ငှာ ရေးသားဖြေရှင်း လိုက်ရပေသည်။