Showing posts with label ကမောက်ကမ. Show all posts
Showing posts with label ကမောက်ကမ. Show all posts

Thursday, October 8, 2009

Poor Fish !

ဒီနေ့မနက်
အိပ်ရာကထတော့ ရေနွေးတည်ဖို့ မေ့တယ်။
ခါတိုင်း နိုးတာနဲ့ တည်နေကျ... ပြီးမှ ရေမချိုးခင် ကော်ဖီဖျော်တယ်။
ဒါမှ ရေချိုးပြီးလို့ breakfast စားချိန်ကျ သောက်ဖို့ အနေတော်ပဲ။

နေ့တိုင်းလုပ်နေကျကို လုပ်ဖို့ မေ့တယ်။

ရေချိုးပြီးလို့ အဝတ်စားလဲတော့မှ သတိရတယ်။
ရေနွေးလည်း မတည်ဘူး၊ ကော်ဖီလည်း မဖျော်ရသေးဘူး ဆိုပြီး...
ဒါနဲ့ ကော်ဖီ တခွက်စာပဲ အရင်တည်ပြီး၊ စားရင်သောက်ရင်း စဉ်းစားမိတယ်။

ညနေ ရေကျက်အေးလုပ်ဖို့ ထပ်တည်လိုက်ဦးမယ်လို့...
electric kettle ရှိပေမယ့် ကြီးနေလို့ ရိုးရိုးအိုးနဲ့ နည်းနည်းပဲတည်မယ် ဆိုပြီး လျှာရှည်ပြီးသကာလ... မြန်မြန်ပြီးအောင် gas ကို နည်းနည်း မြှင့်ပြီး တည်လိုက်တာ...

ရုံးကိုလာတော့ ပိတ်ဖို့မေ့ပြီး ဒီတိုင်း ပစ်ထားခဲ့တယ်။
ငါးမိနစ်လောက် လမ်းလျှောက်ပြီးတော့မှ အိမ်မှာကျန်ခဲ့တဲ့ ညီမလေးတယောက်ကို အလန့်တကြား ဖုန်းလှမ်းခေါ်ရတယ်။ သူကလဲ တော်တော်နဲ့ မကိုင်တော့ ကိုယ့်မှာ ရှေ့ပဲဆက်ရမလား၊ နောက်ပဲ ပြန်လှည့်ရမလားနဲ့...

နှစ်ခါလောက် ဆက်တိုက်ခေါ်ပြီး ကိုင်တော့မှ... ဟင်း ချရတယ်။
သူကလဲ တန်းသိတယ်။ "အစ်မ မီးဖိုလား" တဲ့။

***
ခုတလော လုပ်သင့်တာတွေ မလုပ်ဘူး။
* အကျိုးရှိမယ့်စာ များများ ဖတ်ရမယ်။
* အချိန်ကို အလေးထားရမယ်။
* ဘာသာစကား တိုးတက်အောင် လုပ်ရမယ်။
* နိုင်ငံတကာ သတင်းပလင်းလေး နားစွင့်ရမယ်။
(ရုံးနဲ့နီးတဲ့ အိမ် ပြောင်းလာတာ ဘာလုပ်ဖို့လဲ။ ဒါတွေ လေ့လာဖို့ မဟုတ်လား။)

မလုပ်သင့်တာတွေတော့ လုပ်နေတယ်။
* အကျိုးမရှိမယ့်စာ (ရုံးတွင် ရာထူးတက်ရန် အထောက်အကူမပြု၊ လစာတိုးရန် အထောက်အကူမပြုသော စာများကို ဆိုလိုပါသည်။) အများကြီး ဖတ်နေတယ်။
* အားတိုင်း ကွန်ပျူတာနဲ့ မျက်နှာချင်းဆိုင်နေတယ်။
(ဟီးဟီးဟားဟားတွေ လုပ်တယ်။)
* ဘယ်တုန်းကမှ မကြည့်ချင်တတ်တဲ့ ဗမာကားတောင် ကြည့်မိနေသေးတယ်။
(တခါကြည့်ရင် မိနစ် ၂၀၊ နာရီဝက်နဲ့ ၂ ရက်ရှိပြီ။)
* ဘလော့က အတင်းတွေပဲ လိုက်ဖတ်နေမိတတ်တယ်။
(ဘလန့်ချက်နဲ့တောင် ဝယ်လိုက်သေးတယ်။)

***
တော်မှ တော်မှ...
ကိုယ့်အကြောင်း လူသိတယ်။


Wednesday, October 7, 2009

My Currnet Status !

ဒီရက်ပိုင်း တော်တော်ကို concentration နည်းနေလိုက်တာ။
ကိုယ့်ဟာကိုယ် ဘာလုပ်နေလို့ လုပ်နေမိမှန်းတောင် မသိဘူး။
ရူးခါနီးနေပြီလား လို့ ရယ်စရာလုပ် တွေးမိတယ်။
မမေ့သင့်တာတွေ မေ့တယ်။ မလုပ်သင့်တာတွေ လုပ်တယ်။
တယောက်ယောက်က တခုခု လာပြောရင် အဓိပ္ပါယ်ကို အတော်တွေးယူမှ ရတယ်။

ဆိုင် မဆိုင်တော့ မသိဘူး။
ကြည်အေးဝတ္ထု ဖတ်တာ ခဏရပ်ထားမှ လို့ တွေးမိတယ်။
တကယ်တော့ ဒါလဲ တွေးစရာ မလိုတဲ့ ကိစ္စပဲ။
ဘာလို့ဆို ဘယ်ဟာကိုမှ တောက်လျောက် ဆက်တိုက်လုပ်သွားလို့ မရဘူး။
လုပ်နေရင်း ခဏခဏ ရပ်ထားရတာချည်းပဲ။

သူငယ်ချင်းတယောက်ကတော့ အဲဒါ Alzheimers စနေတာပေါ့ လို့ ပြောတယ်။
တော်သေးတယ်။ ပြောတဲ့လူက ဆရာဝန် မဟုတ်လို့။
ဆရာဝန်က ပြောရင် အဟုတ်မှတ်နေဦးမှာ။
ခါတိုင်း စကားတစ်ခွန်း အတင်မခံပေမယ့် ခုတော့ အယ်လဇိုင်းမားက ဒီအရွယ်မှာ ဖြစ်လို့လား လို့တောင် ပြန်မပက်မိခဲ့ဘူး။

မလုပ်သင့်တာတွေ လုပ်တယ်။
လုပ်သင့်တာတွေတော့ သိရက်သားနဲ့ မလုပ်ဘူး။
တယောက်က ပြောတယ်။
မျက်စေ့ဖွင့်ကြည့်စမ်းပါ။
ကမ္ဘာကြီးက ကျယ်လွန်းလို့ တချက်လောက်မှ လှည့်မကြည့်ရင် ကိုယ့်မှာ ဘာတွေလိုနေလဲ မသိနိုင်ဘူး တဲ့။

နေပါစေတော့။ ကြည့်ချင်ပါဘူး။
လိုနေတာတွေသိရင် လိုက်လုပ်နေရဦးမယ်။
မလုပ်နိုင်ရင် guilty ဖြစ်နေဦးမယ်။

မျက်စေ့မှိတ်ပြီး အိပ်နေပါရစေ။

***
ခုလဲ ရုံးကနေတောင် ပို့စ်တင်ဖို့ လုပ်နေပြန်တာ ပုံမှန် မဟုတ်ဘူးလို့ပဲ ပြောရမလား။
ဒီလို အခြေအနေမှာတောင် အလုပ်တဖက်နဲ့ ပို့စ်တင်နိုင်သေးတယ်လို့ပဲ ဖြေတွေးရမလား ဆိုတာ မသိတော့ပါဘူး။

(ဘာပဲဖြစ်ဖြစ် ပို့စ်တင်ပြီးရင် ဘယ်လို comment တွေလာမလဲ ကြိုတွေးလို့တော့ ရနေတယ်)

:)

***

Saturday, July 11, 2009

အားနွဲ့သူ ယောက်ျားသားများအား ကာကွယ်သော ဥပဒေ



ခေတ်သမိုင်း အတီတေ ရှေးမင်းအဆက်ဆက်က အတောင် ၃၀ ၀တ် မင်းယောက်ျားများသည် Subject နေရာက အစဉ်အမြဲ ရှိခဲ့သော်လည်း ခေတ်ကာလ ရွေ့လျားလာသည်နှင့်အမျှ ၃ တောင်ဝတ် မိန်းမသားများ၏ ဉာဏ်ပညာနှင့် စီရင်အပ်သော မာယာကျော့ကွင်းကို တုမယှဉ်နိုင်တော့ဘဲ အရှုံးပေးရဖန်များကာ Object နေရာသို့ ရောက်ရှိလာကြကုန်သည်။

ထို့ကြောင့် ယခင်က မိန်းမများအား ကာကွယ်သော ဥပဒေ အရပ်ရပ်ကိုသာ ထုတ်ပြန်ထားရှိခဲ့ရာမှ ယနေ့ခေတ် ယောက်ျားများ အတွက် ယောက်ျားသားများအား ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းပေးပါရန်

- blogger ပုရိသများက Post များ တင်၍ တမျိုး၊
- စာရေးဆရာပုရိသများက ကဗျာ ၀တ္ထု ဆောင်းပါးများ ရေး၍ တသွယ်၊
- သာမန်ပြည်သူ ပုရိသများက လူစည်ကားရာ နေရာများ၊ speaker corner များတွင် ဆန္ဒပြပွဲများ၊ ကဗျာ ရွတ်ပွဲများ၊ ဟောပြောပွဲများ ပြုလုပ်၍ တဖုံ၊
နားပူနားဆာ
ပြုမှုများ တခဲနက် လုပ်ဆောင်လာကြပြီ ဖြစ်သဖြင့် များပြားလှစွာသော ယောက်ျားထုကြီး၏ အကျိုးကို ထောက်ထားစာနာခြင်း အလို့ငှာ...


ယနေ့ ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဂျူလိုင်လ ၁၁ ရက်၊ စနေနေ့။

ကောဇာသက္ကရာဇ် ၁၃၇၁ ခု၊ ၀ါဆို လပြည့်ကျော် ၅ ရက်နေ့ နေ့စွဲဖြင့် ဥပဒေကြမ်းကို ထုတ်ပြန် ကြေညာလိုက်သည်။


ယင်း ဥပဒေအရ ... ကိုယ့်ရှေ့က ဖြတ်လျှောက်သွားသော ယောက်ျားလေး တစ်ယောက်ကို ကာအိနြေ္ဒပျက်စေရန် စနောက်ခြင်း၊ ထိကပါး ရိကပါး ပြောခြင်း မပြုလုပ်ရ။
(ဥပမာ။ ။ မစန္ဒာ၏
ဂျီဟောသူ နှင့် အရိပ် ၀တ္ထုထဲကကဲ့သို့ "ဘဲဥခြမ်း ဖြူတူတူ ဆားရေနဲ့ကူ စက်မှုမောင် အမူတုံး ဘဲဥနဲ့ဖုံး" ဟူသော ပေါက်တတ်ကရ သံချပ်များ အော်၍ ဘယ်၊ ညာ တိုင်ပေးခြင်းဖြင့် အားနွဲ့သူယောက်ျားသားများအား ခြေလှမ်းမှားအောင် မပြုလုပ်ရ။)

မည်သည့် ရာသီဥတုတွင် ဖြစ်ပါစေ။ ညနေ ၅ နာရီကျော်၍ အလင်းရောင် ပျောက်သလောက်ရှိပါက အားနည်းချက်ရှိသူ ချစ်သူ ယောက်ျားလေးများအား ချိန်းဆို တွေ့ဆုံခြင်း မပြုရ။ ပြုခဲ့သော် ချိန်းဆို ခံရသော ယောက်ျားလေးဘက်မှ ချိန်းဆို စာသော်လည်းကောင်း၊ အခြား ခိုင်မာသော သက်သေ တစုံတရာသော်လည်းကောင်း
တင်ပြနိုင်လျှင် ထိုမိန်းကလေးအား အမှုဖွင့် စစ်ဆေးနိုင်သည်။
(မည်ကဲ့သို့သော အားနည်းချက် ဖြစ်သည်ကို အရေးဆိုသူ Mr. Villager နှင့် ဥပဒေပြုရေး ကော်မတီဝင် လူကြီးမင်းမများ ညှိနှိုင်းပြီး အသေးစိတ် သတ်မှတ်ချက်ကို နောင်တွင် ဖော်ပြမည်။
)

ယောက်ျားအခွင့်အရေးအတွက် တိုက်ပွဲဝင်သူ blogger များ၏ post တွင် မိန်းမ အင်အားသုံး၍ comment များဖြင့် ခြိမ်းခြောက်ခြင်း၊ ရန်ပြုမည့် သဘောသက်ရောက်သော စာများ ရေးသားခြင်း၊ ရိသဲ့သဲ့ လှောင်ပြောင်သရော်ခြင်းများ အပျော်သဘောဖြင့် ဖြစ်စေ မပြုလုပ်ရ။ စိတ်သဘောထား ကြီးမြင့်သော ဂုဏ်သရေရှိ မိန်းမ ပီသစွာ သည်းခံခွင့်လွှတ်ရမည်။
(ဤသို့ ပြုလုပ်သဖြင့် blog ပိုင်ရှင် အမျိုးသားလေးခမျာ စိတ်ဆိုးပြီး comment page ကို ပိတ်ပစ်သည်ရှိသော်... comment ပေးသော အမျိုးသမီးထုကြီး အနေဖြင့် တနေ့တည်း post ဆယ်ခုစီ ဆက်တိုက်တင်၍ အနှီ blogger ပုရိသအား မကျေနပ်မချင်း တောင်းပန်ရမည်။)


မည်သို့သော အကြောင်းပြချက်မျိုးနှင့်မျှ အားနွဲ့သူ ယောက်ျားသားများ အပေါ်

- မာယာတစ်သိန်း အပလိန်း အနန္တနှင့် မြူဆွယ်ဖျားယောင်းခြင်း၊
- ကျောရရုံကြံခြင်း၊
- မိမိ၏ မာယာကျော့ကွင်းမှ ရုန်းမထွက်နိုင်ရှာလေသူ အားနည်းချက်ရှိသည့် ချစ်သူ အမျိုးသားအပေါ်
မိမိအသက်ကိုပင် အသေခံ၍ မကောင်းကြံစည်ခြင်းများ မပြုလုပ်ရ။
ပြုခဲ့သော် ကြီးလေးသော အပြစ်ဒဏ်ကို နှစ်ရှည်လများ ကျခံရမည် ဟု တသက်နဲ့ တကိုယ် တခါမှ မကြားဖူးသည့် ဥပဒေကြမ်း ကို ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း မဟာဣတ္ထိယနွယ်ဝင် အမျိုးသမီးထုကြီး သိစေရန် လေးနက်ပြင်းထန်စွာ အသိပေး ကြေညာလိုက်သည်။

အမိန့်အရ

ပုံ

&%^!~%#@$*

ဒု - ဥက္ကဌ (ကမ္ဘာ့အမျိုးသမီးရေးရာ အဖွဲ့အစည်း)
အတွင်းရေးမှူး (အားနွဲ့သူ ယောက်ျားသားများအား ကာကွယ်ခြင်း ဆိုင်ရာ ဥပဒေပြဋ္ဌာန်းရေး ကော်မတီ
အဖွဲ့ခွဲ - လူသားချင်း စာနာထောက်ထားခြင်း ဆိုင်ရာ ဥပဒေပြုမှု ကော်မတီ)
အလုပ်အမှုဆောင် (ဖခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းကြီး) <<< ပန်းရောင်ဝမ်းဆက်များ ၀တ်သည်။

*****
စာကြွင်း။ ။ Mr သပသ ၀တ္ထုရေး၍ တောင်းဆိုသော အချင်းချင်း ဖြစ်သည့်ကိစ္စအား ကျမ်းလေးမည် ဖြစ်သဖြင့် အချင်းချင်းသာ ညှိနှိုင်းကြရန် ဆိုင်းငံ့ထားလိုက်သည်။

ဖြည့်စွက်ချက်။ ။ အလယ်ခေတ်မှ စာရေးဆရာမ ဂျူး ရေးသားသည့် "ကြေမွသွားသော တိမ်တိုက်များ အကြောင်း" ၀တ္ထု ဇာတ်လမ်းမှ မြတ်စု အား ချစ်သူ ဖြစ်သူ ဖြူလေး မှ ပြန်လည် လက်မခံခဲ့သည့် ကိစ္စကို ယခု နှောင်းခေတ် ယောက်ျားသားများ အမြင်ရှင်းစေရန် အလို့ငှာ ဖြည့်စွက် ပြောကြားလိုသည်။

အနှီ မြတ်စု ဆိုသော အလယ်ခေတ်မှ ရှားပါး အားနွဲ့သူ ယောက်ျားသားသည် သူ မကျူးလွန်ခဲ့သည့် မြနှင်းဆီ အား သေကြောင်းကြံစည်သည့် ကိစ္စ အတွက်
အမှုမှ အမှန်အတိုင်း ကွင်းလုံးကျွတ် လွတ်ခဲ့ပြီ ဖြစ်သည်။ အကယ်၍များ ဖြူလေးက ပြန်လည် လက်ခံလိုက်လျှင်၊ သူ မပြုခဲ့သော အပြစ်အတွက်လည်း မခံရ၊ သူ ပြုခဲ့သော အပြစ်အတွက်လည်း မခံရဘဲ မြနှင်းဆီ နှင့် ရှုပ်ခဲ့ရခြင်းသည်သာလျှင် သူ့အတွက် အမြတ်ထွက်နေပေဦးမည်။

ထိုထိုသော အကြောင်းများကြောင့်သော်လည်းကောင်း၊ အလယ်ခေတ်မှ ဓလေ့ထုံးစံများ အရသော်လည်းကောင်း မြတ်စုသည် ဖွတ်မရ ဓားမဆုံး၊ လက်ထဲက ငှက်တစ်ကောင်ရော ခြုံထဲက ငှက်တစ်ကောင်ကိုရော လက်လွှတ်ခဲ့ရခြင်း ဖြစ်ပေသည်။ အလယ်ခေတ် မိန်းမများ၏ ဆုံးဖြတ်ပိုင်ခွင့်အရ အနိုင်ကျင့် ခံရခြင်း မဟုတ် ဟု ယနေ့ခေတ် အားနွဲ့ရှာသူ ယောက်ျားသားများ သံသယ ရှင်းစေရန် အလို့ငှာ ရေးသားဖြေရှင်း လိုက်ရပေသည်။

Wednesday, December 3, 2008

Me & My Old Citizen !



ယနေ့ နေသာ၏

ရာသီဥတု ပူသည်


မနက်စောစော နှိုးစက်မမြည်ပါ

၈ နာရီကျော်မှ အိပ်ရာက နိုးပါသည်


စီနီယာဆီ မက်ဆေ့ခ်ျ ပို့ပြီး တခေါက် ပြန်အိပ်၏

အလွန် ဇိမ်ရှိပါသည်


ရုံးက ခွင့်ယူ၍

ယခု အိမ်မှာ အနားယူနေသည်


(မနက်က ဓါတ်ခဲ အားကုန်ပြီး မအော်ခဲ့တဲ့ နာရီ အစုတ်ပလုတ်ပုံကို တင်လိုက်ပါတယ်။

မအော်ချင်ဦး )