လောလောဆယ် channel U က ကိုရီးယားကား "Brilliant Legacy" ကို ကြည့်ဖြစ်နေတယ်။ ဒီကို ရောက်ပြီးမှ ပထမဆုံး ကြည့်ဖြစ်တဲ့ tv ဇာတ်လမ်းတွဲ။ Xiao Huan ဆိုတာ အဲဒီထဲက မင်းသားကလေးရဲ့ နာမည်။ (တရုတ်သံနဲ့ ဖလှယ်ထားတယ်လို့ ထင်တယ်)
ကိုရီးယားကားတွေကတော့ ထုံးစံအတိုင်းပါပဲ။
ယုတ္တိမရှိတာတွေပါလည်း စိတ်ပါလက်ပါ ခွင့်လွှတ်ချင်လောက်အောင် တင်ပြပုံနဲ့ သရုပ်ဆောင်ကောင်းကြတယ်။ သူတို့ သရုပ်ဆောင်ကောင်းပုံက အကုန်လုံး သိပ်ဘက်ညီပြီး အပေးအယူမျှတယ် ဆိုရမယ်။ အဲဒီတော့ ဇွတ်အတင်း ဇာတ်လမ်းဆန်ထားတဲ့အပိုင်းတွေ ပြနေတာတောင် ကြည့်တဲ့လူမှာ အဲဒီဇွတ်တွေက မတိုးတော့ဘဲ သရုပ်ဆောင်တွေနဲ့ အပြနောက် ကောက်ကောက်ပါရတော့တာပဲ။
ဟိုမှာတည်းက tv မှာ လာသမျှ မကြည့်ဖြစ်ပေမယ့် ကြည့်မိသမျှမှာဆို ဇာတ်လမ်းအသွားတွေက ခပ်ဆင်ဆင်ပါပဲ။ ဥပမာ - ဇာတ်နာချင်ရင် ရုတ်တရက်ကြီး စီးပွားပျက်ပြတာမျိုး၊ ယုတ်မာတဲ့လူက ဇွတ်ကြီးကို ဉာဏ်ကစားပြီး အကွက်ဆင်၊ ခံရတဲ့လူကလည်း ဘာဆို ဘာမှ မသိ မရိပ်မိ။ တိုက်ဆိုင်ချင်ရင်လည်း ဇွတ်၊ တေ့လွဲချင်ရင်လည်း ဇွတ်။ တော်ချင်ရင်လည်း စွတ်တော်၊ ညံ့ချင်ရင်လည်း စွတ်ညံ့တွေရေးတဲ့ ဗမာပြည်က best seller ဇာတ်လမ်းတွေနဲ့တောင် ခပ်ဆင်ဆင်။ ဒါတွေကိုပဲ ပြကွက်လေးတွေကို အသေးစိတ် ဂရုစိုက်ပြီး နည်းမျိုးစုံနဲ့ပစ်တော့ ပရိသတ်မှာလည်း တည့်တည့်ထိပြန်တယ်။ (အမှန်တော့ သိသိကြီးနဲ့ အရူးလုပ်ခံနေကြတာ)
ကိုရီးယားမင်းသားတွေတော့... အင်းးး မကြိုက်လှဘူး။
တကယ် မကြိုက်ဘူးလား ဆိုတော့လည်း အင်းးး အဲလိုလည်း မဟုတ်ဘူး။
ကြည့်ရတာတော့ ကြိုက်ပါတယ်။ ကိုယ့်မျက်စေ့ထဲတော့ နွဲ့ကြတယ် ထင်တာပဲ။ မျက်နှာလေးတွေဆိုလည်း ချောလိုက်ထာ လွန်ရော။ သူတို့ ချောပုံက မိန်းကလေးဆန်ပြီး မိန်းမချောချောနေတာမျိုး။ (စိတ်ထဲမှာ ချောတယ်လို့ ထင်ရင်၊ အသားကလည်း ဖြူနေတယ်ဆိုရင်) ကိုယ့်ပေတံနဲ့ကိုယ်တိုင်းပြီး ယောက်ျားမပီသဘူးထဲ ထည့်ပစ်မိတယ်။ (ယောက်ျားလေးပါဆိုမှ ရုပ်ရည်လည်း နည်းနည်းတော့ ကြမ်းတမ်းဦးမှ၊ အသားကလည်း ညိုဦးမှပေါ့)
ခုကြည့်ဖြစ်နေတဲ့ ကားထဲမှာတော့ မင်းသား နှစ်ယောက်၊ မင်းသမီး နှစ်ယောက်။
ခေါင်းစဉ်တပ်ထားတဲ့ Xiao Huan ကတော့ အဓိကပေါ့။ ကိုးရီးယား စံနဲ့ဆို မင်းသားနှစ်ယောက်လုံး ရုပ်ခပ်ဆိုးဆိုးထဲပါတော့ စကြည့်တော့ တမျိုးတောင်ဖြစ်နေတယ်။ ဒါပေမဲ့ ဇာတ်က စဖွင့်ကတည်းက နာနေပြီ။ မရှောင်နိုင်တော့ဘူး။
Xiao Huan ဇာတ်ရုပ်က စားသောက်ဆိုင်တွေ အများကြီးဖွင့်ထားတဲ့ သူဌေးမကြီးရဲ့ တစ်ဦးတည်းသော မြေး။ သားသမီးကို အလိုလိုက်ဖို့ကလွဲပြီး ဘာမှ မသိနားမလည် အခြေခံမပါတဲ့ အမေဖြစ်သူရဲ့ မောက်မာတတ်တဲ့ စိတ်နှလုံးအေးစက်တဲ့ သား။ စစချင်း ဘေးပတ်ဝန်းကျင်နဲ့ ဆက်ဆံရာမှာ တော်တော်ကို စိတ်နှလုံး မနွေးထွေးနိုင်တဲ့ပုံ လုပ်ပြထားတာ ကြည့်ရတာကို စိတ်မသက်မသာဖြစ်လာစေတယ်။
ဥပမာ - US မှာ ကျောင်းတက်နေတုန်း အဘွားလုပ်သူက သူ့လုပ်ငန်းတွေအကြောင်း သင်ယူဖို့ ရုတ်တရက်ကြီး ပြန်ခေါ်လို့ ရောက်လာပြီး၊ ဆိုင်မန်နေဂျာနဲ့ ပြဿနာတက်တဲ့ အခန်း၊ မန်နေဂျာကို ဆွဲထိုးပြီး၊ လျော်ကြေးပစ်ပေးတဲ့ အခန်း။ မြေးအဘွားနှစ်ယောက် အတူရှိနေတုန်း အနီးကပ်သေချာကြည့်ပြီး လာနှုတ်ဆက်တဲ့ ဝန်ထမ်းအမျိုးသမီးကို မတူမတန်သလို တွန်းထုတ်တဲ့ အခန်း။ ကြည့်နေရင်းနဲ့တောင် ထရိုက်ချင်တယ်။ စိတ်ထဲ ဒီမင်းသားတော့ နောက်အခန်းတွေမှာ ဘာပုံစံလေး လုပ်ပြပြ ကြည့်မရတော့ဘူးလို့ပဲ။ သူ့အဘွားလုပ်သူနဲ့ အတူ ဒီကောင်လေးဟာတော့ ဘယ်လိုမှ ပြုပြင်လို့မရအောင် ပစ်လိုက်ရပါပြီလို့ ထင်လာမိတယ်။ ရုပ်က မရှိရတဲ့ကြားထဲ တင်းမာ အေးစက် ပြင်းထန် နှလုံးသား ခံစားချက်မရှိပုံ လုပ်ပြထားတာ မေတ္တာကို တော်တော်တုံးရော။ ဒါလည်း ဆက်ကြည့်တာပဲ။
အဲဒီထဲမှာ ဇာတ်ရုပ်တွေကလည်း အများကြီး၊ စရိုက်တွေကလည်း မျိုးစုံပါပဲ။ အားလုံးလည်း သူ့နေရာနဲ့သူ ကွက်တိဖြစ်အောင် လုပ်ပြသွားကြတယ်။ ဒါပေမဲ့ Xiao Huan နေရာကတော့ တမျိုးထူးခြားတယ်။ ဆိုခဲ့သလို အခြေအနေတွေနဲ့ အထပ်ထပ် အေးခဲနေတဲ့ ပုံစံကနေ တဆင့်ချင်း လျှော့ချ ပျော့ပျောင်းပြသွားရတာမျိုးဆိုတော့ ဇာတ်ကောင်စရိုက် တသမှတ်တည်း လုပ်ရတာထက်စာရင် ပိုခက်မယ် ထင်မိတယ်။ အဲလိုလုပ်ဖို့ ဇာတ်ကွက်လေးတွေက တဆင့်ချင်း ပံ့ပိုးပေးထားတာ၊ သူကလည်း အဲဒီအတိုင်း ပုံစံဝင်အောင် လုပ်နိုင်တာ အတော် ချီးကျူးစရာ၊ ကြည့်ရတာလည်း ဘဝင်ကျစရာ။
အစောပိုင်း လုံးဝ အေးခဲနေတဲ့ အနေအထားရယ်၊ နောက်ပိုင်းမှာတော့ အရာရာနားလည် မျှဝေတတ်လာတဲ့ စိတ်နှလုံးပူနွေးလာတဲ့ လူငယ်တစ်ယောက်အဖြစ်ကို ပီပီပြင်ပြင် ရောက်သွားပြီးချိန်ရယ်ထက် အဲဒီအခြေအနေနှစ်ခုကြား ဖြည့်ထားတဲ့ ဇာတ်ကွက်တွေမှာ ဟိုမရောက် ဒီမရောက် လွန်ဆွဲတဲ့ ကာလတွေက လုပ်ရပိုခက်မယ် ထင်တယ်။ ကြည့်ရတာလည်း ဒေါသထွက်ရမလို၊ ပြုံးရမလို၊ အမြင်ကပ်ရမလို၊ သနားရမလိုနဲ့ သူ ဖြစ်နေသလို ဟိုမရောက် ဒီမရောက်ဖြစ်နေတယ်။ အဲဒါ သရုပ်ဆောင်တဲ့သူသာမက ဇာတ်လမ်းဇာတ်ကွက် ဖန်တီးတဲ့သူနဲ့ ဒါရိုက်တာကလည်း အင်မတန် စေ့စပ်နိုင်လို့။
အဘွားလုပ်သူက တချက်လွှတ်အာဏာသုံးပြီး ကားပြန်သိမ်း၊ ခရက်ဒစ်ကဒ်ကစ ပြန်သိမ်း၊ ကိုရီးယားမှာ မနေချင်တော့ပါဘူး US ပဲ ပြန်ပါတော့မယ်ဆိုတော့လည်း ကိုယ့်စရိတ်နဲ့ကိုယ် သွားနိုင်ရင်သွား လုပ်လိုက်တော့ အားမတန် မာန်လျှော့ပြီး၊ အဘွားစားသောက်ဆိုင်မှာ ဘတ်စ်ကားစီးပြီး စားပွဲထိုးပြန်လုပ်ရ၊ သူ ထိုးခဲ့တဲ့ မန်နေဂျာရဲ့ ဘောင်အတွင်းကနေ ပညာပေးတာခံရ၊ သူပြောခဲ့ဖူးတဲ့ စကားနဲ့ ပြန်ထည့်တာ ခံရ၊ ဆိုင်ထဲဝင်လာတဲ့ customer တွေကို အပြုံးနဲ့ ဦးညွှတ်ကြိုဖို့ ဘယ်တုန်းကမှ ထုံးစံမရှိတဲ့ပုံစံနဲ့ ဆိုင်မှာလာစားသူတွေနဲ့ ပြဿနာတက်။ နေ့လည်စာစားချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဆိုင်မှာ မစားဘဲ တစ်ယောက်တည်း အပြင်ထွက်စားတဲ့ထိ တသီးတသန့်နေ။
အဲဒီကနေမှ တဖြည်းဖြည်းနဲ့ ဆိုင်ကလူတွေနဲ့ စားပွဲထိုးဘက် မင်းသမီးလေးက တွဲခေါ် သူကိုယ်တိုင်ကလည်း စိတ်မပါလက်မပါပေမယ့် မတတ်သာတဲ့အဆုံး လုပ်ရင်းကိုင်ရင်း အဆင်ပြေ သင်ယူနိုင်လာ။ လူ့လောကမှာ ဘယ်တုန်းကမှ လက်တွေ့ကျကျ အတွင်းကျကျ သဘာဝကျကျ လေ့လာမြင်တွေ့ခွင့်မရဘဲ အေးခဲနေတဲ့ စိတ်နှလုံးက တဖြည်းဖြည်း ပျော်ကျလာပြီး လူသားဆန်လာခဲ့။
ဒါပေမဲ့ အဲဒါကိုပဲ တချိန်လုံး အေးခဲနေခဲ့သူပီပီ (ဘယ်လောက် မောက်မာခဲ့လည်း ရိုးဖြောင့်တဲ့ စိတ်အခံနဲ့ လောကအတွေ့အကြုံ မပြည့်ဝခဲ့တော့) ပြောင်းလဲလာတဲ့ သူ့ခံစားချက်တွေကို သူကိုယ်တိုင်လည်း သေချာ ထိုးထွင်းမရိပ်မိတဲ့ပုံ၊ ငါ့စိတ်တွေ ဘာဖြစ်နေတာပါလိမ့်ဆိုတဲ့ အူကြောင်ကြောင်မျက်နှာထားနဲ့ အတွင်းက ကလေးဆန်ဆန်စိတ်ထားပါ ပေါ်လာအောင် သရုပ်ဆောင်ပြနိုင်ခဲ့တယ်။
တယောက်ယောက်အပေါ် ကောင်းပြပြီးရင်၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ team work တခုခု ဝင်လုပ်ပြီးရင် ကျေးဇူးတင်မခံရအောင် ခပ်တည်တည် လှည့်ထွက်လာတတ်တာ၊ ချီးကျူးစကားပြောရင် မနေတတ်မထိုင်တတ် မျက်နှာမထားတတ်သလို အသားမကျတဲ့ အူတူတူပုံစံမျိုးတွေက ကြည့်ရတာ အတော်သဘောတကျနဲ့ တဖြည်းဖြည်းနှစ်လိုလာပြီး သူ့ဘက်သားလုံးလုံး ဖြစ်သွားတော့တယ်။ သူ့ရဲ့ မချောလှတဲ့ ရုပ်ဆိုးဆိုး ကလေးဆန်ဆန် မျက်နှာပေးကိုလည်း ကြိုက်လာမိတယ်။
ဒီဇာတ်ရုပ်ကို ဖြည့်ပေးတဲ့ အကွက်လေးတွေကလည်း စေ့စပ်လှတယ်။ ဥပမာ - အပြင်မှာတယောက်တည်း စားလေ့ရှိတဲ့ သူ့ကို လက်ထဲ ပိုက်ဆံမရှိအောင်လုပ်ပြီး လုပ်ဖော်ကိုင်ဘက်တွေနဲ့ နေ့လည်စာ ဝင်စားခိုင်းတာ။ ကုမ္ပဏီနှစ်ပတ်လည်အတွက် ကြော်ညာစာရွက်တွေ လိုက်ကပ်ရတာ၊ အသက် 60 ကျော်လူကြီးတွေဆီ လိုက်ဖိတ်ရင်း အစီအစဉ်တွေ ရှင်းပြရတာ။ ပထမတော့ မင်းသမီးကလေးကပဲ ဦးဆောင်လုပ်သွားပြီး၊ နောက်တစ်ရက်မှာ သူကိုယ်တိုင် စိတ်ပါလက်ပါနဲ့ လူကြီးတွေကို ဖိတ်၊ အစီအစဉ်တွေ ဝင်ရှင်းပြနဲ့ အသက်ဝင်လာတာ။
အဲဒီအထိ အလုပ်မှာ စိတ်ပါတုန်းသာ လှုပ်ရှားနေပြီး ပြီးတာနဲ့ ချက်ချင်း စက်ရုပ်မျက်နှာလို ပြန်ဖြစ်သွား။
ဖြည့်ထားတဲ့ အကွက်တွေ အသေးစိတ်ပုံက...
အစပိုင်းမှာ စားပွဲထိုးရင်း သူ့ကြောင့် ဆိုင်မှာလာစားသူတစ်ယောက် အင်္ကျီ ဟင်းပေသွားတဲ့အခါ သူဌေးမြေးပုံစံနဲ့ မတောင်းပန်ဘဲ ပင်မင်းပေးပေးပါမယ် လို့ ပဲ ပြန်ပြောခဲ့ပြီး၊ နောက်ပိုင်း သူ ကျင့်သားရလာချိန် ဆိုင်မှာ လာစားတဲ့တစ်ယောက်က အနိုင်ကျင့်လို့ ချော်လဲ ပေကျံကုန်တဲ့အပြင် ရင့်ရင့်သီးသီး ဆက်ဆံတာ ခံရတဲ့အခါ ရာနှုန်းပြည့် မပြောင်းလဲရသေးတဲ့ စိတ်အခံနဲ့ ကြိတ်မှိတ် သည်းညည်းခံလိုက်ရတဲ့ အခန်း။
ကုမ္ပဏီနှစ်လည်အတွက် အစီအစဉ်တချို့ ထပ်ဖြည့်တဲ့အခါ သူအကြံပေးတော့ ကျန်လူတွေ သဘောကျပြီး ရယ်တဲ့အခါ မျက်နှာမထားတတ် ထောင့်တောင့်တောင့် ဖြစ်နေတာမျိုး။ အသက် 60 ကျော် လူကြီးတွေဆီ သွားဖိတ်ရတုန်းက သူ ရှင်းပြရတဲ့ အလှည့်မှာ အမျိုးသမီးကြီးတစ်ယောက်ကို "အဘွား အသက် 60 ကျော်ဆိုတာ ကျွန်တော် မယုံဘူး။ ကျွန်တော့်ကို အိုင်စီပြ" လို့ ကျီစားတာမျိုးလေး။ နောက် မင်းသမီးနဲ့ ကြော်ညာစာရွက်တွေ လိုက်ကပ်တဲ့အခန်း။ ဆိုင်မှာစားနေတဲ့ ကလေးတစ်ယောက်က သူ့ကို ဦးဦးခေါ်လို့ ကိုကို ခေါ်ရမယ် လို့ ပြောတဲ့ အခန်း။
နောက်ဆုံး ချောင်ကျကျ ရပ်ကွက်တစ်ခုက ဆင်းဆင်းရဲရဲနဲ့ မကျန်းမာတဲ့ ဇနီးသည်ကို ပြုစုနေရတဲ့ အဘိုးကြီးတစ်ယောက်က အော်ဒါမှာလို့ delivery လိုက်ပို့ရင်း သူ့ကို ထုတ်ပေးတဲ့ အိပ်ရာအောက်က ပိုက်ဆံအနွမ်းအကြေတွေနဲ့ အကြွေစေ့ကလေးတွေ၊ လာပို့ရတဲ့ စားပွဲထိုးကလေးကို ဘာ တစ်ပ်မန်းနီးမှ မပေးနိုင်လို့ သူ ငြင်းနေတဲ့ကြားက လမ်းမှာ စားဖို့ ထည့်ပေးလိုက်တဲ့ သကြားလုံးကလေး ၂ လုံး။ အိမ်ပြင်ရောက်မှ သူ ကရုဏာမကင်း ပြန်ကြည့်တဲ့အခါ... လူမမာဇနီးသည်ကို သူလာပို့တဲ့ စွတ်ပြုတ် တိုက်နေတဲ့ အဘိုးကြီး...
အဲဒီနောက်မှာတော့ သူ့ဆီမှာ အထပ်ထပ် ဖုံးထားတယ် ထင်ရတဲ့ အေးခဲတဲ့အလွှာတွေ အကုန်လုံး ပျော်ကျကုန်တော့တယ်။ ခုလောလောဆယ် ပြနေတဲ့ အပိုင်းတွေမှာ အဘွားလုပ်သူက ကောင်မလေးကို ညနေ အလုပ်ပြီးရင် အိမ်ခေါ်ခဲ့လို့ သူ့ကိုမှာတော့ ရုတ်တရက် အံ့အားသင့်ပြီး ကောင်မလေးနာမည်ကို ပြန်ရွတ်ပြီး confirm လုပ်သလို အဘွားကိုလှမ်းကြည့်၊ သဘောတွေ့သွားသလို မျက်လုံးလေးတွေချည်း ပြုံးလိုက်တဲ့အချိန်မှာတော့... ယုံပါတယ်။ ကြည့်နေတဲ့သူမှန်သမျှ အကုန် ကျဆုံးကုန်ကြမှာပဲ။
တကယ်တော့ တကားလုံးမှာ သူ့နေရာက အခက်ဆုံးပဲ။ မျက်နှာအမူအယာကို အတက်အကျ အမျိုးမျိုးနဲ့ လုပ်ပြရတာ။ သူ အတော် လုပ်နိုင်တယ်။
မူရင်းဇာတ်ကျောရိုးက အတင်း လုပ်ဇာတ်ဆန်တယ် ဆိုပေမဲ့ တကားလုံးမှာ အနုစိတ်ထည့်ထားတဲ့ အကွက်တွေကတော့ ကြည့်တဲ့သူတွေ ဘဝင်ခိုက်အောင် အတော် စေ့စပ်တာ အမှန်ပဲ။
ဟိုးရှေ့မှာ ပြထားတဲ့ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေကို နောက်ပိုင်းအခန်းမှာ အကွက်စေ့အောင် အံကိုက် ချိတ်ဆက် သုံးပြတတ်တာမျိုး။ ဥပမာ - အပြင်မှာ ပင်လယ်စာစားရင်း မင်းသမီးက သူ ဂုံးမစားဘူး ပြောတာကို နောက်ပိုင်း အကွက်တွေမှာ ပြန်ထည့်သုံးထားတာ။ ကုမ္ပဏီနှစ်လည်မှာ ဝန်ထမ်းအချင်းချင်း အမည်မဖော်ဘဲ ကဒ်ပြားလေးတွေနဲ့ တစ်ယောက်ကို တစ်ယောက် အကြံပေးစာလေးတွေ ရေးရတဲ့အခါ ဘယ်ကဒ်ပြားက စာကတော့ ဘယ်သူပေးတာ ဖြစ်မယ်လို့ အိမ်ရောက်မှ မှန်းကြည့်တဲ့အခန်းကို ပြထားပြီး၊ နောက်ပိုင်း နှစ်ယောက်သား တစ်ယောက်လက်ရေးကို တယောက် တနေရာမှာ မမျှော်လင့်ဘဲ တွေ့ကြတော့ အိမ်ပြန်ရောက်မှ ကဒ်ပြားလေးတွေ တစ်ခုချင်းနဲ့ ပြန်တိုက်ကြည့်ပြီး ဘယ်ကဒ်ပြားက သူ ရေးပေးခဲ့တာလေးဖြစ်မလဲ ပြန်ရှာကြတာမျိုး။
နောက် Xiao Huan အကြောင်း ရေးတာပေမယ့် အဲဒီထဲမှာ သဘောကျမိတာ Xiao Huan တို့အိမ်မှာ butler လုပ်တဲ့ သရုပ်ဆောင်တစ်ယောက်။ Xiao Huan အဘွားရဲ့ လူယုံတော်ဆိုလည်းဟုတ်။ သူ တကယ် ပို့ပေးရတဲ့ အခန်းက ခုချိန်ထိ နှစ်နေရာပဲ ရှိသေးတယ်။ Xiao Huan အဘွားကို ရုတ်တရက် ဆေးရုံတင်လိုက်ရပြီး ကိုမာဝင်နေရာက ပြန်ကောင်းလာပြီဆိုတာ သိလို့ ဆေးရုံမှာ လာတွေ့တော့ ဝမ်းနည်းဝမ်းသာ မျက်ရည်ကျတဲ့အခန်းရယ်။ ဆေးရုံကမှ ဆင်းမယ်မကြံသေးဘူး ကုမ္ပဏီမှာ ပြဿနာအကြီးအကျယ်တက်ပြီး အဘွားကြီးကို ကုမ္ပဏီဥက္ကဋ္ဌနေရာက ဖြုတ်ချဖို့ကြံတဲ့ ဒါရိုက်တာအစည်းအဝေးကို တက်ရတယ်။ အဲဒီနေရာကို ဆေးရုံက ဆင်းစ သူ့သခင်မကို သူ ကိုယ်တိုင် အခန်းဝထိ လိုက်ပို့ပြီး၊ သူ လိုက်ဝင်လို့ မဖြစ်နိုင်တဲ့ အစည်းအဝေးခန်းထဲ တစ်ယောက်တည်း ဝင်သွားတာကို ပူပန်စိတ်မချတဲ့ မျက်နှာထားနဲ့ လှမ်းကြည့်လိုက်တဲ့ အခန်း။ ခဏလေးပဲ။ တစ်ဇာတ်လုံးကိုလည်း သူ မပို့ရဘူး။ ဒါပေမဲ့ အဲဒီအခန်းတွေအတွက်တော့ တကယ့်ကို အသက်ဝင်တယ်။
သူတို့ဆီက သရုပ်ဆောင်တွေက အပို့ကလည်း အပို့မို့လို့ အရံကလည်း အရံမို့လို့ သိပ် ဘက်ညီတယ်။ Ghost ကားထဲမှာလည်း တကွက်။ Sam ရဲ့ ငွေတွေထုတ်ဖို့လုပ်ရင်း Whoopi Goldberg ဘဏ်မှာ စိတ်လှုပ်ရှား ပျာယာခတ်နေတော့ ဝန်ထမ်းအမျိုးသမီးကြီးတစ်ယောက်က "ဘာများ ဖြစ်တာပါလိမ့်" သဘောနဲ့ နားမလည်နိုင် စိတ်ရှုပ်တဲ့ အမူအယာနဲ့ မျက်မှောင်ကျုတ် ကြည့်ပေးလိုက်တာလေး။ သူတို့ဟာ လမ်းကြုံတွေ့ရတဲ့ အမူအယာမျိုးတောင် ဖြစ်မြောက်အောင်ထိ ပို့ပေးနိုင်တာ အမှန်ပဲ။
ဆိုင်လား မဆိုင်လားတော့ မသိဘူး။ သန်းတိုးအောင် သူတို့ခေတ်က ပြောဖူးတာ သတိရမိတယ်။
"မြန်မာဘောလုံးလောက အဆင့်မီဖို့ဆိုရင် ကျွန်တော်တို့ မျိုးလှိုင်ဝင်းတို့လောက်က အရံခုံမှာပဲ ထိုင်ရလောက်တဲ့လူတွေ ဖြစ်မှ" ဆိုတာ...။
***
ကိုရီးယားကားတွေမှာ မိသားစုပုံစံတွေ ဦးစားပေး ပြတတ်တာတော့ ကြိုက်မိတယ်။ တကယ်တမ်းတော့ ခုခေတ်မှာ သူတို့ကားတွေထဲကလို မဟုတ်တော့ဘူး ဆိုလည်းပဲ အဲဒီလို မိသားစုပုံစံမျိုးကို သူတို့ ပြန်တမ်းတ ဖြစ်စေချင်လို့ ရိုက်ပြတယ်ပဲ အောက်မေ့ရတယ်။ မကြိုက်တာကတော့ လက်ပါတာကို used to ဖြစ်တဲ့ ပုံစံမျိုးနဲ့ ပြတတ်တာပဲ။ ကောက်ကျစ်တာ လှည့်ဖျားတာတွေကတော့ ဇာတ်လမ်းသဘောဖြစ်တာရယ်၊ လူ့သဘောဖြစ်တာရယ်ကြောင့် ထူး မပြောလိုတော့ဘူး။ ဇာတ်လမ်းကို ဇာတ်လမ်းလိုပဲ ကြည့်တာကောင်းတယ်။
ကိုရီးယားကား မကြည့်ဖြစ်တာလည်း ကြာတော့ ခု ကြည့်မိတာ ကြိုက်ပါတယ်။ အဲဒီကား ခုထိလည်း မပြီးသေးဘူး။ Xiao Huan ကိုလည်း အတော် ကြိုက်နေမိတော့ ညနေ ဘာကိစ္စရှိရှိ အဲဒီကားမီဖို့လို့ ဝီရိယ စိုက်ထုတ်နေမိတယ်။ လွတ်များသွားရင် စိတ်တောင်မကောင်းဘူး။
***
တခုတော့ ရှိတယ်။ ကိုရီးယားဇာတ်လမ်းတွေ ဘယ်လောက် ဇာတ်ရုပ်ပီပြင်ပြီး ကောင်းတယ်ဆိုဆို ဇာတ်လမ်းက လုပ်ယူထားတာတွေဆိုတော့ ကြည့်တုန်း ခဏပဲ။ ကြည့်ပြီးတော့လည်း ဘာမှ မကျန်ခဲ့တာ အမှန်။ ဇာတ်လမ်းအားပြုတဲ့ ကားတွေဖြစ်လို့ နောက်ဘယ်နှစ်ခါ ထပ်ကြည့်ကြည့်ဆိုတဲ့ထဲ မပါတာလည်း အမှန်။ စုံထောက်ဝတ္ထုတွေလိုပေါ့။ ဇာတ်လမ်းသိပြီးသွားရင် နောက်တခါ ပြန်ဖတ် ဘယ်အရသာ ရှိတော့မလဲ။
***
ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကောင်းခန်း။ ဗီဇာလျှောက်ထားတာ ဖုန်းလှမ်းဆက်ရင်တောင် နောက်နေ့မှ လာယူတော့မယ် ပြောဖို့ ကြံထားတာ။ ခုထိတော့ မလာဘူး။ အေးတာပဲ။ အိမ်တန်းပြန်မယ်။
ပြီးခဲ့တဲ့ ရက်တွေတုန်းက ခိုင်းတော်မူထားတာတွေ လိုက်လုပ်ရင်း၊ လူကြုံလိုက်ပေးရရင်း နှစ်ရက်တောင် လွတ်သွားတယ်။ $10 ပိုရလိုက်တယ်ဆိုတော့ လွတ်သွားတဲ့ ၂ ရက်အတွက် တစ်ရက်ကို ငါးဒေါ်လာပေါ့။ တန်သလား ကိုယ့် Xiao Huan နဲ့ လဲဖို့။
***
♥ u Xiao Huan!
***
