Monday, September 13, 2010

ပြောချင်လို့ ပြောတာတွေ

Aung Phyoe
"ရေဆန်လမ်း" ဖတ်လို့ပြီးသွားပြီ ။ ဖတ်ရတာတော့ တော်တော်လေးတယ် ။ "နွေတစ်ည" လောက်မကြိုက်ပေမယ့် "မသိန်းရှင့်ဆီ ပို့ပေးပါ" ထက်တော့ ကြိုက်ပါတယ် ... အယူအဆ ရေးရာတွေတော့ နားရှုပ်ပေမယ့် ၊ စာရေးသူရဲ့ တိကျပြတ်သားတဲ့ ရည်ရွယ်ချက်အတွေးအခေါ် ( လုံးဝ ဥသုံ လက်မခံနိုင်သည့်တိုင်) ကို ပြီပြင်အောင်တင်ပြနိုင်တာကို နှစ်သက်မိတယ် ။
(like - me)

တော ကျောင်း ဆရာ
ခေတ်နဲ့ဆိုင်မယ်ပေါ့ဗျာ.. ဆိုကြပါစို့ သခင်ဘသောင်းရဲ့ လောကနိဗ္ဗာန် (The Fall of Titan by Igor Gouzwnk ) ပြန်ထွက်လာတော့ အခုခတ်မှာ ပြန်ဖတ်ရတာ ဖတ်မိတယ်ဆိုရုံပဲရှိတာ။ ဒီလိုပဲ ခြေလေးချောင်းတော်လှန်ရေး( Animal Farm by George Orwell) ပြန်ထွက်လာလည်း ရယ်စရာဝတ္ထုလို့တောင် သဘောထားမိမယ်လေ။

ဟိုခေတ်တုန်းကတော့ သခင်ဘသောင်းက သူ့အကြောင်းနဲ့သူ စိတ်နာ၊ နောက်တော့ ဒီစာအုပ်တွေပြန်၊ အဲ့ခေတ်က စီပီတွေက သူ့ဆိုလည်လှီးပြီး သတ်ချင်စိတ်ဖြစ်၊ အဲသလိုတွေရှိခဲ့ကြတာကိုး။ နိုင်ဝင်းဆွေလည်း အဲသလိုပဲ၊ ရေဆန်လမ်းတို့၊ မသိန်းရှင်တို့၊ နွေတညတို့၊ ဘ၀စာမျက်နှာတို့ အဲတာတာတွေကို ပြန်ထွက်လာလို့ ဒီနေ့အချိန်ခါရောက်မှ ဖတ်ဖူးမယ်ဆို၊ အဲလိုဖတ်ဖူးတဲ့သူတွေအတွက် အနည်းနဲ့အများဆိုသလို ဟာတာဖြစ်သလိုလို၊ ခုနေသလို ခံနေသလို ဖြစ်မှာအသေအချာပါပဲ။

စကားစပ်လို့ပဲဗျာ၊ မှတ်မိသေးတယ်၊ ခုလူငယ်တွေ အရမ်းကြိုက်ကြတဲ့ ဂျူးက ထက်မြက်နဲ့တွေ့တော့ .. အော် ... ရသကလောင်တစ်ချောင်းကို သတ်လိုက်တဲ့သူပါလား ဆိုတာ ပြောခဲ့ဖူးသတဲ့၊ နိုင်ဝင်းဆွေနဲ့ ပတ်သက်လို့ ဂျူးက အဲသလိုပြောခဲ့ဖူးတယ်လို့ နီးစပ်သူတွေဆီက ကြားခဲ့ဖူးတယ် ၊ ဂျူးကောင်းတယ်ဆိုတာက နိုင်ဝင်းဆွေကို မီမှမမီခဲ့တာကိုး (သူ့ခေတ်နဲ့ သူပြောပါတယ်)၊

ဂျူးက ထက်မြက်ကို ဘာလို့အဲသလိုပြောလဲဆိုတော့ နောက်ခံက ရှိပြန်တယ်၊ မိုကြိုမုန်တိုင်း ကိစ္စနဲ့ဆိုင်နေတယ်လေ၊ ဒီကိစ္စက ကံအကြောင်းမလှတဲ့ နိုင်ဝင်းဆွေအတွက် မောဟအမှားဖြစ်ခဲ့တယ်။ အမှားသိပေမယ့် အချိန်မမီလိုက်ခဲ့ဘူး။ ဒီနောက်ပိုင်းကာလတွေမှာ သူလည်း ကလောင်ရော၊ လူပါ နိဂုံးချုပ်သွားရတယ်။ နှမြောစရာပါပဲ။

ဆိုလိုချင်တာကတော့ဗျာ၊ သူ့ခေတ်ကရေးခဲ့တဲ့ နိုင်ဝင်းဆွေရဲ့ စာတွေဟာ ဒီဘက်ခေတ်မှာ ဖတ်မယ်ဆိုရင် သူ့အာဘော်ခြုံမိနိုင်ဖို အခက်အခဲရှိမယ်ဆိုတာပါ၊ ကျွန်တော်လည်း ဒီစာအုပ်တွေပြန်မထွက်ခင်တုန်းက မိတ္တူတွေဖတ်ဖူးတာ၊ နည်းနည်းတော့ အခက်အခဲတွေ့ခဲ့ဖူးတယ်၊ ပစ္စည်းမဲ့လူတန်းစားရဲ့ သရုပ်မှန်စာပေအနှစ်ကြီးတွေပဲလို့ စာဖတ်ဖူးတုန်းက သဘောထားမိတယ်၊ အခုချိန်မှာတော့ အဲ့ထက်ပိုသွားပါပြီ။ :)
(like - Aung Phyoe & Mg Yu Pie)

Aung Phyoe
နောက် တစ်ချိန်ချိန်မှာ ပြန်ဖတ်ဖို့ ကြိုးစားကြည့်မယ် ။ သခင်ဘသောင်း ရဲ့ လောကနိဗ္ဗာန် ကိုဖတ်ဖို့ ထုတ်ထားတယ် ။

နွေတစ်ည ကိုတော့ ရသမြတ်နိုးသူတိုင်း ခံစားနိုင်မယ်ထင်ပါတယ် ။ နိုင်ဝင်းဆွေဟာ နောက်ပိုင်းမှာ ဦးတည်ချက်လုံးဝပြောင်းသွား သလိုပဲ ။ လူတန်းစားအမြင် ပြင်းထန်လွန်းတယ် ။ "ဘဝစာမျက်နှာများ" မှာ 'အဆိပ်ပင်' ဆိုပြီး ခင်နှင်းယုကို တိုက်ခိုက်ထားတာ ... ၊ အဲဒါဖတ်တုန်းက တစ်မျိုးပဲ ဘာကြောင့်လည်းပေါ့ ။ ခု ရေဆန်လမ်း ကိုဖတ်မိမှ သူ့စာပေအမြင်ကို ရေးရေးသဘောပေါက်မိတယ်။

Me
ခေတ်ကွာတာနဲ့ ဖတ်တဲ့လူအတွက် အနှစ်သာရကွာတယ်ဆိုတာကိုက အနုပညာမှာ ဝါဒရေးရာသွင်းထားတာကြောင့်လို့ ထင်မိတယ်။ အနုပညာ သက်သက် မဟုတ်လို့။ ဆိုလိုတာက အနုပညာက media အဖြစ် အသုံးချခံရလို့။

ဥပမာ - မိုးမိုး (အင်းလျား) အိမ်ထောင်ရေးဝတ္ထုတွေ ဖတ်ရတဲ့အခါမှာ သူတို့ခေတ်က ကိုယ်မသိ မမီလိုက်ရတဲ့ အကြောင်းအရာတွေပါလားဆို ဖတ်တဲ့လူက စိတ်ဝင်တစား ဖတ်မိလိမ့်မယ်။

မိုးမိုး ဝတ္ထုမျိုး မကြိုက်ဘူးဆိုတဲ့သူကတော့ အိမ်ထောင်ရေး ဘဝသရုပ်ဖော်ကို ကြိုက်ကို မကြိုက်တတ်လို့ မကြိုက်တာပဲ ဖြစ်မှာပေါ့။ (ကိုယ်တိုင်လည်း သူ့ဝတ္ထုတွေ ကြိုက်လှတယ် မဟုတ်ပါဘူး)

Bo
စာဖတ်သူရဲ့ စာဖတ်အား၊ ဓာတ်ခံတိမ်းညွတ်မှုပေါ် မူတည်ပီး ခံစားချက်တွေ ကွာသွားမယ်ထင်ပါတယ်။ လူအများစုဘဝအခြေအနေကတော့ မသိန်းရှင်၊ ရေဆန်လမ်းတွေ၊ မိုးမိုးနဲ့ မစန္ဒာစာတွေခေတ်ကနဲ့ တယ်မထူးလှသေးပါဘူး။

ဂျူးကတော့ ကြည်အေးလောက် အော်သန်တစ်ဖြစ်တယ်မထင်ဘူး၊ ဖတ်ဖူးတဲ့စာတိုပေစတွေနဲ့ လေလုံးကြီးကြီးတွေ ရောမွှေထားတဲ့ ဘတ်ဆဲလားတမျိုးလို့ပဲ မြင်တယ်။ အတိုတွေကတော့ ကောင်းတယ်။

Me
ကိုယ်ပြောတာက မိုးမိုး တို့ရေးတာမှာ ဝါဒရေးရာ မပါဘူးလို့ ပြောချင်တာပါ။ သူတို့ကို အနုပညာသက်သက် တင်ပြတယ်လို့ မြင်မိတယ်။ ဒီတော့ သူတို့ကို မကြိုက်ဘူးဆိုရင် သူတို့ရေးတဲ့လိုင်းမျိုးကို မကြိုက်လို့ မကြိုက်တာ။ နိုင်ဝင်းဆွေကိုကျ ဝါဒရေးရာကို အနုပညာနဲ့ ရောပြထားလို့ကို ခေတ်ကွာလာတာနဲ့ အမျှ ဖတ်တဲ့လူနဲ့ ခံစားမှု အဟပ်က ကွာတာ။

မိုးမိုး (အင်းလျား) မှာကျတော့ ကြိုက်ပြီဆို ခေတ်ကွာတာ ဖတ်ရတာကိုက အရသာ ဖြစ်မှာ။ မကြိုက်ရင်တော့ ခေတ်ကြောင့်မဟုတ်ဘူး။ သူတို့ရေးတာမျိုးကို ဖတ်တဲ့လူက မကြိုက်လို့ပဲ။

Aung Phyoe
ဂျူးဟာ အော်ရီဂျင်နယ် မဟုတ်တာတော့ အမှန်ပဲ .. ဒါပေမယ့် မှီးတယ်လို့လဲပြောလို့ မရဘူး .. သူကကြိုက်တဲ့ ဝတ္ထုတစ်ပုဒ်ရဲ့ အီမိုးရှင်း ကိုပဲ ယူတာကို ..။

Me
ဒီလို ပြောကြေးဆိုရင်တော့ ဘယ်သူမှ မလွတ်တော့ဘူး။
=)

ဥပမာ - မီ ဟာ မေ ကနေ လာတယ်လို့ ကိုယ်က ထင်တာကိုး။
(မီ ကို မှီးတယ်ဆိုတဲ့စာအုပ်လည်း မဖတ်ဖူးပါဘူး)

Aung Phyoe
မီ က အမေရိကန် ရုပ်ရှင်ရှိတယ် ... နာမယ်မမှတ်မိလို့ ။ ဝန်ခံထားတယ် .... ။

(မှတ်ချက်။ စာအုပ်ပါရှိတယ်။ မီ အမှာစာမှာ ဒဂုန်တာရာ ထည့်ရေးထားတယ်။ ရုပ်ရှင်နဲ့ စာအုပ် နာမည်တူတူပဲ)

Bo
http://en.wikipedia.org/wiki/Dead_Reckoning_%28film%29

http://www.youtube.com/watch?v=5IznfnWzVPQ

Aung Phyoe
ကျေးဇူး ဆရာဘို ၊ မေ့နေတာ ရုပ်ရှင်နာမည်ကို

Bo
မိုးမိုးက မဆလ NLD မှာ တာဝန်ထမ်းခဲ့တဲ့ စာရေးဆရာပဲ။ အထွေထွေကျပ်တည်းမှုကို သူ့ပုံစံနဲ့သူတင်ပြတယ်ပဲမြင်တယ်။ သိပ်ဖီလင်မလာတာတော့ ရေးဟန်တွေပြောင်းတာလဲပါမယ်။ ခေတ်လူနေမှု စီးပွားရေးပုံစံကလဲ ကွာသွားပီ။

ဝါဒရေးတွေ မလည်ဝယ်တာတော့ မြန်မာပြည်မှာ နိုင်ငံရေးစိတ်ဝင်စားမှု ကျတာနဲ့လဲဆိုင်မယ်။ စာရေးဆရာက နိုင်ငံရေး၊ ဒဿန၊ သမိုင်း၊ လူမှုဗေဒ၊ စိတ္တဗေဒ သိပ္ပံ ဘက်စုံအောင် ဖတ်လေ ပိုထက်လေ ရေးကွက်များလေပဲ။ အနုပညာမြောက်တာ ဘာနဲ့တိုင်းလဲတော့မသိဘူး။
(like - Mg Yu Pie)

Me
‎(အနုပညာမြောက်တာ ဘာနဲ့တိုင်းလဲတော့မသိဘူး။)
ဟုတ်တယ် ကိုယ်လည်း မသိဘူး။

ဒါပေမဲ့ ဖျတ်ခနဲ ဦးသုခ ရိုက်တဲ့ အသုံးလုံးကားကို သွားသတိရတယ်။
(like - Bo)

(မှတ်ချက်။ "ဘယ်သူပြိုင်လို့ လှပါတော့နိုင်"။ တကယ်တော့ အဲဒါ မဆလခေတ်က ဝါဒဖြန့်တဲ့ကားပဲ)

Aung Phyoe
ကျတော်ကတော့ ကိုယ့်ရဲ့ ခံစားမှုနဲ့ပဲတိုင်းတယ် .. သူ့ရဲ့ ဖန်တီးမှုအပေါ် ကိုယ်ဘယ်လောက် ပူးဝင်ခံစားနိုင်သလဲပေါ့ .... ၊ နည်းလမ်းမှန်မမှန်တော့ မသိဘူး ။

Me
စိတ္တဗေဒ ဆိုလို့ အဲဒါကို စိတ်ဝင်စားတယ်။
တဆက်တည်း ပြောရရင် တက္ကသိုလ်ဘုန်းနိုင် ဝတ္ထုတွေ ကိုယ် မစွဲဘူး။ ဘာလို့ဆို ဇာတ်ကောင်စရိုက်တွေ သေ နေတယ်လို့ ထင်လို့။ စာရေးဆရာက ဝင်ပါပေးရတဲ့ စရိုက်တွေလို့ ထင်တယ်။
(like - Bo)

Me
တကယ်တော့ နိုင်ဝင်းဆွေကို တအုပ်မှ မဖတ်ဖူးဘဲနဲ့ ဝင်ပြောနေတာ အတော်တော့ ဂွကျတယ်။

Mg Yu Pie
ဆရာဘို...အဲလောက် အမှန်တိုင်းကြီးတွေပြောနဲ့လေ..း )
ဆရာမကြီးတောင် အနှီသို့ဆိုရင် ဆရာမကြီးကိုစုတုပြုပြီးထွက်လာတဲ့ နောက်ပိုင်း ဘုစုခရု (ဆေးကျောင်းတော့ရောက်ပြီ မထူးပါဘူး..ဘတ်ဆဲလာလေးဖြစ်အောင်လုပ်အုံးမှဆိုတဲ့ ရည်မှန်းချက်မျိုးရှိတဲ့) ဆရာမလေးတွေ တပြုံကြီး လှဲသေလိုက်ဖို့ပဲ ရှိတယ်။ : P
(like - Aung Phyoe & Bo)

Mg Yu Pie
အို ဘုရားရေ..မောင်တို့ယောက်ျားတွေရဲ့အတ္တကတော့ ကျွန်မသီးမခံနိုင်အောင်ပါပဲ။ မိုးမြင့်ထိပ်ခေါင် ကုမ္ပဏီမှာလုပ်နေတဲ့ ဦးထွဋ်ခေါင်အုပ်စိုးနေမင်းကျော်စွာထက်မြက်သိမ်းပိုက်ဆိုတာ ကျွန်မရဲ့ မောင်ဆိုတာ လေ။ ဟင်း ဟင်း ဒါပေမယ့် ကျွန်မကလည်း နွယ်ပင်တိမ်တိုက်လမင်းသက်တံ့ခင်ခင်ကြီးပဲလေ..ကျွန်မကိုတော့ လွယ်လွယ်သိမ်းပိုက်လို့ ရမယ်မထင်လိုက်ပါနဲ့ မောင်....စသဖြင့် စသဖြင့် ယနေ့ဘတ်ဆဲလာဘုတ်အုတ်လေးတွေမှာ လွမ်းမိုးဆဲဖြစ်သလို ဒီဘုတ်အုတ်တွေကို ဓါတ်ရှင်ဗီဒီယို ပြန်ရိုက်ကြတဲ့အခါ နဂိုကမှ စာပေ၀မ်းစာနည်းကျသည့် ယနေ့လူငယ်မျိုးဆက်အတွက် မတွေးဝံ့စရာပါလေ။
(like - Aung Phyoe & Bo)

Aung Phyoe
LOL :D

Bo
အို ဘုရားရေ လား အို ကုလားရေ လား :-)

Me
ဘက်ဆဲလားတွေ ဘာလို့ အဲလိုစာမျိုးရေးတာလဲဆိုတာ ကိုယ်နားလည်နိုင်တယ်။ နားမလည်နိုင်တာက ယောက်ျားကြီးတွေက သူတို့ကို ဘာလို့ လိုက်ဆော်နေကြတာလဲ ဆိုတာပဲ။

I think it may be Jealous!

LOL
=D

MYP ကို ပြောတာ မဟုတ်ပါဘူး။ စာနယ်ဇင်းတွေထဲ အရင်တည်းက ကြုံဖူးလို့ပါ။ လွှတ်ထားလိုက်လို့ မရဘူးလား။ ဘာမှလည်း အရေးကြီးတာမဟုတ်ဘူး။
=)

Bo
ကြီးတာပေါ့ ဗမာပြည်မှာ ဒီလိုစာဆိုးစာညံ့တွေပဲ ကျန်အောင် တုံးသထက်တုံး ချာသထက်ချာအောင် စနစ်တကျလုပ်ခဲ့တာပဲ။ သခင်ကိုယ်တော်မှိုင်း မင်းသုဝဏ် ဇေယျ ဒဂုန်တာရာ မောင်စွမ်းရည် ဒေါ်အမာ ကစပီး ခေတ်အဆက်ဆက် ဒါမျိုးတွေအန္တရာယ်ကို သတိပေးခဲ့တာပဲ။ ဘတ်ဆဲလားက တမူးတန်ခေတ်အဆက်ပဲ။ မြမျိုးလွင် တက်ထွန်း တင့်တယ် ဝင်းဦး မောင်သာရ ဘုန်းနိုင်စတဲ့ အထီးတွေ စခဲ့တာပဲ။ ဂျန်ဒါနဲ့ မဆိုင်ပါ။
(like - KTZ)

Me
ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စနစ်တကျလုပ်ခဲ့တယ်ပဲ ထားပါဦး။
စနစ်ပြောင်းလဲ ရှိနေမှာပဲ။ အနည်းအများတော့ ကွာနိုင်တယ်။ (ကွာချင်မှလည်း ကွာမယ်) နောက် သူတို့ကို ဝေဖန်တဲ့စာတွေကိုယ်၌က ဝေဖန်တာနဲ့ မတူဘဲ ကလိသလိုလို ရိသလိုလိုဖြစ်နေတာ။ လှောင်သလိုလို ပြောင်သလိုလို လေသံ။

လူကြီးတွေပြောတာကတော့ တပိုင်းပါ။
ကိုယ်ပြောတာက စာနယ်ဇင်းမှာ တွေ့ရများတဲ့ အဲဒီစာတွေကို ဝေဖန်တဲ့ပုံစံကို အဓိက ပြောချင်တာ။

နောက်တခုက အဲဒီစာရေးသူတွေကို တားဖို့ ပိတ်ပင်ဖို့ ဆော်ဖို့ ကလော်ဖို့ထက် စာဖတ်သူကို ဖွင့်ပေးနိုင်ဖို့ပဲလိုတာလို့ ထင်တယ်။

ကိုယ့်အထင်ပါပဲ။ ကိုယ့်အတွက်တော့ မှန်တယ်။

Mg Yu Pie
ဟီးဟီး...အဲဒါ ပုရိသကြီးဘက်ကနေ လိုက်ဆော်တာဟုတ်ပါဘူး၊ ကနေ့ လူငယ်တွေလမ်းမှားသွားနိုင်တဲ့ Pop art ရဲ့အစွယ်အပွားတစ်ခုကို ထောက်ပြတာပါ၊ Jနဲ့လည်းဆိုင်ပါဘူးဂျာ..

သမိုင်းစဉ်ဆက်အမျိုးသမီးစာဆိုတွေထဲကလည်း respect ထားရတာတွေအများကြီးပါ.. ဒေါ်မိုးမိုးရဲ့အတိုပေါင်းချုပ်တွေတစ်အုပ်မကျန်ဖတ်ခဲ့သလို ဂျူးရဲ့ချစ်သူရေးသောကျွန်မညတို့ ဟို ပန်းချီကားတွေပါတဲ့အတိုပေါင်းချုပ်တို့ဆိုရင် လေ့လာတဲ့အနေနဲ့တောင်ဖတ်ရှုခဲ့ရပါတယ်ခင်ဗျာ။

အထက်မှာပြောတဲ့ မီးကျိုးမောင်းပျက်ဒတ်သနတွေ အရူးအတွေးတွေကို ရိုးအတဲ့လူငယ်မျိုးဆက်တွေ မှိုင်းမိအောင်မလုပ်ဖို့တော့ (အဲလိုပြောရတာက အဲလိုကောင်လေး ကောင်မလေးတွေ အပြင်မှာတွေ့တွေ့နေရလို့) အရေးကြီးတယ်လို့ ကျွန်တော်တော့ ထင်ပါရဲ့ခင်ဗျာ။

Me
ကိုယ်ကလဲ Gender ကို မမြင်ပါဘူး။
ဂျူးကို ယောက်ျားတွေ ဝိုင်းပြောကြသလို ဆိုတာမျိုးတောင် မမြင်ပါဘူး။

ဒါပေမဲ့ အဲဒီ ဘက်ဆဲလားဆိုတာတွေက မိန်းမတွေ အများဖြစ်ပြီး ကလိတိတိရိတိတိ ရေးတဲ့ ဆရာတွေက ယောက်ျားတွေ အများဖြစ်နေတာကို မြင်နေရလို့။ ကြည့်မကောင်းဘူး။

တကယ်တော့ မင်းခိုက်စိုးစန် ဂျွန်စတိုင်းဘက် ဝတ္ထုကိုလားမသိ ဘာမှ အညွှန်းမထည့်ဘဲ ဟိုခုတ်ဒီထစ်လုပ်ပြီး ပါးပါးလှီး ဝတ္ထုရေးသွားတာမျိုး ဝိုင်းဆော်ပါ့လား။ ကြည့်ကောင်းတာပေါ့။

=)

Bo
ကိုလိုနီခေတ်ကနေ ခုထိ အစိုးရစာပေပေါ်လစီက အပြောင်းအလဲမရှိပါဘူး။ အပြာသာသာစာတွေကို ဆော်တာတော့ ဘယ်ပုံနဲ့ဆော်တယ်ဆိုတာက အဓိကမကျပါဘူး။ ဝေဖန်ရေးဆရာတွေပြောလို့ ဖိနှိပ်တယ်လဲ မကြားမိပါဘူး။ သိသိကြီးနဲ့ လွှတ်ထားတာပဲ။ ခုဆို သရဲဝတ္ထုပါ ပြန်ခေတ်ထနေပီပဲ။ ဒီလိုစာပေဖာသည်တွေကို ဘယ်သူကမှ မနာလိုစရာမရှိပါဘူး။

Bo
သူတို့အများစုကို ရှဲဒိုးရေးပေးတာ ယောက်ျားတွေပဲ။ သူတို့ကို ဝေဖန်တာ သူတို့ ပြန်ရေးခွင့်ရှိတာပဲ။ စာမှ သေချာ မရေးတတ်တာ။
(like - me)

Me
(ဝေဖန်ရေးဆရာတွေပြောလို့ ဖိနှိပ်တယ်လဲ မကြားမိပါဘူး)

အဲဒီစာတွေ အရေးမပါတာတော့ လက်ခံပါတယ်။
ဒါပေမဲ့ ဖိနှိပ်တယ်ဆိုတာရော လိုအပ်လို့လား။

အဲဒါ ဖတ်တဲ့သူဘက်က ရွေးပါစေပေါ့။

နောက် ဆော်တယ်ဖြစ်စေ၊ ဝေဖန်တယ်ဖြစ်စေ၊ ဘယ်ပုံဘယ်နည်းဆိုတာ ကိုယ့်အတွက်တော့ လိုတယ်။

နိုင်ငံရေးနဲ့ ပတ်သတ်လို့ ကိုယ်အမြဲပြောတဲ့စကားရှိတယ်။
ဆန့်ကျင်တာခြင်းတူတာတစ်ခုတည်းနဲ့ ဘယ်တော့မှ တသားတည်းမဖြစ်နိုင်တာတွေ ရှိတယ် ဆိုတာ။

ဘယ်အရာအတွက် ဘယ်ရည်ရွယ်ချက်အတွက်ဖြစ်ဖြစ် ဘယ်ပုံဘယ်နည်းသုံးတယ်ဆိုတာ ကိုယ့်အတွက်ကတော့ အရေးကြီးတယ်။

Me
နောက်တခုက မနာလိုမှု။

တချို့ကိစ္စတွေ ကိုယ့်စိတ်နဲ့ နှိုင်းပြောလို့မရဘူး။ (ဆိုလိုတာက Bo က ဒါမျိုးတွေကို မနာလို မဖြစ်တာနဲ့ ကျန်တဲ့လူတွေကလည်း မနာလို မဖြစ်ပါဘူး လို့ ပြောမရဘူး)

ဂျူးနဲ့ နုနုရည်ကို နယ်က စာပေဟောပြောပွဲမှာ အရေခွံခွာပြီး ဟောပြောသွားကြတဲ့ ထိပ်တန်းကျောင်းထွက် ထိပ်တန်းစာရေးဆရာကြီးတွေ အလယ်တန်းတုန်းက မြင်ခဲ့ဖူးလို့။ စာပေသက်သက် ဝေဖန်တယ်ဆို မပြောလိုပါဘူး။ ကိုယ်ရေးကိုယ်တာထိ ပရိသတ်တွေရှေ့မှာ၊ ကာယကံရှင်တွေ ကွယ်ရာမှာ။ သူတို့ကတော့ စာဖတ်သူတွေကို လမ်းပြရမယ်၊ စေတနာထားရမယ်၊ ပြုပြင်ရမယ် ဘာမယ်ညာမယ်တွေ ကိုင်ပြောတာပေါ့။ ကိုယ်ကတော့ ကိုယ့်ပြုပြင်ချင်တဲ့၊ စာတအုပ်ဖတ်ပြီး လမ်းမှားလိုက်သွားမယ်အထင်ရှိတဲ့ စာရေးဆရာမျိုး မနှစ်သက်တာ အမှန်ပဲ။
(like - Bo)

(မှတ်ချက်။ လက်ရှိ တစ်လ တစ်အုပ်မက ထုတ်နေတဲ့ စာရေးဆရာမတွေကနေ ဂျူးနဲ့ နုနုရည် ဂုဏ်သရေရှိ စာရေးဆရာရင့်မကြီးများရဲ့ အဆော်ခံရတဲ့အကြောင်း ချော်ပြီး ရောက်သွားတယ်)

Bo
ဘတ်ဆဲလားပရိသတ်ကတော့ အဲဒိဝေဖန်ရေးတွေ အရေးလုပ်ဖတ် မထင်ပေါင်ဗျာ :D

Me
(ဘို Bo ဘတ်ဆဲလားပရိသတ်ကတော့ အဲဒိဝေဖန်ရေးတွေ အရေးလုပ်ဖတ် မထင်ပေါင်ဗျာ :D)

အဲဒါကြောင့် အရေးမကြီးဘူး ပြောတာပေါ့။
ဝေဖန်လည်း အဖက်မလုပ်မယ့်ဟာကို ဘာလို့ စာရွက်ကုန်အောင် ဖြုန်းတီးမလဲ။

Bo
မဂျူးကို တက်ခါစက ဝိုင်းအုပ်တာ အဲ့ဒါကြောင့် ပိုနာမည်ကြီးသွားတယ်ထင်တယ်။ သူကလဲ အရည်အချင်းရှိတာကိုး။ နောက်ပိုင်းကျမှ ရှိတာထက် ပိုမြောက်သွားတာကတပိုင်းပေါ့။
အဲလို အဘိဇ္ဈာများလို့ လုံးချင်းလောကမှာ ယောကျာ်းတွေ မအောင်မြင်တာထင်တယ်း)

အောင်ဖြိုးရေ အစွမ်းပြတော့ ဟိ

Bo
လောကနိဗ္ဗာန်က သံရုံးစာအုပ်ကြီးပဲ ဗမာ့ခေတ်ကရိုက်တာ။ ခြေလေးချောင်းကလေးကြိုက်ထက် ၁၉၈၄က ပိုမိုက်ပါတယ်။

Me
အမယ် အဲဒါ တက်ခါစတောင် မဟုတ်ဘူး။ 1994 လောက်ဆိုတော့ ပီပီပြင်ပြင် ဖြစ်နေပြီ။
လုံးချင်းလောကမှာ ယောက်ျားတွေ မအောင်မြင်တာ ဘာလို့တော့ မသိဘူး။

(မှတ်ချက်။ အမျိုးသားစာရေးဆရာများ အမျိုးသမီးစာရေးသူများလောက် စန်းမထ ခေတ်မထသည်ကို ဆိုလိုသည်)
ယောက်ျားတွေက ဇာတ်ကောင်စရိုက်ကို မိန်းမတွေလောက် မနိုင်နင်းတာတော့ အမှန်ပဲ။

Bo
မိန်းမတွေ အရက်သောက်ရင်လဲ ကျသွားမှာဗျ မဂျူးကို အပြင်းတိုက်မှး)
(like - me)

Me
အရက်ကြောင့်တခုတည်းလည်း မဟုတ်ဘူး။
နီကိုရဲ မင်းလူ ဇာတ်ကောင်စရိုက်တွေ ကောင်းပါတယ်။ ဒါပေမဲ့ တလိုင်းလောက်ပဲ ရတယ်။ ကျန်တာဆို စဉ်းစားကြည့်လို့တောင် ပေါ်မလာဘူး။
မိန်းမတွေ စဉ်းစားလိုက်ရင် ဆုံးတောင် ဆုံးမယ်မထင်ဘူး။

နိုင်ဝင်းဆွေကျတော့လည်း မဖတ်ဖြစ်သေးဘူး။

တော ကျောင်း ဆရာ
ဝေဖန်တာကို အဖက်မလုပ်လည်း ရေးသင့်ရင် ရေးရမှာပဲ၊ မှိုင်းတိုက်တာလို့ ထင်ရင် မှိုင်းတိုက်တယ်လို့ မှတ်တမ်းတင်ထားရမှာပဲ၊ ဒီမှာတော့ စုတုပြု ၀ဲဂယက်က မထွက်နိုင်သေးတော့ စာပေအကြောင်းပြောရင် ဝေဖန်တယ်ဆိုတာက အမြင့်ဆုံးလိုဖြစ်နေတယ် ၊ ဝေဖန်ရေးဆိုခေါင်းစဉ်တပ် ပုဂ္ဂိုလ်ထိုးနှက်မှု ရောထွေးမှာလည်း ရှိမှာပဲ၊ ခက်တာက မြန်မာစာပေဆိုတာက ဘယ်က ဘယ်လိုစတယ် ဘယ်လိုပြောကြမှာလဲ၊ မြုပ်ကွက်တွေက အများကြီး၊ ပျော့ကွက်တွေက အများကြီး၊ ငါတောင်မပြင်ရက်လို့ ဒီအတိုင်းထားတယ်ဆိုတဲ့ အတွေးအခေါ်က လက်တွေ့မကျဘူး၊ မှားနေတာကို ထုံးအိုးထဲ နှစ်ပြီး ခပ်ရဲရဲ ပြောရဲတဲ့သူတွေ ရှိနေရမယ်၊

စာပေအဆင့်ပိုမြင့်လာမယ်ဆိုရင်တော့ ဖန်တီးမှုက အရင်လာသလား၊ သီဝရီက အရင်လာသလား အဲတာဆက်ပြောကြမယ် ထင်တယ်၊ ခုတော့ ဘုရားပွဲက ရဟတ်ကြီးလို တကျွိကျွိမြည်သံဆွဲ လည်နေကြတုန်း၊ ဘေးကိုမကြည့်ပဲ ဟောင်းနွမ်းရဟတ်ကြီးကို ဇိမ်ခံစီးသူတွေက စီးနေကြတုန်း၊ ရိုလာကိုစတာစီးဖို့စိတ်ကူးယဉ်ပြီး ရဟတ်တစ်ပတ်နွမ်းကို သံယောဇဉ်တွယ်သူတွေက တွယ်နေကြတုန်း၊

အိုဘယ့်.. မြန်မာစာပေ၊ ဆုတ်ယုတ်တာကို ခေတ်တစ်ခုတည်းကြောင့်လို့ ပြောမရပြန်ဘူး၊ အာဖရိကက၊ တရုတ်က လူတွေတောင် ဘယ်ခရီးရောက်နေကြပြီလဲ၊ ဒါလေးတွေးမိတယ်။
(like - Bo)

Me
‎(ဝေဖန်တာကို အဖက်မလုပ်လည်း ရေးသင့်ရင် ရေးရမှာပဲ)
ရေးသင့်တဲ့ ပုံစံနဲ့ ရေးရင် ကောင်းပါတယ်။

(မှိုင်းတိုက်တာလို့ ထင်ရင် မှိုင်းတိုက်တယ်လို့ မှတ်တမ်းတင်ထားရမှာပဲ)
ကိုယ်ကတော့ သူတို့ မှိုင်းတိုက်တတ်တယ်လို့တောင် မထင်တာ။
အဓိကက စာဖတ်သူပဲ လို့ ထင်တယ်။ အဲဒီစာတွေကို ဖယ်လိုက်ဖို့ထက် စာဖတ်သူကို ဖယ်တတ်အောင် လုပ်ဖို့ပဲ။

ဒါပေမဲ့ အဲဒီစာတွေကို ဝေဖန်ရေးရေးတဲ့လူတွေကိုက အဲဒီစာတွေ အဆင့်လောက်ပဲ လိုက်ရေးနေတယ်။

Aung Phyoe
ယောက်ျားစာရေးဆရာတွေထဲမှာ လုံးချင်းရေးတာ ကြိုက်တာ "သိန်းဖေမြင့်" ပဲရှိတယ် .. မိန်းမစာရေးဆရာတွေကတော့ အများကြီး ၊ ခင်ခင်ထူးနဲ့ နေဝင်းမြင့်တောင် မတူဘူး ... လင်မယားချင်း ရန်တိုက်ပေးမှာပဲ .. "မအိမ်ကံ" နဲ့ "တိမ်တောင်ပျော်ပိုက်" ရွှေမှာလစဉ်ပါတာချင်းတောင် မျှော်ရတာ မတူဘူး :D

(like - Bo)

တော ကျောင်း ဆရာ
အရာအားလုံးတန်းတူညီမျှ မရှိနိုင်ဆိုတဲ့ စကားရှိတယ်၊ ခေါင်းဆောင်ကြီးက ခေါင်းဆောင်ကြီးပဲ၊ လက်အောက်သားက လက်အောက်သားပဲ၊ တန်းတူညီမျှဆိုတာ မရှိဘူး၊ မရှိတဲ့အရာကို အခြေတည်ပြီး တန်းတူညီမျှ လိုက်စဉ်းစားနေမယ်ဆိုရင် အထွက်တိုးညံ့တဲ့ စပါးခင်းလို့ မျိုးမအောင်တဲ့ အဖျင်းစားတွေနဲ့ပဲ သံသရာလည်နေမှာပေါ့၊ ခွဲခြားစဉ်းစားဖို့တော့ တွေးမိတယ်။
(like - me)

Me
မှန်တယ်။
ကိုယ့်သဘောအတိုင်းဆို ဘယ်စာပေမျိုးမှ ဘယ်အနုပညာမျိုးမှ ဖိနှိပ် ဖယ်ရှားစရာ မရှိဘူး။ စာဖတ်သူက ရွေးလိမ့်မယ်။ ဒါပေမဲ့ အဲလို ပြောရင် မြန်မာပြည် အနေအထားက ဘယ်လို ပေါ်လစီက ဘယ်လို ဆိုတာတွေ ပါလာဦးတော့မယ်။ မြန်မာပြည်က တခုခု အကြောင်းပြောရတာ အတော်လက်ဝင်တယ်။

ခုလည်း အပျော်ဖတ်စာပေ၊ အဆိပ်အတောက်စာပေလို့ ဝိုင်းတံဆိပ်ကပ်ကြတာ တကယ်တော့ ကိုယ့်အလိုသာဆို ကိုယ်မဖတ်ချင် မဖတ်ဘဲ နေဖို့ပဲ။ ဝေဖန်ချင်လား ဝေဖန်လိုက်။ ဒါပေမဲ့ ဝေဖန်တာ ပုံမကျရင်တော့ ပြန်ဝေဖန်ခံရဖို့ ပြင်ထား။
(like - me)

Me
ကိုယ့်ဘာသာ ရေးပြီး ကိုယ့်ဘာသာ ကြိုက်လိုက်တာ =)

ကိုယ့်အတွက်ကတော့ ဘယ်ပုံဘယ်နည်းသုံးတယ် ဆိုတာ သိပ်အရေးကြီးတယ်။ ခုပြောတဲ့ အပျော်ဖတ်စာပေ ဆိုတာမျိုးကို ခုအစိုးရက နှိပ်ကွပ်ပစ်တယ်၊ ဖယ်ရှားပစ်တယ် ဆိုရင်တောင် ကိုယ့်အတွက် လက်ခံနိုင်စရာ မဖြစ်ဘူး။ (ဒါပေမဲ့ မြန်မာပြည် လက်ရှိအနေအထားဆိုတာကြီးက ကန့်လန့်ဖြစ်နေတာတော့ အမှန်ပဲ။ ဘာပဲပြောပြော အဲဒါကြီးကြောင့် လက်ဝင်နေရတယ်)

Aung Phyoe
AMKK - အမ ပိုစ့်တင်လိုက်ပါ့လား အမှတ်တရ ။ နောက် ဆရာတို့လည်း ခွင့်ပြုမယ်ဆိုရင် ။

Bo
မောင်သာရကောင်းတာတွေ ရှိပါတယ် ဆာဖြိုးရယ်။ ဒေါ်ထူးကို ဒေါ်နုလောက် အားမရဘူး သူက ပုံပြောတယ် တရားပြတယ်အဆင့်မှာတင် ရပ်နေသလိုပဲ။ နတ်သမီးဖတ်စား)

Aung Phyoe
ဟုတ်တယ် သူ့ကိုမေ့နေတာ မတ်တပ်ရပ်လို့ ... ၊ "ကတ္တီပါဖိနပ်စီး ..." ပဲဖတ်ဖူးတယ် ကြိုက်တယ်... ဝတ္ထုတိုပေါင်းချုပ်စာအုပ်၂ အုပ်ကတော့ ဆက်ကိုမဖတ်ဖြစ်ဘူး .. "ညှာရွှေတစ်ခက် ကြွေရက်စော" ဆိုလား သူ့အရေးအသားက တင်စားလွန်းတာ Over ကြီးလို့ထင်လို့ ။ :D

Bo
စကားပြောဝတ္ထုတွေ ကောင်းပါတယ်
ဒေါ်ရီတာက မပြောလဲ တင်မှာပဲ ဟဲဟဲ :D

(like - me)

Me
sorry မနေ့ညက ဖုန်းထပြောပြီး ဒီ ပြန်မရောက်တော့ဘူး။
အကုန်ဝိုင်းပြောမှပဲ တင်ဖို့ သတိရတာပါ။ ကိုယ့်ဘာသာဆို စိတ်တောင်ကူးမိမှာမဟုတ်ပါဘူး တကယ်။

***
Update (1:45 PM)

Nyanthar Zaw
ကျွန်တော် အထင်တော့ အပျော်ဖတ်က နိုင်ငံတကာမှာလည်း ရှိတယ်လေ။ ဒါကို အပြစ်တင်နေလို့မဖြစ်ဘူး။ ကျွန်တော်ကိုယ်တိုင် စာစဖတ်တော့ ဒါတွေကနေ စဖတ်တာပဲလေ။ ဒါကတစ်ဆင့် ကိုယ်ဖတ်ချင်တာကို ရွေးဖတ်လာခဲ့တာပါပဲ။ အမှန်က စာဖတ်သူနဲ့လည်း ဆိုင်တယ်။ ကျွန်တော်ဆို ကျွန်တော့် သူငယ်ချင်းတွေကို ဟိုစာအုပ်လေးဖတ်ပါ။ ဒါလေးဖတ်ပါ ညွှန်းတာပဲ။ တစ်ချို့ က ဖတ်ပေမယ့် တစ်ချို့ က လေးတာတွေ မဖတ်ချင်ဘူးဆိုပြီးတော့ကို ငြင်းတယ်လေ။ အပျော်ဖတ်မကြိုက်တဲ့သူတွေက အပျော်ဖတ်တွေ ဖတ်နေရင်းနဲ့ကို မဖတ်ချင်တော့တာ။ ကျွန်တော့်တုန်းကလည်းအဲ့လိုပဲ ဖတ်ချင်စိတ်ကုန်လာတာ။ တစ်ချို့လည်း ပေါ့ပေါ့ပါးပါးပဲ ဖတ်ချင်ကြတယ်လေ

Nyanthar Zaw
ဒီတော့ အဲ့လိုဖတ်ချင်သူတွေ အတွက်လည်း အဲ့လိုစာတွေလိုတယ်လေ။ မဟုတ်ရင် သူတို့ ကဘာသွားဖတ်မလဲ။ ဒါပေမဲ့ အပျော်ဖတ်ရေးသူတွေက တော့ ကိုယ့်စာထဲမှာ အကျိုးရှိမဲ့ တစ်ခုခုကို ထည့်ပေးနိုင်မယ် ပြီးတော့ အဆိပ်အတောက် ဖြစ်အောင် မရေးသင့်ဘူးပေါ့လေ။ နိုင်ငံတကာက နာမည်ကျော်နေတဲ့ ဟယ်ရီပေါ်တာတို့ Twilight တို့၊ Da Vince Code တို့တွေကရော ဘာတွေလဲ။ သူတို့လည်း ဒါတွေပဲလေ။ ဒါပေမဲ့ အံထဲကနေ ယူစရာ ရှိအောင်ရေးထားတယ်လေ။

Nyanthar Zaw
ပြီးတော့ ကိုဘိုပြောတာကို နည်းနည်းပြောချင်ပါတယ်။ ဂျူးကတော့ ကြည်အေးလောက် အော်သန်တစ်ဖြစ်တယ်မထင်ဘူး၊ ဆိုတာကို ကျွန်တော်ကတော့ လက်မခံပါ။ ပြီးတော့ နောက်တစ်ခု နောက်ပိုင်းကျမှ ရှိတာထက် ပိုမြောက်သွားတာကတပိုင်းပေါ့။ဆိုတာလည်း မဟုတ်ဘူးထင်ပါတယ်။ ဂျူးဟာ အဲ့လို မျိုးလူမဟုတ်ဘူးထင်ပါတယ်။

ဒါဟာ Personal အရ ကိုးကွယ်မှု တစ်ခုနဲ့ပြောတယ်လို့ မထင်စေချင်ပါဘူး။ ဂျုးရေးတဲ့ထဲမှာ စာဖတ်သူကို ဆရာလုပ်ထားတာ တစ်ခုမှ မရှိပါဘူး။ ကျွန်တော်အမြင် သက်သက်ပါ။ ဒီထဲမှာ ကျွန်တော်က အငယ်ဆုံးဖြစ်နိုင်ပါတယ်။ ကျွန်တော်ရဲ့ စာဖတ်အားအရ ဝင်မပြောသင့်ဘူးလေ။ ဒါပေမဲ့ ဆွေးနွေးကြည့်တာပါ။ ရေဆန်လမ်းနဲ့ ပတ်သက်တဲ့ အမြင်ကိုတော့ ဟိုတစ်ခါ ပြောပြီးပြီဆိုတော့ မပြောတော့ပါဘူး။ :)

***

ဖြည့်စွက်

"ကိုယ့်သဘောအတိုင်းဆို ဘယ်စာပေမျိုးမှ ဘယ်အနုပညာမျိုးမှ ဖိနှိပ် ဖယ်ရှားစရာ မရှိဘူး"
ဆိုတာနဲ့ ပတ်သတ်လို့ ပြောရရင်တော့ အတော်ရှည်မှာပဲ။ ဆိုခဲ့သလို မြန်မာပြည် လက်ရှိအနေအထားအရ သိပ်လည်း ပြောရခက်တယ်။

မြင်သာအောင် ပြောရရင် ဂျောက်ဂျက်ကိစ္စပဲ။
ဂျောက်ဂျက်ကိစ္စ ကိုပေါတို့ ဖြစ်လိုက်ကြတုန်းက မသိလိုက်ဘူး။ တော်တော်ကြီးကြာမှ အဲဒါတွေကို သူငယ်ချင်းတယောက်က မေးလ်ပို့ပေးလို့ (မေးလ်ပို့ပေးပြီးတာတောင် တော်တော်ကြာမှ) ဖတ်ဖြစ်တယ်။

အဲဒီမှာ မပိတ်ပင်သင့်ပါဘူးလို့ဆိုတဲ့လူတွေ (တကယ်တော့ ကိုပေါတစ်ယောက်တည်းလား မသိ :D) ကို တန်ပြန်ပြီး ဆန့်ကျင်အငြင်းပွားကြသူတွေ အဓိက ကိုင်တဲ့အချက်က ဘာလဲဆိုတော့ အဲဒီ သီချင်းသံတွေကို မပိတ်ပင်သင့်ပါဘူးပြောတဲ့လူတွေရဲ့ သားသမီးလေးတွေ နားထောင်ပြီး လိုက်ဆိုကုန်ကြရင်၊ အကောင်းထင်ကုန်ကြရင် ဘာလုပ်မလဲ ဆိုတာပဲ။ အဲဒါက လက်ရှိ နိုင်ငံအနေအထားကြောင့် ထွက်လာတဲ့ မေးခွန်းလို့ မြင်တယ်။

မှန်တယ်။ လက်ရှိအခြေအနေမှာ ဘေးအိမ်ကနေ ကိုယ့်အိမ်ဘက်က ကြားအောင်ဖွင့်ရင်၊ အိမ်နား လက်ဘက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ကာရာအိုကေဆိုင်များရှိလို့ ကိုယ့်အိမ်ဘက်က ကြားအောင်ဖွင့်ရင် (ဒီကိစ္စ မဖြစ်နိုင်ပါဘူးလို့ ငြင်းလို့မရတဲ့ အနေအထားပဲ)။ အဲလိုသာ ဖြစ်ခဲ့မယ်ဆို စိုးရိမ်စရာပဲ။ (နန်းညီရဲ့ ပို့စ်တစ်ခုမှာ ဖတ်လိုက်ရတာ ဘတ်စ်ကားပေါ်မှာ ဖွင့်နေဆိုလား။ မောင်စိမ်းသူ ရေးပြီး ဖြိုးကြီး ဆိုတဲ့ သီချင်း။ အဲဒါ ဟိုးအရင်ခေတ်က အပိတ်ခံရတဲ့ သီချင်းလို့ ဆိုတယ်)။

ကိုယ်တိုင်လည်း ဒါမျိုးတွေ မကြားချင်ဘူး။ ဒီတော့ မြန်မာနိုင်ငံ ဒီပုံစံတိုင်းသာ ဆက်သွားနေမယ်ဆို၊ မတော်လို့များ ကိုယ့် generation ကို အဲဒီလို ပတ်ဝန်းကျင်ထဲမှာပဲ ကြီးပြင်းစေရတော့မယ်ဆို အဲဒီလိုသီချင်းမျိုး ပိတ်ပစ်သင့်ပါတယ်လို့ ရှေ့ဆုံးကနေ ထ အော်ရမယ့် အနေအထားပဲ။

အဲဒါကြောင့် လက်ရှိအနေအထားအရ ဒီလို ကိစ္စမျိုးကို မြန်မာပြည်အတွက် ဆွေးနွေးရတာ လက်ဝင်တယ် ပြောတာ။ (လူတစ်ယောက်၊ လူတစ်စုရဲ့ လုပ်ရပ်က ကျန်တဲ့လူတွေကို မထိခိုက်စေအောင် ကာကွယ်လို့ မရတဲ့ အနေအထားမျိုးမို့)

ဆိုလိုတာက အိမ်ဘေးက သီချင်းသံ ကျယ်တာနဲ့ ကိုယ့်လွတ်လပ်ခွင့်ကို ထိပါးတာနဲ့ ဥပဒေအရ တိုင်တော အရေးယူလို့ ရတဲ့ အနေအထားမရှိလို့။ တကယ်လို့သာ ကိုယ့်လွတ်လပ်ခွင့်ကို သူတပါးက မထိခိုက်စေ၊ သူတပါးလွတ်လပ်ခွင့်ကို ကိုယ်က မထိခိုက်စေဘူး ဆိုရင်တော့ ကိုယ့်အမြင်မှာ နှိပ်ကွပ်သင့်တဲ့၊ ပိတ်ပင်သင့်တဲ့၊ ဖယ်ရှားသင့်တဲ့ ဖန်တီးမှုဆိုတာ မရှိပါဘူး။

ဒီလိုဆိုလည်း မေးစရာ ရှိချင်ရှိကြဦးမယ်။
သူများက ကိုယ့်လွတ်လပ်ခွင့်ကိုတော့ မထိပါးပါဘူး။ ဒါပေမဲ့ ကိုယ့် generation တိတ်တိတ်ကလေး ဒီလို စာပေမျိုး၊ ဒီလို ဂီတမျိုး ကိုယ်မသိအောင် ခိုးနားထောင်ခံစားနေတယ် ဆိုရင်ရော... လို့။

ဖြေစရာက တခုပဲ ရှိပါတယ်။
ကိုယ့်တာကိုယ် လုံအောင် တာဖို့ပါပဲ။
ဒီလိုမှ လုံအောင် မတာ နိုင်ခဲ့ဘူးဆိုရင်၊ တာ ထားတဲ့ ကြားကမှ ဖြစ်ခဲ့မယ်ဆိုရင်တော့ အဲဒါ သူတို့ရဲ့ လွတ်လပ်ခွင့်၊ ရွေးချယ်ခွင့်ပါပဲ။

ဒီလိုကိစ္စမျိုးကို ပိတ်ပင်ထားတာနဲ့၊ မပိတ်ပင်ဘဲ ခွင့်ပြုထားတာမှာ ပိတ်ပင်ထားတဲ့ကြားက ဖြစ်လာမယ့်အနေအထားဟာ ပို မဆိုးရွားနိုင်ပါဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ လုပ်ချင်တဲ့လူဟာ ဗြောင်မလုပ်ရရင် ခိုးလုပ်လိမ့်မယ်။ ဆိုတော့... မသင့်တော်ဘူးထင်ရတဲ့ ဖန်တီးမှုတွေကို ပိတ်ပစ်တယ်ဆိုတာ မှန်ကန်တဲ့ solution လို့ မယုံကြည်ဘူး။ အဲဒီ ဖန်တီးမှုတွေကို လိုက်ပိတ်နေတာထက် ခံစားသုံးစွဲမယ့်သူတွေကို သူတို့ဘာသာ ရွေးချယ်နိုင်အောင်၊ ဖယ်ရှားနိုင်အောင် လေ့ကျင့်ပေးဖို့ပဲ အဓိကလို့ ထင်တယ်။

နောက်တခုက ကိုယ့်အတွက် ကောင်းမွန်မြင့်မားမှန်ကန်တယ် ထင်တဲ့ စံ တွေက သူတပါးအတွက် အမှားကြီး ဖြစ်ချင်ဖြစ်နေမှာပဲ။ နောက်တချက်က ခေတ်။ အရင်ခေတ်က လမ်းသရဲသီချင်း ဆိုတာတွေ ခု ဂျောက်ဂျက်နဲ့ ယှဉ်တော့ ထီးသုံးနန်းသုံးလို့တောင် ပြောရနေပြီ။ တချိန်က ကိုယ် မှန်တယ်လို့ ယုံကြည်နေတဲ့အရာတွေဟာ နောင်တချိန်ကျ မှန်ချင်မှ မှန်မှာ။

ဒီနေရာမှာ တောကျောင်းဆရာလည်း စကားဝိုင်းထဲမှာ ပါနေပြန်၊ အကြောင်းကလည်း တိုက်ဆိုင်ပြန်လို့ ဂျူး အမှတ်တရ အကြောင်း ဆွဲထည့်လိုက်ဦးမယ်။ ဟိုဘက်ခေတ်မှာ အမှတ်တရ ဘယ်လို တိုက်ခိုက်ခံ၊ အရေခွံနွှာခံရလဲဆိုတာတော့ ထူး ပြောစရာ မရှိပါဘူး။ တချို့ ဂုဏ်သရေရှိ ထိပ်တန်းကျောင်းထွက် ထိပ်တန်းစာရေးဆရာကြီးများလည်း အာပေါင်အာရင်းသန်သန်နဲ့ ပရိသတ်ကို လမ်းမှားမပို့ရေး၊ လမ်းမှန်ပြရေး၊ စေတနာဆိုတာတွေ ကိုင်ပြီး ဂျူးကို နင်းတက်ခဲ့ကြသေးတာပေါ့။

နောက်ဆုံး ဂျူးက "သူမင်းကို ဘယ်တော့မှ" လို "စောင့်နေမယ်လို့ မပြောလိုက်ဘူး" လို စာမျိုးရေးလာတော့ ဒီနေ့ခေတ်လူငယ်များက လူငယ်ပြုပြင်ရေးတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ၊ အကျိုးပြုလုပ်ငန်းတွေက ဘယ်သူမဆို လုပ်နိုင်ပါတယ်။ ဂျူးကိုတော့ ဂျူးမို့လို့ ပြောနေရတာပါ။ အမှတ်တရ လို ဟာမျိုးလေး လုပ်စမ်းပါဦး နဲ့ လာကြပြန်ရော။ (ဇွတ်ပဲ။ အသက် ၅၀ ကျော်ပါပြီဆိုမှ အမှတ်တရ လိုဟာ ပြန်ရေးတော့ရော ဖြစ်မလား)

ကိုယ်က ဂျူးကို ကြိုက်ပါတယ်။ အထင်လည်းကြီးပါတယ်။ ဒါပေမဲ့ သူရေးသမျှ ကြိုက်တယ်တော့ မဟုတ်ဘူး။ "ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ" က စလို့ နောက်ပိုင်း ခံစားမှုနဲ့ ကြိုက်လို့ မရတော့ဘူး။ အဲဒီထဲက ရတနာ ကို ခံစားလို့ မရဘူး။ အဲဒီ စာအုပ်ထဲက စကားလုံးတွေ သိပ်ကောင်းတယ် သူများပြောလည်း ကိုယ်က ဇာတ်ကောင်စရိုက်ကို ခံစားလို့မရဘူးဆိုရင် သွားရောပဲ၊ စကာလုံး ဘာဖြစ်ဖြစ်၊ ဇာတ်လမ်း ဘာဖြစ်ဖြစ်။

နောက် "စကားတစ်ပွင့်"။ ပိုတောင် ဆိုးသေးတယ်။ ပုံပြောနေတာလိုလို၊ ဒဏ္ဍာရီလိုလိုဟာတွေ ဖတ်နေတုန်းသာ စိတ်ဝင်စားတာ။ ပြီးတော့လည်း ပြီးသွားတာပဲ။ အဲဒီ စကားတစ်ပွင့် မှာ စွဲကျန်ခဲ့တာဆိုလို့ "ကျွမ်းထိုးကောင် အိုင်ချင်း" တစ်ပုဒ်ပဲရှိတယ်။

ဒါပေမဲ့ နောက်ပိုင်းစာတွေ ကိုယ့်ခံစားမှုအရ မကြိုက်တော့ဘူး ဘယ်လိုပြောပြော၊ ဂျူးကတော့ ဂျူးပါပဲ။ ဂျူးကိုတော့ impressive ဖြစ်တုန်းပါပဲ။

အင်း ချော်သွားပြန်ပြီ။

အဆက်အစပ်မိအောင် နည်းနည်း ပြန်ကောက်လိုက်မယ်။

(နောက်ဆုံး ဂျူးက "သူမင်းကို ဘယ်တော့မှ" လို "စောင့်နေမယ်လို့ မပြောလိုက်ဘူး" လို စာမျိုးရေးလာတော့ ဒီနေ့ခေတ်လူငယ်များက လူငယ်ပြုပြင်ရေးတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ၊ အကျိုးပြုလုပ်ငန်းတွေက ဘယ်သူမဆို လုပ်နိုင်ပါတယ်။ ဂျူးကိုတော့ ဂျူးမို့လို့ ပြောနေရတာပါ။ အမှတ်တရ လို ဟာမျိုးလေး လုပ်စမ်းပါဦး နဲ့ လာကြပြန်ရော။)

အနုပညာနဲ့ ယဉ်ကျေးမှုဆိုတာတွေရဲ့ စံ ဆိုတာကလည်း ပြောရရင်တော့ တရားကျစရာကြီးပါကွယ်ရို့။

***
ထပ်ဆင့်ဖြည့်စွက်

နိုင်ငံရေးဝါဒတွေကို စာပေအနုပညာထဲ အတင်းသွင်းတဲ့အကြောင်းက စ ပြောခဲ့ကြပေမယ့် ထည့်ပြောဖို့ကောင်းတဲ့ စာအုပ်တစ်အုပ် မေ့ကျန်ခဲ့တယ်။
"နောက်ကြည့်မှန်"

***

Wednesday, September 8, 2010

လူ နဲ့ ပတ်ဝန်းကျင်

2001 ပတ်ဝန်းကျင်လောက်မှာ "ကွန်ပျူတာ သတင်းလွှာ" ဆိုတဲ့ စာစောင်တစ်ခုကို ဖတ်ဖြစ်ပါတယ်။ ကွန်ပျူတာ ခေါင်းစဉ်တပ်ထားပေမယ့် သမိုင်း၊ ဗိသုကာ က စလို့ အကြောင်းအရာ မျိုးစုံပါပါတယ်။ ဒေါက်တာအောင်ကြီးတို့၊ ဒေါက်တာ မြင့်မြင့်ခင်တို့ ဆောင်းပါးတွေရော။ တခါတခါဆို ဒေါက်တာအောင်ကြီးက ဆေးပညာကြောင်းတောင် ရေးတာမဟုတ်ဘူး။ သူကြိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေအကြောင်းလိုမျိုး ဆောင်းပါးရေးသေးတာ။ သိပ်ဖတ်လို့ကောင်းတယ်။ ကွန်ပျူတာအကြောင်းတောင် သိပ်မပါဘူး။ စာတည်းက ဦးမော်သန်းလို့ ထင်တယ်။

အဲဒီစာအုပ်က ပါးပါးကလေးပေမယ့် ဈေးကြီးတယ်။ ကိုယ့်အထင် အဲဒီအချိန်က ကွန်ပျူတာ ဂျာနယ်နဲ့ ဈေးချင်းတူတူလောက်လို့ ထင်တယ်။ နောက်ပိုင်း မထွက်ဖြစ်တော့ဘဲ ရွက်နုဝေ နာမည်နဲ့ ပြောင်းထုတ်တယ်။ မဂ္ဂဇင်း အထူလောက် ဖြစ်သွားပြီး ဈေးကလည်း ခေါင်ခိုက်သွားတာနဲ့ မဖတ်ဖြစ်တော့ဘူး။

အဲဒီစာစောင်ထဲမှာ မင်းခိုက်စိုးစန် ရဲ့ ဆောင်းပါးတွေလည်း ပါတတ်တယ်။
နောက်ပိုင်း အသက်ကြီးလာတဲ့အခါမှာ စာရေးသူတစ်ယောက်ကို ကြိုက်တယ်၊ မကြိုက်ဘူး ယတိပြတ်ပြောဖို့ ခက်လာပါတယ်။ မင်းခိုက်စိုးစန် ကိုလည်း အဲဒီသဘောအတိုင်းပါပဲ။

သူ ရေးဖူးတဲ့ ဆောင်းပါးတစ်ပုဒ်ကို ခု သတိရနေမိတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သတ်ပြီး (တကယ်တော့) လူတွေရဲ့ ဗီဇအကြောင်းကို ပြောသွားတာပါ။


မော်ဒန်သမားတွေဟာ အဆိုးမြင်သမားတွေ ဟုတ်မဟုတ် သေချာ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အပျက်ဘက် (တနည်းအားဖြင့်) အရှိ/ ပကတိတရားသက်သက်ကို သူများထက်ပိုလို့ စူးစူးရှရှ မြင်တတ်တာတော့ သေချာတယ်။ အဲဒီလို သူတို့မြင်တဲ့ အမြင်တွေဟာလည်း (ကိုယ့်အတွက်တော့) စိတ်ဝင်စားစရာကောင်းတယ်။ တခါတခါဆို ကိုယ်တိုင် ဟန်ဆောင်ပန်ဆောင် အလွှာလေးဖုံးပြီး အထဲက ဘာဆိုတာကို သေချာ မစဉ်းစားနိုင်ဘဲ ဟုတ်လှပြီ ထင်နေတာမျိုးကို သူတို့ရေးတဲ့စာ ဖတ်လိုက်မိမှ အလန့်တကြား ကွက်ကွက်ကွင်းကွင်း မြင်ရလေ့ရှိတယ်။

သူရေးတဲ့ ဆောင်းပါးတစ်ပုဒ်လုံးကို မမှတ်မိတော့ပါဘူး။
သူ့ သူငယ်ချင်း (ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားဆိုသူ) တစ်ယောက်ကို သူ ပြန်ပြောတဲ့ ပုံစံနဲ့ ရေးထားတာပါ။ "တကယ်တော့ လူဟာ ကိုယ့်အကျိုးကို ကိုယ် ကာကွယ်တာပါပဲ" တဲ့။ "ပတ်ဝန်းကျင်ပျက်စီးတာဟာ ကိုယ့်လာထိခိုက်တဲ့အတွက်ကြောင့်မို့လို့သာ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ဆိုတာကို ဒီလောက်ဂရုပြုနေကြတာ၊ ကိုယ့်သာ လာမထိရင် အဲဒီ ပတ်ဝန်းကျင် ဆိုတာကြီးကိုလည်း ပစ်ထားကြဦးမှာပါပဲ" တဲ့။

နောက် သူငယ်ချင်းလုပ်သူက တိရိစ္ဆာန်တွေကို စောင့်ရှောက်ကာကွယ်ရေး တရားဟောတယ် ထင်ပါတယ်။ အဲဒီတော့ သူက "မင်းတို့တွေ ကြွက်တို့၊ ယင်ကောင်တို့၊ ပိုးဟပ်တို့ကိုရော စောင့်ရှောက်သလား။ သူတို့လည်း တိရိစ္ဆာန်တွေပဲ" လို့ မေးခဲ့တယ် တဲ့။

***
အဲဒီဆောင်းပါးမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကနေ ဆွဲပြောသွားပေမယ့် တကယ်တမ်း မင်းခိုက်စိုးစန် ပြောချင်တာ အဲဒီအကြောင်းအရာလို့ မမြင်ပါဘူး။ လူတွေရဲ့ အဇ္ဈတ္တကို ဆွဲထုတ်ပြတာလို့ပဲ မြင်ပါတယ်။ "လူသားတွေအတွက်... ကမ္ဘာကြီးအတွက် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ အနစ်နာခံတယ်၊ ကာကွယ်တယ်၊ ထိန်းသိမ်းတယ်၊ စောင့်ရှောက်တယ်" ဆိုတာတွေ အသံကောင်းဟစ်ပြီး အော်ပြတဲ့လူတွေနဲ့ သူ တော်တော်ကြုံခဲ့ဖူးတယ် ထင်ပါတယ်။

လူကြားကောင်းအောင်၊ လူကြည်ညိုအောင်၊ လူကြည်ဖြူအောင်၊ လူကြိုက်များတာလေး၊ လူထောက်ခံတာလေး ရွေးပြီး လုပ်တတ် ပြောတတ်တဲ့လူတွေဟာ ကျန်တဲ့လူတွေကို နင်းပြီး တက်သွားတတ်တယ်။ တချို့ဆိုရင် သူများကို နင်းတက်နေလို့ နင်းတက်မိမှန်း သူတို့ကိုယ်တိုင် သတိတောင် မထားမိ
ကြဘူး။

အဲဒါမျိုးတွေ သိနေတာ ကြာလှပြီလို့ ကိုယ့်ဘာသာ အထင်ရောက်နေမိသေးတယ်။ တကယ်တမ်းကျ မဟုတ်ဘူး။ ကိုယ့်ကို ခုတုံးလုပ်ပြီး နင်းတက်လို့ တက်သွားမှန်းတောင် ရုတ်တရက် မသိလိုက်မိတဲ့ အဖြစ်မျိုး ရှိလိုက်သေးတယ်။ ကြာပြီလားဆိုတော့ မကြာသေးဘူး။ မကြာသေးဘူးလားဆိုတော့လည်း နည်းနည်းတော့ ကြာပါပြီ။ ချက်ချင်းထပြီး ထောပနာလိုက်တဲ့ထဲ ကိုယ်တောင် ပါလိုက်သေးတယ်။ (တုံးပုံ)

လူအများ သည်းခြေကြိုက်တာလေးတွေ ရွေးပြီး လုပ်နေတတ်တဲ့လူတွေဟာ အမြဲတမ်း ပန်းပန်လျက်ပါ ဆိုတာချည်းပဲ။

***
ဘာရယ်မဟုတ်ပါဘူး။
တိုက်ဆိုင်နေတာတွေနဲ့၊ ခုတလော သတိရနေမိတာတွေ ဆက်ကြည့်လိုက်တာ။
တချို့ ဖတ်ခဲ့ဖူးတာတွေဆိုလည်း မေ့ကုန်ပြီ။ သတိရတုန်းလေး ချရေးပြီး ခုလို မှတ်ထားလိုက်မှ။

***

Sunday, September 5, 2010

ငယ်ဘဝကို လွှမ်းမိုးခဲ့သူများ

၁) ဖြိုးသီဟ

ငယ်ငယ်က သူငယ်ချင်းတစ်ယောက်နဲ့ မမျှော်လင့်ဘဲ စကားပြောဖြစ်တော့ ငယ်ဘဝကို ပြန်သတိရနေတယ်။ ပြောဖြစ်တဲ့ စကားလမ်းကြောင်းအရ ငယ်ဘဝက အမှတ်တရရှိခဲ့တဲ့ hero တွေကို သတိရမိတာပါ။ တကယ်တော့ ငယ်ဘဝဆိုတာဟာလည်း ဟိုတစ်ပိုင်း ဒီတစ်ပိုင်းနဲ့ အပိုင်းပိုင်း အစစတွေပါပဲ။

ဘာကိုမှ ဆုတ်ကိုင်ထားချင်လို့ မရခဲ့ဘူး။

ကိုယ့်ဘာသာ ပြန်တွေးမိတိုင်းမှာ မြန်မာပြည် ပညာရေးစနစ်နဲ့ အံဝင်ခွင်ကျ မဖြစ်ခဲ့ဘူးလို့ မှတ်ချက်ချမိတယ်။
ငယ်ငယ်ကတော့ ဒီလောက် ရှင်းရှင်းလင်းလင်း မသိခဲ့ဘူးပေါ့။ သူများလိုမဟုတ်ဘူး ပျင်းတယ်လို့ပဲ အလွယ်ပြောရမယ်။ အဲဒါ မှန်လည်းမှန်တယ်၊ မမှန်လည်း မမှန်ဘူး။

(ရေးရင်းနဲ့ ကိုဘ တခါပြောဖူးတဲ့စကား အမှတ်ရမိတယ်။ "မယ်ရီတာ ထောင့်ကို မကျိုးဘူး၊ အဲဒါတွေကြောင့် လေးထောင့်တွေနဲ့ အံမဝင်တာ" တဲ့။ အင်း ခုမှပဲ ပြန်ရေးရင်း မေးစရာတွေ့တယ်။ "ဘဝမှာ လေးထောင့်တွေနဲ့ အံဝင်ဖို့ အရေးတကြီးလိုလို့လား။ သူများထောင့်ရင် မဖြစ်မနေ လိုက်ထောင့်ရမယ်လား")

***
ငယ်ငယ်က သူများမဖတ်မိတဲ့ စာ ဖတ်မိရင် ဖတ်မိမယ်။ သူများမသိတဲ့ စာရေးဆရာကို သိချင်သိနေမယ်။ သူများတကာသိတဲ့ ပညာရေး သူရဲကောင်းတွေကိုတော့ သိချင်မှသိမယ်။ (မသိတာတော့ မဟုတ်ဘူး။ သိလိုက်တယ်။ စိတ်ဝင်တစား မှတ်မထားနိုင်တာ)

ငယ်ငယ်က ပုံမှန်ဖတ်ဖြစ်တဲ့ "ဟန်သစ်" ထဲမှာ နောက်မှ သေချာ ဖတ်ပါတော့မယ်လေဆို၊ အပေါ်ယံလျှမ်းဖတ်ပြီး ပုံမှန် ကျော်သွားတဲ့ ကဏ္ဍတွေ ရှိတယ်။ အဲဒါ ကဗျာတွေနဲ့ ဦးရဲဝေ ရေးတဲ့ "ပညာ့ကြယ်ပွင့်" ကဏ္ဍပါပဲ။ (အဲဒီဆောင်းပါးတွေ နောက်တော့ စာအုပ်ထုတ်ပါတယ်)

ကိုယ်ဟာ ကံဆိုးချင်တော့ အများစုနဲ့ အကြိုက်ချင်း မတူဘူး။ ဒါပေမဲ့ ကံကောင်းချင်တော့ ကိုယ်နဲ့ တူတဲ့သူတွေကို အနီးနားမှာ အမြဲတွေ့ရတတ်တယ်။ ကံဆိုးချင်တော့ သူတို့တွေနဲ့ တသက်လုံးတူတူ နေရဖို့ ကံမပါဘူး။
ဒါပေမဲ့ ကံကောင်းချင်တော့ ခုထိ ခင်နေတုန်းပဲ။

သမားရိုးကျမဟုတ်တဲ့၊ တမူထူးခြားတဲ့ အရာတွေကိုပဲ အာရုံကျတတ်တဲ့ ကိုယ်တွေအတွက် ငယ်ဘဝမှာ အမှတ်တရ သတိထားမိစရာ စီနီယာတစ်ယောက်ကို တွေ့ခဲ့ကြတယ်။ မှတ်မှတ်ရရ ကိုယ်တို့ ခုနစ်တန်းမှာ။

1993 ခုနှစ်အတွက် ဗိုလ်တထောင် (၅) က ၆ ဘာသာ ဂုဏ်ထူးရှင်။
နာမည်က ဖြိုးသီဟ...
အဲဒီအချိန်က နာမည်အကြီးဆုံး မဟေသီ မဂ္ဂဇင်း အယ်ဒီတာ ဦးခင်မောင်မြင့် ရဲ့သား။

မဂ္ဂဇင်းကို စဖတ်လာပြီး ပြန်ပြောပြတာ သူငယ်ချင်းတစ်ယောက်ပါ။ အိမ်ကို အဲဒီစာအုပ်ရောက်လာတော့ သူငယ်ချင်းပြောတဲ့ အင်တာဗျူးကို အရင်ရှာဖတ်ခဲ့မိတယ်။

သူ့အင်တာဗျူးကိုတော့ ဟန်သစ်မှာ ဖတ်ရတာ မဟုတ်ဘူး။ နည်းနည်းဆန်းတယ်။ နိုင်ငံတကာ ဆောင်းပါးတွေများတဲ့ ရနံ့သစ် မဂ္ဂဇင်းမှာ။ ဟန်သစ်က စာပေအနုပညာမဂ္ဂဇင်းဖြစ်ပြီး ဆိုခဲ့တဲ့ ပညာရေးကဏ္ဍကို လစဉ်ထည့်ပေမယ့်၊ ရနံ့သစ်က အဲလို မဟုတ်ပါဘူး။ နိုင်ငံတကာသတင်းတွေ အဓိကပါတဲ့ မဂ္ဂဇင်းပါ။ သူ့လိုင်းမဟုတ်ဘဲ ကြားဖောက်ထည့်တယ်ဆိုတာ ထူးခြားလို့ပါပဲ။

သူက တကယ်လည်း ထူးခြားပါတယ်။ ရနံ့သစ်က အင်တာဗျူးမတိုင်ခင်မှာ သင့်ဘဝမဂ္ဂဇင်းရဲ့ မျက်နှာဖုံးဆောင်းပါး "ဖြစ်ချင်တာ၊ ဖြစ်နေတာ၊ ဖြစ်သင့်တာ" ဆိုတဲ့ ခေါင်းစဉ်အတွက် အဓိက မေးခွန်းတွေ မေးခဲ့တယ် ဆိုတယ်။ ရနံ့သစ်က အဲဒီအခံနဲ့ သူ့ကို အင်တာဗျူးဖို့ ရွေးခဲ့တယ် ဆိုတယ်။

(သူ့မေးခွန်းတွေနဲ့ မျက်နှာဖုံးဆောင်းပါးလုပ်ထားတဲ့ သင့်ဘဝမဂ္ဂဇင်းကို ဖတ်ဖို့ မကြုံခဲ့ဘူး။ အာသီသပြင်းပြခဲ့သလောက် မဖြစ်ခဲ့တဲ့ထဲမှာ အဲဒီတစ်ခုလည်း အပါအဝင်ပဲ)

မေးရိုးမေးစဉ် မေးခွန်းတွေ မဟုတ်ဘဲ ရူပဗေဒကို သိပ်စိတ်ဝင်စားပြီး nuclear ပညာရှင် ဖြစ်ချင်တဲ့သူတစ်ယောက်အကြောင်း မေးတဲ့သူကမေးလို့ ဖြေတဲ့သူက ဖြေထားတာ ဖတ်ရတာ ၁၃ နှစ် အရွယ်တွေအတွက် ဝါးလုံးခေါင်းကို အက်ကြောင်းလေးတစ်ခု ပေါ်လာအောင် ဟ ပေးလိုက်သလိုပါပဲလို့ ခုပြန်တွေးတော့ ထင်မိတယ်။

- မိဘတွေက ဘာဖိအားမှ မပေးဘူးဆိုတာ၊
- လုပ်ချင်တာ လုပ်ဖို့ လွတ်လပ်ခွင့် အပြည့်အဝပေးတယ် ဆိုတာ၊
- ဝတ္ထုလို မဂ္ဂဇင်းလို စာအုပ်တစ်အုပ်တွေ့တာနဲ့ စိတ်ဝင်စားရင် အစ/ဆုံး ပြီးအောင် ဖတ်ပစ်လိုက်တာပဲ ဆိုတာ၊
- အမှတ်ပြည့်ရဖို့ ဂုဏ်ထူးထွက်ဖို့ဆိုတဲ့ စိတ်တွေနဲ့ စာမေးပွဲသွားဖြေတာ မဟုတ်ပါဘူး ဆိုတာ၊
- သူ စိတ်ဝင်စားဆုံးဘာသာက ဘိုင်အိုဖြစ်ပြီး၊ ဘိုင်အိုဖြေမယ့်ညက tv ထိုင်ကြည့်နေပါတယ် ဆိုတာ၊
- ရူပဗေဒနဲ့ ပတ်သတ်လို့ သူပြောသွားတာတွေ
- ၁၀ တန်းဖြေမယ့် ကျောင်းသားတွေအတွက် သူပြောသွားတာတွေ
- Wuthering Heights က character တွေ
- လတ်တလော သူဖတ်ပြီးတဲ့ စာအုပ်က တင့်တယ် ရဲ့ ကမ္မဖလ ဆိုတာ၊
- ဂျူး နဲ့ ကျော်စွာထက် ရဲ့ ဝတ္ထုတိုတွေ ကြိုက်တဲ့အကြောင်း
(အဲဒီနောက်ပိုင်းမှာ ကျော်စွာထက် ဝတ္ထုတိုများ (၁) (၂) (၃) ကို ရှာဖတ်ခဲ့မိတယ်)

အဲဒီ အင်တာဗျူးပါတဲ့ မဂ္ဂဇင်းကို ခုချိန်ထိ သိမ်းထားတုန်းပဲ။ စာအုပ်ဗီရိုထဲမှာ ရှိနေတုန်းပဲ။

Dec 1998, ဖြူး မိတ်ဆွေများ စာကြည့်သင်းက လုပ်တဲ့ပွဲမှာ ဦးခင်မောင်မြင့်ကို ဆုံခဲ့ဖူးတယ်။ အဲဒီပွဲကို ဖြူးက သူငယ်ချင်းနဲ့ တူတူ သွားခဲ့ကြတယ်။
ဗိုလ်မင်းခေါင်လမ်းပေါ် နေမျိုးဆေးရဲ့ Cafe D မှာပေါ့။ မဂ္ဂဇင်းတွေထဲမှာ မြင်ဖူးနေတဲ့ အယ်ဒီတာကို တွေ့တာနဲ့ သူငယ်ချင်းနှစ်ယောက် သူ့သားကို ချက်ချင်း သတိရပြီး တိုးတိုးစကားပြောကြတော့ ရိပ်များ ရိပ်မိနေခဲ့မလား... ခုတော့ မသိနိုင်တော့ဘူး။

ကျောင်းမပြီးခင်လား ကျောင်းပြီးကာစလား မမှတ်မိတော့... အိမ်ပြန်ရောက်နေတုန်း
April တစ်ရက်မှာ ဦးခင်မောင်မြင့်ဆုံးတဲ့ သတင်းဖတ်ခဲ့ရတယ်။ ခုနှစ်ကို မမှတ်မိတော့ဘူး။ (အုန်း သရက်သီးသနပ်နဲ့ မိဂသီလမ်းထဲက အိမ်ပုံစံအဆန်းလေးဆိုတာကတော့ မဂ္ဂဇင်းတွေကတဆင့် ကြားဖူးနေခဲ့တာ)

Family မဂ္ဂဇင်းမှာပါတဲ့ ဦးခင်မောင်မြင့် ရေးသွားတဲ့ (ကိုယ်သိသလောက်တော့ ဦးခင်မောင်မြင့်ဟာ စာ သိပ်မရေးပါဘူး) "မိသားစုဆိုတာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့ မိသားစုအကြောင်း ပြကွက်လေးတစ်ခုကို ကူးရေးပြီး မှတ်ထားခဲ့ဖူးတယ်။ အိမ်ကို နောက်ဆံတင်းနေတဲ့ အမေလုပ်သူ တရားစခန်းဝင်ဖို့ သူတို့ သားအဖ ၃ ယောက်က တိုက်တိုက်တွန်းတွန်းလုပ်ပြီး၊ ဝင်ဖြစ်သွားတဲ့အချိန်မှာ ကျန်တဲ့သူ ၃ ယောက်က အိမ်အလုပ်တွေ တစ်ယောက်တစ်လက်လုပ်ကြတဲ့ အကြောင်းပါပဲ။ တိုတိုလေးပဲ။

ဒါလေးကို ဖတ်ရင်း ငယ်ငယ်က ကိုယ်တို့ တအံ့တသြသိခဲ့ရတဲ့ ဖြိုးသီဟ လို့ အမှတ်ရစိတ်နဲ့ အဲဒီစာတိုလေးကို ကူးရေးထားခဲ့တယ်။ အဲဒီအချိန်မှာ မြောက်ဥက္ကလာဆေးရုံမှာ သူ အလုပ်ဝင်နေပါပြီ။

ဟုတ်တယ်။ သူ ဆရာဝန်ပဲ လုပ်သွားတယ်။

အဲဒီ အင်တာဗျူးမှာတည်းက သူ မစွန့်စားပါဘူး၊ ဆရာဝန်ပဲ လုပ်မှာပါလို့ ထည့်ပြောသွားတယ်။ သူ စိတ်ဝင်စားတဲ့ ရူပဗေဒမေဂျာယူပြီး သူ မျှော်လင့်သလို ဖြစ်မလာခဲ့ရင် စိတ်ပျက်မိမှာ စိုးပါတယ် တဲ့။

"ဆရာဝန် လုပ်မယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါမှာ ဘယ်လို ဆရာဝန်မျိုးဖြစ်ချင်သလဲ ဆိုတာ ကျွန်တော် စဉ်းစားရပါတယ်။ ကျွန်တော် ငွေမရှာချင်ပါဘူး။ ပိုက်ဆံ သိပ်မချမ်းသာပေမယ့် ဂုဏ်သိက္ခာမြင့်မားတဲ့ ဘဝမျိုးကို လိုချင်ပါတယ်" ဆိုတယ်။

(အဲဒီအချိန်ကတော့ ကိုယ်တွေက ပိုငယ်သူတွေဖြစ်တော့ ကိုယ့်ထက် ကြီးတဲ့သူက ဒီစကားလုံးတွေ သုံးသွားတာကို မထူးဆန်းဘဲ သာမန်ပဲ ဖတ်ခဲ့မိတယ်။ ခု ပြန်စဉ်းစားတော့ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်အနေနဲ့ ငြိမ်သက်ရင့်ကျက်ပြီးသူ လို့ မှတ်ချက်ပြုမိတယ်။ ကိုယ် ၁၇ နှစ်မှာ အဲဒီ တဝက်တောင် မရှိခဲ့သေးဘူး)

ငယ်ဘဝ စိတ်ကူးစိတ်သမ်းတွေရဲ့ စံ ဖြစ်ခဲ့သူဖြစ်တော့ ငယ်ဘဝနဲ့ နွှယ်တဲ့ စာတစ်ပုဒ်ရေးမိချိန်မှာ သူ့အကြောင်းကို အမှတ်မထင် အမှတ်တရ ထည့်ရေးဖြစ်မိသေးတယ်။

ဘောင်ကျဉ်းကျဉ်းကလေးထဲကနေ ဘောင်ကျော်ကြည့်ဖို့ အသိတွေပေးခဲ့သူ ဖြစ်ပါတယ်။

အဲဒီအင်တာဗျူးကို ငယ်ငယ်တုန်းကတည်းက မြင်ခဲ့တဲ့ ထူးချွန်ထက်မြက်ပြီး ထူးခြားတဲ့ လူတစ်ယောက်ရဲ့ အင်တာဗျူးဆိုတာအပြင် မြန်မာပြည်ပညာရေးရဲ့တစေ့တစောင်း အဖြစ်လည်း ခုချိန်မှာ မြင်မိပြန်တယ်။

ပတ်သတ်သိကျွမ်းစရာအကြောင်း မရှိခဲ့တော့ နောက်ပိုင်းလည်း သတင်းတွေမကြားမိတော့ပေမယ့် ဘယ်နေရာရောက်ရောက် တကယ်ပဲ ပတ်ဝန်းကျင်အတွက် လိုအပ်နေမယ့် ဆရာဝန်ကောင်းတစ်ယောက်ဖြစ်နေမယ်လို့ ခံစားမိပါတယ်။

***
အခြေခံကျောင်းသားဘဝတလျှောက်လုံးမှာတော့ ထူးခြားတဲ့ ပညာရေးအင်တာဗျူး သုံးခုပဲ ဖတ်ခဲ့ဖူးပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေး နှစ်ယောက်။ ယောက်ျားလေးနှစ်ယောက်ဟာ ၁၀ တန်းအောင်တဲ့အချိန် ၂ နှစ်ကွာပြီး၊ ဆရာဝန်အလုပ်ကို ဝါသနာပါတယ် မဟုတ်ဘဲ ဆေးကျောင်းပဲ တက်ခဲ့ကြတယ်။

***

pic from google

Monday, August 23, 2010

ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ - စန္ဒယား ချစ်ဆွေ

ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ

နုနုငယ်ငယ် စိတ်ကူးယဉ်တတ်တဲ့ အရွယ်ကတည်းက
သူနဲ့ကိုယ် နှလုံးသားက ခင်တွယ်လာကြတယ်
စိတ်တူကိုယ်တူ အတွေးများလည်း အတူတူပဲကွယ်
အမြဲတတွဲတွဲ စားစား သွားသွား ကစားရင်းနဲ့ အတူပျော်မဆုံး
ချစ်ခွန်းသီဖွဲ့ ခွန်းချိုစကားတွေဖလှယ်

ဘဝအဆက်ဆက်က အကျွမ်းတဝင် ခင်မင်လာခဲ့သူလေလား
ဝိုးတဝါးစိတ်ဝယ် ချစ်အားတက်မိပြန်သေးတယ်

ကိုယ့်ငယ်ကျွမ်းရဲ့ အသည်းလွှာပြင်ဝယ်
ချစ်အက္ခရာတင်ဖို့အတွက်တော့ ချစ်သတ္တိ အမှန်မရှိသူကွယ်

သူနဲ့တွေ့လေတိုင်း အရိုင်းစိတ်ကို ရင်မှာမြိုသိပ်
ချစ်စကားရိပ်သော်မှ ဖွဖွညင်သာ မဆိုရဲဘူးကွယ်
ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ အနေကြာလာခဲ့သည် မှန်သော်လည်း
သွေကွာဝေးရမယ့် စကားဆို တခွန်းသော်မှ ပြောမထွက်ရက်သူပါကွယ်

ကိုယ့်စိတ် ကိုယ့်ဘဝင် မတင်မကျ တငွေ့ငွေ့ ကြောင့်ကြပူပင် ဗျာပါသည်းနင်
ချစ်နှောင်ကြိုး မငင်ဝံ့သူမှာ
ရင်မော မော လှ ပါ ပြီ ကွယ်



Saturday, August 14, 2010

ယသောဓရာ



ယသောဓရာ

ဖဝါးခြေထပ် ဖြည့်ဆည်းခြင်းဟာ

ဘယ်လောက်တောင် နက်နဲခဲ့ပါသလဲ


***
သူ့ရဲ့ မေတ္တာတရားတွေက
မဟာကရုဏာတော်တွေထဲမှာ

ဘဝ အဆက်ဆက် လိမ္မာတတ်သိမှုတွေက
ရွှေဉာဏ်တော်ရဲ့ အတုမရှိ အကျယ်အဝန်းမှာ

သစ္စာစီရင်တဲ့ ချစ်ခြင်းတရားတွေက
ရက်ပေါင်းများစွာ ဆွေးရတဲ့ တစ်ညဝေး အလွမ်းတွေမှာ

ရင်းနှီး
စွန့်လွှတ်
ခြင်းတွေက
ပါရမီတော်တွေတိုင်းမှာ

မခွာ
ထပ်ကြပ် ပေးဆပ်ခြင်းတွေက
နိမ့်ပါးလျောကျ အခါသမယတွေမှာ

ကျွမ်းမြေ့ လောင်မြိုက်ရခြင်းတွေက
"နေခဲ့" ချမှတ်တဲ့ အမိန့်တော်မြတ်တွေမှာ


စွန့်ထား ချန်ရစ်ခဲ့တဲ့ စည်းတဘက်မှာ ရပ်ဖို့
ဘယ်လောက်တောင် ခက်ခဲခဲ့ပါသလဲ

***
အသင်္ခတ ကမ်းတိုင်...
အသင်္ချေဘဝ အစမှာကတည်းက
ထံပါးမှ ကြာပန်းကိုင်ခဲ့သူ...

***
photo from here

Monday, August 9, 2010

'ကြည်အေး' အကြောင်းနဲ့ ဟိုဟိုဒီဒီ

Aung Phyoe: ‎" ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ " ကိုဖတ်ရမှ သည်ကဗျာလေးကို ပိုသဘောပေါက်လာမိသလိုပဲ ။ ဗညားမော်ဟာ ဆရာဒဂုန်တာရာ့ ရဲ့ကိုယ်ပွားလား ။

ငွေလှေပေါ်မှ အနမ်း


Me:
ရုပ်ရှင်တေးကဗျာမှာ နည်းနည်း ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုလား မသိ။


ဒဂုန်တာရာကို သိပ်မစွဲဘူး။ "မေ" ကလွဲလို့လဲ အပြီးထိ ဘာမှ မဖတ်ဖူးပါဘူး။ ဝတ္ထုတို/ရှည်တွေတော့ ဖတ်ဖူးတယ်။ သူ့စာတွေ ဖတ်ရရင် လတ်တလော ကာလမှာမဟုတ်ဘဲ တခြားကမ္ဘာရောက်သွားသလိုပဲ ထင်မိတယ်။


Aung Phyoe: ကြည်အေးကို ကြိုက်ရင် ဒဂုန်တာရာကိုလည်း ကြိုက်မှာပါ .. သူ့ ဝတ္ထုတိုတွေ ၊ ကဗျာတွေရော အရမ်းကောင်းပါတယ် ။ အရှည်တော့ သိပ်မရေးဘူး ထင်တယ် ... ကျတော်ကြိုက်တာက မေ ၊ မြိုင် ... နောက် ကြာပန်းရေစင်

http://www.facebook.com/note.php?note_id=470197151208&id=648609795&ref=mf#!/note.php?note_id=414351696208
သည်ကဗျာလေးလည်း အရမ်းကြိုက်တယ် ။


နောက်တစ်ခုက ကြည်အေးကဗျာတွေ နဲ့ ဒဂုန်တာရာ့ ကဗျာတွေ ယှဉ်ဖတ်ရင် ဆက်နွှယ် မှုတစ်ခုခုကို ခံစားရတတ်တယ် ...

Me: မေ ကို ကြိုက်ပါတယ်။ ကျန်တဲ့ လုံးချင်းတွေကျ မဖတ်ဖူးဘူး။ ဗညားမော်ပါတဲ့တစ်ခုကို နည်းနည်းဖတ်ဖူးတယ်လို့ ထင်နေတယ်။ တေးကဗျာမှာ ပါတဲ့ သူ့ အခန်းဆက်တွေ ဖတ်ဖူးပေမယ့် မကြိုက်ဘူး။ နောက် ဘယ်မဂ္ဂဇင်းမှာလဲ မသိပါသေးတယ် ။ စင်သီယာတို့ ဇာတ်ကောင်တွေနဲ့လေ။

ဝတ္ထုတိုစာအုပ် ဝယ်ဖတ်ဖူးတယ်။ အမှီးလည်းပါတယ်။ သူနဲ့ ကြည်အေးနဲ့ ဆင်ပေမယ့် ကြည်အေးကို အပြည့်အဝကြိုက်တယ်။ သူ့ကို အပြည့် မကြိုက်ဘူး။


ကဗျာကျတော့ နှစ်ယောက်လုံးကို သိပ်မကြိုက်လှတာ =D

ကဗျာ ပါရမီ နည်းတယ်လေ။ ရှည်ရင် ကျော်ဖတ်တော့တာ။ ဒါပေမဲ့ ကြည်အေးကဗျာ အတိုတွေတော့ သေချာ ဖတ်ဖြစ်ပြီး ကြိုက်လည်း ကြိုက်ပါတယ်။

တခါတခါကျ ကိုယ့်ဘာသာ ထင်မိတယ်။ ဟန်ချက်မညီဘူးလို့။

=)


Aung Phyoe: ကြည်အေးထဲမှာ ဖုန်းသက်တိုင် ကိုအကြိုက်ဆုံးပဲ ။ အခုဖတ်နေတယ်ဟုတ်. ... အမှန်ပြောရရင် မေမေစိန်လို မိန်းမမျိုးကို အပြင်မှာတွေ့ဖူးခဲ့တယ် .... ။ တင်တာနှေးရင် ဆောရီးအမရေ ... တစ်ဝက်လောက်ကျန်သေးတယ် ။ သည်တစ်ပတ်အပြီးတင်ပေးမယ် ။

Me: တဝက်တောင် ကျန်သေးတာလား။ ရှည်လိုက်တဲ့ မဂ္ဂဇင်း ဝတ္ထု။

ကြိုက်တယ် ဖုန်းသက်တိုင် ကို။ ခုချိန်ထိ မေမေစိန်နဲ့ ကိုဖုန်းခင် ဇာတ်လမ်းက တကယ်တော့ ဘာမှသိပ် မထူးဆန်းဘူး။ ဒါပေမဲ့ presentation နဲ့ စကားလုံးတွေက အတော်ထူးခြားတယ် ထင်မိတယ်။ ကြည်အေးက စာရေးဖို့ မွေးလာတာပဲ ထင်မိတယ်။


Aung Phyoe: ဟိုတလောက အဆက်အသွယ်ရတယ် ... သူရေးတဲ့အထဲက သူကြိုက်တာတွေရွေးပေးမယ်တဲ့ "မိုး နှင့် သရက်" ဖတ်မိတယ်မဟုတ်လား

Me: ‎'88 တဝိုက်မှာ အားမာန်သစ်က ထုတ်တဲ့ ကြည်အေး ဝတ္ထုတို စာအုပ် အိမ်မှာရှိတော့ ငယ်ငယ်တည်းက အဲဒီ ဝတ္ထုဖတ်ဖူးတယ်။ ငယ်ကတော့ ဘယ်နားလည်မလဲ။ ဒီလိုပဲ တွေ့ရာကောက်ဖတ်မိတာ။ ကြီးတော့ သူ့ စာရေးခြင်းအတတ်ကို အံ့သြမိတယ်။ အဲဒီ ဝတ္ထုတို စာအုပ်ထဲက ကိုယ် အကြိုက်ဆုံးက ရည်းစားကို အမျှော်စိုက်တဲ့ တစ်ပုဒ်ပဲ။ နာမည်ဖော်မရဖြစ်နေတယ်။ စောင့်နေတဲ့သူတစ်ယောက်နေရာက ရေးထားတာကွာ။ အကြောင်းအရာ ဘာမှ မရှိဘူး။ စကားလုံးတွေနဲ့ပဲ လက်ဖျားခါယူရတယ်။

Aung Phyoe: OMG ခုလေးတင်ဖတ်နေတာ တိုက်ဆိုင်လိုက်တာ "ရထားဘီး နှင့် ခဲလုံးများ" မဟုတ်လား

Me: အင်း ဟုတ်လိမ့်မယ်။
ပြတင်းပေါက်ကို ဖြတ်တိုက်လာတဲ့ လေသာ ပုံသဏ္ဍာန်တခုခု ခဏဖြစ်ဖြစ် ဆောင်နိုင်စွမ်းရှိရင် လေးထောင့်ကွက်လေးတွေ ပြုတ်ကျလာမည်... ဆိုတာလေးပါတယ်။
=)

အောင်ဖြိုး တင်ထားတဲ့ သူ့စာလေးကို ဖတ်မိပါတယ်။

သူ့ကို ဗျူးကြည့်ပါလား။ အင်တာဗျူး ဖတ်ချင်တယ်။ နောက် သူ့ဝတ္ထုတွေနဲ့ ပတ်သတ်ပြီး တစ်ခုခု ပြောတာကို ကြားချင်မိတာ။ ဘယ်ဝတ္ထုက ဘယ်လိုဆိုတာမျိုးပေါ့။


နောက်ပြီး သူ နောက်ဆုံးထွက်တဲ့ "မှန်၏မှောင်ရိပ်" နဲ့ "အိမ်ဖြူလင်းသစ်" ကို ဖတ်ရတယ်။ ဒါပေမဲ့ မပြီးသေးဘူး လို့ စိတ်ထဲ ထင်နေတယ်။ ဆက်ထွက်တာလဲ မတွေ့မိဘူး။ အဲဒါ ဆက်ရေးဖြစ် မရေးဖြစ်၊ ထွက်ဖြစ် မထွက်ဖြစ် သိပ်သိချင်တာပဲ။


ကိုယ်က သူ့စာတွေဖတ်ရင် ပုံနှိပ်မှတ်တမ်းရော၊ ကိုယ်ရေးအကျဉ်းရောနဲ့ပါ တကူးတက ယှဉ်တွဲဖတ်မိခဲ့တော့ သူ့စာတွေနဲ့ ပတ်သတ်တဲ့ သူ့ အမြင်တွေကို သိပ်ကြားချင်မိတယ်။ တခြား စာရေးသူတွေလို မီဒီယာနဲ့ တွေ့ဖြစ်သူလည်း မဟုတ်တော့လေ။


Aung Phyoe:
သူ့ သမီးကတောင် မမေးရဲဘူးဆိုတော့ ကျတော်ဆို မပြောနဲ့တော့ .အမှန်ပြောရရင် ကြောက်တယ် ... ။ ကျတော်လည်း သိချင်ပါတယ် အချို့ စာတွေဆို တကယ့်ခံစားရေးဖွဲ့သူ နေရာက ချောင်းကြည့်ရင် မခံစားနိုင်လောက်အောင် ကြေကွဲစရာမျိုးတွေ ...


Me: အော် အဲလိုလား။
ကိုယ်ကတော့ ဖတ်ချင်နေတယ် =(

ဒါနဲ့ (တကယ့်ခံစားရေးဖွဲ့သူ နေရာက ချောင်းကြည့်ရင် မခံစားနိုင်လောက်အောင် ကြေကွဲစရာမျိုးတွေ ...) ဆိုတာကို ဖတ်မိတော့ "နွမ်းလျအိမ်ပြန်" ကို ချက်ချင်း သတိရတယ်။ အောင်ဖြိုးက ဘာတွေကို ပြောချင်တာလဲ။


(ကိုယ်က ဒီလိုပဲ တခုခု စလိုက်ရင် မပြီးတော့ဘူး။ အသက်ကြီးလာပြီလေ LOL)


Aung Phyoe: နွမ်းလျအိမ်ပြန် ၊ လွမ်းအိပ်မက် (ဝတ္ထုတို) ၊ ချိုထွေးနဲ့ ညိုလေး (တို) ...

Me: ‎=) တို နှစ်ပုဒ်ကို မသိဘူး။ မမှတ်မိတာလည်း ဖြစ်နိုင်တယ်။

ဒီလာခါနီးမှာ ကြည်အေး ဝတ္ထုတို စာအုပ် ၂ အုပ် ဝယ်ဖတ်တယ်။ တအုပ်က ကြွေလုနှင်းဆီနဲ့ နောက်တခုကတော့ ပိုထူပြီး ပိုများတဲ့ ကြည်အေး ဝတ္ထုတိုများဆိုတာ... သေချာတော့ ဖတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီလာခါနီး ဖတ်ခဲ့ရတာတွေကို မေ့ကုန်တာ များတယ်။


တော်မှ တော်မှ


Aung Phyoe:
မောင့်ဖို့ကြွေရုပ် ၊ မမြမှီ ၊ မြင့်မားရိပ် ၊ လက်စားချေခြင်း ( အတိုတွေပဲ )


Me: ပြန်တောင် ဖတ်ချင်လာပြီ။ တခုမှ ခေါင်းစဉ်နဲ့ စာ တွဲ မမှတ်မိတော့ဘူး။

Aung Phyoe: နောက်ပိုင်း ရွှေအမြုတေမှာ ရေးတဲ့ "သိမ်းဆည်းမထားမိသော ကောက်ရသည့် စာတစ်စောင်" series တွေထဲက ၂ ပုဒ်လောက်ရှိသေးတယ် ။

Me: ဟုတ်လား။ ခုနောက်ပိုင်းရေးတဲ့ လက်ရာလား။

Aung Phyoe: ၂၀၀၀ နောက်ပိုင်း ကြာတော့ကြာပြီ ။ နောက်ပိုင်းရေးတာ ကိုယ်ရေးအထ္ထုပတ္တိ ဆောင်းပါးတွေ သရဖူမှာ သေချာတော့မဖတ်ရဘူး ... ပေါင်းချုပ်ထုပ်မှာပါ .. သည်တော့မှ

Me: ဟုတ်လား အဲဒါတွေ ကိုယ် မသိဘူး။ ကိုယ်ရေး အတ္ထုပ္ပတ္တိ ဖတ်ချင်လိုက်တာ။

Aung Phyoe: အာရင်ဘတ် ရဲ့ "လူများသက္ကရာဇ်များ ဘဝ " လိုပဲ သူသိတဲ့ လူတွေအကြောင်းရေးတာ နည်းနည်းစမ်းဖတ်ကြည့်ချင်ရင် အမြည်းရှိတယ်

http://www.tharahpumag.com/client/artview.php?art_id=261

***
facebook မှာ ပြောဖြစ်တာတွေ။ ဘာရယ်မဟုတ် မှတ်ထားလိုက်ချင်လို့။


***

Tuesday, August 3, 2010

ဒေါက်တာ သန်းထွန်း (၁၀)

ရဲဘော်သန်းထွန်း စည်းရုံး၍ မရပါ

တက္ကသိုလ် သမိုင်းဌာနမှာ ကျူတာဖြစ်ကတည်းက နိုင်ငံရေး မလုပ်တော့ဘူးလို့ ပြောမိတယ်။ အခု ပြန်စဉ်းစားတော့ နာမည်ခံ နိုင်ငံရေးပါတီဝင် ဖြစ်လိုက်ရသေးတယ်။ 1962 တော်လှန်ရေးကောင်စီနဲ့ အတူ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပေါ်လာတယ်။ ပေါ်စက တက္ကသိုလ်ကို အစိုးရက သိမ်းတယ်။ အရင်က တက္ကသိုလ် သီးခြား အုပ်ချုပ်ခွင့် ရှိတယ်။ နှစ်စဉ် ငွေအထောက်အပံ့တော့ နည်းနည်း ယူတယ်။ ဘယ်လို အထောက်အပံ့ယူသလဲ ဆိုရင် ဘာသာရပ်တစ်ခုအတွက် ပါမောက္ခတစ်ဦး၊ ကထိကတစ်ဦး၊ လက်ထောက် ကထိကတစ်ဦး၊ နည်းပြတစ်ဦးကို အစိုးရလစာနဲ့ ခန့်ပေးတယ်။ ဌာနကလည်း လေးငါးခုပဲ ရှိတယ်။


နောက် လူများလာတော့ တက္ကသိုလ်ရဲ့ ဆီးနိတ်အဖွဲ့က ဆရာ တိုးခန့်ရတယ်။ အစိုးရခန့်ဆရာက တစ်သက်ပန် ခန့်ထားပြီး၊ အငြိမ်းစားယူတဲ့အခါ အစိုးရက ပေးတဲ့ အငြိမ်းစား လစာ ခံစားခွင့် ရှိတယ်။ ဆီးနိတ်ခန့်ဆရာကိုတော့ နှစ်စဉ်စီမံကိန်းနဲ့ တက္ကသိုလ်ပိုင် ငွေထဲက လစာပေးပြီး "ဘယ်သူ့ကို ဘယ်ဌာနမှာ အခုနှစ် ဇွန် ၁ ရက်က နောက်နှစ် မေ ၃၁ ရက်ထိ ကျူတာခန့်တယ်လို့ စာထွက်ပါတယ်။

စခန့်ပြီးကတည်းက ကာလအပိုင်းအခြားကို ထည့်ပြောထားတော့ မေ ၃၁ ရက်ကျရင် အလိုလို အလုပ်ပြုတ်သွားပါတယ်။ ဆိုင်ရာ ပါမောက္ခ ထောက်ခံစာနဲ့ မေ ၃၁ မတိုင်မီ ဆီးနိတ်က နောက်တစ်နှစ် ခန့်စာ ထွက်ပေးပါမှ အလုပ် ဆက်ရတယ်။ ငါက ကျူတာဖြစ်ကတည်းက ဆီးနိတ်ခန့်ဆရာပဲ ဖြစ်တယ်။ အစိုးရခန့် ဖြစ်ဖို့က ရာထူးလစ်လပ်တဲ့အခါ ပါမောက္ခနှစ်သက်တဲ့ လူကို သွင်းပေးလိုက်တယ်။ ငါ့မှာ ဒီလို အစိုးရရာထူးကို ရနိုင်တဲ့ အရည်အချင်း မရှိဘူး။
ပဒေသရာဇ်ခေတ်က ဘယ်တော့မဆို ဗျာဒိတ်တော်မြတ်အတိုင်းပါဘုရား လို့ မပြောနိုင်ရင် ဒီကောင်မျိုး အတွင်းတော်ကို ဘယ်တော့မှ အခစားဝင်ရမယ့်အကောင် မဟုတ်ဘူး လို့ အပြောခံရတယ်။ ငါလဲ အတွင်းတော်ကို ဝင်ရမယ့်အကောင် မဟုတ်ဘူးဆိုတာ သိနေတယ်။

နိုင်ငံခြား ပညာတော်သင်သွားတော့လည်း အတူတူသွားတဲ့ လူတွေက ပညာတော်သင်ထောက်ပံ့ကြေးအပြင် ရမြဲလစာကို မြန်မာနိုင်ငံမှာ ဆက်ထုတ်ခွင့်ရတယ်။ ငါ့ကိုတော့ လစာမဲ့ ခွင့်ပေးတယ်။ တစ်လမှ ပေါင် 30 ပဲ ရလို့ အစားအသောက် အနေအထိုင် အများကြီး ဆင်းရဲတယ်။ ကျောင်းပိတ်ရင် သူများတွေ ဝေလနယ်၊ စကော့နယ်၊ ပြင်သစ် သွားလည်ကြတယ်။ ငါက မသွားနိုင်တော့ "ငါက မြင်းမိုရ်တောင်ပဲ သွားချင်တာ" လို့ ပြောပြီး လန်ဒန်မှာပဲ စာကြည့်တိုက်၊ ပြတိုက်တွေပဲ နှံ့အောင် သွားရတယ်။

ပြောလက်စ ဆက်ပြောရရင် တစ်နှစ်ကုန်တော့ ငါ့လို ကောင်မျိုးကို ဆိုင်ရာ ပါမောက္ခက ဆက်ထားဖို့ စာတင်ပေးရတယ်။ ဘာပြုလို့ ငါ့ကို ဆက်သုံးနေသလဲလို့ ဦးဘညွန့်ကို ငါ မမေးလိုက်မိပါ။ "အငြိမ့်မင်းသမီးက ပရိသတ်ထဲမှာ ငါ့ရည်းစားတွေ ရှိတယ်လို့ ပြောတော့ ကုလားက ငါပါသလား မေးတယ်။ ဟဲ့ နင်မပါဘူး" လို့ အပြောခံရသတဲ့။ ဒါမျိုးဖြစ်မှာစိုးလို့ မမေးမိတာပါ။

တက္ကသိုလ်ကို အစိုးရက သိမ်းတော့မှ ငါက တစ်နှစ်တစ်ခါ ခန့်တဲ့ "စပါးတောင်းဆရာဘဝ" က လွတ်တယ်။ ပြီးတော့ လမ်းစဉ်ပါတီ မဝင်လို့ ဘယ်ဖြစ်မလဲလို့ ငါ့အထက်က ပါမောက္ခကျော်သက်က ပြောပြီး ငါ့အတွက် ပါတီဝင်လျှောက်လွှာကို သူ့ဘာသာဖြည့်ပြီး တင်လိုက်တယ်။ လ အတော်ကြာမှ အရန်ပါတီဝင် လက်ခံတယ်လို့ စာရင်းထွက်တယ်။ ငါ့ယောက်ဖက မဝင်လို့ ညွှန်ချုပ်ဖြစ်နိုင်လျက်နဲ့ မဖြစ်ဘဲ အငြိမ်းစား ယူလိုက်ရတယ်။ အရန်ပါတီဝင် ဖြစ်ပေမယ့် ပါတီဆွေးနွေးပွဲ ထောက်ခံပွဲ သင်တန်း ဘာဆို ဘာမှ မတက်ပါ။ အမှတ်တမဲ့ နေခဲ့တယ်။ ရာထူးတိုးပေးချင်ရင် ပါတီဝင် ဟုတ် မဟုတ် ကြည့်ပါတယ်။ 1965 ခု မန္တလေးမှာ သမိုင်းပါမောက္ခ ရာထူးတိုးပေးခါနီးက ပညာရေး ဒုတိယဝန်ကြီးက ဒီလူ အရန်ပါတီဝင်ပဲဆိုပြီး ထောက်ခံလိုက်လို့ ရတယ်လို့ နောက်မှ သိရတယ်။ မန္တလေးက မိတ်ဆွေတွေက "ဒီတစ်သက် မင်းပါမောက္ခ မဖြစ်တော့ဘူးလို့ တို့ထင်တာ" လို့ ဆီးပြောပါတယ်။

တပည့်က ဆရာမှန်းသိမှ အုပ်ချုပ်ရတာ လွယ်မယ်။ ဒါကြောင့် ဆရာတွေ မီးခိုးရောင်ဝတ်စုံ ဝတ်ဖို့၊ ရင်ဘတ်မှာ နာမည်ကတ်ပြားချိတ်ဖို့ အကြံပြုလာတော့ ငါက ငါ့တပည့်တွေဟာ ငါ ပုဆိုးမပါဘဲ လာလည်း ရိုသေမှာပဲလို့ ကန့်ကွက်လို့ အကြံပြုချက် ပျက်သွားတယ်။
:smile:

နေ့စဉ် မင်းပွဲသဘင်ဝင်ရသလို အလှဆင်ချင်တဲ့ ဆရာမတွေက ငါ့ကို ကျေးဇူးတင်ကြတယ်။

မန္တလေးမှာ ရှိနေတုန်း ပါတီကြေး ပေးရမယ် တောင်းတဲ့အခါ ငါ မပေးဘူး။ လပေါင်း ၃၀ ကြာတော့ ငါ့ဆီကို ပါတီက စာတစ်စောင် ပို့တယ်။ တိုက်ရိုက်ပေးစာ မဟုတ်ဘူး။ ငါ့အကြောင်းကို ဌာနချုပ်ကို တိုင်လို့ ဌာနချုပ်က အရန်ပါတီဝင်အဖြစ်က ထုတ်ပယ်တဲ့စာ ဖြစ်တယ်။ အစီရင်ခံစာမှာ "ရဲဘော်သန်းထွန်း စည်းရုံး၍ မရပါ" လို့ ရေးတယ်။ ရုက္ခဗေဒပါမောက္ခ သန်းထွန်းက "ဘာကြောင့် ဆက်လက်ရှင်သန်နေပါသလဲ How did you survive" လို့ မေးတာကိုတော့ ငါ မဖြေတတ်ပါ။

***
(ဒေါက်တာသန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)

***