Friday, June 26, 2009

Linkage (2)


ဒါန နဲ့ နတ်ပြည်


ပြီးခဲ့တဲ့ Linkage Post's Comment မှ အလှူခံများ အလာကောင်းပေမယ့် အခါနှောင်းသွားပါပြီ။
အဲဒီ အလှူက အလုပ်မရခင်က လှူရမယ့် ကိစ္စပါ။
ခု အလုပ်ရပြီးပြီ ဆိုတော့
ကန်တော့ဆွမ်းပါ။
:)))

*****
ဒီနေ့က တခြား အကြောင်းအရာ တစ်ခု ရေးဖို့ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ post နဲ့ ဆက်တွေးမိတာ တချို့ရှိပြန်ရော...

အလယ်တန်း ၆ တန်း၊ ၇ တန်းမှာပေါ့။ အဲဒီတုန်းက ဖြူးမှာ။
၆ တန်းနဲ့ ၇ တန်းဆောင်က ကျောင်းရဲ့ အနောက်ဘက်စွန်းနားမှာ။ ကြည်ပြာဆောင် လို့ ခေါ်တယ်။ ကျောင်းနောက်ဖက်မှာရှိတဲ့ ဘုန်းကြီးကျောင်းက ဘုန်းကြီးတပါးဟာ ကျောင်းထဲက ဖြတ်ပြီး ဆွမ်းခံကြွတတ်ပါတယ်။
ကိုယ်တို့ သူငယ်ချင်းတတွေ အဲဒီ ဘုန်းကြီးနဲ့တွေ့ရင် ပါလာတဲ့ မုန့်ဖိုးတချို့ကို လှူခဲ့ကြဖူးတယ်။ တပတ်မှာ အနည်းဆုံး တရက်တော့ ကိုယ်တို့နဲ့ ကြုံတတ်တယ်။

ကိုယ့်ဘ၀မှာ အကြီးအကျယ် အလှူကြီး မပေးဖူးပေမယ့် မုန့်ဖိုးထက်မကတဲ့ အလှူမျိုးတွေတော့ နောက်ပိုင်း ရှိလာခဲ့ပါတယ်။ အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းပေါ့။

ဒါပေမယ့် ပြန်တွေးလိုက်တိုင်းမှာ အဲဒီ အလယ်တန်းကျောင်းသူ ဘ၀က အဲဒီ ဘုန်းကြီးကို သူငယ်ချင်းတစု ကြုံတိုင်း လှူခဲ့တဲ့ မုန့်ဖိုး အလှူကို ပီတိနဲ့ သတိအရမိဆုံးပဲ။ နောက်ပိုင်းလှူတဲ့ အလှူတွေကို ယှဉ်နိုင်တဲ့ အလှူလို့လဲ ထင်မိတယ်။ "စိတ်သာရှင်စော ဘုရားဟော" လို့ ဆိုတယ် မဟုတ်လား။

ဘာပဲပြောပြော ခုချိန်ထက်တော့ ဖြူစင်ခဲ့တဲ့၊ လောဘ မောဟနည်းခဲ့တဲ့ အချိန်တွေ...။
ပြီးတော့ ဘုန်းကြီးကိုယ်တိုင်က ကြည်ညိုနှစ်လိုဖွယ် အိနြေ္ဒမျိုးရှိနေတာကြောင့်လည်း ပါပါတယ်။ အသက်ခပ်ကြီးကြီး၊ သင်္ကန်းခပ်နွမ်းနွမ်းပေမယ့် သေသေသပ်သပ်ရုံလို့။ ကိုယ်တို့တွေက ၀တ္ထုလှူပြီး လက်အုပ်လေးတွေချီလို့ ရပ်နေရင်၊ ဘုန်းကြီးက ဆုတွေပေးပါတယ်။ တခါတခါ ဆုပေး ဆုယူအပြီးမှာ လမ်းခွဲဆက်လျှောက်ကြရင် "ဒုက္ခတွေ
ဒုက္ခတွေ" လို့ ခပ်တိုးတိုး ဆိုတဲ့ သံဝေဂသံကို ကြားရတတ်တယ်။

သတ္တလောကကြီးမှာ သူ့နည်း သူ့ဟန်နဲ့ ရုန်းကန်နေကြရတာဟာ "ဒုက္ခတွေ" လို့ ဆိုချင်ဟန် ရှိပါရဲ့။

လိုအပ်လို့ လှူရတဲ့ အလှူမျိုးကတော့ ဘယ်နေရာရောက်ရောက် ရှိနေမှာပါပဲလေ။
ဘယ်လောက်တိုးတက်တဲ့ နိုင်ငံကို ရောက်ဖြစ်လည်းပဲ လိုအပ်တဲ့ နေရာတွေဆိုတာ တွေ့နေရဦးမှာပါပဲ။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ က ဘယ်သွားသွား ကိုယ်နဲ့ အတူ ပါနေမှာပဲ။

ဒါပေမယ့် နတ်ပြည်မှာတော့ အတော် ခဲယဉ်းသတဲ့ ဆရာ။
ဗုဒ္ဓဘာသာမှာက ဘာပဲဖြစ်ဖြစ် စနစ်တကျ၊ ကြောင်းကျိုးဆက်စပ် ရှိတယ် ဆိုကြတယ်။
လောဘ၊ ဒေါသ၊ မောဟ ဆိုတာပဲ ဖြစ်ဖြစ်...
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာပဲ ဖြစ်ဖြစ်...
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတာပဲ ဖြစ်ဖြစ်...

သူ့ဆက်စပ်မှုနဲ့သူ... သူ့ဒီဂရီနဲ့သူ စီစဉ်ပြီးသားဖြစ်တယ် လို့ ဆိုတယ်။
ဒါန၊ သီလ၊ ဘာဝနာ ဆိုတာမှာလည်း ဒီလိုပဲတဲ့။
အနိမ့် အမြင့် ဒီဂရီ အလိုက် စဉ်ထားတာ ဆိုတော့...
လုပ်ရ အလွယ်ကူဆုံး၊ အနိမ့်ဆုံးကနေ စဉ်ထားတာပေါ့။

ဆောက်တည်ကျင့်ကြံဖို့ရာမှာ ဒါနထက် သီလကခက်၊ သီလထက် ဘာဝနာခက်တယ် မဟုတ်လား။
သဒ္ဓါ၊ သီလ၊ ပညာ နဲ့ တူမယ် ထင်ပါတယ်။ သဒ္ဓါနဲ့ ဒါနက ဆက်စပ်တာကိုး။ အနိမ့်ဆုံး ဆိုပေမယ့် အခြေခံအကျဆုံး အရေးအပါဆုံး တစ်ထစ်လည်း ဖြစ်ပါတယ်။ လှေကားထစ်များလို အောက်ဆုံးထစ် ကျော်တက်ရရင် ကသိကအောက် အဆင်မပြေတော့ ဖြစ်မှာပဲ တွေးမိတယ်။

သဒ္ဓါရှိမှ ဒါနပြုဖို့ဖြစ်၊ အဲဒီကမှ ကျွဲကူးရေပါ သီလဆောက်တည်ဖို့ဖြစ်၊ နောက်တဆင့်ကျမှ ၀ိပဿနာ ဘာဝနာ...

နတ်ပြည်မှာတော့ ပထမတဆင့်က ပြုတ်နေပြီ။ တော်ရုံဆို မေ့မေ့လျော့လျော့နဲ့ ဒီလမ်းစဉ် ရောက်ချင်မှ ရောက်တော့မယ်။ (ကိုယ်လို လူမျိုးဆိုရင် ပြောပါတယ်။) နတ်ပြည်ဆိုတဲ့ နေရာဟာ တော်တော် အနေအထိုင်တတ်မှ ဖြစ်မှာ။ မေ့လျော့ပျော်ပါးပြီး နတ်စည်းစိမ်ခံစား နောက်ဘ၀ဆို ပြန်ပြုတ်ကျလာဖို့က ပိုများတယ်။ (ကျောင်းတုန်းက roll တွေ လိုပေါ့။ graph များ ဆွဲလိုက်ရရင်တော့ စောက်ထိုးမိုးမျှော် ပဲ။)

ဒါကြောင့်လည်း "ဗြဟ္မာ့ပြည် တ၀င်းဝင်း၊ ၀က်စားကျင်း တရှုံ့ရှုံ့" ဆိုတာ ဖြစ်လာတာနေမှာ။
သံသရာများ တယ် ကြောက်စရာကောင်း။

*****
စကားချပ်
။ ။
အရိယာ မဖြစ်သေးသူတွေ အတွက်တော့ သံသရာဆိုတာမှာ ဘာ အာမခံချက်မှ ရှိတာမဟုတ်တော့...
နောင်ဘ၀ မြန်မာပြည်မှာပဲ လူပြန်ဖြစ်ရင် ဟိုလူတွေနဲ့ အမျိုးမတော်ဘဲ မနေပါဘူး မပြောနိုင်ဘူး။
တို့တော့ ကြောက်ပ။

မျှစ်ကြော်က လူနဲ့ သိပ်မသင့်ဘူး တဲ့။
လေစာ ဆိုပဲ။ ဟုတ်လားတော့ မသိဘူး။
:)


Wednesday, June 24, 2009

Linkage


ဒါန နဲ့ နတ်ပြည်


ကိုယ်ဒီကို ရောက်ပြီး တော်တော်ကြာတဲ့ထိ အလုပ်က မရ။ မေမေနဲ့ အဒေါ်က ထုံးစံအတိုင်း ဗေဒင်မေး၊ ယတြာချေနဲ့ ပြာယာခတ်အောင် လုပ်ကြပါတယ်။ ကိုယ်ကတော့ ဘုရားမှန်မှန် ရှိခိုးပါတယ်။ ဒီ့ထက်တော့ ဘာမှ မလုပ်ပါဘူး။ ဟိုကနေ ဘာလုပ်ပါ ညာလုပ်ပါ ညွှန်ကြားချက်တွေ လာရင် ဘာသာရေးနဲ့ ပတ်သတ်နေရင်တော့ လုပ်မိပါတယ်။

(ဒီရောက်တော့မှ မေမေ့စကားကို တခွန်းဆို တခွန်း နားထောင်ပါတယ်။ ဒါက စကားချပ် ပါ။ ဥပမာ- တသက်လုံးက သောက်လာတဲ့ coffee ကို လျှော့သောက်ပါလို့ ပြောလို့ ချက်ချင်းပဲ နေ့လည်တခွက်ကို လျှော့လိုက်ပါတယ်။ ကြားရက်တွေမှာ တနေ့လုံးမှ မနက်ခင်း တခွက်ပဲ သောက်တော့တယ်။ စနေ၊ တနင်္ဂနွေ ကတော့မပါ။

နောက် ဘုရားသောက်တော်ရေ မှန်မှန် ကပ်ပါ ပြောလို့ ပြောတဲ့နေ့ကတည်းက မပျက်မကွက် ကပ်ပါတယ်။

သွားတော့ မပြောကြပါနဲ့။
တော်ကြာ နားမထောင်နိုင်တာတွေ လာခိုင်းနေမှာ စိုးလို့။ နားမထောင်နိုင်တာ တစ်ခုရှိတယ်။

ဒီရောက်တော့မှ လို့ စကားခံရတာက ဟိုမှာတုန်းက နားမထောင်တာက များနေလို့ပါ)

ဆက်ပြောရရင် မြန်မာပြည်ကနေ လုပ်ခိုင်းတဲ့ထဲမှာ ရေလှူဖို့လဲပါတယ်။ နောက်တစ်ခုက သွားရင်းလာရင်း အသက်ကြီးတဲ့ လူတွေကို လမ်းစရိတ်ပေးတာ၊ နေရာပေးတာ လုပ်ပါတဲ့။ မြန်မာပြည်က ယတြာကိုး။ ဒီမှာ
စပယ်ယာက လိုက်ကောက်တာမှ မဟုတ်တာ ဘယ်လို လမ်းစရိတ် လှူမလဲ။

ယတြာဆိုတာထက် မေမေတို့ အဒေါ်တို့ လုပ်စေချင်တာကို လုပ်ပေးချင်မိပါတယ်။ ဒါက ဒီရောက်တော့မှ ဖြစ်လာတဲ့ စိတ်ပါပဲ။ ဒါပေမယ့် လမ်းစရိတ်လှူတဲ့ ကိစ္စကတော့ မလုပ်နိုင်ခဲ့၊ မလုပ်ဖြစ်ခဲ့ဘူးပေါ့။ နေရာပေးတာကတော့
လူကြီးတွေ ကိုယ့်ရှေ့မှာ လာရပ်တာ သတိပြုမိတာနဲ့ ထပေးပါတယ်။

အဲဒီမှာ တစ်ခု စဉ်းစားမိတယ်။ နတ်ပြည်မှာ ဒါနပြုလို့ မရဘူးဆိုတာ...
အားလုံး ပြည့်စုံ လိုအပ်ချက်ရယ်လို့ မရှိတဲ့နေရာမှာ ဘယ်သူက ဘယ်သူ့ကို ဘာဖြည့်ဆည်းစရာ လိုတော့မလဲ။

သံဃာ့ဂုဏ်တော်ထဲမှာ ပါတဲ့
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ (ကုသိုလ်ကောင်းမှုမျိုးစေ့ ကြဲရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူသော) ဆိုတာလည်း တွေးမိပါတယ်။ "ရဟန်းစားရသော ဆွမ်းတစ်နပ်" ထဲမှာ ဇော်လင်း ထပ်ခါထပ်ခါ အာရုံပြုသွားတဲ့ တစ်ချက်ပေါ့။

နတ်ပြည်မှာတော့ သံဃာလည်း မရှိဘူးလေ။
လူ့ပြည် နတ်ပြည်မပြောနဲ့။
မြန်မာပြည်နဲ့ စင်ကာပူရားမှာတောင် ကုသိုလ်ပြုခွင့် ကွာခြားနေတာတွေ ရှိနေပါရောလား။

*****
ဒီလိုဆိုတော့လည်း ငါ့တိုင်းပြည်လေးမှာပဲ မျှစ်ကြော် စားနေရတာကောင်းသား။
:)

Tuesday, June 16, 2009

Dialogue between ...


3:39 PM He: အင်း
me: :) coffee သွားဖျော်လိုက်ဦးမယ်

4:46 PM He: ကိုယ်ပြန်ရောက်ပြီ

28 minutes
5:15 PM me: yes
He: ဘယ်သွားနေတာလဲ
ကော်ဖီသောက်တာအဲဒီလောက်ကြာလား
5:16 PM စားပြီးပြီလား
me: ဟင်းချက်နေလို့ပါ (အလကား လျှောက်ပြောတာ။ ဟင်းက cityhall က ၀ယ်ထားတွေ စားနေတာ)
အင်း ခုနက စားလဲစား
သောက်လဲသောက်
ချက်လဲချက်
ခဏနေရင်
လျှော်ရမယ်
5:17 PM လှန်းရမယ်
He: ဒါဆိုရင်မအားဘူးပေါ့နော်
me: လှန်းထားတာတွေ ရုပ်သိမ်းရမယ်
ပြီးရင်
မီးပူတိုက်ရမယ်
အမလေး မောလိုက်တာ
He: ဒါဆိုရင် ရဲဘော်ဆက်လုပ်
5:18 PM မရှင်းတာရှိရင်မေးပါ
ဒါဘဲ
me: ခုခဏနားမယ်He: ခွင့်ပြုတယ်
ခွင့်လွှတ်တယ်
me: ယောက်ျားယူရင် ပိုဆိုးမလား မသိဘူးနော်
5:19 PM He: ဘာဖြစ်လို့လဲ
me: အဲဒါကြောင့် ဘီလျှံနာပဲ ယူချင်တာ (free kick)
He: ဖြစ်လာပြန်ပြီဒီရောဂါ (မသိလို့။ အဲဒီရောဂါက တောက်လျှောက်ဖြစ်နေတာ။ ပေါ်လိုက် ပျောက်လိုက် မဟုတ်ဘူး)
5:20 PM me: အဲဒါမှ မလုပ်ချင်တာတွေ မလုပ်ဘဲနေလို့ ရမှာပေါ့ (ဒါက corner)
He: မထင်ပါဘူး
me: ဘာဖြစ်လို့
He: အဲလိုမျိုးကိုလုပ်ပေးချင်နေတာဆိုရင်ခက်ပြီ
5:21 PM ကလေးကိုလဲ ကိုယ်တိုင်ဘဲထိန်းမယ်
ကလေးထိန်းက စိတ်မချရဘူး
me: လုပ်ပေးချင်နေတယ်ဆိုရင်တော့ ပြဿနာ မဟုတ်ဘူးလေ
He: ထမင်းဟင်းကလဲ ထမင်းချက်ကိုချက်ခိုင်းတာ စိတ်မချဘူး
ငန်လိုက်တာ
မောင်က အငန်နဲ့မတည့်ဘူး
me: မလုပ်ချင်ဘဲ မဖြစ်မနေ လုပ်နေရရင်သာ ပြဿနာ
5:22 PM He: ကိုယ်တိုင်ဘဲချက်မယ်
me: တော်စမ်းပါ
He: အဝတ်လျှော်တာလဲ ဂျီးမပြောင်ဘူး
မောင့်အတွက် ကိုယ်တိုင်ဘဲလုပ်တော့မယ် (တွေ့လား၊ ယောက်ျားတွေလည်း ရေလာမြောင်းပေး တော်တော် လုပ်တတ်တာ။ သူတို့ကိုယ် သူတို့တော့ ဟုတ်လှပြီ ထင်နေကြတယ်)
me: စိတ်ကူးကလဲ ယဉ်နေပြန်ပြီ
He: မီးပူတိုက်တာကလဲ ကျေမွနေတာဘဲ
5:23 PM မဖြစ်ပါဘူး
မောင်က သန့်သန့်ပြန့်ပြန့်ကြိုက်တော့ ကိုယ်တိုင်ဘဲလုပ်လိုက်တော့မယ်
ဆိုပြီး လုပ်နေဦးမှာ မြင်ယောင်နေပါတယ် (မြင်ယောင်ရုံပဲ မြင်ယောင်ရမှာ။ တကယ်တမ်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး)
5:24 PM အခုသာ တစ်ကိုယ်တည်းဆိုတော့ ဒီလိုမျိုးဖြစ်နေတာပါ
ကလေးတွေ ဘာတွေနဲ့ ဆိုတော့လဲ ပြောင်းသွားမှာပေါ့ (ပိုတောင် ဆိုးသွားဦးမယ်)
me: အော် ဘာပဲဖြစ်ဖြစ် ဘီလျှံနာ ဆိုရင်တော့ ဒါတွေ လုပ်ရလဲ တန်ပါတယ်လေ (hat trick)
He: နာမည်မှာ ဘီလျှံနာ ပါရင်လဲ တန်တာဘဲလား
5:25 PM me: နာမည်ကို ပြောတာမဟုတ်ဘူး ပိုင်ဆိုင်မှုကို ပြောနေတာ
5:26 PM He: ပိုင်ဆိုင်မှုမှာ ဘီလျှံနာ ဆိုတဲ့ နာမည်ပါတာကိုပြောတာလား
5:27 PM me: ဟုတ်ဘူး
ဘယ်လောက် ပိုက်ဆံရှိပြီး
ဘယ်လောက် ထပ်ရှာနိုင်လဲကို ပြောတာ
5:29 PM He: အော် ဒီလိုလား
5:30 PM me: အင်း ဒီလိုပဲ
He: ဒါဆိုရင်လဲ ပြီးရော မချစ်ဘူးလို့မှတ်လိုက်မယ် (ဟယ် ဒါမှ တို့မောင်ကြီးတော် !)
5:31 PM me: :)

9 minutes
5:41 PM me: ဘာလုပ်နေလဲ

28 minutes
6:09 PM me: ပြန်တာကို နှုတ်ဆက်မသွားဘူး

(ဂိုးသွင်းပြီးမှ စည်းကြပ်ဒိုင် အလံထောင်ပြလိုက်သလိုပဲ။ man out တဲ့)

:D

အလကား အလုပ်ပိုဦးမယ်



*****
အလကားပါ။ ဘာရယ်မဟုတ်ဘူး။ ဘာမှ တင်စရာ မရှိလို့။
အခန်းဆက်က နောက်တစ်ပတ်မှ နော်။

Wednesday, June 3, 2009

ရွှေရတု မတိုင်မီ (သို့) Before Golden Jubilee



မတန်ခူး tag လို့ ပါ။ ကျေးဇူးတင်စွာနဲ့ ရေးပါတယ်။ မမက အပြုံးချိုချိုလေးနဲ့ လို့ ညွှန်းထားတော့ အညွှန်းကို ဖတ်ပြီးမှပဲ ပြုံးမိသွားပါတယ်။ မပြုံးဖြစ်တာတောင် ကြာပါပြီကော။ :)

ရွာသားရေးတာ ဖတ်ပြီးတော့ ဘီးတဲလ်စ် အဖွဲ့ရဲ့ When I am 64 သီချင်းလေး သွားသတိရမိပါတယ်။ သူ့ post နဲ့ တိုက်ရိုက်တော့ မဆိုင်လှပါဘူး။ ဒါပေမယ့် လူက ခေတ်ပျက်ကြီးထဲ ကြီးလာရတော့ ထင်မိထင်ရာပါပဲ။ (နောင် အနှစ် ၂၀ မှာ 64 လဲ မရှိသေးပါဘူး။ ရွှေရတုတောင် မတိုင်သေးဘူး။)

ကျွန်မလို ဘာ plan မှ မရှိတဲ့ လူအဖို့ နောင်အနှစ် ၂၀ အကြောင်း ကြိုတွေးရတာ လန့်စရာပါပဲ။ ဒီခေါင်းစဉ်ကို ကြည့်ပြီးတော့လည်း ဘယ်လမ်းကြောင်းကို approach လုပ်ပြီး ရေးရမလဲ ဆိုတာ အရင် စဉ်းစားမိပါတယ်။

နောင် အနှစ် ၂၀ ကြာတဲ့အခါ ဖြစ်ချင်တဲ့ ကိုယ့် စိတ်ကူးလေးကို ရေးရမှာလား။
ဒါမှမဟုတ် အဲဒီ အချိန်မှာ ဖြစ်နိုင်ချေရှိတဲ့ ကိုယ့်အနေအထားကို သုံးသပ်ပြီး ရေးရမှာလား။
ဒုတိယ တစ်ခုပဲ ရေးတော့မယ်။

သေချာတာကတော့... နောက် အနှစ် ၂၀ ဆို ကျွန်မ အသက် အနှစ် ၂၀ ပိုကြီးသွားပြီ။
(ဘွားဘွားတို့ ခေတ်ကတော့ သားကို ချွေးမတောင်းပေးရမယ့် အရွယ်ဖြစ်မှာပေါ့နော်။)

ကံကောင်းတစ်ချက်လောက်သာ မထောက်မခဲ့ရင်တော့ ကျွန်မ မြန်မာပြည် ပြန်နေဖြစ်မှာ မဟုတ်ဘဲ ကမ္ဘာပတ်နေဖြစ်ဦးမယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘ၀မှာ အပြောင်းအလဲတွေ အမျိုးမျိုး ကြုံလာခဲ့သမျှ ကျောခိုင်းခဲ့ပြီးတဲ့ နေရာတွေကို (ပြန်ချင်သည် ဖြစ်စေ၊ မပြန်ချင်သည် ဖြစ်စေ) ပြန်မရောက်ဖြစ်တော့တာက များနေလို့ပါပဲ။ ငယ်ငယ်ထဲကလည်း တစ်နေရာတည်းမှာ အခြေတကျ နေဖို့ထက် နေရာအနှံ့ကို သွားလာချင်တဲ့ ဆန္ဒမျိုးလည်း ရှိခဲ့ဖူးပါတယ်။

(A J Cronin လို)

*****

တကယ်လို့များ အဲဒီ အချိန်မှာ သားတွေ သမီးတွေ ရနေခဲ့မယ် ဆိုရင်တော့ သူတို့ ကိစ္စ အ၀၀မှာ ၀င်ရောက်ပါဝင် စီမံခန့်ခွဲ သြဇာပေးရင်း အသက်ကြီးသွားပေမယ့် စိတ်က ခုထိ မချသေးဘူးလို့ ကွယ်ရာမှာ
ကလေးတွေ အတင်းပြောတာ ခံရမယ့် အဘွားကြီး ဖြစ်နေနိုင်ပါတယ်။ ကလေးတွေ ကိစ္စ မင်း ၀င်မပါစမ်းပါနဲ့ လို့ တားမြစ်မယ့် ကလေးတွေ အဖေနဲ့ ရန်ဖြစ်ရင်းပေါ့။

စိတ်တိုင်းကတော့ ကျမယ်မထင်ဘူး။ ဘာလို့ဆိုတော့ ကိုယ်က မြန်မာပြည်မှာ အနှစ် ၃၀ နီးနီး နေထိုင်ကြီးပြင်းလာတဲ့သူ။ မြန်မာမှ အညာသူတောင် ဖြစ်နေလိုက်သေးဆိုတော့...။ သူတို့ကတော့ နိုင်ငံရပ်ခြား လူမျိုးခြားတွေထဲမှာ ဒီဒေသက အကျင့်စရိုက်တွေနဲ့ မွေးကတည်းက ကျင့်သားရလာတဲ့သူတွေ ဖြစ်နေမှာကိုး။
(အင်း ဒုက္ခ ဒုက္ခ)
အဲဒီလိုဆိုရင် ကျွန်မ ကမ္ဘာပတ် ခရီးထွက်ရင် သူတို့တွေ ၀မ်းသာအားရ ဖြစ်နေကြတော့မှာပဲ။
ဒါတော့ ဘယ်ဖြစ်မလဲ။ ကလေးတွေ ၀မ်းသာချင် သာပါစေ။ ကလေးတွေ အဖေ ၀မ်းမသာနဲ့။

လာ ကိုယ်နဲ့ တူတူလိုက်ခဲ့။

ဒီကမ္ဘာကြီး အဆုံးကို ကိုယ်သွားမယ်။

*****

အောင်မြင်တဲ့ ကိုယ်ပိုင် စီးပွားရေး တစ်ခုခုလည်း ထူထောင်ထားနိုင်ချင်ပါတယ်။
အင်း Social Welfare Activity တစ်ခုခုမှာလည်း ၀င်ပြီး အမှုဆောင်ချင်မိပါတယ်။
ကိုယ့်နာမည်နဲ့ Fund တစ်ခုလောက်လည်း ထောင်ချင်တယ်။
မိဘမဲ့ ကလေးကျောင်းလို၊ ဆေးသုတေသနလို၊ ပညာသင် ထောက်ပံ့ရေးလို ကိစ္စမျိုးတွေ အတွက်ပေါ့။

(Melinda Gates ပဲ ဖြစ်လိုက်ပါတော့။ ငါ့နှယ်...)

*****
ကိုယ့် အတွေ့အကြုံတွေကို Share လုပ်ဖို့ စာလည်း ရေးချင်ပါတယ်။ ငယ်ငယ်က ခဏတဖြုတ် စိတ်ကူးခဲ့ဖူးတဲ့ အချစ်ဝတ္ထု ရေးမယ့် ကိစ္စတော့ ထားလိုက်ပါပြီ။

ဖြစ်နိုင်မယ်ဆိုရင် Margaret Michelle လို တအုပ်တည်းနဲ့ ကမ္ဘာကျော်ချင်မိပါတယ်။ (သက်သာအောင်လို့)

*****

အနှစ် ၂၀ အကြောင်း ရေးကြပုံ အမျိုးမျိုးကို သဘောတကျ ဖတ်ခဲ့ရပါတယ်။
ကျွန်မကို tag တဲ့ မမတန်ခူး ရေးတဲ့ post လေးကိုဖတ်ရတော့ ဘာကြောင့်မှန်းမသိ ထိထိခိုက်ခိုက် ခံစားမိပါတယ်။ ငါတော့ ဒီဘ၀မျိုး မရနိုင်တော့ဘူးလို့ sense ရနေတာကြောင့်လားတော့ မသိပါဘူး။ အညာကို ချစ်ပေမယ့် ကိုယ်နဲ့ သိပ် ကီးကိုက်တယ်လဲ မထင်မိတော့ပါဘူး။

မယုံမရှိနဲ့။ အညာမှာပဲ တောက်လျှောက် နေနေတဲ့ သူငယ်ချင်းတွေ ရှိရင် စကားပြောကြည့်ပါလား။ ပြောစရာအကြောင်းအရာတွေ တော်တော် ရှားပါးနေတာ တွေ့လိမ့်မယ်။ အထက်တန်းအောင်ပြီးကာစ ကာလတွေလို ရေပက်မ၀င်တဲ့ စကားတွေ တော်တော် ဆိတ်သုဉ်းနေပါပြီ။

သံယောဇဉ်ဟာ သံယောဇဉ်... အခြေအနေဟာ အခြေအနေပါပဲလေ။

*****
ဘယ်လိုပဲ သဘာဝလောကကို ချစ်လည်း အခြေအနေတွေသာ မထင်မှတ်လောက်အောင် ပြောင်းလဲနိုင်စရာ မရှိဘူး ဆိုရင် ကျွန်မတော့ Urban Area မှာပဲ ဘ၀ကို ကုန်ဆုံး ဖြစ်ပါလိမ့်မယ် ထင်ပါတယ်။ ကမ္ဘာကျော် အနုပညာရပ်တွေ၊ စာပေတွေကို ထိတွေ့လေ့လာခွင့်ရပြီး၊ ခေတ်ပေါ်နည်းပညာတွေကိုလည်း မျက်ခြေမပြတ်တဲ့ ခေတ်မီတဲ့ အဘွားကြီး ဖြစ်ချင်ပါတယ်။

ဒီ video file လေးထဲကလို

အဲဒီအချိန်မှာ ငယ်ငယ်တုန်းက မသင်ခဲ့ဖူးတဲ့ ပညာရပ် တစ်ခုခုကိုလည်း သင်ကြားခွင့် ရချင်မိပါတယ်။


(မှတ်ချက်။ ။ ဟင်းချက်နည်း နှင့် ဇာထိုးပန်းထိုးနည်း မပါ)

(စာရေးဆရာမ (ဒေါ်) မမြတ်လေး လို။ သူက အသက် ၈၀ လား၊ ၉၀လား နီးမှ Applied Psychology ကို မြေးတွေနဲ့တူတူ တက်ပြီး Diploma ယူခဲ့သေးသတဲ့။ တကယ်ကို ဦးညွှတ်ပါတယ်။ အာဂမိန်းမ !!!)


*****
ဖြည့်စွက်ချက်။ ။ ဘုရားကြောင်း၊ တရားကြောင်းလေး ထည့်ရေးဖို့ မေ့သွားလို့။ ကဲပါလေ။ မေ့လက်စနဲ့ ထားလိုက်ပါတော့။ အသက်မှ ၅၀ မကျော်သေးတာ။ ၅၀ ကျော်တော့ အလိုလို သတိရပါလိမ့်မယ် (ထင်တာပဲ)။


ဘီးတဲလ်စ် သီချင်းလေး နားထောင်သွားပါဦး။




(The Beatles - When I am 64)

When I get older, losing my hair
Many years from now

Will you still be sending me

a Valentine Birthday greetings, bottle of wine

If I'd been out till quarter to three

Would you lock the door

Will you still need me

Will you still feed me

When I'm sixty four


You'll be older too
And if you say the word

I could stay with you

I could be handy, mending a fuse

When your lights have gone

You can knit a sweater
by the fireside
Sunday morning go for a ride

Doing the garden,
digging the weeds
Who could ask for more

Will you still need me

Will you still feed me

When I'm sixty four


Every summer we can rent a cottage
In the isle of Wight, if it's not too dear

We shall scrimp and save

Grandchildren on your knee

Vera Chuck and Dave


Send me a postcard drop me a line
Stating point of view

Indicate precisely
what you mean to say
Yours sincerely wasting away

Give me an answer, fill in a form
Mine for evermore
Will you still need me

Will you still feed me

When I'm sixty four

*****

Tuesday, June 2, 2009

ချစ်လွန်းတင်



ချစ်လွန်းတင်

(တေးရေး - မြို့မငြိမ်း

တေးဆို - မေရှင်)

မောင့်မျက်နှာ တရွာမှတ်ထင်

အချစ်ဓါတ် ရစ်ပတ်မိရင်
ကြာလေလေ ခိုင်မြဲလေလေ
အမြစ်ဖြတ် မရဘဲ အသည်းထဲ စွဲကာပင်

ဇွတ်နှစ်ပြီး ချစ်ရတော့မယ်
အားနွဲ့သူပါရှင်

ဆူးကျလည်း ဖက်၊ ဖက်ကျလည်း ဖက်

နာဖက်က မို့ပင်

မွှေးတုန်းတော့ လူရာဝင်

နောင်တွင် ရိုးမယ်ဖွဲ့ကာ ပစ်မှာစိုး
အမျိုးမျိုး ပူတယ်ရှင်

စကားတွေ ဖောင်ဖွဲ့လို့ ချစ်မတဲ့ ယုံအောင်ပင်
တဦးသဘော တဦး ပြော၍ မနေချင်

တကယ်တမ်း မေတ္တာစစ်နဲ့ ချစ်ကြဖို့ပါရှင်

လွန်းပေါင်းတင် ချစ်တဲ့ကြိုးလို ပမာယှဉ်

နှစ်နှစ်ကာကာ တူပင်
သက်ဆုံးတိုင် ခိုင်မြဲချင်

ချစ်လျှင် အကျိုး၊ မြတ်နိုး သဒ္ဓါ
ရွှေမေတ္တာ တူတူဆိုရင်
တဲအိုပျက်ထဲမှာပင် ပန်းမွေ့ရာ ကြဲတယ်ထင်
ချစ်သူနဲ့ လွဲခဲ့ရင် ရွှေပုံလဲ ဖွဲအိတ်ထင်
ချစ်ငွေ့ကြူကြူ ချစ်သူသာပင်
ဘ၀တိုင်း ဖြစ်လေရာ
ဆုံပါတော့ နှစ်ကိုယ်ယှဉ်

စားစား သွားသွား တူပင်
သက်လုံးမောင်ကြင်
မေတ္တာရေစင် မွန်းအောင်
ချစ်လွန်းတင်

*****
မလှလား စာသားလေးတွေက။ "
စကားတွေ ဖောင်ဖွဲ့လို့ ချစ်မတဲ့ ယုံအောင်ပင် တဦးသဘော တဦး ပြော၍ မနေချင်" ဆိုတာမျိုးလေးတွေက မြို့မငြိမ်း မို့လို့ ထွက်လာတာပဲ လို့ တွေးမိရအောင်ပါပဲ။ ကျွန်မတော့ အရင်ခေတ်က အမျိုးသား တေးရေးဆရာတွေကို သိပ် အံ့သြမိတယ်။ သူတို့ ဘယ်လိုများ မိန်းကလေးတစ်ယောက်ရဲ့ နူးနူးညံ့ညံ့ အတွင်းစိတ်ကို ပေါ်လွင်အောင် ဖွဲ့နိုင်ကြသလဲနော်။

တော်ရုံ စိတ်ဓါတ်တွေ ခက်ထန်နေချိန်မှာဆို ဒါမျိုးလေးတွေ နားထောင်လိုက်ရင်ပဲ နူးနူးညံ့ညံ့ ဖြစ်လာပါရော။
(ခုတလော tense ဖြစ်နေလို့ ကိုယ့်ဘာသာ နှစ်သိမ့်ပြီး တင်ထားတာပါ။)

ဒီနေရာမှာ နားထောင်ပါ။

Monday, May 25, 2009

လူကြုံ အရေးတကြီး !!!




စာအုပ်တစ်အုပ် (5 lb ခန့်) မြန်မာပြည်သို့ ထည့်ပေးလိုက်ချင်ပါသည်။
မြန်မာပြည်ရောက်လျှင် အိမ်တိုင်ရာရောက် လာယူပါလိမ့်မည်။

(ပိုက်ဆံ သိပ်မကုန်နိုင်ဘူး ဆိုလျှင်တော့ Agent နဲ့ပဲ ပို့ပါမည်။)



Saturday, May 16, 2009

The Plague by Albert Camus

(Albert Camus)

ဝင်းဝင်းလတ် ရဲ့ "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ" ဟာ ကျွန်မကို စာရေးဆရာ လုပ်ဖို့ လက်လျော့သွားစေတဲ့ ၀တ္ထုဆိုရင် "ပလိပ် "ကတော့ အဲဒီလို လက်လျော့ခဲ့တာ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်တဲ့ ၀တ္ထုပါပဲ။
Q. How contrive not to waste one's time? (အချိန်ကို မဖြုန်းတီးမိအောင် ဘယ်လို ဖန်တီးမလဲ)
A. By being fully aware of it all the while. (တချိန်လုံး သိနေအောင် လုပ်ရမယ်)

Everybody knows that pestilences have a way of recurring in the world;
yet somehow we find it hard to believe in ones that crash down on our heads from a blue sky.
(ကပ်ရောဂါများသည် ကမ္ဘာပေါ်တွင် အကြိမ်ကြိမ် ပြန်၍ ဖြစ်တတ်သည်ကို လူတိုင်း သိကြသည်။ သို့ရာတွင် ကျွန်ုပ်တို့ထံသို့ မိုးပေါ်က ကျလာသလို ဆိုက်ရောက်လာတတ်သည့် ကပ်ရောဂါများကိုမူ ယုံကြည်ရန် ခဲယဉ်း၍ နေတတ်ပြန်သည်)

There have been as many plague as wars in history; yet always plagues and wars take people equally by surprise.
(လူ့သမိုင်းတလျှောက်တွင် စစ်ကြီးများ ဖြစ်ပွားခဲ့သလောက် ပလိပ်ကပ်များလည်း ဖြစ်ပွားခဲ့သည်သာ။ သို့စဉ်လျက် ပလိပ်ရောဂါနှင့် စစ်ကြီးများ ဖြစ်လာသောအခါ လူအများမှာ အံ့အားသင့်ကြရမြဲ ဖြစ်လေသည်)

When a war breaks out, people say: 'It's too stupid; it can't last long.'. But though a war may will be 'too stupid', that doesn't prevent its lasting.
(စစ်ကြီးတစ်ခု ဖြစ်ပွားပြီ ဆိုလျှင် လူအများက 'အလွန် မိုက်မဲသော အမှုဖြစ်၍ ကြာရှည်နိုင်မည် မဟုတ် ' ဟု ဆိုတတ်ကြသည်။ သို့ရာတွင် စစ်သည် မိုက်မဲမှုပင် ဖြစ်စေဦးတော့ မိုက်မဲမှု ဖြစ်၍ ကြာရှည်နိုင်မည် မဟုတ် ဟူ၍တော့ မဆိုနိုင်)

Stupidity has a knack of getting its way; as we should see if we were not always so much wrapped up in ourselves.
(မိုက်မဲမှုမှာ သူ့နည်းသူ့ဟန်နှင့်သူ သက်ဆိုးရှည်၍ နေတတ်သည်။ ကျွန်ုပ်တို့သည် ကိုယ့်ကိစ္စကလေးများနှင့်ကိုယ် ရစ်ပတ်သိုင်းခြုံ၍ချည်း မနေကြလျှင် သိမြင်နိုင်ကြပါလိမ့်မည်။)

No one will ever be free so long as there are pestilences.
(ကပ်ရောဂါများ ရှိနေသမျှ ကာလပတ်လုံး မည်သူ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်လိမ့်ဦးမည် မဟုတ်ချေ)

When a man is a doctor, he comes to have his own idea of physical suffering, and to acquire somewhat more imagination than the average.
(လူတစ်ယောက်သည် ဆရာဝန်ဆိုလျှင် ခန္ဓာကိုယ်၌ ဖြစ်သည့် ဝေဒနာကို သူ့အမြင်နှင့်သူ သိတတ်လာသည်။ ဤအကြောင်းကြောင့်ပင် သူသည် လူသာမာန်တို့ထက် ပိုပြီး စိတ်ကူးနှင့် ထင်မြင်ကြည့်တတ်သည်)

He tried to recall what he had read about the disease.
(ရေး သည် ဤရောဂါအကြောင်း သူဖတ်ဖူးသမျှကို ပြန်၍ စဉ်းစားနေသည်)

Figures floated across his memory, and he recalled that some thirty or so great plagues known to history had accounted for nearly a hundred million deaths.
(သူ၏ မှတ်ဉာဏ်ထဲတွင် ကိန်းဂဏန်းများ ပေါလောပေါ်လာကြသည်။ လူ့သမိုင်းစဉ် တလျှောက် ဖြစ်ပွားခဲ့သည်ဟု သိရသော ပလိပ်ကပ်ကြီး ၃၀ ခန့်တွင် လူသန်းပေါင်း တစ်ရာနီးပါး သေခဲ့သည်ဟု စာရင်းပြသည်)

But what are a hundred million deaths?
(သို့ရာတွင် သန်းတစ်ရာ သေသည် ဆိုသည်မှာ ဘာဆန်းသနည်း)

When one has served in a war, one hardly knows what a dead man is, after a while.
(စစ်ကြီးတစ်ခုတွင် ၀င်၍ အမှုထမ်းဖူးလျှင် ခဏကြာတော့ လူသေသည် ဆိုသည်မှာ ဘာမှ မဆန်းတော့)

And since a dead man has no substance unless one has actually seen him dead, a hundred million corpses broadcast through history are no more than a puff of smoke in the imagination.
(သေသည်ကို ကိုယ်တိုင် မမြင်ရလျှင် သေသူ ဆိုသည်မှာ ဘာအကောင်အထည်မှ ရှိသည် မဟုတ်၍ လူ့သမိုင်း တလျှောက်လုံး၌ သေခဲ့ကြသည့် လူသန်းတစ်ရာ ဆိုသည်မှာ လူတစ်ယောက်၏ စိတ်ကူးထဲတွင် ဆေးလိပ် မီးခိုးကလေး တစ်ကွက်ပမာ အတွေးကလေး တစ်ခုမျှသာ ဖြစ်သည်)

In fact, our suffering was twofold; our own to start with, and then the imagined suffering of the absent one, son, mom, wife, or mistress.
(ကျွန်ုပ်တို့၏ ဝေဒနာမှာ နှစ်မျိုးဖြစ်သည်။ တစ်မျိုးက ကျွန်ုပ်တို့က တမ်းတရသည့် ဝေဒနာ၊ နောက်တစ်မျိုးက ကျွန်ုပ်တို့နှင့် ကွေကွင်းနေကြရသော သား၊ သမီး၊ ဇနီးမယား၊ ရည်းစား စသည်တို့၏ စိတ်သောက ဝေဒနာကို တွေးပြီး ရင်နာရသည့် ဝေဒနာ)

They came to deplore their ignorance of the way in which that person used to spend his or her days, and reproached themselves for having troubled too little about this in the past, and for having affected to think that, for a lover, the occupations of the loved one when they are not together could be a matter of indifference and not a source of joy.
(ယခု ကွေကွင်းနေရသည့် ချစ်သူသည် ယခင် အချိန်များက မည်သို့နေ၍ မည်သို့ ထိုင်တတ်ခဲ့သည်ကို သိအောင် ဂရုစိုက်မှု နည်းလွန်းခဲ့သည့်အတွက်လည်းကောင်း၊ ချစ်သူတစ်ယောက်အဖို့ သူနှင့် အတူတကွ မရှိသည့်အချိန်တွင် သူ့ချစ်သူ ဘာတွေ လုပ်နေသည် ဆိုသည်မှာ အမှတ်မထင်ကိစ္စ၊ စိတ်ပျော်ရွှင်ဖို့ အကြောင်းရင်းလည်း မဟုတ်ဟု အထင်ရှိခဲ့မိသည့်အတွက် လည်းကောင်း မိမိကိုယ်မိမိ အပြစ်တင်၍ နေမိတတ်သည်)

The Plague by Albert Camus
Translated into Myanmar by Htin LinTranslated into English by Stuart Gilbert

*****

ဂျူး အကြောင်းကိုရေးရင်း အရှိန်ရလာပြီး စာအုပ်တွေအကြောင်းကို ရေးချင်လာမိတယ်။

ကမူး (Camus) ကို စဖတ်ဖြစ်တော့ 1994 လောက်မှာပါ။ ပထမဦးဆုံး ဖတ်ဖြစ်တဲ့စာအုပ်က The Outsider (
L'Étranger) ပါ။

ကျွန်မ ကြိုက်တဲ့ စာအမျိုးအစားက A J Cronin ရေးတဲ့ ၀တ္ထုမျိုးတွေ ဖြစ်ပါတယ်။
ဒါကြောင့် Outsider ကို မကြိုက်ဘူး။
Jonathan Livingston Seagull ကို မကြိုက်ဘူး။
The Old Man & the Sea ကို မကြိုက်ဘူး။
Ward Six ကို မကြိုက်ဘူး။
ကျွန်မက လက်တွေ့ဘ၀ကို တိုက်ရိုက် ထင်ဟပ်ပြီး ဖွဲ့ဆိုတာတွေကိုပဲ ကြိုက်တယ် ထင်ပါရဲ့။ အဲဒါကြောင့် ပုံဆောင်ပြတဲ့ ၀တ္ထုတွေ၊ လောကအပြင်ကို ထွက်ပြီး ရေးဖွဲ့ထားတဲ့ ၀တ္ထုတွေကို မစွဲလမ်းခဲ့တာပါ။ ဒီနေရာမှာ တစ်ခုတော့ ပြောစရာရှိပါတယ်။ ကြိုက်နှစ်သက်တာ စွဲလမ်းတာနဲ့ အထင်ကြီး လေးစားတာကတော့ တကဏ္ဍစီပါ။

ဥပမာ- ကျွန်မ ဂျာနယ်ကျော် မမလေး ရဲ့ ၀တ္ထုတွေကို မစွဲလှဘူး။ ဒါပေမယ့် သူဖန်တီးတဲ့ စာတွေကိုတော့ အထင်ကြီး လေးစားမိတယ်။
သူ့ကို အရည်အချင်းရှိပြီး ထက်မြက်တဲ့ မိန်းမလို့လည်း ထင်တယ်။ ဂျာနယ်ကျော် မမလေး ရေးတဲ့ထဲမှာ ကျွန်မ စွဲပြီး ကျန်ခဲ့တာ မုန်း၍မဟူ တစ်ပုဒ်တည်းပဲ။ မစွဲဆုံး (အစွဲဆုံး မဟုတ်ပါ) ကတော့ သူလိုလူ ပါပဲ။ အဲဒီအကြောင်းတော့ နောက် ကြုံမှ ရေးပါမယ်။ (သူလိုလူ အကြောင်းပြောရင် တော်တော် များများနဲ့ သတ်ရဖွယ် ရှိပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကျွန်မ သိသလောက် အဲဒီ စာအုပ်ကို သိပ်ကို ကြိုက်ကြတာပဲကိုး။)

ကမူး ကို စဖတ်ဖြစ်ပုံက ဒီလိုပါ။ 1994 လောက်မှာ ထင်လင်း ဘာသာပြန် စည်းအပြင်ကလူ ကို မဂ္ဂဇင်း တစ်ခုမှာ ကြော်ငြာတာ တွေ့ပြီး ဖတ်ချင်လိုက်တာ ဖြစ်သွားမိတယ်။ နာမည်က ကျွန်မကို တော်တော် ဆွဲဆောင်ပါတယ်။ အဲဒီတုန်းက ၁၄ နှစ်၊ ၈တန်းပဲ ရှိသေးတာ။
(အဲဒီ အရွယ်တုန်းက အဲဒီလို မတန်မရာတွေ ဖတ်ခဲ့လို့လား မသိဘူး။ ခုကျတော့ အားရက်ဆို လေးမွန် ထွေးမွန်တို့၊ ကတွတ်ပီ တို့ပဲ ဖတ်တော့တယ်။)

တကယ်တော့ နာမည်ကို စိတ်ဝင်စားသွားတာပါ။ အဲဒီ အရွယ်မှာ Albert Camus လည်း မသိပါဘူး။ Existentialism လည်း မသိပါဘူး။ ဘယ်လိုလုပ် သိပါ့မလဲ။ အဝေးကြီးတွေကို။ ထင်လင်းကိုတော့ ပေါ်လီယာနာ ကြောင့် သိနေပြီးပါပြီ။

... ဆိုတော့ စာအုပ်ဆိုင်ကို သွားမေးပါတယ် (ဖြူး ဈေးမြောက်ဘက်က မြဧရာ ဆိုတဲ့ စာအုပ်ဆိုင်မှာပါ။ ဆိုင်ရှင် ညီအစ်ကို နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဦးမိုးအောင် က မိတ်ဆွေများ စာကြည့်သင်း ရဲ့ အတွင်းရေးမှူး ဖြစ်ပါတယ်။) မိတ်ဆွေများမှာ ဘာလို့ သွားမရှာလဲဆိုတာ မမှတ်မိတော့ဘူး ဖြစ်နေတယ်။ ကြည့်ရတာ စာကြည့်သင်းကို သွားတော့ မေးပါလိမ့်မယ်။ စာအုပ်က ကိုယ့်အလှည့် မရောက်နိုင်လို့ ၀ယ်ဖို့ သွားမေးတာ ဖြစ်နိုင်ပါတယ်။ ဦးမိုးအောင်နဲ့ သူ့အမျိုးသမီးက ဆိုင်မှာ စာအုပ်မရှိလို့ဆိုပြီး သူတို့မှာ ရှိတဲ့ စာအုပ်ကို ကျွန်မကို ပေးလိုက်ပါတယ်။

ကျွန်မ ကြိုက်တဲ့ စာအုပ် အမျိုးအစား မဟုတ်ဘူး ဆိုပေမယ့် ကျွန်မ တရိုတသေ သိမ်းခဲ့ပါတယ်။ အဲဒီ စာအုပ်ဖတ်ပြီး သိပ်မကြာခင် ကလျာ မဂ္ဂဇင်းမှာ ဂျူးက အဲဒီ စာအုပ်အကြောင်း review ရေးထားတာကို ဖတ်မိတော့ ကျွန်မ သေချာကူးပြီး အဲဒီ ၀တ္ထုစာအုပ်ရှေ့မှာ သေချာတွဲကပ် ထားခဲ့ပါတယ်။
2000 ခုနှစ်လောက်မှာ အဲဒီ စာအုပ်ကို သူငယ်ချင်းတစ်ယောက်က ငှားဖတ်ပြီး ပြန်မပေးတော့ပါဘူး။ ငှားဖတ်တဲ့ သူငယ်ချင်းက မှော်ဘီသား နေလင်း၊ Chinese၊ အရပ်ခပ်ပြတ်ပြတ်၊ အသားဖြူဖြူ၊ လူကြီးလူကောင်း (အယောင်ဆောင်) ရုပ်မျိုးနဲ့ပါ။ ကျောင်းတုန်းက လည်ကတုံးအဖြူ အမြဲလို ၀တ်တတ်တာ မှတ်မိသေးတယ်။ ကြုံတုန်း စစ်ကြေညာလိုက်ဦးမယ်။

မှော်ဘီသား နေလင်း ကမ္ဘာမကြေ !!!
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ !!!ဘယ်လောက်တောင် မကြေလည်းဆို နေလင်း ဆိုတဲ့ နာမည်တူ ကြားတာနဲ့တင် စည်းအပြင်ကလူ စာအုပ်ကို ပြေးမြင်မိတဲ့ထိပဲ။ ပြောရင်းနဲ့ ဘေးရောက်ကုန်ပြီ။

ပလိပ် ကို 2001 လောက်မှာ ဖတ်ဖြစ်ခဲ့ပါတယ်။
ကမူးရဲ့ စာအုပ်တွေက ကျွန်မ ကြိုက်နှစ်သက်တတ်တဲ့ စာအုပ်မျိုးတွေ မဟုတ်ဘူး ဆိုပေမယ့် ပလိပ် ကို ဖတ်ဖြစ်တဲ့ အခါမှာတော့ ကျွန်မ တအံ့တသြ ဖြစ်ခဲ့ရပါတယ်။ ဒီအတွေးလေးကိုတော့ သူ ဘယ်လိုများ တွေးလိုက်တာပါလိမ့်နော်။ ဒီလို idea ကိုတော့ သူဘယ်လို စဉ်းစားမိတာပါလိမ့်နော် ဆိုပြီး အံ့သြရလွန်းလို့ ဂျူးလိုပဲ အိပ်ရာဘေးမှာ ထားပြီး ခဏခဏ ပြန်ဖတ်ခဲ့မိတယ်။

ပလိပ်ကပ် ကျရောက်နေတဲ့ အိုရန်မြို့ အတွင်းက အတန်းအစား အမျိုးမျိုးသော မြို့သူမြို့သားတွေ၊ သူတို့ရဲ့ ပြုမူလှုပ်ရှားပုံ၊ တွေးခေါ်တုန့်ပြန်ပုံတွေကို စနစ်တကျ စီစဉ်ပြီး ရေးပြသွားတာ ကျွန်မ အင်မတန်ပဲ ရင်သပ်ရှုမော ဖြစ်မိပါတယ်။ ကြောက်မက်ဖွယ်ရာ ကပ်ရောဂါကြောင့် မြို့ထဲကနေ အပြင်ကို ထွက်လို့မရ၊ ကပ် မကျရောက်ခင်က ခရီးဝေးသွားနေသူတွေ မြို့တွင်း ပြန်ဝင်လို့မရ အဲဒီ အခြေအနေတွေ ကြားက လူတွေရဲ့ စရိုက် လက္ခဏာတွေကို အံ့သြစရာ ကောင်းလောက်အောင် ဖတ်ခဲ့ရပါတယ်။
သူ ဒီနေရာမှာ ဒီလို presentation ကို ဘယ်လိုများ စဉ်းစားပြီး ရလိုက်တာပါလဲနော် ဆိုတာကို
ဝတ္ထုရဲ့ နေရာပေါင်းများစွာမှာ အကြိမ်ပေါင်းများစွာ တွေးတောမိခဲ့ရပါတယ်။

နောက် Baldwin Library ကနေ အင်္ဂလိပ်ဘာသာပြန် စာအုပ်ငှားဖတ်ခဲ့ပါတယ်။ ဘာသာပြန်သူက
Stuart Gilbert ဖြစ်ပါတယ်။ ဘာသာစကား အားနည်းတဲ့ ကျွန်မအတွက်တော့ မြန်မာပြန် ဖတ်ပြီးသားကိုတောင် တော်တော် ခက်ခက်ခဲခဲ အားထုတ်ပြီး ဖတ်ခဲ့ရပါတယ်။ အပေါ်က အင်္ဂလိပ်စာကြောင်းတွေဟာ အဲဒီစာအုပ်ထဲက ကူးယူထားခဲ့တာပါ။ ပထမဆုံး စာကြောင်းလေးကတော့ ဗုဒ္ဓသာသာ ၀ိပဿနာ သဘောတရားနဲ့ တူနေတာမို့ ကူးထားခဲ့တာပါ။ ကျွန်မက ဘာသာစကားနဲ့ ပတ်သတ်ရင် တော်တော်ပျင်းတော့ ကူးယူခဲ့မိတာတွေက နည်းနည်းလေးပဲ ဖြစ်နေပါတယ်။ ၀တ္ထုရဲ့ အကောင်းဆုံး နေရာတွေတော့ ပါမလာတော့ဘူး။

အင်္ဂလိပ်ဘာသာပြန်ကို ဖတ်မိတော့မှ ၀တ္ထုရဲ့ ဆွဲအားကြောင့် ကျွန်မ အာရုံထဲက တချိန်လုံး ပျောက်နေတဲ့ မြန်မာပြန်သူ ဆရာကြီး ထင်လင်း က ပြန်ပြီး ထင်ထင်ရှားရှား ပေါ်လာခဲ့ပါတယ်။ သူ့ဘာသာပြန် အရည်အချင်းကြောင့်သာ ကျွန်မ ဒီဝတ္ထုကို ခံစားခွင့်ရခဲ့တယ်။ ကျွန်မဘာသာဆို အင်္ဂလိပ်စာ ညံ့ဖျင်းတာနဲ့တင် စာအုပ်ရှေ့ချပေးတောင် ဘာမှန်းသိခဲ့မှာ မဟုတ်ဘူး။ တကယ်ပါ။ ထိုင်ရှိခိုးချင်လောက်အောင်ပဲလို့ ပြောရင် အဲဒါ မလွန်ပါဘူး။
ပလိပ် ဟာလည်း ပုံဆောင်ပြတဲ့ ၀တ္ထု လို့ ဆိုကြပါတယ်။ ပြင်သစ်ပြည်ကို ရုရှ နာဇီဂျာမန်တွေ ၀င်လာတဲ့ အရေး ကို ညွှန်းဆိုတယ်လို့ ဆိုတယ်။ ဒါပေမယ့် ဖတ်ခဲ့ချိန်မှာတော့ ပုံဆောင်ပြတဲ့ ၀တ္ထုဆို လှည့်မတွေးချင်တဲ့ ကျွန်မက စာရေးဆရာ တိုက်ရိုက်ပြောပြတဲ့ အကြောင်းအရာကိုသာ အာရုံထားခဲ့တယ်။ ခုကျတော့လည်း လက်ရှိ အခြေအနေနဲ့ ချိန်ထိုးပြီး တွေးချင်ရာ တွေးပစ်မိပြန်ရော။ ကိုယ်လိုရာ ဆွဲတွေးရတာ အရသာတော့ အရှိသားကလား။ တကယ်ကိုပဲ မိုက်မဲမှုတွေဟာ ကြာရှည်လှပါပြီကော။ နာဂစ်ဖြစ်မှ ကပ်ဆိုက်ခဲ့တာလည်း မဟုတ်ပါဘဲကိုး။

အပေါ်မှာ ပါတဲ့ စာကြောင်း-

No one will ever be free so long as there are pestilences.

(ကပ်ရောဂါများ ရှိနေသမျှ ကာလပတ်လုံး မည်သူ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်လိမ့်ဦးမည် မဟုတ်ချေ)
ဆိုတာလိုပဲ အတွင်းရော အပြင်ရော ဘယ်သူမှ မလွတ်ဘူးကိုး။


ပြောရရင်တော့ ပလိပ် ၀တ္ထုဟာ ကျွန်မ နှစ်ခြိုက်စွဲလမ်းတဲ့ ၀တ္ထု အမျိုးအစားထဲမှာ မပါပါဘူး။ ဒါပေမယ့် ပြင်သစ်စာရေးဆရာ Albert Camus ရဲ့ ဖန်တီးတွေးခေါ်နိုင် စွမ်းအားကိုတော့ ကျွန်မ လေးလေးစားစား အံ့သြဘနန်း မှတ်တမ်းတင်ရပါတယ်။

*****
1995 လောက်မှာ ဖတ်ခဲ့ရတဲ့ ၀င်းဝင်းလတ် ရဲ့
အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ အကြောင်းကို ရေးတော့ အဲဒီ ၀တ္ထုဟာ ကျွန်မကို စာရေးဆရာ လုပ်ဖို့ လက်လျော့သွားစေတဲ့ ၀တ္ထုလို့ ရေးခဲ့ဖူးပါတယ်။ 2001 မှာ ဖတ်ခဲ့ရတဲ့ အခု ပလိပ် ၀တ္ထုကတော့ အဲဒီလို လက်လျော့ခဲ့တာ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်တဲ့ ၀တ္ထုပါပဲ။
(Albert Camus' Gravestone)

ပုံတွေကို Wikipedia ကနေ ယူပါတယ်

ပြင်သစ်ပြည်ကို ၀င်လာတာ ရုရှတွေ မဟုတ်ဘဲ နာဇီဂျာမန်တွေ ဖြစ်တယ်လို့ ကိုမျိုးမြင့်မောင် က ပြင်ဆင်ပေးပါတယ်။ အမှားပြင်ပေးတဲ့ ကိုမျိုးမြင့်မောင်ကို ကျေးဇူးတင်ပါတယ်။