Wednesday, December 31, 2008

2008 Review!

အရင်နှစ်တွေလိုပဲ ဘာမှ ပြောစရာ မယ်မယ်ရရ မရှိလိုက်ဘဲ ကုန်ဆုံးသွားတဲ့ နှစ်ပါပဲ။
ခါတိုင်းနှစ်နဲ့ မတူတာဆိုလို့ တစ်နှစ်လုံးနီးပါး သူများတိုင်းပြည်မှာ ရောက်နေတာတစ်ခုပဲ။
အတက်အကျ အပြောင်းအလဲတွေ ခဏခဏ ကြုံလာရတဲ့ ကိုယ့်အတွက် ပိုပြီး တက်ကျ ပြောင်းလဲခဲ့တဲ့ နှစ်။

ပြီးတော့ 2008 ရဲ့ နောက်ဆုံး ဒီဇင်ဘာလဟာ ကိုယ့်အတွက် ပူပင်စရာတွေ ယူလာတဲ့ လလည်း ဖြစ်နေပြန်တယ်။
ကောင်းမလိုလိုနဲ့ ဆိုးတဲ့လ။

ပိတ်ရက်များတဲ့လ ဖြစ်ပေမယ့်လည်း အိပ်ရေးပျက်တာများတဲ့ လလည်းဖြစ်တယ်။
Blog အရေးဖြစ်ဆုံး လလည်း ဖြစ်တာကိုး။

ဖေဖေ့ ကျန်းမာရေး ကိစ္စ စိတ်ပူရတဲ့လ...
ကိုယ်ရေးကိုယ်တာတွေ သိပ် အဆင်မပြေတဲ့လ...
နေသားကျရာ နေရာဟောင်းကနေ ရုံးနဲ့ နီးနီး နေရာသစ်ကို ပြောင်းရမယ့်လ...
ခင်မင်ပြီးသား လူတွေနဲ့ ခွဲရတော့မယ့်လ...
"၀မ်းမနည်းတတ်ဘူး ... အဆင်များ မပြေရင် ဒေါသကပဲ အရင်လာတာ" လို့ တသက်လုံးက ကြွေးကြော်လာတဲ့သူ ဖြစ်ပေမယ့် ဒီလက ခဏခဏ ၀မ်းနည်းရတဲ့လ...
ပွဲလမ်းသဘင် အသွားများ သလောက် သံဝေဂ တော်တော်ရတဲ့လ...
ခြေရှည်လို့ MRT ခ တော်တော် ဖြည့်လိုက်ရတဲ့လ...
ရုံးမှာ ခဏခဏ ချာလပတ်ယမ်းတဲ့လ...

(အင်း... အရေမရ အဖတ်မရတွေ များနေလို့ ချရေးတာတောင် လွန်လှပြီ)

သူငယ်ချင်းရဲ့ ကျေးဇူးနဲ့ လိုချင်တာ တစ်ခုတော့ ရခဲ့တဲ့လ...
(ကိုယ့်ဘာသာဆို နောက်နှစ်တောင် ၀ယ်ဖြစ်ဖို့ မသေချာသေးတဲ့ အရာ... ဒါလေးတစ်ခုပဲ ဒီဇင်ဘာမှာ ကောင်းတာရှိတယ်)

သူများတွေ ပြန်တော့ ကိုယ်လဲ ပြန်ချင်တဲ့လ...
(ရုံးက စီနီယာတောင် နောက်လ ခွင့်နဲ့ ပြန်တော့မယ် ပြောတယ်)

စီနီယာဆိုလို့ သတိရမိတယ်...
ကိုယ် အလုပ်ဝင်တော့ 30th April... May လ ပါ
ပဲ... အဲဒီ အချိန်မှာ စီနီယာက အလုပ်ဝင်တာ ၉ လရှိပြီ... ဆရာကြီးပေါ့... ကိုယ့်ကိုလဲ သူပဲ အားလုံး သင်ပေးခဲ့တာ... ဗမာချင်းဆိုတော့ ရုံးက လူကြီးတွေကစ တစ်ခုခု ခိုင်းပြီဆို ... "မသိရင် စီနီယာကို မေး" လို့ပဲ ပြောကြတယ်... ဒီလိုနဲ့ပဲ တလွဲတွေ လုပ်လိုက် ... အမှားတွေ လုပ်လိုက်... စီနီယာက ပြင်ပေးလိုက်နဲ့ (အင်း ... ခုထိလဲ လွဲတုန်း မှားတုန်း)

2008 ကို ပြန်ကြည့်တော့မှ အလုပ်ဝင်တာလဲ ဘာလိုလိုနဲ့ ၈ လပြည့်နေပါရောလား...

ဒါနဲ့ ကိုယ်ရောက်စတုန်းက စီနီယာ အလုပ်ဝင်တာ ၉ လနဲ့ ယှဉ်ပြီး စဉ်းစားမိတယ်... သူ လုပ်သက် ၉ လမှာ အားလုံး တာဝန်ယူနိုင်လို့ အသစ်ရောက်လာတဲ့ (ဘာမှ မတတ်တဲ့ နလပိန်းတုံး) ဂျူနီယာလေးကိုတောင် ပြန်သင်ပေးနိုင်ပြီ... ကိုယ့်အလှည့်ကျတော့ စီနီယာ ခွင့်သွားရင် ရုံးမှာ တစ်ယောက်ထဲ ငါးပါး, ဆယ်ပါး မက မှောက်ကုန်တော့မှာပဲ လို့ တွေးပူနေရတဲ့ အဖြစ်... လုပ်သက် အတူတူမှာ သူက အားလုံး တာဝန်ယူနိုင်တဲ့သူ ဖြစ်ခဲ့ပြီး ကိုယ်က သူ့ခြေရာ တ၀က်တောင် လိုက်မနင်းနိုင်သေးဘူး...
(ဒါလည်း ရှက်ရကောင်းသည် မအောက်မေ့ဘူး)

ထားပါတော့လေ... ပြီးတာတွေလည်း ပြီးပါစေတော့...

လာမယ့် နှစ်သစ်မှာတော့ ဒီ့ထက် ပို၍ စွမ်းဆောင် အောင်မြင် လေ့လာ တတ်သိ ကျယ်ပြန့် နှံ့စပ်ဖို့ (ခါတိုင်းနှစ်တွေလိုပဲ) ကိုယ့်ကိုကိုယ် ဆန္ဒပြုရင်း...

Good Bye 2008 ! And then ...


Welcome 2009 !


Sunday, December 28, 2008

Christmas in S'pore


(ခရစ်တော် ဖွားမြင်ပြီ)



(Peninsula Plaza က Christmas Tree)



(Raffles City Tower ရှေ့က Christmas Tree)



(Orchard ည - ၁)



(Orchard ည - ၂)



(Orchard ည - ၃)



(Orchard ည - ၄)


(Orchard ည - ၅)


(Orchard ည - ၆)


(နောဧ ရဲ့ လှေလား မသိ)



(Funan DigitaLife Mall)



(NTUC- FairPrice က Christmas အကြို အပြင်အဆင်)



(မှောင်ထဲက ကွင်း ... ဟားဟား ...Orchard MRT ထဲကနေ Orchard Boulevard ဘက် အထွက်မှာ )

***
ဓါတ်ပုံတွေ တင်ရင်းနဲ့ ရွာသားလေး ဘလော့ဂ် ကို သွားဖြစ်တယ် ... အဲဒီမှာ ဒီကဗျာလေးကို တွေ့ပါတယ်...
(ဦး)တင်မိုး ရဲ့ ကဗျာပါ...
သူ့ Cbox မှာ ကဗျာ ယူတင်လိုက်မယ်လို့ သတင်းပေးရုံပေးပြီး လှည့်ထွက်လာခဲ့တယ်... အကြောင်းပြန်တာကိုတောင် မစောင့်ခဲ့တော့ဘူး ...
နက်ဖန် ရုံးတက်ရဦးမှာလေ...
မနေ့ညကလဲ လင်းခါနီးမှ အိပ်ဖြစ်တော့ အိပ်ရေးမ၀ဘူး...
__________________________________________________________________
(ဦး)တင်မိုးရဲ့ ကဗျာ

ကိုယ့်နေရာ သာယာသည် ဖြစ်စေ

နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ် မိခင်မြတ်တည့်။

မည်မျှ ကြီးမြင့်
မည်မျှ တင့်လည်း
မပွင့် နေခြည်
အုံ့မှိုင်းသည်သို့ မကြည်မွေ့ချေ
သူ့ရပ်မြေတည့်။

သူတို့ စကား
သူတို့ကြား၌ ပျားသို့ မချို
မှိုသို့ မလန်း
ပန်းသို့ မရွှင် ကိုယ့်မိခင်ကို
တမြင်မြင်တမ်း
အစဉ်လွမ်းခဲ့။

ရေချမ်းစင်က
ရေကြည်မြကို သောက်ရပေဖူး
သူ့ကျေးဇူးကို အထူးသိလည်း
ဇာတိလွမ်းနာ
မဖြေသာခဲ့။

သူ့မြေမှာမူ သာယာဘိခြင်း
သင်းပါဘိတောင်း
ကောင်းပါဘိတကား

အသိသားပင်
တရားလက်ကိုင်
ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း

နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။

ဆရာကြီးဦးတင်မိုး
(၁၁၊ ၅၊ ၂၀၀၁)
ကျွန်မ သဘောအကျဆုံး ကဗျာ အပိုဒ်လေးကို Italic နဲ့ Bold လုပ်ထားပါတယ်
(ဒီကဗျာကို ဒီ post နဲ့ တွဲတင်ချင်လို့ပါ)


***
ကြွားတယ် မထင်ရင်တော့ ပြောရဦးမယ်...
(ဦး)တင်မိုးက ကျွန်မနဲ့ တမြို့တည်းသားဖြစ်ပါတယ်
ကြွားတယ် မထင်ရင်တော့ ထပ်ပြီး ကြွားရဦးမယ်
...(ဦး)တင်မိုး ရဲ့ ကဗျာတွေကို မူကြို မရောက်ခင် ကတည်းက ရ...နေ...တာ။
("ထီးကလေးနဲ့ မနီ" ပြောတာပါ။ ကျွန်မ အမှတ်မမှားရင်တော့
ကဗျာ စာအုပ်က"ပေါ်ဦးသက်" ရဲ့ သရုပ်ဖော် ပန်းချီပုံတွေနဲ့ ...အမှတ်မှားရင်တော့ "တဂိုးမျိုး" ရဲ့ ပန်းချီ ဖြစ်လိမ့်မယ်)

***

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၁)


(snoedel.punt.nl/upload/05/white-rose.jpg)


မြောက်မြားလှစွာသော အရောင်များအနက် ကျွန်မအတွက် နှစ်သက်မက်မောဖွယ် အကောင်းဆုံးမှာ အဖြူရောင်သာ ဖြစ်ပါသည်။


အဖြူရောင်သည် လူတစ်ယောက်၏ အသွင်အပြင်ကို ပိုမို လင်းလက် တောက်ပစေသည်… ရိုးစင်းမှု၊ သန့်စင်မှု၊ ပကတိဖြစ်မှု၊ အိနြေ္ဒကြီးမှု စသည်တို့ကို အဖြူရောင် အတွင်း၌ ထွင်းဖောက် မြင်နိုင်သည်ကပင်လျှင် အလွန် နှစ်သက်ဖွယ် ကောင်းနေပြီ ဖြစ်သည်…


ထိုကဲ့သို့ ဂုဏ်သတ္တိများဖြင့် အဖြူရောင်သည် လူတစ်ယောက်၏ အသရေကို အရောင်တင်ပေးနိုင်သည်ဟု ကျွန်မ ယူဆပါသည်။ ထို့ထက်ပို၍ ဆန်းကြယ်သည်ကား အဖြူရောင်ကို ၀တ်ဆင်ထားချိန်၌ ခံစားရသည့် ခံစားမှုပင် ဖြစ်ပါသည်…


စွန်းထင်း ညစ်ပေလွယ်သော ထိုအရောင်ကို အနည်းငယ်မျှပင် အစွန်းအထင်း မဖြစ်စေလိုသောစိတ်…

မသိမသာကလေး ညစ်ထေး ပေရေသွားမှာကိုပင် စိုးရိမ်နေမိသော စိတ်တို့ဖြင့် တယုတယ တသသ ဂရုတစိုက် နေရသည့် ခံစားမှု …


အမြတ်တနိုး အရိပ်တကြည့်ကြည့် ထိန်းသိမ်း စောင့်စည်းကာ နေထိုင်ရသည့် ခံစားမှု…


…ထိုကဲ့သို့သော ခံစားမှုများလောက် နူးညံ့ သိမ်မွေ့ ဆန်းပြားသော အရာကို အခြား မည်သည့် အရောင်ကမျှ ပေးစွမ်းနိုင်ခြင်း ရှိသည် မထင်ပါ…


အဖြူရောင်ကို ၀တ်ဆင်ထားချိန်၌ ဖြစ်လေ့ရှိသည့် တစုံတရာကို မြတ်မြတ်နိုးနိုး ယုယုယယ အရိပ်ကြည့် ဂရုစိုက်နေရသည့် ခံစားမှုမျိုးကို ကျွန်မ အလွန်နှစ်သက် မက်မောပါသည်… ဖော်ပြပါ ခံစားမှုများကို ကျေနပ်စွာ ခံစားနေချင်ခြင်းသည်ပင်လျှင် အဖြူရောင်ကို ကျွန်မ စွဲလမ်းရသည့် အကြောင်းရင်းဖြစ်၏…


အဖြူရောင်က ကျွန်မ၏ ပင်ကို ဗီဇစိတ်အချို့ကိုပင် ပြောင်းလဲ သွားစေနိုင်စွမ်းပါသည်..

တဆိတ် ကျေးဇူးပြုပြီး သံသယ မ၀င်စေလိုပါ…


ယခင်က ကျွန်မသည် မိမိသာလျှင် ဂရုစိုက်ခံလို အယုယခံလိုပြီး ကိုယ့်ကိုများ ကိုယ့် ပတ်ဝန်းကျင်က အရိပ်တကြည့်ကြည့် ရှိနေကြမည် ဆိုလျှင် လောက၌ အရာခပ်သိမ်း ပြီးပြည့်စုံပြီဟု ထင်မှတ်ခဲ့သူဖြစ်၏…

*

(အရာအားလုံးကို ပိုင်ဆိုင်နိုင်ဖို့ တိုက်ခိုက်

ခူးယူခဲ့ပြီး ပြန်တော့ မစိုက်မိဘူး)

*

သို့သော် ကိုယ်ကချည်း ရယူနေရခြင်း ၊ ရရှိနေရခြင်း နှင့် ရချင်နေရခြင်းတို့ များသည်ထက် များပြားလာသောအခါ အလွန်ပင် ငြီးငွေ့ စိတ်ပျက် ပင်ပန်းလာပါသည်…


ထိုအချိန်မှ စ၍ အဖြူရောင်မှ ပေးစွမ်းနိုင်သော ခံစားမှုများကို စတင် ငြိတွယ် စွဲလမ်းလာခြင်းဖြစ်ပြီး ထိုသို့ စွဲလမ်းလာချိန်မှ စ၍ ကျွန်မ၏ အဇ္ဈတ္တတို့ တဖြည်းဖြည်း ပြောင်းလဲ လာပါသည်…

*

ကျွန်မကပင် စတင်၍ တစုံတရာ အပေါ်မှာ ငြိတွယ်နေချင်သည်…

ဂရုစိုက် အရိပ်ကြည့်နေချင်သည်…

လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးရင်း ကျေနပ် နှစ်သိမ့်နေချင်သည်…


အဖြူရောင်ကို ၀တ်ဆင်ရင်းမှ အမြတ်တနိုး ဂရုစိုက်နေရသည့် အတွေ့အကြုံကို သဘောတကျ နှစ်ခြိုက်မိသောအခါ အတ္တဆိုသည်များကို ငြီးငွေ့လာခဲ့တော့သည်…


လောကမှာ ကိုယ်က တဖန် ပြန်လည်၍ ဖြည့်ဆည်း ပေးဆပ်နေရခြင်းက ပို၍ စိတ်ကြည်နူး ချမ်းမြေ့စရာ ကောင်းသည်ဟု ကျွန်မ ခံယူလာခဲ့ပါသည်

*

ထို့နောက်တွင်တော့ အဖြူရောင်ဆန်သော လူသားတစ်ယောက်ကို ကျွန်မ စွဲလမ်းမြတ်နိုးလာခဲ့မိပါသည်။

(to be continued)

Christmas Night on Orchard Rd



အဲဒီညက လမ်းမပေါ်မှာ လူတွေ ကြိတ်ကြိတ်တိုး...
Orchard လမ်းမကြီးကို ပိတ်ပြီး အဖွဲ့လိုက် ကနေကြတယ်
ကျွန်မတို့တော့ video ထဲက နေရာမှာ အကြာကြီး ရပ်ကြည့်မိခဲ့...

ကျွန်မရဲ့ အာရုံကို ဖမ်းစားနိုင်ဆုံးကတော့ ဂါဝန်ဝတ် အမျိုးသမီးရဲ့ဘေးက three-quarter pant နဲ့ အင်္ကျီ အကြားနဲ့ လန်းဆန်း ကြွရွ နေတဲ့ အန်တီကြီးပဲ
အန်တီကြီးလို့ ရေးတော့ စာဖတ်တဲ့သူက ယုံချင်မှတောင် ယုံမယ်
သူ့ဟန်ပန် သူ့ အသွင်အပြင် နဲ့ ကျွန်မရဲ့ ဖုန်းက resolution သိပ်မကောင်းတာနဲ့ အသက် ၃၀ အောက် အမျိုးသမီးလေး တစ်ယောက်လိုလို
သူ့အသက်က မရှိဘူးဆို အနည်းဆုံး ၆၅ နှစ်လောက်ရှိပြီ
*

တကယ်တော့ အဲဒါ ဘိုးဘိုး ဘွားဘွားတွေရဲ့ ပွဲ
တော်တော်များများသော လူကြီးတွေမှာ ကနေရပေမယ့် လူကြီးဆိုတဲ့ ဟန်တွေကို အထင်းသားမြင်နေရတယ်
လှုပ်ရှားမှုတွေ လေးလံနေတာ... စတိုင် သိပ်မကျလှတာ

ကျွန်မရဲ့ အန်တီကြီးကတော့ Height ကလဲကောင်း၊ Structure ကလဲမိုက်၊ ပြီးတော့ သူက ဒီအကတွေနဲ့ used to ဖြစ်ပြီးသားပုံစံ

ကျွန်မတို့ သူ့ကိုပဲ တချိန်လုံး အာရုံစိုက်နေတာကိုလဲ သိပုံရတယ် :)
*

ခုတလော စိတ်တွေ တော်တော်လေး မစုစည်းနိုင်ဘူး ... (ကိုယ်ရေးကိုယ်တာ ပန်းနုရောင်တွေကလဲ စိတ်နှလုံးကို လေးလံ ထိုင်းမှိုင်းစေ...)
Stage Show သွားတော့လဲ မပျော်လှဘူး
ဒီလို လူရှုပ်ရှုပ် နေရာကို ပျော်မလားလို့ သွားတော့လဲ စိတ်က တခြားရောက်

သူငယ်ချင်းတစ်ယောက်က မြန်မာပြည် အလည် ခဏပြန်ပြီး တောင်ကြီးတက်တယ်
သူနဲ့ online မှာတွေ့လို့ ပျော်လား မေးတော့ သိပ်လဲ မပျော်လှပါဘူးတဲ့

ဒါနဲ့ ကျွန်မက "I think the root cause is AGE" လို့ ပြောတော့ သူက ပြန်ပြောပါတယ်
မှတ်သားလောက်စရာပါ
" မဆိုင်ဘူး
မဆိုင်ဘူး... အသက်ကြီးလို့ မပျော်တာ မဟုတ်ဘူး ... မပျော်လို့ အသက်ကြီးသွားတာတဲ့ "
*

Orchard Rd က အပြန်မှာတော့ အသက်ကို ဘယ်လို ကြီးသွားရမလဲဆိုတာ (အသက်ကြီးရင် ဘ၀ကို ဘယ်လို lifestyle နဲ့ စခန်းဆက် သွားမလဲဆိုတာ) စဉ်းစားဖို့ သတိရလိုက်မိတယ်။
(ခုမှ စဉ်းစားဖို့ လုပ်တုန်း...ပြင်ဆင်ဖို့အတွက် ပြင်ဆင်နေပါတယ် ဆိုတာလို ဖြစ်နေပြီ)
*

(အင်း အကလေးတော့ သွားသင်ထားဦးမှပါ)
*

My Current Status !


:) :) :)

Saturday, December 20, 2008

တတိယ ဆောင်း

(http://northshorehomeowners.com)

ဆုံဆည်းပေးတာနဲ့

ခွဲခွာလိုက်တာကလွဲပြီး

ဘာမှ ပြောင်းလဲမသွားဘူး…

+


ပထမဆောင်းမှာတော့

ဆန်းကြယ်စွာ တံခါးခေါက်ခဲ့တယ်

အဖြူရောင်နှင်းပေါက်တွေနဲ့ပေါ့…

+


အခုဆောင်းမှာတော့

ခြောက်သွေ့စွာ မီးတင်ရှို့ခဲ့တယ်

ကိုယ့်ရဲ့ မျှော်လင့်ချက် မြို့ပျက်ကြီးကိုပေါ့…

+


ချစ်သူရယ်…


ရင်ထဲမှာ နှင်းတွေကျနေတယ်…

+


တိတ်ဆိတ် ရင့်ရော်ပြီး

ပျင်းရိတဲ့ ဆောင်းက

နှင်းခဲတွေနဲ့ မီးမြှိုက်ပြီး

ပတ်ဝန်းကျင် တစ်ခုလုံးကို

မီးလောင်တိုက်သွင်းနေသလိုပဲ…

+


ရွက်ခြောက်တွေ ကျဆင်းတဲ့

ပင်စည်ခြေရင်းမှာ

အလွမ်းနှင်းတွေနဲ့ ကိုယ်…


မင်းကို လွမ်းလိုက်တာ…

+


ကျွမ်းမြေ့တဲ့ လွမ်းဆွတ်ခြင်းနဲ့ အကြည့်မှာ

ဒီဆောင်းဟာ

အရာရာကို ဖျက်ဆီးပြီး

ဥပေက္ခာနဲ့ စောင်းတီးနေသလိုပဲ…

+


ချစ်သူ…

မင်းမျက်ဝန်းတွေကို ရင်ခုန်ခွင့် မရမှတော့…


ကိုယ့်အတွက်…

နှင်းကျတာတောင် ကဗျာမဆန်တော့ပါဘူး…

+


(အမြင်အရ)

ဘာမှ မပြောင်းလဲပေမယ့်

မင်းကို ချစ်သွားတဲ့ ကံကြမ္မာနဲ့

မင်းကြောင့် ဖြစ်ပွားတဲ့ ဒဏ်ရာတွေနဲ့

မင်းနဲ့ မဝေးချင်တဲ့ ဝေဒနာတွေနဲ့


ကိုယ့်နှလုံးသားထဲကဆောင်း

ဒါပဲ ပြောင်းလဲသွားတာပါ…

+


မင်းနဲ့ တွေ့တဲ့ဆောင်း

မင်းနဲ့ ဝေးမယ့်ဆောင်း

တကယ်တော့

ဘာမှ မပြောင်းလဲပါဘူး…

+


(***ဆောင်းတွင်းပေါင်းများစွာ... ကြုံဖူးခဲ့ပေမယ့်... သူနဲ့စတွေ့တဲ့ဆောင်းကမှ… ကိုယ့်အတွက်…ပထမဆောင်းပါ…)
(ဒီကဗျာလေးကို 2000 ခုနှစ် Nov လောက်မှာ ရေးခဲ့တယ်... အဲဒီနှစ်က ဆောင်းစောစောဝင်တယ်... အိမ်နောက်က ဒညင်းပင်ကြီးအောက်မှာ စာမေးပွဲ အတွက် စာဖတ်ဖို့ ပြင်ရင်း ရေးခဲ့တာ)


December without Snow or Floating December !



(25th Nov ကတည်းက ရုံးခန်းဝမှာ ချိတ်ထားတဲ့ board လေး)

IC Show မှာ ခံစားလို့ မရဆုံး သီချင်းကို ပြောပါဆိုရင် ပွဲသိမ်း ဆိုခဲ့တဲ့ အငဲ ရဲ့ "ဒီဇင်ဘာ" သီချင်းပဲ။
စဉ်းစား ကြည့်ပါရှင်

မိုးမှောင်တွေ ကျလို့
မိုးက တစွတ်စွတ်ရွာလို့
မွေးကတည်းက ကြုံလာတဲ့ ဒီဇင်ဘာကို မှတ်တောင်မမှတ်မိ

အဲဒီ အချိန်မှာ "အချစ်ရယ် နှင်းတွေ တဖွဲဖွဲကျ..." ဆိုတော့

*
အညာမှာမွေးပြီး အောက်ပြည်အောက်ရွာမှာ ကြီးပြင်းခဲ့ရလို့လား မသိဘူး
ကျွန်မမှာ အညာသူနဲ့ တူတာဆိုလို့ အောက်အရပ်က မိုးတွင်းကို စိတ်ပျက်တတ်တာပဲ ရှိတော့တယ်

အသက် ၁၀ နှစ်မှာ ပဲခူးတိုင်းကို စရောက်တယ်ထား...ဒီကို မရောက်ခင်ထိ အနှစ် ၂၀ နီးပါး အောက်အရပ်က မိုးတွင်းကို ကြုံခဲ့ရလည်း ကျွန်မကတော့ စိတ်ထဲမှာ ရင်းနှီးလှတယ် မထင်မိဘူး။

မိုးတွင်းတိုင်းဟာ ကိုယ့်ကိုကိုယ် အညာသူပါလားလို့ ပြန်ပြန် သတိရမိစေတဲ့ အချိန်တွေပဲ
မိုးရွာရင် အပြင်မထွက်ဘဲ နေချင်တဲ့ အဲဒီ ဗီဇစိတ်ကလေးကြောင့်သာ 8th May 2005 တုန်းက မသေမပျောက်ခဲ့ မထိမခိုက်ခဲ့ ၊ အနည်းဆုံးတော့ အနိဋ္ဌာရုံတွေ မတွေ့ခဲ့ရတာ
*
ဒါပေမယ့် မိုးတွင်းကို ဘယ်လောက် မနှစ်သက်လည်းပဲ အချိန်တန်တော့ ကုန်ဆုံးသွားတာပဲ
နိုဝင်ဘာလလယ်လောက် ဆိုရင် ဆောင်းတွင်းရဲ့ အငွေ့အသက်ကို စ, ရပြီ
တိုက်လာတတ်တဲ့ မြောက်လေမှာ ခြောက်သွေ့သွေ့ အေးစိမ့်စိမ့် အရသာလေးပါလာပြီ
အိမ်နောက်က ဒညင်းပင်ကြီး အရွက်တွေ ကြွေပြီ

မကွေးတိုင်းက ဆောင်း
ပဲခူးတိုင်းက ဆောင်း
ဧရာတိုင်းက ဆောင်း
ရန်ကုန် ဆောင်း

အအေး ဒီဂရီပဲ ကွာမယ်
ဆောင်း ရဲ့ အနှစ်သာရကတော့ ကျွန်မ အတွက် တူတူပါပဲ
*
ခုတော့ ...
အင်း ခုတော့ Singapore က ဆောင်း ပေါ့ လို့ ပြောရမလား
Singapore က ဒီဇင်ဘာ မိုးတွင်း လို့ပဲ ပြောရမလား

နေ့တိုင်း နီးပါး မိုး တစွတ်စွတ်နဲ့
ဒီဇင်ဘာလည်း မမှတ်မိ
ဆောင်းတွင်းလည်း မသိရှိ
Christmas လည်း မခံစားမိတော့

*
တံခွန်မရှိတဲ့ ဘုရား
အလံမရှိတဲ့ ရထား
ခင်ပွန်းမရှိတဲ့ မိန်းမ

*
သြော.... နှင်းမပါတဲ့ ဒီဇင်ဘာကြီးပါလားနော်