R for Rita
1. What is your name : Rita
2. A four Letter Word : Rose
3. A boy's Name : Ronny
4. A girl's Name : Rebbecca
5. An occupation : Radiotherapist
6. A color : Royal Purple
7. Something you'll wear : Ring
8. A food : Roast Duck
9. Something found in the bathroom : Running Water
10. A place : Rome
11. A reason for being late : Red on Traffic Signal! (:P)
12. Something you'd shout : Ridiculous !!!!!
13. A movie title : Road to Singapore
14. Something you drink : Red Bull (တကယ် မသောက်ပါဘူး။ လျှောက်ရေးထားတာ)
15. A musical group : Rolling Stone
16. An animal : Rabbit
17. A street name : Royal Road
18. A type of car : Rolls Royce
19. The title of a song : Right Here Waiting
20. A verb : Radiate
မနေနေနိုင် ရေးထားတဲ့ N for Nay ဆိုတဲ့ post လေးကို အားကျလို့ ရေးကြည့်မိတာ။
***
Update :
Steve Evergreen said...
1. What is your name : Rita
2. A four Letter Word : Riot
3. A boy's Name : Rat tail
4. A girl's Name : Rodent
5. An occupation : Robbery
6. A color : Rusty brown
7. Something you'll wear : Red panties
8. A food : Rotten tomato
9. Something found in the bathroom : Razor
10. A place : R.I.P
11. A reason for being late : Reluctant to come
12. Something you'd shout : Revenge!
13. A movie title : Road to Perdition
14. Something you drink : Rum
15. A musical group : Red Hot Chili Peppers
16. An animal : Rhesus monkey
17. A street name : Road to nowhere
18. A type of car : Rover69
19. The title of a song : River of no return
20. A verb : Roar
***
Wednesday, October 7, 2009
My Currnet Status !
ဒီရက်ပိုင်း တော်တော်ကို concentration နည်းနေလိုက်တာ။
ကိုယ့်ဟာကိုယ် ဘာလုပ်နေလို့ လုပ်နေမိမှန်းတောင် မသိဘူး။
ရူးခါနီးနေပြီလား လို့ ရယ်စရာလုပ် တွေးမိတယ်။
မမေ့သင့်တာတွေ မေ့တယ်။ မလုပ်သင့်တာတွေ လုပ်တယ်။
တယောက်ယောက်က တခုခု လာပြောရင် အဓိပ္ပါယ်ကို အတော်တွေးယူမှ ရတယ်။
ဆိုင် မဆိုင်တော့ မသိဘူး။
ကြည်အေးဝတ္ထု ဖတ်တာ ခဏရပ်ထားမှ လို့ တွေးမိတယ်။
တကယ်တော့ ဒါလဲ တွေးစရာ မလိုတဲ့ ကိစ္စပဲ။
ဘာလို့ဆို ဘယ်ဟာကိုမှ တောက်လျောက် ဆက်တိုက်လုပ်သွားလို့ မရဘူး။
လုပ်နေရင်း ခဏခဏ ရပ်ထားရတာချည်းပဲ။
သူငယ်ချင်းတယောက်ကတော့ အဲဒါ Alzheimers စနေတာပေါ့ လို့ ပြောတယ်။
တော်သေးတယ်။ ပြောတဲ့လူက ဆရာဝန် မဟုတ်လို့။
ဆရာဝန်က ပြောရင် အဟုတ်မှတ်နေဦးမှာ။
ခါတိုင်း စကားတစ်ခွန်း အတင်မခံပေမယ့် ခုတော့ အယ်လဇိုင်းမားက ဒီအရွယ်မှာ ဖြစ်လို့လား လို့တောင် ပြန်မပက်မိခဲ့ဘူး။
မလုပ်သင့်တာတွေ လုပ်တယ်။
လုပ်သင့်တာတွေတော့ သိရက်သားနဲ့ မလုပ်ဘူး။
တယောက်က ပြောတယ်။
မျက်စေ့ဖွင့်ကြည့်စမ်းပါ။
ကမ္ဘာကြီးက ကျယ်လွန်းလို့ တချက်လောက်မှ လှည့်မကြည့်ရင် ကိုယ့်မှာ ဘာတွေလိုနေလဲ မသိနိုင်ဘူး တဲ့။
နေပါစေတော့။ ကြည့်ချင်ပါဘူး။
လိုနေတာတွေသိရင် လိုက်လုပ်နေရဦးမယ်။
မလုပ်နိုင်ရင် guilty ဖြစ်နေဦးမယ်။
မျက်စေ့မှိတ်ပြီး အိပ်နေပါရစေ။
***
ခုလဲ ရုံးကနေတောင် ပို့စ်တင်ဖို့ လုပ်နေပြန်တာ ပုံမှန် မဟုတ်ဘူးလို့ပဲ ပြောရမလား။
ဒီလို အခြေအနေမှာတောင် အလုပ်တဖက်နဲ့ ပို့စ်တင်နိုင်သေးတယ်လို့ပဲ ဖြေတွေးရမလား ဆိုတာ မသိတော့ပါဘူး။
(ဘာပဲဖြစ်ဖြစ် ပို့စ်တင်ပြီးရင် ဘယ်လို comment တွေလာမလဲ ကြိုတွေးလို့တော့ ရနေတယ်)
:)

Tuesday, October 6, 2009
Charles Baudelaire ရဲ့ ကဗျာတစ်ပုဒ်
နိဗ္ဗာန်ဖြစ်ဖြစ် ငရဲဖြစ်ဖြစ်
ဘာအရေးလဲ
လာ...
ခုန်ချကြမယ် အမှောင်ထဲ
မသိမှုရဲ့ ချောက်ထဲမှာ
ငါတို့ ... အသစ်တစ်ခု တွေ့ရှိမှာ အသေအချာ
(Translated by မောင်သစ်ဆင်း)
ဒီကဗျာကို မောင်သစ်ဆင်း ရေးတဲ့ "တရား" ၀တ္ထုတိုထဲက ဖတ်ခဲ့ရပါတယ်။
မူရင်းကဗျာဟာ ပြင်သစ်ကဗျာဆရာ Charles Baudelaire ရေးတဲ့ "Voyage" ဆိုတဲ့ ကဗျာရဲ့ တစိတ်တပိုင်းဖြစ်တယ် လို့ ဖတ်ဖူးပါတယ်။
ခု net မှာ Baudelaire ရေးတဲ့ ကဗျာတွေ ရှာကြည့်တော့ "Voyage" ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးတဲ့ ကဗျာ မတွေ့ရဘူး။
Title မှာ voyage ဆိုတဲ့ စကားလုံးပါတာတော့ ၃ ပုဒ်လောက်တွေ့မိတယ်။
* Invitation to the Voyage
* The Invitation to the Voyage
* Voyage to Cytherea
အင်္ဂလိပ်စာက မတတ်ရတဲ့ကြားထဲ ရုံးမှာ ရှာဖတ်မိတာဆိုတော့...အထက်က ကဗျာနဲ့ အဓိပ္ပါယ်တူတဲ့ စာကြောင်းကို ရှာမတွေ့မိဘူး။
ဒါမှမဟုတ် ကိုယ်ပဲ ကဗျာခေါင်းစဉ် အမှတ်မှားသလား...
***
တစ်ယောက်က မေးဖူးတယ်။
"တကယ်လို့ ခုန်ချပြီးမှ ဘာမှ မရှိခဲ့ရင်ရော" တဲ့။
ကိုယ်ပြန်ဖြေလိုက်တယ်။
"ဘာမှ မရှိတာဟာ အသစ်ပဲ" လို့။
(စာကြွင်း။ ။ ကိုယ် တကယ်ပဲ အဲဒီလို ယုံကြည်လို့ ပြောခဲ့မိတယ် မထင်ပါ။)

Labels:
Charles Baudelaire,
Poem,
ကဗျာ
Sunday, October 4, 2009
နွမ်းလျအိမ်ပြန်
"လူ့ဘ၀ဆိုတာ အဓိပ္ပါယ် ကင်းမဲ့တယ်လို့ အလ်ဒတ်စ် ဟတ်စလေ ပြောဖူးတယ်။ အဲဒါကို တင်မေ သိပ်ယုံတာပဲ။ ပြီးတော့ ကလေးတွေကို ဘယ်လို အယူအဆ အတွေးအခေါ်တွေ ရှိလာအောင် သင်ပေးမလဲ ဟင်။ တခြားကလေးတွေ နေတဲ့ကျောင်းကို ပို့ပြီး အသက်ကြီးလာတော့ တခြားလူတွေ နေသလို နေခိုင်းမလား။"
"တင်မေ့ သဘောကျ မွေးပေါ့ကွယ်"
"အဲဒီတော့လည်း တင်မေလို ဖြစ်လာပြီး လူတွေနဲ့ မတူသလို ဖြစ်နေမှာ စိုးတယ်။"
"တော်ပါတော့ မေရယ်။ မင်းဟာက အတွေး တ၀က်ပြတ်ကြီးပဲ။ ဘယ်တော့မှ အဆုံးမှ မသတ်ပဲ။"
"တင်မေ့ဘ၀ဟာလည်း တ၀က်ပြတ်ပါပဲ။"
***
ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ် ယခုလှစ်သည့်
ရွှေရစ်ပန်းပြာ ခပ်မာမာလေး။
လှမ်းမီပေမယ့်
မောနေပါ့မယ် ခူးမလွယ်ဘူး
မြေ၀ယ်လျောင်းစင်း မောင့်ခြေရင်းက
သက်ဆင်းကြွေလွင့် ခရေပွင့်လေ...
အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်။
***
ဆရာက မောလျသည့် လေသံကလေးဖြင့် "ကြွေပွင့်ဆိုတာ ဘယ်သူလဲကွယ်" ဟု မေးလေရာ...
"ကိုကျော်နဲ့ ပေးစားမယ် ဆိုတဲ့ မိန်းကလေးလေ။"
တင်မေသည် ပေါ့ပေါ့ ပြောလိုက်သလောက်ပင် စိတ်ထဲကလည်း ပေါ့ပေါ့ပင် ရှိ၏။
အချစ်သည် သေခြင်းလို ပြင်းထန်ပြီး၊ သ၀န်ကြောင်စိတ်သည် မြှုပ်သည့် ကျင်းပမာ ကြမ်းကြုတ်သည် ဆိုသည့် ကဗျာလေးသာ မှန်သောသစ္စာတရား ဖြစ်လျှင်တော့ တင်မေသည် ကိုကျော်ကို ချစ်လည်းမချစ်၊ သူ့ကောင်မလေးကိုလည်း သ၀န်မကြောင်ဟု ဆိုရပေတော့မည်။
ကိုယ့်ဘာသာလည်း ၀န်ခံ၊ ဖွင့်ပြီးလည်း ပြောမိသေးသည်မှာ...
"ဒီကောင်မလေးဟာ ကိုကျော့်အဖို့ တင်မေ့ထက် ပိုပြီး သင့်တော်တာပဲ။"
သူ့ကောင်မလေး၏ ထင်ရှားသည့် ဂုဏ်မှာ အိမ်ရှင်မကောင်း ဖြစ်နိုင်ခြင်းပင်။
မိခင်၏ ကြင်နာခြင်းမျိုးနှင့် သူနာပြုဆရာမ၏ အပြုစုမျိုးကို မိန်းမ၏ အချစ်အပြင် ရရှိပေဦးမည်။
ဘယ်လောက်တော်သည့် ယောက်ျားမျိုးပဲ ဖြစ်ဖြစ်၊ အချစ်သက်သက်ထက် အချော့ကို မက်မောသည်ဟု ထင်မိလေသည်။
ပြီးတော့ ကိုယ့်မယားသည် သိပ်ပြီး မသိတတ်ရ။ လင်သည်၏ အကြွင်းမဲ့ တပည့် ဖြစ်ရပေမည်။
ယောက်ျားမှာ စိတ်ကူး အဆန်းအသစ် ရလာသည်ဆိုလျှင် လွယ်လွယ်လိုက်ပြီး ထောက်ခံတာထက် ကိုယ့်ကိုယ်ကိုယ် အညံ့စားထားပြီး ကြမ်းကြမ်းကြီးလည်း မဟုတ်ဘဲ ပါးနပ်စွာ ခံငြင်းပေးရမည် ထင်သည်။ သည်တော့မှ ယောက်ျား၏မာနသည် ဖွံ့ဖြိုးပြီး သူ့ကိုယ်သူ ကျေနပ်စိတ် ပေါ်လာစေနိုင်လိမ့်မည်။
(ကြည်အေး - နွမ်းလျအိမ်ပြန် မှ)
(စာကြွင်း။ ။ အဲဒီ Theory ကို ခုထိ နားကို မလည်နိုင်သေးဘူး။
ဘာကို ပြောချင်မှန်းကို မသိတာ။)
***
ဖတ်စရာ ရှိတာ၊ ကြည့်စရာ ရှိတာ၊ လုပ်စရာ ရှိတာတွေ ပစ်ပြီး ခုတလော "နွမ်းလျအိမ်ပြန်" ကို ရောက်တဲ့နေရာက ကြုံသလို အပြန်ပြန် ဖတ်နေမိတယ်။
***
ဟိုအဝေးမှာ
မင်း...
ရှိသလား ... ချစ်သူရယ်...
တလက်လက် လင်းတဲ့ ကြယ်ကလေး ဆီမှာလေ...
(Rita - လွင့်ပါးပျောက်ရှ မှ)
***
Update :
အိမ်ထောင်ရေးကိစ္စကို သူပြောသွားတာ ဟောင်းနေတဲ့ အကြောင်းပေါ် အခြေခံပြီး ပြောတာတော့ မှန်တယ်။ ဒါပေမဲ့ သူ့အတွေးအခေါ်(တင်မေ)ကတော့ အဲဒီခေတ်ရဲ့ ရှေ့ကို အနှစ် ၄၀ လောက်မက ကြိုပြီး ပြေးနေတာလို့ ခံစားရတယ်။
'64 ခုနှစ်ဆီက အရေးအသားလေ။
(တကယ်ရေးခဲ့တဲ့ အချိန်က 1945 ၀န်းကျင်လောက်မှာ ဖြစ်နိုင်ပါတယ်... 1964 က 1st publication လုပ်တဲ့အချိန်)
ဂျူးတောင်မှ '86 လောက်ရောက်မှ "အမှတ်တရ" ကို ရေးတာ မဟုတ်လား။
တင်မေက '64 ခုနှစ်တည်းက living together လုပ်နေပြီ။
:)
(မှတ်ချက်။ ။ အဲဒီဝတ္ထုနှစ်ခုလုံးမှာ living together ကို အသားပေး ရေးထားတယ်လို့ ကိုယ်လုံးဝ မခံစားရပါ)
တင်မေ ပြောသွားတဲ့ အကြောင်းအရာတချို့က အဲဒီခေတ်က မြန်မာမှုစနစ် အိမ်ထောင်ရေးကို ထင်ဟပ်ထားပေးမဲ့ သူ့ character က လုံးဝကို အဲဒီထဲက ခွဲထွက်ထားတယ်။
ကြည်အေး ၀တ္ထုတွေ ဖတ်ရတဲ့အခါ အဲဒီ taste မျိုး အမြဲတမ်းရတယ်။ ကိုယ်ကတော့ စာဖတ်ရင် ပုံနှိပ်မှတ်တမ်းက စလို့ ဖတ်တတ်တဲ့သူမျိုးဖြစ်တော့ သူရေးတဲ့ အကြောင်းအရာတွေ၊ character တွေနဲ့ ခေတ်ကာလကို ယှဉ်ကြည့်ရင် မအံ့သြဘဲကို မနေနိုင်ဘူး။

Love,
remembrance,
ကြည်အေး,
မောင်
Tuesday, September 29, 2009
My Very First Visit to Yangon !
(ရန်ကုန်ကို ပထမဆုံး ရောက်ဖူးတဲ့ အညာသူ)
မူကြိုကျောင်းသူ ဘ၀ပဲ ရှိသေးတယ်။
အတန်းကျောင်း မတက်ရသေးဘူး။
အဘိုးအဘွားတွေနဲ့ အတူတူ၊ ဘွားဘွားရဲ့ မွေးစားသမီးပါတယ်.. ကိုယ့်ကို ထိန်းဖို့။
မေမေတောင် မပါဘူး။
အသက် ၄ နှစ်လောက်မှာ မိဘတွေ မပါဘဲ ပထမဆုံး ခရီးထွက်ဖူးတာ။
တည်းတဲ့အိမ်မှာ မြို့ကရောက်နေတဲ့ အသိတစ်ယောက်က လာတွေ့ပြီးတော့ ပြောတယ်။
သူ ပြန်တော့မှာ တဲ့။ မေမေ့ဆီကို စာရေးပေးလိုက်ဦးမလား တဲ့။
ဘွားဘွားကလည်း ရေးလိုက်လေ လို့ပြောတယ်။
ကိုယ်ကလည်း မငြင်းဘူးပဲ။ အင်း ရေးမယ် ဆိုပြီး စာရွက်နဲ့ ဘော့ပင်ယူပြီး ရေးတော့တာ။
ဘာမှလည်း တတ်တာ မဟုတ်ဘူး။
"၀လုံး" လောက်ကလွဲပြီး ဘာမှ မရေးတတ်သေးတဲ့ အချိန်။
အဲဒါကို "၀လုံး" ပဲတတ်လို့ "၀လုံး" ပဲ ရေးလိုက်တယ် မထင်နဲ့။
လူကြီးတွေ စာရေးသလို တွန့်တွန့်တွန့်တွန့် တွေနဲ့ ကကြီးတွေ ဗျိုင်းပျံသလို ရေးထည့်ပေးလိုက်သေးတယ်။
:D
အမယ် ကိုယ့်ဟာကိုယ်တော့ အဲဒီတုန်းက အဟုတ်ပဲ မှတ်နေတာ။ ငါကွ ဆိုပြီး...
အဲဒါကို အဲဒီ အသိအန်တီကလည်း တကယ်ယူသွားပြီးတော့ မေမေ့ဆီ တကယ်ပေးလိုက်တယ်။ ကိုယ်လည်း ခရီးသွားရာက ပြန်ရောက်ရော မေမေက ကိုယ်ရေးထားတဲ့ တွန့်တွန့်တွန့်တွန့် စာတွေကို ပြပြီး...
"ကဲ သမီးရေးထားတာ မေမေ့ကို ဖတ်ပြစမ်းပါဦး" လို့ ပြောတော့ ဟီးဟီးဟားဟားနဲ့ ရူးချင်ယောင်ဆောင်နေတာ မှတ်မိတယ်။
"အလျှံညီးညီး တောက်မည့်မီးကား" ဆိုသလိုပဲ။
(အရွှီး မီး)
***
ဒါနဲ့ ကြီးလာတော့ စာမေးပွဲတွေမှာ ဘာမေးမေး ဖြေလိုက်ဖို့ ဘယ်တော့မှ ၀န်မလေးဘူး။
မသိတာ မေးလဲ ရမ်းသမ်းပြီး ရေးထည့်လိုက်တာပဲ။
ငါကွ !
:D
***
Labels:
childhood,
me,
Photos,
remembrance
Sunday, September 27, 2009
When I was 4...
(ကိုကိုနဲ့ မူကြိုမှာ)ကိုကိုဆိုတာ အစ်ကိုတစ်ဝမ်းကွဲကို ပြောတာ။
သူက ကိုယ့်ထက် အသက်တစ်နှစ်ကြီးတယ်။
သူ မူကြိုတက်တော့ ကိုယ်လဲ သူနဲ့တူတူ လိုက်တက်တာပေါ့။
ဒါ ကျောင်းကပွဲမှာ ဖြစ်လိမ့်မယ်။
ရက်စွဲအရ ကိုယ် ၄ နှစ် မပြည့်သေးဘူး။
(ကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)
အဲဒီ အချိန်အခါက လူတွေ သိပ် မကြပ်တည်းတဲ့ ကာလလို့ ပြောရမယ်။
ကိုယ်တို့ရဲ့ မြို့သေးသေးလေးက မူကြိုကျောင်းကလေးမှာတောင် ပွဲတွေဘာတွေ လုပ်လို့။
ပြီးတော့ နေ့တိုင်းလိုလို နေ့ခင်းအိပ်ပြီး၊ နိုးတဲ့အချိန်မှာ အစားအသောက်တွေ ကောင်းကောင်းကျွေးတာ မှတ်မိတယ်။
ကျောင်းနဲ့ အိမ်က နီးနီးလေး။
ကိုကို့ရဲ့ တဖက်က တ၀မ်းကွဲ အစ်မ (ကိုယ်နဲ့ဆို ဟိုဘက်ဒီဘက် အမျိုးပေါ့) လည်း ရှိတယ်။
သူတို့ကတော့ ရွယ်တူပေါ့။
ပန်းချီတွေ ဘာတွေလည်း ဆွဲရတယ် ဆရာ။
ကိုယ်က ပန်းပင်နဲ့ ပန်းအိုးတွေပဲ ဆွဲနေခဲ့တာတော့ မှတ်မိတယ်။ တတ်မှ မတတ်တာ။
crayon နဲ့ ပုံဆွဲစက္ကူ ထူထူဝါ၀ါတွေနဲ့ အကျပဲ။
ကစားစရာတွေလဲ တော်တော်ရှိတယ်။
ခုတော့ အခြေအနေ ဘယ်လိုလဲ မသိတော့ပါဘူး။
အဲဒီအချိန်က အကြောင်းတွေ သိပ်မမှတ်မိတော့ဘူး။
တချို့ဟာတွေလည်း တော်တော် မှတ်မိတယ်။ အများအားဖြင့်တော့ blur ဖြစ်နေတယ်။
ဖေဖေတို့ မေမေတို့ ပြန်ပြောတာတော့ မူကြိုစတက်တဲ့နေ့က သူတို့ ပြန်တဲ့အချိန် အော်ငိုတယ် ဆိုတာပဲ။
အဲဒီ အရွယ်လောက်ပဲနေမှာ...
ဆွမ်းတော်ပွဲ အကျတွေ အိမ်မှာ လာလာယူတဲ့ ကိုယ်ဝန်ဆောင် မိန်းမတစ်ယောက်ရှိတယ်။
တစ်နေ့ မေမေက အိမ်ရှေ့ထွက်ပေးရင်း ဘယ်တော့ မီးဖွားမှာလဲ ဘာလဲတွေမေးနေတာ ကိုယ်ကြားတယ်။
မေမေအိမ်ထဲဝင်လာတော့ ကိုယ်မေးမိတယ်။
"အဲဒါ မေမေ့ သူငယ်ချင်းလား" လို့...
မေမေက...
"အော် ဒီကောင်မလေး ဘယ်က မေမေ့သူငယ်ချင်းရမှာလဲ" တဲ့။
ဟားဟားဟား
ဘာလို့များ အဲလို တွေးမိသွားတာပါလိမ့်နော်။
ကိုယ်တကယ်ပဲ မေမေ့သူငယ်ချင်းမို့ မေးနေတာလို့ ထင်ခဲ့တာ။
ငယ်ငယ်တည်းက ကိုယ်ပိုင်အတွေးခေါ်နဲ့ ကိုယ်ပိုင်အမြင်နဲ့ ကိုယ်ပိုင် သုံးသပ်ချက်နဲ့... (တလွဲတွေပြောပါတယ်)။
***
Labels:
childhood,
me,
Photos,
remembrance
Friday, September 25, 2009
ဂျူး နှင့် ကိုင်ပေါက်ခြင်း

ကြားဖြတ် post တစ်ခုပါပဲ
တင်ဖို့ အစီအစဉ် မရှိပါဘဲ စိတ်ကူးပေါက်လို့ တင်မိတာ
*
သူငယ်ချင်းတစ်ယောက်က ဒီ တပတ်အတွင်းမှာ "http://www.scribd.com" က တိုက်ရိုက် ဖတ်လို့ ရတဲ့ စာအုပ်စာရင်းရှည်ကြီး တစ်ခု ပို့ပေးတယ် .. ဘယ်လောက် သဘောတွေ့သွားလဲ ဆိုတာ ပြောပြစရာတောင် လိုမယ် မထင်.. (နိုင်ဝင်းရေ ကျေးဇူး စကြ၀ဠာ.. Sweep 1st prize ပေါက်သလိုပါပဲကွာ)
*
အဲဒီထဲက ဂျူးရဲ့ "မြရဲ့ လ" ဆိုတဲ့ ၀တ္ထုတို တစ်ပုဒ်ကို ပြန်ဖတ်ဖြစ်တယ်
အဲဒီ ၀တ္ထုကို ပထမဆုံး ဖတ်ဖူးတာ ၁၀ တန်းဖြေကာနီးမှာ.. Guide မမ က သူ ပန်းဆိုးတန်းက ၀ယ်လာတာ ဆိုပြီး ထုတ်ပြလို့ ကောက်ဖတ်ပစ်လိုက်တာ တစ်ထိုင်တည်း...
ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ ဂျူးရဲ့ ၀တ္ထုတိုတွေ တော်တော်များများကို ကြီးမှ ပြန်နားလည်လာတာ များပေမယ့် "မြရဲ့ လ" ကိုတော့ ဖတ်ဖတ်ချင်းပဲ နားလည်ပြီး ခံစားလို့ရသွားတယ်..
ဒါကလဲ ကိုယ်က အညာသူကိုး.. အဲဒါကလဲ အကြောင်းတစ်ချက်ပေါ့
ထားပါလေ...ပြောချင်တာက ဇာတ်လမ်း မဟုတ်ဘူး... ဇာတ်လမ်းထဲမှာ ပါတဲ့ ယောက်ျားတွေရဲ့ Characteristic ကို..
*
မြ ရဲ့ လ (ဂျူး)
["...သူခိုး ဓားပြ မရှိဘူးလို့ ကြွားချင်တာလား မြရဲ့ .. မြတို့ မြို့မှာ မရှိပေမယ့် မြတို့ဆီက လူဆိုးလူကောက်တွေကို တခြားမြို့မှာ ရှိတဲ့ ထောင်ကို ပို့ပေးနေတာကိုး..."
"မဟုတ်ဘူးလေ အဲဒီလို ဆိုလိုချင်တာမဟုတ်ဘူး... မြတို့မြို့မှာ ထောင်ဟာ အရေးမကြီးဘူး.. အဲဒါကို ပြောမလို့"
လူဦးရေ လေး ငါးထောင်လောက်သာ ရှိသည့် မြို့ကလေးမှာ ထောင်ဟာ အရေးကြီးနေလျှင်တော့ ထိုမြို့သည် အမေရိကန် ရုပ်ရှင်ကားတွေထဲကလို ဒုစရိုက်မြို့ကလေးသာ ဖြစ်တော့မှာပေါ့။ သို့သော် ကျွန်တော် ဘာမှ မပြောပါ။ မြ ဘာပြောချင်သလဲ ဆိုတာကို ကျွန်တော် သိဖို့ မကြိုးစားခဲ့ပါ။
*
ကျွန်တော်နှင့် မြ ကတောက်ကဆ စကားများပြီးလျှင် ကျွန်တော်ကသာ ဗြုန်းကနဲ အလျှော့ပေးပြီး ထထွက်သွားရသည်ချည်းပင် ဖြစ်ပါသည်..........ဟု ကိုယ့်ကိုကိုယ် လုံခြုံစွာ ဆင်ခြေပေးမိ၏။
ညဥ့်နက်မှ အိမ်သို့ ပြန်ဝင်လေ့ရှိပြီး အိမ်သို့ ရောက်သည့် အခါတိုင်း ကျွန်တော့် ဒေါသတွေက ပြေပြီးပြီ။ မြကို ပုံမှန်အတိုင်း နူးညံ့သာယာစွာ စကားပြောဖို့ အဆင်သင့် စိတ်ထားမျိုးဖြင့် ကျွန်တော် အိမ်ပြန်လာလေ့ရှိပါသည်။
သည့်အတွက် ကျွန်တော်သည် သဘောထားကြီးမြတ်သော ယောက်ျားအဖြစ် ကျေနပ် ဂုဏ်ယူလေ့လည်း ရှိပါသည်။
သို့သော် ယခု အချိန်ကျမှ ကျွန်တော် မှန်းဆပုံဖော် တွေးမိပြန်သည်မှာ... ကျွန်တော်နှင့် စကားများ ရန်ဖြစ်ပြီးနောက် ကျွန်တော် အိမ်မှ ထွက်ခွာသွားသော အချိန်တိုင်း မြသည် သူမ၏ ဒေါသများ ၊ နာကြည်းမှုများ ၊ ၀မ်းနည်းမှုများ ကို ဘယ်လို ဖြေဖျောက် လမ်းလွှဲယူသလဲ။
.... မျက်နှာချင်းဆိုင် ရန်တွေ့ဖြေရှင်းချင်သေးသော သူမရင်ထဲမှ စကားများကို ဘယ်မှာ သွန်ချ၍ ပြီးဆုံးစေခဲ့သလဲ။
ဒါတွေကို ကျွန်တော်မသိပါ။
...ကျွန်တော် မရှိသည့် အချိန်ကာလ အတွင်း မြ၏ ဒေါသတို့ကို ဘယ်အရာဖြင့် လမ်းကြောင်းလွှဲပစ်ခဲ့ရသလဲ ဟု မြကို ကျွန်တော်မမေးမိ။
ပထမပိုင်း ကာလများဆီကတော့ မိန်းမတစ်ယောက်၏ ဒေါသကို လမ်းကြောင်းလွှဲပေးစရာ ပစ္စည်း ကိရိယာ အစုံအလင် မီးဖိုချောင်ထဲမှာ ရှိသည် ဟု စိတ်ချထားခဲ့၏။ မြသည် ကြက်ဥများကို ပေါက်ခွဲပစ်နိုင်သည်။ ဖန်ခွက်များ၊ ကြွေပန်းကန်များကို ပေါက်ခွဲပစ်နိုင်သည်။ သို့သော် နောက်ပိုင်းမှာ ထိုသို့မဟုတ်မှန်း ကျွန်တော် သိလာခဲ့သည်။
မြသည် ကျွန်တော့်အပေါ်သက်ရောက်နေသော သူမ၏ ဒေါသအတွက် ဘယ်အရာဖြင့် အစားထိုး ပေးခဲ့သလဲ ။ ဘယ်အရာအပေါ် လမ်းလွှဲပေးခဲ့သလဲ ကျွန်တော် မသိနိုင်တော့သည့် အရာသာ ဖြစ်ပါသည်။
...
ကျွန်တော်သည် မြ၏ ဖြစ်နိုင်ခြေများကို တွက်ချက်စဉ်းစား အဓိပ္ပါယ်ကောက်ရန် ဘယ်တော့မှ ခေါင်းအေးအေး သွေးအေးအေး တည်ငြိမ်နိုင်တော့မည် မဟုတ်ပါ။
...
ကျွန်တော် မြကို နားလည်ခဲ့သည် ဟုများ တစ်ခါတုန်းက ကိုယ့်ကိုကိုယ် ထင်ခဲ့မိပါသလား။ ဒါဆိုလျှင် ကျွန်တော်သည် အလွန်မှားယွင်းသော လူတစ်ယောက်သာ ဖြစ်ပါလိမ့်မည်။ ]
မြ ရဲ့ လ (ဂျူး)
*
အကြောင်းအရာတခုကို အသဲအသန် ပုံစံနဲ့ စလာပြီး..တဖက်က အလေးအနက် တုံ့ပြန်တော့မှ...သဘောထားပဲ ကြီးသလိုလို...နားငြီးပဲ မခံနိုင်တော့သလိုလို...အဖက်ပဲ မလုပ်ချင်သလိုလိုနဲ့..ပြီးပြီးရော စကား ဖြတ်ပစ်တတ်တာလဲ ကိုယ့်အတွက်တော့ stupid work ပဲ
*
အဲဒါ သဘောထားကြီးတာ မဟုတ်ဘူး။ အနိုင်နဲ့ ပိုင်းတာလို့ ခေါ်တယ်။
*
ကိုယ့်ဘာသာ တဖက်သတ်ကြီး ပြောချင်ရာပြော.. အပြောခံရတဲ့ တဖက်လူက ဘာမှန်းမှ မသိရ.. သေချာရှင်းပါဆိုတော့လည်း ရူးချင်ယောင်ဆောင်ပြီး ဟိုစကားလွှဲ ဒီစကားလွှဲ ...
သေချာလဲ သိခွင့်မရ.. ရှင်းဖို့လဲ အခွင့်အရေးမပေး...
ဒီလိုနဲ့ပဲ စတဲ့သူက ပြီးလွယ် ပျောက်လွယ် ၊ စိတ်သဘောထား ကြီးမြတ်သူလိုလို ဘာလိုလို...
အလကား နေရင်းထိုင်ရင်း ပြဿနာ အရှာခံရလို့ အကြောင်းရင်းကို သိအောင် ဇွတ်မေးတော့ မေးတဲ့သူကပဲ ရစ်တာ..ကြပ်တာ.. လျှာရှည်တာ.. မိန်းမပီသတာ.. စကားများတာ ဖြစ်ရပြန်ရော..
ကျန်သေးတယ်။
နည်းနည်းလေး အပြောခံရတာကိုတောင် ခံနိုင်ရည်မရှိဘဲ ကယောင်ကတမ်း ဖြစ်နေတာ..တဲ့
(တခါမှ မကြားဖူးဘူး..အဲဒီလို မှတ်ချက်မျိုး.. ထူးထွေသည့် အံ့ရာ)
*
အဲဒီလို ယောက်ျားမျိုးတွေများ ကိုယ်တော့ ဂျူးရဲ့ အပေါ်က စာလုံးတွေ အပြန်ပြန် အလှန်လှန်သာ ဖတ်ခိုင်းချင်တော့တာပဲ...
ဖြစ်နိုင်ရင် ပြာချပြီးသာ တိုက်လိုက်ချင်တယ်...
***
January တုန်းက တင်ပြီးသား post အဟောင်းကြီးပါ။
ခု ဘာမှ မဖြစ်ပါဘူး။ တကယ်ပါ။
မဖတ်ရသေးတဲ့သူတွေ ဖတ်ရအောင်...
ဂျူး ရဲ့ စကားလုံးလေးတွေကိုလေ။
ဒီလို presentation မျိုး သူ ဘယ်လိုများ စဉ်းစားမိခဲ့ပါလိမ့်နော်...
ဝတ္ထုတိုရော၊ ၀တ္ထုရှည်ရော ပြောင်ပြောင်မြောက်မြောက် ရေးနိုင်တဲ့သူတွေ ကိုယ်တော့ တကယ်ပဲ အံ့သြချီးကျူးမိပါတယ်။
***
Labels:
To Whom It May Concern
Subscribe to:
Posts (Atom)