" ကြည့်စမ်း၊ ဆောက်လိုက်ကြတဲ့ တိုက်တွေနှယ်ကွာ။ သုံး လေးပြကျော်လောက်ကို တစ်တိုက်လောက် ဆောက်နေကြတယ်။ ဘယ်ကများ ပိုက်ဆံတွေ ရနေကြပါလိမ့်။ ဒီလမ်းထောင့်က တိုက်တောင် ပြီးတော့မှာပဲ။ အင်း သားနားပါ့ဗျာ။ ကြည့်ရတာ မိသားစု နေဖို့ထက် စီးပွားရေးလုပ်ငန်း တစ်ခုခု လုပ်မလို့နဲ့ တူတယ်။ တည်းခိုခန်းလား၊ စားသောက်ဆိုင်လား။
ဟင်း ဒါတွေ မြင်ပြန်တော့လည်း အားကျမိပါရဲ့။ ငါ့နှယ် ဒီဘဝ တိုက်လေး ကားလေးနဲ့မှ နေနိုင်ပါ့မလား။ အိုး... ဘာဖြစ်လို့ မနေနိုင်ရမလဲ။ နေနိုင်ရမယ်။ တစ်နေ့ ဖြစ်ရမယ်။ ဒီနေ့ ဇီးရိုး၊ မနက်ဖြန် ဟီးရိုး မဖြစ်ဘူးလို့ ဘယ်သူ ပြောမလဲ"
ငညိုကွ။
အတတ်ပညာနဲ့ လူ။ တိုင်းရင်း ဆေးသိပ္ပံမှာ လေးနှစ်လေးမိုး သင်ခဲ့ရတဲ့ ပညာတွေ ဘာလုပ်ဖို့လဲ။
မကြောက်ဘူး။ လုံးဝ မကြောက်ဘူး။ မန္တလေးရဲ့ အကြောကို သိထားပြီ။ လူတွေရဲ့ သဘောကို မိထားပြီ။ အခုတောင် အရှေ့ပြင်နဲ့ မြောက်ပြင်ဘက်မှာ ဆရာညို ဆရာညိုနဲ့ နာမည်ထွက်နေပေါ့။ ညနေပိုင်း ဆေးခန်းမှာ မရှိဘူးဆိုရင် လူနာ ဆယ်ယောက်။ မရဘူးဆို တစ်ရာ။ တစ်ရာ့နှစ်ဆယ်။ အခုလို နေ့ခင်းဘက် အိမ်လိုက်တာနဲ့ ဘာနဲ့ဆို တစ်ရက်တစ်ရက် အောက်ထစ် တစ်ရာ့ငါးဆယ်၊ နှစ်ရာတော့ အေးအေးလေးပဲ။ အလုပ်ထဲ ဝင်ရင်ရမယ့် ဆေးခန်းမှူးလစာလောက်တော့ ရယ်ချင်သေး။ ဒါတောင် ငါ ဂျီပီလုပ်တာ တစ်နှစ်ပျော့ပျော့ပဲ ရှိသေးတယ်။ နောက် လေးငါးနှစ်ကြာရင် ရန်ကုန် ရွှေဘုံသာလမ်းအထိ တက်ချဲပစ်မယ်။ ဘာမှတ်သလဲ။ အာ ဒီ ဘီးစုတ်က တစ်မျိုး။ ဘရိတ် မမိချင်ပြန်ဘူး။ ကားတွေကလည်း အရမ်း မောင်းတာပဲဟေ့။ အင်း... စီးနှင့်ကြဦးပေါ့ကွာ။ ဟင်း... ဟင်း။
အဲ... ဒီ (၁၄) လမ်း ထဲမှာ လူနာ ရှိပါသေးလား။ နေဦး။ အပြန်မှ ဝင်မယ်။ သူ့လက်မောင်းက အတော် အခြေအနေကောင်းနေပြီပဲ။ လက်ကျိုးလို့ ကျောက်ပတ်တီး စီးတာကနေ ပခုံးအဆစ် ကြပ်သွားတာ။ ဒါမျိုးတော့ ဆရာညိုတို့က အပိုင်ပေါ့။ အကြောပြင်ပေး၊ ဆေးစည်းပေး၊ လိမ်းဆေး၊ စားဆေးပေး။ နှစ်ပတ်လောက်ပဲ ကြာတယ်။ အခုဆို ပုဆိုးဝတ်နိုင်၊ ခေါင်းဖြီးနိုင်ပြီ။ အမှန်ကတော့ ဘာမှ မဟုတ်ဘူး။ ကျောက်ပတ်တီး စည်းတုန်းက လက်မောင်းလေ့ကျင့်ခန်း မလုပ်လို့ ခံရတာ။ လုပ်ရကောင်းမှန်းလဲ မသိကြဘူးလေ။ မသိတော့လည်း ဆေးဆရာ ပိုက်ဆံရတာပေါ့။
ဟောဒီ (၁၆) လမ်းက အစာအိမ်သမားကတော့ ထမင်းစားနိုင်နေပြီ။ သူလည်း မန္တလေး၊ ရန်ကုန် နှံ့ခဲ့လှပေါ့။ နောက်ဆုံးကျမှ တိုင်းရင်းဆေးဘက် လှည့်လာတာ။ လူတွေကလည်း တစ်မျိုးပဲ။ တိုင်းရင်းဆေးဆို အထင်သေးတာလိုလို၊ နှိမ်ချင်တာလိုလိုနဲ့။ ပြီးတော့ တိုင်းရင်းဆေးနဲ့ ကင်းနိုင်ကြတာလည်း မဟုတ်ဘူး။ ဆေးရုံပေါ်တက်ပြီး ခွဲတာ ခွဲတာပဲ။ မန်းဆေးတော့ ခိုးလိမ်းကြသေးတယ်။ အနှိပ်သည်နဲ့ မန်းဆေးမရှိရင် ဟောဒီ မန္တလေးမြို့ကြီးဟာ မနေတတ်ပါဘူး။ ယုတ်စွအဆုံးလေ အခိုးပွင့်ဆေးနဲ့ လျက်ဆားပုလင်းကတော့ အိမ်တိုင်းလို ရှိနေကြတာပဲ။
အမယ် လက်ဝါးပြရင် လျက်ဆားရမယ် ဘာ ညာနဲ့ သရော်ချင်ကြသေးဗျ။ လျက်ဆားရဲ့ တန်ဖိုးကို မသိကြဘဲကိုး။ ငါဖြင့် ဆိုးဆိုးဝါးဝါး ရောဂါတချို့ လျက်ဆားနဲ့ ကုပေးပြီး ပိုက်ဆံရခဲ့လှပေါ့။ အဲ... လျက်ဆားမှန်း မသိအောင်တော့ လုပ်ထားရသပေါ့လေ။ နို့မို့ရင် အပျင်းပြေလျက်ဖို့၊ ချောင်းဆိုးရင် လျက်ဖို့လောက် သဘောထားနေကြမှာ။ ဒါကလည်း ပြည်တွင်းဖြစ်မို့ ထင်ပါရဲ့လေ။ တကယ်လို့များ ဂျပန်ကလာတဲ့ လျက်ဆား၊ မိတ်အင်ယူအက်စ်အေ လျက်ဆား ဆိုလို့များဖြင့် ဈေးကြီးပေးပြီး တရိုတသေ မှီဝဲကြမလား မသိဘူး။ အခုတော့ဗျာ အားမနာ ပါးမနာ ဖောဖောသီသီ တောင်းကြလေရဲ့။
တိုင်းရင်းဆေးဆရာလို့ ဆိုလိုက်တာနဲ့ နံပါတ်တစ် အတောင်းခံရဆုံးက လျက်ဆား။ နောက် ဒုတိယကတော့ ဟိုကိစ္စအတွက် ဆေးပေါ့လေ။ ဆရာဝန်တွေ အားဆေး အတောင်းခံရတဲ့ ဒုက္ခကို ခုမှပဲ ကိုယ်ချင်းစားမိတော့တယ်။ မပေးလို့လည်း မကောင်း၊ ပေးပြန်တော့လည်း အကျင့်ပါ၊ တန်ဖိုးကျ။ အော် ဒုက္ခ။ သူငယ်ချင်း ဆေးဆရာတစ်ယောက်ဆို မခံချင်လွန်းလို့ သူ့ဆီ လျက်ဆားလာတောင်းရင် "လျက်ဆားမရှိဘူး။ လျက်ဆေးပဲ ရှိတယ်။ ဖြစ်တဲ့ရောဂါပြော။ ရော့ လျက်ဆေး" ဆိုပြီး အတင်းပြောင်းလဲကြည့်ပေမယ့် မရဘူး။ လူတွေက လျက်ဆားပဲ၊ ရယ်ရတယ်။
လျက်ဆေးဆိုလို့ သူ့တန်ဖိုးက မသေးတော့ဘူး။ ငါတို့လည်း ကိုရင်ကြီး ဝတ်မယ့်နှစ်မှာ ဝါထပ်တယ် ဆိုသလိုပါပဲ။ ဆေးဆရာမှ ဖြစ်မယ် မကြံသေးဘူး။ ဘယဆေးတွေက ဆေးတက်ကုန်ပြီ။ နောက်ဆုံးတော့ ဒီကောင်တွေပဲ ချမ်းသာကုန်ကြတာပဲ။ ငါလည်း နောက်ဆိုရင် ဘယဆေးဆိုင်ဖွင့်ဖို့ ကြိုးစားရမယ်။ ဆေးလည်းရောင်းမယ်။ ဒါမှ မြန်မြန် ကြီးပွားတော့မှာ။ ဆေးကုတဲ့ အလုပ်ကို ရေရှည် မလုပ်ချင်ဘူး။ သူများအပူ ကိုယ့်အပူ လုပ်နေရတာ။ ဦးနှောက်ခြောက်သေး။ ပင်ပန်းသေး။ ဆေးတစ်မျိုး နာမည်ရလာရင် ကြီးပွားမယ်သာပြင်။ လောကမှာ ကြီးပွားဖို့ပဲ။ တိုက်ဆောက်မယ်။ ကားစီးမယ်။ မိန်းမနှစ်ယောက် ယူလိုက်ဦးမယ်။ ဘာဖြစ်သေးလဲ။
အင်း ထမင်းဖိုးကလေး ခိုင်မာဖို့အရေး ငါ အတော် ကြိုးစားခဲ့ရတာပဲ။ ကျောင်း ပြဋ္ဌာန်းစာတွေနဲ့တင် မတင်းတိမ်ဘဲ ကောင်းနိုးရာရာ အရှေ့ အနောက် ဆေးကျမ်းတွေ ရှာရ၊ ဖွေရ၊ ဖတ်ရ၊ မှတ်ရ၊ ဆရာသမားကြီးတွေဆီ မေးရ၊ မြန်းရ၊ ဆွေးနွေးရ။ ဆေးရုံပေါ်က အတွေ့အကြုံတွေ လေ့လာရ၊ ဆည်းပူးရ၊ ကျော်ဖြတ်ခဲ့ရတာတွေ။ ပင်ပန်းဆင်းရဲ ခံခဲ့ရတာတွေ၊ ဒါကြောင့်လည်း ငါ ဒီလောက် အထိ အောင်မြင်လာတာ။ အနာခံမှ အသာစံ။ အထိနာတော့ အသိသာတော့မပေါ့။ တိုင်းရင်းဆေး ဒီပလိုမာချင်း အတူတူ ဘယ်သူ ငါ့လောက် အောင်မြင်လို့လဲ။
တချို့ ဆေးနည်း လာတောင်းကြသေးတယ်။ ဘယ့်နှယ် ကိုယ်မှ ခက်ခက်ခဲခဲ အပတ်တကုတ် ရှာဖွေထားရတာ သူများကို လွယ်လွယ်နဲ့ ဘယ်ပေးနိုင်လိမ့်မလဲ။ မပေးလို့ မကောင်းတဲ့သူတွေကျပြန်တော့ အရေးကြီးတဲ့ အချက်တွေ ချန်ပြီး ပေးလိုက်တာပေါ့။ ဝမ်းနည်းပါတယ် သူငယ်ချင်းများ။ ငါ့လိုဖြစ်ချင်ရင် ငါ့လို လုပ်ခဲ့ကြပေါ့ကွယ်။
ပညာဆိုတာ ဒီလို ယူရတာပဲလေ။ ဒါပေမဲ့ ပညာရှာတဲ့နေရာ စဉ်းစား ကြံဆတဲ့နေရာမှာ ဟိုအကောင်ကို ငါ လုံးဝ မမီဘူး။ စိုးကျော်ဆိုတဲ့ အကောင်။
တက္ကသိုလ်တုန်းကတော့ မေဂျာတူပါပဲ။ သိပ်တော့ မရင်းနှီးဘူး။ မေးထူးခေါ်ပြောလောက်ပဲ။ ကျောင်းပြီးတော့ ဘာမှ လုပ်စရာ မရှိတာနဲ့ နောက်ဆုံး အကြံကုန် ဂဠုန်ဆားချက် တိုင်းရင်းဆေးသိပ္ပံ ဝင်ဖြေပြီး ပါလာမှ ဒီကောင်နဲ့ မမျှော်လင့်ဘဲ ပြန်ဆုံရတာ။ ဒီကောင်ကတော့ ရည်ရွယ်ချက်နဲ့။ တိုင်းရင်းဆေးပညာဆိုတာ ဘာလဲဆိုတဲ့ စိတ်ဝင်စားမှုနဲ့ လာတာဆိုပဲ။ ကြီးကြီးကျယ်ကျယ်။
ဒါပေမဲ့ ဒီကောင် အရမ်းကြိုးစားတယ်။ ငါကြိုးစားခဲ့ရတယ် ဆိုတာ စိုးကျော်နဲ့ ယှဉ်တော့ ဖွဲ ပဲ။ ဒီကောင်က ဉာဏ်ကလည်းကောင်း၊ စာကလည်း အစုံဖတ်၊ သူမဖတ်ဖူးတဲ့ ဆေးကျမ်း မရှိသလောက်ကို ဖတ်တယ်။ ဒီကောင်က ငါ့ထက် အင်္ဂလိပ်စာ ပိုကောင်းတော့ ပိုဖတ်နိုင်တာလည်း ပါတာပေါ့လေ။ ပြီးတော့ တိုင်းရင်းနဲ့ အနောက်တိုင်း ပေါင်းစပ် ယူတဲ့ နေရာမှာ တော်တော်ကောင်းတယ်။ ဓါတ်ကြီးလေးပါးကို သိပ္ပံ သီအိုရီတွေနဲ့ ဆက်စပ်ပြီး အဓိပ္ပါယ်ဖွင့်သွားများ ပါးစပ်ဟောင်းလောင်းနဲ့ ငေး နေရလောက်အောင်ပဲ။ တချို့ဟာတွေဆို ငါဖြင့် နားမလည်ပေါင်။ လိုက်မမီဘူး။ သူ့ဆီကလည်း ပညာ အတော်ရပါတယ်။ ဒီကောင်က မလျှိုတတ်ဘူးလေ။ မေးလိုက်လို့ကတော့ သူ သိထားသမျှတွေ အကုန် ထွက်လာတာပဲ။ ဆရာ လုပ်ချင်တတ်တဲ့ စိတ်လည်း ရှိလို့ နေမှာပေါ့။
ဒီကောင်က တမျိုးပဲ။ ကြောင်တယ် ပြောရမလား၊ မွဲဇာတာ ပါတယ် ဆိုရမလား။ သင်တန်းပြီးတော့ ဒီကောင် ဆေးလေး ဘာလေး ကုသေးတယ်။ တော်တော် အောင်မြင်တယ်။ အဲဒီတုန်းက ငါက အရှိန်ယူနေရဆဲ ကာလ။ အဲဒါ ဒီကောင် ဆက်မလုပ်ဘူးဗျာ။ ဆေးခန်း မထိုင်ချင်တော့ဘူး ဆိုပြီး သုတေသနဌာနမှာ ဝင်လုပ်နေတယ်။ အတော်ဟုတ်တဲ့ကောင်။ အလကား ဘာမှ လုပ်နေစရာမလိုပေါင်။ သူ့လို ပညာမျိုးနဲ့ အပြင်မှာပဲ ဆေးခန်း ဆက်တိုက်ထိုင်ပြီး၊ ပိုက်ဆံ ရှာနေလိုက်ရင် အခုနေဆို လျှမ်းလျှမ်းတောက်ပေါ့။
ပညာရပ်တစ်ခုဟာ သုတေသန အားနည်းရင် အားနည်းသလောက် တိုးတက်မှု နှေးကွေးတယ်။ သုတေသနဟာ မရှိမဖြစ် လိုအပ်တယ် ဆိုတာ အားလုံး သိကြတာပဲ။ ကိုယ်မလုပ်လည်း သူများ လုပ်နေကြမှာပဲဟာ။ အောင်မြင်ပြီဆိုမှ ကိုယ်က အဆင်သင့် ယူသုံးရုံပဲပေါ့။ အဓိက က ကိုယ့် ထမင်းအိုး အတွက်ပဲ။ လောကမှာ ထမင်းအိုးထက် ဘာကများ အရေးကြီးနိုင်ဦးမလဲ။ ခုတော့ ဒီကောင် လစာလေး မလောက်မငနဲ့ မိန်းမတောင် မယူရဲဘူး။ ငါတော့ ဒီကောင်ကို သနားတယ်။ အမယ် သူကလည်း ငါ့ကို နှမြောသတဲ့လေ။ ရယ် ရယ်ရသေး ဟေး ဟေး...
နောက်တစ်ကောင် ရှိသေးတယ်။ စာယောင်ယောင် ပေယောင်ယောင် စာရူး ကဗျာရူး အကောင်တစ်ကောင်၊ စကားကြီး စကားကျယ်တွေ ပြောတတ်တဲ့ကောင်၊ စာသမားဆိုတော့ စကားပြောလည်း ကောင်းတယ်။ သူ ပြောပြောနေတတ်တာ ရှိပါတယ်။ ဘာတဲ့ လက်ရှိ တိုင်းရင်းဆေးလောကမှာ စည်းရုံးရေး ကာလတစ်ခု လိုအပ်နေတယ်တဲ့။ အထက်မြက်ဆုံး၊ အစူးရှဆုံး စည်းရုံးရေးလက်နက်ကတော့ စာပေပဲတဲ့။ ဒါပေမဲ့ အနုပညာအားကောင်းမှ ဖြစ်မတဲ့။ အစက တိုင်းရင်းဆေးအား အထင်သေးခဲ့မိရာမှ တိုင်းရင်းဆေးဖြင့် ကုသ၍ ပျောက်ကင်းသွားသောအခါ အထင်ကြီးသွားလေသတည်း ဆိုတဲ့ ဟောင်းနွမ်းလွန်းသော ပုံစံမျိုး မဖြစ်ဖို့တော့ လိုတယ်တဲ့။
"ရသ" နဲ့ နွယ်ပြီး ရေးသားတဲ့အခါ "သုတ" ရဲ့ တန်ဖိုးတက်လာတော့ အဲ... ဘာဖြစ်တယ် ဆိုလားပဲ၊ သူပြောလွန်းလို့ ငါတောင် အလွတ်ရသလို ဖြစ်နေတယ်။ အော်... တော်တော် သနားစရာကောင်းတဲ့ သတ္တဝါတွေပဲ။ အလုပ်မရှိ အလုပ်ရှာလို့ လူတွေ ကြည့်လိုက်တော့ လက်ဘက်ရည်ဖိုးတောင် အနိုင်နိုင်၊ ပြောလိုက်တဲ့ စကားတွေက...
အင်း ဦးဇောတိက ကျောင်းနားတောင် ရောက်လာပါပေါ့လား။ ဆရာတော့်လိပ်ခေါင်းလည်း ပျောက်သွားပြီ။ အော် ကျောင်းဝင်းအုတ်တံတိုင်းတောင် ပြီးတော့မှာပဲ။ ငါတောင် တံတိုင်းသုံးခန်း လှူထားသေးတယ်။ ငါ့နာမည်ကို ခပ်ကြီးကြီး ရေးခိုင်းထားရမယ်။ ဒါလည်း ကြော်ငြာနည်းတစ်မျိုးပေါ့။ ဆရာတော်နဲ့ သင့်မြတ်ရင် သူ့ပရိသတ်ဟာ ငါ့ပရိသတ်လည်း ဖြစ်လာနိုင်တယ်။ ဆရာတော် ပြောရင် ပြီးတယ်လေ။ အပြန်ကျမှ ဝင်ဖူးရဦးမယ်။
ဟော မစိုးရိမ်ပွိုင့်တောင် ရောက်လာပြီ။ ကားတွေကလည်း ရှုပ်လိုက်တာ။ ဟိုက် မီးပွိုင့်နီတော့မယ် ထင်တယ်။ မြန်မြန် လွတ်အောင် နင်းမှ။
ဟ ဟ ဒီကားက ဘယ့်နှယ် အရမ်းကွေ့ ဟာ ဟာ တိုက် တိုက်
"အား"
***
အပိုင်း (၂) သို့
Thursday, May 6, 2010
Subscribe to:
Post Comments (Atom)
1 comment:
Thanks for sharing.
BINO
Post a Comment