ဒီ post မှာ ကိုယ်ဟာ ဘာကို target ထားပြီး ရေးချင်မှန်း မသိပါဘူး။
တော်တော်ကို ထွေပြားတဲ့ ဦးတည်ချက်တွေနဲ့ ရေးဖြစ်ပါတယ်။
စထားတာ ၁ လတောင် ကျော်ပါပြီ။ ဒီနေ့မှ အပြီး ရေးဖြစ်ပါတယ်။
*****
ကိုယ် ၁၀ တန်းအောင်ပြီးကာစက guide သိပ်လုပ်ချင်ခဲ့တယ်။ ဘာဖြစ်လို့ဆိုတော့ လူကြီးဆန်ချင်လို့ပါ။
guide လုပ်ရင် လူကြီးဆန်သွားမယ်လို့ ဘာဖြစ်လို့ ထင်နေခဲ့တာလဲ မသိဘူး။
(ကိုယ့် guide တွေရဲ့ influence တွေကြောင့်လဲ ပါလိမ့်မယ်။ သူတို့က တော်သလောက် လူကြီးဆန်ကြတာကိုး။) ဒါပေမဲ့လည်း အချိန်မပေးနိုင်တာနဲ့ မလုပ်ဖြစ်ခဲ့ဘူး။ အာရုံတွေများလွန်းတဲ့ ကိုယ့်မှာ အချိန်က ကိုယ်တယောက်တည်း အတွက်တောင်မှ အနိုင်နိုင် ဖြစ်ခဲ့တယ်။
ဒီလိုနဲ့ ကျောင်းပြီးသွားတော့ အလုပ်မရခင်မှာ... ဖေဖေတို့မိတ်ဆွေ အန်တီတစ်ယောက်ရဲ့ ကလေးနှစ်ယောက်ကို ခဏစာသင်ပေးဖြစ်တယ်။
တယောက်က ၆ တန်း၊ တယောက်က ၄ တန်း၊ နှစ်ယောက်ပေါင်းတော့ ၁၀ တန်း။
(တကယ်တော့ အဲဒီချိန်မှာတော့ စာသင်ချင်စိတ် လုံးဝ မရှိတော့ဘူး။
အကူအညီတောင်းတာနဲ့။ ပြီးတော့ ငြင်းမကောင်းတဲ့ လူတွေ ဖြစ်တော့...)
လူကြီးဆန်ဖို့ ထားလို့... သူငယ်ပြန်မသွားတာ ကံကောင်း...
ကလေးတွေ အဖေရာ အမေရော အင်ဂျင်နီယာ အလုပ်များများလူတွေ။
ကျောင်းပိတ်ရက် အရှည်ကြီးမှာ လူကြီးတွေ အလုပ်သွားရင် ကလေးနှစ်ယောက်ပဲ အိမ်မှာ ကျန်ခဲ့တာ။ (တကယ်က အိမ်အကူ ထားပါတယ်။ အဲဒီ အခိုက်အတန့်မှာတော့ လူမရ ဖြစ်နေတဲ့ အချိန်ပေါ့။ သူတို့ဖေဖေလည်း ပျဉ်းမနား(ကြပ်ပြေး) ပြောင်းကာစအချိန် ထင်ပါရဲ့)
ကိုယ်ကလဲ အဒေါ်နဲ့ နှစ်ယောက်တည်း နေတာဆိုတော့ သူအလုပ်သွားရင် အိမ်မှာ တစ်ယောက်တည်း။ အလုပ်ကလည်း မရသေး၊ သင်တန်းတွေလည်း ခဏလျော့ပြီး အနားကောင်းကောင်းယူနေတဲ့ အချိန်။
တခြား အချိန်းအချက်တွေလဲ ဘာမှ မရှိဘူးဆိုရင်.. စာသင်ပြီးတာနဲ့ အိမ်မပြန်ဘဲ သူတို့နဲ့ ဆော့တယ်။ TV game ဆော့၊ video ကြည့်၊ ပြီးတော့ ရွှေသွေးလိုမျိုး စာစောင် တစ်ခုထုတ်တာ ဘာလဲ..(နာမည်မေ့သွားလို့) အဲဒီထဲမှာ ကစားနည်း မျိုးစုံနဲ့ ကစားစရာလေးတွေကပါ packing ထဲထည့်ပေးသေးတာ။ အဲဒါတွေရောဆော့..ကိုယ်ကတော့ ဆရာကြီးပေါ့လေ။
ဟယ်ရီပေါ်တာကြည့်ရင် ဘာသာပြန်ပြရသေးတာ။
"အိပ်က်စပက်တို ပက်ထရိုနမ်"တို့၊ "လူးမို့စ်" တို့ ဘာတို့ ကလေးတွေနဲ့ အပြိုင်ရွတ်လို့ (ပေါပနော်၊ ငါ့နှယ်)။
*****
ကလေးတွေက TTC ကပါ။
စာတော်တဲ့ ကလေးတွေစာရင်းမှာ မပါပါဘူး။
ဒါပေမဲ့ အကြမ်းဖျဉ်း ကြည့်ရသလောက်တော့ လုံးဝ မညံ့ပါဘူး။
အဖေအမေရဲ့ gene ကတော့ ဘယ်နည်းနဲ့ မဆို ပါတာပဲလေ။
ကိုယ်တွေကတော့ နယ်မှာပဲ တောက်လျှောက်ကြီးပြင်း စာသင်ခဲ့တဲ့သူဖြစ်ခဲ့တော့ ရန်ကုန်က နာမည်ကြီးကျောင်းတွေနဲ့ အဲဒီကျောင်းထွက်တွေဆို အထင်ကြီးတတ်တဲ့ စိတ်အခံက ရှိပါတယ်။
ဒါပေမဲ့ ရန်ကုန်မှာ ကျောင်းတက်ဖြစ်တော့ အဲဒီစိတ်ဟာ လုံးဝကို ပျောက်သွားပါရော။
ဒါဟာ individual နဲ့သာ ဆိုင်တဲ့ ကိစ္စလို့ သိနားလည်သွားလို့ပါ။
ပြီးတော့ ရန်ကုန်မှာ တသက်လုံးနေလာပြီး တုံးတုံးဖြစ်နေတဲ့ လူတွေ အများကြီး ကြုံလာရလို့ပါ။
(ဟုတ်ကဲ့...ကိုယ်လဲ တုံးပါတယ်။ ဒါပေမဲ့ ကိုယ်က နယ်မှာနေခဲ့ရတာမို့ ကိုယ်တုံးတာ အပြစ်မရှိပါ။)
ထားပါတော့။
ကိုယ်ဟာ ကျောင်းမှာ စာတော်တယ်ဆိုတဲ့ လူတိုင်းကို အထင်မကြီးပါဘူး။
ဒီလိုပဲ စာတော်တဲ့ စာရင်းမ၀င်ဘူး ဆိုတဲ့ လူတိုင်းကိုလဲ အထင်မသေးပါဘူး။
ခုလိုမျိုး အလယ်တန်းဆင့် ကလေးတွေနဲ့ ကြုံရတော့ ပညာရေးစနစ်ကို ပိုပြီး အယုံအကြည် မရှိချင်ပါဘူး။
ကလေးနှစ်ယောက်ဟာ စာသင်ရမှာကို စိတ်သိပ်မ၀င်စားပါဘူး။
အငယ်လေးက ပိုဆိုးပါတယ်။ သင်္ချာတော်တယ်။ bright ဖြစ်တယ်။ စာကျက်ရမှာ တွန့်လိမ်နေအောင် ပျင်းတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။
သူ့ကို ကြည့်ပြီး ရန်ကုန်မြို့ရဲ့ အထင်ကရ TTC ကို ကိုယ် လုံးဝ အထင်မကြီးပါဘူး။
ကလေးရဲ့ စာအုပ်နဲ့ လေ့ကျင့်ခန်းစာအုပ်ထဲက လက်ရေးဟာ အတော်ကို အခြေအနေ ဆိုးဝါးပါတယ်။
ကိုယ်ကတော့ ကလေးဆိုတာ လူကြီးရဲ့ အရိပ်ပဲ လို့ ယုံကြည်တာကြောင့် ပြုပြင်ပုံသွင်းမှုဟာ အင်မတန် အရေးပါတယ်လို့ ယူဆပါတယ်။
အထက်တန်းအဆင့် ကျောင်းသားတစ်ယောက်ကို ကြည့်ပြီး သူ့ဆရာတွေကို အကဲဖြတ်လို့ ရ မရ ကျိန်းသေ မပြောနိုင်ပေမဲ့ မူလတန်း အလယ်တန်းအဆင့် ကျောင်းသားတစ်ယောက်ကို ကြည့်ပြီး၊ သူ့ဆရာတွေကို အကဲဖြတ်ဖို့ ၁၀၀ ရာခိုင်နှုန်း ဖြစ်နိုင်ပါတယ်။
ပြီးတော့ ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းက ဆရာတွေသင်တဲ့ ကျောင်းသားတယောက်ရဲ့ အခြေခံမပါမှုဟာ တော်တော် ရုပ်ပျက်တယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ ရန်ကုန်လို နေရာမျိုးက အလုပ်များများ ပညာတတ် မိဘတွေရဲ့ အခြေအနေကိုလည်း မဖြစ်မနေတော့ ထည့်တွက်ရမှာပါပဲ။
(ကိုယ်ကတော့ သူတို့မေမေကို ချီးကျူးမိပါတယ်။ ဒါကလဲ အကြောင်းသိနေလို့ပါ။ ပြီးတော့ ထိုင်စားနေလို့ရလဲ အပြင်မှာ မဖြစ်မနေ အလုပ်လုပ်ချင်တဲ့ ထက်မြက်တဲ့ မိန်းမတွေကိုလည်း နားလည်မိပါတယ်။ တခုကို ဆုပ်ကိုင်လိုက်တော့ တခုကို လက်လွှတ်ရတာပါပဲ။ ဒါပေမဲ့ သူ့ကလေးတွေ ဘာဖြစ်နေတယ် ဆိုတာကိုတော့ သူ တတ်နိုင်သလောက် မျက်ခြေပြတ်မခံပါဘူး။ - ဤကား စကားချပ်)
တကယ်တော့ ကိုယ့်အလုပ်က စာသင်တယ် ဆိုတာထက် သူတို့ကို စာကျက်ခိုင်းရတာပါပဲ။
စိတ်ထဲမှာ အဲဒါ ဘာမှ အဓိပ္ပါယ် မရှိဘူးလို့ တွေးမိပါတယ်။
ဒီစာတွေ အလွတ်ကျက် စာမေးပွဲမှာ ပြန်ချရေး။ ပြီးတော့ မေ့သွား။
စာသင်တာ ဒီ့ထက် အဓိပ္ပါယ် ရှိဖို့ မကောင်းဘူးလား။
ိ
ကိုယ် အဲဒါမျိုး ခုနှစ်တန်းလောက်တည်းက တွေးနေခဲ့တယ်ဆိုရင် ပိုတယ် မထင်ပါနဲ့။
တကယ်ပါ။ ကိုယ် ပညာရေးကို စိတ်မ၀င်စားဘူး။ ပညာနဲ့ လုပ်မစားချင်ဘူး။
ပညာရှင်တွေကို လေးစားနှစ်လိုမိလည်းပဲ အထင်ကြီးလည်းပဲ သူတို့ ဘ၀ကို အားမကျဘူး။
ဒါကတော့ ကိုယ့် trend နဲ့ ကိုယ်၊ ကိုယ့် ပါရမီနဲ့ ကိုယ်မို့ ထားပါတော့။ ဆက်မပြောတော့ဘူး။
၎ တန်းကလေးကတော့ ဉာဏ်ကောင်းတယ်၊ bright ဖြစ်တယ် ဆိုပေမဲ့ ကလေးဆိုတော့ ပြောစရာ ထူးထူးခြားခြား မရှိပါဘူး။
၆ တန်းကလေးကတော့ စာကျက်ရင်းနဲ့ မေးခွန်းတွေ မေးလေ့ရှိပါတယ်။
သူက တကယ်တော့ အငယ်ကောင်လောက် sharp မဖြစ်ပါဘူး။
ပြောခဲ့ပြီးတဲ့ အတိုင်း ကျောင်းမှာလဲ စာမတော်ပါဘူး။ ဒါက ကိုယ့် အမြင်ပါ။
ဒါပေမဲ့ potential ဆိုတာကို ကိုယ့်ကို စဉ်းစားမိစေလောက်တဲ့ မေးခွန်းတွေ မေးခဲ့တယ်။
သိပ္ပံမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု အကြောင်း သူကျက်ရင်းနဲ့ မော်တော်ကားတွေ များလာတာလဲ အကြောင်းရင်း တစ်ခု ဖြစ်တယ် ဆိုတာ ပါလာတော့ "အစ်မ ဘာဆိုင်လို့လဲ" လို့ မေးတတ်ပါတယ်။ တကယ်တော့ အဲဒါ ကျောင်းမှာ ဆရာတွေက ရှင်းပြပြီး ဖြစ်သင့်ပါတယ်။
(ရှင်းပြတုန်းက သူနားမထောင်လို့လဲ ဖြစ်နိုင်တာပါပဲ။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် အဲဒီမေးခွန်းမျိုးဟာ သူတို့နဲ့ ကိုယ် ရင်းနှီးနေလို့ ထွက်လာတာ ဆိုတာတော့ ကိုယ်ပြောနိုင်တယ်။ ရှင်းပြတုန်း နားထောင်တာ မထောင်တာကို ကိုယ်သိပ် အရေးလုပ်ပြီး မပြောချင်ပါဘူး)
ကိုယ် အဓိကပြောချင်တာက (ကိုယ့်အနေနဲ့ သိပ်မတော်လှပါဘူးလို့ သတ်မှတ်ထားတဲ့) ကလေးတစ်ယောက်မှာလဲ သူတို့သင်ရတဲ့ ကျောင်းစာတွေနဲ့ ပတ်သတ်လို့ မေးစရာ မေးခွန်းတွေ ရှိတယ် ဆိုတာပါပဲ။ အဲဒါဟာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။
ကိုယ် သူ့ကို ရှင်းပြပါတယ်။ ကား အိပ်ဇော ကထွက်တဲ့ မီးခိုးအကြောင်း၊ လောင်စာဆီက ဘာညာဘာညာပေါ့။ ချမ်းသာတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ ကားတစ်ယောက်တစင်း စီးနိုင်ပေမယ့်၊ ကားစီးရေ လျှော့ချပြီး အတူတူမျှစီးဖို့ အစီအစဉ်မျိုးတွေ ဒါကြောင့် ထားရတယ် တို့ ဘာတို့... blah blah တွေ။
နောက်တစ်ခု...
သမိုင်း ကျက်နေရင်းနဲ့
"အစ်မ အရင်ခေတ်က ဒတ်ခ်ျ ဆိုတာ ခုခေတ်မှာ ဘာလူမျိုးလဲ" တဲ့။
ဘုရားစူး။
ကိုယ့်တသက် ဒတ်ခ်ျလို့ တောက်လျှောက်သင်လာခဲ့တာ အဲဒါ ခုခေတ်မှာ ဘာလူမျိုးလဲ မေးဖို့ မဆိုထားနဲ့ ယောင်လို့တောင် မတွေးမိဘူး။
(ဒါဟာ ဖတ်မိတဲ့ တချို့လူတွေအတွက် ရီစရာကြီး ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ကိုယ်ကတော့ သိလည်း မသိခဲ့ဘူး။ တွေးလည်း မကြည့်မိဖူးဘူးဆိုတာ အမှန်တိုင်း ၀န်ခံရမှာပဲ။ ဒီလိုပါပဲ တခါတလေ ချော်သွားတာတွေ၊ ကျော်သွားတာတွေ လူတိုင်းမှာ ရှိတတ်ပါတယ်။ ရှက်စရာကြီးလို့ ပြောလဲ စိတ်မဆိုးပါဘူး။)
ဒါပေမဲ့ ဘုရားမလို့ ...
အဲဒီ မေးခွန်း မတိုင်ခင် တစ်ပတ်လောက်မှာ စာပေဗိမာန်က ဘာသာပြန်စာမူအတွက် ထုတ်တဲ့ Globalization စာအုပ်ကို နည်းနည်း ဖတ်ထားမိတယ်။ အဲဒီထဲမှာ ကမ္ဘာ့ ပထမဆုံး stock exchange စင်တာဆိုလား ဘာလား ကို ဒတ်ခ်ျတွေရဲ့ Amsterdam မှာ ဖွင့်တယ် ဆိုတာပါတော့... Amsterdam ဆိုတာ Netherlands ရဲ့ မြို့တော် ဆိုတာ သိပြီးသားမို့ အော် ဒတ်ခ်ျ ဆိုတာ နယ်သာလန်နိုင်ငံသားတွေကိုးလို့ သိလိုက်မိတယ်။
အဲဒီကလေးရဲ့ မေးခွန်းသာ တပတ်ထက်စောရင် သွားပြီ။
"ဟော်လန်တွေပေါ့" လို့ ကိုယ်ဖြေတော့ သူသိသွားပါတယ်။
ဘောလုံးပွဲ သရဲတွေမို့ ဟော်လန်ဆိုတာ နယ်သာလန်ပါလို့ ကိုယ် ထပ်ရှင်းစရာ မလိုတော့ပါဘူး။
မျက်လုံးထဲမှာ Nistelrooy နဲ့ လိမ္မော်ရောင်တွေတောင် ပြေးမြင်နေလောက်ပါပြီ။ :)
သူတို့ကို သင်ခဲ့ရတာ သိပ်မကြာပါဘူး။ ၄ လလောက်ပဲ ရှိပါတယ်။
နောက် Asia World မှာ အလုပ်ဝင်ဖြစ်တော့ ဆက်မသင်ဖြစ်တော့ဘူး။
ကလေးတွေမှာ မေးစရာတွေ ရှိတယ် လို့တော့ ကိုယ့်ခေါင်းထဲမှာ တွေးမိလာပါတယ်။
ဘယ်လိုကလေးမျိုးပဲ ဖြစ်ဖြစ် မေးစရာ ရှိတယ်။
ကိုယ်တို့အတွက် ဘယ်လောက်တောင် ရီစရာကောင်းတဲ့ မေးခွန်းမျိုးတွေ သူတို့ မေးလဲပဲ ကိုယ်တို့ ဖြေရမယ်။
*****
တကယ်ပဲ ကိုယ်ဟာ ဘာကို ပြောချင်လို့ ဒီ post ကို ရေးမိတာပါလိမ့်။
ကိုယ့်ခေါင်းထဲမှာ ထူးအိမ်သင် ပြောခဲ့တယ် ဆိုတဲ့ စကားတစ်ခွန်း သတိရနေမိတယ်။
"ဗမာတွေဟာ မညံ့ဘူး။ ဒါပေမဲ့ တော်လည်း မတော်သေးဘူး" တဲ့။
Potential တွေ ဘာဖြစ်ကုန်ကြသလဲနော်။
Solution မရှိတဲ့ ပုစ္ဆာတွေလည်း မရေးချင်ပါဘူး။
*****
ကိုယ့်ငယ်ဘ၀ကို ပြန်ပြင်လို့ ရမယ်ဆိုရင် အလွတ်ကျက်ခဲ့ဖူးတဲ့ စာတွေ ဖျက်ပစ်မယ်။