Monday, April 6, 2009

I came for...



ကိုယ် လာခဲ့တယ်

ဟိုး ... ခပ်ဝေးဝေး သိပ်မလင်းတဲ့ ကြယ်ကလေးဆီက

ကိုယ် လာခဲ့တယ်

ပူပြင်းတဲ့ နွေရာသီ တစ်ခုမှာ
နီးစပ်ထိတွေ့သမျှကို ကြည်လင်အေးမြစေဖို့

ကိုယ် လာခဲ့တယ်
အမှောင်တွေသာ ခင်းကျင်းတဲ့ ညယံထဲ
အလင်းတွေ သက်ဆင်းလာသလိုမျိုးနဲ့

ကိုယ် လာခဲ့တယ်
ဘာကိုယူလို့ ဘာကိုပြန်ပေးရမှန်း မသိတဲ့ လောကထဲ
ဘာမှလဲ နားမလည်ဘဲနဲ့

ကိုယ် လာခဲ့တယ်
ပူပူကျဲကျဲ အရိပ်နည်းပါးတဲ့ ကွင်းပြင်ထဲမှာ

သူရိန်နေမင်းရဲ့ ရှုသဘင် ခံယူရင်း

ကိုယ် လာခဲ့တယ်
လရိပ်ပင်လယ်ထဲက
နဂါးငွေ့တန်း လှိုင်းလုံးတွေကြား
ကြယ်စင်ငါးကလေးများနဲ့ ဆော့ကစားဖို့

ကိုယ် လာခဲ့တယ်
ဂုဏ်ယူစရာ နည်းနည်းပါးပါးထဲမှာ
မတန်တဆ ၀င့်ကြွား ပြသဖို့

ကိုယ် လာခဲ့တယ်
ဒီကမ္ဘာကြီးတစ်ခုလုံးကို လက်ဖ၀ါးထဲထည့်
သေချာစေ့စေ့ ကြည့်ချင်ခဲ့လို့။


*****

ကိုယ် လာခဲ့တယ်
လျှပ်ပြက်သလို သူ တစ်ချက် အပြုံးမှာ
တခဲနက် အရှုံးပေးချင်လို့။

(6th April 2009)

Peace



Where there is hate,
Let me sow love.


Where there is doubt,

Let me sow faith.

Where there is darkness,
Let me sow light.

Where there is despair,
Let me sow hope.


Where there is injury,
Let me sow pardon.

For it is in giving that we receive.
It is in pardoning that we are pardoned.

It is in dying that we are born to eternal life.

St. Francis



_____________________________________

နေနော် ၀တ္ထုတစ်ပုဒ်ထဲက ကူးထားတဲ့ စာတန်းလေးပါ။
ဒီနေ့အတွက် အမှတ်တရ။
_____________________________________

ရှင်တော့ ဘယ်လိုထင်မယ်မသိ ဆရာလုပ်တာမဟုတ်ပါ ကျုပ် ကိုယ်တိုင်က အဲလိုတွေ တွေ့ရင်မနေနိုင်လို့
ဘာသာပြန်ပေးလိုက်တယ် မကောင်းရင် ကျမ ညံ့လို့ ကောင်းရင် အော်ရယ်ဂျင်နယ်က ကောင်းလို့ ပါ
ဒေါ်ရီတာ ရေ ကျမ ကိုစိတ်ဆိုးနဲ့နော် အဲလိုမိန်းမ လို့ပဲမှတ်ထားလိုက်တော့

ငြိမ်းချမ်းခြင်း

အဲဒီမှာ အမုန်းရှိနေရင်
အချစ်နဲ့ ခံစားပျံ့နှံ့ ပါရစေ

အဲဒီမှာ သံသယ ရှိနေရင်
ယုံကြည်မှု နဲ့ ခံစားပျံ့နှံ့ ပါရစေ

အဲဒီမှာ အမှောင် ရှိနေရင်
အလင်း နဲ့ ခံစားပျံ့နှံ့ ပါရစေ

အဲဒီမှာ စိတ်ပျက်အားလျော့ခြင်း ရှိနေရင်
မျှော်လင့်ချက် နဲ့ ခံစားပျံ့နှံ့ ပါရစေ

အဲဒီမှာ နာကျင်ခြင်း ရှိနေရင်
ခွင့်လွှတ်ခြင်း နဲ့ ခံစားပျံ့နှံ့ ပါရစေ

ဘာလို့လဲဆိုတော့
အကျွန်ုပ်တို့ ရရှိနေတဲ့ ပေးအပ်ခြင်းတွေ အတွက်
ခွင့်လွှတ်ခြင်းထဲက အကျွန်ုပ်တို့ ရဲ့ ခွင့်လွှတ်ခံရမှုတွေအတွက်
သေဆုံးနေခြင်းထဲက အကျွန်ုပ်တို့ ရဲ့ မွေးဖွားလာတဲ့ ထာဝရ အသက်တာ အတွက်မို့ပါ။

(Translated By Addy Chen)
__________________________________________

ကိုယ်ကတော့ စိတ်ဝင်တစား အချိန်ကုန်ခံ ဘာသာပြန်ပေးတာကို သိပ်ကျေးဇူးတင်ပါတယ်။ တကယ်ပြောတာပါ။
(War & Peace တင်ရင်ရော ပြန်ပေးမှာလားဟင်)

Sunday, April 5, 2009

ဒီနေ့စားတာ...နှင့် ဟိုဟိုဒီဒီ ဓါတ်ပုံများ

ချဉ်ပေါင်ဟင်း (ဘယ်လိုချက်တာလဲ မမေးပါနဲ့။ မေမေကြော်ပေးလိုက်တဲ့ ချဉ်ပေါင်ကြော်ကို ရေနွေးဆူဆူထဲ ပစ်ထည့်ပြီးမွှေလိုက်တယ်။ ဟင်းတစ်ခွက်ရရော)

ငါးရံ့ခြောက်ကြော် (Ready-Made)

(ကိုပေါ ကဗျာ ကြောင့် ၀ယ်လာမိတဲ့ ဂျူးမြစ်ကြော်။ :D ကျွန်မရဲ့ မြန်မာပြည်ကြီးမှာ ဂျူးမြစ်လေးတွေကစ စားကောင်းပါတယ်။ အဲဒါကြောင့် အကြိမ်ပေါင်း ထောင် သောင်းမက စားရရင်လည်း ကျွန်မကတော့ မြန်မာအစားအစာတွေပဲ စားချင်တယ်။)

ကော်ကော် (အသတ်သေခံမလား ကော်ဖီမသောက်ဘဲ နေမလားဆိုရင် အသက်ပဲ အသေခံသွားမယ်။ ဘာဖြစ်လို့ဆိုတော့ ကော်ဖီမသောက်ရရင်လည်း သေသွားနိုင်လို့ပါ။)

(ဒါကတော့ Chinese New Year တစ်ရက်မှာ East Coast ကို ပျော်ပွဲစား သွားတုန်းက စားခဲ့ကြတာတွေ။ တူတူသွားတဲ့ သူငယ်ချင်း ညီမလေးတွေ ကိုယ်တိုင် လုပ်တာပါ။ ကျွန်မကတော့ East coast ရောက်မှ MacDonald က ၀ယ်သွားတာ။)

(စုစုပေါင်း ၇ ယောက်သွားတာ။ ကျွန်မက ဓါတ်ပုံရိုက်ပေးနေလို့ မပါဘူး။ နှစ်ယောက်က ဘယ်ပျောက်နေပါလိမ့်။ လက်တစ်စုံတော့ တွေ့တယ်။)

(ကဲ... ကဲတား... ကဲတက်စ် လေးတွေပေါ့)

(မြန်မာပြည်မှာဆိုရင်တော့ ကောက်ထုပစ်မိမယ့် အရာတွေ - ဗံဒါသီး)

နိုးနိုးချင်း မမ၀ါ blog ကို ရောက်တော့ (ရှမ်းခေါက်ဆွဲ ဆိုလို့) စားချင်လွန်းလို့ သွားရည်ကျမိတယ်။
အားကျမခံ ကိုယ်လဲ တင်ဦးမှ ဆိုပြီး...

Breakfast နဲ့ Lunch ပေါင်းစားတာကို တင်လိုက်ပါတယ်။ (ပိတ်ရက်ဆို ညဉ့်နက်အောင်နေပြီး နေမြင့်မှ အိပ်ရာကထတော့ အမြဲ ဒီလိုပဲ ပေါင်းစားဖြစ်တယ်။ economy ကျတာပေါ့)

Prayer



God grant me
the serenity to

accept the things

I cannot change,


courage to change

the things I can,

and wisdom

to know the difference.

- Anonymous -

ဘုရားသခင်
ပေးသနားတော်မူပါ

မပြောင်းလဲနိုင်သော အရာများကို

လက်ခံရန် တည်ငြိမ်အေးဆေးသည့် စိတ်


ပြောင်းလဲနိုင်သော အရာများကို

ပြောင်းလဲရန် ရဲရင့်သည့် သတ္တိ

ထို့ပြင်

ထိုနှစ်မျိုး၏ ခြားနားမှုကို သိရန် ဉာဏ်ပညာ

ကျွန်ုပ်အား ပေးသနားတော်မူပါ။


- အမည်မသိ -
_________________________________________________
စာအုပ်ထဲမှာ ဘာမှ မရေးထားလို့ ဘယ်က ကူးထားမိမှန်း မသိတော့ဘူး။
အဲဒီလို အရည်အချင်းမျိုးသာ ရှိရင် လောကကြီးမှာ လူလုပ်ဖို့ တော်တော် အဆင်ပြေမှာ။
_____________________________________________________

အကျွန်ုပ် မပြောင်းလဲနိုင်သော

အရာများကိုလက်ခံနိုင်ရန်

တည်ငြိမ်ခြင်းပေးပါ

ဘုရားသခင်


အကျွန်ုပ် ပြောင်းလဲနိုင်သော

အရာများအတွက်လဲ

ပြောင်းလဲရန်လိုအပ်သော

သတ္တိများပေးပါ


ခြားနားမှုကိုနားလည်နိုင်စေသော

ပညာအသိအားလဲပေးသနားပါ ဘုရားသခင်


(Addy Chen)

_____________________________________________________
comment မှာ Addy ရေးသွားတဲ့ ဘာသာပြန်လေးက ပိုကောင်းလို့ ထပ်တင်လိုက်တာပါ။
သူက ဘာသာထပ်ပြန် ပေးရင် စိတ်ဆိုးမလားတဲ့။ ကိုယ့်ကို ဘယ်လို မိန်းမစားမျိုးများ ထင်နေလဲမသိ။
စိတ်မဆိုးတဲ့ အပြင် ကျေးဇူးတောင်တင်မိပါသေး။
အပေါ်က ဘာသာပြန်ကလဲ ကိုယ် ကိုယ်တိုင် ပြန်တာမှ မဟုတ်တာ။ :D

Saturday, April 4, 2009

On the Journey to Your Dreams ...



On the Journey to Your Dreams
(
အိပ်မက်များသို့ သွားရာလမ်း)

May you learn along the way
about life, yourself,
and who you want to be.

ဘ၀အကြောင်း၊ သင့်အကြောင်း၊ သင် ဘာဖြစ်ချင်တယ် ဆိုတဲ့အကြောင်း
ဘ၀ခရီးလမ်းတလျှောက်မှာ
သင်ယူဆည်းပူးနိုင်ပါစေ။

You will meet many people.
May you treat each individual
with kindness and respect,
just as you want to be treated.

လူပေါင်းများစွာကို တွေ့ရလိမ့်မယ်
တွေ့သမျှ လူတိုင်းလူတိုင်းကို ကိုယ်ချင်းစာစိတ် ထားပြီး
ကရုဏာစိတ် လေးစားစိတ်နဲ့
ဆက်ဆံနိုင်ပါစေ။

You will make new friends.
May you remember to keep in touch
with the old friends, too-
the ones who love you very much.

မိတ်သစ်ဆွေသစ်တွေ တွေ့ရလိမ့်မယ်
သင့်အပေါ် အထူးမေတ္တာထားကြတဲ့
မိတ်ဟောင်း ဆွေဟောင်းများနဲ့လည်း
မိတ်ဝတ်မပျက်ရှိစေဖို့ သတိရပါစေ။

You will face many problems.
May you come to accept
that life is not easy.
Be strong, and do the best
that you can do.

ပြဿနာပေါင်းများစွာ ကြုံတွေ့ရလိမ့်မယ်
ဘ၀ဆိုတာ ပန်းခင်းလမ်း မဟုတ်ပါလားဆိုတာ
သဘောပေါက် လက်ခံနိုင်ပါစေ။
လုပ်နိုင်သမျှ အကောင်းဆုံး လုပ်နိုင်အောင်
ကြံ့ခိုင်မှုနဲ့ ပြည့်ဝနေပါစေ။

You will make mistakes.
May you learn from them,
so that you can grow and move on as a stronger
and wiser person.

အမှားတွေ ပြုလုပ်မိလိမ့်မယ်
ပိုပြီး ကြံ့ခိုင်
ပိုပြီး ပြည့်ဝသူတစ်ဦးအဖြစ်
ရောက်ရှိရင့်ကျက် လာနိုင်စေဖို့
အမှားတွေ ဆီက လေ့လာ သင်ယူနိုင်ပါစေ။

You will make important decisions.
May you know yourself
and chose what is best for you.
If you are confused,
just listen to your heart.

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရပေလိမ့်မယ်
ကိုယ့်ကိုကိုယ် သိပြီး

ကိုယ့်အတွက် အကောင်းဆုံးကို ရွေးချယ်နိုင်ပါစေ။

ဝေခွဲမရ စိတ်ထဲမှာ ရှုပ်ထွေးနေခဲ့ရင်
သည်းနှလုံးရဲ့ အသံကိုသာ နားထောင်လိုက်ပါ။

You will set goals for yourself.
May you have the courage
to make your dreams true,
and live the life that you want.

သင့်ဘ၀ ရည်မှန်းချက်တွေ ချမှတ်ရလိမ့်မယ်
သင့်အိပ်မက်တွေကို အကောင်အထည်ဖော်ပြီး
ဘ၀ကို စိတ်ကြိုက်ဖန်တီးနိုင်စေဖို့
သတ္တိ၊ ဗျတ္တိ အပြည့်အစုံ ရှိပါစေ။

(Tara Knudson) (Translated by လူထု စိန်ဝင်း)
ကလျာ မဂ္ဂဇင်း - February 2006
____________________________________________

စာအုပ်ထဲမှာ ကူးထည့်ထားခဲ့တဲ့ ကဗျာပါ။
ကိုယ်တိုင် မရေးဖြစ်လဲ ကူးပြီး သိမ်းထားမိတဲ့ ကြိုက်တာလေးတွေ တင်သွားလို့ရအောင် ရန်ကုန်ကအပြန် ဖတ်ဖို့ စာအုပ်တွေရော၊ တိုတို ထွာထွာတွေ ရေးတဲ့ notebook တွေပါ သယ်လာခဲ့ပါတယ်။

ဆရာ လူထုစိန်ဝင်း ကိုတော့ နိုင်ငံနဲ့ လူငယ်တွေ အပေါ်မှာ စေတနာထားတဲ့ လူကြီးသူမတစ်ယောက်လို့ ခံစားမိပါတယ်။

ဆရာရေးဖူးတဲ့ အရွယ်မတိုင်ခင် တပြည်တရွာမှာ ဆုံးပါးသွားတဲ့ သားအကြောင်း၊ မြန်မာပြည်ကို ခဏအလည်ရောက်လာတဲ့ မြေးလေးအကြောင်းတွေ နည်းနည်းလောက်ပဲ ဖတ်မိတာတောင် ပြောမပြတတ်တဲ့ ဆွတ်ပျံ့တဲ့ ခံစားမှု မျိုးကို ခံစားရတတ်ပါတယ်။

ကျွန်မ လေးစားတဲ့ ဆရာ ကျန်းမာ ရွှင်လန်းစွာဖြင့် အတွေးအခေါ်၊ ခံစားမှုနှင့် ခွန်အားပေးတဲ့စာတွေ ဆက်ရေးနိုင်ပါစေ။

Thursday, April 2, 2009

Coming Soon!



မကြာမီ
လာမည် မျှော်


(PS စာမရေးချင်ဘူး။ ရေးချင်စိတ်လဲ မရှိဘူး။
scanner ၀ယ်ပြီးရင်တော့ ယူလာတဲ့ ပုံနည်းနည်း တင်ဖို့ စိတ်ကူးပါတယ်)

Wednesday, April 1, 2009

April

www.yadanabon.com

My month starts!


ကိုယ့်ရဲ့လ။
ချိုမွှေးသင်းပျံ့တဲ့ နွေလေပြည်လေးတွေ တိုက်ခတ်တတ်တဲ့လ။
ကောင်းကင်တစ်ခုလုံး လင်းပကြယ်စင်နေတတ်တဲ့လ။
ကြယ်ကလေးတွေ စုံတဲ့လ။
နှစ်ကူးပွဲတော် ရှိတဲ့လ။
အရင်ကတော့ အညာကို ပြန်နေကျ လ။
ဆုံဆည်းခြင်းရဲ့လ။
စိတ်အလွတ်လပ်ဆုံး လ။
ငယ်ဘ၀ကို သတိအရစေဆုံးသော လ။

ဘာရယ်လို့တော့ မသိဘူး။ ဒီလကို ကိုယ်ပိုင်လို့ ထင်နေတတ်တယ်။
မွေးလဖြစ်တာလဲ တစ်ကြောင်း။ ကျောင်းပိတ်တဲ့ ရာသီမို့ ကိုယ်လုပ်ချင်တာ လွတ်လွတ်လပ်လပ် လုပ်ရလို့ ပိုင်တယ် ထင်တာလဲ တစ်ကြောင်း။

ပြီးတော့ သူငယ်ချင်းတွေ မိတ်ဆွေတွေထဲမှာ ဒီလမွေးတဲ့သူတွေ တိုက်တိုက်ဆိုင်ဆိုင် ရှိနေတာ။
ခင်အောင်ထွေး၊ နိုင်လင်း၊ ကိုသူရိန်၊ ညီလင်း၊ ချိုမာ၊ ရန်နိုင်၊ မိုးမြင့်၊ မဥမ္မာ
(အဲလို တူတဲ့လူတွေ များတာကောင်းတယ်။
တလတည်း မွေးနေ့တွေ အပြိုင်အဆိုင်လုပ်၊ လက်ဆောင်တွေ အပြန်အလှန်ပေး။

အဲလို မထင်ပါနဲ့။
ပေးစရာရှိတာ ကျွေးစရာရှိတာတွေ
အပြန်အလှန် လျှော်ပစ်လိုက်ကြတော့ ပြီးသွားရော...)

ပြီးတော့ Apple က CEO "John Sculley"... သူကတော့ သူငယ်ချင်းမဟုတ်ပါဘူး။ မွေးနေ့တူလို့ ထည့်ရေးလိုက်တာ။

(ကိုယ်လဲ ပုလုကွေးဖွင့်မယ်ဆိုတဲ့ သူခိုးဆော့ဖ်ဝဲလ်ဆိုင်ကြီးမှာ CEO ရာထူးတောင်းထားပါတယ်။ ဒါကြောင့် နောက်ဆို ရာထူးပါတူတော့မှာ)

အိမ်မှာပဲ နေချင်တဲ့ လ။

April...
ကိုယ့်ရဲ့လ...

(ရည်ညွှန်း။ ။ မြန်မာနိုင်ငံက ကျန်ခဲ့ပြီးသော April များသို့)