Friday, June 26, 2009
Linkage (2)
ဒါန နဲ့ နတ်ပြည်
ပြီးခဲ့တဲ့ Linkage Post's Comment မှ အလှူခံများ အလာကောင်းပေမယ့် အခါနှောင်းသွားပါပြီ။
အဲဒီ အလှူက အလုပ်မရခင်က လှူရမယ့် ကိစ္စပါ။
ခု အလုပ်ရပြီးပြီ ဆိုတော့ ကန်တော့ဆွမ်းပါ။
:)))
*****
ဒီနေ့က တခြား အကြောင်းအရာ တစ်ခု ရေးဖို့ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ post နဲ့ ဆက်တွေးမိတာ တချို့ရှိပြန်ရော...
အလယ်တန်း ၆ တန်း၊ ၇ တန်းမှာပေါ့။ အဲဒီတုန်းက ဖြူးမှာ။
၆ တန်းနဲ့ ၇ တန်းဆောင်က ကျောင်းရဲ့ အနောက်ဘက်စွန်းနားမှာ။ ကြည်ပြာဆောင် လို့ ခေါ်တယ်။ ကျောင်းနောက်ဖက်မှာရှိတဲ့ ဘုန်းကြီးကျောင်းက ဘုန်းကြီးတပါးဟာ ကျောင်းထဲက ဖြတ်ပြီး ဆွမ်းခံကြွတတ်ပါတယ်။
ကိုယ်တို့ သူငယ်ချင်းတတွေ အဲဒီ ဘုန်းကြီးနဲ့တွေ့ရင် ပါလာတဲ့ မုန့်ဖိုးတချို့ကို လှူခဲ့ကြဖူးတယ်။ တပတ်မှာ အနည်းဆုံး တရက်တော့ ကိုယ်တို့နဲ့ ကြုံတတ်တယ်။
ကိုယ့်ဘ၀မှာ အကြီးအကျယ် အလှူကြီး မပေးဖူးပေမယ့် မုန့်ဖိုးထက်မကတဲ့ အလှူမျိုးတွေတော့ နောက်ပိုင်း ရှိလာခဲ့ပါတယ်။ အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းပေါ့။
ဒါပေမယ့် ပြန်တွေးလိုက်တိုင်းမှာ အဲဒီ အလယ်တန်းကျောင်းသူ ဘ၀က အဲဒီ ဘုန်းကြီးကို သူငယ်ချင်းတစု ကြုံတိုင်း လှူခဲ့တဲ့ မုန့်ဖိုး အလှူကို ပီတိနဲ့ သတိအရမိဆုံးပဲ။ နောက်ပိုင်းလှူတဲ့ အလှူတွေကို ယှဉ်နိုင်တဲ့ အလှူလို့လဲ ထင်မိတယ်။ "စိတ်သာရှင်စော ဘုရားဟော" လို့ ဆိုတယ် မဟုတ်လား။
ဘာပဲပြောပြော ခုချိန်ထက်တော့ ဖြူစင်ခဲ့တဲ့၊ လောဘ မောဟနည်းခဲ့တဲ့ အချိန်တွေ...။
ပြီးတော့ ဘုန်းကြီးကိုယ်တိုင်က ကြည်ညိုနှစ်လိုဖွယ် အိနြေ္ဒမျိုးရှိနေတာကြောင့်လည်း ပါပါတယ်။ အသက်ခပ်ကြီးကြီး၊ သင်္ကန်းခပ်နွမ်းနွမ်းပေမယ့် သေသေသပ်သပ်ရုံလို့။ ကိုယ်တို့တွေက ၀တ္ထုလှူပြီး လက်အုပ်လေးတွေချီလို့ ရပ်နေရင်၊ ဘုန်းကြီးက ဆုတွေပေးပါတယ်။ တခါတခါ ဆုပေး ဆုယူအပြီးမှာ လမ်းခွဲဆက်လျှောက်ကြရင် "ဒုက္ခတွေ ဒုက္ခတွေ" လို့ ခပ်တိုးတိုး ဆိုတဲ့ သံဝေဂသံကို ကြားရတတ်တယ်။
သတ္တလောကကြီးမှာ သူ့နည်း သူ့ဟန်နဲ့ ရုန်းကန်နေကြရတာဟာ "ဒုက္ခတွေ" လို့ ဆိုချင်ဟန် ရှိပါရဲ့။
လိုအပ်လို့ လှူရတဲ့ အလှူမျိုးကတော့ ဘယ်နေရာရောက်ရောက် ရှိနေမှာပါပဲလေ။
ဘယ်လောက်တိုးတက်တဲ့ နိုင်ငံကို ရောက်ဖြစ်လည်းပဲ လိုအပ်တဲ့ နေရာတွေဆိုတာ တွေ့နေရဦးမှာပါပဲ။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ က ဘယ်သွားသွား ကိုယ်နဲ့ အတူ ပါနေမှာပဲ။
ဒါပေမယ့် နတ်ပြည်မှာတော့ အတော် ခဲယဉ်းသတဲ့ ဆရာ။
ဗုဒ္ဓဘာသာမှာက ဘာပဲဖြစ်ဖြစ် စနစ်တကျ၊ ကြောင်းကျိုးဆက်စပ် ရှိတယ် ဆိုကြတယ်။
လောဘ၊ ဒေါသ၊ မောဟ ဆိုတာပဲ ဖြစ်ဖြစ်...
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာပဲ ဖြစ်ဖြစ်...
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတာပဲ ဖြစ်ဖြစ်...
သူ့ဆက်စပ်မှုနဲ့သူ... သူ့ဒီဂရီနဲ့သူ စီစဉ်ပြီးသားဖြစ်တယ် လို့ ဆိုတယ်။
ဒါန၊ သီလ၊ ဘာဝနာ ဆိုတာမှာလည်း ဒီလိုပဲတဲ့။
အနိမ့် အမြင့် ဒီဂရီ အလိုက် စဉ်ထားတာ ဆိုတော့...
လုပ်ရ အလွယ်ကူဆုံး၊ အနိမ့်ဆုံးကနေ စဉ်ထားတာပေါ့။
ဆောက်တည်ကျင့်ကြံဖို့ရာမှာ ဒါနထက် သီလကခက်၊ သီလထက် ဘာဝနာခက်တယ် မဟုတ်လား။
သဒ္ဓါ၊ သီလ၊ ပညာ နဲ့ တူမယ် ထင်ပါတယ်။ သဒ္ဓါနဲ့ ဒါနက ဆက်စပ်တာကိုး။ အနိမ့်ဆုံး ဆိုပေမယ့် အခြေခံအကျဆုံး အရေးအပါဆုံး တစ်ထစ်လည်း ဖြစ်ပါတယ်။ လှေကားထစ်များလို အောက်ဆုံးထစ် ကျော်တက်ရရင် ကသိကအောက် အဆင်မပြေတော့ ဖြစ်မှာပဲ တွေးမိတယ်။
သဒ္ဓါရှိမှ ဒါနပြုဖို့ဖြစ်၊ အဲဒီကမှ ကျွဲကူးရေပါ သီလဆောက်တည်ဖို့ဖြစ်၊ နောက်တဆင့်ကျမှ ၀ိပဿနာ ဘာဝနာ...
နတ်ပြည်မှာတော့ ပထမတဆင့်က ပြုတ်နေပြီ။ တော်ရုံဆို မေ့မေ့လျော့လျော့နဲ့ ဒီလမ်းစဉ် ရောက်ချင်မှ ရောက်တော့မယ်။ (ကိုယ်လို လူမျိုးဆိုရင် ပြောပါတယ်။) နတ်ပြည်ဆိုတဲ့ နေရာဟာ တော်တော် အနေအထိုင်တတ်မှ ဖြစ်မှာ။ မေ့လျော့ပျော်ပါးပြီး နတ်စည်းစိမ်ခံစား နောက်ဘ၀ဆို ပြန်ပြုတ်ကျလာဖို့က ပိုများတယ်။ (ကျောင်းတုန်းက roll တွေ လိုပေါ့။ graph များ ဆွဲလိုက်ရရင်တော့ စောက်ထိုးမိုးမျှော် ပဲ။)
ဒါကြောင့်လည်း "ဗြဟ္မာ့ပြည် တ၀င်းဝင်း၊ ၀က်စားကျင်း တရှုံ့ရှုံ့" ဆိုတာ ဖြစ်လာတာနေမှာ။
သံသရာများ တယ် ကြောက်စရာကောင်း။
*****
စကားချပ်။ ။
အရိယာ မဖြစ်သေးသူတွေ အတွက်တော့ သံသရာဆိုတာမှာ ဘာ အာမခံချက်မှ ရှိတာမဟုတ်တော့...
နောင်ဘ၀ မြန်မာပြည်မှာပဲ လူပြန်ဖြစ်ရင် ဟိုလူတွေနဲ့ အမျိုးမတော်ဘဲ မနေပါဘူး မပြောနိုင်ဘူး။
တို့တော့ ကြောက်ပ။
မျှစ်ကြော်က လူနဲ့ သိပ်မသင့်ဘူး တဲ့။
လေစာ ဆိုပဲ။ ဟုတ်လားတော့ မသိဘူး။
:)
Labels:
Singapore,
This and That,
Thought
Wednesday, June 24, 2009
Linkage
ဒါန နဲ့ နတ်ပြည်
ကိုယ်ဒီကို ရောက်ပြီး တော်တော်ကြာတဲ့ထိ အလုပ်က မရ။ မေမေနဲ့ အဒေါ်က ထုံးစံအတိုင်း ဗေဒင်မေး၊ ယတြာချေနဲ့ ပြာယာခတ်အောင် လုပ်ကြပါတယ်။ ကိုယ်ကတော့ ဘုရားမှန်မှန် ရှိခိုးပါတယ်။ ဒီ့ထက်တော့ ဘာမှ မလုပ်ပါဘူး။ ဟိုကနေ ဘာလုပ်ပါ ညာလုပ်ပါ ညွှန်ကြားချက်တွေ လာရင် ဘာသာရေးနဲ့ ပတ်သတ်နေရင်တော့ လုပ်မိပါတယ်။
(ဒီရောက်တော့မှ မေမေ့စကားကို တခွန်းဆို တခွန်း နားထောင်ပါတယ်။ ဒါက စကားချပ် ပါ။ ဥပမာ- တသက်လုံးက သောက်လာတဲ့ coffee ကို လျှော့သောက်ပါလို့ ပြောလို့ ချက်ချင်းပဲ နေ့လည်တခွက်ကို လျှော့လိုက်ပါတယ်။ ကြားရက်တွေမှာ တနေ့လုံးမှ မနက်ခင်း တခွက်ပဲ သောက်တော့တယ်။ စနေ၊ တနင်္ဂနွေ ကတော့မပါ။
နောက် ဘုရားသောက်တော်ရေ မှန်မှန် ကပ်ပါ ပြောလို့ ပြောတဲ့နေ့ကတည်းက မပျက်မကွက် ကပ်ပါတယ်။
သွားတော့ မပြောကြပါနဲ့။
တော်ကြာ နားမထောင်နိုင်တာတွေ လာခိုင်းနေမှာ စိုးလို့။ နားမထောင်နိုင်တာ တစ်ခုရှိတယ်။
ဒီရောက်တော့မှ လို့ စကားခံရတာက ဟိုမှာတုန်းက နားမထောင်တာက များနေလို့ပါ)
ဆက်ပြောရရင် မြန်မာပြည်ကနေ လုပ်ခိုင်းတဲ့ထဲမှာ ရေလှူဖို့လဲပါတယ်။ နောက်တစ်ခုက သွားရင်းလာရင်း အသက်ကြီးတဲ့ လူတွေကို လမ်းစရိတ်ပေးတာ၊ နေရာပေးတာ လုပ်ပါတဲ့။ မြန်မာပြည်က ယတြာကိုး။ ဒီမှာ စပယ်ယာက လိုက်ကောက်တာမှ မဟုတ်တာ ဘယ်လို လမ်းစရိတ် လှူမလဲ။
ယတြာဆိုတာထက် မေမေတို့ အဒေါ်တို့ လုပ်စေချင်တာကို လုပ်ပေးချင်မိပါတယ်။ ဒါက ဒီရောက်တော့မှ ဖြစ်လာတဲ့ စိတ်ပါပဲ။ ဒါပေမယ့် လမ်းစရိတ်လှူတဲ့ ကိစ္စကတော့ မလုပ်နိုင်ခဲ့၊ မလုပ်ဖြစ်ခဲ့ဘူးပေါ့။ နေရာပေးတာကတော့ လူကြီးတွေ ကိုယ့်ရှေ့မှာ လာရပ်တာ သတိပြုမိတာနဲ့ ထပေးပါတယ်။
အဲဒီမှာ တစ်ခု စဉ်းစားမိတယ်။ နတ်ပြည်မှာ ဒါနပြုလို့ မရဘူးဆိုတာ...
အားလုံး ပြည့်စုံ လိုအပ်ချက်ရယ်လို့ မရှိတဲ့နေရာမှာ ဘယ်သူက ဘယ်သူ့ကို ဘာဖြည့်ဆည်းစရာ လိုတော့မလဲ။
သံဃာ့ဂုဏ်တော်ထဲမှာ ပါတဲ့ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ (ကုသိုလ်ကောင်းမှုမျိုးစေ့ ကြဲရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူသော) ဆိုတာလည်း တွေးမိပါတယ်။ "ရဟန်းစားရသော ဆွမ်းတစ်နပ်" ထဲမှာ ဇော်လင်း ထပ်ခါထပ်ခါ အာရုံပြုသွားတဲ့ တစ်ချက်ပေါ့။
နတ်ပြည်မှာတော့ သံဃာလည်း မရှိဘူးလေ။
လူ့ပြည် နတ်ပြည်မပြောနဲ့။
မြန်မာပြည်နဲ့ စင်ကာပူရားမှာတောင် ကုသိုလ်ပြုခွင့် ကွာခြားနေတာတွေ ရှိနေပါရောလား။
*****
ဒီလိုဆိုတော့လည်း ငါ့တိုင်းပြည်လေးမှာပဲ မျှစ်ကြော် စားနေရတာကောင်းသား။
:)
Labels:
Singapore,
This and That,
Thought
Tuesday, June 16, 2009
Dialogue between ...
3:39 PM He: အင်း
me: :) coffee သွားဖျော်လိုက်ဦးမယ်
4:46 PM He: ကိုယ်ပြန်ရောက်ပြီ28 minutes |
5:15 PM me: yes
He: ဘယ်သွားနေတာလဲ
ကော်ဖီသောက်တာအဲဒီလောက်ကြာလား5:16 PM စားပြီးပြီလား
me: ဟင်းချက်နေလို့ပါ (အလကား လျှောက်ပြောတာ။ ဟင်းက cityhall က ၀ယ်ထားတွေ စားနေတာ)
အင်း ခုနက စားလဲစား
အင်း ခုနက စားလဲစား
သောက်လဲသောက်
ချက်လဲချက်
ခဏနေရင်
လျှော်ရမယ်
5:17 PM လှန်းရမယ်
He: ဒါဆိုရင်မအားဘူးပေါ့နော်
me: လှန်းထားတာတွေ ရုပ်သိမ်းရမယ်
ပြီးရင်
မီးပူတိုက်ရမယ်
အမလေး မောလိုက်တာ
He: ဒါဆိုရင် ရဲဘော်ဆက်လုပ်
5:18 PM မရှင်းတာရှိရင်မေးပါ
ဒါဘဲ
me: ခုခဏနားမယ်He: ခွင့်ပြုတယ်
ခွင့်လွှတ်တယ်
me: ယောက်ျားယူရင် ပိုဆိုးမလား မသိဘူးနော်
5:19 PM He: ဘာဖြစ်လို့လဲ
me: အဲဒါကြောင့် ဘီလျှံနာပဲ ယူချင်တာ (free kick)
He: ဖြစ်လာပြန်ပြီဒီရောဂါ (မသိလို့။ အဲဒီရောဂါက တောက်လျှောက်ဖြစ်နေတာ။ ပေါ်လိုက် ပျောက်လိုက် မဟုတ်ဘူး)
5:20 PM me: အဲဒါမှ မလုပ်ချင်တာတွေ မလုပ်ဘဲနေလို့ ရမှာပေါ့ (ဒါက corner)
He: မထင်ပါဘူး
me: ဘာဖြစ်လို့
He: အဲလိုမျိုးကိုလုပ်ပေးချင်နေတာဆိုရင်ခက်ပြီ
5:21 PM ကလေးကိုလဲ ကိုယ်တိုင်ဘဲထိန်းမယ်
ကလေးထိန်းက စိတ်မချရဘူး
me: လုပ်ပေးချင်နေတယ်ဆိုရင်တော့ ပြဿနာ မဟုတ်ဘူးလေ
He: ထမင်းဟင်းကလဲ ထမင်းချက်ကိုချက်ခိုင်းတာ စိတ်မချဘူး
ငန်လိုက်တာ
မောင်က အငန်နဲ့မတည့်ဘူး
me: မလုပ်ချင်ဘဲ မဖြစ်မနေ လုပ်နေရရင်သာ ပြဿနာ
5:22 PM He: ကိုယ်တိုင်ဘဲချက်မယ်
me: တော်စမ်းပါ
He: အဝတ်လျှော်တာလဲ ဂျီးမပြောင်ဘူး
မောင့်အတွက် ကိုယ်တိုင်ဘဲလုပ်တော့မယ် (တွေ့လား၊ ယောက်ျားတွေလည်း ရေလာမြောင်းပေး တော်တော် လုပ်တတ်တာ။ သူတို့ကိုယ် သူတို့တော့ ဟုတ်လှပြီ ထင်နေကြတယ်)
me: စိတ်ကူးကလဲ ယဉ်နေပြန်ပြီ
He: မီးပူတိုက်တာကလဲ ကျေမွနေတာဘဲ
5:23 PM မဖြစ်ပါဘူး
မောင်က သန့်သန့်ပြန့်ပြန့်ကြိုက်တော့ ကိုယ်တိုင်ဘဲလုပ်လိုက်တော့မယ်
ဆိုပြီး လုပ်နေဦးမှာ မြင်ယောင်နေပါတယ် (မြင်ယောင်ရုံပဲ မြင်ယောင်ရမှာ။ တကယ်တမ်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး)
5:24 PM အခုသာ တစ်ကိုယ်တည်းဆိုတော့ ဒီလိုမျိုးဖြစ်နေတာပါ
ကလေးတွေ ဘာတွေနဲ့ ဆိုတော့လဲ ပြောင်းသွားမှာပေါ့ (ပိုတောင် ဆိုးသွားဦးမယ်)
me: အော် ဘာပဲဖြစ်ဖြစ် ဘီလျှံနာ ဆိုရင်တော့ ဒါတွေ လုပ်ရလဲ တန်ပါတယ်လေ (hat trick)
He: နာမည်မှာ ဘီလျှံနာ ပါရင်လဲ တန်တာဘဲလား
5:25 PM me: နာမည်ကို ပြောတာမဟုတ်ဘူး ပိုင်ဆိုင်မှုကို ပြောနေတာ
5:26 PM He: ပိုင်ဆိုင်မှုမှာ ဘီလျှံနာ ဆိုတဲ့ နာမည်ပါတာကိုပြောတာလား
5:27 PM me: ဟုတ်ဘူး
ဘယ်လောက် ပိုက်ဆံရှိပြီး
ဘယ်လောက် ထပ်ရှာနိုင်လဲကို ပြောတာ
5:29 PM He: အော် ဒီလိုလား
5:30 PM me: အင်း ဒီလိုပဲ
He: ဒါဆိုရင်လဲ ပြီးရော မချစ်ဘူးလို့မှတ်လိုက်မယ် (ဟယ် ဒါမှ တို့မောင်ကြီးတော် !)
5:31 PM me: :)
9 minutes |
5:41 PM me: ဘာလုပ်နေလဲ
28 minutes |
6:09 PM me: ပြန်တာကို နှုတ်ဆက်မသွားဘူး
(ဂိုးသွင်းပြီးမှ စည်းကြပ်ဒိုင် အလံထောင်ပြလိုက်သလိုပဲ။ man out တဲ့)
:D
(ဂိုးသွင်းပြီးမှ စည်းကြပ်ဒိုင် အလံထောင်ပြလိုက်သလိုပဲ။ man out တဲ့)
:D
*****
အလကားပါ။ ဘာရယ်မဟုတ်ဘူး။ ဘာမှ တင်စရာ မရှိလို့။
အခန်းဆက်က နောက်တစ်ပတ်မှ နော်။
Labels:
Making Joke,
me,
This and That
Wednesday, June 3, 2009
ရွှေရတု မတိုင်မီ (သို့) Before Golden Jubilee
မမတန်ခူး tag လို့ ပါ။ ကျေးဇူးတင်စွာနဲ့ ရေးပါတယ်။ မမက အပြုံးချိုချိုလေးနဲ့ လို့ ညွှန်းထားတော့ အညွှန်းကို ဖတ်ပြီးမှပဲ ပြုံးမိသွားပါတယ်။ မပြုံးဖြစ်တာတောင် ကြာပါပြီကော။ :)
ရွာသားရေးတာ ဖတ်ပြီးတော့ ဘီးတဲလ်စ် အဖွဲ့ရဲ့ When I am 64 သီချင်းလေး သွားသတိရမိပါတယ်။ သူ့ post နဲ့ တိုက်ရိုက်တော့ မဆိုင်လှပါဘူး။ ဒါပေမယ့် လူက ခေတ်ပျက်ကြီးထဲ ကြီးလာရတော့ ထင်မိထင်ရာပါပဲ။ (နောင် အနှစ် ၂၀ မှာ 64 လဲ မရှိသေးပါဘူး။ ရွှေရတုတောင် မတိုင်သေးဘူး။)
ကျွန်မလို ဘာ plan မှ မရှိတဲ့ လူအဖို့ နောင်အနှစ် ၂၀ အကြောင်း ကြိုတွေးရတာ လန့်စရာပါပဲ။ ဒီခေါင်းစဉ်ကို ကြည့်ပြီးတော့လည်း ဘယ်လမ်းကြောင်းကို approach လုပ်ပြီး ရေးရမလဲ ဆိုတာ အရင် စဉ်းစားမိပါတယ်။
နောင် အနှစ် ၂၀ ကြာတဲ့အခါ ဖြစ်ချင်တဲ့ ကိုယ့် စိတ်ကူးလေးကို ရေးရမှာလား။
ဒါမှမဟုတ် အဲဒီ အချိန်မှာ ဖြစ်နိုင်ချေရှိတဲ့ ကိုယ့်အနေအထားကို သုံးသပ်ပြီး ရေးရမှာလား။
ဒုတိယ တစ်ခုပဲ ရေးတော့မယ်။
သေချာတာကတော့... နောက် အနှစ် ၂၀ ဆို ကျွန်မ အသက် အနှစ် ၂၀ ပိုကြီးသွားပြီ။
(ဘွားဘွားတို့ ခေတ်ကတော့ သားကို ချွေးမတောင်းပေးရမယ့် အရွယ်ဖြစ်မှာပေါ့နော်။)
ကံကောင်းတစ်ချက်လောက်သာ မထောက်မခဲ့ရင်တော့ ကျွန်မ မြန်မာပြည် ပြန်နေဖြစ်မှာ မဟုတ်ဘဲ ကမ္ဘာပတ်နေဖြစ်ဦးမယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘ၀မှာ အပြောင်းအလဲတွေ အမျိုးမျိုး ကြုံလာခဲ့သမျှ ကျောခိုင်းခဲ့ပြီးတဲ့ နေရာတွေကို (ပြန်ချင်သည် ဖြစ်စေ၊ မပြန်ချင်သည် ဖြစ်စေ) ပြန်မရောက်ဖြစ်တော့တာက များနေလို့ပါပဲ။ ငယ်ငယ်ထဲကလည်း တစ်နေရာတည်းမှာ အခြေတကျ နေဖို့ထက် နေရာအနှံ့ကို သွားလာချင်တဲ့ ဆန္ဒမျိုးလည်း ရှိခဲ့ဖူးပါတယ်။
(A J Cronin လို)
*****
တကယ်လို့များ အဲဒီ အချိန်မှာ သားတွေ သမီးတွေ ရနေခဲ့မယ် ဆိုရင်တော့ သူတို့ ကိစ္စ အ၀၀မှာ ၀င်ရောက်ပါဝင် စီမံခန့်ခွဲ သြဇာပေးရင်း အသက်ကြီးသွားပေမယ့် စိတ်က ခုထိ မချသေးဘူးလို့ ကွယ်ရာမှာ ကလေးတွေ အတင်းပြောတာ ခံရမယ့် အဘွားကြီး ဖြစ်နေနိုင်ပါတယ်။ ကလေးတွေ ကိစ္စ မင်း ၀င်မပါစမ်းပါနဲ့ လို့ တားမြစ်မယ့် ကလေးတွေ အဖေနဲ့ ရန်ဖြစ်ရင်းပေါ့။
စိတ်တိုင်းကတော့ ကျမယ်မထင်ဘူး။ ဘာလို့ဆိုတော့ ကိုယ်က မြန်မာပြည်မှာ အနှစ် ၃၀ နီးနီး နေထိုင်ကြီးပြင်းလာတဲ့သူ။ မြန်မာမှ အညာသူတောင် ဖြစ်နေလိုက်သေးဆိုတော့...။ သူတို့ကတော့ နိုင်ငံရပ်ခြား လူမျိုးခြားတွေထဲမှာ ဒီဒေသက အကျင့်စရိုက်တွေနဲ့ မွေးကတည်းက ကျင့်သားရလာတဲ့သူတွေ ဖြစ်နေမှာကိုး။
(အင်း ဒုက္ခ ဒုက္ခ)
အဲဒီလိုဆိုရင် ကျွန်မ ကမ္ဘာပတ် ခရီးထွက်ရင် သူတို့တွေ ၀မ်းသာအားရ ဖြစ်နေကြတော့မှာပဲ။
ဒါတော့ ဘယ်ဖြစ်မလဲ။ ကလေးတွေ ၀မ်းသာချင် သာပါစေ။ ကလေးတွေ အဖေ ၀မ်းမသာနဲ့။
လာ ကိုယ်နဲ့ တူတူလိုက်ခဲ့။
ဒီကမ္ဘာကြီး အဆုံးကို ကိုယ်သွားမယ်။
*****
အောင်မြင်တဲ့ ကိုယ်ပိုင် စီးပွားရေး တစ်ခုခုလည်း ထူထောင်ထားနိုင်ချင်ပါတယ်။
အင်း Social Welfare Activity တစ်ခုခုမှာလည်း ၀င်ပြီး အမှုဆောင်ချင်မိပါတယ်။
ကိုယ့်နာမည်နဲ့ Fund တစ်ခုလောက်လည်း ထောင်ချင်တယ်။
မိဘမဲ့ ကလေးကျောင်းလို၊ ဆေးသုတေသနလို၊ ပညာသင် ထောက်ပံ့ရေးလို ကိစ္စမျိုးတွေ အတွက်ပေါ့။
(Melinda Gates ပဲ ဖြစ်လိုက်ပါတော့။ ငါ့နှယ်...)
*****
ကိုယ့် အတွေ့အကြုံတွေကို Share လုပ်ဖို့ စာလည်း ရေးချင်ပါတယ်။ ငယ်ငယ်က ခဏတဖြုတ် စိတ်ကူးခဲ့ဖူးတဲ့ အချစ်ဝတ္ထု ရေးမယ့် ကိစ္စတော့ ထားလိုက်ပါပြီ။
ဖြစ်နိုင်မယ်ဆိုရင် Margaret Michelle လို တအုပ်တည်းနဲ့ ကမ္ဘာကျော်ချင်မိပါတယ်။ (သက်သာအောင်လို့)
*****
အနှစ် ၂၀ အကြောင်း ရေးကြပုံ အမျိုးမျိုးကို သဘောတကျ ဖတ်ခဲ့ရပါတယ်။
ကျွန်မကို tag တဲ့ မမတန်ခူး ရေးတဲ့ post လေးကိုဖတ်ရတော့ ဘာကြောင့်မှန်းမသိ ထိထိခိုက်ခိုက် ခံစားမိပါတယ်။ ငါတော့ ဒီဘ၀မျိုး မရနိုင်တော့ဘူးလို့ sense ရနေတာကြောင့်လားတော့ မသိပါဘူး။ အညာကို ချစ်ပေမယ့် ကိုယ်နဲ့ သိပ် ကီးကိုက်တယ်လဲ မထင်မိတော့ပါဘူး။
မယုံမရှိနဲ့။ အညာမှာပဲ တောက်လျှောက် နေနေတဲ့ သူငယ်ချင်းတွေ ရှိရင် စကားပြောကြည့်ပါလား။ ပြောစရာအကြောင်းအရာတွေ တော်တော် ရှားပါးနေတာ တွေ့လိမ့်မယ်။ အထက်တန်းအောင်ပြီးကာစ ကာလတွေလို ရေပက်မ၀င်တဲ့ စကားတွေ တော်တော် ဆိတ်သုဉ်းနေပါပြီ။
သံယောဇဉ်ဟာ သံယောဇဉ်... အခြေအနေဟာ အခြေအနေပါပဲလေ။
*****
ဘယ်လိုပဲ သဘာဝလောကကို ချစ်လည်း အခြေအနေတွေသာ မထင်မှတ်လောက်အောင် ပြောင်းလဲနိုင်စရာ မရှိဘူး ဆိုရင် ကျွန်မတော့ Urban Area မှာပဲ ဘ၀ကို ကုန်ဆုံး ဖြစ်ပါလိမ့်မယ် ထင်ပါတယ်။ ကမ္ဘာကျော် အနုပညာရပ်တွေ၊ စာပေတွေကို ထိတွေ့လေ့လာခွင့်ရပြီး၊ ခေတ်ပေါ်နည်းပညာတွေကိုလည်း မျက်ခြေမပြတ်တဲ့ ခေတ်မီတဲ့ အဘွားကြီး ဖြစ်ချင်ပါတယ်။
ဒီ video file လေးထဲကလို
အဲဒီအချိန်မှာ ငယ်ငယ်တုန်းက မသင်ခဲ့ဖူးတဲ့ ပညာရပ် တစ်ခုခုကိုလည်း သင်ကြားခွင့် ရချင်မိပါတယ်။
(မှတ်ချက်။ ။ ဟင်းချက်နည်း နှင့် ဇာထိုးပန်းထိုးနည်း မပါ)
(စာရေးဆရာမ (ဒေါ်) မမြတ်လေး လို။ သူက အသက် ၈၀ လား၊ ၉၀လား နီးမှ Applied Psychology ကို မြေးတွေနဲ့တူတူ တက်ပြီး Diploma ယူခဲ့သေးသတဲ့။ တကယ်ကို ဦးညွှတ်ပါတယ်။ အာဂမိန်းမ !!!)
*****
ဖြည့်စွက်ချက်။ ။ ဘုရားကြောင်း၊ တရားကြောင်းလေး ထည့်ရေးဖို့ မေ့သွားလို့။ ကဲပါလေ။ မေ့လက်စနဲ့ ထားလိုက်ပါတော့။ အသက်မှ ၅၀ မကျော်သေးတာ။ ၅၀ ကျော်တော့ အလိုလို သတိရပါလိမ့်မယ် (ထင်တာပဲ)။
ဘီးတဲလ်စ် သီချင်းလေး နားထောင်သွားပါဦး။
(The Beatles - When I am 64)
When I get older, losing my hair
Many years from now
Will you still be sending me
a Valentine Birthday greetings, bottle of wine
If I'd been out till quarter to three
Would you lock the door
Will you still need me
Will you still feed me
When I'm sixty four
You'll be older too
And if you say the word
I could stay with you
I could be handy, mending a fuse
When your lights have gone
You can knit a sweater by the fireside
Sunday morning go for a ride
Doing the garden, digging the weeds
Who could ask for more
Will you still need me
Will you still feed me
When I'm sixty four
Every summer we can rent a cottage
In the isle of Wight, if it's not too dear
We shall scrimp and save
Grandchildren on your knee
Vera Chuck and Dave
Send me a postcard drop me a line
Stating point of view
Indicate precisely what you mean to say
Yours sincerely wasting away
Give me an answer, fill in a form Mine for evermore
Will you still need me
Will you still feed me
When I'm sixty four
*****
Tuesday, June 2, 2009
ချစ်လွန်းတင်
ချစ်လွန်းတင်
(တေးရေး - မြို့မငြိမ်း
တေးဆို - မေရှင်)
မောင့်မျက်နှာ တရွာမှတ်ထင်
အချစ်ဓါတ် ရစ်ပတ်မိရင်
ကြာလေလေ ခိုင်မြဲလေလေ
အမြစ်ဖြတ် မရဘဲ အသည်းထဲ စွဲကာပင်
ဇွတ်နှစ်ပြီး ချစ်ရတော့မယ်
အားနွဲ့သူပါရှင်
ဆူးကျလည်း ဖက်၊ ဖက်ကျလည်း ဖက်
နာဖက်က မို့ပင်
မွှေးတုန်းတော့ လူရာဝင်
နောင်တွင် ရိုးမယ်ဖွဲ့ကာ ပစ်မှာစိုး အမျိုးမျိုး ပူတယ်ရှင်
စကားတွေ ဖောင်ဖွဲ့လို့ ချစ်မတဲ့ ယုံအောင်ပင်
တဦးသဘော တဦး ပြော၍ မနေချင်
တကယ်တမ်း မေတ္တာစစ်နဲ့ ချစ်ကြဖို့ပါရှင်
လွန်းပေါင်းတင် ချစ်တဲ့ကြိုးလို ပမာယှဉ်
နှစ်နှစ်ကာကာ တူပင် သက်ဆုံးတိုင် ခိုင်မြဲချင်
ချစ်လျှင် အကျိုး၊ မြတ်နိုး သဒ္ဓါ
ရွှေမေတ္တာ တူတူဆိုရင်
တဲအိုပျက်ထဲမှာပင် ပန်းမွေ့ရာ ကြဲတယ်ထင်
ချစ်သူနဲ့ လွဲခဲ့ရင် ရွှေပုံလဲ ဖွဲအိတ်ထင်
ချစ်ငွေ့ကြူကြူ ချစ်သူသာပင်
ဘ၀တိုင်း ဖြစ်လေရာ
ဆုံပါတော့ နှစ်ကိုယ်ယှဉ်
စားစား သွားသွား တူပင်
သက်လုံးမောင်ကြင်
မေတ္တာရေစင် မွန်းအောင်
ချစ်လွန်းတင်
*****
မလှလား စာသားလေးတွေက။ "စကားတွေ ဖောင်ဖွဲ့လို့ ချစ်မတဲ့ ယုံအောင်ပင် တဦးသဘော တဦး ပြော၍ မနေချင်" ဆိုတာမျိုးလေးတွေက မြို့မငြိမ်း မို့လို့ ထွက်လာတာပဲ လို့ တွေးမိရအောင်ပါပဲ။ ကျွန်မတော့ အရင်ခေတ်က အမျိုးသား တေးရေးဆရာတွေကို သိပ် အံ့သြမိတယ်။ သူတို့ ဘယ်လိုများ မိန်းကလေးတစ်ယောက်ရဲ့ နူးနူးညံ့ညံ့ အတွင်းစိတ်ကို ပေါ်လွင်အောင် ဖွဲ့နိုင်ကြသလဲနော်။
တော်ရုံ စိတ်ဓါတ်တွေ ခက်ထန်နေချိန်မှာဆို ဒါမျိုးလေးတွေ နားထောင်လိုက်ရင်ပဲ နူးနူးညံ့ညံ့ ဖြစ်လာပါရော။
(ခုတလော tense ဖြစ်နေလို့ ကိုယ့်ဘာသာ နှစ်သိမ့်ပြီး တင်ထားတာပါ။)
ဒီနေရာမှာ နားထောင်ပါ။
Labels:
My Favorite Myanmar Classic Songs,
Song,
သီချင်း
Subscribe to:
Posts (Atom)