Monday, February 23, 2009

ဝက်သားလုံးကြော် နဲ့ ၀က်သားပြားကြော်

(မကျက်ခင်)

(ရွှေအိုရောင်လေး သမ်းလာပုံ...အနံ့လေးတောင်မွှေးတယ် ကြည့်ရုံနဲ့)

တင်လက်စနဲ့မို့... :)
အပျင်းတ၀က်လျော့ပြီး 3 lines pork ကို ပြန်သိမ်းပြီး ၊ minced pork ကို အလုံးတ၀က် အပြားတ၀က်လုပ်ပြီး ညနေက ကြော်ထားတာ။
ပုံသဏ္ဌာန်ပြောင်းလိုက်တော့ အမယ်စုံသွားတာပေါ့... :D

formula လား ။ မေးမနေပါနဲ့။ ခုနက အတိုင်းပဲ။

Sunday, February 22, 2009

ပုစွန် အပျင်းကြော်

(usual formula နှင့် အနယ်ခံထားရသော ပုစွန်များ)

(တို့တော့ ဒီလိုပဲ ကြော်ထဲ့လိုက်တာပဲ)

(နည်းနည်း တူးသွားသေးတယ်၊ ဒါပေမယ့် စားကောင်းရုံလေးပါ၊ အနံ့လေးမွှေးရုံ)

(စားပါဦး) (My holiday lunch)

အော် သူများတွေ တစ်နေ့တစ်မျိုး post တွေ တင်တာကြည့်ပြီးတော့လည်း အားကျမိပါရဲ့။

လောလောဆယ် စာရေးစရာတွေ ရှိပေမယ့် ရေးချင်စိတ်ကို မရှိလို့ လုပ်ကြံပြီး post တင်လိုက်ပါတယ်။ ပြီးလွယ်စီးလွယ် လုပ်ထားတာကို တင်ရတာ အတည် ချက်ကြပြုတ်ကြတဲ့ လူတွေကို ကန့်လန့်တိုက်သလို ဖြစ်မှာကလည်း စိုးရသေးတယ်။ blog လောကကလည်း အနေအထိုင်တော်တော် ဆင်ခြင်နိုင်မှ တော်ကာကျ မဟုတ်လား။


မနေ့က တကယ်ကြီး ချက်တော့မယ်ဆိုပြီး ခရမ်းချဉ်သီးတွေပါ ၀ယ်လာပြီးကာမှ ... ဈေးသွားလည်း နောက်ကျ (ကွန်ပျူတာနဲ့ မျက်နှာချင်း ဆိုင်နေလို့) ညက ချက်တာလည်း နောက်ကျ။ ဒါနဲ့ မြန်မြန်ပြီးအောင် ဆား၊ အချိုမှုန့် ၊ ပဲငံပြာရည် (usual formula) ထည့်ပြီး ကြော်လိုက်တယ်။

အစိမ်းကြော် ကြော်ရင် ထည့်ဖို့ ခရုဆီ ၀ယ်ချင်တာတောင် ပုလင်းကကြီးပြီး လူက စိတ်ပါမှ လုပ်တာဆိုတော့ (စိတ်က ၃၆၅ ရက်မှာ ၁ ရက်လောက်ပဲပါတာ) အလကားဖြစ်ကုန်ပါမယ်လေ ဆိုပြီး ပြန်ချ ထားခဲ့တယ်။


Rice Cooker တောင် အနားပေးထားတာ ကြာပြီ။ အိမ်နားက food court နဲ့ ၊ ရုံးနားက food court တွေ လှည့်ပတ်ပြီး ကျေးဇူးပြုနေရလို့။


အဲဒီ ပုစွန်ကြော် ၁၅ မိနစ်လောက်နဲ့ ပြီးသွားလို့ ကိုယ့်ဟာကို တော်တော် သဘောကျသွားသေးတယ်။ စားတာ ၁၀မိနစ် လုပ်တာ ၁၅ မိနစ် တော်ရောပေါ့။
မနေ့က ၀ယ်လာတဲ့ minced pork နဲ့ 3 lines pork ကို နေ့လည်ကပဲ ရေခဲသေတ္တာထဲက ထုတ်ပြီး၊ ခုထိ ချက်ရသေးဘူး။ ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်ရ ကောင်းမလား စဉ်းစားနေတယ်။

မိန်းမများ ယက်ကန်းမတတ်ရင် အကျိုးနဲ့ တူတယ် ဆိုတဲ့ ခေတ်လိုပဲ ဒီလိုမျိုး မိန်းမတွေ ဟင်းချက်မှ...ဘာညာဘာညာ ခေတ်လဲ အမြန်ဆုံး ကုန်ဆုံးပါစေလို့ ပဲ ဆန္ဒပြုနေမိတယ်။

မနေနိုင်လို့ ပေဖူးလွှာခေတ်မှာ ဖတ်ခဲ့ရတဲ့ ၀င်းငြိမ်း အင်တာဗျူးထဲက ဂျူးရဲ့ အဖြေစကားလေး ကိုးကားလိုက်ချင်ပါသေးတယ်။ "...ဒါဟာ တွက်ကပ်တာ မဟုတ်ဘူး ၊ အချိန်မပေးနိုင်မှုပဲ..." တဲ့။ ဟားဟားဟား မှန်လိုက်လေ။ ဂျူးကို ထိတာ အဲဒါတွေပဲ။
ဒါပေါ့ တစ်လ သိန်း ၃၀၀ ပဲရှာပေး။ ဘာမှ မလုပ်ဘဲ ဟင်းချည်း ထိုင်ချက်ပြမယ်။
(အဲလိုလဲ စိန်မခေါ်နိုင်ပါဘူးလေ၊ တော်ကြာ တကယ်ရှာနိုင်နေမှ ကိုယ့်ဘ၀ကြီး မီးဖိုချောင်ထဲ စတေးနေရပါဦးမယ်။ တွေးကြည့်ရုံနဲ့ ရင်နာလှပါပြီ။)

ခုထိတော့ မီးပူမတိုက်ရအောင် ပင်မင်းပေးလိုက်ပါလား။ စင်ကာပူမှာ မြန်မာစာတွေ ကြိုက်သလိုစားလို့ရတာ အပြင်မှာ သွားစားပါလားနဲ့ ။

နောက်တော့မှ မမ kom ပြောသလို မရတော့ဘူးဟေ့ ဆိုရင်ရော....

(ဟဲဟဲ ... လွန်တာရှိ ၀န္တာမိ ဦးချပါ၏ ပေါ့ ... :D)

အမြော်အမြင်နှင့် စိတ်သဘောထားကြီးမားကြသော မမ kom ၏ kmsl နှင့် မချိုသင်း၏ kkwn တို့အား ဦးညွှတ်လျက်...

Sunday, February 15, 2009

ချင်ခြင်း (၁၀)

၁။ ပဲကြားပြုတ်ရည်နဲ့ လက်ပံပွင့်ခြောက် ချဉ်ရည်ဟင်း
၂။ ဇောင်ချမ်းချဉ်ကြော်
၃။ ဘူးချဉ်ကြော်
၎။ ထန်းသီးမုန့်
၅။ မုန့်တီ
၆။ ခရမ်းချဉ်သီး ပန်ထွေဖျော်
ရ။ ထန်းသီး နုနု
၈။ ဝါစေ့ပင်ပေါက်ဆီပြန်
၉။ ဝက်သားနဲ့ တညင်းသီး
၁ဝ။ ပဲငပိ

အရာအတော်များများ အောက်ကလူများ ကြားပင် မကြားဖူးနိုင်ပါ။
(ခက်ဆစ်။ ။ အောက်ကလူ=အောက်အရပ်ကလူ)

မှတ်ချက်။ ။ (၁ဝ) မျိုးစလုံး နံပါတ် (၉) မှ လွဲ၍ တစ်ခုမှ မလုပ်တတ်ပါ။ စားသာစားတတ်ပါသည်။

ဗေဒင် ၊ ယတြာ နှင့် ... (၂)

ယတြာ

ဗေဒင်မေးတယ် ဆိုတာ ယုံကြည်ခြင်းနဲ့ သိပ်မဆိုင်တဲ့ ရှေ့ဘာဖြစ်မလဲ ကြိုသိချင်တဲ့ စိတ်ဝင်စားမှုသက်သက်ကြောင့်လို့ ကိုယ် ယူဆပါတယ်။ ဒါပေမဲ့ အဲဒီ နေရာမှာတင် ရပ်မသွားသေးဘဲ ဗေဒင်မေးခြင်းမှာ နောက်ဆုံးအဆင့် တစ်ဆင့် ကျန်သေးတယ်။

အဲဒါကတော့ ယတြာ။

မိမိရဲ့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ကြိုသိချင်လို့ မေးမြန်းပြီးတဲ့နောက် မကောင်းတာ တချို့တလေများပါခဲ့ရင် ရှောင်လွှဲ ကာကွယ်နိုင်မယ့် ကုစားချက်တစ်မျိုး ၊ အဲဒါ ဗေဒင်မေးသူတွေရဲ့ အန္တိမ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။

အမှန်တော့ ဗေဒင်မေးခြင်းရဲ့ အချုပ်ဟာ ယတြာသာ ဖြစ်တာမို့ ဗေဒင်ယုံသလား အစား ယတြာကို ယုံသလားလို့သာ မေးသင့်တယ် လို့ ကိုယ်တော့ ထင်ပါတယ်။ အဲဒီလိုသာ လာမေးရင်တော့ ဗေဒင်ယုံသလား မေးတုန်းကလို ဖြေမိတော့မှာ မဟုတ်ဘဲ "မယုံဘူး" လို့သာ ဖြေဖြစ်ပါလိမ့်မယ်။

မိမိပြုခဲ့သမျှ ကုသိုလ် အကုသိုလ်တွေဟာ နွားခြေရာနောက်ကို လိုက်တဲ့ လှည်းဘီးလို မိမိနောက်က ထပ်ကြပ်မကွာလိုက်တယ်ဆိုတဲ့ အယူအဆကို ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင် ဆိုသူအများဟာ မိမိပြုခဲ့သမျှ အတိတ်၊ ပစ္စုပ္ပန်နှစ်တန်က ကောင်းမွေ ဆိုးမွေတွေကို ချေဖျက်နိုင်ဖို့ ဘာကြောင့် ကြိုးစားအားထုတ်ကြတာလဲ။

ဒီနေရာမှာ အငြင်းပွားစရာ တစ်ချက်တော့ရှိနိုင်ပါတယ်။ တချို့တွေပြောတတ်တဲ့ "ဘုရားယတြာ" ဆိုတာ...
နားလည်သလို ပြောရရင် ဘုရားယတြာဆိုတာ... ဘုရားရှင်ရဲ့ နှုတ်ကပါတ်တော် ဖြစ်တဲ့ သုတ္တန် ပရိတ်တော် စတာတွေကို ရွတ်ဖတ်ပူဇော်တာ၊ ဘုရားရှေ့မှာ ဘာသာရေးနဲ့ဆိုင်တဲ့ ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုခိုင်းတာ စတဲ့ ယတြာမျိုးပါပဲ။ (ဘာအရောင် အဝတ်အစားကို ဝတ်ပြီး ဘာပင်ကို ဘာပူဇော်လိုက်ပါ ဆိုတဲ့ လူမှုရေး ယတြာမျိုး မဟုတ်ဘူးပေါ့)

ဘာသာရေးနဲ့ ပတ်သတ်လို့ ကောင်းတာလုပ်တာဟာ အပေါင်းလက္ခဏာ ဆိုပေမယ့် ကောင်းမှုကုသိုလ် လုပ်တာတောင်မှပဲ ကိုယ်လိုသူလို လူသာမန်တစ်ယောက်ရဲ့ ညွှန်ကြားမှုအောက်ကနေ လုပ်နေပြီဆိုကတည်းက စိတ်ဓာတ်ရေးရာအရ အဲဒါ အနုတ်လက္ခဏာပဲ လို့ ထင်ပါတယ်။

ကိုယ်ကပဲ ထောင်လွှားမော်ကြွားလွန်းသလား ... ကိုယ် လုပ်နိုင်သမျှ လုပ်နေကျ ကိစ္စတစ်ခုခုကို ကိုယ့်ထက် သဒ္ဒါ၊ သီလ၊ ပညာ မြင့်မားသာလွန်တယ်လို့ မသေချာတဲ့ လူတစ်ယောက်က ညွှန်ကြားမှ လုပ်ရတဲ့ အဖြစ်မျိုး တွေးကြည့်လို့တောင် မရပါ။

ကိုယ်စိုက်ပျိုးခဲ့သမျှ ကိုယ်ရိတ်သိမ်းရတယ် (ကံ၊ ကံ၏ အကျိုး) ဆိုတဲ့ ဗုဒ္ဓဝါဒရဲ့ အနှစ်သာရနဲ့ ပတ်သတ်လို့ သက်သေ သက္ကာယ အများအပြားနဲ့ ကျမ်းကိုး အခိုင်အမာနဲ့ လောလောဆယ် အခြေအနေအရ ရေးမပြနိုင်ပါ။

ဘုရား ရဟန္တာသော်မှ နောက်ဆုံး ဘဝမှာ ဝဋ်ကြွေးရှိသမျှ အကုန်ချေခဲ့ကြရတယ်ဆိုတဲ့နောက်...
တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ ရှင်မဟာ မောဂ္ဂလာန် ကိုယ်တော်တိုင် ဘဝဟောင်းက ဝဋ်ကြွေးကို ခိုးသား ၅ဝဝ ဆီမှာ ဆပ်ခဲ့ရတယ် ဆိုတဲ့နောက် ...

လူသာမန်တွေမှာ ဘဝဘဝက ပါလာနိုင်တဲ့ ဆိုးမွေတွေကို ဘုရားရှေ့မှာ ရွတ်ဖတ် သရစ္ဇျာယ် လိုက်ရုံနဲ့ ချေဖျက်စေနိုင်လိမ့်မယ် လို့ ဘာကြောင့်များ တွေးနေမိကြသလဲ။ အဲဒီလို အခြေခံကျတဲ့ ဘာမှ မခဲယဉ်း မပင်ပန်းတဲ့ ကုသိုလ်ကောင်းမှုလေးတစ်ခု လုပ်ဖို့ကို ပြင်ပက တွန်းအားတစ်ခုခု ညွှန်ကြားမှုတစ်ခုခု ဘာကြောင့် လိုအပ်နေရတာလဲ။

ဗုဒ္ဓဘာသာဟာ ပြဋ္ဌာန်းခံ ဖန်တီးခံ ဝါဒမဟုတ်ပါ။ ဒါပေမယ့် ဘဝအဆက်ဆက်ကို ယုံကြည် လက်ခံတဲ့ ဝါဒဖြစ်ပါတယ်။ ကိုယ်ပြောချင်တာသည် ဘယ်ဘဝမှာ ဘာအကျိုးပေးဆိုတဲ့ မသေချာ မရေရာတဲ့ ကိစ္စ မဟုတ်ပါဘူး။ ကိုယ် အဲလောက်လဲ နှံ့စပ် ဝင်စားသူ မဟုတ်ပါဘူး။

ကိုယ်ပြောချင်တဲ့ အဓိက အကြောင်းက မိမိလက်ရှိ ခံစားရတဲ့ ကောင်းမွေ ဆိုးမွေတွေဟာ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ ပယောဂမှ မပါတဲ့ မိမိကိုယ်တိုင် ဖန်တီးပြုမူခဲ့ပြီးသား၊ မိမိပိုင် ဥစ္စာပစ္စည်းတွေသာ ဖြစ်လို့ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ ပယောဂနဲ့မှ ပျက်စီး ဆုတ်ယုတ် တိုးပွား စည်ပင် ဖြစ်မှာမဟုတ်ဘူး ဆိုတာပါပဲ။ အဲဒီ အကြောင်းတရားတွေကို စီမံ ဖန်တီးသူဟာ မိမိကိုယ်တိုင်ပါပဲ။ ဗုဒ္ဓဘာသာမှာ ပုံချလို့ရတဲ့ ဖန်ဆင်းရှင် မရှိဘူး။ ရှိတယ်ဆိုရင်လဲ အဲဒါ ကိုယ်ကိုယ်တိုင်ပဲ။

ဆန့်ကျင်ဘက် လားရာနှစ်ဖက်မှာ အကုသိုလ် အကြွေးကို ယတြာနဲ့ပဲ ချေမယ်ဆိုတဲ့ တစ်ဖက်ကိုရွေးမယ်ဆိုရင်တော့ ဘုရားဟောတဲ့ "ကံ ကံ၏ အကျိုး" ကို ကျောခိုင်းပစ်ဖို့သာ ရှိတော့မယ် လို့ မြင်ပါတယ်။

နောက်ဆုံးတော့ မြန်မာပြည်က ကိုယ့်ရဲ့ director တစ်ယောက်ပြောဖူးတဲ့ စကားတစ်ခွန်းကိုသာ ကိုးကားချင်ပါတယ်။
["ဗုဒ္ဓဘာသာ" ဟာ လူတွေရဲ့ အကြောက်တရားကြောင့် ပေါ်ပေါက်လာတာဟုတ်ဘူး။ ဘာသာတရား အမျိုးမျိုး ရှိလို့ ဘာသာ လို့ ခေါင်းစဉ်တပ်ထားပေမယ့် တကယ်တော့ "သဘာဝ ဓမ္မ" ပဲ ဖြစ်တယ်]

***
ဒီ post မျိုးတင်ရတာ နည်းနည်းတော့ မျက်စေ့ စပါးမွှေးစူးခံရမယ် ဆိုတာ အာရုံတော့ ကြိုရနေသလိုလိုပါပဲ။ ဘလော့လောကမှာတော့ နာမည်ကြီး မဟုတ်လို့ ရှော့ခ် မရှိပါ။ အပြင်လောကမှာ (၁) တင်ပြီးကတည်းက နည်းနည်းတော့ တစ်မျိုးပဲ။

ဒါပေမယ့်လည်း သိပ်တော့ ဂရုစိုက်မနေနိုင်ပါ။ လူဆိုတာ အမှန်တရားကို ခါးသီးတတ်တဲ့ သတ္တဝါမျိုးတွေပဲ လို့ သိထားရင် နေတတ်ထိုင်တတ် သွားတာပါပဲ။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံ ဖြစ်လို့ .... အစချီပြီး ပြောလာရင် အဲဒီလူဟာ ကိုယ့်ထက် အသက် နှစ်ပြန် သုံးပြန်ကြီးနေပစေ အခြေအနေပေးရင် ငြင်းပစ်ဖို့ ဝန်မလေးပါ။ ဗုဒ္ဓဘာသာထွန်းကားတယ် ဆိုတာ ဘုရားကျောင်းကန်တွေ ပေါတာ၊ အဲဒီနေရာတွေမှာ လူစည်နေတာ၊ ဘုန်းကြီး သီလရှင်တွေ ပေါတာကို ခေါ်တာမဟုတ်ဘူး လို့ ကိုယ်တော့ ထင်တယ်။

ဘုရားကို ဘာသားနဲ့ ထုလုပ်ပူဇော် ၊ ဘယ်အရပ်ကလာတဲ့ ဘာညွန့် ဘယ်နှစ်ညွန့်နဲ့ ဘယ်အချိန် ဘယ်နှစ်နာရီမှာ ဘာနေ့သားသမီး အတွက်... (အမလေးနော် မောလိုက်တာ)

ဒီ post ကိုရေးလို့ blog လောကမှာ ဘာမှ ထူးခြား ပြောင်းလဲ မသွားနိုင်ပေမယ့် ပြင်ပလောကမှာ မိတ်ဆွေတချို့ ကနေ ရန်သူ (ဒါမှ မဟုတ်) သူစိမ်း ဖြစ်သွားနိုင်ပြီး ၊ သူတစိမ်းတချို့ မိတ်ဆွေ ဖြစ်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်သမျှတွေရဲ့ ကောင်းကျိုး ဆိုးပြစ်တွေကို မလွှဲမရှောင် တာဝန်ယူချင်တတ်တာတော့ သေချာတာမို့ ...

ရန်သူ (ဒါမှမဟုတ်) သူစိမ်းဖြစ်သွားမယ့် မိတ်ဆွေ၊ မိတ်ဆွေ ဖြစ်လာမယ့် ရန်သူ (ဒါမှမဟုတ်) သူစိမ်း...ဘယ်သူ့ကိုမဆို ကျေကျေနပ်နပ် ကြိုဆိုမိပါလိမ့်မယ်။

(ကိုယ် အပြောင်းအလဲတွေနဲ့ စိမ်ခေါ်မှုကို ကြိုက်တယ်)

***
Dedicated to My Mum, My Aunt & All of the crazies about Predictor

***

Saturday, February 14, 2009

ဒီနေ့

Economy


Pig head + Pig ear


အဝေးက ချစ်သူ (မြန်မာပြည်မှာတုန်းကလို မနီးတော့လို့)


အနိစ္စ


(နန်းညီ က Flame ဆိုတဲ့ ပန်းချီပုံတင်ပြီး အောက်က သူ့ပုံက Flame Maker တဲ့။ ဒုက္ခ... အပေါ်မှာ "အနိစ္စ" လို့ တပ်လိုက်မိပြီ။ ကဲ လာထား...)
အနိစ္စကို ၀ါးမျိုသူ









(Old Supreme Court) (စိတ်ဝင်စားလို့ ရှာဖတ်ကြည့်တော့ ဒီဇိုင်းဆွဲသူ Architect က Frank Dorrington Ward ပါတဲ့။ 1937-39 ခုနှစ် အတွင်းမှာ ဆောက်လုပ်ခဲ့ပါတယ်)


သူတို့ကို မမြင်ရင် သတိရမှာ မဟုတ်ဘူး။ ဒီနေ့ ဘာနေ့လဲ ဆိုတာ

စင်ကာပူ ညနေ (၁)

စင်ကာပူ ညနေ (၂)

စင်ကာပူ ညနေ (၃)

စင်ကာပူ ညနေ (၄)




ဝါးတားတားပဲ တင်ပေးလိုက်တယ်။
ကြည့်တတ်တဲ့ လူက လှတယ် ပြောတာတောင် တချို့တွေ
က မနာလိုတတ်ကြလို့။ (တချို့တွေ ဆိုတာ တကယ်တော့ တစ်ယောက်တည်းပါ။ အထင်ကြီးအောင်၊ အများကြီးလို့ ထင်အောင် တချို့လို့ ရေးတာ)

ဘယ်သူ မနာလိုတာလဲ သိချင်လား။ ၀ါသနာပါရင် ပေးထားတဲ့ link ကို နှိပ်လိုက်ပါ။

Friday, February 13, 2009

ဗလာ



အထောက်အထားတွေ ဖျောက်ဖျက်
ပညတ်မပါတဲ့ တမန်တော်

အသိအမှတ်ပြုစရာက ကျန်ရစ်

ချန်ပစ်တယ်ဆိုရင်လဲ


မသေချာခြင်းနဲ့ ဖုံးကွယ်
ကြည်လင်ပြတ်သားခြင်းလဲမရှိ

ဝိုးတ၀ါး အသိနဲ့
ပဟေဠိပဲ ညှိရမလိုလို


သေချာပိုင်ခွင့်တွေ အဓမ္မ ကွပ်မျက်
သက်သေကို ထိတ်တုံးခတ်ခဲ့

ကဲ
အဲဒါ ဘာအတွက်လဲ


မျှော်လင့်ချက် အကျဉ်းချ

နောင်တချိန် ငြင်းပြမလို့ပေါ့


(1997)
___________________________________________________________
Sign ထိုးဖို့ မေ့ကျန်ခဲ့တဲ့ စာတစ်စောင်ကို ဖတ်ပြီး ရေးထားတဲ့ ကဗျာ။

ရေးတဲ့သူ ဘယ်သူမှန်းလဲ သိနေတော့ မခံချင်စိတ်နဲ့ ချက်ချင်း ကဗျာကောက်ရေးပစ်တာ။
တသက်လုံး ရေးခဲ့သမျှမှာ အရသာ အရှိဆုံးပဲ။ (တမင် Sign မထိုးတာလို့ ထင်ခဲ့တာကိုး၊ ပြီးမှ သိတာ မေ့သွားလို့တဲ့)

အသက် ၁၇ နှစ်လောက်ကတော့ ရန်တွေ့တာကလဲ ကဗျာ ဖြစ်တယ်... ဆရာ။

(Valentine Day အမှတ်မရ/ တရ)

Monday, February 9, 2009

ဝေးကွာခြင်း



မုန်တိုင်းတစ်ခု တိုက်သလိုပ
လွင့်ထွက်သွားအောင်

စွမ်းဆောင်နိုင်လိုက်တာ


ထိတ်လန့်ဖွယ် ကောင်းလေစွ

နီးစပ်ခြင်းများအား
အတင်းအဓမ္မ ဆွဲခွာသွားရက်တာ

ညှို့ငင်ချက်တခုလိုပ
တမ်းတခြင်းများအား
တားဆီးမရအောင်
ဆွဲဆောင်ပျံ့နှံ့လာစေတာ


သေနတ်တစ်လက်လိုပ
အရှိန်ပြင်းပြင်း

စီးဆင်းလာတဲ့
ဝမ်းနည်းခြင်းများအား
တာလွှတ်ပေးခဲ့တာ

*
ကြည့်
တိတ်ဆိတ်ခြင်းနဲ့ ခြောက်သွေ့ခြင်းတွေကို
အထီးကျန် ကမ္ဘာထဲ လာထည့်ပြပါလိမ့်မယ်


(1998)

*****
(မင်းခိုက်စိုးစန်တို့ တာရာမင်းဝေတို့ မော်ဒန်တွေ ဖတ်ပြီး အားကျ ရူးနှမ်းခဲ့တဲ့ အချိန်တုန်းက ရေးထားခဲ့တာပေါ့။ ကိုယ့်ဟာကိုယ် အနုပညာ ဇာတာ မပါမှန်းလည်း မသိခဲ့သေးတဲ့ အချိန်လေ။ သူတို့သာသိရင် တစ်သက်လုံး နောင်တရသွားနိုင်တယ်)
:D

(သူတို့ နှစ်ယောက်လုံး မရှိကြတော့ဘူး လို့ အချိန်တော်တော် ကြာကြာကတည်းက ခံစားရတယ်။)

*****
Credit for Photo : Nyan Htun
(Midway between Italy and Spain)