Saturday, July 11, 2009

ချစ်သူ

* Design from NLS's Blog


လေပြည်ညင်းလိုပေါ့

သူ...

ဖြည်းဖြည်းချင်း ရောက်လာခဲ့တာ

*
ကိုယ့် ဆံနွယ်တွေထဲမှာတောင်
သူ့ ဝင်သက်နွေးနွေး
ခုထိ ရှိသေးတယ်

*
မဖိတ်ခေါ်ဘဲ လာခဲ့သူ

*
ရင်ထဲမှာ ကြေမွ
အရာအားလုံးကို ခြွေချ
ကိုယ့်နှလုံးသား ကြွေကျသွားကာမှ...


*
ချန်ခဲ့ရက်လေတယ်...

*

Thursday, July 9, 2009

If you fall in love...



ချစ်မိပြီဆိုရင်


၁) အချိန်ပြည့်ထက်တောင် ကျော်လွန်ပြီး သူ့အကြောင်းတွေချည်း တွေးမိနေလိမ့်မည်။
(အချိန်ပြည့်ထက် တကယ်ကို ကျော်နိုင်ကောင်းပါတယ်..ဘာဖြစ်လို့ဆိုတော့ တချိန်တည်း နှစ်ထပ်ကွမ်း
သုံးထပ်ကွမ်း အတွေးတွေ ထပ်ပြီး တွေးနေမိတတ်လို့ပါ)

၂) ပြောသမျှစကားမှာ သူ့အကြောင်း မပါ, ပါအောင် နားထောင်သူ အမြင်ကပ်ရလောက်အောင် အတင်း ဇာတ်သွင်း ပြောနေမိလိမ့်မည်။
(ခင်မင်ရင်းနှီးသော သူများက ပွင့်ပွင့်လင်းလင်း ဆဲသမျှ မကြာခဏခံရမည်)

၃) မတွေ့တာကြာပါက ကယောင်ကတမ်း ဖြစ် ဖြစ်လာမည်။
(ဥပမာ- အိမ်ရှေ့မှာရပ်ပြီး တံခါ့းဖွင့်ဖို့ သော့ထုတ်ရမှာကို ဖုန်း ထုတ်ပြီး contact folder ကို ဖွင့်မိနေခြင်းမျိုး၊ အမြဲသုံးနေကျ email password ကို အကြာကြီး ငိုင်ပြီး စဉ်းစားနေမိခြင်းမျိုး)

၎) နံပါတ် (၃) ၏ အကျိုးဆက် အဖြစ် သူရှိသမျှ နေရာတွေ ခြေရာခံမိမည်...
(ဖုန်းတော့ တော်ရုံခေါ်မိမည် မဟုတ်)
(internet ကန့်သတ်မဲ့ ဇုံတွင်နေရသူ ဖြစ်ပါက... online တခွင် ပြဲပြဲစင်အောင် လိုက်ရှာမည်။ Skype မှာလား..vzo မှာလား..gtalk မှာလား..(သို့) social network တွေ သုံးသူဖြစ်က .ning မှာလား...friendster မှာလား...facebook မှာလား...suboo မှာလား... Twitter မှာလား.. ဘယ် အချိန်က ဘာလုပ်ပြီး ဘယ်သူနဲ့ ဘာတွေ Q သွားလဲ)(internet က နယ်မြေတွေ သိပ်မကျွမ်းလို့ သိပ်ထည့်မရေးနိုင်ဘူး)

၅) သူ သုံးနေကျတွေ သူကြိုက်တတ်တာတွေ သူ ရှာနေတာတွေ သူ လုပ်နေသမျှတွေ အကုန် အကုန်
ကို စိတ်ဝင်တစားနဲ့ လိုက်မှတ်မိနေရုံမက လိုက်ပါလုပ်မိနေမည်။
(ဥပမာ- သူ့ laptop မှာ တင်ထားတယ်ဆိုတဲ့ anti-virus freeware က စ ကိုယ့် စက်မှာ ချက်ချင်းကောက်ပြီး install လုပ်မိမည်။ သူ့ အကြိုက် အဆိုတော်တွေရဲ့ သီချင်းတွေ စက်ကတောင် မနိုင်အောင် DL လုပ်ပြီး ဘေးလူ ငြူစူအောင် ဖွင့်ဖြစ်နေမည်။ စာရိုက်လျှင်..(သို့) တစ်ယောက်ယောက်နှင့် စကားပြောလျှင် သူသုံးနေကျ အသုံးအနှုန်း အခေါ်အဝေါ်တွေ အလိုလို ပြန်သုံးမိလာမည်။)

၆) တိုက်ရိုက် တွေ့ဖြစ်ကြရင်တော့ သူလုပ်သမျှ ကန့်လန့်တိုက် ပြောချင်ပြောမိမည်။
(ဟင် ဒီ ရေမွှေးကြီးကတော့ အနံ့လဲ သိပ်မကောင်းဘဲနဲ့...ဟင် ဒီ software ကတော့ tech geek တွေ recommend လဲ မလုပ်ဘဲနဲ့... ဟိုလိုလုပ်တာကတော့ အချိန်ကုန်ရုံပဲ...ဒီလိုလုပ်တာကတော့ အလကားပဲ..အာရုံပဲ)

၇) ကိုယ်ပိုင် စိတ်ကူးထဲမှာတော့ "သူ အမြတ်တနိုး စိုက်ပျိုးတဲ့ သစ်ပင်ကလေးကစလို့ ရေလောင်းပေးချင်နေလိမ့်မည်"။ သူ့ အိမ်မွေးတိရစ္ဆာန်လေးက စလို့ သံယောဇဉ်တွေ ထားမိနေမည်။

၈) အလုပ်လုပ်ရင်းတောင် မြင်ယောင်နေလို့ ခါတိုင်း နာရီဝက်နဲ့ ပြီးတဲ့ အလုပ် ၃ နာရီ မက ကြာလိမ့်မည်။

၉) သူနဲ့ ပတ်သတ်တဲ့ ငယ်ဘ၀က အကြောင်း (သို့) တော်ရုံလူ သိပ်မသိနိုင်တဲ့ စိတ်ဝင်စားဖွယ် မိသားစု အလေ့အထ တစ်ခုခု အကြောင်းကို ရင်းနှီးသူတစ်ယောက်ယောက်ထံမှ သိရပါက ထီပေါက်သလောက် ၀မ်းမြောက်ကြည်နူး ရှိနေမည်။ အတွေးထဲ စားမြုံ့ပြန်မဆုံး ဖြစ်နေမည်။
(ရီးစားဟောင်း အကြောင်းသိရပါက တပတ် ဆယ်ရက် ဆိုသလို စားမ၀င် အိပ်မပျော် ဖြစ်နေမည်)

၁၀) သူ စိတ်ဆိုးပါက ရပ်တည်ရာ မြေကြီး မရှိတော့သလို... သူ့ ဒေါသကို မြင်ရပါက တကမ္ဘာလုံး သွက်သွက်ခါ သလို... သူ ဥပေက္ခာပြုတာ ခံရပါက တလောကလုံးကို ဆုံးရှုံးလိုက်ရသလို ခံစားတတ်လာမည်။

၁၁) သူပြန်ကြည်လာတဲ့ အချိန်မှာတော့ သူ့ အပြုံး တစ်ချက်နဲ့တင် ကျန်တာ အားလုံး မှေးမှိန် ကုန်၍ တလောကလုံးကိုတောင် ခလုတ်မှတ်ပြီး ၀င်တိုက်ကိန်း ရှိလေသည်။

မှတ်ချက်။ ။ အသက် (၂၀) အောက် လူငယ်များသာ ဖတ်ရန် ...
(မိခိ သို့ ...)

Wednesday, July 8, 2009

လွင့်ပါးပျောက်ရှ


http://www.blogger.com/www.current.com

ဟိုတုန်းကလို...

*
သူ့ကျောပြင် အစွန်းနားမှာ ပါးအပ်လို့ တိတ်ဆိတ် ငြိမ်သက်နေချင်မိ...


ကန်ရေပြင်နဲ့ ၀င်တော့မယ့် နေမင်းကို အတူငေးရင်း သူ ရန်စလာတော့မှာကို ဟန်ဆောင် ရန်ဖြစ်ပစ်လိုက်ဖို့ စကားလုံးတွေ ကြိုရွေးနေချင်မိ...


သူ့ အပြုအမူ တချို့ကို နားမလည်နိုင်ရင်းကပဲ နားလည်ဟန်ဆောင် ချစ်စနိုး ပြုံးရယ်ချင်မိ...


သူ့ အကျင့်စရိုက် တချို့ကို စိတ်ပူ နှာခေါင်းရှုံ့ချင်ရင်းကပဲ (ကိုယ်မတတ်နိုင်ပါဘဲ) ပြုပြင် သိမ်းသွင်းချင်မိ...


ပြင်းပြင်းထန်ထန်
ပြောတတ်တဲ့ သူ့ စကားသံကို မျက်လွှာချ
နားထောင်ရင်း ပြန်လည် ၀မ်းနည်းချင်မိ...

ကိုယ့်ကို ကန့်လန့်တိုက် ပြောတိုင်းမှာ သူရှေ့ဆက်လို့မရအောင်ကို ခွင့်လွှတ် လိုက်လျောချင်မိ...


ရုံးက ပြန်လာလာချင်း အဆောတလျင် online ပေါ်တက်မိတဲ့အခါမျိုးမှာ သူပြောတတ်တဲ့ "ရေ အရင် သွားသောက်လိုက်ပါဦး" ဆိုတဲ့ စကားမျိုးကို ထိခိုက်
ကြည်နူးစွာ နားထောင်ချင်မိ...

စိတ်ကောင်းဝင်ချိန်တချို့မှာ အားပေးတတ်တဲ့ စကားသံ ခပ်တိုးတိုးကို ပြန်လည် ကြားယောင်ချင်မိ...


အချိန်တိုင်းလို ဆူပူအော်ဟစ်ချင်တဲ့ သူ့ရှေ့မှာ ယောင်ယမ်း ခြေလှမ်းမှားချင်မိ...

ပြုံးရယ်ချော့မော့ စကားမဆိုခင်မှာပဲ ပြေလျော့ ခွင့်လွှတ်ချင်မိ...


အမြဲ သူပြုံးနေကျ လှောင်ပြုံးတစ်ခုရှေ့မှာပဲ ရှက်အမ်းစွာ ပြုံးရယ်ရင်း အရှုံးပေးချင်မိ...


သူ အမြတ်တနိုး စိုက်ပျိုးတဲ့ သစ်ပင်ကလေးတွေကို ရေလောင်းပေါင်းသင်ပေးချင်မိ...


သူ စိတ်ဓါတ်ကျတိုင်း တမ်းတ စကားဆိုရာ ကိုယ် ဖြစ်ချင်မိ...


*
ဟိုး အရင်ကလို...


*

အို...အခုတော့... ဖြစ်နိုင်မယ် ဆိုရင်လေ

သူ့မေမေနားကို အသာသွားပြီး
"သူ ငယ်ငယ်က အကြောင်းတွေ ပြောပြစမ်းပါ မေမေရယ်" လို့ ပုံပြင်ရှည် တစ်ပုဒ်လို မဆုံးတမ်း နားထောင် လွမ်းမောချင်မိ...


*
(ဟိုးအဝေးမှာ... မင်း ရှိသလား ချစ်သူရယ်... တလက်လက်လင်းတဲ့ ကြယ်ကလေးဆီမှာလေ...)

Tuesday, July 7, 2009

အိပ်မက်ဟောင်း

Photo from Google Search


ချစ်သူ…
မနေ့တနေ့ကလိုပဲနော်…


မင်း ကိုယ့်ကို ကြည့်တဲ့ အကြည့်တွေက

ဒီမျက်လွှာတွေကို ညှို့ချ

ဘယ်တော့မှ အနိုင်မရစေခဲ့ဘူး…


*

ဘာမှ မပြောင်းလဲဘူး ချစ်သူ…

ဒီလို အကြည့်တွေနဲ့ပဲပေါ့…

ကိုယ့်ခြေလှမ်းတွေရဲ့ အသိမ်း အနုတ်ကို
အဝေးကတောင် ထိန်းချုပ်နိုင်ခဲ့တယ်…


*

အရင်အတိုင်းပါပဲ…


ဒီမျက်ဝန်း အကြည့်တွေနဲ့

ခံစားမှုတွေ နိုးထစေလို့

မင်း နဲ့ ကိုယ့်ရဲ့အကြောင်း

မဟောင်းသေးဘူးပဲ ထင်မိတယ်…


*****
Early 1999
 

(ကိုယ် ဘယ်တော့မှ မနိုးထချင်ခဲ့တဲ့ အိပ်မက် တစ်ခု အကြောင်း)
 

Monday, July 6, 2009

Linkage (3)

ဆွေမျိုးများ၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နှင့် စိုသောလက်

ဖြစ်တတ်တဲ့ အကြောင်းအရာ တချို့ပါ။

မျက်စေ့ရှေ့မှာ မြင်တွေ့သိနေရတဲ့ အကြောင်းတွေကြောင့် ရေးမိတာ ဖြစ်ပေမယ့် တဦးတယောက်၊ တမိသားစု၊ တမျိုးတဆွေကို ရည်ညွှန်းချင်တာ မဟုတ်ပါဘူး။ ယေဘုယျ လူတွေထဲမှာ ဖြစ်တတ် တွေးတတ်တာတွေပါပဲ။ ကိုယ်သာ သူတို့နေရာမှာဆိုလည်း ဒီလိုပဲ တွေးမိကောင်း တွေးမိနိုင်ပါတယ်။ ဒါပေမဲ့ အပြင်လူ အနေနဲ့ ကြည့်တော့ ပိုပြီး ကြည်ကြည်လင်လင် မြင်ရတာတွေ ရှိလာပါတယ်။

တချို့ ဆွေမျိုးစုတွေဟာ သွေးချင်းပဲ ဖြစ်ဖြစ်၊ နေရာဒေသပဲ ဖြစ်ဖြစ် သိပ်လည်း မဝေးကြပါဘဲ အပတ်အသတ် အဆက်အဆံမရှိ ဖြစ်နေတတ်ကြတယ်။ ဒီနေ့ခေတ်မှာ ဒါတွေ သိပ်တော့လည်း မဆန်းပါဘူး။ မြို့ပြကြီးလေ ပိုများလေ ဖြစ်မှာပါပဲ။ ဒါမျိုး ကိုယ်တွေထဲမှာလည်း ရှိတာပါပဲ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ကြည့်ရင် အကုန် ချစ်ကြည် စည်းလုံးလေသတည်း ဆိုတာချည်းတော့ မဖြစ်နိုင်ဘူးပေါ့လေ။ ရေစက်ရှိသရွေ့ပါပဲ။

ခုရေးမိရင်းမှာ စိတ်ထဲ ဝေဖန်ချင်တာ၊ ကဲ့ရဲ့ချင်တာ၊ ပြုပြင်ချင်တာ တစ်ခုမှ မရှိပါဘူး။
ဒါပေမဲ့ တချို့တွေမှာ ရှိတတ် ခံယူတတ်တဲ့ သဘောထားကိုတော့ ဆန်းစစ်လေ့လာကြည့်ချင်မိတယ်။

တယောက်က တယောက်ထက် ပိုပြီး မြင့်မားသွားတဲ့ အခြေအနေမျိုးမှာ ဆွေမျိုးတွေကြား ဖြစ်တတ်ကြတဲ့ ကိစ္စတွေ (၃) ပိုင်းမြင်မိတယ်။


"သစ်တပင်ထက်ကောင်းလို့ ငှက်တစ်သောင်းနားတယ်" ဆိုတာ ပထမတစ်မျိုးလို့ ထားပါတော့။
နောက်တမျိုးက မြင့်သွားတဲ့လူက မူမမှန်လို့ ကျန်တဲ့လူတွေနဲ့ ပြတ်တောက်ကုန်တာ။

အဲဒီနှစ်မျိုးလုံး ဘာမှ မထူးဆန်းပါဘူး။

တတိယတမျိုးက ကိုယ် ဆန်းစစ်ချင်တဲ့ တမျိုးပေါ့။ ဟိုဘက် ဒီဘက် ဘာမှ ပြဿနာမရှိဘဲ မမြင့်ဘဲ ကျန်ခဲ့တဲ့လူက "မာန" ကြောင့် ဆိုပြီး သက်သက်မဲ့ အဆက်အဆံ မလုပ်တော့တာမျိုး။
ဒါမျိုးကျ ဆန်းတယ် ထင်မိပါတယ်။ ပြီးတော့ ဒါမျိုးအဖြစ်တွေက ရှိလည်း ရှိတယ်၊ ရှားလည်း မရှားဘူး။ ဆွေမျိုးချင်း ပတ်သတ်ဆက်စပ်မှုမှာ မာနလို့ ပြောရင် ကိုယ့်ဘက်က သူ့ကို မမှီချင်ဘူး ဆိုတဲ့ သဘောလို့ ကိုယ်တော့ သဘောပေါက်မိတယ်။

ပြဿနာ တစုံတရာ မရှိဘဲ ဒါမျိုးတွေးပြီး ပြတ်တောက်တယ် ဆိုတာ တော်တော် နှမျောစရာ ကိစ္စလို့ပဲ ထင်မိတယ်။
မမြင့်တဲ့ သူကသာ မြင့်တဲ့သူကို မှီလို့ရမယ် လို့ တွေးတာဟာ တကယ်တော့ လမ်းချော်နေသလိုပဲ။ လူ့အသိုင်းအ၀ိုင်းမှာ သူမှ တတ်နိုင်တဲ့ ကိစ္စရှိသလို၊ ကိုယ်မှ တတ်နိုင်တဲ့ ကိစ္စလည်း ရှိတာပဲ။ တခြား မကြည့်ပါနဲ့။ ဖိနပ်ပြတ်၊ ထီးပျက်ရင်တောင် ဈေးထဲက ဖိနပ်ပြင်၊ ထီးပြင်တဲ့သူကို မှီခိုရသေးတယ် မဟုတ်လား။

ဒီနေရာမှာ ပိုက်ဆံပေးခိုင်းတာပဲ လို့ တွေးမယ်ဆို တွေးလို့ရပါသေးတယ်။ ဟုတ်ပါတယ်လေ။


သို့သော် သူတို့ မရှိ ကိုယ်ဘာသာ လုပ်တတ်တာ မှတ်လို့။ လုပ်တတ်ရင်ရော လုပ်ချင်လို့လား။ လုပ်ဖို့ ကျွမ်းကျင်မှုနဲ့ အချိန် လုံလောက်လို့လား။ ကိုယ် ပြောချင်တဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတာ အဲဒါပါ။

ဗမာအများစုရဲ့ အတွေးအခေါ်ဟာ မလွတ်လပ်ဘူး။ အထဲထဲမှာပဲ တ၀ဲဝဲလည်ပြီး နေတယ်။
မျက်စေ့တဆုံးကိုလည်း မကြည့်ဘူးလိုပဲ။ အဲဒါကြောင့် အထက်မှာ ပြောခဲ့တဲ့ အခြေအနေမျိုး ဖြစ်လာရင် ကိုယ်ကပဲ သူ့ကို မှီရတော့မယ်။ အဲလိုတော့ မမှီဘူးရယ်လို့ မာနဆိုပြီး ထွက်လာကြတော့တာပဲ။ တကယ်တမ်း တဖက်ဖက်က အကူအညီလိုပြီ ဆိုတော့မှ ပြန်ပတ်သတ်ဖို့
ကျတော့ တယောက်ကို တယောက် ရှိန်နေပြန်ရော။

ရလဒ်က ပြတ်တောက်ကုန်တာ။ ဘယ်သူ့ ဘယ်သူမှ အကျိုးမရှိ။ တကယ်တော့ ဘာအကျိုးမှ မျှော်ကိုးစရာ မလိုပါဘူး။ ဘယ်သူမှ အထီးတည်း နေမဖြစ်တဲ့ လောကမှာ ဘာပြဿနာမှ မရှိဘဲတော့ သွေးသားရင်းချာတွေ ပြတ်တောက်စရာ မလိုပါလေ။


ကိုယ့် အမျိုးထဲမှာ
ကိုယ် တော်တော် အားကျမိတဲ့ အဒေါ်ဝမ်းကွဲ တယောက်ရှိတယ်။ (သဘောမကျတဲ့ အမျိုးတွေလည်း ရှိတယ်။) သူက စီးပွားရှာလဲကောင်း၊ သူ့ဘက် ကိုယ့်ဘက်မျှ၊ အမျိုးတွေပေါ်ဆိုလည်း အာရုံမပြတ်ရှိတယ်။ စိတ်ရှိရင်တောင် သူလိုမျိုး လုပ်ဖို့က ခက်ပါတယ်။ ဒါပေမဲ့ သူလုပ်နိုင်တယ်။

သူနဲ့ကိုယ့်ကြားမှာ ကိုယ်ခုထိ မမေ့တဲ့ ကိစ္စတစ်ခု ရှိပါတယ်။ ကိုယ်ကျောင်းပြီးလို့ အလုပ်ဝင်ကာစမှာပေါ့။ အင်ဂျင်နီယာတွေ အတွက် အမေရိကားက အလုပ် အခွင့်အရေး တစ်ခု သူသတင်းရတော့
နယ်ကနေ ရန်ကုန်ကို တကူးတက ဖုန်းဆက်ခဲ့တာပါ။ ခါတိုင်းလဲ ဖုန်းဆက်နေကျပါပဲ။ အဲဒီ တခေါက်ကတော့ ကိုယ့်အတွက် သက်သက်မဲ့ သူဆက်ခဲ့တာပေါ့။

နယ်ကလူ လှမ်းပြောမှ ကိုယ်လဲ သိတော့တယ်။ ဘာမှတော့ မဟုတ်ဘူး။ ကြီးကျယ်တဲ့ အကူအညီလဲ မဟုတ်ဘူး။ Mechanical တွေပဲ ခေါ်တာမို့ နောက်ဆက်တွဲ ရလဒ်လဲ ဘာမှ မရှိခဲ့ဘူး။ ဒါပေမဲ့ သူ့အကြောင်းတွေးတိုင်း ဒါကို ကိုယ် အမြဲ သတိရတယ်။

ကိုယ်ပြောတဲ့ထဲမှာ ဆွေမျိုးသားချင်းတွေရဲ့ အပြန်အလှန် ဆက်စပ် ပတ်သတ်မှုပဲ ပါပါတယ်။ ကြီးမားတဲ့ အကူအညီ အမှီအခို ဘာမှ မပါပါဘူး။ ပြောချင်တာက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ကိစ္စပါပဲ။ ဒါပေမဲ့ မေတ္တာမပါရင်တော့ လုပ်လို့ မရဘူး။ အပေါ်ယံဆိုရင် သိပ်သိသာတယ်။

ဒီမှာ ဆွေမျိုးတွေ ရှိရက်နဲ့ ပြတ်တောက်နေကြတာ၊ ပတ်သတ် ဆက်ဆံ မရှိကြတာ တွေ့ရင် သူတို့တွေ ရေစက်တွေကို ဖြုန်းတီးပစ်နေကြသလိုပဲ တွေးမိတယ်။ အပြစ်လဲ မတင်ချင်ပါ။ ဒါပေမဲ့ သဘောထားတွေကိုတော့ စောကြောချင်မိတယ်။ ဘယ်အမျိုးမှ အားမကိုးရတာ ကောင်းပါတယ်။ တကယ်ကို အားကိုးစရာ မလိုဘူး ဆိုရင်ပေါ့။

အမျိုးတွေ ပြတ်တောက်နေလို့ အမျိုး မဟုတ်တဲ့ လူတွေကို အားကိုးနေရတယ် ဆိုရင်တော့လည်း ဘာထူးမှာလဲ။


*****
ပြီးတော့ ဟိုနေ့ကတင် တွေးမိတာတစ်ခု။
ကိုယ် အိမ်ကို ငွေလွှဲတဲ့ခါ ဖေဖေတို့ အဒေါ်တို့ အသိ agent ကနေ အမြဲလွှဲပါတယ်။ သူတို့ပေးတဲ့ဈေးဟာ သူများဈေးထက် အမြဲနည်းတယ်။ ဒါပေမဲ့ ကိုယ်က အဲဒီကပဲ အမြဲပို့ဖြစ်တယ်။


သူငယ်ချင်းက ပြောတယ်။ ဘာဖြစ်လို့ ပိုများတဲ့ဆီက မလွှဲတာလဲ တဲ့။ ကိုယ်က ဖေဖေတို့ မိတ်ဆွေ မို့လို့ပါ လို့ ပဲ ဖြေခဲ့ပါတယ်။ ပိုများတဲ့ဆီ ပြောင်းတာ လွယ်လွယ်လေးပါ။ ဒါပေမဲ့ စိုသောလက် မခြောက်စေနဲ့ ဆိုတဲ့ ကိုယ့်ခံယူချက်အရ လုပ်ခဲ့တာပါပဲ။ ပြီးတော့ ကိုယ့်ကိုမှ နည်းပေးတာ မဟုတ်ဘူးလေ။ အဲလို ဆိုရင်လဲ တမျိုးပေါ့။

ငွေ လေးငါးထောင်ဟာ သူ့ချည်းသက်သက်တော့ တန်ဖိုးရှိချင် ရှိမယ်။
မိတ်ဆွေဆိုတဲ့ ပတ်သတ်မှုနဲ့ ယှဉ်ရင်တော့ ဘာမှ တန်ဖိုးမရှိဘူး။
ဖေဖေတို့ရဲ့ မိတ်ဆွေအဖြစ်ကို ကိုယ်ဆက်ထိန်းချင်လို့ အဲဒီမှာပဲ ကိုယ်ပို့တယ်။
အဲဒီ agent က ကိုယ် ဒီလာတော့ လေယာဉ်လက်မှတ် ကိစ္စ အစအဆုံး ကူညီခဲ့ပါတယ်။
အလုပ်ရတော့လည်း အပြန် Ticket refund ထုတ်ဖို့ ကိစ္စ ကူညီ ပြန်ပါတယ်။

ကိုယ်က အဲဒါကြောင့် အဲဒီကပဲ မပြတ်ငွေလွှဲတယ်လို့ ထင်ရင်တော့ မဟုတ်ပါဘူး။
သူတို့ လုပ်မပေးလဲ ကိုယ့်ဘာသာ လုပ်နိုင်တာပဲ။
သူတို့ ကူညီခဲ့တာကလည်း သူတို့ဆိုင်ကနေ ကိုယ် ငွေမပြတ်လွှဲလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့မှ မဟုတ်တာ။ ကိုယ်မလွှဲလဲ သူများတွေ လွှဲနေမှာပဲ။
ကူညီတယ် ဆိုတာ...ဖေဖေက သူတို့မိတ်ဆွေမို့ ကိုယ့်ကိစ္စကို သူတို့ ၀င်လုပ်ပေးခဲ့ကြတာပဲ။

ကိုယ်ကလဲ သူတို့က ကူညီခဲ့တယ်လေ ဆိုတဲ့ နှောင်ကြိုးနဲ့ မဟုတ်ပါ။
လေယာဉ်လက်မှတ် ကိစ္စဆိုတာ ဘယ်မှာ လုပ်လုပ် လုပ်လို့ရပါတယ်။
မိတ်ဆွေတွေရဲ့ ပတ်သတ်မှုကို ထိန်းသိမ်းချင်တဲ့ စိတ်နဲ့ပါပဲ။
ကိုယ့်အနေနဲ့ ပိုရတဲ့ ဆိုင်ကနေ ပြောင်းလွှဲလဲ သူတို့ ဘာဖြစ်မလဲ။ ဘာမှ မဖြစ်ဘူး။
ဒါပေမဲ့ မိတ်ဆွေတွေ ဆိုတဲ့ ပတ်သတ်မှုမှာတော့ ပြတ်တောက်မှု တစ်ခု ဖြစ်သွားမှာပဲ။

တဦးနဲ့ တဦး အပြန်အလှန် မှီခို ဆက်စပ် ကျေးဇူးပြု နေကြတာကို အညမည သဘောလို့ ဆိုနိုင်တယ် မဟုတ်လား။ (မှားရင် ပြင်ပေးပါ။)

ဗုဒ္ဓဘာသာဝင်တွေ တော်တော်များများ ဘုရားစင်ရှေ့ ခြေထောက်ကျိန်းအောင်သာ ထိုင်ချင်တာ။ ဘုရားဟောတွေ တွေးကြည့်ဖို့တော့ အဲဒီ တော်တော်များများဟာ စိတ်မ၀င်စားကြဘူး။
ဘုရားသဘောကျ နေဖို့ဆို ဝေးရော။ (ကိုယ်လဲ ပါပါတယ်။)

မှတ်ချက်။ ။ စိုသောလက် မခြောက်စေနဲ့ ဆိုတာကို အများအားဖြင့် အလှူအတန်းပြုတဲ့ ကိစ္စနဲ့
ပတ်သတ်ပြီး အဓိပ္ပါယ်ဖွင့်ကြပေမယ့် - လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို
ခိုင်ကျည်စွာ ထိန်းသိမ်းထားတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးလဲ ကြားဖူးတဲ့ အတွက် ဒီနေရာမှာ သုံးထားပါတယ်။

*****
ဟိုတပတ်ကပဲ ထီးကိုင်း ကောက်သွားလို့ ထီးပြင်တဲ့ လူတွေ အကြောင်း စဉ်းစားမိပြီး ရေးချင်နေတဲ့ ဒီအကြောင်းအရာကို ရေးလိုက်ပါတယ်။

Sunday, July 5, 2009

မောင်

photo from Google Search

ဒိုင်ယာရီတွေ ကြားမှာသာ

မကြာခဏ

ပြန့်ကျဲလို့ ကျခဲ့


အိပ်မက်တွေ များမှာသာ
ကြိမ်ဖန်များစွာ
ယောင်ယမ်းလို့ တခဲ့

*

နားဆင်ပါ...ချစ်သူရယ်

မိုးစက်ကလေးတချို့
မင်းဆီကို ပြေးကပ်လာတဲ့အခါ

မင်းဖြတ်သွားတဲ့အခိုက်
လေပြည်ကလေးက ရှိုက်သံပေးတဲ့အခါ

ဟိုးအဝေးက အသံတွဲတစ်စကို သယ်လာရင်း
ပင်လယ်ရေလှိုင်းတို့
မင်းခြေရင်းကို တို့ထိတဲ့အခါ

မင်းစောစောနိုးတဲ့
မနက်ခင်းတချို့မှာ
ငှက်ကလေးတို့ တေးဆိုသံကို ကြားတဲ့အခါ

*

ရှာကြည့်ပါ... ချစ်သူရယ်

ဇွန်ပန်းရုံ သစ်ရွက်ကလေးရဲ့ နောက်က
ပုန်းကွယ်နေတဲ့ ပန်းပွင့်လေးရဲ့ မွှေးရနံ့ထဲမှာ

ကောင်းကင်မှာ လူးလွန့်တဲ့
စိမ်းပြာရောင် လျှပ်စီးကြောင်းတွေရဲ့
မဆတ်တငံ့ မြည်ကြွေးသံမှာ

အေးစက်စက် မျက်ဝန်းနောက်က
ထွင်းဖောက်ကြည့်မှ မင်းမြင်ရမယ့်
ချစ်ခြင်းဆိုတဲ့ အလင်းတန်းရဲ့နောက်မှာ

*

နားလည်ပါ… ချစ်သူရယ်

တစ်ကြိမ်တစ်ခါမှ
ဖွင့်ဟခွင့် မရခဲ့တော့လည်း


တိုးတိတ်ကျယ်လောင်စွာ

မြိုသိပ်ပေါက်ကွဲ


ရင်ထဲမှာ...

*

(မင်းကြားအောင် မခေါ်နိုင်ခဲ့တာက လွဲရင်...နေရာအနှံ့မှာ အဲဒီခေါ်သံတွေ ကိုယ် ၀ှက်ထားခဲ့ပါတယ်)

Saturday, July 4, 2009

မိုင်သီ



မိုင်သီ


ကိုယ် စင်ကာပူကို မရောက်ခင် နှစ်လလောက် အလိုမှာ ကိုယ့်အတွက် လက်ဆောင်တစ်ခု ကြိုပြီး ရောက်နှင့်တယ်။ အဲဒါ မိုင်သီ ပါ။

ဖေဖေ့ဆရာက ကိုယ်နေဖို့ ကြိုငှားပေးထားတဲ့ အိမ်မှာပဲ မိုင်သီ နဲ့ စတွေ့တယ်။
ချင်းသွေး ပါတဲ့ စစ်ကိုင်းက အညာသူပေါ့။ သူက ACCA တက်နေတယ်။

ကိုယ်က လူကဲခတ်ကောင်းတယ် ပြောရမလား။
စတွေ့ပြီး စကားပြောကြည့်တာနဲ့ sense လုပ်လို့ရတယ်။ လူတစ်ယောက်ဟာ ကိုယ်နဲ့ ဓါတ်တည့် မတည့် ဆိုတာကို...

မိုင်သီနဲ့ တွေ့တွေ့ချင်းပဲ အနှစ်နှစ် အလလ သိလာခဲ့ပြီး သူတွေလို ကိုယ်တို့ ရင်းနှီး တွဲဖက်မိသွားတယ်။
သူက သိပ်ရိုးသားတယ်။ အေးဆေးနေတတ်တယ်။
(အဲဒါ မကောင်းဘူး။ ရိုးသားပြီဆိုရင် တော်တော်လေးကို စွာပေးနိုင်မှ တော်ကာကျတာ။
သူ့ကြောင့် ကိုယ့်မှာ fighter လဲ ဖြစ်ဖူးတယ်။)

ဒါပေမဲ့ ကိုယ် ဘယ်လောက် စွာလို့၊ သူ ဘယ်လောက် အေးဆေးလည်းပဲ သူက ကိုယ့်ထက် စောစောစီးစီး ကြိုတင်ရောက်နေခဲ့တာ ဆိုတော့ ဆွေမျိုးသားချင်း မရှိတဲ့ အရပ်ကို တယောက်ထီးတည်း ထွက်လာခဲ့တဲ့ ကိုယ့်အတွက် မိုင်သီက အားကိုးအားထားရာလည်းဖြစ်၊ အပြန်အလှန် အမှီသဟဲ ပြုရာလည်း ဖြစ်ပါတယ်။

MRT ကို ဘယ်လို စီးရတယ် ဆိုတာ သင်ပေးခဲ့တဲ့သူ၊

MRT ကဒ်ပြားကို ဘယ်လို Top Up လုပ်ရတယ်ဆိုတာ သင်ပေးခဲ့တဲ့သူ၊

S'porean တွေရဲ့ English ကို ဘယ်လို နားထောင်လို့မှ မရသေးတဲ့ ကိုယ့်ကို NTUC မှာ ဈေးဝယ်ပြီးလို့ cashier မှာ ရှင်းပြီဆိုရင် သူတို့မေးတဲ့ member လား ဆိုတာကို no လို့ ဖြေရတယ် လို့ သင်ပေးခဲ့တဲ့သူ၊

ကိုယ့် ပထမဦးဆုံး အင်တာဗျူးကို (ကိုယ် မခေါ်ရဘဲ သူကိုယ်တိုင် စ ကမ်းလှမ်းပြီး) အဖော်လိုက်ပေးခဲ့တဲ့သူ၊

ATM ကနေ ငွေဘယ်လို လွှဲရတယ်၊ ငွေဘယ်လို ထည့်ရတယ်၊ ငွေဘယ်လို ထုတ်ရတယ် ဆိုတာ သင်ပေးခဲ့တဲ့သူ၊ ငွေဘယ်လို ထည့်ရလဲ ဆိုတာကတော့ ကိုယ် မေ့သွားပြီ။ (iBanking ကျတော့ ကိုယ်က ပြန်သင်ပေးရတယ်)

အလုပ်တော်တော်နဲ့ မရတော့ ကိုယ်နဲ့တူတူ ငိုပေးခဲ့တဲ့သူ၊

ကိုယ်စိတ်ဓါတ်ကျတိုင်း "ရမှာ၊ အလုပ်က ရကို ရမှာ" လို့ အားပေးခဲ့တဲ့သူ၊
(အဲဒီ စကားလေးဟာ ခုနေ ပြန်စဉ်းစားတော့ ဘာမှ မဟုတ်သလိုပဲ။ ဒါပေမဲ့ အဲဒီ အချိန်ကတော့ တကယ့် အားဆေးပဲ။)

သူ စိတ်နေကျ ၁၀၈လုံး စိတ်ပုတီးကို အတင်းလာပေးပြီး ကိုယ့်ကို ပုတီးမစိတ် စိတ်ဖြစ်အောင် တွန်းအားပေးတဲ့သူ၊ (ကိုယ်သယ်လာတဲ့ ပုတီးက ၉ လုံး ပုတီး)၊

ဖေဖေဆုံးလို့ ကိုယ်ပြန်တော့... လေယာဉ်ကွင်းကို ရောက်မှ ကိုယ် သူ့ဆီ msg ပို့ဖြစ်တယ်။
သူ အလုပ်လုပ်နေရာကနေ rest room ထဲသွားပြီး ကိုယ့်ဆီ ဖုန်းလှမ်းဆက်ရင်း ငိုနေခဲ့တယ်။

လောလောဆယ် ပြန်စဉ်းစားလို့ မရတာတွေ ရှိနေသေးတယ်။ ပြောရမယ်ဆိုရင် အများကြီး ကျန်သေးတယ်။ သူရှိနေလို့သာ စင်ကာပူမှာ ကိုယ့်ပထမဆုံး နေ့ရက်တွေကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့တာ။
သူသာ ရှိမနေဘူးဆိုရင်၊ ကိုယ့်ရဲ့ စင်ကာပူ experience ဟာ အများကြီး အခက်အခဲ ရှိမှာ သေချာတယ်။

တရက်ပေါ့...
သူက ကျောင်းကနေလား၊ part time အလုပ် ကနေလားမသိဘူး ပြန်အလာ "သူပြန်လာပြီ စိတ်ညစ်တယ် အိမ်ကိုလွမ်းတယ်" လို့ msg လှမ်းပို့တယ်။ ကိုယ်ကလဲ ကိုယ်လာကြိုမယ် လို့ ပြန်ပို့ပြီး တစ်ရှူးတော်တော်များများ ယူပြီး ဆင်းသွားတယ်။

တွေ့ပြီး စကားတောင် ကောင်းကောင်း မပြောနိုင်ဘူး လမ်းမှာ သူက မျက်ရည်တွေ ကျလာတာပဲ။ ဒါနဲ့ ကိုယ်လဲ သူ့လက်ထဲကို တစ်ရှူးစတွေ ထည့်ပေးရတယ်။ (ကြိုတင် သိမြင် စီမံနိုင်သော အရည်အချင်းပေါ့လေ)

နေတဲ့ block နဲ့ နှစ် block ၊ သုံး block လောက်ခြားတဲ့ ပန်းခြံလေးထဲမှာ သူနဲ့ကိုယ်နဲ့ တူတူထိုင်ပြီး ငိုကြတယ်။
ထပ်ပြောပါရစေ။
သူသာ ရှိမနေဘူးဆိုရင်၊ ကိုယ့်ရဲ့ ပထမဆုံး စင်ကာပူ နေ့ရက်တွေဟာ ဒီ့ထက်ပိုပြီး အများကြီး ခက်ခဲခဲ့မှာ သေချာတယ်။

ကိုယ် stay ပြည့်ခါနီးထိ အလုပ်မရဘဲ သူလည်း မကြာခင် အိမ်ပြောင်းဖို့ ဖြစ်လာတယ်။
တရက် ကိုယ် အလုပ်လျှောက်နေရာကနေ သူ့ကို msg လှမ်းပို့ကြည့်တော့ သူ Bishan မှာလို့ ပြန်တယ်။ သူပြောင်းမယ့် အိမ်ကို သွားကြည့်တာ။ ကိုယ်က "မင်း အိမ်သွားကြည့်တာလား" မေးတော့ "ဟုတ်တယ်" တဲ့။ "ကိုယ့်ကို တစ်ယောက်တည်း ထားခဲ့တော့မှာပေါ့" လို့ ဆိုတော့...သူ ဘာပြန်ခဲ့လဲ သိလား...

"together" တဲ့။

ကိုယ့်မှာ စိတ်ညစ်နေတဲ့ ကြားက မပြုံးဘဲ မနေနိုင်အောင် ဖြစ်ပြီး၊ "I love you" လို့ ပြန်လိုက်တယ်။

အဲဒါ ကိုယ် stay မပြည့်ခင် သုံးပတ်လောက် အလိုပေါ့... လကုန်ရင် သူ အိမ်ပြောင်းမယ်... လကုန်ရင် (အလုပ်မရရင်) ကိုယ် အိမ်ပြန်ရမယ်...

ဒါပေမဲ့ ကိုယ်တို့ နှစ်ယောက်ကတော့ Bishan အိမ်ကို တူတူပြောင်းမယ် ဆိုတာက တပြားမှ မလျှော့ဘူး။
သင်္ကြန်တရက်မှာ TP ကနေ Bishan ကို နောက်တခေါက် အိမ်တူတူ သွားကြည့်ကြသေးတယ်။ stay ပြည့်ဖို့ နှစ်ပတ်အလိုမှာ... အလုပ်က ဘယ်မှာနေမှန်း မသိသေး... အဲဒီ အိမ်ခံ အစ်မကတောင် "သိပ်ချစ်ကြတာပဲနော်" လို့ ပြောလိုက်သေးတယ်။

ကြားထဲမှာ အင်တာဗျူး ၃ ခုလောက် လာသေးတယ်။ အဲလိုလာတိုင်း သူက ပျော်ရွှင်ပြီး စိတ်လှုပ်ရှားပေးခဲ့တယ်။ ကိုယ်ကတော့ နှစ်ပတ်အလိုလောက်မှာ တော်တော် ငြိမ်သက်နေပြီ။
သူနဲ့တူတူ စီးတီးဟောလ်ကို သွားပြီး Air Ticket ကို book လုပ်လိုက်ပြီ။
တော်ပြီ မိုင်သီ ကိုယ် အိမ်ပဲ ပြန်တော့မယ်...
ငိုလဲ မငိုချင်တော့ ... ရီလဲ မရီချင်တော့ ...
ကိုယ့်မှာ ကျွန်ဇာတာ မပါဘူး ထင်ပါရဲ့။

ဒီလိုနဲ့ ပြန်ရမှာ ဗုဒ္ဓဟူးနေ့...
သောကြာနေ့လောက်မှာ သူပြောတယ်။

"ဘယ်သူပြောလို့ ရမှာလဲ မင်း ပြန်ရမယ်လို့။"
"ဟင့်အင်း ကိုယ် ပျော်ပျော်ရွှင်ရွှင်ပဲ ပြန်မှာပါ"
"
ကပ်ပြီးမှ မရဘူး ပြောနိုင်လား"
"တော်ပါတော့ ကိုယ် ပြန်လာမှာပါ"
"ဟုတ်တယ်လေ။ နှစ်ရက်တောင် ကြားထဲမှာ ရှိနေတာ"
"Spass တင်တာ နှစ်ပတ်လောက် ကြာဦးမှာလေ ဆရာရဲ့"
"မင်းကွာ ပြောလို့ မရပါဘူး"

ကိုယ် ရီနေလိုက်တယ်။

စနေ ၊ တနင်္ဂနွေမှာ သူ့သူငယ်ချင်း တစ်ယောက်ရဲ့ အမေက တရားရိပ်သာမှာ ၂ ရက်ဆက်လား မသိဘူး အလှူလုပ်တော့ သူ သွားကူရတယ်။ အဲဒီ သူငယ်ချင်း အမေက သူ့သမီးနဲ့ မိုင်သီနဲ့ကို ကူပေးလို့ မုန့်ဖိုးပေးမှာဆိုတော့ ဒါလဲ အလုပ်ပဲပေါ့။ ညတောင် သူဟိုမှာပဲ အိပ်ရတယ်။

တနင်္ဂနွေ ညကျတော့ သူ အိမ်မှာ ပြန်အိပ်တယ်။
ကိုယ်က အိမ်ပြန်နောက်ကျတယ်။ သူငယ်ချင်း တစ်ယောက်နဲ့ လျှောက်သွားနေလို့။
ဘယ်ကိုလဲ သိလား... Khatib က ရေကန်ကို...
ဘုရား ရှိခိုးပြီး အိပ်တော့ ကိုယ့် စိတ်တွေ ကြည်ကြည်လင်လင်ပဲ။ ဒီကနေ မပြန်ရလောက်ဘူးလို့ စိတ်ထဲမှာ တချက်ဖြစ်လိုက်တာ ဘာကြောင့်မှန်းတော့ မသိ။ (မပြန်ချင်တာ မဟုတ်ဘူးနော်)

တနင်္လာ မနက်...
စင်ကာပူ စရောက်ကတည်းက Upside Down ဖြစ်နေတဲ့ ကိုယ့် ဘ၀ကို နောက်တကြိမ် Upside Down ဖြစ်အောင် ပြန်လုပ်ပေးလိုက်တဲ့ တရက်ပေါ့။ (အဲဒီတော့မှ အတည့် ပြန်ဖြစ်သွားတာ)
ဖုန်း call တခု ၀င်လာတယ်။ မတိုင်ခင် ၁ ပတ်၊ ၁၀ ရက်လောက်ဆီက ကိုယ့်ကို ဗျူးခဲ့တဲ့ အလုပ်ကပါ။
2nd Interview အတွက်လို့ ခေါ်တာပါ။ ဒါပေမဲ့ ကိုယ့် PP နဲ့ Cert. တွေ အားလုံး ယူလာပါတဲ့။
မိုင်သီသိတော့ သိပ်ကို အားရသွားပုံနဲ့ "သွား၊ သွား မြန်မြန်သွား" ဆိုပြီးပြောတယ်။
ကိုယ်မသွားဘဲနေမှာ စိုးပုံမျိုးနဲ့။

ရုံးကို ၁၀ နာရီလောက်ရောက်၊
ဘာမှ မဗျူးဘဲ Online ကနေ Spass တန်းတင်
တထိုင်တည်းမှာပဲ Approved ဖြစ်၊
Raffle Hospital မှာ Medical Check Up သွားလုပ်...

ဘ၀ဆိုတာ အဲဒီလိုလားဟင် !!!
ကိုယ် ပျော်လည်း မပျော်ရွှင်ပါ။
ရီလည်း မရီချင်ပါ။
အတက်အကျ အပြောင်းအလဲတွေ ဆိုတာ ဘေးက ရပ်ကြည့်မှသာ စိတ်လှုပ်ရှားစရာ ကောင်းတာ...
ကြုံနေရတဲ့သူအဖို့ရာမှာ ဘာမှလည်း မဟုတ်ပါဘူး။

မိုင်သီ့ကိုတော့ အရင်ဆုံး အကြောင်းကြားရပါတယ်။
ကိုယ့်မှာ ကျေးဇူးရှင်တွေက ခပ်များများဆိုတော့ Raffle မှာ Check Up လုပ်တဲ့ထိ msg တွေ ပို့လို့ မပြီးသေး... ဆရာဝန် ခေါ်တာ ပထမ မကြားလို့ (မကြားဆို ကိုယ့်နာမည်ကို ဘယ်လို အသံထွက်ပြီး ခေါ်နေမှန်းမှ မသိတာ) နောက်မှ အပြေးအလွှားသွား
လက်ထဲက ဖုန်းက တတီတီနဲ့
Pressure လဲ
ချိန်ရော "မင်းမှာ hyper tension ရှိတယ်" ဆိုတော့ "
ဟမ် ငါ့မှာ ဘယ်လိုလုပ် အဲဒါရှိမှာလဲ သွေးပေါင်တောင် ပြည့်ရဲ့လား မသိဘူး" လို့ ဆရာဝန်ကို ပြန်ငြင်းမိသေး... (ချက်ချင်းပဲ ဇာတိကပြ)

"မင်း ငါခေါ်တော့ ပြေးလာတာကိုး အဲဒါကြောင့်နေမှာပေါ့" တဲ့...
အို Hyper Tension လောက်ကတော့ ဆေးမှတ်ချက်မှာ minor ဆိုတာ ကိုယ်သိပါတယ်။
(ဘာဖြစ်လို့ သိတာလဲ မမေးပါနဲ့)

အဲဒီနေ့က မိုင်သီ အလုပ်မှာပဲ ညအိပ်ပြန်ပါတယ်။
နောက်တနေ့ အင်္ဂါမနက်ကျတော့ ကိုယ်က MOM မှာ extension လုပ်ဖို့အသွား
မိုင်သီက အလုပ်ကနေ အပြန် AMK Mrt မရောက်ခင် လမ်းခုလတ်မှာ နှစ်ယောက်ဆုံဖြစ်ကြတော့ တွေ့တွေ့ချင်း တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး အကျယ်ကြီး အော်မိကြတယ်။

တကယ်ပဲ ကိုယ်တို့ အစီအစဉ်ဆွဲထားသလို နောက်တရက်မှာ Bishan အိမ်ကို တူတူပြောင်းလာနိုင်ခဲ့တယ်။

နေရစ်တော့ Ang Mo Kio...

*****
အလုပ်ဝင်ပြီးတော့လည်း မိုင်သီ ကိုယ့်ကို Bank Acct. တူတူလိုက်ဖွင့်ပေးတယ်။
ပထမဆုံး လမှာ Bank Acct. မှာ Alphabet တလုံးပိုသွားတော့
ရမယ့်လခက တော်တော်နဲ့ မ၀င်လာ... ရုံးက cheque ရေးပေးတယ် ... ကြားမှာ ပိတ်ရက်ခံနေတာ ဆိုတော့ တော်တော်နဲ့ ပိုက်ဆံက မရောက်...

ကိုယ့်မှာ ပိုက်ဆံ မရှိတာ သိတော့ တောင်းစရာတောင် မလိုဘဲ ချက်ချင်း ပိုက်ဆံထုတ်ပေးတယ်။
ကိုယ်က မိုင်သီ့ဆီက ပိုက်ဆံချေးဖို့ ၀န်လေးလို့ မဟုတ်ပါဘူး။ ဘယ်ချိန်ပြောပြော ရမှန်းသိလို့ အေးဆေးနေတာပါ။ အားလဲ မနာပါဘူး။ နှစ်ရက်နေရင် ကိုယ့်ဆီ ပိုက်ဆံ ၀င်လာမှာပဲ။

ကိုယ် ပြန်မြင်ယောင်တုန်းပဲ။
ထမင်းစားပြီး ကိုယ် အခန်းထဲ ၀င်လာတော့ သူ ပိုက်ဆံအိတ်ထဲကနေ ပိုက်ဆံ ၃၀ ထုတ်ပေးတာကို... ဒါတောင် သူလဲ ကျောင်းသားဆိုတော့ သူ့မှာလဲ များများ ရှိတာ မဟုတ်ဘူး...
(ကိုယ့်ကို မတောင်းဘဲ ပေးတဲ့ သူငယ်ချင်း နောက်တစ်ယောက်ရှိသေးတယ်။ နောက်မှ သူ့အကြောင်းရေးမယ်)

Bishan အိမ် ပြန်အပ်ခါနီးတော့...သူပြောတယ်။ "ကိုယ် အလုပ်ရရင် တူတူ ပြန်နေကြမယ်နော်" တဲ့။
အဲဒီအချိန် ကိုယ်က အိပ်ရာပေါ်မှာ အိပ်ချင်မူးတူးနဲ့ "အင်း"
လို့ပဲ ပြန်ပြောမိတယ် ထင်တယ်။

အဲဒီနောက်တော့ သူက သူ့ကျောင်းက သူငယ်ချင်းတွေ ရှိတဲ့ Ang Mo Kio ကို ပြန်ပြောင်းရပြီး ကိုယ်ကတော့ အလုပ်နဲ့နီးရာ AJ ကို ရွေ့လာခဲ့တယ်။

*****
လာမယ့် ဗုဒ္ဓဟူးနေ့ သူ မြန်မာပြည်ကို အပြီး ပြန်တော့မယ်။
ဒီနေ့ပဲ ကိုယ်သူ့အတွက် လေယာဉ်လက်မှတ် booking လုပ်ပေးလိုက်ရတယ်။ သူ ဒီနေ့ အလုပ်လုပ်နေလို့။
ပြန်လာဖြစ်မယ် ဆိုရင်တောင် ကြာဦးမှာ...
ဘယ်လောက်ကြာမလဲ ဘယ်သူ သိမလဲ။

တကယ်တော့ AMK အိမ်မှာ ကြုံခဲ့တဲ့ အခန်းဖော်တွေ အားလုံး စိတ်သဘောထားကောင်းပြီး၊ နှစ်လိုဖွယ်ကောင်းပါတယ်။ အထူးသဖြင့် ကိုယ်နဲ့တူတူ တခန်းတည်း နေခဲ့တဲ့ programmer သူငယ်ချင်းနဲ့ nurse အစ်မ (အဲဒီ အစ်မက နောက်ပိုင်း Bishan ထိ အခန်းဖော် ဖြစ်လိုက်သေးတယ်)။

ဒါပေမယ့် တခြား အခန်းဖော်တွေက သူတို့ အလုပ်နဲ့သူတို့ ဖြစ်နေချိန်မှာ ကျောင်းပဲတက်တဲ့ မိုင်သီနဲ့ အလုပ်ရှာဆဲ ကိုယ်က တတွဲတွဲ အဖော်ဖြစ်နေခဲ့တာ...

(Bishan အိမ်မှာ ကြုံခဲ့တဲ့ အခန်းဖော် ညီမလေးတွေကတော့ ပြောစရာ အထူးမရှိ။ ခုထိ အပြင်မှာ သူတို့နဲ့ တွေ့ရင် အလိုလို မြူးလာရော...ကလေးမဟုတ် သူငယ်မဟုတ်နဲ့...)

မနေ့က Peninsula မှာ ညစာ တူတူ စားဖြစ်တယ်။
ကိုယ်တို့ စတွေ့တဲ့ အချိန်ကို သတိရမိတယ်။

ကိုယ့်ဘ၀မှာ ခဏတာ အချိန်လေးဆုံခဲ့ရပေမယ့် ကိုယ့်ကံကောင်းမှုတွေ အတွက် အတူတူ ပျော်ရွှင်ပေးခဲ့တဲ့သူ၊ ကိုယ့် ကံဆိုးမှုတွေ အတွက် အတူတူ ငိုကြွေးပေးခဲ့တဲ့သူ...


တွေ့ဆုံကြုံကွဲပဲ ဘ၀မှာ...
ဒါကြောင့်လည်း ဉာဏ်ပညာကြီးမားတဲ့ သူတွေက လွတ်ရာလွတ်ကြောင်း ရှာကြတာနေမှာ...
ကိုယ်လည်းရှာချင်ပါတယ်။ ဒါပေမဲ့...
လွမ်း...ကျန်ရစ်ခဲ့မှာ အားနာလို့...

*****


မနေ့ညနေက ရိုက်တဲ့ပုံ... (ပဲချည်းပဲ)



(ကိုယ့်ပုံကိုတော့ သည်းခံကြပါ။ ရိုက်မယ် မထင်သေးလို့ အိုက်တင် မခံလိုက်ရဘူး။)


*****
သူမပြန်ခင် ဒီ post ကို အပြီးတင်ချင်လို့ ဒီနေ့ သူငယ်ချင်း ဖိတ်ထားတဲ့ dinner ကိုတောင် ဖျက်လိုက်တယ်။

ဗုဒ္ဓဟူးနေ့
သူပြန်မယ့် အချိန် ရုံးကနေ မှန်းပြီး မျက်ရည်လည်နေတော့မယ်။
အိမ်ပြန်ရောက်ရင်တော့ ငိုမိမလား မသိဘူး။
ခုတောင် ကိုယ် စာလုံးတွေ ကောင်းကောင်း မမြင်ချင်တော့ဘူး။

အရာရာတိုင်းအတွက်
မိုင်သီ့ကို ကျေးဇူးတင်ပါတယ်။

*****
ကိုယ့်ကိုယ်ကိုယ်လဲ မပျက်မကွက် ကျေးဇူးတင်တယ်။
ဒီလို သူငယ်ချင်းမျိုးနဲ့ ဆုံရလောက်တဲ့ ကုသိုလ်ကံအကြောင်းတွေ ဖန်တီးနိုင်ခဲ့လို့။