Sunday, March 28, 2010
ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၁၁)
အပြန်ခရီး
အပြန်မှာလည်း အလာတုန်းကအတိုင်းပဲ ခရီး နှစ်ဆင့်။ မုံရွာမှာ transit ။
မေမေတို့ အသိ အန်တီက ကြားထဲမှာ လပ်နေတဲ့ အချိန်မှာ လာစောင့်ပေး၊ နေ့လည်စာ လာကျွေးတယ်။ အဲဒီ အန်တီကို ကျေးဇူးလည်းတင်၊ အလုပ်တဖက်နဲ့မို့ အားလည်း နာမိတယ်။
မုံရွာရောက်တော့ ဖုန်းက ပြန်ရတယ်။
ကားမထွက်မချင်းဟာ မေမေနဲ့ သူကခေါ်လိုက် ကိုယ်ကခေါ်လိုက်နဲ့ ထပ်ပြောကြပြန်သေးတယ်။
တကယ်တော့ တစ်ယောက်တည်း ခရီးသွားဖို့ အခွင့်အရေး အရင်က တခါမှ မရဖူးပါဘူး။
လူကြီး တစ်ယောက်မဟုတ် တစ်ယောက်တော့ အနားမှာ ပါတာချည်းပဲ။
လူကြီးတွေပါတော့ သက်တောင့်သက်သာနဲ့ အဆင်သင့်ရတာပေါ့။
ဒါပေမဲ့ ဒီတစ်ခေါက် ဒီလောက် ခရီးရှည်ကြီး တစ်ယောက်တည်း သွားရတော့လည်း စိတ်ထဲ ဘာမှ မထူးခြားသလိုပဲ။ အရင်ကတည်းကပဲ ဒီလို သွားခဲ့ဖူးသလိုလိုနဲ့။
ပြောသာ ပြောရတာ အသွားရော အပြန်ရော စီးလာတဲ့ ကား owner က အိမ်ဘေးက အသိ။ ဒါ့ပြင် သူရော သူ့အမျိုးသမီးရော ကားနဲ့ လိုက်ကြတာဆိုတော့ တစ်ယောက်တည်း ခရီးသွားတယ်လို့တောင် မဆိုသာပြန်ဘူး။ ထိုင်စရာလည်း ရှေ့ဆုံးက VIP အတွက် ချန်ရတဲ့ ခုံကို အသိမို့ အထူးနှုန်းနဲ့ ပေးပြီး နှစ်ခုံတွဲကို တစ်ယောက်တည်း စီးလာရတယ်။
မိတ္ထီလာ မရောက်ခင် ထင်ပါရဲ့ ကားပျက်တယ်။ ကံ ကောင်း လို့။
တကယ် ကံကောင်းတာ။ ဘာလို့ဆို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နေပြည်တော် အမြန်လမ်းမသစ်ကြီးကနေ မောင်းတာဆိုတော့ ရန်ကုန်ကို မနက် နေမထွက်ခင် အစောကြီး ဝင်မှာမို့လို့။ ပျက်နေတော့ လင်းမှ ဝင်မယ်။ ကောင်းလိုက်တာ။
20th Feb 2010 Saturday လင်းလင်းချင်းချင်းကြီးမှာ ရန်ကုန် ပြန်ရောက်တယ်။
***
မေခလာ
ကိုယ့်နိုင်ငံလေးမှာ မေခလာ ဆေးခန်းလေးကစ ချစ်တယ်။ (ဒါလည်း ဈေးပေါလို့ပဲ)
(ဈေးပေါတယ် ဆိုတာလည်း၊ ဟိုမှာနေတုန်း ရတဲ့လခနဲ့ ပေါတာ မဟုတ်။)
မျက်နှာက ဝက်ခြံတွေ ဆရာဝန်နဲ့ ပြမယ် ဆိုတော့ ပတ်ချာလည်အောင် လိုက်စုံစမ်းပြီး နောက်ဆုံးတော့ ရုံးက အစ်မတွေကပဲ ဆရာဝန် ရွေးတာ အစ ဆေးခန်းကို လှမ်းပြီး book လုပ်တာ အဆုံး ရုံးကနေ လှမ်းလုပ်ပေးကြတယ်။ ဘာမှ မသိတာတို့၊ ဘာမှ မလုပ်တတ်တာတို့ ဆိုတာ နာမည်သာ ဆိုးတာ လူတော့ အတော် ဇိမ်ကျတယ်။
ညနေပိုင်းကျ ဆေးခန်းတူတူသွားတယ်။
ဆရာဝန်က ဒေါက်တာ ဆွေမြင့်။ အသက်ကြီးကြီး ဝဝ ထောင်ထောင်မောင်းမောင်း။
စကားကို သူလိုမှ ပြောမယ့် စတိုင်လ်နဲ့။ ဖြုံစရာ ပုံစံ။
ဒါပေမဲ့ ကိုယ့်ရဲ့ sense အရ နှစ်လိုယုံကြည်စရာကောင်းတယ် လို့ ခံစားမိတယ်။
(ကိုယ်လို လူမျိုးလို့ ထင်တာကိုး)
***
စူစကာပုဏ္ဏား
နောက်တရက်ကျတော့ ရုံးကို ထပ်သွားပြန်တယ်။
တကယ်တော့ မပြန်ခင်မှာ နောက်တခေါက် အပြင်မှာ ထပ်စားကြဖို့ ချိန်းပြီးသား။
ချိန်းတဲ့နေ့မှ တွေ့လည်း ရပေမယ့် အဲဒီနေ့က စားစရာတွေ ထည့်ပေးလိုက်မယ် ဆိုတာနဲ့။ :D
အကုန် ရုံးကပဲ ပေးလိုက်တာ။
အပြန်မှာ ကီလို ပိုတာလည်း မပြောနဲ့။ ပုစွန်ခြောက်က ၅ဝ သားလောက်ရှိလား မသိပါဘူး။ ဒီရောက်တော့ ဟင်းချက်မစားချင်တဲ့ ငပျင်း ဆိုတော့ ပုစွန်ခြောက်ထုတ်ကို ဖောက်တောင် မဖောက်ရသေးဘူး။ ကျန်တာတွေလည်း ခုထိ စားမကုန်သေးဘူး။ မေမေ ထည့်ပေးလိုက်တဲ့ (၃) မျိုးထဲကလည်း (၂) မျိုးကို မဖောက်ရသေးဘူး။
အဲဒါတွေ သွားယူတဲ့နေ့က ရုံးမဆင်းခင် သွားပြီး၊ ရုံးဆင်းတော့ အတူတူ ပြန်လာကြတယ်။
အဲဒီမှာ လုပ်ခဲ့တုန်းက feeling မျိုး ပြန်ဝင်လာပြီး၊ ကုန်သွားတဲ့ အချိန်တွေကို ပြန်သတိရမိပြန်တယ်။ အတိတ်ဆိုတာ ရထားတစ်စင်းလိုပဲ တဲ့။ ဖြတ်ကျော်လာခဲ့ပြီးတဲ့ နေရာတွေကို ဘယ်တော့မှ နောက်ပြန်လှည့်လို့ မရဘူး။
***
ငါးရံ့အူ
ကိုယ် ဘာမှ မချက်ချင် မပြုတ်ချင်ဘူး၊ မီးဖိုချောင်ထဲ မနေချင်ဘူး ဆိုတော့ အဲဒါ ပြဿနာ မဟုတ်ဘူး လို့ ပြောတယ်။ ဒါပေမဲ့ သူ ပိုက်ဆံတွေ အများကြီး ရှာနိုင်လို့ ဟိုတယ်မှာ နေ့တိုင်း တက်စားနိုင်တဲ့ အခြေအနေရှိလည်း၊ တခါတရံမှာတော့ ကိုယ်လုပ်ပေးတာကိုမှ စားချင်ပါတယ် လို့ ဖြစ်မိမှာပဲတဲ့။
"ဒါဆို ကိုယ်ဘာတွေ ချက်ထားကြည့်ရမလဲ ခုတည်းက။ ပြော"
"ဘာပဲဖြစ်ဖြစ်လေ။ ကိုယ်မှ ဂျီးမများတတ်တာ။ ကောင်းမယ်ထင်တာတွေ စမ်းထားကြည့်ပေါ့။"
(အဲဒါ အမှန်ပဲ။)
"ဟုတ်ဘူးလေ။ မင်းကြိုက်တာ ၃/၄ မျိုးလောက်ကို expert ဖြစ်အောင် လုပ်ထားမှာပေါ့။"
(ကျောင်းတုန်းက စာမေးပွဲတွေမှာ စပေါ့ရိုက်ပြီး စာကျက်သလို)
နည်းနည်း စဉ်းစားနေတယ်။ ပြီးတော့မှ "ဘာပဲ ဖြစ်ဖြစ် ဂျီးမများတတ်ပါဘူးဆို။ အိမ်လိုက်မေးကြည့်ပါလား။ ဘာမဆို စားပစ်တာပဲ။"
"ဒါကတော့ မင်းအိမ်ကလူတွေ ဟင်းချက်ကောင်းလို့ ဖြစ်မှာပေါ့။ ကိုယ်ချက်တော့မှ စိတ်ကုန်နေရင် ဘယ်လိုလုပ်မလဲ။ ပြောပါဆို။ ဟို မပြန်ခင် သင်သွားမယ်။ ခု အိမ်ရောက်နေတဲ့ အဒေါ်တွေက ဟင်းချက် expert တွေ"
"တကယ်ပြောတာ။ ကိုယ်က ဇီဇာကို မကြောင်တတ်ဘူး။ သင်ချင်တယ် ဆိုလည်း ငါးရံ့အူ တို့ ဘာတို့ သင်ထားပေါ့။ အဲဒါ အရမ်းကြိုက်တာ။"
"ဟမ်... ငါးရံ့အူ။ မင်းဟာက ခက်တဲ့ ဟင်းကြီး။"
"ဟောဗျာ အဲဒါဆိုလည်း ဘာလို့ လာမေးနေသေးလဲ။ ကိုယ့်ဘာသာ ချက်ချင်တာပဲ ချက်၊ သင်ချင်တာပဲ သင်တော့ပေါ့။"
"စိတ်ညစ်အောင်ပဲ လာပြောနေတယ်"
တခန်းရပ်။
(တကယ်လည်း ဘာမှ မသင်ဖြစ်ခဲ့ဘူး။ အချိန်မှ မရှိတာ။ ပြီးတော့ ဟင်းချက်တာများ သင်မှ တတ်ရမယ်လို့။ ရာဇဝင်ရိုင်းတယ်။ ဒေါက်တာသန်းထွန်း စကား ငှားသုံးလိုက်ဦးမယ်။ ကြားကာ မြင်ကာမျှနဲ့ တတ်တယ် မှတ်ထား။)
***
ဆံပင်ဖြူ
ကိုယ့်ခေါင်းမှာ ဆံပင်ဖြူ ရှိတယ်။
ကျောင်းမပြီးခင်ကတည်းက ထိပ်ဆံစပ်မှာ တစ်ပင်တစ်လေကနေ နှုတ်ရင်း ပွားလာတာ။
(ခေါင်းမှာ ဆံပင်ဖြူ တပင်တလေ တွေ့လို့များ လုံးဝမှ မနုတ်မိပါစေနဲ့။ ပွားလာတတ်တာ ကိုယ်တွေ့ပဲ။ စဉ်းစားမိတာ တစ်ခုက အဖြူနုတ်လို့ အဖြူပွားတယ်ဆို အနက်နုတ်ရင်ရော အနက်ပွားလာလား မသိဘူး။ ဆံပင်အနက် နည်းနည်းပဲ ကျန်တော့တဲ့ လူတွေ အနစ်နာခံပြီး စမ်းသပ်ကြည့်ကြဖို့ ကောင်းတယ်။)
အဲဒီ ဆံပင်ကို ဘာလို့ ဆေးမဆိုးတာလဲ။ ဆိုးထားပါလားလို့ ပြောတယ်။
ကိုယ်က မေးတယ်။ ကိုယ့်မှာ ဆံပင်ဖြူရှိတာ မင်း စိတ်ပျက်သလား လို့။
မပျက်ပါဘူး တဲ့။ ဒါနဲ့ ကိုယ်က ပြန်ပြောရတယ်။ ဒါဆိုလည်း တခြားယောက်ျားတွေ အတွက်တော့ ကိုယ် ဆိုးစရာ မလိုပါဘူး လို့။
အတော် သဘောကျသွားပုံရတယ်။ Internet မှာ ပြန်ရေးလိုက်မယ် လို့တော့ ပြောခဲ့တယ်။
(အထင်မကြီးပါနဲ့။ အဲဒါ ကျော်ဟိန်း စကားလုံး။)
***
ယူဂျီးနီးယား
ဒီတခါတော့ ကိုယ် ကျွေးတာ မဟုတ်ဘူး။ လိုက်စားရုံပဲ။
ထုံးစံအတိုင်း ရွှေကောင်း သွားမယ် ဖြစ်လိုက်၊ ဟိုသွားမယ် ဒီသွားမယ် ဖြစ်လိုက် လုပ်ပြီးမှ အဲဒီကို ရောက်တယ်။ အဲလိုမှ မဖြစ်ဘဲ တနေရာရာကို တန်းတန်းမတ်မတ် ရောက်ရမယ် ဆိုရင်တောင် စိတ်ထဲမှာ ဟာတာတာ ဖြစ်မိမယ်။
သူတို့က ကိုယ် ဘာစားချင်လဲ ဘယ်သွားချင်လဲ မေးပေမယ့် ကိုယ်က စားဖို့က အဓိက မဟုတ်ပါဘူး လို့။ ဒီလူတွေနဲ့ တွေ့ပြီး၊ စကားပြောဖို့ ဟီးဟီးဟားဟား လုပ်ဖို့ အဓိကပါလို့။
လက်တုန်သွားလို့။
အကုန်လုံး ရုံးက လူတွေချည်းပဲ။
ဒါက ဆိုင်ကလူ ရိုက်ပေးတာ။ သူလည်း လက်တုန်သွားလို့။
အမှန်တိုင်း ပြောရရင် ဒါတွေ ကြည့်ပြီး ပြန်စားချင်လိုက်တာလို့ မဖြစ်မိဘူး။
ဒါတွေစားချင် အင်းလေး သွားလိုက်ရတာပဲ။ အဲဒါတွေ သိလို့ ရိုက်ဖြစ်တာ။
ဝက်နံရိုးနဲ့ တခြား ၂ မျိုး ဘယ်ရောက်မှန်း မသိဘူး။ ရိုက်ပဲ မရိုက်လာခဲ့မိဘူးလား မသိ။
မတွေ့တာပဲ ကောင်းပါတယ်။ တွေ့လည်း စားချင်စရာကောင်းအောင် ရိုက်လာနိုင်တာ မဟုတ်တော့...
အဲဒါ 23rd Feb ထင်တယ်။
စားပြီး အအေးသောက်နေတုန်း "နောက် ၂ ရက် ၃ ရက်နေရင် ဒီလို ဟီးဟီးဟားဟား နေရတော့မှာ မဟုတ်ဘူး။ ဟိုရောက်ပြီး မျက်နှာသေလေးနဲ့ ဖြစ်နေပြီ" လို့ မျက်နှာငယ်လေးနဲ့ ကိုယ်ပြောမိတယ်။ သူတို့က အတည်ပေါက် ပြန်မပြောကြဘဲ ရီစရာ လုပ်ပစ်တယ်။ ဘာဖြစ်လို့လဲဆိုတာ ကိုယ် နားလည်ပါတယ်။
***
ခေါင်းစဉ်နဲ့ မဆိုင်တာတွေ ထည့်ရေးမိလို့ အားနာပါတယ်။
တကယ်က မြန်မာပြည်ခရီးစဉ်အကြောင်း ရေးတာမှာ မြန်မာပြည်အကြောင်း ဘာမှ မရေးဖြစ်ဘဲ၊ ကိုယ့်အကြောင်းကိုယ် ပြန်ရေးမိတာ ပိုများပါတယ်။
ဒါနဲ့ မြန်မာပြည်အကြောင်းက ဘာများ ရေးစရာ ရှိသလဲ။
***
Saturday, March 27, 2010
ပံ့သကူ (၂) - မောင်သစ်ဆင်း
အဘွားအိုသည် ပတ်ဝန်းကျင်ကို မေ့လျော့သွားသည်နှယ် ကျိုးကျဲသော သွားများပေါ်အောင် ပြုံးလိုက်သည်။ တုန်ယင်သော လက်အစုံနှင့် စာအိတ်ကို ဖွင့်လိုက်၏။
စာရွက်ခေါက်လေး တစ်ရွက်။
ပြီးတော့...
ဘာမှ မရှိ။
အဘွားအို မျက်နှာ ကွက် ခနဲ ပျက်၏။ အပြုံးလည်း ရုတ်ချည်း ပျောက်ကွယ်သည်။ စာအိတ်ကို ကိုင်လျက် အတန်ကြာ ငိုင်ကျသွား၏။ နောက်မှ ဘေးဘီကို သတိရသလို ကြည့်သည်။ သူ့ကို ရပ်ကြည့်နေသူ နှစ်ဦးအား မြင်လိုက်ရသည့်အခါ အဘွားအိုသည် မျက်နှာမထားတတ်သလို ဖြစ်သွားလေသည်။ ထိုအချိန်တွင် လူငယ်က သူ့ထံ လျှောက်လာ၏။
"အဘွား နည်းနည်းလေး နောက်ကျသွားတယ်ဗျ။ စောစောလေးကပဲ ဟောဒီ အစ်ကို ရသွားတယ်။" အဘွားအိုသည် အဝတ်တစ်စလို ပုံကျနေသည့် ဦးခေါင်းကို ဖြည်းလေးစွာ အားယူမော့၍ လူငယ်ကို ကြည့်သည်။ ထို့နောက် "ကိုလူဝ" ကို ကြည့်သည်။ အားယူ၍ ပြုံးသည်။
"သြော် ကောင်းပါလေရဲ့ကွယ်"
"နေပါဦး အဘွားရဲ့။ အဘွားက စောစောကတည်းက ဒီ ပံ့သကူ ကို တွေ့ခဲ့ပြီးသားလား။ ဘာဖြစ်လို့ ခုမှ လာကောက်ရတာလဲ။"
လူငယ်၏ အမေး၌ အဘွားကြီး ရုတ်တရက် ထိတ်ပျာသွားလေသည်။ လူငယ်ကို ကြည့်လိုက် "ကိုလူဝ" ကို ကြည့်လိုက်နှင့် ဘာပြောရမည်မသိ ဖြစ်နေဟန်ရှိသည်။ နှုတ်ခမ်းကို လျှာနှင့်သပ်၍ အမျိုးမျိုး ပါးစပ်ကို ပြင်သည်။ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်၍ ခေါင်းကို ယောင်ယမ်း၍ ကုတ်သည်။ လူငယ်က သူ့ကို စိတ်ဝင်တစား ကြည့်နေ၏။
"ဟိုဒင်း... ကျုပ်က... အဲဒီ... ဟိုဟာ... အဲ ဘာပြောရမှန်းတောင် မသိတော့ပါဘူးကွယ်။"
အဘွားကြီး ခေါင်းကုတ်ပြန်သည်။
"ဒီလိုကွယ်။ ပြောရမှာ ရှက်တော့ ရှက်စရာပါပဲ။ ဒီ ပံ့သကူ က ကျုပ်ကိုယ်တိုင် ဒီနေ့မနက်က ပစ်ခဲ့တာပဲကွယ်"
"ဟောဗျာ ဒါဖြင့် ဘာဖြစ်လို့လဲ"
"အဲဒါ ရှက်စရာ ကောင်းတာပ။ ဒီလိုကွယ်... ကျုပ်တို့က တောကပါ။ မြေးကလေး မမာလို့ ဆေးရုံလာတင်ရတာ နှစ်ပတ်လောက် ရှိပြီ။ အခြေအနေကလည်း သိပ် မထူးခြား လှတာနဲ့ အဲဒါ ဒီမနက် ဆေးထွက်ဝယ်ရင်း ဗေဒင်ဝင်မေးတော့ ဆရာက ယတြာချေတဲ့ အနေနဲ့ လမ်းဆုံ၊ လမ်းခွ၊ လမ်းဘေး၊ သစ်ပင်တစ်နေရာမှာ ကိုယ် တတ်နိုင်သလောက် ပံ့သကူ ပစ်ရမယ် တဲ့။ ပြီးတော့ အင်းချထားတဲ့ စာရွက်ပေါ်မှာ စာရေးခိုင်းတယ်။ ကျုပ်က မရေးတတ်တော့ ဆရာကိုယ်တိုင် ရေးပေးရှာတယ်။ အဲဒါနဲ့ ဈေးထဲက ဆေးဆိုင်ကိုအသွား ဟောဒီ ညောင်ပင်ကြီးအောက်မှာ ပံ့သကူ ပစ်ခဲ့တာကွယ်"
"ဒါဖြင့် အခု ပြန်လာယူတာက..."
"ဆေးဈေးတွေ တက်သွားလို့ကွယ့်။ ကျုပ်ဝယ်ရမှာ... အဲ... နာမည်တော့ မခေါ်တတ်ဘူးကွယ့်။ အသက်ကယ်ဆေး ဆိုလားပဲ။ အဲဒါက သုံး လေးရက်အတွင်း အများကြီး တက်သွားတယ်။ စုစုပေါင်း ဆေးဖိုးတွက်လိုက်တော့ ငွေ ဆယ့်ငါးကျပ် လိုနေရော... တည်းတဲ့ ဘုန်းကြီးကျောင်း ပြန်သွားရမှာကလည်း အဝေးကြီး... မြေးလေးကလည်း တအား မောနေ၊ ဆေးကလည်း ချက်ချင်းရမှ ဖြစ်မှာဆိုတော့ မနက်က ပစ်ခဲ့တဲ့ ပံ့သကူငွေ ဆယ့်ငါးကျပ်ကို ပြန်သတိရလိုက်တာနဲ့... အင်း စွန့်ခဲ့ပြီးပေမယ့် မတတ်နိုင်ဘူးကွယ်။ ပြန်ရလိုရငြား လာရှာမိတာပါ။ ပြန်မရတာပဲ ကောင်းပါတယ်။ မြေးကလေး ကုသိုလ်ရတာပေါ့။"
လူငယ်သည် မျက်မှောင်ကြုတ်လိုက်၏။
"နေပါဦး။ အဘွားပစ်ခဲ့တာ ငွေဘယ်လောက်"
"ဆယ့်ငါးကျပ်လေ။ မြေးကလေး သက်စေ့ပဲ။"
"ဟုတ်ရဲ့လား။"
"ဟုတ်ပါတယ်ကွယ်။ ဆယ့်ငါးကျပ်တန် တစ်ရွက်ရယ်၊ ဗေဒင်ဆရာ ရေးပေးတဲ့ စာရွက်ရယ်။"
လူငယ်က "ကိုလူဝ" ကို လှည့်ကြည့်သည်။ "ကိုလူဝ" ထံမှ တင်းမာသော အကြည့်များကို မြင်ရသောအခါ လူငယ် အံ့သြသွားလေသည်။
"မဟုတ်သေးဘူး အဘွားရဲ့။ ပံ့သကူ စာအိတ်ထဲက ဒီအစ်ကို ရတာ ငွေ ၆ဝ။ ဟုတ်တယ် မဟုတ်လား အစ်ကို။"
လူငယ်က "ကိုလူဝ" ကို လှည့်၍ မေးလိုက်၏။ "ကိုလူဝ" က လူငယ်ကို စားမတတ် ဝါးမတတ် တင်းမာစွာ ကြည့်နေဆဲ။ ထို့နောက် အဘွားဘက် လှည့်ကာ ခေါင်းညိတ်သည် ဆိုရုံ ညိတ်လိုက်သည်။ အဘွားအိုသည် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ခေါင်းကုတ်ပြန်၏။
"ဟောတော် ငွေတွေက ဘယ်လိုလုပ် ပွားလာတာပါလိမ့်။ ကျုပ်ပစ်ခဲ့တာ ဆယ့်ငါးကျပ်ထဲပါကွယ်။ ဘုရားကြီး စူးရပါစေရဲ့။ အဲ ဗေဒင်ဆရာရဲ့ အင်းကြောင့်များလား။"
ထိုအခိုက်၌ လူငယ်သည် တစ်စုံတစ်ရာကို တွေးတောမိဟန်ဖြင့် စာအိတ်ကို ကြည့်လိုက်သည်။
"အဲဒီထဲက စာရွက်ကို ဖတ်ကြည့်ပါလား"
အဘွားအိုက စာရွက်ခေါက်ကို ထုတ်ယူပြီး ဖြန့်လိုက်သည်။ ဖူးစကတ်အရွယ် စာရွက်၏ ထိပ်ပိုင်း၌ အင်းကွက်ကလေး တစ်ကွက်ရှိသည်။ ထိုအင်းကွက်အောက်၌ မညီမညာ ရေးသားထားသည့် စာကြောင်းများ။ အဘွားအိုက လူငယ်ကို မော့ကြည့်၏။
"အဘွားက စာမဖတ်တတ်ဘူးကွယ့်။ လူလေး ဖတ်ပြပါလား။"
"ပေး ပေး ကျုပ် ဖတ်ပြမယ်။"
တစ်ချိန်လုံး ငြိမ်သက်နေခဲ့သည့် "ကိုလူဝ" က လှုပ်ရှားလာကာ အလောတကြီး ဝင်ပြောလိုက်၏။ သို့ရာတွင် စာရွက်က လူငယ်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ပထမဦးဆုံး အင်းကွက်ကို တွေ့လိုက်ရသည်နှင့် လူငယ်က အသာအယာ ပြုံးလိုက်၏။ ထို့နောက် စာကြောင်းများကို ဖတ်သည်။ ထိုသို့ ဖတ်နေစဉ်တွင် လူငယ်၏ မျက်နှာပေါ်၌ သနားရိပ်... ထို့နောက် အံ့သြရိပ်များ... ထို့နောက် အပြုံး အနည်းငယ်... ထို့နောက်...
စာရွက်ကို ဖတ်ပြီးသောအခါ လူငယ်၏ မျက်နှာ၌ တင်းမာရိပ်များ နောက်ဆုံး ကျန်ရစ်သည်။ ထိုမျက်နှာဖြင့် လူငယ်သည် "ကိုလူဝ" ကို ကြည့်လိုက်၏။ "ကိုလူဝ" က ညောင်ပင်ကို မော့ကြည့်နေလေသည်။
"ကဲ ကျွန်တော် ဖတ်ပြမယ်။"
လူငယ်က ချောင်းတစ်ချက် ရှင်းလိုက်သည်။
တွေ့ရှိသူသို့ ...
ကျွန်မ၏ ၁၅ နှစ်ရွယ် မြေးငယ်သည် ဆေးရုံပေါ်၌ သေကောင်ပေါင်းလဲ ဖြစ်လျက်ရှိပါသည်။ မြေးငယ်လေး၏ ကျန်းမာရေးအတွက် ရည်စူးလျက် ဆေးဖိုးထဲမှ ဖဲ့၍ ဤ ပံ့သကူ အလှူကို ဆောင်ရွက်ပါသည်။ လှူရသော အကျိုးကြောင့် မြေးငယ်လေး အမြန် ကျန်းမာပါစေ။ တွေ့ရှိသူကလည်း အင်္ဂါသမီးလေးအတွက် ဆုတောင်းပေးကြပါ။
မြေးငယ်၏ ဘွားအေ
"ဟုတ်တယ် ဟုတ်တယ်။ အဲဒါ ဗေဒင်ဆရာ ပါးစပ်က ရွတ်ပြီး သူကိုယ်တိုင် ရေးပေးတာ"
"နေဦးလေ အဘွားရဲ့။ ဆက်နားထောင်ပါဦး။"
"ဟဲ့ ဒါပဲ မဟုတ်လား။"
"နောက်ထပ် ဆက်ရေးသွားကြတဲ့ လူတွေ ရှိသေးတယ်။"
"ဟင်"
"နားထောင် အဘွား"
တွေ့ရှိသူသို့
ဤပံ့သကူကို ဦးစွာ ပထမ တွေ့ရှိဟန်တူသူမှာ ကျွန်တော်ဖြစ်နိုင်ပါသည်။ ကျွန်တော် ဆရာဝန်တစ်ဦးဖြစ်ပါသည်။ ခေတ်ပေါ် ဆရာဝန်ပေါက်စတစ်ဦး ပီသစွာပင် ဆေးကုသခြင်း အလုပ်မှ လွဲ၍ ကျန်အလုပ်များ အားလုံးကို စိတ်ဝင်စားပါသည်။ ဒေါ်လာကိုမူ စိတ်အဝင်စားဆုံး ဖြစ်ပါသည်။ ဤ မှန်သော သစ္စာစကားကြောင့် သမီးကလေး အမြန် ကျန်းမာပါစေ။ ငွေ (၁၅) ကျပ် ထည့်ဝင် လှူဒါန်းခဲ့ပါသည်။
ဆရာဝန်တစ်ဦး
ပံ့သကူရှင် အဘွားအိုသည် ပါးစပ်အဟောင်းသားနှင့် အံ့သြတကြီး ဖြစ်နေ၏။
"ဘယ် ဘယ်လိုကွယ့်။ ဆရာဝန်က ငါ့မြေးလေး အတွက် ဆယ့်ငါးကျပ် ထည့်သွားတယ် ဟုတ်လား"
"ကိုလူဝ" သည် ညောင်ပင်ကြီးကို မော့ကြည့်နေဆဲ ဖြစ်၏။ ညောင်ရွက်များကို ရေတွက်နေသည်လား မဆိုနိုင်။ လူငယ်က ပံ့သကူရှင်ကို ကြည့်၍ ပြုံးလိုက်သည်။
"မပြီးသေးဘူး အဘွားရဲ့။ နောက်ထပ် လူတွေ ရှိသေးတယ်။ နားထောင်ပါဦး။"
တွေ့ရှိသူသို့
မိသားစုအတွက် ကျွန်တော် ငါးပါးသီလ မလုံဘဲ ရရှိနေသည့် ငွေကြေးအပေါ် လိပ်ပြာသန့်နေမိခြင်းအား လိပ်ပြာမသန့်ပါ။ ဤမှန်သော သစ္စာစကားကြောင့် ဝေဒနာရှင် အမြန် ကျန်းမာပါစေ။ အလှူငွေ (၁၅) ကျပ် ပါဝင်ခဲ့ပါသည်။
ရုံးစာရေးကြီးတစ်ဦး
လူငယ်က မရပ်မနားတော့ဘဲ တောက်လျှောက် ဆက်၍ ဖတ်သွားတော့၏။ အဘွားကြီးသည် ပါးစပ် ဟကာ ငေးနေဆဲ။ "ကိုလူဝ" က အပေါ်မော့နေဆဲ။
တွေ့ရှိသူသို့
ကျွန်တော် သစ်ပင်မစိုက်ပါ။ လူပင်စိုက်ပါတယ်။ ကျောင်းဆရာပေါ့။ ဒါပေမဲ့ ကျွန်တော့် သား သမီး (၄) ယောက် လူဖြစ်ပါ့မလား တွေးမိတိုင်း အရက်သောက်ချင်စိတ် ပေါက်လာတတ်ပါတယ်။ စွန့်စွန့်စားစား ငွေ (၁ဝ) ကျပ် ကူခဲ့ပါတယ်။ ဝေဒနာရှင် ကျန်းမာပါစေ။
ကျောင်းဆရာတစ်ဦး
***
တွေ့ရှိသူသို့
ကျွန်မမှာ ကလေး (၅) ယောက် ရှိတယ်။ အငယ်ဆုံးကလေးက ဆေးခန်းပြနေရတယ်။ ဒီ ပံ့သကူကို ကျွန်မ လိုချင်ပါတယ်။ ဒါပေမဲ့ အထက်က ရေးသွားကြ၊ လှူသွားကြသူတွေကြောင့် ချီတုံချတုံ အကြာကြီးဖြစ်နေပြီးမှ ကျွန်မ မယူဖြစ်တော့ပါ။ ဤပံ့သကူကို မယူတော့ခြင်းဖြင့် ကျွန်မကလေးနှင့် ပံ့သကူရှင်၏ မြေးကလေးတို့ ကျန်းမာကြပါစေ။
အလုပ်သမတစ်ဦး
"အဘွားရေ နောက်ဆုံးလူက ကဗျာဆရာဗျ"
သမီးလေးရေ
ဒါတွေဟာ ကဗျာကွဲ့
ငါ့မှာ ရင်ခုန်ရ။
လောကကြီးဟာ
နေပျော်ပါသေးရဲ့လို့လည်း
အတွေးရ။
ပံ့သကူပွဲ
ငါလည်း ဝင်လို့နွှဲ
အိတ်ထဲက (၅) ကျပ်
အပြီးသတ် ထုတ်ယူ
ကဗျာဆရာ့အလှူ
ဇမ္ဗူမှာ တစ်လူပါကွ
သိကြားမင်း ကျောက်ဖျာအခင်း
တင်းရော့လဟ။
ကဗျာဝါသနာရှင်တစ်ဦး
လူငယ်သည် ပံ့သကူရှင် အဘွားကို မော့ကြည့်လိုက်၏။ ထို့နောက် စာရွက်ကို လှမ်းပေးလိုက်သည်။ ပံ့သကူရှင်သည် စာရွက်ကို လက်တွင် ကိုင်လျက် တွေတွေကြီး ငေးစိုက် ကြည့်နေလေသည်။ တုန်ယင်နေသည့် လက်ချောင်းများဖြင့် သူ မဖတ်နိုင်သော စာကြောင်းများကို အသာအယာ ပွတ်သတ်လျက်ရှိ၏။ ဝေသီ မျက်လုံးအစုံ၌ မျက်ရည်စများ ဝေ့တက်လာကြသည်။ မျက်တောင်တို့ကို ပုတ်ခတ်၍ မျက်ရည်ကို ထိန်းသည်။ တွန့်ရှုံ့ နှုတ်ခမ်းများ တရွရွ တုန်လှုပ်သည်။
"သာဓု သာဓု သာဓုပါတော်။ ဆရာဝန်ကြီးတို့၊ စာရေးကြီးတို့၊ ဆရာကြီးတို့ ကျန်းမာချမ်းသာကြပါစေ။ လိုရာဆန္ဒ ပြည့်ဝ ကြပါစေ။ မြေးလေးရေ မြေးလေးရဲ့ ကုသိုလ်အတွက် ဝိုင်းကြ ဝန်းကြသကွဲ့။ ကျုပ်ရင်ထဲမှာ တမျိုးကြီးပဲကွယ်။"
လူငယ်သည် "ကိုလူဝ" ကို လှည့်ကြည့်လိုက်၏။
"ကိုလူဝ" သည် ညောင်မြစ်ပေါ်၌ အေးဆေးစွာ ထိုင်နေပြီဖြစ်သည်။
"ဒီမှာ ဒီမှာ ဒီကိစ္စကို ခင်ဗျား ဘယ်လို သဘောရသလဲ။"
"ကိုလူဝ" က အေးဆေးစွာ မော့ကြည့်သည်။
"ဘာလဲကွ"
"ဒီက အဘွားကြီး ကိစ္စ"
"အဲဒါ ငါက ဘာလုပ်ရမှာလဲ"
လူငယ်သည် "ကိုလူဝ" ကို အတန်ကြာ စိုက်၍ ကြည့်၏။ ထို့နောက် အောက်နှုတ်ခမ်းကို အသာ ကိုက်သည်။
"ကျွန်တော်သာ ဒီ ပံ့သကူကို ရခဲ့မယ်။ ပြီးတော့ ဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့မယ် ဆိုရင်... ဒီက အဘွားကို ပံ့သကူ ပိုက်ဆံတွေ အကုန် ပြန်ပေးလိုက်မှာပဲ"
"အင်း ဟုတ်မှာပေါ့။ ဒါပေမဲ့ အခုဟာက မင်းရတာမှ မဟုတ်ဘဲ။ ပြီးတော့ ငါကလည်း မင်း မဟုတ်ဘူး။"
"ဒါဖြင့် ခင်ဗျားက ပြန်မပေးနိုင်ဘူးပေါ့"
"ကိုလူဝ" က ပြုံးလိုက်သည်။
"ဒီနေရာမှာ သဘောတစ်ခု ရှိတယ်ကွ"
"ဘာသဘောလဲ"
"ပံ့သကူ သဘောလေ။ ကဲ ဒီမှာ အဘွားကြီး ကျုပ်မေးမယ်။ ဒီ ပံ့သကူငွေ (၁၅) ကျပ်ဟာ ခင်ဗျားကိုယ်တိုင် စွန့်ခဲ့တာ အမှန်ပဲနော်"
သူတို့ နှစ်ယောက် အကြား၌ ကြောင်အမ်းအမ်း ဖြစ်လျက်ရှိသော ပံ့သကူရှင်က အလျင်အမြန် ခေါင်းညိတ်၏။
"ဒါဖြင့် ဒီငွေဟာ ခင်ဗျားနဲ့ ဆိုင်သေးရဲ့လား"
"မဆိုင်ပါဘူးတော်"
"ဒါဆိုရင် ထူးခြားတဲ့ အခြေအနေကြောင့် ဒီငွေကို အကြောင်းပြုပြီး တိုးပွားလာတဲ့ ငွေ ဆိုတာတော့ ပြောစရာ မလိုတော့ဘူးပေါ့ ဟုတ်ရဲ့လား"
"ဟုတ်ပါတယ်တော်"
"ဒါဟာ ပံ့သကူသဘောပဲ။ ခင်ဗျားဟာ မလုပ်ကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တယ်။ ကိုယ်ထွေးပြီးသား တံတွေးကို ဘာဖြစ်လို့ ပြန်မျိုချင်ရတာလဲ"
"သြော် ဆေးဖိုးဝါးခ မပြည့်စုံတော့လည်း မတတ်နိုင်တဲ့ အဆုံး..."
"ဘာပဲဖြစ်ဖြစ်လေ။ ဒါမျိုးဟာ အင်မတန် အပြစ်ကြီးတယ်။ ကိုယ့်အံဖတ် ကိုယ် ပြန်စားချင်တဲ့..."
"ဟေ့လူ"
လူငယ်က ကြားဖြတ်၍ အော်လိုက်၏။
"ခင်ဗျား လူတစ်ဘက်သားကို ဒီလောက် ပြောနေစရာ မလိုပါဘူး။ ပံ့သကူ ပစ်တာလည်း သူ့မြေးလေး အတွက်ပဲ။ ဆေးဖိုးလိုလို့ ပြန်ယူချင်တာလည်း သူ့မြေးလေးအတွက်ပဲ။ သူတရားတယ်ဗျ။"
"ဒါပေမဲ့ သဘောကို ငါပြောပြီးပြီ"
"ခင်ဗျား သဘောကြီးက ဘာလုပ်ဖို့လဲ"
"ဟဲ့ ဟဲ့ မောင်ရင်လေးတို့ရဲ့ တော်ကြပါတော့ကွယ့်။ ကျုပ်ကလည်း ပြန်တောင်းနေတာ မဟုတ်ပါဘူးကွယ့်"
"ခင်ဗျား သူ့ကို မူလငွေ (၁၅) ကျပ်တော့ ပြန်ပေးသင့်တယ်။"
"အို မလိုချင်ပါဘူးကွယ်"
"ဟေ့ကောင် ဒီငွေ (၆ဝ) ဟာ ငါ့အတွက် ဘာမှ ဖြစ်လောက်တာ မဟုတ်ဘူး။ ဒါဟာ ငွေကိစ္စ မဟုတ်ဘူး။ သဘောကိစ္စကွ။"
"မဟုတ်ဘူး။ ဘာသဘောကိစ္စမှ မဟုတ်ဘူး။ ဒါဟာ စေတနာကိစ္စ။ ခင်ဗျားသဘောကြီးက မှန်ချင်မှန်လိမ့်မယ်။ ဒါပေမဲ့ စေတနာမမှန်ဘူး။ လုပ်ရပ်မမှန်ဘူး။ အံ့သြတယ်ဗျာ။ ရှားတယ်"
"ကိုလူဝ" သည် ရှူးရှူးရှားရှား ဖြစ်သွား၏။
"အောင်မာ လူကဖြင့် လက်မလောက်ရှိသေး ကြီးကြီးကျယ်ကျယ်"
"မဆိုင်တာတွေ ပြောမနေပါနဲ့ဗျာ။ ဒီမှာ ခင်ဗျား ပြန်မပေးနိုင်ဘူး ဆိုပါတော့"
"ပြန်မပေးတော့ မင်းက ဘာလုပ်မလဲ"
"ခင်ဗျား လူမိုက်စကား မပြောနဲ့။ ဒီမယ် အဘွား လိုတဲ့ငွေ ကျွန်တော်ပေးမယ်။ ဈေးထဲမှာလည်း ကျွန်တော့် အသိ ဆေးဆိုင်ရှိတယ်။ လိုက်ပို့ပေးမယ်။"
ပံ့သကူရှင်က မျက်နှာ အုံ့မှိုင်းလာပြီး ခေါင်းယမ်းလေသည်။
"မလိုပါဘူးကွယ်။ ဆေးဖိုးငွေက ကြံဖန်ရှာရင် ရပါတယ်။ ဒီစာရွက်လောက်တော့ ဘာမှ တန်ဖိုးမရှိပါဘူး။ ဆေးရုံကျတော့ မြေးလေးကို ပြရင် သိပ်ကို ဝမ်းသာရှာမှာ"
ပံ့သကူရှင်သည် စာရွက်ကို တရိုတသေ ခေါက်၍ အင်္ကျီရင်ဘတ်ကြားသို့ မြတ်မြတ်နိုးနိုး ထည့်လိုက်၏။
"အဘွားကြီး လူတွေကို သိပ်မယုံနဲ့နော်။ ဒါ တော မဟုတ်ဘူး။ မြို့ကြီး ပြကြီး။ နားလည်လား။ တစ်နေရာခေါ်သွားပြီး ရိုက်လုတာတို့ ဘာတို့ ဆိုတာ မြို့ပေါ်မှာ ရိုးနေပြီ။"
"ဟင် ခင်ဗျား"
လူငယ်သည် ရုတ်ချည်းပင် မျက်နှာ ရဲတက်လာကာ တစ်ကိုယ်လုံး ဒေါသဖြင့် တုန်လှုပ်လျက် "ကိုလူဝ" ဘက်လှည့်ပြီး အင်္ကျီကော်လာကို ဆွဲဆောင့်လိုက်၏။
"ကိုလူဝ" ၏ လက်သီးက လူငယ့်မျက်နှာပေါ်သို့ လျှင်မြန်စွာ ကျရောက်သည်။
"ဘာလဲ မင်းက"
လူငယ်က "ကိုလူဝ" ကို ခုန်အုပ်လိုက်၏။
"ဟဲ့ ဟဲ့ မလုပ်ကြပါနဲ့။ ဟဲ့ တော်ကြပါဟဲ့။ ဟဲ့ ငါ့တူ... ဟဲ့ ငါ့မြေး အို ဒုက္ခပါပဲ... လာကြပါဦး အရပ်ကတို့ရေ ဟောဒီမှာ သတ်ကုန်ကြပါပြီတော့..."
မြေပြင်ပေါ်တွင် လူနှစ်ယောက် လုံးထွေး သတ်ပုတ်နေကြစဉ် ပံ့သကူရှင် အဘွားသည် နေရာတွင် ဒူးလေးတုပ်၍ ထိုင်ချလိုက်ပြီး ဝမ်းနည်းကြေကွဲစွာ ငိုချလိုက်လေသည်။
မောင်သစ်ဆင်း (မဟေသီ မဂ္ဂဇင်း)
***
မနေ့ညက ပြီးအောင် မရိုက်လိုက်နိုင်လို့ နှစ်ရက် ခွဲတင်လိုက်ရတယ်။
***
Friday, March 26, 2010
ပံ့သကူ (၁) - မောင်သစ်ဆင်း
နေသည် ယခင် နေ့ရက်များထက် ပိုမို တောက်လောင်လာကာ သည်းထန်လှသည့် အပူစွမ်းအင်တို့ကို မြို့ပေါ်သို့ အရှိန်ပြင်းစွာ မှုတ်ချလျက်ရှိသည်။
သစ်ရွက်ကလေး တစ်ရွက်မျှ မလှုပ်ရှားသာအောင် လေကလည်း ငြိမ်ချက်သား ကောင်းလွန်းလှသည်။ ဤရာသီမျိုး၏ ဤသို့သော နေ့လည်ခင်းများတွင် မြို့သည် ထိုင်းမှိုင်းလေးလံသွားတတ်စမြဲ ဖြစ်သည်။
နံနက်ခင်းက လူသူလေးပါး၊ ကားကြီး၊ ကားငယ်၊ စက်ဘီး၊ ဆိုင်ကယ်တို့ဖြင့် ခုန်ပေါက်သွက်လက်ခဲ့သော မြို့၏ လမ်းမများသည် နာရီနှင့်အမျှ တရိပ်ရိပ် မြင့်တက်လာခဲ့သည့် အပူရှိန်အောက်၌ တစတစ ပျော့အိစေးတွဲကာ အသွားအလာသည် တဖြည်းဖြည်း ကျဲပါးသွားတော့သည်။
ကားတစ်စီးတစ်လေ နင်းဖြတ်မောင်းနှင်သွားတိုင်း အရည်ပျော်လမ်းမတို့က တဖြန်းဖြန်း အော်မြည်ကြ၏။ ရုပ်ပတ်ဝန်းကျင် အခြေအနေကြီး တစ်ခုလုံးက ဘွိုင်လာအိုးတစ်လုံးကို သတိရမိစေတော့သည်။
ပျင်းရိဖွယ် တိတ်ဆိတ်နေသည့် ရပ်ကွက်ကို ဖြတ်သန်းသွားသော လမ်းမသည် အမှတ် (၁) လိုင်းကား ပြေးဆွဲရာလမ်းကြောင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်၏။ လမ်းဘေးတစ်နေရာရှိ ညောင်ပင်ကြီးမှာ ကားမှတ်တိုင်တစ်ခု ဖြစ်လေသည်။ "ဆေးရုံမှတ်တိုင်" မှ လွန်၍ လာလျှင် "ညောင်ပင် ပါလား" ဟု လက်မှတ်ရောင်းသူက အော်ဟစ်မေးမြန်းလိမ့်မည် ဖြစ်သည်။
"ညောင်ပင်မှတ်တိုင်" တွင် လူနှစ်ယောက် ရှိနေ၏။
တစ်ယောက်မှာ အသက် ၃၅ နှစ်ခန့် ခပ်ဝဝ လူတစ်ယောက် ဖြစ်၍၊ နောက်တစ်ယောက်မှာ ၁၈ နှစ်ခန့် လူငယ်တစ်ဦး ဖြစ်သည်။ သူတို့သည် ညောင်ပင်ရိပ်၌ ရပ်လျက် ဆေးရုံဘက်မှ လာမည်ဖြစ်သော လိုင်းကားကို စောင့်မျှော်နေကြသည်။
နေသည် ဆက်လက် ပူပြင်းလျက် ရှိ၏။ လိုင်းကားသည် မလာသေး။
ခပ်ဝဝ လူသည် တစ်ချက် သမ်းဝေလိုက်၏။ "နေကလည်းပူ... ကားကလည်း လာခဲလိုက်တာကွာ" ဟု တစ်ကိုယ်တည်း ညည်းညူသလို ပြောလိုက်သည်။ "ဟာ ဒီအချိန်မှာတော့ ဒီလိုပဲဗျ" ဟု လူငယ်က ပြန်ပြောလိုက်ပြီး၊ ဆေးရုံဘက်သို့ မျှော်ကြည့်သည်။ ခပ်ဝေးဝေးတွင် လူတစ်ယောက် ညောင်ပင်ဆီသို့ သုတ်သုတ် လာနေသည်ကို မြင်ရ၏။ လိုင်းကားကိုမူ မမြင်ရ။
လူငယ်သည် ညောင်ပင်ရင်းသို့ သွားကာ ဖြာထွက်နေသည့် ညောင်မြစ်ဆုံ တစ်ခုပေါ်တွင် ထိုင်လိုက်သည်။ ခပ်ဝဝ လူကလည်း အခြား ညောင်မြစ်ဆုံ တစ်ခုပေါ်သို့ သွား၍ ထိုင်ချလိုက်သည်။ ပါးစပ်မှ "ဟူး" ခနဲ တစ်ချက် မြည်သည်။
"ညီလေးက ဘယ်သွားမှာလဲ"
"ဘူတာကြီးဘက် ခင်ဗျ"
"သြော် သိပ်မဝေးပါဘူး။ ငါက ဘုရားသွားမှာ။ ဒီနေ့ အဓိဋ္ဌာန် ပုတီးပတ် ပြည့်မယ့်နေ့လေ။ ၉ ရက်တိတိပေါ့။"
"သြော် ဟုတ်ကဲ့"
"ငါ့ဆရာကလည်းကွာ ညနေ ၂ နာရီက ၄ နာရီ အတွင်း စိတ်ရမှာတဲ့။ ဓါတ်ကျတဲ့အချိန်လို့ ပြောတာပဲ။ သူ့ဓါတ်ကလည်း ဘယ့်နှယ်ဟာ ဒီလောက် အချိန်ကြီးကျမှ ကျနေမှန်းမသိဘူး။ ဒါပေမဲ့ ထူးတော့ ထူးခြားပါတယ်"
လူငယ်က ပြုံး၍ ခေါင်းတစ်ချက် ငြိမ့်သည်။
"ကိုလူဝ" သည် အိပ်ထဲက လက်ကိုင်ပုဝါကို ထုတ်၍ ဖြန့်လိုက်ပြီး မျက်နှာကို သုတ်သည်။ လည်ဂုတ်ကို သုတ်သည်။ ရင်ဘတ်ကြယ်သီး နှစ်လုံးဖြုတ်၍ ပုဝါဖြင့် ယပ်ခတ်သည်။ နှာတစ်ချက် ချေသည်။ ထို့နောက် တံတွေးထွေးရန် ညာဘက်သို့ ငုံ့၍ လှည့်လိုက်သည်။
ထိုစဉ်မှာပင် တစ်စုံတစ်ရာကို သူ တွေ့ရှိသွားလေသည်။
တံတွေးထွေးရန် နှုတ်ခမ်းများ စုချွန်ထားသော "ကိုလူဝ" သည် သူနှင့် လက်တစ်ကမ်း အကွာရှိ အရာဝတ္ထုကို စူးစိုက် ကြည့်ရှုလျက်ရှိ၏။ ထိုအရာမှာ စာအိတ်ကလေး တစ်အိတ် ဖြစ်သည်။
ညောင်မြစ်သေးသေးလေး နှစ်ခု အကြား၌ ကျောက်စရစ်ခဲငယ် တစ်လုံးဖြင့် အသေအချာ ဖိထားလျက် ရှိသည်။ တစ်စုံတစ်ယောက်ထံမှ မတော်တဆ ကျကျန်ရစ်နေခဲ့ခြင်း မဟုတ်ဘဲ တမင် သေချာချထားခဲ့ကြောင်း မြင်ရုံနှင့် သိသာနေသည်။
"ကိုလူဝ" သည် စာအိတ်ကလေးကို ခေတ္တမျှ စူးစိုက်ကြည့်ရှုပြီးသော် အသာ ကောက်ယူလိုက်၏။ စာအိတ်က အတန်ငယ် ဖောင်းကြွနေသည်။ စာအိတ်အဖုံးသည် ခပ်ဟဟလေး ပွင့်နေ၏။ "ကိုလူဝ" က လိပ်စာရေးသည့်ဘက်သို့ လှန်ကြည့်လိုက်သည်။
"ပံ့သကူ" ဟူသော မညီမညာ လက်ရေးဖြင့် ခပ်ကြီးကြီး ရေးထားသည့် စာသုံးလုံးကို မြင်လိုက်ရသည့်အခါ စုချွန်နေသော နှုတ်ခမ်းများ အနည်းငယ် ဟ, သွား၏။ ထို့နောက် အဖုံးကို အသာ လှစ်၍ ကြည့်လိုက်သည်။
ငွေစက္ကူခေါက် အချို့ကို တွေ့လိုက်ရသည့် "ကိုလူဝ" ၏ မျက်လုံးများသည် လက်ခနဲ ဖြစ်သွားလေသည်။ နေရာမှ ထ, ရပ်မလိုလည်း ဖြစ်သွား၏။
"ဟ တကယ် ပံ့သကူဟ။ ပွတာပဲ"
အမှတ်မထင် ခပ်ကျယ်ကျယ် ရေရွတ်လိုက်မိသဖြင့် ပါးစပ်ကို အမြန်ပိတ်ကာ လူငယ်ဆီသို့ "ကိုလူဝ" ဖျတ်ခနဲ လှည့်ကြည့်လိုက်၏။ လူငယ်ကလည်း သူ့ကို ပြန်လှည့်ကြည့်သဖြင့် "ကိုလူဝ" သည် စာအိတ်ကို လက်တွင် ကိုင်လျက် ခပ်အမ်းအမ်း ဖြစ်သွားလေသည်။
"ဘာလဲ အစ်ကိုကြီး။ ဘာပြောတာလဲ"
"ကိုလူဝ" က နှုတ်ခမ်း တစ်ချက် ကိုင်လိုက်ပြီး ချက်ချင်းပင် ပြုံးလိုက်သည်။
"ဒီမှာ ပံ့သကူ ပစ်ထားတယ်ကွ။ ငါတွေ့တာ... "
"ဟုတ်လား။ ဘာတွေ ပစ်ထားတာလဲ။"
"ပိုက်ဆံတွေကွ"
"ဟာ အစ်ကို ကံကောင်းတာပေါ့"
"ဘယ်လောက်လဲ မသိဘူး။ ရေကြည့်ရဦးမယ်"
"ကိုလူဝ" က ငွေစက္ကူခေါက်ကို ဆွဲထုတ်၍ တစ်ရွက်ချင်း ဖြန့်ကာ ရေတွက်တော့သည်။ လူငယ်က ပြုံး၍ ကြည့်နေ၏။
တစ်ဆယ့်ငါးကျပ်တန် သုံးရွက်၊ တစ်ဆယ်တန် တစ်ရွက်၊ ငါးကျပ်တန် တစ်ရွက်။
"ခြောက်ဆယ် အတိပဲဟေ့။ ဟားဟားဟား အဓိဋ္ဌာန်ပုတီးဝင်တဲ့ အကျိုးတွေ... ထီထိုးရမယ်။ မင်္ဂလာစုံတွဲ ထိုးရမယ်ကွ။ ချမ်းသာတော့မယ့် နိမိတ်တွေ ပြတာပဲ။ သိန်းခြောက်ဆယ်၊ သိန်းခြောက်ရာ အားလုံး ဖြစ်လာနိုင်တယ်။"
သူ့မျက်နှာကြီး ထိန်းမနိုင် သိမ်းမရ ပြုံးရွှင်နေပုံမှာ ဘေးလူပင် မပြုံးဘဲ မနေနိုင် ဖြစ်ရသည်။ လူငယ်သည် တစ်ချက်ရယ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် "ကိုလူဝ" က ငွေစက္ကူခေါက်ဖြင့် လက်အုပ်ချီမြှောက်၍ နဖူးထက်သို့ တင်လိုက်ကာ မျက်လုံးစုံမှိတ်ပြီး တတွတ်တွတ် ရေရွတ်နေလေသည်။
"ဆရာသမား၏ ကျေးဇူးကြောင့် ကံဇာတာများ တက်နေပါပြီ။ ဆက်လက်၍ သိန်းရာပေါင်း ထောင်ပေါင်း..."
မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အခါ ပြုံးကြည့်နေသော လူငယ်ကို တွေ့ရသည်။ "ကိုလူဝ" က ငွေစက္ကူခေါက်ကို အင်္ကျီအိတ်ထဲ ပြန်ထည့်ရန် ဟန်ပြင်လိုက်၏။
"အင်း အစ်ကို့ကို ကြည့်ပြီး ကျွန်တော်လည်း ပုတီးစိတ်ချင်စိတ် ပေါက်လာပြီဗျာ။ စိတ်နည်းလေး မ, စခဲ့ပါဦး။"
"ဟ ဟ နေဦးဟ။ အိတ်ထဲမှာ ကျန်သေးတယ်။"
စာအိတ်ကို ဖွင့်ပြန်၏။ စာရွက်ခေါက်တစ်ခု ထွက်လာပြန်သည်။ "ကိုလူဝ" က စာရွက်ကို ဖြန့်လိုက်သည်။
"အောင်မယ် စာတွေဘာတွေ ရေးလို့ပါလား။"
စာရွက်ကို ဖတ်နေစဉ် ပြုံးရွှင်နေသည့် သူ့မျက်နှာသည် တဖြည်းဖြည်းနှင့် တည်သွားကာ မျက်မှောင်နှစ်ခု တွန့်ရှုံ့၍လာ၏။ အံ့သြတကြီး ဖြစ်နေပုံရသည့် သူ့အမူအရာမှာ စာရွက်ကို ဖတ်ပြီးသွားသောအခါ လှောင်ပြောင် သရော်သည့် ဟန်မျိုးသို့ ကူးပြောင်းသွားလေသည်။
"ဟင်း ဟင်း စေတနာရှင်ကြီးတွေပေါ့လေ။"
သူက အမှတ်မထင် ရေရွတ်လိုက်ပြန်၏။
"ဘာတွေ ရေးထားတာလဲ အစ်ကို"
လှမ်း၍ မေးလိုက်သော လူငယ်ကို သူက စွေ၍ ကြည့်သည်။ ထိုမေးမြန်းမှုကို သူ ကြိုက်ပုံမရ။ စာရွက်ကို ပြန်ခေါက်၍ စာအိတ်ထဲ ပြန်ထည့်လိုက်သည်။
"ဘာမှ ထွေထွေထူးထူး မပါပါဘူးကွာ။ ပံ့သကူ တွေ့ရှိသူ ကံကောင်းပါစေ။ ဘာညာပေါ့။"
"ဟုတ်လား ပြစမ်းပါဗျာ။ ဖတ်ကြည့်ရအောင်။"
သူက လူငယ်ကို ပြူး၍ ကြည့်လိုက်၏။ စာအိတ်ကို လက်ထဲတွင် လုံးခြေလိုက်သည်။
"စပ်စုလှချည်လားဟ။ ဘာမှ မဟုတ်ပါဘူး ဆိုနေ။"
လူငယ်က ခေတ္တမျှ ကြောင်ကြည့်နေ၏။ ထို့နောက် တစ်ဘက်သို့ ပြန်လှည့်သွားတော့သည်။
"ကိုလူဝ" သည် ငွေစက္ကူခေါက်ကို အင်္ကျီအိတ်ထဲသို့ လျှင်မြန်စွာ ထည့်လိုက်၏။ တစ်ဘက်လှည့်နေသည့် လူငယ်ကို ဖျတ်ခနဲ ကြည့်ပြီး၊ စာအိတ်ကို ခါးကြားသို့ ထိုးထည့်သည်။ နေရာမှ ထရပ်သည်။ ညောင်ပင်ရိပ် အစွန်းနားသို့ လျှောက်သွားသည်။ ဆေးရုံမှတ်တိုင်ဘက်သို့ မျှော်ကြည့်သည်။ အပူလွန်လမ်းမပေါ်၌ တံလျှပ်ခိုးများ ထနေသည်။ ဆေးရုံဘက်သို့ သွားနေသူ သုံး လေးဦးနှင့် ညောင်ပင်ဆီ လာနေသူ တစ်ဦးကို တံလျှပ်များ အကြားမှ မြင်ရသည်။ လိုင်းကားကိုမူ အရိပ်အယောင်မျှ မတွေ့ရသေး။
"တောက် ကားကလည်း ကြာပါ့ကွာ"
လူငယ်က သူ့ကို လှည့်မကြည့်။ တုံ့ပြန်စကားလည်း မဆို။ "ကိုလူဝ" သည် ညောင်ပင်ရင်းသို့ ပြန်လျှောက်လာသည်။ လူငယ်ကို တစ်ချက် လှမ်းကြည့်ပြီး ထိုင်ချလိုက်ပြန်၏။ ခါးကြားထဲမှ စာအိတ်ကို ပြန်ထုတ်လိုက်သည်။ ခေတ္တမျှ စဉ်းစားနေ၏။
ထို့နောက် လုံးကြေနေသည့် စာအိတ်ကို ပြန်ဖြန့်သည်။ မူလနေရာ ညောင်မြစ်နှစ်ခု အကြားတွင် အသာ ပြန်ချလိုက်သည်။
အပေါ်မှ ကျောက်စရစ်ခဲကလေးကို မူလအတိုင်း ပြန်တင်ပေးလိုက်သည်။
သက်ပြင်းတစ်ချက်ကို အသာ ချလိုက်သည်။ ပူလောင်ပြင်းထန်လှသည့် ဝန်ထုတ်ကြီး တစ်ခုမှ လွတ်မြောက်ပေါ့ပါးသွားဟန်ဖြင့် "ကိုလူဝ" သည် ကျေနပ်နှစ်သိမ့်စွာ ပြုံးလိုက်၏။
လမ်းမပေါ်၌ ကားငယ် သုံး လေးစီး ဖြတ်သန်းမောင်းနှင် သွားကြ၏။ တဖြန်းဖြန်း မြည်သံ ကြားရ၏။ တစ်နေရာမှ မျက်စေ့လည်လာဟန်တူသည့် လေပြည်တစ်ချက် ဝေ့၍ တိုက်လိုက်သည်။
ညောင်ပင်သည် ရှဲရှဲမြည်၍ ညောင်ရွက်ကလေးများ အနည်းငယ် ယိမ်းထိုး လှုပ်ရှားသွားကြသည်။ "အား အရသာ ရှိလိုက်တာ" ဟု "ကိုလူဝ" က ရေရွတ်သည်။
ထိုစဉ်မှာပင် ညောင်ပင်ရိပ်သို့ လူတစ်ယောက် အမောတကော ဝင်ရောက်လာခဲ့သည်။ အသက် (၇ဝ) ခန့် အဘွားကြီးတစ်ယောက် ဖြစ်လေသည်။ ပိန်ချည့်ချည့် ကိုယ်ခန္ဓာ။ ခပ်နွမ်းနွမ်း အဝတ်အစား။ မျက်နှာမှာ ချွေးသီးချွေးပေါက်များ သည်းထန်လျက်။
နေပူမှ လာခဲ့ရသူသည် ညောင်ပင်ရင်း၌ ထိုင်နေကြသူ နှစ်ဦးကို ယခုမှ တွေ့မြင်လိုက်ရဟန်ဖြင့် ရုတ်တရက် ခြေလှမ်းတုန့်သွား၏။ မျက်လုံးများ၌ အရိပ်အယောင်မျိုးစုံ ပေါ်ပေါက် ဖြတ်သန်း သွားကြသည်။ တစ်စုံတစ်ရာသော မျှော်လင့်ချက် အပေါ်၌ စိတ်မချရမှု၊ ဝေခွဲမရမှု ပုံစံသွင်ပြင်မျိုးများဖြင့် အဘွားအိုသည် ခေတ္တခဏ တောင့်တောင့်ကြီး ရပ်နေသေး၏။ နောက်ပြန်လှည့်တော့မလို၊ ရှေ့ဆက်လှမ်းရတော့ မလိုဖြင့် ရုတ်တရက် ဘာလုပ်ရမည်မသိ ဖြစ်နေဟန်ရှိသည်။
ထို့နောက်တော့ အဘွားအိုသည် နှုတ်ခမ်းအစုံကို တင်းတင်းဖိလျက် ညောင်ပင်ရင်းသို့ တစ်လှမ်းချင်းလျှောက်လာတော့သည်။ ထိုင်နေသူနှစ်ဦးကို အကဲခတ်သလို ကြည့်သည်။ ညောင်ပင်ရင်းတဝိုက်လည်း ဝေ့ဝဲ၍ ကြည့်သည်။ တစ်စုံတစ်ရာကို မသိမသာ ရှာဖွေနေသည့် ပုံစံမျိုးဖြစ်သော်လည်း အမူအရာများက သိသာလွန်းနေ၏။ အဘွားအို၏ ထူးခြားမှုကြောင့် ထိုင်နေသူ နှစ်ဦးကလည်း အကဲခတ် ကြည့်ရှုလျက် ရှိကြသည်။
အဘွားအိုသည် ဟိုလိုလို သည်လိုလိုနှင့် "ကိုလူဝ" အနီးသို့ ချဉ်းကပ်ရောက်ရှိသွား၏။ မျက်လုံး အကြည့်များက ညောင်မြစ်ဆုံ အကြိုအကြားများပေါ်သို့ ရောက်ရှိသွားလေသည်။
"ဟော ရှိသေးတယ် ရှိသေးတယ်။"
ရုတ်တရက် ထွက်ပေါ်လာသည့် အံ့သြဝမ်းသာသံကြီးနှင့်အတူ အဘွားအိုသည် ညောင်မြစ်ကြားမှ ပံ့သကူ စာအိတ်ကလေးကို ပြေး၍ ကောက်လိုက်၏။
(to be continued)
***
(မဟေသီ မဂ္ဂဇင်း)
Wednesday, March 24, 2010
မောင်သစ်ဆင်း ဝတ္ထုတိုများ
'94 ပတ်ဝန်းကျင်လောက်မှာ မောင်သစ်ဆင်း ရဲ့ ဝတ္ထုတိုတွေကို ဖတ်ဖြစ်ခဲ့ပါတယ်။
ဒီစာအုပ်ကို 27.11.2000 ရက်စွဲနဲ့ ဝယ်ခဲ့တယ်။
ရေးခဲ့သမျှ ဝတ္ထုတိုပေါင်း (၁၄) ပုဒ်ပဲ ရှိတယ်။ ဒီစာအုပ်ထဲမှာ (၈) ပုဒ်ပဲ ပါတယ်။
တခါတည်း အကုန်လုံး ထုတ်လိုက်တော့ ဘာဖြစ်မှာလဲလို့ မချင့်မရဲ တွေးမိပါတယ်။
ကိုယ် လုံးဝ မဖတ်ဖူးတာ (၄) ပုဒ်ရှိတယ်။
၁) ရှေ့ဆုံးကလူ
၂) ထန်းခေါက်တောင်း ပုံပြင်
၃) သောနုတ္ထိုပုံပြင်သစ်
၎) ဆရာဝန် ညွှန်ကြားချက်အတိုင်း ... ဆိုတာတွေ ...
"ရှေ့ဆုံးက လူ" ဆိုတဲ့ ဝတ္ထုဟာ တော်တော် လူပြောများတဲ့ ဝတ္ထုလို့ မှတ်မိနေတယ်။
မဟေသီမှာ ဟိန်းလတ်က စာပေအင်တာဗျူးလုပ်တော့ အဲဒီအကြောင်း တော်တော် ပြောသွားတယ်။
ဒါပေမဲ့ ကိုယ် မဖတ်ဖူးဘူး။ :(
ဆရာ့စာတွေ ဘလော့မှာ ပြန်တင်ဖို့ စဉ်းစားနေတယ်။
ကိုယ် ကြိုက်မိတာတွေဆိုရင်
၁) ကျိန်စာ
၂) လေးသည်တော်
၃) လူနှစ်ယောက် ကျားတစ်ကောင်နှင့် တောင်တန်းများ
၎) တရား ဆိုတာတွေ
တရား က ဒီစာအုပ်ထဲမှာ ပါမလာဘူး။ စိတ်မကောင်းစရာပဲ။
နီကိုရဲ ရဲ့ နာမည်ကျော် ချစ်ခြင်း၏ နဂ္ဂတစ်များ (ကြည်ပြာရောင် နဂ္ဂတစ်များ) ဝတ္ထုရဲ့ အဖွင့် စာသားဟာ လေးသည်တော် ကနေ မနီးယိုးစွဲ ယူထားတယ် လို့ နီကိုရဲ ရဲ့ အမှာစာ မှာ ရေးထားတယ်။ :)
ပံ့သကူ ဆိုတာလည်း ထူးခြားတဲ့ တစ်ပုဒ်ပါပဲ။
***
ရင်မောင်၊ မောင်သစ်ဆင်း နဲ့ ဖေမြင့် တို့ရဲ့ ဝတ္ထုတို တင်ပြပုံအတတ်ကတော့ အံ့မခန်းလို့ ထင်မိပါတယ်။
သူတို့စာတွေ ဖတ်တဲ့အခါမှာ သူတို့ ပြောချင်တာကို ကိုယ် ရ၊ မရ... သဘောတူ၊ မတူ ဆိုတာထက်
သူတို့ ပြောချင်တာကို ပြောဖို့ ဖန်တီးထားတဲ့ အခင်းအကျင်း၊ သိုင်းဝိုင်းပုံဖော်ထားတဲ့ အတတ်ပညာ၊ စကားလုံး နဲ့ ဇာတ်ကွက်ရွေးတဲ့ပုံတွေကို သတိမပြုဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။
အမျိုးသားစာရေးသူတွေဆီက ကိုယ် မျှော်လင့်တတ်တဲ့ အရာကို သူတို့ဆီက အမြဲတမ်းရတယ်။
***
ဒီစာအုပ်ကို နောက်မှ Myanmar Books Catalogue မှာ တင်ရမယ်။
အဲဒီ site မှာ review တချို့သာ ရေးခဲ့မိတာ။ တခါမှ စာအုပ် မတင်ဖူးသေးဘူး။
***
Tuesday, March 23, 2010
ဖရက်ရှာ ဂျီဟောသူ
ရန်ကုန် စက်မှုတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း၊ အမှတ် (၉)၊ ၁၉၇၈-၈ဝ။
***
မစန္ဒာ ရဲ့ ဂျီဟောသူ ကို လုံးချင်း မဖတ်ခဲ့ဖူးခင်မှာ ပန်းဝေသီ မှာ ပါတဲ့ ဝတ္ထုရှည်ကို အရင် ဖတ်ခဲ့ရဖူးတယ်။ အဲဒီတုန်းက ၄ တန်း/ ၅ တန်း။ ဝတ္ထုရှည်မှာကျ အချစ်ဇာတ်လမ်းမပါဘူး။ ဒဿဂီရိ နဲ့ ခေါင်းမဆံ့ တော့ပါတယ်။ ကျန်တာက ဘရုတ်ကျတာတွေချည်းပဲ။ အရမ်း အရမ်းကို ရီရတဲ့ ဝတ္ထု။
သိပ်မကြာခင်ပဲ ဒါရိုက်တာ ကြည်စိုးထွန်းက ကျော်ဟိန်းသမီးရယ်၊ သူ့သမီးတွေရယ်နဲ့ ဗွီဒီယိုရိုက်ထားတာကိုလည်း တီဗွီကနေ ကြည့်ခဲ့ရတယ်။ အဲဒါကတော့ လုံးချင်းဝတ္ထုကို ရိုက်တာ။ မင်းသားက မင်းဦး။ အာရ်အိုင်တီ စွယ်တော်ရိပ် အငြိမ့်က ချွန်စက် နဲ့ ချစ်စရာ က ဒဿဂီရိ နဲ့ ခေါင်းမဆံ့ ပေါ့။ ကျော်ဟိန်းသမီးကို ကိုယ်တော့ ကြိုက်တယ်။ သရုပ်ဆောင်တာရော၊ အထူးသဖြင့်ကတော့ သူ့ရုပ်မျိုးကို ကြိုက်တယ်။ ဒါပေမဲ့ ဘယ်လိုရုပ်မျိုးလဲ ဆိုတာ မမှတ်မိတော့ဘူး။
(Update : သီရိဂျေမောင်မောင်လို၊ ရေဗက္ကာဝင်း တို့လို မျက်နှာမျိုး ခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ သူက ပို ပြေပြစ်ကြည့်ကောင်းတယ်။)
လုံးချင်းကို ဖတ်ဖြစ်ခဲ့တဲ့ အချိန်က ကျောင်းပြီးခါနီးမှလား မသိဘူး။
၎/၅ တန်းမှာ အဲဒီဇာတ်လမ်းကို ဖတ်ပြီး ကြည့်ပြီး "ငါကြီးရင်တော့ အဲဒီလို ဘရုတ်သုတ်ခလုပ်လို့ ရတဲ့ ကျောင်းပဲ တက်မယ်" လို့ ကြီးမားတဲ့ ရည်ရွယ်ချက်နဲ့ စဉ်းစားခဲ့တယ်။ ကျောင်းပြီးရင် ဘာပညာနဲ့ လုပ်စားမယ် ဆိုတာမျိုးကတော့ ဘယ်သောအခါကမှ မတွေးခဲ့တဲ့ ကိစ္စ ဖြစ်တယ်။ စာကြိုးစားရတာလည်း ဝါသနာ မပါဘူး။ ဘာဝါသနာပါလဲဆို ဘာမှ ပါပုံ မရဘူး။ ကိုယ် ဈေးသည်ပဲ လုပ်ချင်တယ်။ ပွဲစားပဲ လုပ်ချင်တယ်။ ဘွဲ့တော့ လူရိုသေ ရှင်ရိုသေ အမျိုးအစားကို လိုချင်တယ်။ ဒါလောက်ပါပဲ။
(Update: ၇ တန်းနှစ်လောက်မှာတော့ ဗိသုကာ ဖြစ်ချင်တယ် လို့ ထင်ခဲ့ဖူးတယ်။)
၉ တန်းနှစ်ရောက်တော့ စိန်ရတုမှာ RIT ကလည်း ပြက္ခဒိန် ထုတ်တယ်။ အဲဒီထဲမှာ ထိပ်ဆုံး ပြက္ခဒိန်စာမျက်နှာက Archi က ချောကလျာ... သူ့ကို သဘောတွေကျပြီး သူ့လို ချောချောလှလှ Architect ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့သေးတယ်။ (ပြန်တွေးကြည့်လေ အဲဒီ ရည်မှန်းချက်က ဘာမှ မဆိုင်လေပဲ။)
ခုမှ သဘောပေါက်သွားတာ။ တကယ်က ပညာရေးနဲ့ ပတ်သတ်လို့ ဘာမှ ဖြစ်ချင်ခဲ့ပုံ မရဘူး။
အဲလိုလူမျိုး ခု ဒီလောက် ဖြစ်နေတာပဲ တော်လှပြီ။
***
G Hall
ငယ်ငယ်တည်းက ရင်းနှီးကျွမ်းဝင်ဖူးတဲ့နေရာ၊ သွားလာပတ်သတ်ခဲ့ဖူးတဲ့နေရာ၊ သိပ်ကောင်းမွန်ခိုင်မာတဲ့ ရည်မှန်းချက်မျိုးနဲ့ မဟုတ်ပေမယ့် နောက်ကျရင် ကိုယ့်နေရာဖြစ်လာလိမ့်မယ်လို့ ထင်မှတ်ခဲ့ဖူးတဲ့ နေရာ...
ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး။
***
Saturday, March 20, 2010
ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၁ဝ)
မီး
ဒီပုံကို ရိုက်တော့ ညနေတစောင်း မီးမလာဘူး။
ဒီမီး (လာလိုက် ပျက်လိုက်) နဲ့ ရေခဲသေတ္တာတွေရော ကောင်းကြသေးရဲ့လား လို့ ကိုယ်မေးမိတော့... "ကောင်းပါတယ်။ မီးမှ မလာတာ ရေခဲသေတ္တာက ဒီတိုင်း တင်ထားရုံပဲ" လို့ပဲ ပြောပြီး ဟားနေကြတယ်။
လူတွေ အရမ်းကို ပြည့်သွားကြပြီ။ ဘာပဲဖြစ်ဖြစ် ဟား နေကြတော့တာပဲ။ <<< TZA style
အဲဒီနေ့ကတော့ ၆ ယောက် ဆုံဖြစ်တယ်။ အိမ်က အရင် post တွေမှာ ဆိုင်ကယ်စီးနေတုန်းပုံတင်ထားတဲ့ သူငယ်ချင်းရဲ့ အိမ်မှာ...။ ဟိုဟာထွက်ဝယ်လိုက် ဒီဟာထွက်ဝယ်လိုက် လုပ်ကြတာရော... မီးပျက်နေတာရောနဲ့ လူစုံပုံကို မရိုက်မိခဲ့ဘူး။
***
2010
"2010 က နောက်နှစ်ရွှေ့တယ်ဆို"
"ဟမ် ရွှေ့တာ မဟုတ်ဘူး။ လုပ်ကို လုပ်မှာ မဟုတ်ဘူး။ ထင်မနေနဲ့။"
"ဟဲ့ကောင်ရဲ့ ယောက်ျားကတိကွ"
အဲဒီအချိန် အိမ်ကို အလည်ရောက်လာတဲ့ အန်တီတစ်ယောက်က နားစွန်နားဖျားနဲ့...
"ဟင် ရွှေ့တယ်တဲ့လား။ ကောင်းတယ် ကောင်းတယ်။ ငါ့မှာ ကလေးတွေ ကျောင်းတိုးလို့တန်းလန်း ဖြစ်မှာ ရင်မောလွန်းလို့။ ရွှေ့တယ်ဆို လွတ်လွတ်ကျွတ်ကျွတ်ပဲ။"
သူ့ကလေးက နောက်နှစ် ၁ဝတန်းမို့။ :D
"ဘာမှ ယောက်ျားကတိမနေနဲ့။ ငါတော့ မထင်ဘူး။"
"အစ်မ အစ်မ ခဏလောက်လိုက်ခဲ့ပါ။ စခန်းကို"
ဟီးဟီးဟီး ဟားဟားဟား
လူတွေ အရမ်းကို ပြည့်သွားကြပြီ။ ဘာပဲဖြစ်ဖြစ် ဟား နေကြတော့တာပဲ။ (နောက်တခေါက်)
"အာလူးစိမ်းသုတ်က အရမ်းကောင်းတယ်နော်။ မထင်ရဘူး။"
ကိုယ်အဲဒီရောက်မှ စားဖူးခဲ့တာ။ ကောင်းတယ်။ အစကတော့ အာလူးစိမ်းသုတ်ဆိုတော့ ဘာကြီးလဲလို့။ လျှာတွေ ယားမလားမှတ်တာ။ ဘာမှ မဖြစ်ဘူး။
***
ဗြဟ္မာ့ပြည်က အပ် နဲ့ လူ့ပြည်က အပ်
ဒါနဲ့ မီးကိစ္စ ဆက်ပြောပါရစေဦး။ နေ့ခင်း မီးကို မမြင်ရတာ ကြာလှပြီလို့ ပြောတယ်။ ဒီကြားထဲမှာ ထူးဆန်းတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဘယ်တော့မှ နေ့ဘက်မလာတဲ့ မီးက တစ်ရက်မှာ ၇ စက္ကန့်လောက် လာသွားတယ်တဲ့။ အဲဒီမှာ ရေစိုနဲ့ မီးခလုတ်သွားကိုင်မိတဲ့ လူတစ်ယောက် ဓါတ်လိုက်ပြီး ဆုံးတယ်။
နေ့ဘက် ဘယ်တော့မှ မလာတဲ့ မီး
၇ စက္ကန့်
လူတစ်ယောက်
ဓါတ်လိုက်
ဘာဖြစ်လို့များ အကြောင်းတွေက ဒီလောက်တိုက်ဆိုင်ရပါသလဲ။
ကိုယ်သိတဲ့လူ မဟုတ်လို့ ဝမ်းတော့ မနည်းပါဘူး။
***
ပုံမှန်၊ နေသားတကျ၊ ကျင့်သားရ
တချို့တွေ သူတို့ကတော့ ဘယ်မှ မသွားဘူး။ ဒါပေမဲ့ သူတို့ မောင်၊ အစ်ကို၊ ဦးလေး စသဖြင့် မိသားစုဝင်တွေထဲက အရွယ်ကောင်း အနည်းဆုံး တယောက်ယောက်လောက်ကတော့ နိုင်ငံခြားမှာ ရှိတတ်ကြပါရဲ့။ ဒါပေမဲ့ မီးကိစ္စနဲ့ ပတ်သတ်ရင် "စင်ကာပူမှာ မီးတော့မှန်တယ်ပေါ့" ဆိုတဲ့ စကားကို ၃/ ၄ ယောက်ထက်မနည်း မေးတာခံရတယ်။
အဲဒီနေရာမှာ အဲဒီလိုဖြစ်နေတာကို ပုံမှန်လို့ ထင်နေရုံမကဘူး။ ကျန်တဲ့နေရာတွေမှာပါ ဒီအတိုင်း ဖြစ်နေတယ် လို့ ထင်နေကြတော့တာ။ တကယ်က သူတို့ သိပါတယ်။ မသိလို့မေးတဲ့ မေးခွန်း မဟုတ်ဘူး။ မသိစိတ်ထဲမှာ စွဲနေလို့ လွှတ်ခနဲ မေးထွက်မိတဲ့ မေးခွန်းမျိုး။
လူတွေ အင်မတန် ကျင့်သားရကုန်ကြပြီ။ ဒါတင်မကသေးဘူး။
သူများတွေမှာပါ သူတို့လို ဒုက္ခမျိုးရှိတယ်လို့ (အနည်းဆုံးတော့ မသိစိတ်ထဲမှာ) ထင်ကုန်ကြပြီ။
***
ပေးစာများ
အမှတ်ရမိသေးတယ်။
စတုတ္ထတန်းအရောက်မှာ အဲဒီက ပြောင်းတော့ သူငယ်ချင်းတတွေ စာတွေ အပြန်ပြန် အလှန်လှန် ရေးခဲ့ကြတာ။ ၆ တန်း၊ ၇ တန်းလောက်ရောက်တဲ့ထိပဲ။ ၈ တန်း၊ ၉ တန်းကျတော့ အတော် စာရေးကျဲသွားပြီ။
၉ တန်းရောက်တော့ ဖြူးက ပြောင်းရပြန်ရော။ အဲဒီတော့ ဖြူးက သူငယ်ချင်းတွေနဲ့ ဆက်ရေးကြပြန်ရော။ ၁ဝ တန်းထိ။ အဲဒီမြို့နှစ်မြို့က သူငယ်ချင်းတွေနဲ့ ရေးခဲ့ပြန်ခဲ့ကြတဲ့ စာတွေဟာ ကိုယ့် စာအုပ်ဗီရိုထဲမှာ ခုထိ အထုတ်လိုက် ရှိနေတုန်းပဲ။ ခုတော့လည်း email မရှိတဲ့သူတွေနဲ့ စာ အဆက်အသွယ် ပြတ်ကုန်တာပါပဲ။ ဖုန်းတော့ အခါအားလျော်စွာ ဆက်ဖြစ်တယ်။ သတင်းတွေ နားထောင်ဖြစ်တယ်။
ဘယ်အကြောင်းအရာကို ဘယ်လိုပုံစံနဲ့ ပြောရမယ်၊
ဘယ်စကားကို ဘယ်လိုရေးပြီး ပြောရတယ်၊
ဘယ်မြင်ကွင်းကို ဘယ်ဝါကျနဲ့ တန်ဆာဆင်ရမယ် ဆိုတာတွေကို လေ့ကျင့်ခဲ့ရတဲ့ ကွင်းကြီးဟာ ကိုယ့် ငယ်သူငယ်ချင်းတွေ အားလုံးပဲပေါ့။
***
ငယ်ပေါင်းကြီးဖော် (သို့) အလျော်အစားများ
သူတို့နဲ့ ပြောရင် အရင်က အကြောင်းတွေ ပြောတယ်။ personal affair တွေ သူတို့ပြောတာ နားထောင်တယ်။ ဒီကအကြောင်း သူတို့မေးရင် ပြောပြတယ်။ များသောအားဖြင့်ကတော့ ဘာမှ မဟုတ်လဲ ဟာသလုပ်ပြီး ဟားနေမိတာပါပဲ။
တကယ်တမ်း သူတို့လက်ရှိဘဝ ကိုယ့်လက်ရှိဘဝကို သတင်းစကားဖြစ်ရုံလောက်ပဲ ပြောလို့ရတာကတော့ အမှန်ပဲ။ သူတို့လျှောက်နေတဲ့လမ်းကြောင်းရဲ့ အကျိုးအကြောင်း အဆိုးအကောင်းကို ကိုယ်မသိသလို၊ ကိုယ့်လမ်းကြောင်းက အကျိုးအကြောင်း အဆိုးအကောင်းကိုလည်း သူတို့ မသိဘူး။
ငယ်ငယ်က သူငယ်ချင်းတွေမှာ အမှတ်ရစရာတွေနဲ့ သံယောဇဉ်တွေ ပိုများကောင်းများမယ်။ ဒါပေမဲ့ ကြီးမှတွေ့ဖြစ်ပြီး လမ်းကြောင်းတူတူ လျှောက်ဖြစ်နေတဲ့ သူငယ်ချင်းတွေကတော့ နားလည်မှုတွေ ပိုများတယ်။
ကိုယ်ပြောချင်တာတစ်ခုကို နိဒါန်းမပျိုးဘဲ၊ မဆိုင်တဲ့ အကြောင်းအရာတစ်ခုကနေ ဖျတ်ခနဲ ပြောချလိုက်လဲ ဒက်ခနဲ နားလည်နိုင်တာမျိုးကတော့ နောက်ပိုင်း တွဲဖြစ်ကြတဲ့ သူငယ်ချင်းချင်းမှာပဲ တွေ့ရမယ်။
ဘာပဲဖြစ်ဖြစ် ကိုယ့်စည်းဝိုင်းထဲက မများလှတဲ့ ငယ်ပေါင်းကြီးဖော်တွေကို ကိုယ် တကယ်ပဲ ချစ်ခင်ပါတယ်။ သူတို့နဲ့ ခုချိန်ထိ ခင်မင်မပျက် ရှိနိုင်ခဲ့တာကိုလည်း ကိုယ့်ဘာသာ ကျေနပ်မိပါတယ်။
***
18th Feb 2010 (Thur)
အဲဒီနေ့က ဘုရားပေါ်တက်ပြီး မြစ်ကို ဓါတ်ပုံရိုက်ခဲ့တဲ့နေ့။ ရန်ကုန်ကို မပြန်ခင်တရက်။
ဒီနေရာတွေ ဒီလူတွေနဲ့ တစ်နှစ်တစ်ခါ ပြန်လာလိုက်၊ ပြန်သွားလိုက်၊
တွေ့လိုက် ကြုံလိုက်၊ ဆုံလိုက် ခွဲလိုက်၊ ဝမ်းနည်းလိုက် ဝမ်းသာလိုက်။ ဘဝမှာ တွေ့ဆုံ ကြုံကွဲတွေ အများကြီးကို ခဏခဏ ကြုံခဲ့ရတယ်။ ကြာတော့လည်း ကိုယ် ဘာကိုမှ အသစ်အဆန်း မဖြစ်တော့ဘူး။
နေရာဟောင်းတခုကို စွန့်ရတယ်။ နေရာသစ်တစ်ခုကို ရောက်မယ်၊ အဲဒီမှာ အသားတကျဖြစ်ပြီးရင် နောက်အသစ်တခုနဲ့ တွေ့ဖို့ ဒါတွေကို ချန်ထားခဲ့ဖို့ ပြင်ဆင်ရဦးမယ်။ ခွဲလာခဲ့ရတဲ့ နေရာကို ပြန်သွားရတယ်၊ နောက် ပြန်ခွဲလာရပြန်တယ်။ ဘဝမှာ ဒါတွေနဲ့ပဲ အသားကျခဲ့ရတယ်။
ဒီအချိန်မှာတော့ ချန်ခဲ့ရတာတွေနဲ့ ပြန်တွေ့ရင် စိတ်ကို သိပ်လွှတ်ပြီး ပျော်ရွှင်လိုက်မိတာမျိုး မဖြစ်တော့ဘူး။ ကိုယ့်ဘာသာ သတိမထားလိုက်မိခင်မှာပဲ အလိုလို သတိရှိသွားပြီ။ အဲဒီလိုဖြစ်လာတော့ သိပ်မကြာခင် ချန်ရစ်ခဲ့ရပြန်ရင် ပြင်းပြင်းထန်ထန် မခံစားမိတော့ဘူး။ ဟုန် သွားတာလည်းပါမှာပေါ့။ ကလေးဘဝကတော့ ဒါတွေ နားမလည်ဘူး။
ပြီးတော့ ကိုယ်ကြုံခဲ့ရသမျှမှာ ကိုယ် ဘယ်လောက်တောင် လောဘကြီးလည်းပဲ အရာရာတိုင်းဟာ ကိုယ့်အတွက် အလျော်အစားပုံစံနဲ့ပဲလာတယ်။ အသစ် အသစ်တွေကို ပိုင်ဆိုင်ဖို့ဆို ဆုပ်ကိုင်မိပြီးသား အရာတွေကို အမြဲ လက်လွှတ်ရတယ်။ အဲဒီထဲမှာ သံယောဇဉ်တွေက အများဆုံးပဲ။
မြန်မာပြည်ကို ပြန်ရတာ၊ ဇာတိမြို့ကို ပြန်လာရတာ ပျော်သလား လို့ မေးရင် ဒီလိုပါပဲ လို့ ကိုယ် ဖြေမိမယ်။ ဒါပေမဲ့ အချိန်စေ့လို့ အဲဒီက ပြန်သွားရတော့မယ် ဆိုတော့ ဝမ်းနည်းတယ်။
ပိုပြီး ဝမ်းနည်းစရာကောင်းတာက အဲဒီမှာ ကိုယ့်ဘဝ မရှိဘူး လို့ ခံယူမိတာပဲ။
***
ဝတ္တရားမကျေတဲ့သူ
သူတို့ကပြောတယ်။ ဖုန်းတော့ မကြာခဏ လှမ်းဆက်ပါဟာ တဲ့။ အေးပါ လို့ ကိုယ်ပြောခဲ့တယ်။ မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းရဲ့ အဖေကို စကားနဲ့ပဲ နှုတ်ဆက်စကားပါးရတယ်။
အဲဒီညက ညဉ့်နက်မှ ထမင်းထပ်စားသေးတယ်။ ညနေပိုင်း အပြင်မထွက်ခင်ကတည်းက ရန်ကုန်ကို ဘယ်နေ့ပြန်လာမယ် ဖုန်းဆက်ထားတော့ အဲဒီညမှာတော့ ခါတိုင်းညတွေလို အောက်ထပ်ဆင်းပြီး အမှောင်ထဲမှာ ဖုန်းထိုင်မပြောဖြစ်တော့ဘူး။
အိမ်မှာနေတဲ့အချိန် မေမေနဲ့ပဲ တူတူအိပ်တော့ မအိပ်ခင်ထိ စကားပြောမိနေသေးတယ်။ အိမ်မှာနေခဲ့တဲ့အချိန် ၁ဝ ရက်ပဲ ရှိတယ်။ မေမေနဲ့ ဆက်နေချင်သေးတယ် လို့ ကိုယ်တွေးမိတယ်။
***
19th Feb 2010 (Friday)
အဲဒီနေ့ မနက်စောစော ရန်ကုန် ပြန်လာခဲ့တယ်။ 24th ကျရင် သူ ခရီးထွက်ရမယ်။
***
Thursday, March 18, 2010
ဥဒ္ဓိစ္စများ
***
၁) လွမ်းနေတုန်း အိပ်မက်
အဲဒီသီချင်းကို ထပ်ကာထပ်ကာ နားထောင်နေမိတယ်။
အနုပညာကို အတုံးလိုက် အတစ်လိုက် ပြတာပဲဖြစ်ဖြစ်၊ သိပ်ကို ဖုံးကွယ် လျှို့ဝှက် သွယ်ဝိုက်နေတာပဲဖြစ်ဖြစ် မကြိုက်တတ်ပါလား လို့ တွေးနေမိတယ်။ အဲဒီ သီချင်းလေးလို ခပ်ပါးပါးလေးနဲ့ ခံစားသူတောင် မရိပ်မိလောက်အောင် လှစ်ခနဲ ရင်ထဲထည့်သွားတာမျိုး ကြိုက်နေမိတယ်။
ပရိသတ်ကို ဘယ်တော့မှ အပြည့်မပေးရဘူး ဆိုတာကို သဘောတူမိတယ်။
လွမ်းနေတုန်းအိပ်မက် ကလေးကတော့ မိုက်နေတာပဲ။
အသက်ကြီးလာလို့လား မသိ။ ငယ်တဲ့လူတွေပဲ ကြည့်ချင်နေတော့တယ်။
ကောင်ကောင်မို တို့၊ ပလုံ တို့၊ ကိုဘ တို့၊ Simon တို့။ :(
***
လွမ်းနေတုန်းမို့ ခဏခဏ အိပ်မက်တယ်။
"ဟို အရင်လို ကိုယ့်အနား တိုးလို့ စကားလေး ပြောတဲ့အခါ..."
***
အပေါ်က အကြောင်းအရာနဲ့ ဆက်စပ်ပြီး စိတ်ထဲပေါ်လာတာ...
အမျိုးသားစာရေးဆရာတွေဆီက ကိုယ်မျှော်လင့်တတ်တာ ဖွဲ့နွဲ့ထားတဲ့ အချစ်ဇာတ်လမ်းတွေ၊ အရေးအသားတွေ မဟုတ်ဘူး။ မိန်းမတွေဆီက မျှော်လင့်လို့ မရနိုင်တဲ့၊ မိန်းမတွေ လက်လှမ်းမီဖို့ ခဲယဉ်းတဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေကိုပဲ မျှော်လင့်မိတတ်တယ်။
အမျိုးသမီးစာရေးသူတွေ ဖွဲ့နွဲ့ရင် အပိုမလိုမရှိ ကွက်တိ ခံစားလို့ ရတတ်ပေမယ့်၊ အမျိုးသားတွေ ဖွဲ့နွဲ့နေရင် ဖွဲ့တာများလေ ဖတ်ရတာ အူကြောင်ကြောင်နိုင်လာလေပဲ လို့ ခံစားရတတ်တယ်။
အဲဒါကြောင့် အမျိုးသားတွေ ရေးတဲ့ အချစ်ဝတ္ထုတွေ သိပ်မဖတ်ချင်တတ်ဘူး။
ခင်နှင်းယု စာတွေ ကြိုက်လွန်းတယ်လည်း မဟုတ်ပါဘူး။ ကြိုက်တာလည်းရှိ မကြိုက်တာလည်းရှိတယ်။ ကြိုက်တယ် ဆိုတဲ့ထဲမှာကို မကြိုက်တာတွေ ပါနေတတ်ပြီး၊ မကြိုက်ဘူး ဆိုတဲ့ထဲမှာလည်း ကြိုက်တာတွေ ပါနေတတ်တယ်။
ကိုယ်တိုင်က စာရေးဖြစ်နေလို့ ဖြစ်လိမ့်မယ်။
ရုပ်ရှင် ကြည့်ဖြစ်ရင်လည်း အဲဒီလိုပဲ။ တင်ပြတဲ့သူ (ဒါရိုက်တာ) နေရာက ဝင်ကြည့်နေမိတတ်တယ်။
"အမျှင်" ဇာတ်ကားကို ရေးတော့လည်း အဲဒီ သဘောတွေပါသွားတယ်လို့ ထင်မိတယ်။
၃) Feminist
ကိုယ့်ကို Feminist လို့ စွပ်စွဲတဲ့ လူတွေရှိတယ်။
အဲဒါ လုံးဝမှားတယ် ဆိုတာ စာရေးဆရာ နဲ့ စာရေးဆရာမတွေဆီက မတူညီတဲ့ ကိုယ့်မျှော်လင့်ချက်ကို ကြည့်ရုံနဲ့ သိနိုင်တယ်။ တကယ်တော့ ကိုယ်က Feminist ဆိုတဲ့ အဓိပ္ပါယ်တောင် သေချာဂဏ သိတဲ့လူ မဟုတ်ဘူး။ ဘာဖြစ်လို့ မသိလဲ ဆိုတော့ စိတ်မဝင်စားလို့။
ယောက်ျားနဲ့ မိန်းမမှာ မတူတာတွေ ရှိကို ရှိတယ်၊ အဲဒီ မတူတာတွေဟာ မတူတဲ့အတိုင်း ရှိကို ရှိနေရမယ် လို့ လက်ခံတဲ့သူသာ ဖြစ်တယ်။ တချို့သော မိန်းမ အခွင့်အရေးတွေ ကိုယ် လုံးဝ စိတ်မဝင်စားဘူး။
ဘယ်သူတွေဘာပြောပြော ကိုယ် Feminist မဟုတ်ဘူး ဆိုတာကို အနည်းဆုံး တစ်ယောက်တော့ သိပါတယ်။
***
၎) စစ်သားနှင့် သင်္ဘောသား
ကိုယ်သိတတ်စ အရွယ်ကတည်းက လူများစု မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ကြတဲ့လူတွေကို စိတ်ဝင်စားတယ်။
အထူးသဖြင့် သင်္ဘောသားတွေနဲ့ စစ်သားတွေရဲ့ life ကို စိတ်ဝင်စားမိတယ်။
သူ့တို့ရဲ့ စွန့်စားခန်းသက်သက်တင် ဆိုလိုတာ မဟုတ်ဘူး။
သူတို့ဖြတ်သန်းလာတဲ့ သူမတူတဲ့ အဖြစ်အပျက် အတွေ့အကြုံနဲ့ အဲဒီအပေါ်က ထွက်လာမယ့် အတွေးအမြင်တွေ...
ဘယ်ခေတ် ဘယ်အခြေအနေ ဘယ်နိုင်ငံမှာဖြစ်ဖြစ်၊ ကိုယ်နဲ့ နီးစပ် ပတ်သတ်သူတွေကို အဲဒီအလုပ်တွေ မလုပ်စေချင်ဘူး။ လုပ်တဲ့သူတွေရဲ့ life ကို စိတ်ဝင်စားတာက တပိုင်းပဲ။
ဒါပေမဲ့ ကိုယ့်မောင်တွေထဲမှာ စစ်သားသာ မရှိတာ၊ အားနေ ရေကြောင်းပဲ သွားနေကြတယ်။
ဆရာဝန်၊ အင်ဂျင်နီယာ ယောက်ျားတွေရဲ့ life ကိုတော့ ထူးပြီး စိတ်မဝင်စားမိဘူး။
(သူတို့မှာ စိတ်ဝင်စားစရာ မရှိဘူး လို့ ပြောချင်တာ မဟုတ်ပါဘူး။ ဆရာဝန်မို့လို့ အင်ဂျင်နီယာမို့လို့ ဆိုပြီးတော့တော့ စိတ်မဝင်စားဘူး။ ဒီအလုပ်တွေ မိန်းမလဲ လုပ်လို့ရတာပဲ။)
စီးပွားရေးသမား လည်း စိတ်ဝင်စားတယ်။
(ဒီလိုရေးလိုက်ရင် ကိုကိုအင်ဂျင်နီယာတို့ ကိုကိုဒေါက်တာတို့များ စိတ်ခုစရာ ဖြစ်ကုန်မလား မသိ။ ဘလော့ဂါတွေထဲ အင်ဂျင်နီယာက များပါဘိသနဲ့။ တချို့ စိတ်ဆိုးလို့ comment ပိတ်ပစ်တတ်တဲ့ ဘလော့ဂါ အင်ဂျင်နီယာကိုကိုတို့ဆို ကိုယ့်တောင် gmail မှာ block ပစ်ချင်ပစ်နိုင်တယ်။)
***
၅) ကြိုးကြာများ
Cyber English Center မှာ တက်တော့ ဆရာတွေက အင်္ဂလန်ပြန်၊ အသက် ၃ဝ ပတ်ဝန်းကျင်တွေ။ ဦးဖြိုးပိုင်ဦးတို့ပေါ့။ (ဦးမျိုးမင်းဦးရဲ့ Mart II ကို ခုထိ မျက်စေ့ထဲ မြင်တုန်းပဲ။ ဦးဖြိုးပိုင်ဦးက '96 မတိုင်ခင်တုန်းက Archi မှာ တက်နေဆဲလို့ ပြောတယ်။)
ကိုယ့်မှာ တွေးမိတယ်။
ဆရာတို့နှယ် ဟိုမှာ ဘာလို့များ ဆက်မနေကြလဲ။
ဘာလို့များ ပြန်လာပြီး၊ ဒီကျောင်းမှာ စာတွေသင်နေရလဲ...
တွေးရုံနဲ့တင် မပြီးဘူး။ နီးစပ်ရာကိုပါ လိုက်ပြောနေသေးတယ်။
ခုတော့လည်း ငါ့နှယ် ဘာဖြစ်လို့ ပြန်လာကြတာလဲ ဆိုတဲ့အတွေးမျိုးကို ဘာဖြစ်လို့များ တွေးခဲ့မိပါလိမ့် လို့ ပြန်စဉ်းစားမိပြန်တယ်။
ရုံးက စီနီယာအစ်မက ဒီနှစ်ထဲ သူ့အမျိုးသားရှိရာ လိုက်တော့မှာ ဆိုတော့ ကိုယ်ပြောမိတယ်။ "အစ်မ လွမ်းနေရမှာနော်" လို့။ သူကလည်း ကိုယ့်လို ပေယျာလကံသမား၊ ရွက်ကျပင်ပေါက်လို လူမျိုး၊ ဒါ့အပြင် ခုလောလောဆယ် အချိန်က ထွက်ရဖို့ကို ထက်ထက်သန်သန် ကြိုးစားနေတဲ့အချိန်ဆိုတော့ "ငါတော့ သိပ်လွမ်းမယ် မထင်ပါဘူး။ မလွမ်းတတ်ဘူး။" လို့ ပြောတယ်။
ကိုယ် သူ့ကို ပြုံးကြည့်နေမိတယ်။ ပြီးတော့ "အစ်မ မသွားရသေးလို့ ဒီစကားမျိုး ပြောတာပါ" လို့။
လူဆိုတာ ကိုယ် မွေးဖွားကြီးပြင်းခဲ့တဲ့နေရာ၊
ကိုယ်ကျင်လည် ဝင်ဆန့်တဲ့ အသိုက်အဝန်းရှိတဲ့နေရာ၊
ကိုယ့်ကိုချစ်တဲ့ ကိုယ်ကချစ်တဲ့ ချစ်သူတွေ ရှိတဲ့နေရာကို စွဲလမ်းဖက်တွယ်ချင်တာပဲ။
(အဲဒါကို အတင်းရော ဇွတ်ရော ကိုယ်သာလျှင် ချစ်တတ်တဲ့ အာဝေနိက ဂုဏ်တရပ်လို လုပ်ပြောနေရင်တော့ မေတ္တာတုံးတယ်။ ပြီးတော့ အယုံအကြည်မရှိဘူး။ အဲဒါ ဠင်းတလောက်တော့ ငှက်တိုင်းလှတဲ့ အတ္တပဲ။)
***
၆) သူများယောင်လို့ယောင် အမောင် တောင်မှန်း မြောက်မှန်းမသိ
ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်
(ဘာမှ မဟုတ်ဘူး။ အော်ကြည့်တာ။ တခုခုများ ဖြစ်သွားမလားလို့။)
***
Tuesday, March 16, 2010
ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၉)
နောက်တရက်ကျတော့ ခရီးလွန်နေတဲ့ သူငယ်ချင်းတစ်ယောက် ပြန်ရောက်လာခဲ့တယ်။
ငွေကို ဘယ်လိုရှာ၊ ဘယ်လိုသုံး၊ ဘယ်လိုဖြုန်းရင် ဘယ်လိုမွဲ၊ တွေးပူပြီး ကပ်စေးနည်း... :D
(ဗျူဟာ - Black Hole)
ပြန်ရောက်တဲ့ အချိန်မှာ လူကြီးတွေထဲက ကိုယ်မသိလိုက်ဘဲ လျော့သွားတာတွေ အများကြီးပဲ။
ဆိုင်ကယ်မှီထားတဲ့ သူငယ်ချင်းရဲ့ မေမေ ဆုံးတယ်။
မသိလိုက်ဘူး။ လွန်ခဲ့တဲ့ ၈ လလောက်က...
အဲဒီသူငယ်ချင်းရဲ့ အမေက ဆရာဝန်မို့ မပြန်ခင် မေးစရာရှိတာတွေ မေးဖို့ data တွေ စုသွားတာ...
ပြန်ရောက်ရောက်ချင်း သတင်းကြားရတော့ တုန်လှုပ်မိပါတယ်။
အဲဒီ သူငယ်ချင်းနဲ့ကို ပြန်ခါနီးမှ အဲဒီ တရက်ပဲ တွေ့ခဲ့ရတာ။
ဒီကြားထဲကမှ နောက်သူငယ်ချင်းတစ်ယောက်ရဲ့ အဖေဆီကို သွားမယ် လုပ်ရင်းက မရောက်ဖြစ်ခဲ့ဘူး။
ကိုယ့်ကို ဘာဖြစ်လို့ ခေါ်မလာသလဲ လို့ သူငယ်ချင်းကို မေးတယ် ဆိုတယ်။
၁ဝ ရက်လောက် နေခဲ့တာမှာ ဝတ္တရားတောင် မကျေခဲ့ပါဘူး။
လူကြီးတွေ စုံအောင် မတွေ့နိုင်ခဲ့ဘူး။ အဲဒါလည်း နှစ်တိုင်း ပြန်တိုင်းပဲ။
ဟိုလူကျန်လိုက် ဒီလူကျန်လိုက်နဲ့...
တကယ်တော့ ကိုယ်ဟာ နှမ်းဖြူးတတ်သူ မျှသာပဲ။
သူငယ်ချင်းတစ်ယောက်ရဲ့ လုပ်ငန်း လုပ်တဲ့ ခြံ။ နေတာကတော့ တခြားမှာပါ။
ဒါပေမဲ့ သူ့အစ်ကိုကြီး အိမ်ထောင်ကျပြီးတော့ အဲဒီအိမ်မှာနေတယ်။
ဖိတ်ချင်းဖိတ် ကိုယ့် အိတ်ထဲ ဖိတ် ဆိုပြီး အုပ်စုထဲက သူငယ်ချင်းနဲ့ ဝိုင်းလှော်ကြပေမယ့် ကာယကံရှင်တွေက တုတ်တုတ်မှ မလှုပ်တော့ ခုတော့ သူများအိတ်ထဲ ကလေးလေးတစ်ယောက်တောင် ဖိတ်သွားပြီ။
ပြန်တွေးရင် ပျော်ရွှင်ရယ်မောစရာ အတိတ်တွေရှိလို့ ကျေနပ်မိပါတယ်။
ဘုရားပေါ်မှာ...
(ဒီဓါတ်ပုံထဲမပါတဲ့ သူငယ်ချင်း ၂ ယောက် အသင့်စောင့်နေမယ့် အိမ်ဆီအသွား၊
ကိုယ်က မြစ်ကို ဓါတ်ပုံရိုက်ချင်တယ် ဆိုတာနဲ့ ဝင်ကြတာ။)
သူတို့တွေနဲ့ မူကြိုကတည်းက အတူတူ။ စတုတ္ထတန်းမှာ အဲဒီက ပြောင်းရတယ်။
ကိုယ် နှစ်တိုင်းလိုလို ပြန်လာတယ်။ ပြန်တိုင်း တွေ့တယ်။
"ဒေါက်တာ ခင်မောင်ဝင်း" ရဲ့ "အမေ နဲ့ ကျွန်တော်" စာအုပ်မှာ အမေနဲ့ သူတို့တတွေရဲ့ နွေရာသီကျောင်းပိတ်ရက် အညာပြန်ခရီးစဉ်အကြောင်း ဖတ်ရတဲ့အခါ... ခေတ်ကာလ အခြေအနေနဲ့ သွားလာရတဲ့ ခရီးစဉ်တွေ မတူပေမယ့် သူရေးသွားတဲ့ စကားလုံးတိုင်းကို ကိုယ် လှိုက်လှိုက်လှဲလှဲ ခံစားလို့ ရပါတယ်။ အဲဒီစာအုပ်ထဲမှာပါတဲ့ သူ့ အတွေးအခေါ်တွေကိုလည်း ကိုယ် နက်နက်နဲနဲ နားလည်မိတယ်လို့ ထင်ပါတယ်။
သွားရေးလာရေး ခက်တဲ့ကြားက ဒေါက်တာ့အမေဟာ သားသမီးတွေကို သူ့ဇာတိ၊ သူ့ဆွေမျိုးတွေရှိတဲ့ အညာကို နှစ်တိုင်း မရောက်ရောက်အောင် ပြန်ပို့ပေးခဲ့တယ်။ အဲဒီအတွက် ဒေါက်တာဟာ သူ့အမေကို သိပ် ကျေးဇူးတင်မိပါတယ် လို့ ဆိုတယ်။
ကိုယ်လည်းပဲ...
"ဒါ ကိုယ့်ရဲ့ မူကြိုတုန်းကတည်းက သူငယ်ချင်းတွေ" လို့ ဒီအသက်အရွယ် ရောက်တဲ့ထိ ဆွဲထုတ်ပြစရာ ရှိခဲ့တာအတွက် အညာကို နှစ်တိုင်း ပြန်ပို့ပေးခဲ့တဲ့ မိဘတွေကို သိပ် ကျေးဇူးတင်ပါတယ်။
***
မအူပင် GTC မှာ သွားတက်ရတဲ့ သူငယ်ချင်းတယောက်ပြောတာ သတိရမိတယ်။
သူက Mechanical, သူတက်နေတဲ့ အချိန်မှာ ကျောင်းအုပ်ကြီးကလည်း Mechanical,
သူတို့ကျောင်းက ကျောင်းစောင့်ကလည်း ကျောင်းစောင့်သာ လုပ်နေတာ ဘွဲ့ရပြီးသား ဆိုတယ်။ (သူလဲ ခသမဟ ပေါ့)။ Evening သင်တန်းတွေ ပေါ်တော့ အဲဒီကျောင်းစောင့်က ကျောင်းဆက်တက်တယ်။ ယူတဲ့မေဂျာက Mechanical
မေဂျာတွေ အချင်းချင်း သူသာတယ်။ ကိုယ်သာတယ် စကားနိုင် လုကြတော့...
အဲဒီ သူငယ်ချင်းက သူ့မေဂျာဘက်က တခွန်းပဲ ဝင်ပြောလိုက်တယ် တဲ့။
"ဟေ့ ဘာမှ ပြောမနေနဲ့။ ဒီကျောင်းမှာ ကျောင်းအုပ်က စလို့ ကျောင်းစောင့်ထိ Mechanical တွေချည်းပဲ" လို့...
(မြန်မာပြည်မှာလည်း ကောင်းတာရော မကောင်းတာရော ထိပ်ဆုံးရောက်နေတဲ့လူတွေ မကြည့်လိုက်နဲ့။ ကြည့်လိုက်မှဖြင့် အညာကချည်းပဲ။)
***
Sunday, March 14, 2010
ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၈)
အမြစ်ဖြတ်မရဘဲ အသည်းထဲ စွဲကာပင်...
(အဖြေက အသည်းကင်ဆာ မဟုတ်ဘူး)
ထန်းမြစ်
ကိုယ့် နိုင်ငံလေးမှာ ထန်းမြစ်လေးတွေကစ ချစ်တယ်။ (စားကောင်းတာကိုး)
အကြိမ်ပေါင်းတစ်ထောင် စားရရင်လည်း ကိုယ့်နိုင်ငံက အမြစ်တွေပဲ ပြန်စားမယ်။
ကိုယ်ပြန်တဲ့ အချိန်မှာ သိပ်မပေါတော့ဘူး။
ရအောင် မှာပေးတဲ့ မေမေ့ကို ကျေးဇူးတင်ပါတယ်။
Korea ဂျင်ဆင်း လောက်တော့ ပျင်းတာပေါ့။
(ခေါင်းစဉ်က မေရှင် သီချင်း နားထောင်နေရင်း ရေးတာမို့)
***
သလ္လာဝတီ
ရေချိုးဆိပ်
ဘဝတွေဟာ မတိုးတက်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အတိုင်းပဲ။
ဒါကြောင့် သူတို့ သနားစရာကောင်းတယ် လို့...
ကိုယ် (လုံးဝ) လုံးဝ မထင်မိဘူး။
သနားရအောင် ကိုယ်က ဘာမှ မဟုတ်ဘူးလေ။ ပြောလို့ရမလား။
ဘဝကို ကျေနပ်နိုင်တာခြင်း၊ လွတ်လပ် ပျော်ရွှင်တာခြင်း ယှဉ်ရင် ကိုယ်က သူတို့ထက် သာပါမယ် လို့...
အလောင်းစည်သူမင်းကြီး တည်ခဲ့ (တယ်လို့ ထင်ရ) တဲ့ မြစ်ကမ်းနဖူးက ဘုရား။
လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ထင်တယ်။
ရှေးဟောင်းဆင်းတုတော်တွေ အခိုးခံရတော့ တော်တော် နာမည်ကြီးသွားသေးတယ်။
***
ကျိန်စာမိနေသူများ (သို့မဟုတ်) အညာက ဘူဇွာကြီးများ :D
အညာသူတွေဟာ ဆိုင်ကယ်ကို ဖိနပ်လို စီးတယ်။ :)
အဲဒီနေ့ကတော့ ၄ ယောက်ပဲ ဆုံဖြစ်တယ်။
အပြာရောင်တစ်ယောက်ပဲ အိမ်ထောင်ကျသေးတယ်။
ကိုယ့်ရဲ့ 3rd cousin တစ်ယောက်နဲ့။
ကျန်တဲ့လူတွေကို "နင်တို့ ကျိန်စာမိနေတာ ဖြစ်မယ်" လို့ ပြောမိတော့ "ဘယ်သူ့ကိုပြောတာလဲ။ သူလား ကျိန်စာမိတာ" လို့ အိမ်ထောင်ကျပြီးသား တစ်ယောက်ကို လက်ညှိုးညွှန်ပြီး ပြန်မေးတယ်။
"ခသမဟ" တွေချည်းပါလား။ :D
(ဖြတ်ပြောရရင် သူငယ်ချင်းတစ်ယောက် အိမ်ထောင်ကျလို့ သားကလေး တစ်ယောက်ရနေတာတွေ့တော့လည်း လုံးဝ အားမကျမိပြန်ဘူး။
အဲဒါကျတော့လည်း ကလေးတွဲလောင်းနဲ့ ရှုပ်လိုက်တာလို့ပဲ တွေးမိပြန်တယ်။ ဒုက္ခ)
***
Saturday, March 13, 2010
ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၇)
ရွာသားလေး ရဲ့ ရွာ။
(အရင် post တွေတည်းက တင်ရမှာ။ ကျန်သွားလို့။)
တနည်းအားဖြင့် မုံရွာကို ရောက်ခဲ့ကြောင်း သက်သေပြတာပေါ့။
တကယ့်မြို့အဝင်က "မုံရွာမြို့မှ ကြိုဆိုပါ၏" မုခ်ဦးကို ရိုက်ဖို့ ကြံတာ အသွားရော အပြန်ရော လက်နှေးနေလို့ မရလိုက်ဘူး။ ဒါနဲ့ တွေ့တာပဲ ကောက်ရိုက်လာခဲ့တယ်။
အိမ်ပြန်ချင်နေတဲ့ ရွာသား ကိုတော့ တခု ပြောချင်ပါတယ်။
ဓါတ်ပုံကြည့်ပြီး "လွမ်းလို့ ကျန်ရစ်ခဲ့မှာ အားနာပါတယ်လေ"။ :)
***
အလွမ်းများ
မေမေတို့ ငယ်သူငယ်ချင်း တစ်ယောက်က ဂျာမနီရောက် နတ်မောက်သား မြန်မာဆရာဝန်တစ်ယောက်နဲ့ လက်ထပ်ပြီး ဟိုမှာပဲ နေတယ်။ ကြာလှပြီ။ ကိုယ် ၄ နှစ် လောက်တည်းက ထွက်သွားတာ။
ဟိုရောက်ကတည်းက သူ အလုပ်မလုပ်ပါဘူး။
အဖေဗမာ၊ အမေဗမာက မွေးထားတဲ့ ဂျာမနီသူ တစ်ဦးတည်းသော သမီးကလေးတစ်ယောက် ရှိတယ်။
(အရင် post မှာ ရေးထားတဲ့ ကြိုးကြာကလေးတွေလိုတော့ အဲဒီ သမီးလေးက မိုင်ထောင်ချီပြီး ပြန်လာမယ် မထင်မိဘူး။ ဘာဖြစ်လို့ဆိုတော့ သူက ငှက်ကလေး မဟုတ်လို့ပေါ့။)
အဲဒီ အန်တီကတော့ ၄/ ၅ နှစ် တခါလောက်တော့ ပြန်လာတတ်တယ်။
အညာထိကို ရောက်အောင် ပြန်လာပါတယ်။
ငယ်ငယ်တုန်းကတော့ သမီးလေး ပါလာတတ်တယ်။
နောက်ပိုင်းတော့ သူတစ်ယောက်တည်းပါပဲ။ သူ့အမျိုးသားကတော့ တခါမှ ပြန်မလာဘူး။
နောက်ဆုံးတစ်ခေါက်ကတော့ ကိုယ် နောက်ဆုံးနှစ်လောက်မှာ ထင်တယ်။
အိမ်မှာ လူစုံကြတုန်း သူ့ကို ဟိုပြန်ရောက်ရင် အမှတ်တရ ပြန်ကြည့်ဖို့ မြန်မာပြည်ခရီးစဉ်ကို video ရိုက်ယူသွားပါလား အကြံပေးကြတော့ သူက ပြောတယ်။
"ဟိုပြန်ရောက်တာနဲ့ ပစ္စုပ္ပန်ကို တည့်တည့်ရှုပြီး နေရတာ။ ဒါတွေကြည့်ပြီး ပြန်လွမ်းမနေနိုင်ဘူး" တဲ့။
အဲဒီကတည်းက သူ့ feeling ကို ကိုယ် နားလည်မိတယ် ထင်ပါတယ်။
သူ ပြန် မလွမ်းချင်ရှာဘူး...
***
ကိုယ်လည်းပဲ...
ပြန် မလွမ်းချင်လို့ ဘာမှ မရိုက်ဘဲ အတတ်နိုင်ဆုံး နေခဲ့တယ်။
အိမ်ကို မရိုက်ခဲ့ဘူး။ မြို့တွင်းကို မရိုက်ခဲ့ဘူး။ အိမ်က အစားအသောက်တွေ မရိုက်ခဲ့ဘူး။
လွမ်းရတာ... တမ်းတရတာ... ဘယ်ဟာမှ မကောင်းဘူး။
ဓါတ်ပုံတွေဆိုတာ အတိတ်ရဲ့ အရိပ်တွေပဲ။
အတိတ်နဲ့ ပစ္စုပ္ပန်က အဟပ်ကွာနေတဲ့အခါ အရိပ်ဆိုတာ ဝေဒနာတွေသာ ပေးတယ်။
***
အညာဆောင်း
ရောက်တဲ့ ညနေက ရေချိုးခန်းထဲကို အမှတ်တမဲ့ ဝင်လိုက်တယ်။
ရေကတော့ ရေနွေးစပ်ပြီးသား အသင့်။
စီးထားတဲ့ ဖိနပ်ချွတ်ပြီး နင်းလိုက်တာနဲ့ ခုန်ဆွ ခုန်ဆွ ဖြစ်သွားတယ်။
အားးးးးးးးးးးးးး
အေးလိုက်တာ။
ဒါတောင်မှ ဖေဖော်ဝါရီ လလယ်။
***
Starving Queen
မနက်တိုင်းလိုလို မုန့်တီသုတ် စားတယ်။ ကြိုက်လို့။
ထန်းသီးမုန့်က ကိုယ် သိပ်ကြိုက်တဲ့ အစားအစာ မဟုတ်ဘူး။
မစားရတာ ကြာရင်တော့ စားချင်မိတယ်။ အဲဒီမှာ တခါပဲ စားခဲ့တယ်။
ဓါတ်ပုံ မရိုက်ဖြစ်ဘူး။ ရန်ကုန်အိမ်မှာ အဒေါ်ဝမ်းကွဲ နှစ်ယောက် အုန်းနို့ခေါက်ဆွဲ ချက်ကျွေးတာလည်း မရိုက်ဖြစ်ဘူး။
အစားအသောက်နဲ့ ပတ်သတ်ရင် ကိုယ့်ကို အမျိုးမျိုး မှတ်ချက်ပေးတာ ခံရမယ်။
ရန်ကုန်မှာ အတူနေတဲ့ အဒေါ်ကတော့ "သိပ်ဂျီးများတာပဲ" လို့ ပြောလိမ့်မယ်။
မေမေနဲ့ အဒေါ်ဝမ်းကွဲတွေကတော့ "သူက ဘာမှ ဂျီးမများဘူး။ ကောင်းရင် အကုန်စားတယ်" လို့ ပြောလိမ့်မယ်။
တကယ်က နှစ်ခုလုံး မှန်တယ်။ ကိုယ့် တဦးတည်းသော အဒေါ်က ဟင်းချက်မကောင်းဘူး။
ဒါတောင် ကိုယ်နဲ့ တူတူနေတဲ့ အချိန်တွေများလို့ လက်ရည်တက်လာသေးတယ်။
ဟင်းချက်မကောင်းတဲ့သူ ချက်တာ စားနေတုန်းကတော့ ဘာမှ စိတ်တိုင်းမကျဘူး။
အချက်ကောင်းတဲ့လူတွေ ချက်ကျွေးတော့ ဘယ်တုန်းကမှ မကြိုက်တဲ့ ငါးဟင်းတောင် စားကောင်းနေတတ်တယ်။
ကိုယ့်ဆောင်ပုဒ်က "ကောင်းရင်ကောင်းပစေနော်၊ များများလေး"။
(တကယ်က များများ မစားနိုင်ပါဘူး။ အသင့်ပြင်ဆင် ကျွေးမယ့်သူ မရှိတဲ့ အချိန်မှာ စားဖို့သောက်ဖို့ တကူးတက လုပ်နေရတာ သိပ် အလုပ်ပိုတယ် လို့ ထင်မိတယ်။)
စာအုပ်ဖတ်ပြီး အိမ်မှာ အေးအေးဆေးဆေး နေချင်မိပေမယ့် ဟိုသွား ဒီသွား မသွားမဖြစ်တွေလည်း သွားရသေးတယ်။ နေ့ခင်းဖက်တွေဆို ဆိုင်ကယ် မစီးချင်တတ်ဘူး။ နေပူပူမှာ လေတိုးတာ မခံချင်လို့။
ဒါပေမဲ့ ဖေဖော်ဝါရီက နေ သိပ်မပြင်းတာမို့ တော်သေးတယ်။
အိမ်ပြန်သွားတဲ့ အချိန်မှာ ဟိုထွက် ဒီထွက် ထွက်လိုက်၊ စာအုပ်လေး ဖတ်လိုက်၊ အသင့်ပြင်ပြီး စားစရာရှိတာ စား၊ ပြီးတော့ ပန်းကန်မဆေးဘဲ ထသွားလိုက်နဲ့ ဘုရင်မကြီး တပါးလို စံမြန်းပြီး နေလာခဲ့တယ်။
(အီသီယိုပီးယားက ဘုရင်မကြီး)
***
ဘိုးဘွားရိပ်သာ
ဧည့်သည် ၁ဝ ယောက်ပဲ ဖိတ်ခဲ့တယ်။
အဘိုး အဘွား အယောက် (၃ဝ) လောက်ပဲ ရှိတယ်။
အဲဒီလို မြေသားမာမာမှာ ဖိနပ်မပါဘဲ ခြေဖဝါးချည်း သက်သက် လမ်းလျှောက်ချင်မိတယ်။
ဘာဖြစ်လို့များ အဲဒီရောက်တုန်းက လျှောက်မကြည့်ခဲ့မိပါလိမ့်။
ငယ်ငယ်ကတော့ မြေကြီးပေါ် ဖိနပ်မပါဘဲ ဆင်းရင် မေမေဆူမယ်။ လူကြီးတွေ ဆူမယ်။
ဖိနပ်ပြန်စီးခိုင်းမယ်။
ခုနေ ကိုယ် ဆင်းလျှောက်ရင် ဘယ်သူမှ ဘာမှ ပြောတော့မယ် မထင်ဘူး။
ဒါပေမဲ့ အသက်ကြီးလာတော့ တားမယ့်သူ မရှိလဲပဲ လုပ်ချင်တာတွေကို စိတ်ရှိတိုင်း မလုပ်ဖြစ်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ် ကိုယ်မျက်စေ့မှိတ်လိုက်ရုံနဲ့ အဲဒီ မြေကြီးရဲ့ အေးစက်ရှတ အထိအတွေ့ကို ကိုယ့်ခြေဖဝါးတွေဆီက ခံစားလို့ရတယ် ပြောရင် ယုံသလား။
အညာလိုနေရာမှာ ဘိုးဘွားရိပ်သာ လိုအပ်နေရတာကို ကိုယ် စိတ်မကောင်းဘူး။
အရေအတွက် နည်းနည်းပဲ ရှိတာမို့ စိတ်သက်သာရာ ရမိပါတယ်။
နေ့လည်စာ မစားခင် ဆုတောင်းပေးကြတာ ကြည့်ပြီး ဘာကိုမှန်းမသိ ဝမ်းနည်းနေမိပြန်တယ်။
မပြန်ခင် ဖတ်လာခဲ့တဲ့ စိုးမြတ်သူဇာ "Feeling 35" ထဲက "မကလျာက feeling သမား" ဆိုတဲ့ စကားလုံးကို သတိရနေသေးတယ်။
ဘယ်လိုပဲ စားဖို့အသင့်၊ နေဖို့အသင့် နဲ့ နေရတယ်ပြောလည်း လူကြီးတွေအဖို့ ပြည့်စုံမှာ မဟုတ်ဘူးလို့ တွေးမိတယ်။ အဲဒီမှာ စည်းကမ်း သိပ်မတင်းကျပ်ဘဲ သူတို့ ဆွေမျိုးသားချင်းတွေ ရှိရာကို လွတ်လွတ်လပ်လပ် လည်ခွင့်ပေးတယ် ကြားရတော့လည်း စိတ်သက်သာမိပါတယ်။
***
ဘိုးဘွားရိပ်သာတွေ ရှိတာ ကောင်းပါတယ်။
ရှိဖို့ မလိုအပ်ရင်တော့ အကောင်းဆုံးပဲ။
***
ဘာရယ်မဟုတ် ဝယ်ဖြစ်လိုက်မယ့်၊ စားဖြစ်လိုက်မယ့် မများလှတဲ့ ပမာဏနဲ့ ပိုက်ဆံဆိုတာဟာ အသက်အရွယ်ကြီးနေတဲ့ ခိုကိုးစရာမရှိတဲ့ လူကြီး အယောက် (၃ဝ) လောက်ရဲ့ တစ်ရက်စာ စားစရိတ် ဖြစ်တယ် ဆိုတာကို ဒီမှာ အနှမျောမရှိ သုံးဖြစ်လိုက်မယ့် အချိန်မှာ ကိုယ် သတိရမိကောင်းပါရဲ့။
***