Saturday, December 5, 2009

ဖြေကြည့်သူများ


'96 December တုန်းကပေါ့။

လှိုင်မြို့နယ်ထဲ ရန်ကုန်-အင်းစိန် လမ်းမကြီး တစ်နေရာမှာ စာသင်နေတုန်း ကြို့ကုန်းဘက်က လူတန်းကြီး ဖြတ်တက်လာကြတယ်။ ကိုယ်တို့တွေလည်း စာသင်ရာက ထွက်ကြည့်ကြတယ်။ ရှေ့ကနေ ဖြတ်သွားတဲ့ လူတန်းကြီးထဲက တစ်ယောက်က ဝရံတာမှာ ထွက်ရပ်ပြီး ငုံ့ကြည့်နေကြတဲ့ ကိုယ်တို့ ကျောင်းသားတွေရှိရာကို အော်ပြောသွားတယ်။

"မင်းတို့အတွက် လုပ်နေတာ၊ မင်းတို့အတွက် လုပ်နေတာ" တဲ့။

ဗုဒ္ဓေါ !

ကိုယ် ဆက်မကြည့်ဖြစ်တော့ဘူး။ ကြို့ကုန်းက လူတန်းကြီးဆိုပေမယ့် ကြို့ကုန်းက ကျောင်းသား ဟုတ်ချင်မှလည်း ဟုတ်လိမ့်မယ်။ ကျောင်းသားတွေထဲပါလာပေမယ့် ကျောင်းသားမဟုတ်တာလဲ ဖြစ်နိုင်တယ်။ ဟုတ်ရင်လည်း ဟုတ်လိမ့်မယ်။

လူအုပ်စုနဲ့မို့ တက်ကြွနေတဲ့စိတ်နဲ့ ဒီလို အော်လိုက်တာ ဖြစ်လိမ့်မယ်။
ဒါတွေက နောက်မှ စဉ်းစားမိတာပါ။

ဘာပဲဖြစ်ဖြစ် အဲလို ပြောတာကို ကိုယ် မကြိုက်ဘူး။ လုံးဝ မကြိုက်ဘူး။
(ဒါပေမဲ့ အတူတူ ထွက်ကြည့်ကြတဲ့ထဲမှာ အဲဒီစကားကို တရရ ပြန်ပြောလို့ သဘောကျကြတဲ့သူတွေ ရှိတယ်)

ကိုယ်ကတော့ အဲဒီတခွန်းနဲ့တင် 'ဟင်' ဖြစ်သွားတော့တာပဲ။
'ဟင်' ပြီးရင်လည်း လှည့်မကြည့်ချင်တော့ဘူး။
အဲဒါ သူ့ဘာသာ လုပ်ချင်လို့ လုပ်တာ မဟုတ်ဘူးလား။
ဘာဖြစ်လို့ ကိုယ်တို့ကို မော့ကြည့်ပြီး အဲဒီလို ပြောရတာလဲ။

ဟုတ်ပါတယ်။ ရှေ့မျိုးဆက်ရဲ့ ကောင်းမွေ ဆိုးမွေကို နောက်မျိုးဆက်က လက်ခံရတာပဲ။
တချို့လူကြီးတွေက "မင်းတို့ခေတ်ကတော့ကွာ..." မစဉ်းမစား ပြောတတ်ကြတာတွေ ရှိတယ်။
"မင်းတို့ ခေတ်ကတော့ကွာ... "

ပြီးတော့ ဘာဖြစ်သလဲ။ မင်းတို့ခေတ်က မကောင်းလိုက်တာ လို့ ပြောချင်တာလား။ ညံ့လိုက်တာလို့ ပြောချင်တာလား။ ဟုတ်ကဲ့ ဘာပဲ ဖြစ်ဖြစ် အဲဒီမင်းတို့ခေတ်ကို ပေးခဲ့တာ မင်းတို့ခေတ်ရဲ့ ရှေ့ခေတ်က လူကြီးတွေပဲ။ မင်းတို့ခေတ် မကောင်းရင် ရှေ့က လူကြီးတွေ ညံ့လို့ ဖြစ်မှာပေါ့။ (ဘယ်သူမဆို လာငြင်းလို့ ရပါတယ်။)

မင်းတို့ခေတ်ရဲ့ နောက်တခေတ် ညံ့နေမှသာလျှင် မင်းတို့ ညံ့လို့ ဖြစ်တယ်။ ဒါလဲ ရှောင်လွဲလို့ မရဘူး။

အတိုပြန်ချုပ်ရရင် အော်ပြောသွားတဲ့သူရဲ့ စကား အမှားလို့ မဆိုလိုပါဘူး။
ဒါပေမဲ့ သူ့ဘာသာ လုပ်ချင်လို့ လုပ်နေတာ မဟုတ်ဘူးလား။
ဘာဖြစ်လို့ အဲဒီစကားကို ပြောသွားရတာလဲ။

***
နောက်ပိုင်းတော့ အဲဒီ အရေးကိစ္စတွေကို စိတ်မဝင်စားတော့ဘူး။
first impression ကြောင့်ပဲ ဖြစ်လိမ့်မယ်။ 'ဟင်' ဆိုတာနဲ့ သွားတော့တာပဲ။
နောက်ထပ် နောက်ထပ် ဒီလမ်းကြောင်းပေါ်က တွေ့လာရတာတွေကလည်း စိတ်ကုန်စရာတွေနဲ့ပဲ တွေ့တယ်။ ဟိုတခါ July ရေးဖူးတဲ့ post တခုကို ဖတ်ရင်း၊ ငါ့ကျ ဒီလိုလူမျိုးနဲ့ ဘာလို့ မတွေ့ရသလဲ လို့ တွေးမိတယ်။

(သိပ်မကောင်းတဲ့ လူတွေနဲ့ပဲ တွေ့ရတာ ကံမကောင်းလို့ ဖြစ်မှာပေါ့။ အဲဒီတော့ အဲဒီ အရေးကိစ္စတွေဟာ စိတ်ကုန်စရာတွေလို့ မြင်ကုန်တယ်။ နောက်ပြီးတော့ ကိုယ့် အရေးကိစ္စ ကွက်ကွက်ကလေးကိုပဲ စိတ်ဝင်စားတတ်တဲ့ အတ္တကြောင့် ဖြစ်လိမ့်မယ်။)

ဒီလိုပဲ ကိုယ့် အရေးကိစ္စနဲ့ပဲ နေလာခဲ့တာ တချို့နာမည်ကြီးတွေရဲ့ နာမည်ဆို ကျောင်းပြီးလို့ လူ့လောကထဲ ဝင်တော့မှ ကြားဖူးတာတွေ ရှိတယ်။ S'pore ရောက်မှ ကြားဖူးတာတွေ ရှိတယ်။ ဘယ်လောက်တောင် အဲဒီဘက်မှာ စိတ်ဝင်စားမှု အားနည်းခဲ့သလဲ ဆိုရင်...

အမှန်တိုင်း ဝန်ခံရရင် ပြောင်းလဲမှာကိုတောင် သိပ် စိတ်မဝင်စားဘူး။
အတိအကျပြောရရင် တကယ် ပြောင်းသွားမှာလို့ လက်မခံချင်တာ ဖြစ်နိုင်တယ်။
မယုံကြည်နိုင်တာ ဖြစ်နိုင်တယ်။ လူသာ ပြောင်းချင် ပြောင်းမှာ မူကတော့ ပြောင်းမယ် မထင်ဘူးလို့ တွေးနေမိတာကြောင့် ဖြစ်မယ်။ အဲဒါ ကိုယ်ကြုံခဲ့ရတာတွေရဲ့ လွှမ်းမိုးမှုကြောင့်ပါပဲ။

တချို့ကိစ္စတွေ သိပ်ပြောလွန်းရင် အရာ မရောက်တော့ဘူး။
အရေးပါတဲ့ ကိစ္စကို လုပ်နေတယ်လို့ ကိုယ့်ဘာသာ ယူဆရင် အဲဒီ အချက်ကို သတိထားသင့်တယ် ထင်တယ်။

ခင်နှင်းယု လား၊ ဂျာနယ်ကျော် မမလေး လား ရေးတဲ့ ဝတ္ထုတစ်ပုဒ်ထဲမှာ (ခင်နှင်းယု လို့ ထင်ပါတယ်) "နိုင်ငံရေးသမားဆိုတာ ဘုရားအလောင်းလောက် နီးနီး အနေအထိုင် မှန်ပါမှ" ဆိုတာကို သိပ်ဝါလွန်း၊ အာလွန်းတဲ့ လူတွေနဲ့ ကြုံတိုင်း သတိရမိတယ်။

***
နောက်ကြည့်မှန် ကို စကြားဖူးတော့ အစ်မ မကေ ရဲ့ ဘလော့မှာပါ။
အမှန်အတိုင်းပဲ ပြောရရင် ကိုယ်တိုင်ကိုယ်ကျ ဖတ်ကြည့်ချင်မိလောက်အောင် စိတ်မဝင်စားပါဘူး။
post ကိုလည်း အကြမ်းပဲ ဖတ်မိပါတယ်။ စာအုပ်ကို ဦးနှောက်ထဲကနေတော့ စောကြောချင်မိတယ်။
ရင်ထဲကနေတော့ ခံစားလို့ ရမယ် မထင်ခဲ့ဘူး။
နောက် မမသက်ဝေ ရေးပြန်တယ်။

ဒီတပတ်ထဲမှာတော့ ရွာသား email နဲ့ ပို့ပေးလို့ pdf file ရောက်လာပါတယ်။
ရောက်လာမှတော့ ကိုယ် နည်းနည်းတော့ မြည်းစမ်းချင်မိတယ်။
မဖတ်ခင်မှာ ဝါဒဖြန့်တာလေးတော့ ပါမှာပဲလို့ တွက်ခဲ့မိတာ ဝန်ခံရမယ်။

အစပိုင်း ၁၅ မျက်နှာလောက်ကို ရုံးမှာပဲ run thro' ဖတ်မိပါတယ်။
စာက နွဲ့လည်း နွဲ့မနေ၊ ကြမ်းလည်း ကြမ်းမနေဘဲ ဆက်ဖတ်ချင်မိသွားပါတယ်။
တကယ်ကို စာရေးတတ်တဲ့ သူတစ်ယောက်ရဲ့ အခင်းအကျင်း နဲ့ အရေးအသားပါပဲ။
အားလုံး ကောင်းပါတယ်။

ဇာတ်သိမ်းကိုလည်း အဓိက ဇာတ်ကောင်တွေနဲ့ မသိမ်းထားဘဲ အရေးပါတဲ့ အရန်ဇာတ်ကောင် တစ်ယောက်ရဲ့ အတွေးနဲ့ သိမ်းပေးလိုက်တာကို သဘောကျမိတယ်။ တကယ် အဆုံးမသတ်သေးတဲ့ ဇာတ်လမ်းအတွက် တကယ် ပြည့်စုံတဲ့ ဇာတ်သိမ်းပါပဲ။

မဖတ်ခင်က အနုပညာကို သိပ် မမျှော်လင့်ခဲ့ပေမယ့် အဲဒီထဲမှာ တွေ့ခဲ့ရတယ်။
ပြီးတော့ သူရေးထားတဲ့ ဇာတ်ကောင်နေရာကိုလည်း သဘောကျမိပါတယ်။
အခု သူရဲ့ အတွေးတွေ၊ ခံစားမှုတွေ မဟုတ်ဘဲ၊ အရင် သူရဲ့ အတွေးနဲ့ ခံစားမှုတွေလို့ မြင်မိပါတယ်။

ဘာဝါဒမှ ဖြန့်မထားတာ၊ သူတို့ လုပ်ခဲ့တဲ့၊ ကြုံခဲ့တဲ့ အရေးကိစ္စတွေကို အကျယ်မချဲ့ဘဲ ခပ်ပါးပါးနဲ့ ပြည့်စုံအောင် ပုံဖော်သွားတာ၊ တကယ်ပဲ အသာအယာ၊ ဒါပေမဲ့ ပိုင်ပိုင်နိုင်နိုင် တို့ထိလိုက်တဲ့ စုတ်ချက်ပဲ လို့ ခံစားရပါတယ်။

မပြောဘဲထားတဲ့ တချို့ စကားတွေကို စိတ်ထဲကနေ ကြားလိုက်ရတဲ့အခါ ပြီးပြည့်စုံသွားတတ်တယ်။
(တချို့ စကားတွေကျ ပြောလိုက်တော့မှ အနှစ်သာရမဲ့သွားတာတွေ ရှိတယ်။)
အနှစ်သာရမဲ့သွားအောင် ပြောထားတဲ့ စကားလုံးမျိုး အဲဒီ စာအုပ်ထဲမှာတော့ မပါခဲ့ဘူး။


နောက်ကြည့်မှန် ကတော့ အနုပညာ တစ်ရပ်လို့ ခံစားရပါတယ်။

တကယ်ပဲ ဘာကိုမှ ပြန်စောင်းမကြည့်တော့ဘဲ စွန့်လွှတ်နိုင်တယ် ဆိုတဲ့ လူတွေရဲ့ နေရာမှာ ဝင်ခံစားလို့တော့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတ္တကို ကျော်လွန်ပြီး ကြည့်မှ ရမှာမို့လို့ပါ။

ကိုယ်ကတော့ ကျော်လွန်ပြီး မကြည့်နိုင်သေးဘူး။
ကိုယ်လိုလူတွေ အများကြီး ရှိမှာ သေချာတယ်။

အဲဒီ အခါမှာ ကယ်တင်ရှင်ကြီး ပုံစံနဲ့ လာရပ်ပြမလား၊
ကိုယ်လုပ်စရာ ရှိတာကို ကိုယ့်ဘာသာ ရွေးချယ်ပြီး လုပ်ခဲ့တဲ့ ပုံစံနဲ့ လာရပ်ပြမလား။
ကိုယ့်အတ္တကို မကျော်လွန်နိုင်သေးတဲ့ လူတွေကို ဘယ်လို ပုံစံနဲ့ တင်ပြမလဲ ဆိုတာ အလေးထား စဉ်းစားစရာပဲ လို့ အဲဒီစာအုပ်က တွေးမိစေပါတယ်။

***
ဒုက္ခဆိုတာ ဘာလဲလို့ သိချင်လို့ အထုတ်ဖြေပြီး ဖွင့်ကြည့်ကြတဲ့သူတွေ ရှိမယ်။
သိကို မသိချင်လို့ မကြည့်ကြတဲ့သူတွေ ရှိမယ်။ နှစ်မျိုးလုံး ဘယ်သူမှ မမှားဘူး။

စာရေးသူကတော့ သူ ဖွင့်ကြည့်ခဲ့တဲ့ အထုတ်ဟာ သူ့ဘာသာ ဖွင့်ချင်လို့ ဖွင့်ခဲ့တာ ဖြစ်ပြီး၊ မဖွင့်ဘဲနေတဲ့ တခြားလူတွေကြောင့် မလွှဲမရှောင်သာ ဖွင့်ခဲ့ရတာ မဟုတ်ဘူး ဆိုတာကို သေချာနားလည်တဲ့ သူ လို့ ထင်မိပါတယ်။

ဒါကြောင့် သူ့ အရေးအသားနဲ့ တင်ပြပုံကို နှစ်သက်မိပါတယ်။

Update: သူ့သဘောထားကိုလည်း (နည်းဗျူဟာပဲ ဖြစ်ရင်ဖြစ်နေပါစေ) လေးစားမိပါတယ်။
ပို့ပေးတဲ့ ရွာသား ကိုလည်း ကျေးဇူးတင်ပါတယ်။

***
ကိုယ်ရေးတဲ့ post ကိုယ့်ဘာသာ ပြန်ဖတ်ကြည့်တာ အရေးအသားကတော့ ချဉ်စုတ်စုတ်ပဲ။
လွန်တာရှိလည်း ဝန္တာမမိတော့ပါဘူး။ လွန်တာရှိရင် လွန်တာရှိလို့ပဲ လို့ မှတ်လိုက်ကြပါ။

***

215 comments:

«Oldest   ‹Older   201 – 215 of 215
Rita said...

ညီလင်းဆက်
ယူ post မှားရေးနေတယ် ထင်တယ်။
ကျမ်းမကြေသူများမှာ ရေးချင်တာ မဟုတ်လား။

Anonymous said...

မရီတာရေ အလုပ်ထဲကမို့ Anonymous နဲ့ပဲ ၀င်ရေးသွားတာ ခွင့်လွတ်ပါ။

မရီတာကို တခုမေးချင်ပါတယ်။ မရီတာ ကိုယ့်တိုင်းပြည်(မြန်မာပြည်)ကို မပြန်တော့ဘူးလို့ ဆုံးဖြတ်ထားပါသလား.. ဒါဆိုရင် မရီတာရဲ့ အရေးအသား(ခံယူချက်)ကို လေးစားပါတယ်။
ပြန်မယ်ဆိုရင်တော့ ခုလိုတိုင်းပြည်ရဲ့ အခြေအနေကို မရီတာ သဘောကြနှစ်သက်လိမ့်မယ်လို့ ကျနော်ကတော့ မထင်ဘူး။ ဒါကြောင့်ပဲ မရီတာ အပြင်ထွက်ဖြစ်တာနေမှာပါ။ တရားမျှတတဲ့ အခြေအနေတခုရောက်ရင် မရီတာ ပြန်ဖြစ်ကောင်း ပြန်ဖြစ်ပါမယ်။ ဒါဆိုရင် ခုလို မျှတဖို့အတွက် လုပ်ပေးနေကြတဲ့ တကယ့်ရင်ထဲက စိတ်နဲ့ အလုပ်လုပ်နေကြတဲ့လူတွေကို မထိခိုက်စေချင်ပါဘူး။ မရီတာရဲ့ စိတ်ကိုနားလည်ပေးနိုင်ပါတယ်။ လူဆိုတာ ကိုယ့်ခံယူချက်အတိုင်း ကိုယ်သွားနေကြတာပါ။ ဒါကို ဘယ်သူကတော့ မှားတယ်လို့ ဝေဖန်နေစရာမလိုပါဘူး။ လူတိုင်းမှာ ဆိုးတာရှိသလို ကောင်းတာတွေလဲ အများကြီးရှိပါတယ်။ တယူသန်ကြီး တဖက်သတ်ကြီး ပြောရင်တော့ သိပ်ကြည့်ရတာ အဆင်မပြေသလိုပါပဲ။
Anonymous December 8, 2009 12:04 PM
က ကျနော် ရေးခဲ့တာပါ။ ဆိုလိုချက်ကိုလဲ မရီတာ သဘောပေါက်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ဆိုလိုချက်ကို ကျနော် ပြန်ဖြေရှင်းပါမယ် ကျနော်ဆိုလိုတာက ကိုယ်မလုပ်ချင်တာပဲ ဖြစ်စေ၊ ကိုယ်မလုပ်နိုင်လို့ ငြိမ်နေရတာပဲဖြစ်စေ၊ ကိုယ်ဖက်က အဲ့ဒီအယူအဆကို မယုံကြည်လို့ပဲဖြစ်ပါစေ ကိုယ်စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိပါတယ်။ မရီတာ ဟင် လုပ်သွားတာ မရီတာရဲ့ စိတ်ဆန္ဒအရပါ မရီတာရဲ့ ယုံကြည်ချက်အရပါ။ ဒါကိုအပြစ်မတင်ပါဘူး။ ဒါပေမဲ့ အဲ့ဒီ ဟင်လုပ်ခံရတဲ့လူတွေနဲ့ မတူတဲ့ တကယ့်စေတနာတွေနဲ့ လုပ်ပေးနေတဲ့လူတွေလဲ နိုင်ငံတိုင်းမှာ တပုံတပင်ကြီးရှိပါတယ်။ ဒါကိုအပြစ်တင်သလို ဝေဖန်သလို မလုပ်မိဖို့ ကျနော်ကဆိုလိုတာပါ။ ကျနော် ကောမန့်တွေကို နေ့တိုင်းလာဖတ်ဖြစ်ပါတယ်။ ခုက တဖြည်းဖြည်း ဆိုလိုချက်တွေ လွှဲနေတာ တွေ့ရပါတယ်။ အားလုံးကတော့ မှန်မယ်ထင်တာပြောနေကြတာပါပဲ။ မရီတာကောမန့်တွေကိုဖတ်ပြီး မရီတာရဲ့ ခံယူချက်ကို ပိုလို့တောင် နားလည်မိပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။ ဘယ်အခြေခံသဘောတရားကိုကြည့်ကြည့် အကောင်း အဆိုး ဆိုပြီး ဒွန်တွဲနေကြတာပါပဲ။ မရီတာအားမယ်ဆိုရင်၊ ရေးချင်စိတ်ရှိမယ်ဆိုရင်တော့ ကျနော်ကောမန့်ကို ပြန်မဲ့ထိ ကျနော် လာဖတ်နေပါ့မယ်

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ကို Bino

အကို့ကောမန့်လေး သဘောကျတယ်။ ဟုတ်တယ် ကျနော်တို့ တိုင်းပြည်ကို ချစ်တယ်၊ မြတ်နိုးတယ်၊ ကိုယ့်မွေးရပ်မြေလေးကို ချစ်တယ် ဘာအကြောင်းကြောင့် ခွဲခွာနေရပေမဲ့ ကိုယ်တိုင်းပြည်ကိုလွမ်းတယ်။ ကိုယ့်တိုင်းပြည်ကို တခြားတိုင်းပြည်ကအတိုင်း တိုးတက်စေချင်တယ်။ ဘယ်သူတွေ ဘာပဲလုပ်လုပ်၊ အုပ်ချုပ်ချုပ် ဂရုမစိုက်ဘူး ဒါပေမဲ့ လူတိုင်းတကယ့် ပညာတတ်တွေ ဖြစ်စေချင်ကြတယ်။ ဒါကြောင့် ဒီလိုပိုစ့်မျိုးတွေလိုအပ်ပါတယ်။ ကျနော်လဲ မရီတာရဲ့ တခြားပိုစ့်တွေ၊ စီပုံးတွေ မလာဖြစ်ပါဘူး။ ဒါပေမဲ့ ဒီလိုပိုစ့်မျိုးကို စိတ်ဝင်စားတယ်ဆိုတာ ၀န်ခံပါတယ်။ ကိုယ်တိုင် ထိရောက်စွာ မလုပ်ပေးနိုင်တောင်မှ တိုင်းပြည်ကိုချစ်တဲ့ စိတ်ကတော့ မလျှော့ပါဘူး။


လေးစားလျက်
တောင်ပေါ်သား

Rita said...

အာ ရပါတယ်။ အပေါ်က အနောနီးမတ်စ် ဖြစ်နေတာ အရေးမကြီးပါဘူး။ အောက်မှာ ဘယ်သူဆိုတာ ပြောထားတာပဲ။ နောက်တခုက အနောနီးမတ်စ် သိပ်အဓိက မဟုတ်ပါဘူး။ အကြောင်းအရာနဲ့ ဘယ်သို့ ဘယ်ပုံက အဓိကပါ။

တကယ်တော့ တချို့ comment တွေ ပြန်ဖို့ ကျန်ခဲ့ပါတယ်။ တမင် မပြန်တာ မဟုတ်ပါ။ ပိုပြီး တိုက်ရိုက်သက်ဆိုင်ပြီး serious ဖြစ်တာတွေ အရင်ပြန်ပြီး၊ ကျော်သွားတာပါ။ စိတ်ထဲ ရှိပေမယ့် အကြောင်းအရာက မဆက်စပ်တော့ ပြန်ပြီး မရောက်တော့ဘူး ဖြစ်နေတာ။

နောက်အဓိက အကျဆုံး အချက်က စာရိုက်ဖို့ကို အင်မတန်ပျင်းနေတာ။

အဲဒါလေး မေးသွားတာကို စိတ်ထဲမှာ ရှိနေတယ် ဘယ်သူမှန်း သေချာ ပြန်မကြည့်မိပေမဲ့ ပြန်ရဦးမယ်လို့။ ဒါပေမဲ့ အဲဒီဘက်ကို မရောက်နိုင်ဘူး ဖြစ်နေတယ်။ ပြီးရင် ပြန်မယ် ပြီးရင် ပြန်မယ်နဲ့ မပြီးနိုင်သေးဘူး ဖြစ်နေတာလဲ ပါတယ်ပေါ့။

တကယ်တော့ အမေးသက်သက်ပဲ ကြည့်ရင် အဲဒီ မေးခွန်းဟာ post ရေးသူ အတွက် အင်မတန် ဆက်စပ်တယ် လို့ ထင်ရပါတယ်။ ကိုယ်ရေးကိုယ်တာ နဲနဲပဲ ပါပြီး၊ post ဖြစ်လာရတဲ့ background နဲ့ များများသက်ဆိုင်လေမလား ထင်ရပါတယ်။

ဒါပေမဲ့ တကယ်က ကိုယ်ဖြေလိုက်ရင် ဒီလို မဟုတ်တာကို နားလည်လာပါလိမ့်မယ်။

ဒါဖြင့် ဘာလို့ မဖြေလဲ ဆိုတော့ တကယ်ပဲ personal affair က တော်တော် ပါနေလို့ပါ။ ကိုယ်က တကယ်တော့ ဘာမှ သိပ်ဂရုမစိုက်တတ်ဘူးလို့ ပြောလို့ ရပါတယ်။ ကြည်အေး စကားလုံးလေး ကိုးကားပါရစေ။ "ဘယ်သူ့မှ ဂရုမစိုက်တတ်တဲ့လူက ဘယ်သူ့မှ ညာစရာ မလိုဘူး" လေ။

ဒါပေမဲ့ သိလည်း ဘာမှ မဖြစ်ဆိုပေမဲ့ personal ဖြစ်တော့ အတတ်နိုင်ဆုံးတော့ ဘာမှ အကျိုးမရှိဘဲ မတင်ချင်ဘူး။ တင်လိုက်ပါမယ်လေ လို့တော့ စဉ်းစား မိပေမဲ့...

ိကိုတောင်ပေါ်သားရဲ့ email ရှိရင်သာ ပေးပါ။ cbox မှာပဲ ချပေးပါ။ comment တွေ ရှုပ်နေလို့။

Rita said...

(ကိုတေ ဆီမှ comment)

ကျွန်တော်ဖြေကြည့်သူများဆိုတဲ့ပို့စ်မှာကွန်မန့်ရေးတာအခါခါနှိပ်ပေမယ့်မရလို့မေးလ်ပို့ဖြစ်တာပါ။
ဆန္ဒမရှိရင်လဲဘလော့မှာကွန်မန့်ကိုပြန်မတင်ပါနဲ့...ကိစ္စမရှိပါဘူး...
အဓိကသက်ဆိုင်သူဖြစ်တဲ့ဒီကညီမကိုပေးဖတ်စေချင်တာသက်သက်ပါ။


တာဝန်ဆိုတာသိတဲ့သူအပေါ်မှာတိုက်ရိုက်ရှိတယ်။ သိရဲ့နဲ့လက်ငြိုးထိုး ( တကယ့်ကလိမ်ကကျစ်လုပ်စားများအား )ပြီးရှောင်တာက တာဝန်မဲ့သလိုဖြစ်သွားရုံအပြင်ဘာမှမရှိပါဘူး။

ဘယ်သူတွေတာဝန်ကျေကျေ၊ မကျေကျေကိုယ့်နိုင်ငံအတွက်အတတ်နိုင်ဆုံး

ရောက်နေတဲ့အရပ်ကနေအနဲဆုံးတော့လုပ်ရမှာပါပဲ။

အဲလိုထွက်သွား၊ရှောင်သွားတာကလဲ ကောင်းတဲ့ solution တစ်ခုမဟုတ်ပါဘူး။

စိတ်ထိခိုက်စရာသိပ်ကောင်းပါတယ်။

ဒီကညီမရဲ့ပို့စ်ကိုဖတ်ပြီးကွန်မန့်တွေလဲတစ်ခုမကျန်ဖတ်ပြီးပါပြီ။

လူကြီးမင်းတွေအားလုံးကိုမေတ္တာရပ်ခံချင်တာကတော့ဘယ်လိုအကြောင်းနဲ့ပဲ

ဖြစ်ဖြစ်ဘေးထွက်ထိုင်တာတအားလျော့ဖို့ပဲရှိပါတယ်...နိုင်ငံရေးမပြောနဲ့

ကိုယ့်မိသားစုအရေးမှာတောင်မှအဖက်ဖက်ကအကြောင်းညီညွှတ်နိုင်ဖို့အတွက်အားထုတ်

လုပ်ဆောင်တဲ့နေရာမှာစိတ်ပျက်စရာအကြီး၊ အသေးတွေကတန်းစီနေတာပါ။ ဒါပေမယ့်

မလုပ်မဖြစ်တဲ့အရေးတစ်ခုလိုသဘောထားတဲ့အပေါ်မှာပဲ စိတ်ပျက်လဲလုပ်၊ မပျက်လဲလုပ်ရတာပါပဲ။ ဒီတော့နိုင်ငံအရေးမှာတော့ ဒီလောက်ကအသေးအဖွဲပါ။

ကျွန်တော်ဆိုဒီကညီမရီတာနဲ့ Gap အတူတူပါပဲ။အပြောခံရ၊ Block အလုပ်ခံရတာမျိုးတွေလဲကြုံခဲ့ရတာပါပဲ။ ဆွေးနွေးနေတဲ့အကြောင်းအရာအပေါ်မှာ

ပြန်လည်ချေပမဆွေးနွေးနိုင်ပဲမဆိုင်တဲ့အကြောင်းတွေနဲ့ပုဂ္ဂိုလ်ရေးထိခိုက်တဲ့အထိဖြစ်နေတာကအတ္တတွေရှေ့တန်းတင်ထားကြလို့လို့ကျွန်တော်ယူဆပါတယ်။ အများအတွက်လုပ်ဆောင်တော့မယ်ဆိုရင်မိမိအတ္တကိုအတတ်နိုင်ဆုံးအစွမ်းအကုန်ချထားနိုင်ဖို့အင်မတန်လိုအပ်သလိုအရေးကြီးလှပါတယ်။ ပြီးတော့နိုင်ငံရေးဆိုတာအရမ်းကျယ်ပြန့်ပါတယ်။

Rita said...

ကွန်မန့်တွေဖတ်ရတဲ့အပေါ်မှာကျွန်တော် ၀င်ဆွေးနွေးချင်တာကတော့ ပြည်တွင်း၊ ပြည်ပနှစ်ဖက်လုံးရှုထောင့်ပေါင်းစုံကအဖက်ဖက်ကလိုအပ်ပါတယ်။ အထက်ကပြောခဲ့သလိုပါပဲ ကိုယ့်မိသားစုအရေး၊ မိမိအရေးအတွက်မလုပ်မဖြစ်လုပ်ရသလို၊ စိတ်ဘယ်လောက်ပျက်ပျက်လုပ်နိုင်သလောက် အနဲဆုံးအနေအထားပဲဖြစ်ဖြစ်နိုင်ငံအတွက်လုပ်ရမှာကနိုင်ငံသားတိုင်းရဲ့ မသိလို့ပဲဖြစ်ဖြစ်အခြေခံပညာကျောင်းသားဘ၀တောက်လျှောက်ဆိုခဲ့ရတဲ့

နိုင်ငံတော်သီချင်းအတွက်တစ်ခုတည်းနဲ့တောင်(အနဲဆုံး)တာဝန်ရှိပါတယ်။

ကျွန်တော်တို့အားလုံးစုစည်းနေဖို့နံပါတ်တစ်အရေးအကြီးဆုံးပါပဲ။

ဒါမှပဲပြသနာရဲ့အဖြေကိုအကောင်းဆုံးရှာနိုင်မှာပါ။အဖြေတွေကမြောက်မြားစွာရှိနေပါတယ်။လက်ငြိုးထိုးပြီးထွက်ထိုင်တဲ့အဖြေကအကောင်းဆုံးလို့တော့ကျွန်တော်မယူဆပါဘူး။ အဲဒီအဖြေနေရာမှာ အဲဒီလက်ငြိုးထိုးရမယ့်သူတွေကိုဘယ်လိုမျိုးလက်ငြိုးထိုးစရာမဖြစ်တော့အောင်လုပ်ပေးပြီးစုစည်းမှုအင်အားချဲ့နိုင်မလဲဆိုတဲ့အဖြေကိုရှာတာ(အားလုံးသဘောတူလို့လိုအပ်တယ်ထင်ရင်)ပိုကောင်းတဲ့စလူးရှင်းဖြစ်တယ်လို့ကျွန်တော်

ကတော့ယူဆပါတယ်။ လောလောဆယ်တော့အကောင်းဆုံးစလူးရှင်းတွေကိုမရှာခဲ့လို့၊ ရှာခဲ့ရင်တောင်မတွေ့ခဲ့လို့၊ တွေ့ခဲ့ရင်တောင်အကောင်အထည်မဖော်နိုင်လို့တော်လှန်ရေးတစ်ရပ်ရေရှည်လာရတဲ့

အပေါ်မှာစပ်မိတဲ့ကဗျာလေးတစ်ပုဒ်နဲ့ကျွန်တော်ကွန်မန့်ကိုလောလောဆယ်အတွက်နိဂုံးချုပ်ချင်ပါတယ်။



၂၀၀၉ မော်ကွန်း

လက်ညိုးတွေထိုး
အမျိုးတွေပါယိုးလို့
လုပ်နေတဲ့လက်ကမရှိသလောက်ရှား
စကားတွေသာများနေတဲ့အပြင်
တစ်ယောက်ကပြောရင်
နောက်တစ်ယောက်ကဒီလိုဆိုးလို့
သခင်မျိုးဟေ့ဒို့မပါ
အရေးတော်ပုံကြာရမည်တဲ့.....

ကိုတေ ၂၀.၁၀.၂၀၀၉ /၂၀.၀၀ နာရီ

တီချမ်း said...

i like the proposed solution,
as your post start with a question
and finally u get what u want
we know this is not the perfect solution YET
but this is realistic, make sense and sounds possible
i like this comment
the poem is also nice
cheers
Addy

Dho Ong Jhaan said...

ကော်မန့်းတွေလည်း များလှပါပြီ။ ဒါပေမဲ့ အရမ်းစိတ်ဝင်စားမိလို့ ဝင်ရေးရတာပါ။ :D အရေးတော်ပုံထဲ မြန်မာတွေအားလုံးမပါဘူးဆိုတာ အမှန်တရားတစ်ခုပါ။ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါပေမဲ့ တကယ့်ကိုမမျှော်လင့်ဘဲ Revolution တစ်ခုခု ဖြစ်လာတဲ့အခါ အခြေအနေက တစ်မျိုးဖြစ်လာတတ်ပါတယ်။ မျိုးမချစ်ဘူးဆိုတဲ့လူတွေ၊ အတ္တကြီးပါတယ်ဆိုတဲ့လူတွေ၊ ကြောက်ပါတယ်ဆိုတဲ့လူတွေ၊ နိုင်ငံရေးစိတ်မဝင်စားပါဘူးဆိုတဲ့လူတွေ အကုန်လုံးပါဝင်လာတတ်ကြပါတယ်။ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ မှန်းဆရခက်တယ်မို့လား? ရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးတွေနဲ့အတူ လမ်းပေါ်ထွက်လာတဲ့ လူတွေဟာ နိုင်ငံရေးသမားတွေတင်မဟုတ်ပါဘူး။ ၈၈ မျိုးဆက်ကျောင်းသားတွေတင်မဟုတ်ပါဘူး။ .....နိုင်ငံရေးဆိုတာကို သီအိုရီကျကျ မသိကြပေမဲ့ အားလုံးက ခေတ်ရဲ့အကျိုးဆက်ကို ခံစားနေကြရတာပါ။ ဘယ်သူက အကြောင်းမဲ့ အစော်ကားခံချင်မှာလဲဗျာ? ဒါကြောင့်လမ်းပေါ်ရောက်လာကြတာပါ။ ဒါကိုယ်ပဲ နိုင်ငံရေးလို့သတ်မှတ်ချင် သတ်မှတ်လို့ရပါတယ်။ တစ်နိုင်ငံလုံး နိုင်ငံရေးကို အပြည့်အဝနားလည်မဲ့အချိန်၊ ဒီမိုကရေစီဆိုတာကို မှန်မှန်ကန်ကန်သဘောပေါက်မဲ့အချိန်ကို စောင့်ကြည့်ရုံ စောင့်ကြည့်တာမျိုး မဟုတ်ဘဲ ကိုယ်တတ်ရင် မတတ်တဲ့သူတွေကို မျှဝေပေးကြပါခင်ဗျာ။ မသိတဲ့သူတွေကို အသိပေးကြပါခင်ဗျာ။ အိမ်မှာ တစ်ယောက်ယောက်နေမကောင်းရင် အားလုံး အကောင်းမနေရပါဘူး။ ဒီသဘောအတိုင်းပါပဲ။ post နဲ့ ဆိုင်ချင်မှ ဆိုင်ပါမယ်။
"အမှန်တိုင်း ဝန်ခံရရင် ပြောင်းလဲမှာကိုတောင် သိပ် စိတ်မဝင်စားဘူး။ အတိအကျပြောရရင် တကယ် ပြောင်းသွားမှာလို့ လက်မခံချင်တာ ဖြစ်နိုင်တယ်။
မယုံကြည်နိုင်တာ ဖြစ်နိုင်တယ်။ လူသာ ပြောင်းချင် ပြောင်းမှာ မူကတော့ ပြောင်းမယ် မထင်ဘူးလို့ တွေးနေမိတာကြောင့် ဖြစ်မယ်။ အဲဒါ ကိုယ်ကြုံခဲ့ရတာတွေရဲ့ လွှမ်းမိုးမှုကြောင့်ပါပဲ။"
but remember dat u can still be the person who change everything! ဗမာပြည်သားတွေကြိုးစားနေတာ အဲ့ဒါပဲမဟုတ်လား? ပြောင်းလဲဖို့ကြိုးစားနေကြတာပဲ မဟုတ်လား? အနဲအများတော့ရှိမှာပေါ့။ တစ်ယောက်နဲ့တစ်ယောက် အတိုင်းအဆမတူကြတာ ကျနော်တို့သိထားတာပဲလေ။

Unknown said...

အင်း.... ကိုယ့်ကိုကိုယ် သိတ် အထင်ကြီး ပြီး အောက်ခြေလွတ်နေတဲ့ Blogger ပါလား၊ Van Goghတို့ Gone with the Wind တို့ စာအုပ်တွေကြတော့ဖတ်ပြီး ကိုယ့်မြန်မာနိုင်ငံသား ကမ္ဘာကျော်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ကြခပ်ဝေးဝေး ပဲလို့ပြောတာ ဗမာတစ်ယောက်အနေနဲ့ ရှက်တတ်ရင်........

Rita said...

မြွေ မြွေချင်းဆိုရင် ခြေမြင်တယ်လို့တော့ ကြားဖူးတာပဲ။ ဒါနဲ့ DASSK အကြောင်း သိပ်သိတယ် ထင်တယ်။ ဒါဆိုလဲ မသိတဲ့လူတွေ သိရအောင် ဘလော့ဖွင့်ပြီး စာရေးပါလား။ ကိုယ်သာဆိုရင် ရေးမှာပဲ။

ကိုယ်သိပေမယ့် မသိတဲ့လူတွေရှိတာကို မသိရကောင်းလား လိုက်အပြစ်တင်နေရမှာကို အားအားယားယား ပိုရှက်မိမယ်။

မြန်မာအများစုက အဲလိုပဲ။ ဥပမာ မြန်မာ ဝတ်စုံကို ကိုယ့်ဘာသာ ဝတ်ချင်လို့ ဝတ်တယ်ဆိုပါစို့။ အဲဒါ ဝတ်ရုံနဲ့တင် မပြီးဘူး။ မဝတ်တဲ့လူတွေကိုပါ အဖျားခတ် လိုက်ကဲ့ရဲ့ဖို့ ရည်ရွယ်ချက်ကပါ ပါပြီးသား။

ခုလဲ ကိုယ့်ဘာသာ ဖတ်ချင်လို့ဖတ်ပြီး သိချင်လို့ သိနေတာနဲ့ပဲ မပြီးဘူး။ မဖတ်မသိတဲ့လူတွေကို ကဲ့ရဲ့လိုက်ချင်တဲ့ ရည်ရွယ်ချက်က ပါပြီးသား။ တကယ်ဖတ်ခဲ့တာလည်း ဟုတ်ချင်မှ ဟုတ်မယ်ပေါ့။ ဟုတ်တယ်ဆိုရင် အဓိက ကြိုက်နှစ်သက်ရတဲ့ အကြောင်းလေး ၃/ ၄ ချက်လောက် ချရေးသွားစမ်းပါ။ ကြားဖူးချင်လို့ပါ။

ပြီးတော့ ဗမာ တစ်ယောက်အနေနဲ့ ရှက်တတ်ရင် ဆိုတာ.. နအဖ လေသံအတိုင်းပဲ။ DASSK ကို သတင်းစာကနေ ဆော်နေတဲ့ လေသံအတိုင်းပဲ။ ဆန့်ကျင်တယ် ဆန့်ကျင်တယ် အော်နေရင်းကပဲ တလေသံတည်း ထွက်နေတာ ရှက်တတ်ရင် လဲသေလိုက်ဖို့ ကောင်းနေပြီ။

ကိုယ်ကတော့ ဟိုးပဝေသဏီ အစကတည်းက နိုင်ငံခြားသားယူတဲ့ကိစ္စကို တိုက်ခိုက်နေတာ အူကြောင်ကြားပဲ လို့ သတ်မှတ်တယ်။ ဒါ သူ့ဘက်ကမှ ပါချင်လို့လည်း မဟုတ်ဘူး။

ခုလည်းကြည့် စာဖတ်တာပဲ ဘယ်နိုင်ငံတကာစာဖတ်ဖတ် ဖတ်ချင်တာဖတ်မှာပေါ့။ ဒီအကြောင်း မဖတ်လို့ပဲ ရှက်ရမယ် တွေ ကြောက်ရမယ် တွေ လာပြောနေတာ... အဲဒီလူတွေနဲ့ တလေသံတည်း၊ တစိတ်တည်း၊ တဝမ်းတည်းပဲ။

အဲလိုတူနေလို့ကို အဲလို လူတွေရှိနေလို့ကို သက်ဆိုးရှည်နေတာ ဖြစ်မယ်။

Unknown said...

Ma Rita,

ကျမအမြင်ကတော့ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။

Unknown said...

Sorry this is an old post. But I just read it now and couldn't keep my mind to ignore it.
- I am also not a politician and I also stayed very far away from the activities. But only 1 point I am better than you. I know I am selfish.
- Actually this is very simple case and very easy to understand.
- First of all, Please read this story http://khinmamamyo.blogspot.com/2009/12/blog-post_20.html. After that, I hope you will know how to see the whole image of the current situation.
- As the second step, let me raise an optimistic thought about the guy you mentioned. For example, if a teacher of yours said "I am Sacrificing my life for students", will you have the same feeling? And Will you also hate all teachers on the world for that? To conclude this, 1) if the guy shouted those words emotionally, we should be able to understand him since he suffer many times more than the teachers do. 2) if he just mentioned that purposely, it is sure that he was trying to educate the people who haven't joined the activity yet.(here, let's ignore his skill. Otherwise, the weaker his skill is, the higher score we should give him. Here is an example, he may be respectful as the guy dive into the water to save people though he don't know how to swim.)
- This is the last step, let's imagine our country as a highway bus got a problem and stopped. So we have to push the bus to the nearest city. 1)Some guys help pushing car but only a few of them have car-pushing skill 2)Some guys just pretend as pushing. The reason may be for having a title or for having some food treated by the villages nearby.
*You may think both or any of them are bad people? If so, that may be right only if we neglect the wild animals around them. Moreover, there are other types of people pretty much worse than them...
3) some grab the seat of the guys who is pushing the car. 4) some just keep staying on the bus. Among them, some feel ashamed but some of them think that is fair not to mind whether the bus is moving by driving or by pushing. 5) Some people get out of the bus and take another one. This is similar to us who went out of the country. It may be better than #3 & #4 because we don't make the bus heavier in pushing. But we should know that we are selfish. Some examples, i)If we also help pushing, the bus may move faster and the guys pushing will get less damage. ii)We are somehow demotivating the guys pushing the bus. iii) There are monks and other respectful person like our teachers, doctors, etc in the group pushing the bus. Though we are not on the bus, our parents and family are. Is that fair to let those great person carry our family load?
- This is bonus step. It won't be disagreeable if we say people in higher standand country interest in politic more than other countries.

Rita said...

ကိုယ် အတိအလင်း ပြောပြီးသားပါ။ အဲဒီလို ကိစ္စမျိုးမှာ အဲဒီလို လေသံထွက်မယ်ဆိုရင် ကိုယ့်အဖေဖြစ်နေပစေ... ကိုယ်မကြိုက်နိုင်ပါဘူး ဆိုတာကို။

အထက်က ပြန်ထားတဲ့ comment တွေ ပြန်ထားတာ ဖတ်မိရင် တွေ့ပါလိမ့်မယ်။

... ဆိုတော့ ဆရာတွေ ကိစ္စ ထပ်ပြောစရာ မလိုတော့ဘူး ထင်ပါတယ်။ ဒီနေရာမှာ အနစ်နာခံတယ် ဆိုတဲ့ စကားလုံးကို အတော်ပဲ စောကြောချင်မိတယ်။ ဘာကို ဆိုလိုတာပါလဲ... ကိုယ်ရွေးချယ်လိုက်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခု ခေတ်အခါမကောင်းလို့ အဆင်မပြေတာကို ပြောချင်တာလား။ (သို့မဟုတ်) ဒီထက်ဒီ့ထက် မက မက တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ခေါင်းခေါက်ရွေးလို့ ရနိုင်ပါရက်နဲ့ ဒီအလုပ်ကိုပဲ တမင်တကာ့ တမင်တကာ အနစ်နာခံပြီး ရွေးချယ်ထားတာပါလို့ ပြောချင်တာမျိုးလား။ အခြေအနေဆိုတာ အမျိုးမျိုး အစားစား ရှိပါတယ်။

ဟုတ်ကဲ့ အဲလိုပြောလာမယ်ဆိုရင် ကိုယ့်အဖေပြောနေတယ်ဆိုရင်တောင် ကိုယ်ကတော့ ကြိုက်နိုင်မယ် မဟုတ်ပါဘူး။ ဒီလောက်ဆို ရပြီ ထင်ပါတယ်။

နောက်တခု post နဲ့ရော... comment ရဲ့ ဆိုလိုရင်းနဲ့ရော မဆိုင်လှပေမယ့် ကြုံလို့ စဉ်းစားမိတာလေး တစ်ခု ပြောချင်ပါတယ်။

ဗမာအသိုင်းအဝိုင်းမှာ သိပ် ရေပန်းစားတဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာ အကြောင်း ပြောချင်ပါတယ်။ ဗမာတွေဟာ လွမ်းစရာမရှိ သွားလေသူ အင်္ဂလိပ်ကို လွမ်းတယ် ဆိုတာမျိုး သိပ်လုပ်တယ်။

ဆိုလိုတာက လက်တွေ့မကျဘူး။ စိတ်ကူးလေးနဲ့ သူရဲကောင်းပုံပြင်ပြောပြီး နေချင်ကြတယ်။

ကိုယ့်အယူအဆကတော့ တယောက်ယောက်က အနစ်နာ ခံနေရသရွေ့၊ အနစ်နာခံရတဲ့ အနေအထားမှာ နေနေရသရွေ့ အဲဒီ အဖွဲ့အစည်း အသိုင်းအဝိုင်းဟာ ဘယ်တော့မှ မကောင်းနိုင်ဘူး။

သို့သော်လည်း နာ ၃ နာ ပြောပြီး ဂုဏ်ယူနေကြဆဲပဲ။ ပညာရေးစနစ် ယိုယွင်းလာတာမှာ အဲဒီ နာရတဲ့ ကိစ္စလည်း အခြေခံအကြောင်းတရပ်အနေနဲ့ ပါနေတယ်လို့ မထင်ဘူးလား။ ဘယ်သူ ကြာရှည် အနာခံနိုင်မှာလဲ။ နာပါများတော့ မေးခွန်းပေါက်တော့တာပေါ့။

စကတည်းက မနစ်နာအောင် လုပ်ရမှာ။ (ဒါကတော့ ကြုံလို့ ပြန်ဆွေးနွေးတာပါ။ post နဲ့ရော comment ရဲ့ ဆိုလိုရင်းနဲ့ရော မဆိုင်ပါဘူး။)

ဒါနဲ့ ရွေးချယ်စရာတွေ အများကြီးနဲ့ သူဌေးသမီး နိုက်တင်ဂေး သူနာပြုလုပ်တော့ သူလုပ်ချင်လို့ လုပ်တာပါ လို့ ပြောသွားသလား။ လူသားတွေအတွက် သူ အနစ်နာခံပြီး ဘဝကို စတေးပြီး လုပ်ရတာပါလို့ ပြောသွားသလား။ ကိုယ်မသိလို့ သိချင်မိတယ်။

တကယ်တော့ သူက အဲလိုပြောမယ်ဆို ပြောလို့ရတယ်လေ။ သူတကယ် အနစ်နာခံထားတာကိုး...

ဒါပေမဲ့ မပြောသွားဘူးလို့ ဘာအထောက်အထားမှ မရှိဘဲ ကိုယ် ယုံကြည်မိတယ်။

Rita said...

ကျန်နေခဲ့လို့။ ထည့်ပေးတဲ့ LINK ကို ဟိုးအရင်ကတည်းက ဖတ်ပြီးသားပါ။ စာရေးသူရဲ့ ဘလော့မှာတော့ မဟုတ်ဘူး။ EDU FOR MYANMAR YOUTH မှာပါ။

သူရေးတာတွေ သိပ်မဖတ်ဖြစ်သည့်တိုင် ကြုံကြိုက်လို့ဖတ်မိရင် ဘဝင်ကျပြီး ပြန်လာရတာချည်းပါပဲ။ ကြိုက်မိပါတယ်။ နောက်ဆုံး ကိုယ့်ဘလော့မှာ သူလာရေးတဲ့ COMMENT ထိ IMPRESSIVE ဖြစ်စရာပါ။

သို့သော် အဲဒီ POST ဖတ်ပြီးတော့ ကိုယ်ပြုံးမိပါတယ်။ ဘာလို့ဆိုတော့ ဟိုဘက်ကလူတွေ ဝါဒဖြန့်လေ့ရှိတဲ့ ပုံစံ ပေါ်လစီဇာတ်ကားနဲ့ တူနေလို့ပါပဲ။ ကိုယ့်အတွက်တော့ အဲဒီ POST ဟာ ဇွတ်လုပ်ထားတဲ့ ပြဇာတ်တပုဒ်လိုပဲ။ ဘယ်လိုမှ ရင်ထဲမရောက်ဘူး။ ဒါကတော့ ကိုယ့်အမြင်သက်သက်သာ ဖြစ်လို့ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်။

ဒါနဲ့ အဲဒီ EDU FOR MM YOUTH ရဲ့ LINK ကို ကိုယ့် ဘလော့ ROLL ကနေ ဖြုတ်ပစ်လိုက်တယ်။

အဲဒီထဲက ကိုယ့်အတွက် ပြုံးချင်စရာ အကောင်းဆုံး အပိုင်းက "မလုပ်တဲ့ လူတွေဟာ သူတို့ကိုယ် သူတို့ GUILTY ဖြစ်မိလို့ အဲဒီစိတ်ကို ဖြေဖျောက်ဖို့ လုပ်တဲ့လူတွေရဲ့ အားနည်းချက်ကို လက်ညှိုးထိုး အပြစ်ရှာနေတာ" ဆိုတဲ့ အပိုင်းပဲ။ (စကားလုံး အတိအကျမဟုတ်။ ပြန်မဖတ်ချင်လို့ လိုရင်းကို တူအောင် ကိုယ့်ဘာသာ ပြန်ရေးထားတာ။)

သူတို့ ဘာကြောင့် ကျန်တဲ့လူတွေရဲ့ စိတ်နေသဘောထားကို မသိရတာလဲ။ ကျန်လူတွေမှာ ငါတော့ သူတို့လို မလုပ်မိလေခြင်း လို့ တွေးပြီး၊ အဲဒီ အပြစ်စိတ်ကို ဖျောက်ဖို့ သူတို့ကို ရှာကြံ အပြစ်တင်ဖို့ ကြံစည်နေကြမှာပဲ ဆိုတဲ့ အတွေးကို ဘယ်လိုများ တွေးမိသွားပါလိမ့်။ နည်းနည်းတော့ မကင်းကွာအောင် IN TOUCH ဖြစ်နေကြဖို့ ကောင်းတယ်။

နောက်တခု စဉ်းစားမိတာက "သူတို့အချင်းချင်း ဆန့်ကျင်ဘက်ပါ လို့ ဝန်ခံကြရက်နဲ့ ဘာလို့ ဒီလောက်တောင် အတွေးအခေါ်နဲ့ လုပ်ရပ်တွေက ဆင်တူနေကြတာလဲ"။ အဲဒီအခါမှာ "စနစ်က လူတွေကို ပြင်သွားမှာပါ" ဆိုတဲ့ COMMENT ကို လက်ခံဖို့ စဉ်းစားမိနေတဲ့ ကိုယ့်မှာ အဲဒီ POST ကြောင့်ပဲ မေးခွန်းတစ်ခုပေါ်လာတယ်။

"စနစ်က လူကို ပြင်မှာလား။ လူက စနစ်ကို ဒုံရင်းအတိုင်းဖြစ်အောင် ပြန်ပြင်နေကြတာလား။ အဲဒီစနစ်ကိုပဲ မသိစိတ်ထဲက အရိုးစွဲနေကြတာလား။"

အဲဒီ POST ကို ရုပ်မြင်သံကြားက လွှင့်နေကျ ပေါ်လစီကားလိုပဲ ခံစားမိတယ်။

Unknown said...

နိုင်ငံရေးဆိုတာ အဲဒီနိုင်ငံကို ကိုယ်စားပြုတဲ့ (ပြည်တွင်း/ပြည်ပ က) လူတိုင်းနဲ့ဆိုင်ပါတယ်…
ဒါပေမယ့် ကိုယ့် အလုပ်ကိုယ်လုပ်နေတာလဲနိုင်ငံရေးပါဘဲ… ဥပမာ… အလုပ်သမား က အလုပ်လုပ်… လယ်သမားက စပါးစိုက် ကျောင်းသားက စာဖတ်…
လူတိုင်း လူတိုင်း ဟာ သူတို့ အမြင်နဲ့ သူတို့ ကိုယ်စီ နိုင်ငံရေးလုပ်နေကြတာဘဲ…
ဥပမာ… ဒေါ်စု… ကိုမင်းကိုနိုင်… ကိုဇာဂနာ… မဖြူဖြူသင်း… ကိုကျော်သူ… ကိုထင်ကျော်… သီတဂူ ဆရာတော်…
အဖွဲ့ အစည်းအနေနဲ့ … NLD… KNU… KIO… မွန်ပြည်သစ်…
သူ့နည်းနဲ့ သူချည်းပါဘဲ…
အချို့ က လဲ လမ်းပေါ်ထွက်ဆန္ဒပြ… အချို့လဲ လက်နက်ကိုင်… အချို့လဲ လူမှုရေး လုပ်ငန်းတွေနဲ့….
ဒါပေမယ့် သူတို့တွေ အပါအ၀င် မြန်မာနိုင်ငံသားအာလုံး မှာ တူညီတဲ့ ပန်းတိုင် တခုတော့ရှိတယ်…
အဲဒါကတော့ ကျွန်တော်တို့တတွေ အားလုံး လွတ်လပ်မှု အပြည့် အခွင့် အရေး အပြည့် နဲ့ ကိုယ်တိုင်းပြည်မှာ ကိုယ်နေပြီး တိုးတက်မှုရဲ့ အရသာကို ခံစား ချင်တာပါဘဲ…
ဒီတော့ အခုလို စိတ်ဝမ်းကွဲ စေမယ့် ငြင်းခုန်မှုတွေ အစား
မတူညီတဲ့ နည်းလမ်းနဲ့ ဒီတူညီတဲ့ ပန်းတိုင်ကို အပြန်အလှန်ဖေးမကူညီရင် ချီတက်စေလိုပါတယ်…
မေတ္တာဖြင့်
တင်နိုင် (စင်္ကာပူ)

«Oldest ‹Older   201 – 215 of 215   Newer› Newest»