Saturday, July 30, 2011

လင်္ကာရည်ကျော် - သမားလည်ပြန်


လင်္ကာရည်ကျော် - သမားလည်ပြန်

လင်္ကာရည်ကျော် ဝတ္ထုတိုစာအုပ်ဖတ်ပြီးတော့ ဘလော့မှာ ပြန်ရိုက်တင်ချင်စိတ်တောင် ဖြစ်မိတယ်။

အစဆုံးလုံးချင်းနဲ့ ဝတ္ထုတိုတစ်ပုဒ် ဖတ်ရတုန်းက မဆလခေတ်မှာ တဝက်တိတိ ကြီးခဲ့တဲ့ စာရေးဆရာလို့ ထင်ယောင်ထင်မှား ဖြစ်မိတဲ့စိတ်တောင် တကယ်ပျောက်သွားတယ်။ အတော် မျှမျှတတနဲ့ စိတ်ကောင်းစေတနာကို ပေါ်လွင်အောင်ရေးနိုင်တဲ့ စာရေးဆရာမျိုး။

အချစ်၏နောက်ဆက်တွဲ စာမျက်နှာ
ဖတ်ရတုန်းကလို လူ့လောကနဲ့ ဆရာဝန်လောကရဲ့ ကောင်းမြတ်မှုတွေကို မြင်သာလက်ခံနိုင်အောင် ပြနိုင်စွမ်းတဲ့ စာရေးဆရာ။ လူ့စိတ်သဘာဝနဲ့ ဆရာဝန်စစ်စစ်တစ်ယောက်ရဲ့ စိတ်သဘာဝကို ဇွတ် သူရဲကောင်းမဆန်စေဘဲ လေးစားလောက်အောင် ရိုးရိုးသားသား ရေးပြနိုင်တာ အမှန်ပါပဲ။

(မှတ်ချက်။ အကုန် မပြီးသေးခင် ထရေးမိသည်)

***
...
"ဒီလိုလုပ်လေ ဆရာ၊ ဆရာတို့ သင်ပေးထားတဲ့ ပညာတွေလည်း အလကားမဖြစ်ရအောင်၊ ကျွန်တော်တို့လည်း လခကလေး မြိုးမြိုးမြက်မြက်ရလေအောင် နိုင်ငံခြားမှာပဲ ဆေးသွားကုလိုက်မယ် မကောင်းဘူးလား"


အားလုံးဝိုင်းရယ်ကြသည်။ မိမိလည်း မနေနိုင်ဘဲ ရယ်လိုက်မိသည်။

"ပညာတော်သင်သွားတုန်းကတော့ ငါလည်း နိုင်ငံခြားမှာ ဆေးကုဖူးတာပေါ့ကွာ။ မင်းပြောတဲ့ မြိုးမြိုးမြက်မြက်လည်း ရဖူးတာပေါ့။ ဒါပေမဲ့ ငါကတော့ ပြန်လာခဲ့တာပါပဲ။ အဲဒါ ဘာဖြစ်လို့လို့ မင်း ထင်သလဲ"

လူနောက် ဆရာဝန်ကလေး မျက်နှာပိုးသတ်သည်။

"ဟုတ်တယ်ဆရာ၊ ကျွန်တော်တို့လည်း အဲဒါကို စိတ်ဝင်စားနေတာပဲ။ ကြားရသလောက်တော့ ဆရာ ဟိုမှာလည်း တော်တော် အဆင်ပြေခဲ့တာပဲ။ အဲဒါ ဘာလို့ ဆရာပြန်လာတာလဲ"

...

"ဒီလို စဉ်းစားကြည့်ရအောင်ကွာ။ မျိုးချစ်စိတ် ဆိုတာကို မင်းတို့ ဘယ်လို နားလည်သလဲ"

ကောင်လေးမျက်နှာ ပြုံးစိစိ ဖြစ်သွားသည်။

"မရယ်နဲ့ ဟေ့ကောင်။ ငါ တရားဟောမလို့ မဟုတ်ဘူး။ ငါ ခံစားရတဲ့အတိုင်း ငါ ပြောပြမလို့။ ငါ နိုင်ငံခြားမှာတုန်းက ငါ့မှာ ဘာသာစကားပြဿနာလည်း ဘာမှ မရှိဘူး။ မင်းတို့အသိ။ ပြီးတော့ ငါ့ထုံးစံက ရောက်လေရာအရပ်မှာ သူတို့စရိုက်၊ သူတို့ဘဝ နေပုံထိုင်ပုံ၊ သူတို့ ဘာစိတ်ဝင်စားတယ် အမြဲလေ့လာတယ်။ ဒေသခံနဲ့ ရင်းရင်းနှီးနှီးနေနိုင်အောင် အမြဲ ကြိုးစားတယ်။ သုံးလ၊ အလွန်ဆုံး ခြောက်လဆိုရင် ရပြီ။ အိုကေပြီ။ အကုန်သိသွားပြီ။ ငါနဲ့ စကားပြောရင် သူတို့ ငါ့ကို လူစိမ်းတစ်ယောက်လို မခံစားရတော့ဘူး။ တသားတည်း ဖြစ်သွားပြီ။ လုပ်ဖော်ကိုင်ဖက် လူမျိုးပေါင်းစုံနဲ့ ငါနဲ့ စားအတူ သွားအတူ အဲလို ခင်သွားပြီ။ ခင်သွားတဲ့အခါကျတော့ ငါ ဘာသတိထားမိလဲ သိလား"

...

"ငါ ဒီအတိုင်း တသက်လုံးနေလို့ မပျော်ဘူးဆိုတာကိုပေါ့။ ငါ ဒီမှာ ကိုယ့်လူမျိုးတွေကြားထဲမှာ အလုပ်လုပ်နေရတုန်းက ဒီလိုမျိုး၊ အခု မင်းတို့နဲ့ နေသလိုမျိုးပေါ့ကွာ၊ ရင်းရင်းနှီးနှီး ပေါင်းသင်းပြီး အလုပ်လုပ်ရင် အတူတူ အဲသလို နေရတာ ငါပျော်တယ်။ ကိုယ့်ဘာသာစကားနဲ့ ကိုယ် ပြောဆို ရယ်မောနေရတာ ပျော်တယ်။ ဟိုမှာ မပျော်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် စိတ်ထဲမှာ တစ်ခုခု လိုနေသလိုပဲ။ ဒီမှာလိုတော့ မပျော်ဘူး။ တစ်သက်လုံး အဲသလိုကြီးနေနိုင်လားလို့ စဉ်းစားလိုက်တော့ ရှင်းတယ်။ မနေနိုင်ဘူး။ ဒီမှာပဲ နေချင်တယ်။

ငါ ထင်တယ်လေ။ မျိုးချစ်စိတ်ဆိုတာ အဲသလိုမျိုးပဲ ဖြစ်လိမ့်မယ်လို့"

(ထောင်စုနှစ် ဖြတ်ကျော် ဆရာဝန် မှ)

***

Wednesday, July 27, 2011

ဘာလီခရီး

14th Apr ~ 17th Apr 2011

ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်တဲ့အခါ ငယ်ငယ်တုန်းက မုန်းလောက်အောင် လုပ်ဖြစ်ခဲ့ရတဲ့အရာတွေကို ခုချိန်မှာ အငြီးငွေ့ကြီး ငြီးငွေ့နေတတ်တာ တွေ့ရတယ်။


တီဗွီ (ရုပ်ရှင်) ကြည့်တာ၊ ဖုန်းပြောတာ၊ နားထဲ နားကြပ်ထည့်ပြီး ဝေါ့ခ်မင်းနားထောင်တာ၊ အဲဒါတွေ ခုချိန်မှာ တစ်ခုမှ မလုပ်ချင်တော့ဘူး။ relax မဖြစ်ဘဲ ကိုယ့်ဘာသာ အလုပ်တာဝန်ပေးထားရသလို ဖြစ်နေမိတယ်။

ပြီးတော့ ခရီးသွားရတာ။ ငယ်ငယ်က တစ်နှစ်တစ်ခါ ကျောင်းပိတ်ရက် အညာပြန်တာအပြင်၊ အောက်တိုဘာလို ဒီဇင်ဘာလို ပိတ်ရက်တိုမျိုးမှာ ခရီးတိုသွားဖြစ်တာတွေရောနဲ့ ပြန်စဉ်းစားကြည့်ရင် မိသားစုနဲ့ အတူနေတုန်းက အတော်ကို ဂဒီးဂဒီး ခရီးသွားခဲ့ရတာ။ ဒီလိုနဲ့ပဲ မရောက်ဖူးတဲ့နေရာတွေ ရောက်ရတာ ကြိုက်ပေမယ့် ခရီးသွားလို့ ပင်ပန်းရတာ၊ အလုပ်ရှုပ်တာတွေကိုတော့ မကြိုက်တော့ဘူး။

နောက်တော့ ဒေသန္တရကို လုံးဝ စိတ်မဝင်စားတာ။ သူ့အလိုလိုသာ မှတ်မိသွားချင်သွားမယ်။ ဘယ်နေရာမှာ ဘာတွေရှိပြီး ဘယ်လိုခေါ်မှန်း အားအင်စိုက်ထုတ်ပြီး မှတ်သား မထားချင်ဘူး။

ဒီလိုနဲ့ပဲ ပျင်းပြီး မရေးဖြစ်တဲ့ ဘာလီထရစ်ပ်ကို သစ် မြှောက်ပေးတာနဲ့ ရေးချင်သလိုလို ပြန်ဖြစ်လာတယ်။ ဒါပေမဲ့ အဲဒီကတည်းက ရောက်ခဲ့တဲ့ temple နှစ်ခုကို နာမည်သိအောင် လုပ်မထားဘူး။ ကိုယ်နဲ့ မရင်းနှီးတဲ့ နောက်လည်း အမြဲသွားလာနေရမှာမဟုတ်တဲ့ ခဏပဲရောက်တဲ့ နေရာက နာမည်တွေမှတ်ထားပြီး ဘာလုပ်ရမှာလဲလို့ပဲ တွေးမိတယ်။ လိုအပ်ရင်တော့ သိအောင်လုပ်ရုံပေါ့၊ မဟုတ်လား။

ဘာလီက ဗမာပြည်နဲ့ သိပ်မထူးသလို ခံစားရတယ်။
အနောက်တိုင်းကလာတဲ့လူတွေအဖို့တော့ အသစ်အဆန်းဖြစ်မှာ ဖြစ်ပေမယ့် အာဆီယံနိုင်ငံတွေကတော့ ဒီရာသီဥတု ဒီပတ်ဝန်းကျင် ဒီရုပ်ဒီရည်နဲ့ ဒီအစားအသောက်မျိုးပဲ သူမသာ ကိုယ်မသာတွေချည်းပါပဲ မဟုတ်လား။ ပြီးတော့ ဘာလီတကျွန်းလုံး လက်မှုပစ္စည်းလုပ်တဲ့နေရာတွေ သိပ်ပေါတယ်။ ဒါလည်း ကိုယ်တွေအတွက်တော့ ပုဂံရောက်နေသလိုပဲ။ ပြီးတော့ လူနေအဆောက်အဦတွေ ဆိုင်ခန်းတွေကလည်း ခပ်ဆင်ဆင်။ အမျိုးသမီးတွေကလည်း အင်ဒိုနီးရှားပါတိတ်ထမီတွေ ဝတ်ထားကြတယ်။

တည်းဖြစ်တဲ့ ဟိုတယ်က dekuta, 3 stars လောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ နေရတာ အတော်အဆင်ပြေတယ်။ ဟိုတယ်ဒီဇိုင်းကတော့ ဂျပန်ပုံစံလို့ ထင်မိတယ်။ ညပိုင်းကိုရောက်တယ်။ နောက်တနေ့ ဟိုတယ်က ပက်ကေ့ခ်ျနဲ့ပဲ ကားငှားပြီး ၅ နေရာလား ၆ နေရာလား တနေကုန် ပတ်လိုက်တယ်။ ကားငှားခကတော့ အလွန် ဈေးသက်သာပြီး ကားကလည်း ကောင်းတယ်။

ဈေးအတင်းရောင်းတာ၊ သူတို့ဆိုတဲ့ဈေးထက် ခေါက်ချိုးလောက်ဆစ်ရတာလည်း ဗမာပြည်လိုပဲ။ ငှားလာတဲ့ကားက နောက်ဆုံးခရီးစဉ်ကို ကုန်တိုက်တစ်ခု လိုက်ပို့ပေးတော့မှ အေးအေးသက်သာ ဈေးဝယ်ရတဲ့ အရသာကို စိတ်ချမ်းချမ်းသာသာ ခံစားရတော့တယ်။ (ပိုက်ဆံ နည်းနည်း ပိုကုန်တာ ကိစ္စမရှိဘူး။ စိတ်အနှောင့်အယှက် ကင်းဖို့က အဓိက)။ အဲဒီက ဝယ်လာတဲ့ အရောင်အဆင်းမှေးမှေးမှိန်မှိန် ဖျော့တော့တော့ (ကိုယ်ကြိုက်တာ ကိုယ်ဝယ်တာ) ပါတိတ်နှစ်ထည်ကို ဒီတခေါက် ရန်ကုန်အပြန်မှာ မေမေနဲ့ အဒေါ်ကို ကန်တော့တော့ "ရေလဲလုံချည်နဲ့ တူလိုက်တာ" လို့ ပြောကြတယ်။

ပင်လယ်ကမ်းပါးစောင်းမှာ ရှိတဲ့၊ မျောက်တွေရှိတဲ့ temple ကို သွားရတာလည်း ကြိုက်ပါတယ်။ အဲဒီနေရာက ဘိခ်ျလည်း မဟုတ်တော့ ကျောက်ကမ်းပါးပေါ်ကနေ ငုံ့ကြည့်ရတဲ့ ပင်လယ်ရေက ကြည်သန့်ပြီး ပြာလဲ့စိမ်းစိုနေတာ နေပူတာနဲ့ မျောက်တွေလာမှာကိုတောင် မေ့သွားတယ်။

ပင်လယ်ကမ်းခြေမှာ ကဗျာဆန်ဆန်အတွေးလေး ဘာလေး တွေးချင်ပေမယ့် သိပ် ထွက်မလာလို့ ဒီတိုင်း စိတ်ဗလာပဲ ကြည့်ဖြစ်ခဲ့တယ်။ အဲဒါ ပိုတောင်မှ ကောင်းသေးတယ်။ အတူလာတဲ့ ညီမလေးက ကိုယ့် ပို့စ်တစ်ခုက စာသားကို သောင်ပြင်မှာ ရေးမလို့ဆို လေယာဉ်ပေါ်မှာ ပြောပေမယ့် မရေးဖြစ်လိုက်ဘူး။ "လွမ်းတယ်ဆိုတာ လှိုင်းတွေလိုပဲ လူကို တဖြည်းဖြည်းတိုက်စားသွားတာ" ဆိုတဲ့ စာကြောင်းဆိုလား။

အင်ဒိုနီးရှား သွားလည်မယ် ပြောတော့ "သွားပေါ့။ အဲဒီဘက်ကမှ တကယ် သာယာတာ။ မင့် စင်ကာပူနဲ့ ဘာမှကို မဆိုင်ဘူး" ဆိုတဲ့ စကားလေးတော့ (ခမျာ စင်ကာပူကို အတော် စိတ်နာရှာပုံရတယ် လို့ တွေးပြီး) အဲဒီမှာရှိနေခိုက် မကြာခဏ သတိရမိတယ်။

ခြုံပြောရရင်တော့ သွားလည်ရတာ ပျော်ပါတယ်။
လွတ်လွတ်လပ်လပ် သွားလာရတာ၊ အလုပ် မလုပ်ဘဲနေရတာ၊ ခပ်ဆင်ဆင်ပဲ ဆိုဦးတော့ မရောက်ဖူးတဲ့နေရာဒေသကို ရောက်ရတာကို ပျော်ပါတယ်။ စိတ်ထဲ ဘာ ထူးထူးခြားခြား ခံစားရလဲ ဆိုရင်တော့ ကိုယ့် အနေနဲ့ ဘာမှ သိပ်ထူးထူးခြားခြား မခံစားရဘူးပဲ ပြောရမယ်။ အေးရှားထက် ဥရောပ အမေရိကသွားရမှပဲ ထူးခြားတယ်ထင်တော့မှာ။ အေးရှားမှာတောင် အာဆီယံဒေသတွင်း မဟုတ်ဘဲ ကိုးရီးယား ဂျပန်လိုနေရာမျိုးဆို ထူးခြားမယ် ထင်ပါတယ်။

တစ်ခုတော့ ရှိတယ်။ လူ့သဘောက အဲဒီနေရာ မရောက်ခင်သာ စိတ်ကူးနဲ့ တွေးပြီး ရောက်ရင် ဟုတ်လှမယ် ထင်တာ၊ တကယ်တမ်း ရောက်သွားပြန်တော့လည်း ဘာမှ မဟုတ်တော့ပြန်ဘူး ဖြစ်တတ်သေးတယ်။

ဘာပဲဖြစ်ဖြစ် ပြင်ရဆင်ရ အလုပ်ရှုပ်တာရယ်၊ ရက်နည်းနည်းပဲ အချိန်ရလို့ rush ဖြစ်တာရယ် ဖယ်လိုက်ရင် ခရီးတွေ သွားရတာ ကြိုက်တယ်လို့ ပြောလို့ရပါတယ်။ အတိအကျပြောရရင် လက်ရှိဘဝက ခဏဖြစ်ဖြစ် ထွက်ပြေးလိုက်ရတာကို ကြိုက်တယ်။ ခရီးထွက်ရလို့ ရင်တလှပ်လှပ်နဲ့ ပျော်ရွှင်ပြီး တသသ ဖြစ်ခဲ့ရတာတော့ အညာမှာအမြဲနေတုန်း ကလေးဘဝ ကာလလောက်ပဲ။ နောက်တော့ အောက်ကို ပြောင်းလာပြီး နောက်ပိုင်း ခဏခဏ ဟိုသွားဒီသွား သွားရပါများလာတော့ ခရီးသွားရတာကို ရင်မခုန်တော့ဘူး။

ဘာလီက ကျယ်တယ်၊ သဘာဝပိုဆန်တယ်၊ နိမ့်မြင့်ကွဲပြားမှုတွေလည်း ရှိတယ်၊ ဒီမှာလို ဘယ်နေရာကြည့်ကြည့် တပုံစံတည်း မဟုတ်ဘူးဆိုတော့
SEA နိုင်ငံချင်းအတူတူမှာတောင် စင်ကာပူကလူတွေအတွက်တော့ ထူးခြားမှာပါ။ အနောက်အရပ်က လူတွေအတွက်တော့ ဆိုဖွယ်ရာမရှိ ဖြစ်မှာပေါ့လေ။

ပြန်ရောက်လို့ လေဆိပ်ကထွက် ချန်ဂီ beach ကို ဖြတ်တော့ စင်ကာပူကမ်းခြေသာ သက်ရှိလိုဆိုရင် ကိုယ့်ဖုန်းထဲမှာ ရိုက်ထားတဲ့ ဘာလီကမ်းခြေပုံတွေ ထုတ်ပြပြီး "ပင်လယ်ကမ်းခြေဆိုတာ ဒါမျိုးကို ခေါ်တာ သိလား" လို့ ပြောချင်စိတ်ပေါက်မိတယ်။ တကယ်တော့ အတွေးက ကလေးကလားနဲ့။ စင်ကာပူကို မကြည်တဲ့ ဓါတ်ကူးသွားတာ။

တကယ်ဆို စင်ကာပူကို ဒီလောက် ကြည့်မရစရာ အကြောင်းမရှိပါဘူး။
ဒီမှာ တစ်ယောက်တည်း လာနေရတယ်၊ တစ်ယောက်တည်း အလုပ်လာလုပ်ရတယ် ဆိုတဲ့ အတွေးတွေနဲ့ အပြင်တနေရာကနေ ဒီကို ပြန်ဝင်ရတဲ့အခါ ရန်လိုတဲ့အတွေးမျိုး တွေးမိတာ။ တကယ်လို့များ စင်ကာပူကို အလည်လာရတာ၊ ဒါမှမဟုတ်လည်း စင်ကာပူက ကိုယ် ကြီးပြင်းလာရတဲ့နေရာသာ ဖြစ်မယ်ဆိုရင် တော်တော် နှစ်သက်မိမယ် ထင်တယ်။ သွားရေးလာရေး အဆင်ပြေတာ၊ သန့်သန့်ပြန့်ပြန့်ရှိတာ၊ ရာသီဥတု မပူလွန်း မအေးလွန်းတာ၊ သစ်ပင်တွေများများရှိတာ၊ အဆောက်အဦနဲ့ လမ်းတွေ စနစ်တကျရှိတာကို ကြိုက်တယ်။


***
ုမြန်မာပြည်ကတော့... အင်း... မပြောတော့ဘူး။ ကိုယ် တသက်လုံးနေလာခဲ့ရတဲ့ နေရာမို့လို့သာပဲ။ မဟုတ်ရင် တစက်မှကို ကသရ ရှိတယ်လို့ တွေးမိမယ်မထင်ဘူး။

ခု လောလောဆယ်တော့ မြန်မာပြည်လွမ်းနာကျနေတယ်။ ဘာလုပ်လုပ် မြန်မာပြည် ဘယ်တော့ ထပ်ပြန်ရမလဲဆိုတာပဲ တွေးနေမိတယ်။ ခုနေ ဘယ်လိုမှ နောက်အလုပ်ထပ်ရှာလို့ မရတော့လောက်အောင်ထိ အလုပ်ပြုတ်သွားရင် အတော်ပျော်စရာကောင်းမှာလို့ချည်း တွေးနေမိတယ်။ (ရိုးရိုးပြုတ်ရင် မပြန်ဖြစ်သေးဘဲ နောက်အလုပ်တစ်ခု ထပ်ရှာနေမိဦးမှာမို့လို့)

ကိုယ့်ဘာသာ ဖောင်ဖျက်ရလောက်အောင် မပြတ်သားတော့ ဖောင် သူ့ဘာသာ အလိုလို နစ်သွားရင်ကောင်းမှာလို့ စဉ်းစားမိတာပေါ့။

***
ဒီနေ့ မြန်မာပြည်က ပြန်လာပြီး အလုပ်ပြန်ဝင်တဲ့ တတိယမြောက်နေ့။
အခြေအနေ တော်တော်ဆိုးနေတယ်။ ပိတ်ရက်မှာ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ကြာရင် မလွယ်ဘူး။

***

Tuesday, July 26, 2011

in Bali

(14th Apr ~ 17th Apr 2011)




sea, sky, horizon, cliff, temple





ပြောင်းသစ်မြို့ရွာ တဘက်ကမ်း





မိုးအဆုံးနဲ့ ရေအဆုံးလို မိုးကုပ်စက်ဝိုင်းဆိုလား လှည့်စားထားတဲ့ မြင်လွှာအောက်က ဘယ်လိုမှ မရောက်နိုင်တဲ့ တစ်နေရာမှာ


Sunday, July 24, 2011

ငါ နဲ့ ဝိပဿနာ

၂၉ ဇွန်မှာ ပြန်ရောက်ပြီး၊ ဇူလိုင် ၁ ရက်နေ့ ညနေ ၆ နာရီမတိုင်ခင် ဦးဂိုအင်ကာရိပ်သာဆီ လာခဲ့တယ်။ တခါမှ အလေ့အကျင့်မရှိ၊ စိတ်ဆန္ဒမပြင်းပြတဲ့ အလုပ်တစ်ခုကို လုပ်ဖို့ ငါ ဘာမှ ကြိုတွေးမနေဘူး။ နောင်ခါလာ နောက်ခါဈေးပဲ သဘောထားပြီး ၂၉၊ ၃၀ နဲ့ ၁ ရက်နေ့ထိ ဟိုသွားဒီသွား ဟီးဟီးဟားဟားနဲ့ပဲ ရိပ်သာ ရောက်သွားတော့တယ်။

ရိပ်သာဝင်ဖို့ တိုက်တွန်းသူက သူ၊
အစစ အရာရာ (ယူသွားရမယ့် ပစ္စည်းအသေးအမွှားလေးကစ) မအားတဲ့ကြားက သန်းခေါင်ကျော်ထိ ပြင်ဆင်ထည့်ပေးတဲ့သူက ငါ့ အဒေါ်၊
ဘာရယ်ညာရယ် သိပ်မတွေးဘဲ ဝင်ဆိုလည်း ဝင်လိုက်တာပေါ့ ဆိုတဲ့သူကတော့ ငါ။

တိုက်တိုက်ဆိုင်ဆိုင် အိမ်က အခန်းဖော် ညီမလေးတစ်ယောက် ဇန်နဝါရီလောက်မှာ မြန်မာပြည်ပြန်တုန်းကလည်း အဲဒီရိပ်သာမှာပဲ ဝင်ခဲ့သေးတယ်။ သူကလည်း ငါ့ကို တိုက်တွန်းတယ်။

သယ်သွားတဲ့ ပစ္စည်းတွေက လက်ဂေ့ခ်ျ အသေးတစ်၊ လက်ဆွဲအိတ် တစ်၊ ဆွဲခြင်းအကြီး တစ်။
အထဲမှာ စောင် ၃၊
ခေါင်းအုံးဖုံး ၂၊
မိုးအေးရင် ဝတ်ဖို့အပေါ်ဝတ်အင်္ကျီအပါး ၂၊
မျက်နှာသုတ်ပုဝါ အသေး ၂၊
ခြင်ထောင် ၁၊
ခေါင်းအုံး ၁။ (မှတ်ချက်။ အကုန်မဟုတ်သေး)

အမှန်တော့ အိမ်က တစ်ခုစီပဲ ထည့်ပေးထားတာတွေကို သွားခါနီး ငါ့ဘာသာ ထပ်ဖြည့်လိုက်တာ။ ရိပ်သာဝင်တာတောင်မှ ဇာချဲ့ချင်နေသေးတာတော့ အမှန်ပဲ။ ဒီလိုမှ မဟုတ်ရင်လည်း ဘယ်လိုလုပ်မလဲ။ ရိပ်သာရဲ့ အနေအထားကိုလည်း ငါ မသိရသေးဘူး။ ခေါင်းလျှော်ပြီးရင်လည်း ခေါင်းအုံးဖုံးနဲ့ မျက်နှာသုတ်ပုဝါက လဲပစ်ချင်သေးတာ။ စောင် ၃ ထည်ဆိုတာကလည်း ခင်းတာတစ်ထည်၊ ခြုံတာက အေးရင် အထူ၊ မအေးရင် အပါး။

ဘယ်မလဲ အပို၊ အားလုံးကွက်တိပဲ။

***
ဟိုရောက်တော့ ရိပ်သာက အဒေါ်ရဲ့အသိ ရိပ်သာကိစ္စဆောင်ရွက်တဲ့ ဦးလေးတစ်ယောက်နဲ့ အသင့်တွေ့တယ်။ နောက် အဲဒီတရားပတ်မှာ တရားပြမယ့်ဆရာမကလည်း အဒေါ်ရဲ့အသိပဲလို့ ဆိုတယ်။ ငါ့မှာ ငါ့အဖေရဲ့ အသိ၊ ငါ့အဒေါ်ရဲ့ အသိတွေနဲ့ ဘယ်သွားသွား ဘယ်နေရာမှ ဘယ်တော့မှ မလွတ်နိုင်တော့ဘူး ထင်တာပဲ။ ထားပါတော့။ မလွတ်လည်း တည့်တည့်ဝင်တိုးရုံပေါ့။

ငါ နေရမယ့် အဆောင်က အစွန်ဆုံးနေရာမှာ။ လိုက်ပို့တဲ့သူတွေ ပြန်သွားတော့ အခန်းဖော်မရောက်သေးတဲ့ နှစ်ယောက်ခန်းထဲ အူကြောင်ကြောင်ပဲ ကျန်ရစ်တယ်။ ငါ ဘာဖြစ်လို့ ဒီနေရာ ရောက်လာတာလဲ၊ တလတောင် မပြည့်တဲ့ ခွင့်ရက်နည်းနည်းမှာ ၁၀ ရက်တောင် ဘာလို့ အချိန်ကုန်ခံရတာလဲ၊ စကားတောင် ပြောခွင့်မရှိဘူးဆိုတဲ့နေရာမှာ ဘာကို မျှော်လင့်ပြီး လာတာလဲ။

ဘာဖြစ်လို့ ဒီနေရာကို ရောက်လာတာလဲဆိုတော့ ရှင်းပါတယ်။ သူက ဝင်စေချင်လို့ ​ဝင်ခိုင်းလို့ပေါ့။ နားအေးရင် ပြီးတာပဲ။

ဘာဖြစ်လို့
၁၀ ရက် အချိန်ကုန်ခံရတာလဲဆိုတော့ ၁၅ ရက်ထက် နည်းလို့ပေါ့။ နောက် ၁၀ ရက်ထက် နည်းတာ မရှာနိုင်ခဲ့လို့ပေါ့။

ဘာကို မျှော်လင့်သလဲဆိုတော့ ဘာမှ မမျှော်လင့်ပါဘူး။ ဘာလို့ဆို ငါ့မှာ သညာသိကလွဲလို့ သဒ္ဓါတရားမှ ပြည့်စုံအောင် မရှိတာ ဘာကို ယုံကြည်ပြီး မျှော်လင့်မှာတဲ့လဲ။

ခဏနေတော့ အခန်းဖော်ရောက်လာတယ်။ သူက ခရစ်ယာန်ဘာသာဝင် မိန်းကလေး။ ၂၄ နှစ်ရှိပြီ။ စခန်းအစစ်က ၂ ရက်နေ့မှ စမှာဆိုတော့ တွေ့တွေ့ချင်းတော့ ငါတို့ သူ့အကြောင်း ကိုယ့်အကြောင်း ပြောဖြစ်ကြတယ်။

သူက တခါမှ ဒါမျိုး မဝင်ဖူးသေးဘူး ပြောတယ်။ ငါနဲ့ တူတူပဲ။
နောက်တော့ စည်းကမ်းချက်တွေကို ထမင်းစားဆောင်မှာ သွားနားထောင်ရတယ်။ အဲဒီနောက်ပိုင်း သူနဲ့ ငါ စကားမပြောဖြစ်ကြတော့ဘူး။ စကားပြောလို့ရတဲ့ နောက်ဆုံးနေ့ မတိုင်ခင်ထိပေါ့။

သူ ဘာလို့ ဝင်တယ်ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ထူးတော့ မထူးဆန်းပါဘူး။ အဲဒီရိပ်သာက အင်တာနေရှင်နယ်ရိပ်သာပဲဟာ။ ဘာသာခြားပေါင်းစုံ ဝင်နေကြတာပဲဟာ။
ငါကတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ ထုံးစံအရလိုလို ဘာလိုလို ပေါ့လေ။

ည မအိပ်ခင် နိဗ္ဗာန် ဆိုတာကို ငါ စဉ်းစားမိတယ်။
လောဘ ဒေါသ မောဟ မာန်မာနနဲ့ လောကကို တွယ်ဖက်ချင်တုန်း အချိန်မှာ အဲဒီအရာက ငါ့ကို ဘယ်လိုလုပ်ပြီး ဆွဲဆောင်နိုင်မှာလဲ။ အဲဒီအရာကို ငါ လုံးဝ (လုံးဝ) စိတ်မဝင်စားဘူး။ ဆိုပါစို့... ဒီအချိန်မှာ တစ်စုံတစ်ယောက်က အဲဒီဆု ပေးခဲ့ရင်တောင် ငါတော့ ဘဝပေါင်း ၇၀၀ လောက်နေပါရစေဦးလို့ ဈေးဆစ်မိမှာပဲ။

ငါ ဘာဖြစ်လို့ ပန်းတိုင်မရှိတဲ့ (ရှိတယ်လို့ ဆိုကြတဲ့ ပန်းတိုင်ကိုလည်း
မယုံကြည်နိုင်သေး မသွားချင်သေးဘဲနဲ့) ဒီလမ်းပေါ်ကို လျှောက်ဖြစ်တာလဲ။ သူ ဝင်ခိုင်းလို့ဆိုတာ ရာခိုင်နှုန်းတချို့တဝက်လောက်သော အကြောင်းပေါ့။ အစပြုပေးတဲ့ တွန်းအားလေးတစ်ခုလောက်သာပေါ့။ တကယ်တော့ ငါ မလုပ်ချင်ရင် သူလည်း ဘာမှ တတ်နိုင်တာမဟုတ်ဘူး။

ပြင်းပြတဲ့လုပ်ချင်စိတ် မရှိဘဲ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအလုပ်တစ်ခုကို လုပ်ဖြစ်တာက တခြားအကြောင်းတွေ အတွင်းထဲမှာ ရှိသေးတယ်။

ငါ့ ကိုယ်နဲ့ စိတ်ကို စည်းနဲ့ ကမ်းနဲ့ ထိန်းချုပ်ရတာ၊
ငါ တကယ် တန်ဖိုးမသိတဲ့အရာကို ရဖို့ ကြိုးစားရမှာ၊
ရမယ် မရမယ် မသေချာ မရေရာတာကြီးကို စိတ်ကူးနဲ့ ပုံဖော်ပြီး အဲဒီအရာနဲ့ ဆက်စပ်ဖို့ ငါ ဉာဏ်မမီတဲ့ အလုပ်ကို ဒုက္ခခံပြီး လုပ်ရတာကို ငါ မကြိုက်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး။

ဒါပေမဲ့ အဲဒီလိုအတွေးကို လူတိုင်းတွေးနိုင်တယ်။
မလုပ်ဘဲနေရတာကိုလည်း လူတိုင်း တတ်နိုင်တယ်။ အဲဒါကို မလုပ်ဘဲနေရတာ ဘာမှလည်း မခက်ဘူး။ မလုပ်ချင်တာကို မလုပ်ဘဲနေတာ လွယ်လွယ်လေးပဲ။

ဒါပေမဲ့ အဲဒါကိုပဲ လုပ်တဲ့လူတချို့ကလည်း လုပ်နိုင်တယ်။

ထုံးတမ်းစဉ်လာအရ သူများတွေလုပ်လို့ ရသွားတဲ့ အရာတစ်ခုကို ငါ မလုပ်ဖြစ်လိုက်လို့ မရလိုက်မှာ စိုးတဲ့စိတ်၊ ငါ လုပ်ရင် ရနိုင်ရက်သားနဲ့ ကိုယ့်ဘာသာ ညှာတာနေလို့ မရလိုက်၊ မသိလိုက်ဖြစ်မှာ စိုးတဲ့စိတ်နဲ့ ထုံးတမ်းစဉ်လာဆိုတာကို အခြေခံပြီး ဝင်ဖြစ်ခဲ့တာပဲ။

အဲဒါဟာ သင့်လျော်လျောက်ပတ် ကောင်းမြတ်တဲ့ ရည်ရွယ်ချက် မဟုတ်လည်း မတတ်နိုင်ဘူး။ အဲဒါ တကယ့် အဖြစ်မှန်ပဲ။ လက်ခံရုံပဲ။ ငါ့ဘာသာ ငါတော့ ညာစရာအကြောင်း မရှိဘူး။ စောဒကတက်စရာအကြောင်း မရှိဘူး။ ပြီးတော့ ဝမ်းနည်းစရာ/ ဝမ်းသာစရာလည်း မရှိဘူး။

ကျောင်းတက်တုန်းကလိုပေါ့။
အချိန်တန် ကျောင်းတက် ဘွဲ့ယူရမှာ ထုံးစံလို့ ငါ ယူဆခဲ့တယ် မဟုတ်လား။ လုပ်ချင်ချင် မချင်ချင်၊ စိတ်ဝင်စားစား မစားစား၊ အဲဒီကျောင်း၊ အဲဒီကျောင်းက သင်တဲ့ စာတွေနဲ့ အဲဒီစာတွေ ကျက်ရမှတ်ရတာဟာ အသုံးကျလိမ့်မယ်လို့ ယုံကြည်ကြည် မကြည်ကြည် လုပ်စရာတစ်ခုကို လုပ်လိုက်ရတာပဲ မဟုတ်လား။ မလုပ်ရင် သူများရသွားတာ ငါ ဘယ်ရမလဲ။

သူများ သူများ သူများ ဆိုတာကို အခြေခံပြီး အဲလောက် လုပ်နေခဲ့မိမှန်း ခုမှပဲ ငါ့ကိုယ်ငါလည်း သိတော့တယ်။ ဒါပေမဲ့ အဲဒါလည်း ငါ့ကိုယ်ငါ ခွင့်လွှတ်တယ်။ ငါက သူများတွေကြား နေနေတုန်းရှိသေးတာပဲ။ သူများ ထည့်မတွက်တော့ဘူးဆိုတဲ့တစ်နေ့မှာ ဒီအကြောင်းတွေ မှတ်တမ်းတောင် ရေးနေစရာ မလိုတော့ဘူး။ လိုသလောက်တော့ သူများ ဆိုတာ ငါ့ခေါင်းထဲ ရှိနေမှာပဲ။ လိုတာထက် ပိုမရှိရင် တော်ပြီ။

မလုပ်ဘဲနေရတာ လူတိုင်း တတ်နိုင်တယ်။ ဘာမှမခက်ဘူး။ လုပ်ရတာသာ ခက်တာ။ နောက်ဆုံး အနည်းဆုံးတော့ အဓိပ္ပါယ် ရှိရှိ မရှိရှိ၊ ခက်တာတစ်ခုကို ငါ လုပ်နိုင်ခဲ့တယ် ဆိုတဲ့ အဖြစ်ကို ရရင် တော်ပြီ။ အဲဒီစိတ်က ငါ ရိပ်သာဝင်ဖြစ်ခဲ့တဲ့ တကယ့် အခြေခံစိတ်ပဲ။

***
အဲဒီည ၉ နာရီလောက်မှာ အိပ်ရာဝင်ရပြီး မနက် ၄ နာရီမှာ အဆောင်တိုင်းရှေ့ကို ကြေးစည်တီးပြီး နှိုးတယ်။

ငါ့ တသက်မှာ မြင်ရခဲတဲ့ မနက် ၄ နာရီ။
မနက် ၄ နာရီကနေ ည ၉ နာရီခွဲထိ တင်းကြပ်တဲ့ အချိန်ဇယားမျိုးနဲ့ ၁၀ တန်းလို အတန်းမှာတောင် ငါ အလုပ်မလုပ်ခဲ့ဖူးဘူး။ ဖြစ်မှ ဖြစ်ပါ့မလားလို့ တွေးမိပေမယ့် ပြီးတဲ့ထိ လုပ်ဖြစ်မယ်ဆိုတာ သေချာနေတယ်။ အဲဒါ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်လည်း မဟုတ်ဘူး။ ဖြစ်အောင်လုပ်ချင်တယ် ဆိုတဲ့ ဆန္ဒလည်း မဟုတ်ဘူး။ သေချာတာက သေချာတာပဲ။

ဒါလည်း ကျောင်းတက်တုန်းကလိုပဲ။ ငါ မမျှော်လင့်ခဲ့တဲ့ ပတ်ဝန်းကျင်မျိုးမှာ ဘွဲ့ရတဲ့ထိ နှစ်ချီနေဖို့ ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားမိပေမယ့် ပြီးတဲ့ထိ လုပ်ဖြစ်မယ်ဆိုတာ အဲဒီကတည်းက သေချာတယ်။

***
တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ရဦးမယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ နိုဝင်ဘာလောက်တုန်းက ပြန်လာပြီး သူ ဝင်တဲ့ တရားရိပ်သာတစ်ခု လိုက်ဝင်လှည့်လို့ အာဏာသုံးပြီး ခေါ်တဲ့ YN ကို သိပ်ကျေးဇူးတင်တယ်။ ဒါပေမဲ့ သူ့ရိပ်သာက ၁၅ ရက်မို့လို့ ရက်နည်းတဲ့ ဦးဂိုအင်ကာဆီမှာ ဝင်ခဲ့တာ။

နောက် ၁၀ တန်းအောင်ပြီး အညာမှာ ၃/၄ လလောက် ပြန်နေတုန်း မေမေ့ဘက်က အဘွားက မိုးကုတ်မှာ အမြဲလို ရိပ်သာဝင်တယ်။ အဲဒီတုန်းက အဘွားအပါအဝင် လူတိုင်းက တိုက်တွန်းပေမယ့် ငါ မဝင်ဖြစ်ဘူး။

အဲဒီအချိန်တုန်းက ငါ မလုပ်ချင်တဲ့ အလုပ်တစ်ခုကို ဘယ်သူကမှ အတင်းအကြပ် ဇွတ်မလုပ်ခိုင်းခဲ့ကြတာ အတော် ကြီးတဲ့ ကျေးဇူးပဲ။ တကယ်လို့များ အဲဒီအချိန်က ဝင်ခဲ့ရရင် အဲဒီအချိန်မှာ အကျိုးမရှိခဲ့ရုံတင်မကဘူး၊ ခုအချိန်မှာ ဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ငါ ချဖြစ်လိမ့်မယ် မဟုတ်ဘူး။

***

Saturday, July 23, 2011

Books!

၁) ကြည်အေး - မေတ္တာမီးအိမ် (အဟောင်းဆိုင်မှ) (ဖတ်ဖူးပြီးသား)
၂) ကြည်အေး - ဤမာန
၃) ကြည်အေး - ကေဖွဲ့ဆိုသီ ဖူးငုံပွင့်သစ် (ဖတ်ဖူးပြီးသား)
၎) ခင်ခင်ထူး - ပန်းကြာဝတ်မှုန်
၅) ခင်နှင်းယု - လမင်းကြီးသာစမ်းပါ (အဟောင်းဆိုင်မှ) (ဖတ်ဖူးပြီးသား)
၆) ခင်မျိုးချစ် - ဝတ္ထုတိုပေါင်းချုပ်
၇) မျိုးငြိမ်းဆွေ - ကြည်လင်သော ရေ (ဝတ္ထုတိုများ)
၈) မြနှောင်းညို - ရွက်ဝါကြွေသော နွေရက်များ
၉) မင်းလူ - ပြန်ခေါ်သက်သေ
၁၀) မြသန်းတင့် - လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ (ဘာသာပြန်)
၁၁) မြသန်းတင့် - မိန်းမတို့အကြောင်း (ဘာသာပြန်)
၁၂) လင်္ကာရည်ကျော် - ချစ်စရာ့အိမ်ကလေး
၁၃) လင်္ကာရည်ကျော် - ဒေါက်တာရွှေသွေး နှင့် မပန်းမှုံ
၁၄) လင်္ကာရည်ကျော် - နေဝင် အိပ်တန်းတက်
၁၅) လင်္ကာရည်ကျော် - သမားလည်ပြန် (ဝတ္ထုတိုများ)
၁၆) ဝင်းဝင်းလတ် - အောက်မေ့ဖွယ် သူ
၁၇) ဘနှင်း - နိုဘယ်ဆုရ စာရေးဆရာကြီး ၅ ဦး၏ ဘဝနှင့်စာပေ (စာအုပ်ဆိုင်မှ အဟောင်း)
၁၈) အရိုး - ဆိုသည်မှာ
၁၉) xxx - တစ်ခေတ် တစ်ယောက်ဆိုလောက်သူ ဒေါက်တာသန်းထွန်း

***
ဖတ်ဖူးပြီးသားထဲမှာ ခင်နှင်းယု (လမင်းကြီးသာစမ်းပါ) က ပျောက်သွားလို့ ပြန်ဝယ်တာ။ ကြည်အေး နှစ်အုပ်ကတော့ ငှားဖတ်ပြီး မဝယ်ဖြစ်တာ၊ ခုမှ ဝယ်တာ။

ခင်မျိုးချစ် ဝတ္ထုတိုပေါင်းချုပ်ထဲက စာနည်းနည်း မြည်းကြည့်မိတယ်။
စိတ်ထဲမှာ ဂျာနယ်ကျော်မမလေးနဲ့ ဒေါ်ခင်မျိုးချစ် ရေးဟန်တူသယောင်ယောင် ခံစားရတယ်။ စာရေးသူဘက်က အပြောများတဲ့ရေးနည်းမျိုးချင်း တူနေလို့လားတော့ မသိ။ သူတို့ရေးတဲ့စာတွေဖတ်ရရင် ဇာတ်ကောင်ထက် ဇာတ်လမ်း၊ ဇာတ်လမ်းထက် ဇာတ်ကြောင်းပြောသူ (စာရေးဆရာ) က ပို ပေါ်နေသလိုပဲ။

ဝင်းဝင်းလတ်၊ မြနှောင်းညိုတို့ အရေးအသားကို ဖတ်ရရင်လည်း ခပ်ဆင်ဆင်လို့ ခံစားရတယ်။ သူတို့ကတော့ တမျိုးတဘာသာ။ စာရေးသူပျောက်ပြီး ဇာတ်ကောင်တွေချည်း မြင်ရတယ်။ (ကိုယ့်အကြိုက်ဆုံး ရေးနည်းရေးဟန်)။

ခင်နှင်းယု စာအုပ်ထဲက ကိုလတ်နဲ့ ခင်ခင်ကြီးရဲ့ ဇာတ်လမ်းအစ အရေးအသားကို အတော်ကြွေခဲ့ဖူးလို့ တကူးတက ပြန်ဝယ်ခဲ့တာ။ အဲဒီလို တို့ထိရုံအရေးအသားမျိုးနဲ့ ဖတ်တဲ့သူကို တိုက်ရိုက်ထိအောင် သရုပ်ပေါ်ပြည့်စုံအောင် ရေးနိုင်တာ အမျိုးသမီးစာရေးသူတွေထဲကသာ တတ်နိုင်တဲ့ကိစ္စလို့ ခံစားရတယ်။

တွေ့အောင်ရှာဝယ်မယ်လို့ ဒီမှာတည်းက စဉ်းစားသွားတာတွေက
၁) ဝင်းဝင်းလတ် ရဲ့ အောက်မေ့ဖွယ် သူ
၂) ခင်နှင်းယု ရဲ့ လမင်းကြီးသာစမ်းပါ
၃) ကြည်အေး ရဲ့ မေတ္တာမီးအိမ်
၎) မြနှောင်းညို ရဲ့ ငုပွင့်ဝါခိုင်။

ငုပွင့်ဝါခိုင် ကလွဲလို့ အားလုံး လွယ်လွယ်ပဲ ရခဲ့တယ်။ ဝမ်းသာလိုက်တာ။ အောက်မေ့ဖွယ် သူ ကို မဖတ်ဖူးသေးဘူး။

မျိုးငြိမ်းဆွေ ကတော့ မျိုးဆွေသန်း (ဒီဇိုင်း)။ သူ စာရေးမှန်း အရင်က မသိပါဘူး။ ထူးအိမ်သင် အမှတ်တရ စာအုပ်မှာတော့ သူ ရေးတာ ဖတ်ဖူးပြီး၊ သဘောလည်း ကျခဲ့တယ်။ ကြည်လင်သောရေ ဆိုတဲ့တစ်ပုဒ်ပဲ အွန်လိုင်းကနေ ဖတ်ဖူးတယ်။ ကြိုက်လှတယ်တော့ မဟုတ်ပေမယ့် ဖတ်ချင်တာနဲ့ ဝယ်လာခဲ့တယ်။ ကြာရင် တွေ့ဖြစ်ဖို့ ခဲယဉ်းမယ့် စာအုပ်လို့လည်း ထင်မိလို့။

လင်္ကာရည်ကျော် ကိုလည်း ပထမဆုံး ကြိုးကြာတောင်ပံခေတ်သံ ကိုပဲ ဖတ်ဖူးသေးတယ်။ သေသေချာချာ စဉ်းစားပြီးမှ ပြောကြေးဆိုရင်တော့ ကြိုက်တယ် မကြိုက်ဘူးကို တခွန်းတည်း ကွဲကွဲပြားပြားပြောဖို့ ခက်မှာ ဖြစ်ပြီးတော့ အကြမ်းဖျဉ်းပြောကြေးဆိုရင်တော့ ကြိုက်ပါတယ်လို့ပဲ ပြောရမယ့် စာရေးဆရာ။ တွေ့ရင် ဝယ်မယ်လို့တော့ စဉ်းစားသွားခဲ့တယ်။ တွေ့သမျှ အကုန်တော့ မဝယ်ဖြစ်ဘူး။ ဘာလို့ဆို နောက်ဖတ်ချင်ရင်လည်း အလွယ်တကူ ပြန်တွေ့နိုင်ဦးမယ့် စာအုပ်တွေလို့ ထင်မိလို့။

ဘနှင်း စာအုပ်ကတော့ တော်ဝင်စင်တာက (၃ ထပ်လား ၄ ထပ်ကလား မသိ)။ အဲဒီဆိုင်မှာလည်း အဟောင်းတွေရော အသစ်တွေရော တော်တော်များများရှိတယ်။ အဲဒီထဲက ကမူးအကြောင်းတော့ အရင်ဖတ်လိုက်မိတယ်။

အရိုး ကတော့ မြည်းစမ်းချင်လို့ပါ။

ဒေါက်တာသန်းထွန်း ကတော့ သူ့စာအုပ်တွေ အများကြီး တွေ့ပါတယ်။ မဝယ်ပါဘူး။ ဘာလို့ဆို ရှင်းပါတယ်။ ကိုယ်က သူ့အကြောင်းသာ စိတ်ဝင်စားတာ။ သူ့ပညာရပ်ဆိုင်ရာတွေထိတော့ မဝင်စားဘူး။ အလွယ်တွေ့ရင်တော့ ကောက်လှန်မိမှာ ဖြစ်ပေမယ့် ဝယ်ဖတ်ရလောက်အောင် အာရုံမရှိ။ အဲဒါတွေနဲ့ လုပ်စားစရာလည်း ဘာမှမရှိ။

ခုစာအုပ်ကတော့ သူ့အကြောင်းကို သူများတွေ ရေးထားတဲ့ အမှတ်တရ စာစုတွေ။ အဲဒါကြောင့်မို့လည်း ဝယ်ဖြစ်တာ။

***
မှတ်ချက်။ ငှားရန်မဟုတ်။

Tuesday, June 28, 2011

ကိုယ် နှင့် ဂျူးများ (၂)

ကိုယ် နှင့် ဂျူးများ

* ချစ်ခြင်း၏ အနုပညာ

သစ်ပင်တွေနေရာမှာ တခြားတခုခု အစားထိုးပြီး ရေးလို့မရဘူးလား၊ ဥပမာ - ပန်းချီကားဖြစ်ဖြစ်ပေါ့ လို့ တစ်ယောက်က ပြောဖူးတယ်။ ပြုပြင် ပျိုးထောင် လိုက်လျောလို့ရတာ၊ ပြုပြင် ပျိုးထောင် လိုက်လျောမှုကို လိုအပ်တာ သက်ရှိတွေပဲ မဟုတ်ဘူးလား။ ပန်းချီကားတစ်ချပ်က ပန်းချီဆရာတစ်ယောက်ရဲ့ အနုပညာစိတ်၊ အတတ်ပညာစိတ်နဲ့ ပြုပြင်ဖန်တီးတာ ခံရနိုင်ပေမယ့်၊ ပန်းချီကားဆိုတာ လိုအင်တို့ လိုအပ်ချက်တို့စတဲ့ ဆန္ဒတွေမရှိတဲ့ ဖန်တီးခံသက်သက် သက်မဲ့ပစ္စည်းတစ်ခုသာပဲ။

သက်ရှိတွေရဲ့ကြားမှာ ဆက်စပ်ချည်နှောင်ပေးတဲ့ ချစ်ခြင်းတရားကို ပြဆိုဖို့ရာ (လူ၊ သတ္တဝါကို မသုံးဘူးဆိုရင်တော့) သစ်ပင်ထက်ကောင်းတဲ့ သင်္ကေတ ရှိမယ် မထင်တော့ဘူး။

"တချို့အပင်က တဝက်တပျက် အရိပ်ကို ကြိုက်တယ်။ တချို့အပင်က တောက်ပတဲ့ နေရောင်ကို ကြိုက်တယ်။ အပင်တွေရဲ့ လိုအပ်မှုအလိုက် ကိုယ်က နေရာချထားပေးတယ်။ မင်းက နည်းနည်းလေးမှ နားမလည်ဘဲ နေရာရွှေ့တယ်။ ဥယျာဉ်ပညာဟာ မျက်စေ့ပသာဒတစ်ခုတည်း အပေါ်မှာ ဆုံးဖြတ်လို့ မရဘူး။"

(ချစ်ခြင်း၏ အနုပညာ)

လွန်ခဲ့တဲ့ နှစ် 40 ပတ်ဝန်းကျင် အညာမြို့လေးတမြို့က သူသင်ချင်တဲ့ပညာ သင်ပြီး အိမ်က လုပ်ငန်းကိုဦးစီးချင်တဲ့ လေးဘာသာဂုဏ်ထူးရှင် ကောင်လေးတစ်ယောက်ကို မိဘဆွေမျိုးတွေ၊ ရပ်ဆွေရပ်မျိုးတွေ၊ ဆရာသမားတွေက အတင်းအကြပ်ဝိုင်းပြီး သူတို့တက်စေချင်တဲ့ ကျောင်းကို ပို့လိုက်ကြတယ် ဆိုတာ ခုတော့ ပုံပြင်လိုပဲ။

စေတနာဆိုတာ အမျှော်အမြင်မပါရင်၊ အဲဒီ စေတနာကို ခံယူရမယ့် တဘက်သားရဲ့အခြေအနေကို နားလည်သိမြင်တတ်မှုမပါရင် အတော် အငြင်းပွားစရာကောင်းတယ်။ လူတိုင်းမှာ ကိုယ်ပိုင်လိုအပ်ချက်နဲ့ ကိုယ်ပိုင်ဘဝရှိတယ်။ အဲဒါကို စေတနာတချို့က ဖန်တီးနိုင်တယ်။ စေတနာတချို့က ဖျက်ဆီးနိုင်တယ်။

***
"ကိုယ်နဲ့အတူ လိုက်နေသမျှ နှစ်နှစ်တာကာလမှာ ကိုယ် ဘယ်လို ကြိုးစားဆွဲခေါ်ခေါ် မင်းအတွက် နေသားတကျမဖြစ်ဘူး။ မင်းရဲ့ အသုံးဝင်မှုဟာ ဘာလဲဆိုတာ မင်းကိုယ်မင်း မသိဘူး။ မင်းကိုယ်မင်း အားမရဘူး။ မင်းဘဝကို မကျေနပ်ဘူး။ ကိုယ့် အသိုင်းအဝိုင်းမှာ မင်းမပျော်ဘူး။ မင်းရဲ့ ညှိုးနွမ်းမှုကို ကိုယ် ကြာရှည်မြင်ရက်ပါ့မလား။ မင်းနဲ့ အသင့်တော်ဆုံး နေရာကို ကိုယ်သိအောင် ကြိုးစားပြီး ကိုယ် ဒီမှာနေဖို့ ဆုံးဖြတ်လိုက်ရတော့တာပေါ့"

(ချစ်ခြင်း၏ အနုပညာ)

***
မနေ့က ဒီဝတ္ထုတိုအကြောင်း ရေးလို့ကုန်ပြီလို့ ထင်လိုက်မိတယ်။

***

Monday, June 27, 2011

ကိုယ် နှင့် ဂျူးများ

ကိုယ် နှင့် ဂျူးများ

ထူးအိမ်သင်အကြောင်း ရေးတုန်းက ငယ်ငယ်တုန်းကလို့ အစချီပြောမှ ရတယ်။
ဂျူးအကြောင်းကျတော့ အဲလိုမဟုတ်ပြန်ဘူး၊ ပြောင်းပြန်။
ဂျူးကို ငယ်ငယ်ကတည်းက စဖတ်မိတာပေမယ့် (အထူးသဖြင့် ဝတ္ထုတိုတွေကို) အဲဒီအချိန်မှာ နားမလည်နိုင်ခဲ့ဘူး။ ဒါတွေကို နားမလည်သေးဘူးဆိုတာကိုတော့ ကိုယ့်ဘာသာ နားလည်နေတယ်။

* ချစ်ခဲ့ဖူးသော

စဖတ်မိတာ "ချစ်ခဲ့ဖူးသော" ဝတ္ထုတို ဖြစ်မယ်ထင်တယ်။ မဂ္ဂဇင်းထဲမှာ ဖတ်ပြီး၊ ဘာကိုရေးတာလဲ၊ ဒါတွေကိုရေးတဲ့ ဂျူး က ဘာလို့ ဒီလောက်တောင်မှ နာမည်ကြီးရတာလဲလို့ ဖြစ်ခဲ့ဖူးတယ်။ ချစ်သူကောင်မလေးကို မနမ်းဖြစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ (လျှော်လဲ လျှော်မပစ်နိုင်တဲ့) ရစရာအကြွေး ကျန်နေသေးသလို ခံစားမှုမျိုးကို မြင်ရလောက်အောင် အားမကောင်းခဲ့ဘူး။ အဲဒီအချိန်က ကာတွန်းပဲ အများဆုံးဖတ်နေတာကိုး။

* ပေဖူးလွှာ အင်တာဗျူး

နောက်တော့ ဒီမှာပဲ တင်ခဲ့ဖူးတဲ့ ဦးဝင်းငြိမ်းနဲ့ ပေဖူးလွှာအင်တာဗျူး (တပိုင်းတစ)။
သူ ပြောတတ် ဆိုတတ်၊ မေးတတ် ဖြေတတ်တာ (ဦးဝင်းငြိမ်း မေးတတ်သည် ဟု သိပ်မထင်ပါ။ ဂျူး ကိုယ်တိုင်ကသာ အမေးများနှင့် ပြန်ဖြေတတ်သည် ဟု ထင်မိသည်) စေ့စပ်ခိုင်မာတာကို အတော်သဘောကျခဲ့ဖူးတယ်။ အဖြေစကားလုံးတွေ အင်မတန် သိပ်သည်းတာပဲ ထင်ခဲ့တယ်။ (ဦးစံရှား ဖတ်ဖြစ်နေပြီဆိုတော့ အကျိုးနဲ့ အကြောင်းပြပြီး ပြောတာတွေကို အတော်ပဲ သဘောကျခဲ့မိတယ်)

မှတ်မှတ်ရရ ကျောင်းမှာ အခင်ဆုံး အတွဲဖြစ်ဆုံး သူငယ်ချင်းက အဲဒီစာအုပ် ငှားသွားတော့ သူ့မိဘတွေ (ကျောင်းက ဆရာနဲ့ ဆရာမ) ပါ ဖတ်ပြီး သိပ်သဘောကျခဲ့ကြတာ မှတ်မိတယ်။

အဲဒီ တပိုင်းတစ အင်တာဗျူးရဲ့ အစမှာ "ကျွန်မပြောချင်တဲ့ ဝမ်းနည်းစကားက ဒီလို ဇာတ်ကောင်စရိုက်မျိုး ဖန်တီးခဲ့မိတဲ့အတွက် မဟုတ်ပါဘူး။ ဝေဖန်ခံရတဲ့အတွက် ဝမ်းနည်းစကား ပြောတာပါ။ ကိုယ့်အပေါ်မှာ လူတစ်ယောက် နားမလည်နိုင်တာကို ခံစားရတဲ့အခါ ၀မ်းနည်းရသလောက်ပါပဲ" တဲ့။

သူ့ခေတ် သူ့အခါ သူ့အခြေအနေကို နားလည်လေ အဲဒီစကားလုံးကို ပြောဖြစ်ခဲ့ရတဲ့ သူ့စိတ်ခံစားမှုကို သဘောပေါက်လာလေပဲ။

* ချစ်ခြင်း၏ အနုပညာ

၎/၅ တန်းမှာ "တက်ဆူးကိုး ကူရိုယာနာဂီ" ရဲ့ "ပြတင်းပေါက်က မိန်းကလေးငယ်" (မြသိန်း ဘာသာပြန်) စာအုပ်ကို မကြာခဏ ဖတ်ခဲ့မိပေမယ့် ၇ တန်းတက်မယ့်နှစ် '93 လောက်မှာ အဲဒီ "ချစ်ခြင်း၏ အနုပညာ" ကို ဖတ်တော့ ထုံးစံအတိုင်းပါပဲ နားမလည်ခဲ့ပြန်ဘူး။ ဘာပြောထားမှန်းတောင် မသိခဲ့တဲ့ ဝတ္ထု။

(စကားမစပ် 2000 ခုနှစ်လောက်မှာ အက်ဆေးလိုလို ဘာလိုလို ဘာမှန်းမသိတဲ့ စာတပုဒ်ရေးဖြစ်တာဟာ အဲဒီ ဝတ္ထုတိုရဲ့ လွှမ်းမိုးမှုတွေ ပါတယ်လို့ ပြောခဲ့ဖူးတာ ခု အတော်နောင်တရမိတယ်။ တကယ်တော့ အဆုံးနားလေးမှာ ကပ်ထည့်လိုက်တဲ့ စာ တစ်ကြောင်းနှစ်ကြောင်းကလွဲလို့ ကျန်တာတွေက ကိုယ့်ဘာသာ ရေးချင်ရာ ချရေးထားမိတာတွေချည်းပဲ။ အဲဒီဝတ္ထုရဲ့ လွှမ်းမိုးမှုနဲ့ပါလို့ ရေးထားတာ အဲဒီဝတ္ထုကို mislead လုပ်ရာတောင် ကျနေသေးတော့တယ်)

ဂျူးရဲ့ မှတ်ချက်က "ကျွန်မတို့က အချစ်ဆိုတာကို စိတ်ခံစားမှုသက်သက်လို့ ထင်ကြတယ်။ ဒါပေမဲ့ အချစ်ဆိုတာ သင်ကြားတတ်မြောက်ရမယ့် အတတ်ပညာ တစ်ခုပါ" တဲ့။ အချစ်အကြောင်းလို့ သိသာစေတဲ့ ခေါင်းစဉ်တပ်ထားပြီး၊ တပုဒ်လုံး သစ်ပင်တွေအကြောင်းနဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ အပြန်အလှန် စကားပြောခန်းတွေချည်းပဲ။ အဲဒီအချိန်မှာ ဖတ်မိသမျှ ဂျူးရဲ့ ဝတ္ထုတိုတွေ ဘာကိုပြောချင်တယ် ဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဖတ်ထားတာတွေကို ခေါင်းထဲမှာ မှတ်မိနေခဲ့တယ်။

နောက် ၂ နှစ်လောက်ကြာပြီး ပြင်ပအကြောင်းအရာတစ်ခုကနေ အဲဒီဝတ္ထုရဲ့ ဆိုလိုရင်းကို ရလိုက်တဲ့အခါမှာတော့ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ "တက်ဆူးကိုး ကူရိုယာနာဂီ" ရဲ့ ငယ်ဘဝ "ပြတင်းပေါက်က မိန်းကလေးငယ်" ထဲက အကြောင်းအရာ အဖြစ်အပျက်တွေကိုပါ တန်းစီပြီး မြင်ယောင်လာမိတယ်။

အဲဒီခေတ်အခါက လက်ရှိဂျပန်ပညာရေးစံနစ်ကနေ သွေဖည်သယောင် တမူကွဲတဲ့ စံနစ်ကို ထူထောင်ခဲ့တဲ့ တိုမိုကျောင်း ကျောင်းအုပ်ဆရာကြီး "ဆိုဆာကူး ကိုဘာယာရှီ"

"He believed all children were born with an innate good nature, which can be easily damaged by their environment and the wrong adult influences. His aim was to uncover their 'good nature' and develop it, so that the children would grow into people with individuality."

မူလတန်းစတက်တဲ့နှစ်မှာပဲ ပုံမှန်ကျောင်းတစ်ကျောင်းကနေ ကျောင်းထုတ်ခံခဲ့ရတဲ့အဖြစ်ကို သမီးကလေး စိတ်ဒဏ်ရာရမှာစိုးလို့ ဖွင့်မပြောပြခဲ့ဘဲ ကလေးနဲ့ သင့်တော်မယ့် ကျောင်းကိုရှာအပ်ခဲ့တဲ့၊ သမီးကလေး နားလည်လက်ခံနိုင်မယ့် အသက် ၂၀ ကျမှ အရင်ကျောင်းက အထုတ်ခံခဲ့ရလို့ သမီးကို မေမေက တိုမိုကျောင်းကို ပို့ခဲ့ရတာပေါ့ လို့ ဖွင့်ပြောခဲ့တဲ့ ဇာတ်ကောင်ကလေးမလေး တော့တိုး-ချန် ရဲ့ အမေ

"ကျွန်မကို အရင်ကျောင်းကနေ အထုတ်ခံခဲ့ရတယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ (တိုမိုကျောင်းမှာ အဆင်ပြေပြေ ပျော်ရွှင်နိုင်ခဲ့တဲ့) ကျွန်မဟာ တကယ်ပဲ အရင်ကျောင်းမှာနေတုန်းက အဲသလောက် ဆိုးဝါးတဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့သလား"

"... အဲဒီအကြောင်းအရာကို ကျွန်မ အသက် ၂၀ မတိုင်ခင်မှာ ဖွင့်မပြောခဲ့တဲ့ ကျွန်မရဲ့ အမေကို အနူးအညွတ် ကျေးဇူးတင်မိပါတယ်။"

"မင်းကို ကျောင်းက ထုတ်လိုက်ပြီတဲ့။ ဘာတွေဖြစ်လာဦးမလဲ။ ခုနောက်တကျောင်းကပါ ဆက်ပြီး အထုတ်ခံရမယ်ဆိုရင် မင်း ဘယ်ကျောင်းကို သွားတက်မလဲ" ဆိုတာမျိုးတွေ အမေက ကျွန်မကို အဲဒီအချိန်ကတည်းက ပြောမယ်ဆို ပြောနိုင်ပါတယ်။

အဲဒီလိုသာ ပြောခဲ့မယ်ဆိုရင် တိုမိုဂါဂူးအန် ခေါ်တဲ့ ကျောင်းသစ်ရဲ့ ဂိတ်ဝကို ပထမဆုံးရောက်တဲ့အချိန်မှာ ကျွန်မ ဘယ်လောက်များ စိတ်ပျက်အားငယ်နေခဲ့ရမှာပါလိမ့်။ အမြစ်တွေထွက်နေတဲ့ (post) ကျောင်းဂိတ်တံခါးဝကြီးနဲ့ မီးရထားတွဲစာသင်ခန်းတွေကလည်း ကျွန်မကို အဲဒီအချိန်မှာ ဝမ်းမြောက်ပျော်မြူးစေမှာ မဟုတ်ဘူး။ ဒီလိုအမေမျိုးရှိတာ ကျွန်မ ဘယ်လောက်များ ကံကောင်းလိုက်ပါသလဲ။"

***
"တကယ်တော့ အချစ်ဆိုတာ ခံစားမှု စိတ်သက်သက် မဟုတ်ဘူး။
အကဲခတ်တတ်မှု ပါတယ်။ နားလည်မှု ပါတယ်။ ပြုစုပျိုးထောင်မှု ပါတယ်။"

(ဂျူး)

***
"ချစ်ခြင်း၏ အနုပညာ" အကြောင်းကို ရေးပြဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ခုထိ ထင်နေတုန်းပါပဲ။ ဒါ့အပြင် ဒီဝတ္ထုကို ဘယ်လို နားလည်တယ်၊ ဘယ်လို မြင်ခဲ့တယ်၊ ကိုယ့်စိတ်ထဲ ဘယ်ပုံဘယ်နည်း စိမ့်ဝင်ခဲ့တယ် ဆိုတာ ပြောဖို့ အဲဒီဝတ္ထုသက်သက်နဲ့တင် မလုံလောက်ဘူး။

အဲဒီဝတ္ထုကို မြင်လိုက်နိုင်ဖို့ တော့တိုး-ချန် က အထောက်အပံ့ဖြစ်ခဲ့တယ်။ အဲဒီဝတ္ထုကြောင့်ပဲ အစက ဘာရယ်ညာရယ် မစောကြောမိတဲ့ သာမန်သာ နှစ်သက်ခဲ့တဲ့ တော့တိုး-ချန်ထဲက အကြောင်းအရာတွေကို ပိုပြီး ပီပီပြင်ပြင် မြင်လိုက်နိုင်တယ်။

ကိုယ့်အတွက်တော့ အဲဒီဝတ္ထုနှစ်ခုက မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်၊ ချစ်သူရည်းစား စသဖြင့် ဘယ်သူနဲ့ ဘယ်သူ့ကြားမှာမဆိုရှိတဲ့ ချစ်(တတ်)ခြင်းတွေကို ဖွင့်ဆိုပြတဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။

***
လူ ဆိုတာဟာ အမျိုးမျိုးပါပဲ။ ဘဝတွေ ထွေပြား၊ ခံစားမှုတွေ ထွေပြား၊ ဉာဏ်ရည်နဲ့ ခံယူချက်တွေ ထွေပြား၊ အဲဒါတွေအပေါ်မှာ အခြေခံပြီး လုပ်ဆောင်ချက်တွေဟာ ထွေပြားတယ်။

အဲဒီလို ထွေပြားတဲ့လူတွေဟာ "မိဘ" ဖြစ်စေ၊ "ဆရာ" ဖြစ်စေ၊ "ချစ်သူ" ဖြစ်စေ ခေါင်းစဉ်ကွဲတွေ အမျိုးမျိုးအောက် ရောက်တဲ့အခါမှာ မိဘလို့ဆိုတာနဲ့ သားသမီးပေါ်မှာထားတဲ့ စိတ်စေတနာတွေ၊ လုပ်ဆောင်ချက်တွေ တူသွားကြရော၊ ဆရာလို့ဆိုတာနဲ့ တပည့်အပေါ်မှာထားတဲ့ စိတ်စေတနာတွေ၊ လုပ်ဆောင်ချက်တွေ တူသွားကြရောဆိုတာ မဖြစ်နိုင်ဘူး။ လူဟာ လူပါပဲ။ လူ လူချင်းမှာ မတူနိုင်ရင် ခေါင်းစဉ်တူတစ်ခုခုအောက် ရောက်သွားတာနဲ့လည်း မတူနိုင်ဘူး။

စိတ်စေတနာဆိုတဲ့ မမြင်ရတဲ့၊ လက်ဆုတ်လက်ကိုင် သက်သေပြစရာမရှိတဲ့၊ အငြင်းပွားလွယ်တဲ့အချက်ကို ချန်ထားခဲ့ရင်တော့ ပိုကောင်းလိမ့်မယ်။ (အချစ်ဆိုတာ ဒီတစ်ခုတည်း မဟုတ်ဘူး။ စိတ်ခံစားမှုသက်သက်တင် မဟုတ်ဘူးဆိုတာ သေချာတယ်)။ အဲဒီအချစ်စိတ်ရဲ့နောက်မှာ အရှည်ကိုမျှော်တွေးတဲ့ အကျိုးကို လိုလားစိတ်နဲ့ တတ်သိနားလည်တဲ့၊ ဉာဏ်ပညာနဲ့ယှဉ်တဲ့ ပံ့ပိုးပျိုးထောင်နိုင်မှုပါရတယ်။

"... ကိုယ် ဒီသစ်ပင်တွေကို အမျိုးအစား အများကြီး စိုက်လာခဲ့တာနဲ့အမျှ တစ်ခုချင်းစီရဲ့ ကွဲပြားခြားနားတဲ့ လိုအပ်မှု၊ ဖြစ်ပေါ်မှု အခြေအနေအားလုံးကို ကိုယ်သိတယ်။ သူတို့အတွက် ကိုယ် ဘာလုပ်ပေးရမယ်ဆိုတာ ကိုယ်သိလာတယ်။ ကိုယ့်စိတ်ရဲ့ လိုအင်ဆန္ဒဆိုတာ ကိုယ်မေ့ထားနိုင်ပြီး၊ သစ်ပင်တွေရဲ့ လိုအပ်ချက်ကို အမြဲစောင့်ကြည့် ဖြည့်ဆည်းပေးတတ်တဲ့လူ ဖြစ်လာတယ်။

ဘယ်သစ်ပင်က ဘယ်ရာသီမှာ ဘယ်လိုအနေအထား ပြောင်းတတ်တယ်။ ဘယ်သစ်ပင်က လေဒဏ်ကို ကြောက်တယ်။ ဘယ်သစ်ပင်အမြစ်က မိုးပေါက်ဒဏ်ကို ကြောက်တယ်... ဒါတွေကို ကိုယ်နားလည်လာတယ်။ သူတို့ လိုအပ်မယ့် နှစ်သက်မယ့် အနေအထားကို အကဲခတ်ပြီး ပြုပြင်လိုက်လျောပေးတယ်။"


(ချစ်ခြင်း၏ အနုပညာ - ဂျူး)

မစ္စတာကိုဘာယာရှီရဲ့ တိုမိုဂါဂူးအန်ကျောင်းဟာ သူ့ရဲ့ သစ်ပင်ဥယျာဉ်လိုပါပဲ။

"သစ်ပင်တွေရဲ့ အရိပ်အကဲကို သိတဲ့ကိုယ်ဟာ မင်းအရိပ်အကဲကို ဘာကြောင့် မသိရမှာလဲ၊ မင်းဘာလိုချင်တယ် ဘာဖြစ်စေချင်တယ်ဆိုတာ ကိုယ် အားလုံးသိတယ်။ အချစ်ဆိုတာ မင်းထင်သလို ခံစားမှုသက်သက် မဟုတ်ဘူး။ အတတ်ပညာတစ်ခုပဲ"

(ချစ်ခြင်း၏ အနုပညာ - ဂျူး)

***
ဒေါက်တာခင်မောင်ဝင်းရဲ့ "အမေနဲ့ ကျွန်တော်" ကို ဖတ်ရတော့လည်း ခေတ်ပညာ အကုန်အစင်မသင်ခဲ့ရပေမယ့် ခင်ပွန်းဖြစ်သူ ပင်စင်ယူတဲ့အချိန် သားသမီးတွေအတွက် စီးပွားရေး၊ ပညာရေးသာမက စားရေးသောက်ရေးမကျန် ထောင့်စေ့အောင် စွမ်းဆောင်နိုင်တဲ့၊ အညာမြို့လေးတစ်မြို့က အမေရဲ့ အနုပညာကို မြင်ယောင်ခဲ့မိတယ်။

ရန်ကုန်မှာနေချင်လို့ အင်ဂျင်နီယာကျောင်းတက်မယ် ပြောတဲ့သားကို "ငါတို့ထဲမှာ လေယာဉ်မှူးတစ်ယောက်၊ အင်ဂျင်နီယာတစ်ယောက်ရှိရင် တော်ပြီ။ မင်း ဆေးကျောင်းပဲတက်" လို့ ပြောတဲ့အချက်က ခုချိန်မှာ နည်းလမ်းကျလှတယ် မဆိုသာရင်တောင်မှ သားသမီးတွေ ငယ်ငယ်တည်းကနေ ဘွဲ့ရပြီးတဲ့ထိ အရာရာထောင့်စေ့အောင် စွမ်းဆောင်ကျိုးပမ်းခဲ့တာတွေဟာ အံ့မခန်းပါပဲ။ အဲဒီအားမာန်တွေနဲ့ အားထုတ်မှုတွေဟာ ချစ်ခြင်း အတတ်ပညာနဲ့ အနုပညာပါပဲလို့ မြင်မိတယ်။

***
ထူးအိမ်သင် ဆုံးပြီးနောက်မှာ ထုတ်တဲ့ "အစိမ်းရင့်ရောင် ရက်စွဲများ" မှာ သီဟန်သွင်နဲ့ နီကိုရဲ ရေးသွားကြတဲ့ "သမီးကလေးကို သိုင်းသင်ပေးချင်တယ်" ဆိုတဲ့ အကြောင်းအရာတစ်ခု ပါတယ်။ ဆိုခဲ့တဲ့ နှစ်ယောက်စလုံး သူ အဲဒီအကြောင်းအရာကို ပြောတုန်းက ရယ်စရာလို သဘောထားခဲ့မိကြတယ်ဆိုပေမယ့် ဆောင်းပါးတွေအဖြစ် ပြန်ရေးတော့ သူတို့ ဒီကိစ္စကို အလေးအနက် ရေးခဲ့ကြတယ်လို့ ခံစားမိတယ်။

"ကျွန်တော့်သမီးကိုယ်တိုင် သဘောတူကြည်ဖြူလို့ကတော့ သူ ဘာဖြစ်ဖြစ် ကျွန်တော် စိတ်မပူပါဘူး။ သူ့စိတ်ဆန္ဒမပါဘဲ အနိုင်အထက်ပြုခံရလို့ စိတ်ဒဏ်ရာရသွားမှာသာ စိုးတာပါ"

***
ပုထုဇဉ်တွေရဲ့ အချစ်ဟာ အတ္တကို အခြေခံမှာချည်းပဲ။
ချစ်ရုံချစ်ရတာ ဘာခက်သလဲ။
ချစ်တာရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ကိုယ်ချစ်ခင်မြတ်နိုးရသူရဲ့ သူ့သဘာဝနဲ့ ကိုက်ညီမယ့် ကောင်းကျိုးချမ်းသာကို လိုလားဆောင်ကြဉ်းပေးဖို့သာ ခက်တာပါ။

***
ကိုယ့်အတွက်တော့ ဂျူးရဲ့ ချစ်ခြင်း၏ အနုပညာ က အဓိပ္ပါယ်အပြည့်ဝဆုံးနဲ့ အနှစ်သက်မိဆုံး ဝတ္ထုတိုတစ်ပုဒ်ပါပဲ။ အဲဒီဝတ္ထုအကြောင်းကို ဘယ်သောအခါမှလည်း ပြည့်စုံအောင် ပြန်ပြောပြနိုင်မယ် မထင်ဘူး။

ချစ်ခြင်း၏အနုပညာက နားလည်စေခဲ့တဲ့ အကြောင်းအရာတွေ၊ ချစ်ခြင်း၏အနုပညာကို နားလည်စေခဲ့တဲ့ အကြောင်းအရာတွေ၊ ဆက်စပ်ပတ်သတ် သိကျွမ်းခဲ့ဖူးတဲ့ မိတ်ဆွေမိသားစုတချို့ကို ကျေးဇူးတင်နေမိတော့တယ်။

***
ဒီအကြောင်းအရာတွေက တချို့အတွက် ဘာမှ မဟုတ်ပါဘူး။ အဲဒီလို ထင်တဲ့သူတွေအတွက် တကယ်ပဲ ဘာမှ မဟုတ်ပါဘူး။

***
(ဆက်ရန်)
(ဆက်ချင်မှလည်း ဆက်မည်)